← Chapters

ပြန်လည်မွေးဖွားခြင်း

Vol. 97 Ch. 1329

ပြန်လည်မွေးဖွားခြင်း

Vol. 97 Ch. 1329

တိုက်ပွဲအတွင်း၌ ဝမ်လင်းသည် တာအိုပညာရှင်ရေကို အကြိမ်များစွာ တုန်လှုပ်စေခဲ့ပြီး ဖြစ်သည်။ ခုချိန်တွင် တာအိုပညာရှင်ရေ တွေ့မြင်လိုက်ရသည်မှာ လွန်ခဲ့သောနှစ်ပေါင်းမရေမတွက်နိုင်သောအချိန်က ရှေးဟောင်းကြယ်အဖွဲ့အစည်းအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး အုပ်စိုးသူ သန့်စင်မွန်းမံခဲ့သော ထူးဆန်းသည့် ဥက္ကာခဲတစ်ခုပင်။

ထိုဥက္ကာခဲကို အမည်မသိသတ္တုတစ်မျိုးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ၎င်းကို အုပ်စိုးသူသည် ခုနစ်ရောင်စုံလက်သည်း(၁၀၈)ခုအဖြစ် ရရှိအောင် နှစ်ပေါင်းတစ်သောင်းတိတိ သန့်စင်မွန်းမံခဲ့ရသည်။ ၎င်းကို ခုနစ်ရောင်စုံနတ်ဘုရားလေဟာနယ်လက်သည်းများဟု အမည်ပေးခဲ့၏။

ထိုအမည်မသိသတ္တုဖြင့် ဖွဲ့စည်းထားသော ဥက္ကာခဲမှာ အလွန်တရာ ဆန်းကြယ်လှသည်ဟု ဆို၏။ အုပ်စိုးသူသည် ၎င်းအရာ မည်သည့်နေရာကနေ ရောက်လာခဲ့သနည်းကို သိနိုင်ရန် အချိန်မန္တာန်တစ်ခုကို အသုံးပြုခဲ့ဖူးသည်။ သူ အောင်မြင်ခါနီးအချိန်တွင် ဆန်းကြယ်သောအားတစ်ခုက သူ့ကို ဝင်နှောက်ယှက်ခဲ့ကာ ဒဏ်ရာအပြင်းအထန် ရလုနီးပါး ဖြစ်စေခဲ့သည်။

သို့ရာတွင် မည်သို့ပင်ဖြစ်စေ အုပ်စိုးသူမှာ အလွန်အစွမ်းထက်သည့်အတွက်ကြောင့် သူသည် ထိုဥက္ကာခဲ၏ အတိတ်ကို ခပ်ရေးရေး တွေ့မြင်နိုင်ခဲ့သည်။

“ဒီလောက မွေးဖွားလာခဲ့ပြီး ရှေးဟောင်းကြယ်အဖွဲ့အစည်းအဖြစ် ပြောင်းလဲသွားခဲ့တယ်။ အဲ့ဒီနောက် ရှေးဟောင်းကြယ်အဖွဲ့အစည်းကို အတွင်းနယ်မြေနဲ့ အပြင်နယ်မြေဆိုပြီး ခွဲခြားထားခဲ့တယ်။ ဒါပေမဲ့လည်း ဒီကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲမှာ ရှေးဟောင်းကြယ်အဖွဲ့အစည်းဟာ တစ်ခုတည်း ဖြစ်တဲ့ပုံ မပေါ်ဘူး။ လောကရဲ့ အစမှာ ရှေးဟောင်းကြယ်အဖွဲ့အစည်းတစ်ခုတည်းကိုပဲ ဖန်တီးခဲ့တာ မဟုတ်လောက်ဘူး။ ဒီဥက္ကာခဲဟာ ရှေးဟောင်းကြယ်အဖွဲ့အစည်းနဲ့ အဆင့်တူတဲ့ တခြားကြယ်အဖွဲ့အစည်းတစ်ခုခုကနေ ရောက်လာခဲ့တာ။ ဒါပေမဲ့လည်း ရှေးဟောင်းကြယ်အဖွဲ့အစည်းနဲ့ တခြားကြယ်အဖွဲ့အစည်းတို့ကြားက အကွာအဝေးဟာ အဆုံးမရှိနိုင်လောက်ဘူး…”

