← Chapters

တန်ပြန်တိုက်ခိုက်ခြင်း

Vol. 97 Ch. 1328

တန်ပြန်တိုက်ခိုက်ခြင်း

Vol. 97 Ch. 1328

ဤအခိုက်အတန့်တွင် လေကောင်းကင်ဘုံနယ်မြေတွင် အတောမသပ်၊အဆုံးမရှိလေများသည် နယ်မြေတစ်ခွင်၌ တိုက်ခတ်လို့နေသည်။ ထိုနယ်မြေတစ်ခုလုံးသည် အထီးတည်း ဖြစ်မှုကို ပေးစွမ်းလျက် ရှိသည်။ လေတိုးသံများ မြည်ဟိန်းလျက် ရှိသည်။

ခြင်သားရဲအုပ်များသည် လေနှင့်အတူ လှုပ်ရှားသွားလာနေကြ၏။ သူတို့သည် လေကောင်းကင်ဘုံနယ်မြေ၏ အရှင်သခင်များပင်။

လေကောင်းကင်ဘုံနယ်မြေ၏ အတွင်းဘက်ဆုံးနေရာ၌ မြောလွင့်နေသော ကုန်းမြေများ ရှိ၏။ ၎င်းတို့ထဲမှတစ်ခုမှာ အနီရင့်ရောင်ရှိ၏။ မရေမတွက်နိုင်သော ခြင်သားရဲများ ကောင်းကင်ထက်တွင် တဝီဝီဖြင့် ရှိနေကာ သွေးနံ့တို့ လေထဲတွင် လှိုင်နေ၏။

ထိုအနီရင့်ရောင်ကုန်းမြေပေါ်တွင် ကျောက်လူသားတစ်ယောက် ရှိ၏။ သည်အခိုက်အတန့်၌ ထိုကျောက်တုံးလူသား၏မျက်လုံးမှာ စတင် လှုပ်ရှားကာ ပွင့်ဟလာပြီး ရှေးဟောင်းမျက်လုံးတစ်စုံ လှစ်ဟလာသည်။

ထိုသူ့ထံမှ ထူးဆန်းသောအော်ရာတစ်ခု ဖြည်းဖြည်းချင်း ပျံ့နှံ့၏။ သို့သော် ထူးဆန်းသည်မှာ ယင်းအော်ရာသည် ခြင်သားရဲများ၏အာရုံကို မစွဲဆောင်ခြင်းပင်။ ခြင်သားရဲများ၏အမြင်တွင် ထိုကျောက်တုံးလူသား ရှိမနေသည့်အလား။

“ငါ နေရာချပေးဖို့ အများကြီး အားစိုက်ထားတဲ့ ဒီကောင်လေးကို တာအိုပညာရှင်ရေက ဘယ်လိုကြောင့် သတ်ချင်နေရတာလဲ…”

ထိုကျောက်တုံးလူသား၏မျက်လုံးက တောက်ပသွားပြီး သူသည် အေးစက်စက်နှာခေါင်းရှုံ့သည်။

“ဒါပေမဲ့လည်း တာအိုပညာရှင်ရေရဲ့စွမ်းအားကို ငှားယမ်းပြီး အဲ့ကောင်လေးဟာ ချိပ်ပိတ်နယ်မြေအရှင် အမှန်တကယ် ပြန်လည်ဝင်စားတဲ့သူ ဟုတ်လား၊မဟုတ်လား ငါ သိနိုင်တယ်။ ဒီကောင်လေးရဲ့ လက်ထဲမှာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ တကယ်ရှိ၊မရှိ ငါ သိနိုင်လိမ့်မယ်…”

လေကောင်းကင်ဘုံနယ်မြေမှ လေပြင်းများ ပိုအားကောင်းလာ၏။ ကောင်းကင်ဘုံနယ်မြေ၏ အပေါက်ဝမှ လေအမျှင်စုတစ်ခု ပျံသန်းထွက်လာပြီး ကြယ်များကြားတွင် ပျောက်ကွယ်သွားလေသည်။

