← Chapters

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

အခန်း ၇၅ ပိတ်ဆို့ရေး ကွန်ရက်

လူတစ်ဦး၏ စရိုက်လက္ခဏာမှာ ယေဘုယျအားဖြင့် အခြေအနေ နှစ်မျိုးအောက်တွင်သာ ပုံပေါ်လာလေ့ ရှိပေသည်။

ပထမအချက်မှာ မိမိ မွေးဖွားကြီးပြင်းလာသော မိသားစုကဲ့သို့ ကာလရှည်ကြာ ဖြတ်သန်းလာခဲ့ရသည့် ပတ်ဝန်းကျင်ကြောင့် ဖြစ်ချေသည်။

ဒုတိယအချက်မှာ မိသားစုဝင် တစ်ဦးဦး သေဆုံးသွားခြင်း သို့မဟုတ် မိမိကိုယ်တိုင် သေလုမြောပါး အခြေအနေနှင့် ရင်ဆိုင်ခဲ့ရခြင်းကဲ့သို့သော အလွန် ကြီးမားပြီး စိတ်လှုပ်ရှားဖွယ်ရာ အဖြစ်အပျက်မျိုးနှင့် ကြုံတွေ့ရခြင်းကြောင့် ဖြစ်လေသည်။

လူသတ်သမား၏ ဤကဲ့သို့သော အခြေအနေမျိုးကို စဉ်းစားကြည့်ရာ ရွှီရှန်းက လူအတော်များများတွင် ဖြစ်ပေါ်လေ့ရှိသော စိတ်ပိုင်းဆိုင်ရာ အလေ့အထ တစ်မျိုးကို ပြန်လည် သတိရသွားခဲ့လေသည်။

"မိခင်ကို တွယ်တာလွန်းတဲ့ စိတ်ရောဂါ ဆိုတာက ကိုယ်တိုင် ကလေးဘဝမှာ ကိုယ့်အားကိုယ်ကိုးနိုင်စွမ်း မရှိသေးဘဲ မိခင် ဒါမှမဟုတ် ဖခင်ရဲ့ ရင်ခွင်ကိုပဲ အားကိုးရတဲ့ အခြေအနေကနေ ဖြစ်ပေါ်လာတဲ့ တွယ်တာမှု တစ်မျိုးပဲ..."

"ကလေးတွေရဲ့ မသိစိတ်ထဲမှာ မိဘတွေက သူတို့ရဲ့ အကြီးမားဆုံးသော ဒိုင်းကာကြီးတွေ ဖြစ်ပြီး သူတို့ အသက်ရှင် ရပ်တည်ဖို့အတွက် အားကိုးရာတွေ ဖြစ်နေတာ..."

"ဒီလို အလေ့အထမျိုးက ယေဘုယျအားဖြင့် အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ စွမ်းရည်တွေ တိုးတက်လာပြီး အသိဉာဏ် ရှင်းလင်းလာတာနဲ့အမျှ တဖြည်းဖြည်း ပျောက်ကွယ်သွားတတ်တယ်..."

"ဒါပေမဲ့..."

"အကယ်၍များ မိခင်ကို တွယ်တာလွန်းတဲ့ စိတ်ရောဂါ ဖြစ်ပေါ်နေချိန်မှာ တစ်ချိန်တည်းမှာပဲ အလွန် ကြီးမားတဲ့ ကိစ္စရပ် တစ်ခုခုနဲ့ ကြုံတွေ့လိုက်ရမယ် ဆိုရင် နောင်တစ်ချိန်မှာ သူ့ရဲ့ စရိုက်လက္ခဏာက ဘယ်လို ပုံစံမျိုး ဖြစ်လာမလဲ စဉ်းစားကြည့်ပါ..."

ထိုအချိန်တွင် မှုခင်းစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ ရုံးခန်းအတွင်း၌ ရဲတပ်ဖွဲ့ဝင် အများအပြား ဝိုင်းရံနေကြလေသည်။

ရွှီရှန်းက ကျန်းဟိုင်၏ ကိုယ်ရေးအချက်အလက်များကို ကြည့်ရင်း မျက်နှာတစ်ခုလုံး လေးနက်သော အမူအရာများ ပြည့်နှက်နေစွာဖြင့် စကားဆိုလိုက်ချေသည်။

"ကျန်းချင်းက ငယ်ငယ်လေးကတည်းက အနောက်နိုင်ငံတွေရဲ့ လွတ်လပ်တဲ့ ယဉ်ကျေးမှုကို သဘောကျခဲ့တယ်... သူမရဲ့ ကိုယ်ရေးကိုယ်တာ ဘဝက လူပျိုပေါက် အရွယ်ကတည်းက စပြီး အခုချိန်အထိ တစ်ခါမှ မတည်ငြိမ်ခဲ့ဘဲ ပျားအုံ တစ်အုံလို ရှုပ်ထွေးနေခဲ့တာ..."

"အသက် ၂၀ အရွယ်မှာ ကျန်းဟိုင်ကို မွေးဖွားပြီးတဲ့ နောက်မှာတောင် ဆင်ခြင်ခြင်း မရှိဘဲ လွတ်လပ်မှုကို ကိုးကွယ်ပြီး တစ်နေ့ကုန် ဘားတွေထဲမှာပဲ အချိန်ဖြုန်းနေခဲ့တာ..."