အထက်ပါစကားများသည် အုပ်စိုးသူ အချိန်ကိုဖြတ်၍ တွေ့မြင်ခဲ့ရပြီးနောက် ပြောဆိုခဲ့ခြင်းပင်။ သူက သည်ကိစ္စကို ဖုံးကွယ်မထားခဲ့ဘဲ လောကကို ချပြ ကြေငြာခဲ့၏။ ထို့ကြောင့်လည်း ခုနစ်ရောင်စုံနတ်ဘုရားလေဟာနယ်လက်သည်းများ၏ ဂုဏ်သတင်းမှာ ဟိုလေးတကျော် ဖြစ်ခဲ့သည်။ အစွမ်းထက်သူတိုင်း ယင်းလက်သည်းများအကြောင်း သိထားခဲ့ကြသည်။

တာအိုပညာရှင်ရေသည် အုပ်စိုးသူ ၎င်းလက်သည်းများဖြင့် သူ့ဆရာအား တိုက်ခိုက်ခဲ့သည်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ဖူးခဲ့၏။ တာအိုပညာရှင်ရေသည် ထိုတိုက်ပွဲတုန်းက အဓိက မဟုတ်ခဲ့ပေ။ သို့သော်လည်း သူ့ဆရာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို တံခါးပိတ်ကျင့်ကြံပြီး လေ့လာခဲ့စဉ်က အုပ်စိုးသူသည် ရှေးဟောင်းကောင်းကင်ဘုံနယ်မြေမှ ကျင့်ကြံသူများ၏ အကူအညီဖြင့် သန့်စင်ထားသော အလွန်ရက်စက်သည့်ရတနာဖြင့် သူ့ဆရာကို ဒဏ်ရာ ရရှိစေခဲ့သည်။

ထို့နောက် ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ အရှင်သုံးပါးနှင့် ကျင့်ကြံသူများသည် သူ့ဆရာနှင် သေခြင်းရှင်ခြင်းတိုက်ပွဲတစ်ခုကို စတင်ခဲ့ကြ၏။ ထိုတိုက်ပွဲတွင် အုပ်စိုးသူသည် ခုနစ်ရောင်စုံနတ်ဘုရားလေဟာနယ်လက်သည်း(၁၀၈)ခုကို အသုံးပြုခဲ့လေ၏။

ခုချိန်တွင် တာအိုပညာရှင်ရေသည် သည်လက်သည်းကို တွေ့မြင်ရသည့်အခါ သူသည် တုန်လှုပ်ကာ နောက်သို့ အလျင်အမြန် ဆုတ်တော့၏။ သူက သည်လက်သည်း၏စွမ်းအားကို အမှန်တကယ် သတိထားနေသည်။ နိဗ္ဗာနလေဟာနယ်အဆင့်ရှိ သာမန်တတိယအဆင့်ကျင့်ကြံသူတစ်ယောက်သာ ဤလက်သည်းကို သူတို့၏ခန္ဓာကိုယ်အတွင်း စူးနစ်သွားပါက ပြင်းထန်သောပျက်စီးထိခိုက်မှုကို ခံစားသွားရနိုင်သည် မဟုတ်လား။

သည်လက်သည်းများက တတိယအဆင့်ကျင့်ကြံသူများကို သတ်နိုင်ရန် အထူးပြုလုပ်ထားခဲ့ခြင်း ဖြစ်၏။

ထိုလက်သည်းများ၏ ထူးခြားမှုကို အုပ်စိုးသူပင် ရှာမတွေ့ခဲ့ပေ။ သူက သည်လက်သည်းများမှာ သန်မာသူကို တိုက်ခိုက်ပါက ပိုသန်မာလာပြီး၊ အားနည်းသူကို တိုက်ခိုက်ပါက အားနည်းသွားသည့် အစွမ်းရှိကြောင်းကိုသာ သိရှိခဲ့သည်။ ကျင့်ကြံမှုအဆင့် ပိုမြင့်မားလေလေ ထိခိုက်မှုက ပိုကြီးမားလေ ဖြစ်၏။