တာအိုပညာရှင်ရေ၏ မျက်ခုံးနှစ်ခုကြားမှ ဝဲကတော့သည် အလင်းတန်းသုံးခုကို ဝါးမြိုပစ်ပြီးနောက် သူသည် မျက်လုံးမှိတ်ကာ ၎င်းတို့ကို ခဏတာ စုပ်ယူ၏။ သူ မျက်လုံးပြန်ဖွင့်လာချိန်တွင် သူ့မျက်လုံးထဲ၌ အနီ၊အဝါ၊အပြာရောင် အလင်းများ လှည့်လည်နေသည်။ တုန်လှုပ်ဖွယ်မြင်ကွင်းတည်း။

သူ့ရပ်တန့်ခြင်းမန္တာန်မှာ ဝမ်လင်း၏ရပ်တန့်ခြင်းမန္တာန်နှင့် အလွန်ကွာခြား၏။ သည်အခိုက်အတန့်တွင် သူသည် လောကကို ရပ်တန့်ထားကာ သူ တစ်ယောက်သာ ကျန်ရစ်၏။ ဝမ်လင်း၏မန္တာန်များအားလုံးမှာ လေထဲတွင် ရပ်တန့်နေ၏။ ထူးဆန်းစွာဖြင့် ၎င်းတို့မှာ ကွယ်ပျောက်သွားခြင်း မရှိပေ။ တာအိုပညာရှင်ရေသာ ဆန္ဒရှိပါက သည်ရပ်တန့်နေမှုသည် နှစ်ပေါင်းထောင်သောင်းချီကြာ တည်ရှိနေနိုင်ပေလိမ့်မည်။

လေဆင့်ခေါ်ခြင်းမန္တာန်မှ ဖြစ်ပေါ်လာခဲ့သောလှံသည် လေထဲတွင် မလှုပ်မယှက် ရှိနေ၏။ ၎င်းပတ်လည်ရှိ အဖျက်အစီးလေပြင်းများပင် ရပ်တန့်လို့နေသည်။

မိုးဆင့်ခေါ်ခြင်းမန္တာန်မှ ရေခဲသလင်းဓားများလည်း လေထဲတွင် တန့်နေကြ၏။

ဆန်းကြယ်လက်နက်မန္တာန်မှ အရှင်လေဟာနယ်နှင့် ရှေ့ဖြစ်ဟောသူတို့၏ မန္တာန်များအပါအဝင် မရေမတွက်နိုင်သောတိုက်ပွဲစိတ်ဝိညာဉ်များသည်လည်း မလှုပ်မယှက် ရှိနေကြသည်။

တောင်ခြေမွခြင်းမန္တာန်မှ ပုံရိပ်ယောင်မီးတောင်များသည်လည်း ရပ်တန့်နေ၏။ ၎င်းမီးတောင်များထံမှ ထွက်ပေါ်ခဲ့သော အနက်ရောင်အခိုးအငွေ့များနှင့် ချောရည်ပူများသည်ပင် ရပ်တန့်လို့နေသည်။

