အခန်း (၆၇-၆၈)
Vol. 7 Ch. 67-68
အခန်း ၆၇ ဤလူငယ်က ဤမျှအထိ ကြောက်မက်ဖွယ် ကောင်းနေမည်ဟု ထင်မထားခဲ့
"တစ်လဝန်းကျင် အချိန်လေးအတွင်းမှာတင် မင်းတို့နှစ်ယောက် ဖမ်းခံရတာ သုံးကြိမ်တောင် ရှိပြီပေါ့..."
"အခုဆိုရင် လေးကြိမ်မြောက် ရှိသွားပြီ..."
"ဟက်... မင်းက ဂုဏ်ယူနေသေးတာလား..."
"နည်းနည်းပါပဲ..."
ဟန်ဟိုင်မြို့ မှုခင်းစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ထဲတွင် ဝမ်ချောင်၏ မျက်နှာပေါ်၌ ကြောက်ရွံ့တုန်လှုပ်နေသည့် အရိပ်အယောင် အနည်းငယ်မျှ မရှိဘဲ တစ်ဖက်လူ ယူလာပေးသော နံနက်စာကို စားရင်း ကုတင်ဘေးတွင် ထိုင်ကာ ပေါ့ပေါ့ပါးပါး နေလိုက်မိခြင်းဖြင့်ပင် စကားဆိုလိုက်လေသည်။
သူတို့နှစ်ဦးကြားတွင် သံပန်းတံခါးတစ်ခု ခြားထားသော်လည်း ဝမ်ချောင်၏ လေလုံးမိုးလုံးထွားမှုမှာ အနည်းငယ်မျှ လျော့ကျသွားခြင်း မရှိချေ။
"ဒီနေ့က ဆုချီးမြှင့်မယ့် အခမ်းအနား ရှိတဲ့နေ့လေ... မင်း ပျောက်သွားတုန်းက အထက်လူကြီးတွေ ဘယ်လောက်တောင် ပြာယာခတ်သွားလဲ ဆိုတာ မင်း သိရဲ့လား..."
"အင်း... မူလကတော့ ခင်ဗျားဆီ ဖုန်းဆက်မလို့ပဲ... ဒါပေမဲ့ အဲဒီကိစ္စကို သတိရလာတဲ့အချိန်မှာ ဖုန်းက အသိမ်းခံလိုက်ရပြီး အားလည်း ကုန်သွားပြီလေ..."
ရွှီရှန်းက အချုပ်ခန်း၏ သံတံခါးမှ ထွက်လာပြီး လီရှန်းကို ကြည့်ကာ ပြုံး၍ စကားဆိုလိုက်လေသည်။
"ပြီးတော့ အရင်ကလည်း သုံးကြိမ်တောင် ရှိခဲ့ပြီဆိုတော့ ခင်ဗျား ချောင်ဇီကို မြင်လိုက်ကတည်းက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးပြီလို့ ကျွန်တော် ထင်နေခဲ့တာ..."
လီရှန်း"...."
လီရှန်းမှာ တိတ်ဆိတ်သွားခဲ့လေသည်။ အမှန်တကယ်ပင် သူ ရောက်လာစဉ်က ချောင်ဇီကို မြင်လိုက်ရသော ထိုခဏ၌ သူ၏ရင်ထဲတွင် ဒိတ်ကနဲ ဖြစ်သွားပြီး ပြဿနာ တစ်ခုခု တက်တော့မည်ဟု ခံစားခဲ့ရပေသည်။
ဒုတိယနေ့အထိ ဘာပြဿနာမှ မရှိသေးသဖြင့် သူ အတော်လေး ကောင်းမွန်နေသေးသည်ဟု ထင်မှတ်ထားခဲ့သော်လည်း ထိုနေ့ညတွင်ပင် အချုပ်ခန်းထဲသို့ တိုက်ရိုက် ရောက်ရှိသွားခဲ့လေသည်။
"ဒီအမှုနဲ့ ပတ်သက်ပြီး အထက်လူကြီးတွေက ဘယ်လို ပြောလဲ..."
"ဘယ်လို ပြောရမှာလဲ... ဒီအမှုအပေါ် ဟန်ဟိုင်မြို့က ဘယ်လို သဘောထားမျိုး ထားရှိလဲဆိုတာ မင်း သိရဲ့လား..."
လီရှန်းက ပြုံးရွှင်စွာဖြင့် ဝမ်ချောင်၏ သံပန်းတံခါးကို ဖွင့်ပေးလိုက်လေသည်။ သို့သော်လည်း တစ်ဖက်လူက အပြင်သို့ ထွက်မလာသေးဘဲ ထမင်း ဆက်စားနေပေသည်။
"ဘယ်လို သဘောထားမျိုးလဲ..."
ရွှီရှန်းက မျက်ခုံးပင့်ကာ မေးလိုက်လေသည်။
ထိုစကားကို ကြားသောအခါ လီရှန်းက ဆေးလိပ်ကို နှုတ်ခမ်းကြားတွင် ညှပ်လိုက်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှူကာ ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်ပေသည်။
"အခုဆိုရင် ဟန်ဟိုင်မြို့က တစ်ဝက်လောက် ပိတ်ဆို့ထားတဲ့ အခြေအနေကို ရောက်နေပြီ..."
ရွှီရှန်းမှာ ကြောင်အမ်းသွားပြီးနောက် အထက်လူကြီးများ၏ စိတ်ခံစားချက်ကို အနည်းငယ် နားလည်သဘောပေါက်သွားခဲ့လေသည်။
မတော်တဆ သေဆုံးမှု တစ်ခုနှင့် လူသတ်မှု တစ်ခုဟူသော လူ့အသက် နှစ်ချောင်းက ဤမျှအထိ ထိတ်လန့်တုန်လှုပ်သွားစေရန် လုံလောက်ပါသလားဟု စဉ်းစားစရာပင် ဖြစ်လေသည်။ မလုံလောက်နိုင်ချေ။ သို့သော်လည်း ဗဟိုမြို့တော်မှ စေလွှတ်လိုက်သော လူများ ဤနေရာတွင် ရှိနေမည်ဆိုပါက ထိုအရာက အပြည့်အဝ လုံလောက်နေပြီ ဖြစ်ပေသည်။
"အဲဒီလိုဆိုရင်တော့ အတော်လေး သင့်တော်တာပေါ့..."