ဥက္ကာခဲ၏ ဇာစ်မြစ်ကို မသိဘဲ သည်လက်သည်းများ၏ ထူးခြားမှုကို ရှာတွေ့နိုင်ရန်မှာ မဖြစ်နိုင်ပါ။ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူများသည် ဤလက်သည်းများ၏ တိုက်ခိုက်မှုကနေ ရှင်သန်အောင် လုပ်နိုင်၏။ ဥပမာ စစ်မာမိုနှင့် ဝမ်လင်းတို့လို လူများပင်။

သို့ရာတွင် တတိယအဆင့်ကျင့်ကြံသူများအတွက်တော့ ၎င်းလက်သည်းကို ခန္ဓာကိုယ်အတွင်းမှ ထုတ်ပစ်နိုင်ရန်မှာ အလွန်ခက်ခဲလှ၏။

တတိယအဆင့်သို့ ရောက်ရှိလာပြီးနောက် ခန္ဓာကိုယ်ထဲတွင် ထူးဆန်းသောပြောင်းလဲမှုတစ်ခု ရှိလာမည် ဖြစ်သည်။ ထိုပြောင်းလဲမှုက စွမ်းအားကိုသာ တိုးတက်စေရုံမဟုတ် အံ့အားသင့်ဖွယ်ပြောင်းလဲမှုတစ်ခုကိုလည်း ဖြစ်စေသည်။

သို့ရာတွင် ယင်းပြောင်းလဲမှုကို ခုနစ်ရောင်စုံလက်သည်းက ဟန့်တားနိုင်၏။ ကျင့်ကြံမှုအဆင့် ပိုမြင့်မားလေလေ ထိုခုနစ်ရောင်စုံလက်သည်းကို ချိုးဖျက်နိုင်ရန်မှာ ပိုခက်ခဲလေ ဖြစ်သည်။

ထိုကိစ္စမှာ အလွန်ထူးဆန်းပြီး ရှင်းပြ၍ မရနိုင်ပေ။

တာအိုပညာရှင်ရေသည် ခြင်သားရဲအုပ်ကြောင့် ဦးဆုံး တုန်လှုပ်ခဲ့၏။ ထို့နောက် သူက ငွေရောင်အမျိုးသမီးကို တွေ့မြင်ခဲ့သည်။ သူ ထိုအမျိုးသမီးကို တွေ့မြင်ရသည်နှင့် သူမကို ချက်ခြင်း မည်သူမည်ဝါမှန်း သိလိုက်သည်။ ထိုအဖြစ်က သူ့စိတ်ကို ရှားရှားပါးပါး တုန်လှုပ်သွားစေခဲ့သည်။

သူ့စိတ်ရှုပ်ထွေးသွားစဉ် ဝမ်လင်းကဲ့သို့ ပုရွတ်ဆိတ်တစ်ကောင်က သူ့ရပ်တန့်ခြင်းမန္တာန်ကို ချိုးဖျက်ကာ ခုနစ်ရောင်စုံလက်သည်းကို အသုံးပြုလာနိုင်မည်ဟု သူ မထင်ထားမိခဲ့ပေ။

ထိုအဖြစ်အပျက်များက တာအိုပညာရှင်ရေ၏အမူအရာကို ကြီးစွာ ပြောင်းလဲသွားစေသည်။

ခုနစ်ရောင်စုံလက်သည်းက ထူးဆန်းသောဟင်းလင်းပြင်ကို ဖြတ်သန်းကာ တာအိုပညာရှင်ရေ၏ နတ်ဘုရားအာရုံထံ တဟုန်ထိုး ဝင်ရောက်၏။ ၎င်းက သူ့နတ်ဘုရားအာရုံကို ချိုးဖျက်ကာ သိုလှောင်နေရာလွတ်ထဲကနေ ထွက်၍ သူ့မျက်ခုံးနှစ်ခုကကြားသို့ တိုက်ရိုက် ဦးတည်ဝင်ရောက်ခဲ့သည်။

သူသည် အလွန်နီးကပ်နေသဖြင့် နောက်သို့ အရူးအမူး ဆုတ်လိုက်ရသည်။ သို့သော် ခုနစ်ရောင်စုံလက်သည်းက မြန်လွန်း၏။ ၎င်းက ပေါ်လာသည်နှင့် လောကကို ချိုးဖျက်ကာ တာအိုပညာရှင်၏မျက်ခုံးနှစ်ခုကြားတွင် ဖျပ်ခနဲ ပေါ်လာတော့သည်။