ဝမ်လင်း အပါအဝင် အရာအားလုံးမှာ ရပ်တန့်လို့နေသည်။

ဝမ်လင်းသည် လက်ထဲတွင် သုံးမြှောင့်ခရင်းခွကို တင်းကြပ်စွာ ကိုင်ထားလျက် ရှိနေ၏။

“မိုးကြိုးကောင်းကင်ဘုံသား ပေဖန်ရဲ့ ကောင်းကင်ဘုံမန္တာန်ခြောက်ခု၊ ဒီလီဇီဟောင်က ဒီမန္တာန်အားလုံးကိုသာ တတ်မြောက်နေခဲ့ရင် သူ့ကို သတ်ဖို့အတွက် အနည်းငယ် ခက်သွားနိုင်တယ်။ သူဟာ လနက်မန္တာန်နဲ့ ကြယ်လင်သောကောင်းကင်များ မန္တာန်ကိုသာ တတ်မြောက်ထားရင် အနည်းငယ် ခက်ခဲသွားနိုင်တယ်။ ဒါပေမဲ့ လနက်နဲ့ ကြယ်လင်သောကောင်းကင်များ ဆိုတဲ့ မန္တာန်နှစ်ခုနဲ့ ယှဉ်ရင် ကျန်တဲ့မန္တာန်တွေဟာ လှည့်စားမှုသာသာ အဆင့်ပဲ ရှိတယ်…”

တာအိုပညာရှင်ရေသည် ခေါင်းယမ်း၏။ သူသည် ဝမ်လင်းကို ထပ်မံ အာရုံစိုက်မနေတော့ပေ။ ထိုအစား သူသည် မိုးကြိုးသားရဲကနေ ဖြစ်ပေါ်လာသော နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားနားသို့ ရောက်သွား၏။

သူက ထိုစစ်ရထားကို ကြည့်ကာ အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ သူသည် သူ့ညာလက်ကို ပင့်မြှောက်ကာ အောက်သို့ ရိုက်ချလိုက်ရာ ထိုစစ်ရထားသည် ပျက်စီးသွားတော့၏။ တောင့်တင်းကာ မလှုပ်မယှက် ဖြစ်နေသော မိုးကြိုးသားရဲမှာလည်း ဖျက်စီးခြင်း ခံလိုက်ရသည်။

“ဒီရတနာမှာ အားနည်းချက်တွေ အများကြီးပဲ။ ဒီဟာက ငါ့အတွက် အသုံးမဝင်မှတော့ ဖျက်စီးပစ်တာပဲ ကောင်းတယ်…” တာအိုပညာရှင်ရေသည် အလွန်မောက်မာကာ ညစ်ပတ်သောစိတ်နေစိတ်ထား ရှိ၏။ သူသည် အခြားလူများ၏ ရတနာများက သူ့အတွက် အသုံးမလိုလျှင် ဖျက်စီးပစ်ရသည်ကို နှစ်သက်ပေသည်။

နိဗ္ဗာနလေဟာနယ်အစောပိုင်းအဆင့်၊ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူသည် ထိုကဲ့သို့ ပြုလုပ်ရန် အရည်အချင်း ပြည့်မှီပေသည်။

မိုးကြိုးသားရဲကနေ ဖြစ်ပေါ်လာသော စစ်ရထား ပျက်စီးသွားချိန်တွင် ဝမ်လင်းမျက်လုံးထဲ၌ ဝမ်းနည်းမှုတို့ ပြည့်နှက်လာသည်။ သူ့စိတ်နှလုံးထဲရှိ နာကျင်မှုသည် မမြင်ရသောမီးတောက်အဖြစ် သူ့ခန္ဓာကိုယ်အတွင်း၌ ကျွမ်းလောင်သည်။ သို့ရာတွင် ထိုကျွမ်းလောင်မှုက သူ့ခန္ဓာကိုယ်အတွင်း၌သာ ပိတ်လှောင်နေခြင်းပင်။ ယင်းကဲ့သို့ ပူဆွေးမှုသည် သူ့မျက်လုံးထံမှ သွေးမျက်ရည်စီးကြောင်းနှစ်ခု လိမ့်ဆင်းကျလာစေသည်။

ထိုနတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားသည် သူနှင့်အတူ နှစ်ပေါင်းများစွာ အတူရှိခဲ့သည့်အရာ ဖြစ်သည်။ သို့သော် ခုချိန်တွင် ၎င်းမှာ ဖျက်စီးခြင်း ခံလိုက်ရပေပြီ။