ရွှီရှန်းက သဘောတူညီသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်လေသည်။
အကယ်၍ လူသတ်သမားက ဗဟိုမြို့တော်မှ လူများ၏ မျက်စိအောက်တွင် ထွက်ပြေးလွတ်မြောက်သွားမည် ဆိုပါက အထက်လူကြီးများမှာ အကြီးအကျယ် ဒုက္ခရောက်ကြမည်သာ ဖြစ်ချေသည်။
အထူးသဖြင့် လူသတ်သမားက မတော်တဆ ဗဟိုမြို့တော်မှ လူများကိုပါ သတ်ဖြတ်မိမည် ဆိုပါက ထိုအရာကို ကံဆိုးသည်ဟုပင် ပြော၍ မရနိုင်တော့ချေ။ သတ်ဖြတ်ခြင်းကို အသာထား ထိခိုက်ဒဏ်ရာ ရရှိသွားမည်ဆိုလျှင်ပင် လုံးဝ လက်ခံနိုင်မည် မဟုတ်ပေ။
"အထက်လူကြီးတွေက တော်တော် ဉာဏ်ပညာ ကြီးမားတာပဲ..."
ရွှီရှန်းက အလွန်အမင်း သဘောတူညီကြောင်း ဖော်ပြလိုက်ပေသည်။
ဗဟိုမြို့တော်မှလူများကို လွန်ကဲစွာ ကာကွယ်ပေးထားခြင်းကလည်း ပြဿနာ တစ်စုံတစ်ရာ မရှိနိုင်ချေ။
မည်သို့ပင်ဖြစ်စေ ဗဟိုမြို့တော်က မူလကတည်းက ကျန်ဆန်းမြို့ရှိ ကြောက်မက်ဖွယ် ကောင်းလောက်အောင် အကျိုးဆက် ကြီးမားသော အမှုအပေါ် မကျေနပ်၍ လူစေလွှတ်လာခဲ့ခြင်း ဖြစ်လေသည်။ အကယ်၍ ထိုလူများက ဤအမှုကြောင့် တစ်စုံတစ်ရာ ထိခိုက်သွားခြင်း သို့မဟုတ် သူတို့၏ မျက်စိအောက်တွင် မိမိတို့ဘက်မှ အရည်အချင်းမရှိသည့် ပုံစံမျိုးကို ပြသမိမည်ဆိုပါက ပြဿနာ ကြီးသွားမည် ဖြစ်ပေသည်။ ထိုကဲ့သို့သော ပြဿနာမျိုး တကယ် ဖြစ်ပွားလာခဲ့ပါက မတော်တဆ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အားလုံးက ဒုက္ခရောက်ကြမည်မှာ အသေအချာပင် ဖြစ်လေသည်။ အကြီးအကျယ် ဒုက္ခရောက်ကြမည်သာ ဖြစ်ချေ။
"ဒီမနက်မှာတင် ပြည်နယ်အဆင့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ သုံးဖွဲ့ကို တိုက်ရိုက် ဖွဲ့စည်းလိုက်တယ်..."
"တစ်ဖွဲ့က ပြည်နယ်အဆင့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖြစ်ပြီး ပြည်နယ်ရဲဌာနချုပ်နဲ့ တခြား မြို့နယ်အသီးသီးက ထိပ်တန်း အရာရှိတွေကို ထုတ်နုတ် ဖွဲ့စည်းထားတာ... လတ်တလောမှာတော့ အပြည့်အစုံ မဖွဲ့စည်းရသေးဘဲ ထိပ်တန်း အရာရှိတွေက လာနေတဲ့ လမ်းမှာပဲ ရှိသေးတယ်..."
"ဒုတိယ တစ်ဖွဲ့ကတော့ ဟန်ဟိုင်မြို့တော် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ပဲ..."
"တတိယ တစ်ဖွဲ့ကရော..."
"တတိယ တစ်ဖွဲ့ကတော့ မင်းနဲ့ ငါပဲ..."
"ဒီတစ်ခေါက်က အရမ်းကို ကံဆိုးလွန်းတယ်... ဆုချီးမြှင့်မယ့်နေ့မှာ အမှားအယွင်း ဖြစ်သွားတော့ အမှုကို ဖော်ထုတ်နိုင်ခဲ့ရင်တောင်မှ အထက်လူကြီးတွေ အတွက်က အမှတ်လျော့စရာပဲ ဖြစ်ပြီး အမှတ်တိုးစရာ မဖြစ်နိုင်တော့ဘူး... ဘယ်လောက် လျော့သွားမလဲ ဆိုတဲ့ ပြဿနာပဲ ရှိတော့တာ..."
"ဒါကြောင့်မို့လို့ ကိုယ့်အတွက်ကိုယ် အမှတ်ပြန်တိုးနိုင်ဖို့ တောက်ပတဲ့ အချက်တစ်ချက် လိုအပ်နေတာပဲ..."
ရွှီရှန်းမှာ ကြောင်အမ်းသွားပြီးနောက် သူ၏ မျက်နှာပေါ်တွင် စိတ်ဝင်စားဖွယ် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
"ဒါကြောင့် အထက်လူကြီးတွေက တောက်ပနေတဲ့ ပထမတန်းစား ဂုဏ်ပြုဆုရှင်ကို ပိုပြီး တောက်ပလာအောင် လုပ်ပေးဖို့ ဆုံးဖြတ်လိုက်တာပေါ့..."
"ဘေးကလူတွေ မျက်စိကျိန်းသွားပြီး အမှတ်လျော့စရာတွေကို မမြင်နိုင်တော့တဲ့ အခြေအနေမျိုးအထိ ဖြစ်သွားရင် အကောင်းဆုံးပဲပေါ့..."
လီရှန်းက ဘေးမှနေ၍ ဖြည့်စွက် ပြောဆိုလိုက်ပေသည်။
"ကျွန်တော် လုပ်ရမှာလား..."
ရွှီရှန်းက စကားဆိုလိုက်လေသည်။
"ဟုတ်တယ်... ငါတို့ နှစ်ယောက်ပေါင်းပြီး အားကုန် ရှင်းလင်းပစ်ရမယ်..."
လီရှန်း၏ မျက်နှာတစ်ခုလုံး အပြုံးများ ပြည့်နှက်နေသော်လည်း ရွှီရှန်း တစ်စုံတစ်ရာ ပြောဆိုမည်ကို မစောင့်တော့ဘဲ ဆက်လက် စကားဆိုလိုက်ပေသည်။
"အဓမ္မ ခိုင်းစေတာမျိုးတော့ မဟုတ်ဘူး..."
"မင်း သဘောတူရင် စုံစမ်းထောက်လှမ်းရေးကို သွားလုပ်လို့ ရတယ်... သဘောမတူရင်လည်း အမှုပေါ်လာတဲ့အထိ ဒီအတိုင်း စောင့်နေလို့ ရတာပဲ..."