ခုနစ်ရောင်စုံလက်သည်းသည် တာအိုပညာရှင်ရေ၏ ဦးခေါင်းကို တစ်လက်မချင်း စိုက်ဝင်လျက် တုန်ဟည်းသံတို့ ပေါက်ကွဲ၏။ ယင်းလက်သည်းက သူ့ဦးနှောက်ထဲသို့ ဝင်ရောက်ကာ သူ့တာအိုကို ဖျက်စီးရန် ကြိုးစားလာသည်။

တာအိုပညာရှင်ရေ၏မျက်နှာသည် သေလောက်အောင် ဖြူရောနေ၏။ သူက သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ ခုနစ်ရောင်စုံလက်သည်းကို ခုခံသည်။ သို့ရာတွင် သူသည် ဝမ်လင်းကို ထပ်မံ၍ လျှော့တွက်မိပြန်ပြီ။

သူသည် ခေါင်းတလားထဲမှ အမျိုးသမီးကို ထုတ်ယူကာ ဝမ်လင်း၏နှလုံးသည်းပွတ်အရာကို ထိပါးချင်ခဲ့၏။ လီမူဝမ်မှာ ဝမ်လင်း၏ ထိပါးခွင့်မပြုနိုင်သော အမျိုးသမီးတစ်ယောက် မဟုတ်လား။

ဝမ်လင်းသည် သေခြင်းရှင်ခြင်းကပ်ဘေးကို ရင်ဆိုင်ရင်း ရူးသွပ်လုနီးပါး ဖြစ်နေခဲ့ပေပြီ။ ထိုစဉ်မှာပင် တာအိုပညာရှင်ရေက လီမူဝမ်ကို ထုတ်ယူရန် ပြင်လိုက်သည့်အတွက် သူသည် လုံးဝရူးသွပ်သွားခဲ့သည်။

ထိုအခါ သူ့ဘဝအတွက် တိုက်ခိုက်ခြင်းမဟုတ်တော့။ သူ့အသက်ထက် ပိုတန်ဖိုးထားသော အရာအတွက် တိုက်ခိုက်ခြင်း ဖြစ်လာတော့သည်။

ထိုကဲ့သို့ ရူးသွပ်မှုအောက်တွင် ဝမ်လင်း၏မူလစိတ်ဝိညာဉ်နှင့် ပေါင်းစည်းထားသော သံဓားထံမှ သွေးများလည်း ရှိနေပြန်သည်။ ထိုသွေးများသည် ကြယ်ကိုးလုံးရှေးဟောင်းနတ်ဘုရားတစ်ပါး၏ သွေးများ၊ ကောင်းကင်နှင့်မြေကြီး၏ သွေးများ ဖြစ်ကြ၏။ ၎င်းက ဝမ်လင်း၏မူလစိတ်ဝိညာဉ်နှင့် ပေါင်းစည်းချိန်တွင် သူ့ခန္ဓာကိုယ်သည် စတင်လောင်ကျွမ်း၏။သူ့မူလစိတ်ဝိညာဉ် လောင်ကျွမ်း၏။ သူ့စိတ်ဝိညာဉ်ပင် လောင်ကျွမ်းလာ၏။

ထို့အတွက် သူ့ခန္ဓာကိုယ်ကနေ ဖော်ပြရန်ခက်ခဲသောအားတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။ ထိုအားက သူ့ဘေးပတ်လည်ရှိ ရပ်တန့်ခြင်းမန္တာန်၏အစွမ်းကို ပျက်စီးစေခဲ့ခြင်းပင်။ ဝမ်လင်းသည် မာန်သွင်းကာ တိုးဝင်လာ၏။ သူ့ရှေးဟောင်းနတ်ဘုရားကြယ်များက လှည့်ပတ်လျက်၊ သူ့ဥပဒေသကြယ်လည်း ပေါ်လာခဲ့တော့သည်။

သုံးမြှောင့်ခရင်းခွကို ဆုပ်ကိုင်ထားလျက် ဝမ်လင်းသည် တာအိုပညာရှင်ရေထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာသည်။