သူသည် စိတ်ထဲတွင် မုန်တိုင်းထန်နေလျက် တာအိုပညာရှင်ရေကို သုန်မှုန်စွာသာ စူးစိုက်ကြည့်နေသည်။

“ငါ ဝမ်လင်းသာ ဒီကပ်ဘေးမှာ မသေခဲ့ရင် ဒီလူ့ကို သတ်ပစ်ဖို့ ငါ ကျိန်ဆိုတယ်။ ငါ ဒီလူ့ကို သတ်ကိုသတ်မယ်။ သူ မသေခင် နှိပ်စက်ခံရတဲ့ဒဏ်ကို ခံစားရအောင် ငါ လုပ်မယ်။ ငါသာ ဒီကျိန်ဆိုမှုကို မဖြည့်ဆည်းနိုင်ခဲ့ရင် ကောင်းကင်ဘုံဖိဆန်တဲ့လမ်းကြောင်းမှာ ငါ အဖျက်စီးခံရပါစေ…”

တာအိုပညာရှင်ရေ၏အကြည့်က ဝမ်လင်းထံ ရောက်လာ၏။ သူသည် တစ်စုံတစ်ယောက်က သူ့ရတနာများ ဖျက်စီးခံရသည့်အတွက် နာကျင်သည်ကို မြင်ရသည့်အခါ နှစ်သက်သဘောကျတတ်သူပင်။

ဝမ်လင်းကို ကြည့်ကာ တာအိုပညာရှင်ရေသည် ပို၍ ကျေနပ်မိလာ၏။ သူသည် ဝမ်လင်းမှာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့၏ပိုင်ရှင်၊ သူ့ဆရာ၏မျိုးဆက်ဟု တွေးမိနေသည်။

ရှေ့သို့ လျှောက်လာရင်း တာအိုပညာရှင်ရေသည် ခုနစ်ရောင်စုံနတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားဘေးနား ရောက်လာ၏။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ ၎င်းကို သိမ်းယူလိုက်ရင်း သူ့မျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်သည်။ သို့ရာတွင် ဖျက်ခနဲလင်းလက်ကာ ခုနစ်ရောင်စုံလိပ်ပြာတစ်ကောင် ပေါ်လာ၏။ ထိုလိပ်ပြာသည် ၎င်း၏တောင်ပံကို ခတ်ကာ အလင်းစက်များအဖြစ် ပျောက်ကွယ်သွားတော့သည်။

၎င်းလွင့်ပျောက်သွားချိန်၌ ခုနစ်ရောင်စုံနတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားသည် သာမာန်အရာဝတ္ထုတစ်ခုသာ ဖြစ်လာတော့သည်။

“ဒီရတနာရဲ့ စိတ်ဝိညာဉ်ဟာ ဒီအဘိုးအို ယူဆောင်တာကို လက်သင့်မခံဘဲ သူ့ဟာသူ ဖျက်စီးပစ်လိုက်တယ်ပေါ့…”

တာအိုပညာရှင်ရေ၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။ သူက သူ့ညာလက်ကို ပင့်မြှောက်ကာ အောက်သို့ ရိုက်ချသည်။ ရတနာစိတ်ဝိညာဉ်နှင့်အတူ နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားသည် တစစီ ဖြစ်သွားတော့သည်။

“အခု မင်းရှိမှာ ကောင်းကင်ဘုံဆန့်ကျင့်ခြင်းပုတီးစေ့ ရှိလား၊မရှိလား ကြည့်ရတာပေါ့…”

တာအိုပညာရှင်ရေသည် အေးစက်စက်နှာခေါင်းရှုံ့ကာ ဝမ်လင်းထံ လှည့်ကြည့်လိုက်သည်။ သည်အခိုက်အတန့်တွင် လောကသည် တုန်ခါကာ ကြယ်များအားလုံး လွင့်ပြယ်သွားသလား မှတ်ထင်ရသည်။ ဝမ်လင်းနှင့် တာအိုပညာရှင်ရေတို့နှစ်ယောက်တည်းသာ ကျန်ရစ်တော့သည့်အလား။ သူ့အားကောင်းလှသောအကြည့်က ဝမ်လင်းထံ တိုက်ရိုက် ကျရောက်လာ၏။