"တကယ်လို့ မင်း ဝင်ပါပြီး အမှုပေါ်သွားခဲ့မယ်ဆိုရင် ပြည်နယ်ရဲဌာနချုပ်ကို ထည့်မတွက်ထားရင်တောင် ငါတို့ရဲ့ ခေါင်းဆောင်က မင်းကို ဆုကြေးငွေ ယွမ်သုံးသောင်း ပေးလိမ့်မယ်... တကယ်လို့ မင်း ဦးဆောင်တဲ့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က အမှုကို ဖော်ထုတ်နိုင်ခဲ့ရင်တော့ အဲဒီ ဆုကြေးငွေက ယွမ်ငါးသောင်း ကနေ စတင်လိမ့်မယ်..."
ဆုကြေးငွေ ယွမ်ငါးသောင်း ဟူသော စကားကြောင့် အမှန်အတိုင်း ပြောရမည်ဆိုလျှင် ရွှီရှန်းမှာ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့လေသည်။
သူ၏ သရဲအိမ်မှ ကုန်ကျစရိတ်များကို နုတ်ပယ်လိုက်ပါက လတ်တလော နှစ်လစာ အမြတ်ငွေမှာ ထိုမျှလောက် ရရှိနိုင်မည်ဟုပင် မသေချာလှချေ။
"ခင်ဗျားတို့ ခေါင်းဆောင်က ကြီးမြတ်တဲ့ အလုပ်တွေကို လုပ်နိုင်စွမ်း ရှိတယ်လို့ ကျွန်တော် ထင်တယ်..."
ရွှီရှန်းက တစ်ဖက်လူ၏ လက်ကို ဆုပ်ကိုင်ရင်း မျက်နှာတစ်ခုလုံး ရိုးသားဖြူစင်မှုများ ပြည့်နှက်နေစွာဖြင့် စကားဆိုလိုက်ပေသည်။
"အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က တခြား နှစ်ဖွဲ့နဲ့ ယှဉ်ရင် အရင်းအမြစ်တွေ ဘယ်လို အနေအထား ရှိလဲ..."
"အဖွဲ့ သုံးဖွဲ့လုံးက အရင်းအမြစ်တွေကို မျှဝေသုံးစွဲမှာမို့လို့ အဲဒီအတွက် စိတ်ပူစရာ မလိုဘူး... လုပ်ပိုင်ခွင့်လည်း အရမ်းမြင့်သလို ရဲအင်အားလည်း လုံလုံလောက်လောက် ရှိတယ်..."
"မှုခင်းဖြစ်ပွားရာ နေရာကရော..."
"အစောင့်အရှောက်တွေ ချထားပြီးပြီ... အလောင်း နှစ်လောင်းထဲက တစ်လောင်းကို ရဲစခန်းမှာ ထားရှိပြီး နောက်တစ်လောင်းကိုတော့ မှုခင်းဖြစ်ပွားရာ နေရာမှာ သက်သေအထောက်အထား ယူဖို့ ထားရှိသေးတယ်..."
ပထမ အလောင်းကို မှုခင်းဆရာဝန်က စစ်ဆေးချက်အရ ထိုကိစ္စ ပြုလုပ်နေစဉ် အလွန်အမင်း စိတ်လှုပ်ရှားမှုကြောင့် နှလုံးသွေးကြော ပေါက်ပြဲကာ ရုတ်တရက် သေဆုံးသွားခြင်းဖြစ်ပြီး အချိန်မီ မသိရှိလိုက်သောကြောင့် အသက်ဆုံးရှုံးသွားရခြင်း ဖြစ်ကြောင်း အတည်ပြုထားလေသည်။
ဒုတိယ အလောင်းမှာမူ အမှု၏ အစစ်အမှန် နစ်နာသူပင် ဖြစ်ချေသည်။ မှုခင်းဆရာဝန်က ဆီလီကွန် အရေပြားကို ခွဲစိတ်လိုက်သည်နှင့် ပထမဆုံး မြင်တွေ့လိုက်ရချိန်မှာပင် ဤအရာက လူအစစ် ဖြစ်ကြောင်းကို ချက်ချင်း သိရှိသွားခဲ့သဖြင့် ရဲစခန်းသို့ သယ်ဆောင်ကာ ခွဲစိတ်စစ်ဆေးရန် လုံးဝ မလိုအပ်တော့ချေ။
"ကောင်းပြီ... အရင်ဆုံး မှုခင်းဖြစ်ပွားရာ နေရာကို သွားကြတာပေါ့..."
ရွှီရှန်းက ခေါင်းညိတ်လိုက်ပြီး အနည်းငယ်မျှ တွေဝေတုံ့ဆိုင်းနေခြင်း မရှိတော့ချေ။ ကမ္ဘာ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် မိမိအနေဖြင့် တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီရမည့် အချိန်ရောက်ပြီဟု သူ တွေးတောလိုက်လေသည်။
ထိုယွမ်ငါးသောင်း ဆုကြေးငွေကို မက်မော၍ လုံးဝ မဟုတ်ကြောင်း အသေအချာပင် ဖြစ်ပေသည်။ သူက ထိုကဲ့သို့သော လူစားမျိုး လုံးဝ မဟုတ်ချေ။
"ကဲ... မင်းတို့တွေ ဒီလူကို သေချာ ဂရုစိုက်ထားကြ... သာမန် သံသယရှိသူတွေလိုမျိုး စည်းမျဉ်းစည်းကမ်းတွေနဲ့ သူ့ကို ကန့်သတ်ထားစရာ မလိုဘူး..."
ထွက်မသွားမီ လီရှန်းက အချုပ်ခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင် အချို့ကို ကြည့်ကာ အေးအေးဆေးဆေး ထမင်းစားနေသော ဝမ်ချောင်ကို လက်ညှိုးထိုးရင်း စကားဆိုလိုက်လေသည်။
ရဲတပ်ဖွဲ့ဝင် အချို့၏ နားမလည်နိုင်သော အကြည့်များကြားတွင် လီရှန်းက ကားပေါ်သို့ တက်သွားခဲ့ပေသည်။
"ဒီအစ်ကိုကြီးက ဘယ်လို အဆင့်အတန်းမျိုး ရှိတာလဲ..."
လူအချို့က ခေါင်းကို ကုတ်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း တီးတိုး ပြောဆိုနေကြလေသည်။
နောက်ဆုံးတွင် သူတို့အားလုံးက ဝမ်ချောင်ထံသို့ တပြိုင်နက်တည်း လှမ်းကြည့်လိုက်ကြပေသည်။
ဝမ်ချောင်က ထိုအကြည့်များကို သတိထားမိသွားပြီးနောက် ပါးစပ်ကို ပေါ့ပေါ့ပါးပါး သုတ်လိုက်ကာ ယခင်က သူကိုယ်တိုင် ရွှီရှန်းအား နောက်ယောင်ခံ၍ မေးမြန်းခဲ့ဖူးသော စကားများကို ပြန်လည် တွေးတောလိုက်ပြီးနောက် စကားဆိုလိုက်လေသည်။
"ဒီနေ့ ဆုချီးမြှင့်မယ့် အခမ်းအနားမှာ တစ်ဦးချင်း ဒုတိယတန်းစား ဂုဏ်ပြုဆု တစ်ခု အဖွဲ့လိုက် ဒုတိယတန်းစား ဂုဏ်ပြုဆု တစ်ခုနဲ့ တစ်ဦးချင်း ပထမတန်းစား ဂုဏ်ပြုဆု တစ်ခု ချီးမြှင့်မယ်ဆိုတာကို မင်းတို့ သိကြလား..."