သူ့မျက်လုံးတို့မှာ နီရဲနေ၏။ သူ့မျက်လုံးထံမှ ပေအတော်အတန်အကွာထိ အနီရောင်အလင်းတို့ ချဲ့ထွက်နေသည်။ သူ့ခန္ဓာကိုယ်မှ တစီစီအသံများ ထွက်ပေါ်နေ၏။

တာအိုပညာရှင်ရေသည်ပင် ထိုအခြင်းအရာကို တွေ့မြင်သည့်အခါ တုန်လှုပ်မိရ၏။ အထူးသဖြင့် ဝမ်လင်းခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အနီရောင်အလင်းက သူ့မျက်လုံးသူငယ်အိမ်ကို ကြုံ့သွားစေသည်။ သူက နောက်သို့ ခြေတစ်လှမ်းလှမ်း၏။ သူ့အမြန်နှုန်းသည် နောက်ဆုတ်နေရင်း ရုတ်တရက် တိုးပွားလာသည်။

သူသည် ဝမ်လင်း၏မန္တာန်များကို ကြောက်လန့်ခြင်း မဟုတ်ပေ။ သို့သော် ဝမ်လင်း၏ခန္ဓာကိုယ်ထဲရှိ အနီရောင်အလင်းကိုမူ သူ လန့်မိသည်။

ဤအခိုက်အတန့်တွင် သူ့စွမ်းအားအားလုံးမှာ သူ့မျက်ခုံးနှစ်ခုကြားရှိ ခုနစ်ရောင်စုံလက်သည်းကို ခုခံနိုင်ရန် အသုံးပြုထားရ၏။ ထို့ကြောင့် သူက ဝမ်လင်းကို အာရုံစိုက်မနေနိုင်ပေ။ သူ့မျက်လုံးသည် တလက်လက် ဖြစ်၏။ သူ့နောက်ဆုတ်သောအမြန်နှုန်းက လေဟာနယ်ကိုပါ ပျက်စီးစေသည်။

ဝမ်လင်းက သူ့ကို မည်သို့ နောက်ဆုတ်ခွင့် ပြုပါ့မည်နည်း။ သူ့ကြိုတင်ပြင်ဆင်မှု၊ သူ့မန္တာန်များအားလုံး၊ သူ့ရတနာများအားလုံးကို သည်လိုအခြေအနေတစ်ခုအား ဖန်တီးနိုင်ရန်အတွက် အသုံးပြုခဲ့ခြင်း မဟုတ်လား။ ရန်သူကသာ ခုနစ်ရောင်စုံလက်သည်းကို ဖိနှိပ်နိုင်သွားပါက သူသည် သံသယမရှိ သေဆုံးရပေလိမ့်မည်။

တာအိုပညာရှင်ရေသည် နောက်ဆုတ်နေစဉ် ဝမ်လင်းက အရူးအမူး တိုးဝင်လာ၏။ သူ ဝါးမြိုခဲ့သော သွေးသည် စတင်လောင်ကျွမ်းလာ၏။ သူက လောင်ကျွမ်းနေသောကြယ်ပျံတစ်စင်းနှင့် အလားတူလာသည်။ သူ တဟုန်ထိုး ဝင်လာရင်း သူ့လက်ထဲရှိ သုံးမြှောင့်ခရင်းခွကို ပစ်လွှတ်သည်။

သူ့ခန္ဓာကိုယ်သည် တုန်ယင်၏။ သူသည် သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအားအားလုံးကို ထိုသုံးမြှောင့်ခရင်းခွပေါ်တွင် အသုံးပြုထားသည်။ သုံးမြှောင့်ခရင်းခွသည် ကြမ်းကြုတ်သောနဂါးတစ်ကောင်အဖြစ် ပြောင်းလဲပြီး တာအိုပညာရှင်ရေထံသို့ တိုးဝင်လာသည်။