ဤအခိုက်အတန့်တွင် ဝမ်လင်း၏ခန္ဓာကိုယ်မှာ တုန်ယင်သွား၏။ သူသည် သူ့ခန္ဓာကိုယ်မှာ စုတ်ဖြဲခံရသည့်အလား ခံစားမိသည်။ သူ့မူလစိတ်ဝိညာဉ်နှင့် စိတ်ဝိညာဉ်တို့ပင် ထွင်းဖောက်ခံရသည်ဟု ခံစားရသည်။ သူ့ခန္ဓာကိုယ်ရှိ လျှို့ဝှက်ချက်များအားလုံးသည် ထိုအကြည့်၏ ရှေ့မှောက်တွင် ရှင်းရှင်းလင်းလင်း ပေါ်ထွက်လာရ၏။

ပြင်းထန်သောနာကျင်မှုက ဝမ်လင်းမျက်နှာထက်ရှိ သွေးကြောများကို ဖောင်းကြွစေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ချွေးများ ရွှဲနစ်နေ၏။ သို့ရာတွင် သူသည် အသံတစ်သံ မြည်အောင်ပင် မလုပ်နိုင်ပေ။

တာအိုပညာရှင်ရေက ဝမ်လင်းခန္ဓာကိုယ်၏ တစ်လက်မချင်းကို ကြည့်၏။ အထူးသဖြင့် သူသည် ဝမ်လင်း၏မူလစိတ်ဝိညာဉ်ကို ရှာဖွေနေခြင်းပင်။ သူ တဖြည်းဖြည်းချင်း မျက်မှောင်ကြုတ်လာသည်။

“ဘာမှ မရှိဘူးလား။ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့က မူလစိတ်ဝိညာဉ်နဲ့ တစ်သားတည်း ပေါင်းစပ်နေတာလို့ ဆရာ ပြောခဲ့ဖူးတယ်။ ဒါပေမဲ့ သူ့မူလစိတ်ဝိညာဉ်ထဲမှာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ရှိမနေဘူး။ သူဟာ ဆရာ ပြန်လည်မွေးဖွားလာတာ မဟုတ်တဲ့အပြင် သူ့ရှိမှာ ပုတီးစေ့လည်း ရှိမနေဘူး။ ငါ လူမှား သွားခဲ့တာလား..."

တာအိုပညာရှင်ရေသည် မျက်မှောင်ကြုတ်လျက် ဝမ်လင်းနား ရောက်လာ၏။ သူ့လက်ကို ပင့်မြှောက်ကာ ခုတ်ပိုင်းချလိုက်သည်။

တုန်ဟည်းသံ ပဲ့တင်ထပ်ကာ ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ပွင့်ဟလာသည်။ ယင်းမှာ ဝမ်လင်း၏သိုလှောင်နေရာလွတ်ပင်။ တာအိုပညာရှင်ရေသည် သူ့တုန်လှုပ်ဖွယ်ကျင့်ကြံမှုအဆင့်ကို အသုံးပြုကာ ဝမ်လင်း၏သိုလှောင်နေရာလွတ်ကို လွယ်ကူစွာ ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။ သူ့နတ်ဘုရားအာရုံက အတွင်းသို့ ရိုက်ခတ်ရောက်ရှိလာ၏။

“ဒီသိုလှောင်နေရာလွတ်ထဲမှာလည်း ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ရှိမနေပြန်ဘူး။ ငါ သူ့စိတ်ဝိညာဉ်ကို ရှာကြည့်ရမယ်…”