ရဲတပ်ဖွဲ့ဝင် အချို့က ခေါင်းညိတ်ပြလိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် အံ့သြမှုများနှင့် အားကျမှုများ ထွက်ပေါ်လာခဲ့ပေသည်။
ဤကိစ္စကို သူတို့ သိရှိထားကြလေသည်။ မူလက ပထမတန်းစား ဂုဏ်ပြုဆု ဟူသော စကားကို ကြားလိုက်ရချိန်တွင် တစ်ကိုယ်လုံး စိတ်လှုပ်ရှားသွားခဲ့ကြပေသည်။ မိမိတို့ ကိုယ်တိုင် မရနိုင်သော်လည်း သူတို့၏ အံ့သြမှုနှင့် စိတ်လှုပ်ရှားမှုများကိုမူ တားဆီး၍ မရနိုင်ချေ။
ဝမ်ချောင်က အေးအေးဆေးဆေးပင် စကားဆိုလိုက်လေသည်။
"ဒီဂုဏ်ပြုဆု သုံးခု ပေါ်ထွက်လာနိုင်တာရော အမှုကို ဖော်ထုတ်နိုင်ခဲ့တာရော အားလုံးမှာ ငါက အတော်လေး ကြီးမားတဲ့ အကြောင်းအရင်း တစ်ခုအဖြစ် ပါဝင်ခဲ့တာပဲ..."
"ဟိုက်..."
ရဲတပ်ဖွဲ့ဝင် အချို့က ချက်ချင်းပင် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ကြပြီး သူ့အပေါ် ပိုမို လေးစားသွားကြလေသည်။
ဤလူငယ်က ဤမျှအထိ ကြောက်မက်ဖွယ် ကောင်းနေမည်ဟု ထင်မထားခဲ့ကြချေ။
တစ်ချိန်တည်းမှာပင် မှုခင်းဖြစ်ပွားရာ နေရာ၌ ဖြစ်ပေသည်။
"လူသားအရေခွံ အရုပ်..."
"ရုတ်တရက် သေဆုံးသွားတဲ့လူနဲ့ နစ်နာသူကြားမှာ ဘယ်လို ဆက်စပ်မှုတွေ ရှိနေတာလဲ... ဘာဖြစ်လို့ ဒီအရုပ်က ဟိုတယ်မှာ လာပေါ်နေရတာလဲ..."
"တခြားတစ်နည်းနဲ့ ပြောရရင်..."
"ဘာဖြစ်လို့ သူ့ရဲ့ ကုတင်ပေါ်မှာ လာပေါ်နေရတာလဲ…”
အခန်း ၆၈ ပင်အပ်ပေါက် အရွယ် ကင်မရာ
မှုခင်းဖြစ်ပွားရာ နေရာမှာ အလွန် ရိုးရှင်းလှသော ဟိုတယ်တစ်ခုပင် ဖြစ်လေသည်။
ပတ်ဝန်းကျင်တွင် လမ်းဘေး အစားအသောက်တန်းနှင့် ဘားတစ်ခု ရှိပြီး အခြား ထူးခြားသည့်အရာများ မရှိချေ။
အတွင်းပိုင်း အပြင်အဆင်မှာ သူ၏ ယခင်ဘဝ ၂၀၂၄ ခုနှစ်နှင့် သိပ်မကွာခြားလှဘဲ ရုပ်မြင်သံကြားစက်သာ ကွာခြားနေခြင်း ဖြစ်ပေသည်။
"သေဆုံးသူက ဘာကြောင့် သေဆုံးသွားတာလဲ..."
"မှုခင်းဆရာဝန်ရဲ့ စစ်ဆေးချက်တွေအရ အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ ဒဏ်ရာ သုံးမျိုးကို တွေ့ရှိထားတယ်... အဲဒါတွေကတော့ အသက်ရှူမဝတာရယ် ပြုတ်ကျတဲ့ ဒဏ်ရာရယ် အရေခွံ ဆုတ်ခံရတာရယ်ပဲ..."
"လတ်တလော အခြေအနေအရ သေဆုံးစေတဲ့ အဓိက ဒဏ်ရာက ပြုတ်ကျတဲ့ ဒဏ်ရာပဲ... သူက တစ်နေရာရာကနေ ပြုတ်ကျပြီး သေဆုံးသွားတာ ဖြစ်ဖို့များတယ်... အဲဒီနောက်မှ အရေခွံဆုတ်ခံရပြီး အရုပ်အဖြစ် ဖန်တီးခံခဲ့ရတာ... ပြီးတော့ သူ အသက်ရှင်နေချိန်မှာလည်း လူမဆန်တဲ့ နှိပ်စက်မှုတချို့ကို ခံခဲ့ရသေးတယ်..."