တာအိုပညာရှင်ရေ၏မျက်ခုံးနှစ်ခုကြားမှ ခုနစ်ရောင်စုံအလင်းသည် တောက်ပကာ သူ့ဦးခေါင်းခွံကို ချိုးဖျက်ရန် အလျင်အမြန် လှည့်လည်နေသည်။ သို့ရာတွင် တာအိုပညာရှင်ရေသည် တတိယအဆင့်ကျင့်ကြံသူတစ်ယောက်၏စွမ်းအားကို အသုံးပြုကာ ခုခံထားသည်။ ထိုစဉ် သုံးမြှောင့်ခရင်းခွသည် နဂါးအသွင်ပြောင်းကာ နီးကပ်လာသည်။ တာအိုပညာရှင်ရေသည် နောက်ဆုတ်နေရင်း သူ့မျက်လုံးက လက်ခနဲ ဖြစ်သွား၏။

“ခုနစ်ရောင်စုံနတ်ဘုရားလေဟာနယ်လက်သည်းတောင် အသုံးမဝင်ဘူးကွ။ တတိယအဆင့်ကျင့်ကြံသူတွေနဲ့ မင်းလိုမျိုး ပုရွတ်ဆိတ်တွေကြားက ကွာဟမှု ဘယ်လောက်ရှိလဲဆိုတာ ငါ မင်းကို ပြသပေးမယ်…”

တာအိုပညာရှင်ရေ၏မျက်လုံးထဲတွင် မထူးခြားနားမှု ဖြစ်ပေါ်၏။ သူက သူ့ညာလက်ကို ဝေ့ယမ်းသည်။ သူ့စွမ်းအားလုံးသည် သူ့ညာလက်ထံတွင် စုဝေးသည်။

“ငါက မင်းရဲ့ စိတ်ဝိညာဉ်ကိုပဲ ရှာချင်ခဲ့တာ။ ဒါပေမဲ့ မင်းက သေချင်နေမှတော့ ဒီအဘိုးအိုက မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့…။ လွတ်လပ်သောပျက်သုဉ်းခြင်းတာအို…သူ့ရှေ့က အရာအားလုံးကို ပျက်သုဉ်းစေခြင်း...”

တာအိုပညာရှင်ရေက သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်ကော ရှေ့သို့ တွန်းထုတ်သည်။

ထိုလက်ဝါးချက်သည် မိုးကြိုးတုန်ဟည်းသံကို ဖြစ်စေ၏။ ကီလိုမီတာဆယ်သန်းအတွင်းရှိ အဘက်ဘက်မှ လေပြင်းများ စုဝေးလာသည်။ အဖြူရောင်လိုင်းများ စတင် ဖြစ်ပေါ်သည်။ လူတစ်ယောက်သည် အဝေးမှ ကြည့်ပါက သည်ကီလိုမီတာဆယ်သန်းအတွင်း ဧရာမစိန်ပုံစံတစ်ခု ဖြစ်ပေါ်နေသည်ကို ရှင်းရှင်းလင်းလင်း တွေ့နိုင်ပေလိမ့်မည်။

ထိုစိန်ပုံစံ ပေါ်လာချိန်တွင် မိုးကြိုးသံတို့ မြည်ဟိန်းကာ ၎င်းစိန်သည် မြန်ဆန်စွာ ကြုံ့လာ၏။ ၎င်းသည် ဆက်လက် ကြုံ့နေရင်း တုန်ခါလှိုင်းသည် ပြင်းထန်လာသည်။ ထိုစိန်အတွင်းရှိ လောကတစ်ခုသည် အပြင်ဘက်ကမ္ဘာနှင့် ပိုင်ခြားသွားပြီး အံ့မခန်းဖိအားတစ်ခုကို ဖြစ်စေသကဲ့သို့ပင်။

တာအိုပညာရှင်ရေသည် ထိုနည်းလမ်းကို အသုံးပြုကာ ဝမ်လင်းကို ညှစ်ခြေပစ်ချင်၏။

စိန်သည် ကြုံ့လာ၏။ ကီလိုမီတာဆယ်သန်းကနေ ကီလိုမီတာ တစ်သန်း၊ တစ်သိန်း၊ငါးသောင်း၊ သုံးသောင်း၊ တစ်သောင်းအထိ ကြုံ့လာ၏။ စိန်သည် နောက်ထပ် ကီလိုမီတာငါးရာအထိ ကြုံ့လာရင်း အဖျက်အစီးအော်ရာတစ်ခုမှာ ဤဧရိယာတွင် ပြည့်နှက်လာ၏။ အဆုံးသပ်တွင် ၎င်းစိန်သည် ပေတစ်ထောင်လောက်သာ ကျယ်ဝန်းတော့၏။