“ဒီသိုလှောင်နေရာလွတ်ထဲမှာ အဆင့်နိမ့်ပစ္စည်းတွေ အများကြီးပဲ။ ဒါတွေအားလုံးဟာ အမှိုက်တွေပဲ။ ပျက်စီးသွားစမ်း…”

ဝမ်လင်း၏သိုလှောင်နေရာလွတ်ထဲတွင် တုန်ဟည်းသံတို့ ပဲ့တင်ထပ်၏။ တာအိုပညာရှင်ရေ၏ အကြည့်အောက်ရှိ ရတနာများအားလုံးမှာ ပြာမှုန့်အဖြစ် ပျက်စီးသွားတော့သည်။

သူ့နတ်ဘုရားအာရုံသည် ဆက်သွားနေရင်း ဝမ်လင်း၏သိုလှောင်နေရာလွတ်ထဲမှ ရှုလီကောကို တွေ့မြင်သည့်အခါ သူ့မျက်လုံးမှာ ကျဉ်းမြောင်းသွားသည်။

“စိတ်ဝင်စားဖို့ ကောင်းတဲ့ ဓားစိတ်ဝိညာဉ်တစ်ခုပဲ။ ဒါပေမဲ့ ဒါလည်း အမှိုက် ဖြစ်နေတုန်းပဲ…”

သူ့အကြည့်အောက်တွင် ရှုလီကော၏ခန္ဓာကိုယ်မှာ တုန်ယင်သွား၏။ ရှုလီကောက သူ့ကပ်ဖားယပ်ဖား ပြောတတ်သော အရည်အချင်းကို အသုံးပြုရန် ဟန်ပြင်လိုက်သည်။ သို့ရာတွင် သူ ထိုသို့ မလုပ်နိုင်ခင်မှာပင် တာအိုပညာရှင်ရေ၏အဖျက်အစီးဆန္ဒသည် ဆင်းသက်လာတော့သည်။

ထိုဆန္ဒက ရှုလီကောကို ဖျက်စီးပစ်ခါနီးမှာပင် တာအိုပညာရှင်ရေသည် ရုတ်တရက် တုန်လှုပ်မိကာ ရှုလီကောထံ ရွှေ့လျားလာ၏။ သူက သူ တွေ့မြင်လိုက်ရသော ခြင်သားရဲအုပ်စုကြီးထံသို့သာ ချက်ခြင်း အကြည့်ရောက်နေတော့သည်။ ယင်းခြင်သားရဲများသည် အခြားသိုလှောင်နေရာထဲတွင် ဖြစ်သော်လည်း အခုသိုလှောင်နေရာလွတ်နှင့် ချိတ်ဆက်ထားပေသည်။ ထို့ကြောင့် တာအိုပညာရှင်ရေသည် ဤခြင်သားရဲများကို ချက်ခြင်း တွေ့မြင်နိုင်စွမ်း ရှိသွားသည်။

“ဒီ…ဒီလောက်များတဲ့ ခြင်သားရဲတွေ…” တာအိုပညာရှင်ရေသည် အံ့အားသင့်သွား၏။ သူ့နတ်ဘုရားအာရုံကို ထပ်မံ လှုပ်ရှားသည်။ သည်တစ်ကြိမ်တွင် သူသည် ငွေရောင်ပေးစွမ်းနေသော ခေါင်းတလားတစ်ခုကို တွေ့မြင်လိုက်ရ၏။

ထိုခေါင်းတလားထဲတွင် အိပ်ပျော်နေသောအမျိုးသမီးတစ်ယောက် ရှိလို့နေသည်။

“သူ့သိုလှောင်နေရာလွတ်ထဲက အရာအားလုံးကတော့ အမှိုက် မဟုတ်ဘူးပဲ။ သူ့ရှိမှာ လျှပ်စီးကောင်းကင်ဘုံအင်ပါယာရဲ့ ကောင်းကင်ဖယ်ကျဉ်ခြင်းခေါင်းတလားတောင် ရှိနေတာပဲ။ ဒီခေါင်းတလားဟာ ရတနာကောင်းတစ်ခုပဲ။ ငါ့အတွက်လည်း အသုံးဝင်တယ်…”