ထိုအချိန်တွင် ရွှီရှန်းက မှုခင်းဖြစ်ပွားရာ နေရာ၌ မတ်တတ်ရပ်လျက် ဘေးဘက်ရှိ ရဲတပ်ဖွဲ့ဝင်များက ကင်မရာဖြင့် ဓာတ်ပုံရိုက်ကာ သက်သေယူနေသည်ကို ကြည့်ရင်း လီရှန်းအား အလျဉ်းသင့်သလို မေးမြန်းလိုက်ခြင်း ဖြစ်လေသည်။
ကုတင်ပေါ်တွင် ရုတ်တရက် သေဆုံးသွားသူကို သယ်ဆောင်သွားခဲ့ပြီဖြစ်ရာ ဆီလီကွန် အရုပ်တစ်ရုပ်သာ ကျန်ရှိနေတော့ပေသည်။
အရုပ်၏ မျက်နှာပေါ်တွင် ရေးဆွဲထားသော အပြုံးတစ်ခုက ရှိနေဆဲပင် ဖြစ်လေသည်။
ရွှီရှန်းက အနီးသို့ ကပ်သွားကာ ဆီလီကွန် အရုပ်ကို တစ်ဖက်သို့ လှန်လိုက်ပြီး ကျောဘက်ကို ကြည့်ရှုလိုက်ပေသည်။
ထင်မှတ်ထားသည့်အတိုင်း ကျောဘက်တွင် သေးငယ်သော အက်ကွဲကြောင်းလေး တစ်ခု ရှိနေလေသည်။
အက်ကွဲကြောင်းပေါ်တွင် သေးငယ်သော အပ်ချည်ကြိုးဖြင့် ချုပ်လုပ်ထားသည့် နေရာတစ်ခု ရှိနေပေသည်။
လက်နှစ်ဖက်ဖြင့် ဖိကာ ဘေးတစ်ဖက်တစ်ချက်စီသို့ ဆွဲဟလိုက်ရာ ထိုအက်ကွဲကြောင်းမှာ ချက်ချင်းပင် ကျယ်ဟသွားပြီး အတွင်းဘက်ရှိ အရာများ ထွက်ပေါ်လာခဲ့လေသည်။
ခြောက်သွေ့ကာ နီရဲနေသော သွေးသားများက မျက်စိရှေ့တွင် ထွက်ပေါ်လာခဲ့ပေသည်။
တစ်ချိန်တည်းမှာပင် သဲ့သဲ့မျှ ထွက်ပေါ်လာသော အပုပ်နံ့တစ်ခုက ထိုအက်ကွဲကြောင်းထဲမှနေ၍ ရွှီရှန်း၏ နှာခေါင်းထဲသို့ တိုးဝင်လာခဲ့လေသည်။
လတ်တလော ကြည့်ရသလောက်ဆိုလျှင် ဤသို့ဖြစ်ပေသည်။
မူလက အစိုင်အခဲဖြစ်သော ဆီလီကွန် အရုပ်၏ အတွင်းပိုင်းကို ထုတ်ယူထားပြီး အတွင်းရှိ သံဘောင်များမှာ ကြာမြင့်စွာကတည်းက ပျောက်ကွယ်နေခဲ့ကာ ကျောဘက်တွင် အလွန် ရှည်လျားသော အပေါက်တစ်ခုကို ဖောက်ထားပြီး ၎င်းအစား အနည်းငယ် သေးငယ်သော လူ့ခန္ဓာကိုယ် တစ်ခုကို အစားထိုး ထည့်သွင်းထားခြင်း ဖြစ်လေသည်။
ခန္ဓာကိုယ်၏ မျက်နှာပြင်ကို ပုပ်သိုးခြင်းမှ ကာကွယ်ရန် အစီအမံတချို့ ပြုလုပ်ထားပြီး မျက်နှာပြင်ပေါ်ရှိ ကြွက်သား အမျှင်များကို ရှင်းလင်းစွာ မြင်တွေ့နေရကာ အဖြူနှင့် အနီရောင်များက မျက်စိရှေ့တွင် ရောယှက်နေပေသည်။ သို့သော်လည်း ကလီစာများမှာ ပုပ်သိုးစပြုနေပြီ ဖြစ်သဖြင့် အနံ့အနည်းငယ်ကို သဲ့သဲ့မျှ ရနိုင်နေခြင်း ဖြစ်ချေသည်။
"သေဆုံးချိန်က မှုခင်းဖြစ်ပွားတဲ့ ပြီးခဲ့တဲ့ သုံးရက်အတွင်းမှာ ဖြစ်နိုင်တယ်... တကယ်လို့ နစ်နာသူရဲ့ ခန္ဓာကိုယ်က အအေးခန်းထဲမှာ ထားရှိခံခဲ့ရဖူးတယ် ဆိုရင်တော့ သေဆုံးချိန်ကို ရှေ့နည်းနည်း ထပ်ဆုတ်ရလိမ့်မယ်..."
လီရှန်းက ပြောဆိုလာလေသည်။
ရွှီရှန်းက တိတ်ဆိတ်စွာ နားထောင်နေရင်း လက်ထဲမှ လှုပ်ရှားမှုများကိုလည်း ရပ်တန့်မထားခဲ့ချေ။
သူက အသက်ရှူအောင့်ထားလိုက်ပြီး ထပ်မံ၍ အနီးသို့ ကပ်ကာ တစ်ဖက်လူကို သေချာစွာ အကဲခတ်လိုက်ပေသည်။
"ရုတ်တရက် သေဆုံးသွားတဲ့သူက မသေခင်မှာ ဒီအရုပ်နဲ့ ကာမစပ်ယှက်နေခဲ့တာ သေချာလို့လား..."
"မှုခင်းဆရာဝန်က အလောင်းရဲ့ ခန္ဓာကိုယ် အောက်ပိုင်းကနေ စစ်ဆေးတွေ့ရှိခဲ့တဲ့ အရည်တွေအရ ၉၈ ရာခိုင်နှုန်းလောက် သေချာတယ်..."
"အဲဒီလိုဆိုရင်..."
"သေဆုံးသူ အသက်ရှင်နေချိန်က ရည်ရွယ်ချက်က ဒီအရုပ်နဲ့ ကာမစပ်ယှက်ဖို့ပဲပေါ့..."
ရွှီရှန်းက တစ်စုံတစ်ခုကို စဉ်းစားနေသည့်ဟန်ဖြင့် ပြောဆိုလိုက်လေသည်။
"အဲဒီလိုဆိုရင် ဒီအပြုအမူကနေတစ်ဆင့် ငါတို့ စဉ်းစား သုံးသပ်ရမယ့် အချက်နှစ်ချက် ရှိတယ်..."
'အချက်နှစ်ချက်...'
လီရှန်းက စကားကို သဘာဝကျကျ ဆက်ခံလိုက်ပေသည်။
"သေဆုံးသူက ဒီဆီလီကွန် အရုပ်ကို သာမန် လိင်ပိုင်းဆိုင်ရာ အရုပ် မဟုတ်ဘူးဆိုတာ သိနေသလား ဆိုတာပေါ့..."
အမှုသုံးခုကို အတူတကွ ဖြတ်သန်းခဲ့ရသဖြင့် လီရှန်း၏ ကိုယ်ပိုင် စွမ်းရည်များကို အလွန်အမင်း တိုးတက်လာစေခဲ့လေသည်။
ယခုအခါတွင် အချို့သော အချိန်များ၌ သူ၏ တွေးခေါ်နိုင်စွမ်း အမြန်နှုန်းမှာ ရွှီရှန်းနှင့် လုံးဝ ထပ်တူကျနေပြီ ဖြစ်ချေသည်။
"ဟုတ်တယ်..."
ရွှီရှန်းက မျက်မှောင်ကြုတ်ကာ ခေါင်းညိတ်ပြလိုက်လေသည်။
"လတ်တလော အခြေအနေအရ သေဆုံးသူက ဟိုတယ်မှာ ရောက်နေတာကို ကြည့်ရင် သူက ဒီအရုပ်ရဲ့ အတွင်းပိုင်းမှာ လူ့ခန္ဓာကိုယ် တစ်ခု ပုန်းကွယ်နေတယ် ဆိုတာကို လုံးဝ မသိခဲ့ဘူး ဆိုတာ သိသာတယ်..."