ချက်ခြင်းလိုလို ကီလိုမီတာဆယ်သန်းကနေ ပေတစ်ထောင်လောက်ထိ ကြုံ့သွားခဲ့ခြင်းပင်။ ထိုအမြန်နှုန်းမှာ လောကရှိ သက်ရှိအားလုံးကို ခြေမွပစ်နိုင်သော ဖိအားကို ဖြစ်စေသည်။ သည်အခိုက်အတန့်တွင် ၎င်းဖိအားသည် ဝမ်လင်းနှင့် သုံးမြှောင့်ခရင်းခွမှ ဖြစ်ပေါ်လာသော နဂါးတို့ကို ခြေမွရန် သက်ဆင်းလာသည်။

“ဖျက်စီးခြင်း၊ ပျက်သုဉ်းစေခြင်း၊ ပျက်စီးစေခြင်း…” တာအိုပညာရှင်ရေသည် နောက်ဆုတ်နေရင်း စကားဆို၏။

သူ ထိုသို့ ပြောလိုက်သည့်အခိုက်အတန့်တွင် စိန်ပုံစံလိုင်းများ ဝမ်လင်းထံ ကြုံ့လာမှုမှာ အရူးအမူး ဖြစ်လာ၏။

ဟင်းလင်းပြင်ကီလိုမီတာဆယ်သန်းကို လူတစ်ယောက်ထံသို့ သိပ်သည်းစေခြင်း၏ စွမ်းအားမှာ ကျင့်ကြံခြင်းဂြိုဟ်ဆယ့်နှစ်လုံးလောက် ပေါက်ကွဲခြင်းနှင့် တူညီလုနီးပါးပင်။

ကြယ်များကြား တုန်ဟည်းသံတို့ ပဲ့တင်ထပ်ကာ ဤကြယ်အဖွဲ့အစည်းတစ်ခုလုံး တုန်ခါသည်။ သည်အခိုက်အတန့်တွင် အဆင့်ငါး၊ခြောက်၊ခုနစ်နှင် ရှစ်ဒေသများသည်ပင် ဤတုန်ဟည်းသံကို ကြားရလေ၏။

ထိုကဲ့သို့ အဖျက်အစီးအားအောက်တွင် ဝမ်လင်း၏ခန္ဓာကိုယ်သည် ရုတ်တရက် ပျက်စီးသွားတော့၏။

သူ့အသွေးအသားတို့မှာ တစစီဖြစ်သွား၏။ သုံးမြှောင့်ခရင်းခွလည်း တစစီဖြစ်သွားကာ ငြီးငြူလိုက်ရသည်။ ထိုသုံးမြှောင့်ခရင်းခွ၏ စိတ်ဝိညာဉ်သည် သေဆုံးသွားရသည်။

အကြွင်းမဲ့စွမ်းအား။ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်၏ ခွန်အားကို တာအိုပညာရှင်ရေသည် ခင်းကျင်း ပြလိုက်ပေပြီ။ ရှေးဟောင်းအချိန်များကတည်းက မည်သည့်ဒုတိယအဆင့်ကျင့်ကြံသူကမျှ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ကို အနိုင်ယူနိုင်တာမျိုး မရှိခဲ့ဖူးပေ။ ယင်းမှာ ဥပဒေသတစ်ခုကဲ့သို့ပင်။

သို့ရာတွင် ဤအခိုက်အတန့်၌ ဝမ်လင်း၏ခန္ဓာကိုယ် ပေါက်ကွဲမှုသည် နတ်ဆိုးဆန်သောအနီရောင်အလင်းကို ပေးစွမ်းလာ၏။ အလင်းစုဝေးလာရင်း အချိန်နောက်ပြန်စီးဆင်းသွားဟန် တူသည်။ သူက ပြန်မွေးဖွားလာသကဲ့သို့၊ ဝမ်လင်း၏ခန္ဓာကိုယ်မှာ ပြန်ဖွဲ့စည်းလာသည်။

ပြန်လည်မွေးဖွားခြင်း။

“ဒါ…ဒါ မဖြစ်နိုင်ဘူး…” တာအိုပညာရှင်ရေသည် တဒင်္ဂမင်သက်မိ၏။

***

All Chapters