တာအိုပညာရှင်ရေသည် သူ့နတ်ဘုရားအာရုံကို အစိတ်အပိုင်းတစ်ခု ခွဲထုတ်ကာ ခေါင်းတလားထံ ပို့လွှတ်ပြီး ၎င်းကို ယူဆောင်ရန် ပြင်သည်။

ဤအခိုက်အတန့်၌ ဝမ်လင်း၏ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ယင်ကာ သူ့မျက်လုံးထဲတွင် ဘယ်တုန်းကမျှ မဖြစ်ပေါ်ဖူးခဲ့သော ရူးသွပ်မှုတစ်ခု ဖြစ်ပေါ်လာသည်။ ဝမ်လင်း၏ မထိပါးနိုင်သောအရာမှာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့လည်းမဟုတ်၊ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်လည်း မဟုတ်၊ သူ့စိတ်ဝိညာဉ်ထဲရှိ လျှို့ဝှက်ချက်များလည်း မဟုတ်ပေ။ သည်ခေါင်းတလားသာ ဟုတ်၏။ ထိုခေါင်းတလားထဲမှ အမျိုးသမီးသည် သူ လုံးဝလုံးဝ ထိပါးခွင့် မပြုနိုင်သောအရာ ဖြစ်ပေသည်။

“အယ်…” တာအိုပညာရှင်ရေသည် တဒင်္ဂ ရပ်တန့်သွား၏။ သူက ဝမ်လင်း၏ ပုံမှန်မဟုတ်မှုကို သတိပြုမိသည်။ သူ့မျက်လုံးထဲတွင် လှောင်ပြောင်လိုမှု ဖျပ်ခနဲ ပေါ်သွားသည်။

“မင်းက အရူးအမူး အစွဲလမ်းကြီးလှတဲ့သူ ဖြစ်မယ်။ ဒီအမျိုးသမီးဟာ မင်းအတွက် အလွန်အရေးကြီး လိမ့်မယ်။ အစတုန်းကတော့ ငါက ဒီအမျိုးသမီးရဲ့ ခန္ဓာကိုယ်ကို နောက်မှ ထုတ်ယူမလို့ပဲ။ ဒါပေမဲ့ အခုတော့ မင်းရှေ့မှာတင် ထုတ်ယူလိုက်တော့မယ်။ ပြောကြတာကတော့ ကောင်းကင်ဘုံဖယ်ကျဉ်ခြင်းခေါင်းတလားထဲကနေ ထုတ်ယူလိုက်တဲ့ ခန္ဓာကိုယ်တစ်ခုဟာ လုံးဝ ပျက်သုဉ်းကွယ်ပျောက်သွားတယ်လို့ ဆိုတယ်။ ဒီစကား မှန်လား၊မှားလား ကြည့်ကြည့်ရတာပေါ့…”

တာအိုပညာရှင်ရေ၏ နတ်ဘုရားအာရုံသည် ရွှေ့လျားလာပြီး ခေါင်းတလားကို ဝန်းရံကာ ဖွင့်လှစ်ရန် ပြင်သည်။ သူ့နတ်ဘုရားအာရုံသည် အစိတ်အပိုင်းများစွာ ခွဲခြားထားပြီး သူက ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို ရှာနေခြင်း ဖြစ်သည်။

ကောင်းကင်ဘုံဖယ်ကျဉ်ခြင်းခေါင်းတလားကို ဖွင့်လှစ်ရန် ပြင်လိုက်စဉ် သူ့နတ်ဘုရားအာရုံများထဲမှ တစ်ခုက သိုလှောင်နေရာလွတ်အတွင်းမှ ငွေရောင်အမျိုးသမီးကို တွေ့မြင်သွားပြီး တုန်ယင်လေ၏။