ဆီလီကွန် အရုပ်အတွင်းတွင် လူတစ်ဦး၏ သွေးသားများ ပုန်းကွယ်နေခြင်း ဖြစ်ပေသည်။
ထိုသို့ဆိုလျှင် ဆီလီကွန်မှာ အလောင်းအတွက် လူသားအရေခွံ ဖြစ်လာခဲ့လေသည်။
သို့သော်လည်း အခြားသူများအတွက်မူ ဆီလီကွန်မှာ ဆီလီကွန်သာ ဖြစ်ပြီး ထိုအရုပ်မှာလည်း သာမန် အရုပ်သာ ဖြစ်နေဆဲပင် ဖြစ်ချေသည်။
"သူ လုံးဝ မသိခဲ့ဖို့ ရာခိုင်နှုန်း များတယ်... မဟုတ်ရင် ဟိုတယ်မှာ အဲဒီလို လုပ်ရပ်မျိုး လုပ်နေမှာ မဟုတ်ဘူး..."
လီရှန်းက ခေါင်းညိတ်လိုက်လေသည်။
အကယ်၍ သေဆုံးသူက နစ်နာသူမှာ လူအစစ်ဖြစ်ကြောင်း သိရှိနေမည်ဆိုပါက တစ်ဖက်လူမှာ လူသတ်သမားများထဲမှ တစ်ဦး ဖြစ်နိုင်ခြေများပြီး အဆိုးဆုံး အခြေအနေတွင်ပင် တစ်စုံတစ်ခုကို သိရှိထားမည်မှာ အသေအချာပင် ဖြစ်ပေသည်။
အလောင်းတစ်လောင်းကို သယ်ဆောင်လာပြီးနောက် ပိုမို လုံခြုံစိတ်ချရသော အိမ်တွင် မဟုတ်ဘဲ ဟိုတယ်တွင် ပေါ်ပေါ်ထင်ထင် ထိုကဲ့သို့ လုပ်ဆောင်နေရန် အကြောင်းမရှိချေ။
ထိုမျှသာမက တစ်ဖက်လူမှာ ထိုသို့ လုပ်ဆောင်နေချိန်၌ တံခါးကိုပင် သော့ခတ်ရန် မေ့လျော့နေခဲ့သေးပေသည်။
ထိုအချက်ကြောင့်ပင် အရာအားလုံး ပြီးဆုံးသွားချိန်တွင် ဝမ်ချောင်က ယောင်ဝါးဝါးဖြင့် ထိုစစ်မြေပြင် ထဲသို့ ဝင်ရောက်လာကာ ကုတင်ပေါ်တွင် အတူတကွ ဝင်အိပ်ခဲ့မိခြင်း ဖြစ်ချေသည်။
"အဲဒီလိုဆိုရင် ဒီလို နားလည်လို့ ရမလား..."
"တတိယလူ တစ်ယောက်က ဒီအရုပ် အဖြစ် ဖန်တီးခံထားရတဲ့ နစ်နာသူကို သေဆုံးသူရဲ့ ကုတင်ပေါ် ရောက်အောင် ပို့ပေးခဲ့တာလို့ပေါ့..."
ရွှီရှန်း၏ ဦးနှောက်ထဲရှိ အတွေးလမ်းကြောင်းများမှာ အလွန် ရှင်းလင်းပြတ်သားနေပြီး သူက နှာခေါင်းကို တစ်ချက် ရှုံ့လိုက်လေသည်။
[တောခွေး နှာခေါင်း]
စွမ်းရည် စတင် ပွင့်လာသည်နှင့် ထိုခဏတွင် နေရာ၌ ရှိနေကြသော လူအားလုံး၏ အငွေ့အသက်များကို ရွှီရှန်းက ဖမ်းယူရရှိသွားခဲ့ပေသည်။ မွှေးရနံ့များ၊ ပုပ်နံ့များ၊ ချွေးနံ့များအပြင် ဂျိုင်းနံ့များလည်း ပါဝင်နေလေသည်။
'နှမြောစရာပဲ... ဒီ တောခွေး နှာခေါင်း လို အစွမ်းထက်လွန်းတဲ့ စွမ်းရည်က ဒီလို ကျဉ်းကျပ်တဲ့ နေရာမျိုးနဲ့ မကိုက်ညီဘူး...'
ရွှီရှန်းက ရင်ထဲတွင် သက်ပြင်းချလိုက်လေသည်။ ဤစွမ်းရည်၏ အကျိုးသက်ရောက်မှုမှာ အလွန် အားကောင်းလှပေသည်။
အဘယ်ကြောင့်ဆိုသော် ရဲခွေးများသာ စကားပြောနိုင်မည်ဆိုပါက ကမ္ဘာပေါ်ရှိ မှုခင်း ၉၀ ရာခိုင်နှုန်းကို တိုက်ရိုက် ဖော်ထုတ်နိုင်မည် ဖြစ်သောကြောင့်ပင်။ သို့သော် နှမြောစရာ ကောင်းသည်မှာ ဤနေရာက သေးငယ်လွန်းပြီး ရဲတပ်ဖွဲ့ဝင်များ၏ အငွေ့အသက်များနှင့် နစ်နာသူ စသည်တို့၏ အငွေ့အသက်များ ရောထွေးနေသဖြင့် လုံးဝ ခွဲခြား၍ မရနိုင်ခြင်းပင် ဖြစ်ချေသည်။
"အဲဒီတော့ ပြဿနာက လာပြီ..."
"လူသတ်သမားက ဘာဖြစ်လို့ ဆီလီကွန် ဖုံးအုပ်ထားတဲ့ အရုပ်တစ်ရုပ်ကို သေဆုံးသူရဲ့ အခန်းထဲ ရောက်အောင် ပို့ပေးခဲ့ရတာလဲ..."
ရွှီရှန်းက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ထိုအရုပ်၏ ခန္ဓာကိုယ် အောက်ပိုင်းကို ကြည့်ရှုလိုက်လေသည်။ အလွန်ပင် ပီပြင်လှပေသည်။
"လူသတ်သမားက လိင်ပိုင်းဆိုင်ရာ နဲ့ ပတ်သက်ပြီး အထူးတလည် ပြင်ဆင်ထားခဲ့တာကို တွေ့နိုင်တယ်..."
"အရုပ်ရဲ့ ခန္ဓာကိုယ် အောက်ပိုင်းက ပြုပြင်စီမံခံထားရတဲ့ နစ်နာသူရဲ့ ခန္ဓာကိုယ် အောက်ပိုင်းနဲ့ အနေတော် ချိတ်ဆက်နေတယ်..."
"အတွင်းဘက်မှာလည်း ဆီလီကွန် အလွှာတစ်ခု ရှိနေပေမဲ့ အဲဒီနှစ်ခုက တစ်သားတည်း ဖြစ်နေသလို အသေအချာ ပေါင်းစပ်ထားတယ်..."
ရွှီရှန်းက မတ်တတ်ရပ်ကာ ပြောဆိုလိုက်ပေသည်။
ဤအရာက ဘာနှင့် တူနေသနည်း။
လိင်ပိုင်းဆိုင်ရာ အထောက်အကူပြု ခွက် တစ်ခုနှင့် တူနေပေသည်။
လူအများစုမှာ ထိုခွက်၏ ပုံပန်းသဏ္ဌာန် မည်သို့ရှိသည်ကို မသိရှိကြဘဲ ၎င်းမှာ မိမိကိုယ်တိုင် လိင်ပိုင်းဆိုင်ရာ ကိစ္စများ ဖြေရှင်းရာတွင် အသုံးပြုရန် ဖြစ်ကြောင်းကိုသာ သိရှိထားကြလေသည်။
အမှန်တကယ်တော့ ထိုကဲ့သို့သော ခွက် အမျိုးအစား အများအပြား ရှိနေပေသည်။
ဥပမာအားဖြင့် အမျိုးသမီး ခန္ဓာကိုယ် အစိတ်အပိုင်းများ ပုံစံတူ ဖန်တီးထားသော အရာများမှာလည်း ထိုကဲ့သို့သော ခွက်၏ ပုံစံတစ်မျိုးပင် ဖြစ်ချေသည်။
သေချာပေါက် နစ်နာသူ၏ ဤမြင်ကွင်းမှာ သာမန်လူများ သိရှိထားကြသော ခွက် အမျိုးအစား သုံးမျိုးနှင့် ပိုမို ဆင်တူနေလေသည်။
၎င်းတို့မှာ ဆီလီကွန် အရုပ်၊ ပလတ်စတစ် အခွံနှင့် စက်ယန္တရား အလိုအလျောက် စနစ် တို့ပင် ဖြစ်ပေသည်။
ပထမတစ်မျိုးမှာ လက်ဖျံအရွယ်အစားခန့် ရှိပြီး သေးငယ်သော ဆန့်ကျင်ဘက် လိင်၏ ခန္ဓာကိုယ်ပုံစံ ဖြစ်ကာ ခြေထောက်၊ လက်မောင်းနှင့် ခေါင်းများ မပါဝင်ဘဲ ခန္ဓာကိုယ် အလယ်ပိုင်းသာ ပါဝင်ကာ ဆီလီကွန်ဖြင့် ပြုလုပ်ထားပြီး ကစားစရာ အရုပ်များကဲ့သို့ပင် ထိုအမျိုးအစား သုံးခုထဲတွင် အပီပြင်ဆုံး ဖြစ်လေသည်။
ဒုတိယ တစ်မျိုးမှာ အပြင်ဘက်တွင် ပလတ်စတစ် အခွံတစ်ခု ရှိပြီး အတွင်းဘက်၌ ပီပြင်သော ဆီလီကွန် ရှိနေခြင်း ဖြစ်ပေသည်။
နောက်ဆုံး တစ်မျိုးမှာ ဒုတိယ အမျိုးအစား၏ ပလတ်စတစ် အခွံနေရာတွင် စက်ယန္တရားဖြင့် အစားထိုးထားပြီး အတွင်းပိုင်းမှာမူ ဆီလီကွန်ပင် ဖြစ်ချေသည်။
ရွှီရှန်းက ဤအရာများကို မည်သို့ သိရှိနေသနည်း ဆိုရလျှင် သူက အသိပညာ ဗဟုသုတ ကြွယ်ဝသူ တစ်ဦး ဖြစ်သောကြောင့်ပင် ဖြစ်လေသည်။
သေချာပေါက် သူ တစ်ခါမျှ မဝယ်ဖူးခဲ့ချေ။
ယေဘုယျအားဖြင့် ကြည့်မည်ဆိုပါက ဒုတိယ အမျိုးအစားနှင့် ပိုမို ဆင်တူနေပြီး အပြင်ဘက်တွင် အခွံတစ်ခု ဖုံးစွပ်ထားကာ အတွင်းဘက်၌ ဆီလီကွန် ထည့်သွင်းထားခြင်းပင် ဖြစ်ပေသည်။
"ဒီအချက်ကနေ ကြည့်မယ်ဆိုရင် သေဆုံးသူနဲ့ လူသတ်သမား ကြားမှာ အဆက်အသွယ် နည်းနည်း ရှိနေသင့်တယ်..."
"သေဆုံးသူက နစ်နာသူ သေဆုံးသွားတာကို မသိတာ ဖြစ်နိုင်ပေမဲ့ လိင်ပိုင်းဆိုင်ရာ နဲ့ ပတ်သက်တဲ့ သဲလွန်စ တချို့ကိုတော့ သူ သိထားဖို့ ရာခိုင်နှုန်း များတယ်..."
ရွှီရှန်းက စဉ်းစားခန်း ဝင်နေလေသည်။
သာမန်လူတစ်ဦးအနေဖြင့် လွှင့်ပစ်ထားသော ထိုကဲ့သို့သော ခွက်ကို မြင်ရုံဖြင့် ကာမစပ်ယှက်ချင်စိတ် ပေါ်လာရန် ခဲယဉ်းပေသည်။
အခြေခံအကျဆုံး လုံခြုံရေး အရ ကြည့်မည်ဆိုလျှင်ပင် လူအနည်းငယ်သာ ထိုသို့ လုပ်ရဲကြမည်သာ ဖြစ်ချေသည်။
ထို့ကြောင့် ရွှီရှန်း၏ လတ်တလော ခန့်မှန်းချက်မှာ ဤသို့ဖြစ်ပေသည်။
"နစ်နာသူကို လူသတ်သမားက အရုပ်အဖြစ် ရုပ်ဖျက်ပြီးတဲ့နောက် သူ့ဆီမှာ လိင်ပိုင်းဆိုင်ရာ ကိစ္စတချို့ လာပြောထားတဲ့ သေဆုံးသူဆီကို ပို့ပေးခဲ့တာ ဖြစ်ဖို့ အလွန် ရာခိုင်နှုန်း များပြားတယ်..."
ရွှီရှန်းက ပြောဆိုလိုက်လေသည်။
ပတ်ဝန်းကျင်ရှိ ရဲတပ်ဖွဲ့ဝင် အချို့မှာ ထိုအသံကို ကြားလိုက်ရချိန်တွင် မသိစိတ်အရ ဆက်စပ် တွေးတောမိသွားကြပေသည်။
"ဘာဖြစ်လို့လဲ..."
"ဘာဖြစ်လို့ ဒီဘက်ကို ပို့ပေးရတာလဲ..."