သူ့ နတ်ဘုရားအာရုံ ရောက်လာသည့်အခိုက်တွင် ငွေရောင်အမျိုးသမီးက မျက်လုံးဖွင့်လာ၏။ သူမ၏အကြည့်က တာအိုပညာရှင်ရေ၏နတ်ဘုရားအာရုံနှင့် ထိပ်တိုက်တွေ့ဆုံသည်။

“နင်…နင်…နင်က…” တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သူ တာအိုပညာရှင်ရေ၏ စိတ်ခွန်အားဖြင့်ပင် သူ့အမူအရာသည် မထင်မှတ်စွာဖြင့် ပြောင်းလဲသွား၏။ သူ့စိတ်မှာ ရှုပ်ထွေးသွားကာ ကြောက်လန့်သည့် အရိပ်အမြွက်ပင် ဖြစ်ပေါ်သည်။

သူ စိတ်ရှုပ်ထွေးသွားချိန်တွင် ဝမ်လင်း၏ခန္ဓာကိုယ်မှ အံ့မခန်းအစွမ်းထက်သောအားတစ်ခု ပေါက်ကွဲထွက်လာသည်။ သူ့မျက်လုံးထဲ၌ ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်သည်။ တာအိုပညာရှင်ရေသည် ခေါင်းတလားကို ဖွင့်ရန် ပြင်လိုက်စဉ်တွင် ဝမ်လင်းက သူ သံဓားထံမှ သန့်စင်ထားသော သွေးကို ဝါးမြိုလိုက်၏။ ထိုသွေးများကို တာအိုပညာရှင်ရေသည် အချို့အကြောင်းရင်းများကြောင်း ရှာမတွေ့ခဲ့ချေ။

ထိုအဖျက်အစီးအားကို ငှားယမ်းကာ ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ယင်၏။ စွမ်းအားပေါက်ကွဲထွက်မှုနှင့်အတူ သူ့အကျဉ်းချခံထားရသော ခန္ဓာကိုယ်သည် တဝက်တလေ ပြန်လှုပ်ရှား၍ ရသွား၏။

“ခုနစ်ရောင်စုံလက်သည်း…” ဝမ်လင်းသည် မာန်သွင်းအော်ဟစ်လိုက်၏။ တာအိုပညာရှင်ရေ ခုထိ မရှာဖွေရသေးသော သူ့သိုလှောင်နေရာလွတ်နေရာထဲကနေ ခုနစ်ရောင်စုံအလင်းတစ်ခု ထွက်ပေါ်လာ၏။ ခုနစ်ရောင်စုံလက်သည်းသည် တာအိုပညာရှင်ရေ၏ နတ်ဘုရားအာရုံထံ တိုးဝင်သွားသည်။

တာအိုပညာရှင်ရေ၏ အမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားသည်။ ခုနစ်ရောင်စုံလက်သည်းမှာ မြန်လွန်း၏။ ၎င်းက သူ့နတ်ဘုရားအာရုံကို ထွင်းဖောက်ကာ သူ့မျက်ခုံးနှစ်ခုကြားထံ တဟုန်ထိုး ဝင်ရောက်လာသည်။

တာအိုပညာရှင်ရေသည် ဝမ်လင်းနှင့် အလွန်နီးကပ်နေသည်။ သူက ခုနစ်ရောင်စုံလက်သည်းကို တွေ့မြင်လိုက်ရချိန်တွင် သူ့မျက်လုံးသူငယ်အိမ်မှာ အပြင်းအထန် တုန်ခါသွား၏။

“အုပ်စိုးသူရဲ့ ခုနစ်ရောင်စုံနတ်ဘုရားလေဟာနယ်လက်သည်း။ ဒါကိုလည်း မင်း ပိုင်ဆိုင်ထားတာလား…”

***

All Chapters