ရုတ်တရက် သူစိမ်းဆန်သော အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
ရွှီရှန်းက မသိစိတ်အရ နောက်သို့ လှည့်ကြည့်လိုက်ရာ လေးထောင့်ကျကျ မျက်နှာတစ်ခုက သူ၏ မျက်စိရှေ့တွင် ထွက်ပေါ်လာခဲ့ပေသည်။ မျက်နှာပေါက်မှာ တည်ကြည်ခက်ထန်ပြီး အသားအရေ ကြမ်းတမ်းကာ အသက် ၄၀ ဝန်းကျင်ခန့် ရှိပုံရလေသည်။
"မင်္ဂလာပါ... မြို့တော် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် ချန်လုံ ပါ..."
ချန်လုံက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး သူ၏ လေသံမှာ အားပါးတရ ရှိလှပေသည်။
"ရွှီရှန်း ပါ... ကျန်ဆန်းမြို့ မှုခင်းစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ ရဲ့ အထူး မှုခင်းစုံစမ်းထောက်လှမ်းရေး အတိုင်ပင်ခံ ပါ..."
ရွှီရှန်းက လက်ဆန့်ထုတ်လိုက်ပြီး သူတို့ နှစ်ဦး လက်ဆွဲ နှုတ်ဆက်လိုက်ကြလေသည်။
"ခုနက မင်းရဲ့ တွေးခေါ်ပုံကို နားထောင်ကြည့်လိုက်တာ မြို့တော် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ နဲ့ အတူတူပဲ... ဒါပေမဲ့ လတ်တလောမှာ ငါတို့က ထိုးဖောက်ဝင်ရောက်နိုင်မယ့် အချက်ကို မရှာတွေ့သေးဘူး..."
ချန်လုံက သက်ပြင်းချလိုက်လေသည်။
မူလက သူသည် ရွှီရှန်း၏ နာမည်ကို မကြားဖူးခဲ့သလို သိပ်ပြီးလည်း မသိကျွမ်းခဲ့ချေ။
သို့သော်လည်း ယခုအခါတွင်မူ...
တစ်ဖက်လူက အချိန် မိနစ်အနည်းငယ် အတွင်းမှာပင် သူတို့ အဖွဲ့ ဆွေးနွေးထားသော အချက်များကို ရရှိသွားခဲ့သည်ကို မြင်တွေ့လိုက်ရပြီးနောက်...
သူတို့ထံသို့ အရည်အချင်းရှိသူ တစ်ဦး ရောက်လာပြီ ဖြစ်ကြောင်းကို သူ သိရှိသွားခဲ့လေပြီ။
"ထိုးဖောက်ဝင်ရောက်နိုင်မယ့် အချက်..."
ရွှီရှန်းက စတင် စဉ်းစားနေစဉ်မှာပင်။
အမှတ်မထင် အမည်းစက်လေး တစ်စက်က သူ၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့ပေသည်။
သူက အနည်းငယ် ရပ်တန့်သွားပြီး ရုတ်တရက် တစ်ကိုယ်လုံး တောင့်တင်းသွားကာ မျက်မှောင်များ ကျုံ့ဝင်သွားပြီး စကားဆက်မပြောတော့ချေ။ သူသည် ကုတင်၏ ဘယ်ဘက် နံရံတွင် ကပ်လျက်ရှိသော ပလတ်ပေါက် သုံးပေါက်ကို ကြောင်အမ်းစွာ စိုက်ကြည့်နေလေသည်။
ပလတ်ပေါက်မှာ ကုတင်နှင့် မျက်နှာချင်းဆိုင် တည့်တည့်တွင် ရှိနေပေသည်။
ပလတ်ပေါက်တွင် ဘာများရှိနေနိုင်မည်နည်း။
ဘာမှမရှိချေ။ သာမန် မျက်စိဖြင့် ကြည့်မည်ဆိုပါက မည်သည့် ပြဿနာမှ မရှိကြောင်း တွေ့ရမည်ဖြစ်ပြီး ညမီးသီး နှင့် ချိတ်ဆက်ထားသော ပလတ်ခေါင်း တစ်ခုသာ ထိုးထားခြင်း ဖြစ်လေသည်။
သို့သော်လည်း ရွှီရှန်း၏ ခန္ဓာကိုယ်မှာ စနစ်၏ အဆင့်မြှင့်တင်မှုကို ရရှိထားခဲ့ပေသည်။
"ကလစ်..."
ရွှီရှန်းက ညမီးသီး ပလတ်ခေါင်းကို ဆွဲနုတ်လိုက်ပြီး ပလတ်ပေါက် အဖုံးကို ခွာချလိုက်ပြီးနောက်...
"ပင်အပ်ပေါက် အရွယ် ကင်မရာ..."
ချန်လုံက အတွင်းဘက်ရှိ အရာကို ကြည့်ရင်း သူငယ်အိမ်များ ကျုံ့ဝင်သွားခဲ့လေသည်။
ပလတ်ပေါက်ထဲတွင်... ကင်မရာ တစ်လုံး ပုန်းကွယ်နေခြင်းပင် ဖြစ်ချေသည်။
ကင်မရာ၏ အရွယ်အစားမှာ အလွန်သေးငယ်လှပေသည်။
အစိတ်အပိုင်း တစ်ခုလုံးမှာ လက်သန်း လက်သည်းခွံ အရွယ်အစားခန့်သာ ရှိလေသည်။
တစ်ခုလုံးကို ဖုံးအုပ်ထားပြီး အလယ်တည့်တည့်ရှိ အပ်ခေါင်းအရွယ်အစားခန့်သာ ရှိသော အစက်လေးက လက်ကိုင်ဖုန်း အားသွင်းပေါက် အရွယ်အစားခန့်ရှိသည့် အက်ကွဲကြောင်းလေးထဲမှနေ၍ အတွင်းဘက် အမှောင်ထုထဲတွင် ပုန်းကွယ်နေကာ အနီးကပ် ကြည့်မည်ဆိုလျှင်ပင် သာမန်လူများ မြင်တွေ့နိုင်ရန် အလွန် ခက်ခဲလှပေသည်။
သို့သော်လည်း တစ်ဖက်လူက ကုတင်နှင့် တည့်တည့် မျက်နှာမူထားပြီး ထို ပင်အပ်ပေါက် အရွယ် ကင်မရာလေးက အခန်းတွင်းရှိ အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။
ရွှီရှန်းက ထိုကင်မရာလေးကို ညှစ်ကိုင်ရင်း မျက်လုံးများကို မှေးလိုက်လေသည်။
"ကုတင်ကို တည့်တည့် မျက်နှာမူထားတဲ့ ပင်အပ်ပေါက် အရွယ် ကင်မရာ..."
"လူသတ်သမားက ဘာလုပ်ချင်နေတာလဲ…”