"ကျန်းဟိုင်ရဲ့ ဖခင်နဲ့ ကွာရှင်းပြီးတဲ့နောက် ကလေးကို ကျန်းချင်းကပဲ ပြုစုပျိုးထောင်ခဲ့တယ်... ပြုစုပျိုးထောင်တဲ့ အချိန်အတွင်းမှာ သူမက ဘာအလုပ်မှ မရှိခဲ့ဘူး... ခန္ဓာကိုယ် ရောင်းစားတာကို အလုပ်လို့ ခေါ်မယ် ဆိုရင်တော့ လုံးဝ မရှိခဲ့ဘူးလို့ ပြောလို့ မရဘူးပေါ့..."

"သူမက သူမရဲ့ ချစ်သူတွေ ဒါမှမဟုတ် ဧည့်သည်တွေကို သူမရဲ့ အခန်းထဲ ခေါ်လာခဲ့တယ်..."

"ကျွန်တော် ခန့်မှန်းတာ မမှားဘူး ဆိုရင်တော့ သူမက အဲဒီလို ခန္ဓာကိုယ် ရောင်းစားနေတဲ့ အချိန်အတွင်းမှာ ကျန်းဟိုင် ရှိနေတာကို လုံးဝ လျစ်လျူရှုထားခဲ့တာ ဖြစ်ရမယ်..."

ထိုစကားကို ကြားသောအခါ နေရာတွင် ရှိနေကြသော လူအားလုံးမှာ တိတ်ဆိတ်သွားကြလေသည်။

'မိခင်အပေါ် တွယ်တာလွန်းတဲ့ စိတ်ရောဂါက ဘာကြောင့် ပေါ်ပေါက်လာရတာလဲ...'

'ဘာဖြစ်လို့လဲဆိုတော့ လူတွေက ခွန်အားကြီးမားသူကို ကိုးကွယ်လိုစိတ် ရှိကြပြီး ငယ်ရွယ်တဲ့ ကလေးငယ်တွေ အတွက်တော့ မိဘတွေက အကြီးမားဆုံးသော ခွန်အားရှင်တွေ ဖြစ်နေလို့ပဲ...'

'ဒါပေမဲ့ အခြား အမျိုးသား တစ်ယောက်က ကိုယ့်မျက်စိရှေ့မှာ မိဘတွေကို အရှက်ခွဲ စော်ကားနေတာက...'

'ဂုဏ်သိက္ခာကို ခြေမွှားပစ်လိုက်တာပဲ...'

ဤကဲ့သို့သော အခြေအနေမျိုးတွင် လူတို့မှာ အစွန်းရောက်သော လမ်းကြောင်းသို့သာ ဦးတည်သွားတတ်ပေသည်။

တစ်နည်းအားဖြင့် အလွန်အမင်း ရူးသွပ်သွားပြီး ရူးသွပ်စွာ လက်စားချေတတ်ကြလေသည်။

သို့မဟုတ်ပါက အလွန်အမင်း ကျဆင်း နိမ့်ကျသွားတတ်ကြချေသည်။

"အဲဒီတော့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာက လွဲမှားသွားပြီး အခြားသူနဲ့ ဖောက်ပြန်တာကို နှစ်သက်တဲ့ စိတ်ရောဂါရဲ့ ဒုတိယ အမျိုးအစားကို ဖြစ်ပေါ်လာစေတာပဲလား..."

လီရှန်းမှာ တိတ်ဆိတ်သွားခဲ့လေသည်။ သူ၏ ဦးနှောက်ထဲတွင် ရွှီရှန်း ပြောခဲ့ဖူးသော စကားများကို ပြန်လည် တွေးတောမိလိုက်ပေသည်။

'အခြားသူနဲ့ ဖောက်ပြန်တာကို နှစ်သက်တဲ့ စိတ်ရောဂါ ကို မိမိကိုယ်ကို နှိပ်စက်ခြင်း... အနိုင်ယူ လွှမ်းမိုးခြင်းနဲ့ ဂုဏ်ယူဝင့်ကြွားခြင်း ဆိုပြီး ၃ မျိုး ခွဲခြားထားတယ်...'

'ကိုယ့်ရဲ့ ကျောထောက်နောက်ခံ ဖြစ်တဲ့ ကိုယ့်ရဲ့ မိခင် ကိုယ်တိုင်က အခြားသူရဲ့ အနိုင်ယူ လွှမ်းမိုးခြင်းကို ခံလိုက်ရတာပဲ...'

"ဟုတ်တယ်... အစိမ်းရောင် ဦးထုပ် ဆိုတာက တစ်ခါတလေ ဇနီး ဒါမှမဟုတ် ချစ်သူကို သီးသန့် ရည်ညွှန်းတာ မဟုတ်ဘဲ ကိုယ်နဲ့ နီးစပ်တဲ့ ဘယ်သူ့ကိုမဆို အဲဒီအထဲမှာ ထည့်သွင်း တွက်ချက်လို့ ရတယ်..."

ရွှီရှန်းက ခေါင်းညိတ်ပြလိုက်သော်လည်း ထိုစကားသံ ဆုံးသွားပြီးနောက် နေရာ တစ်ခုလုံး ထပ်မံ၍ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြန်လေသည်။

'အခြားသူနဲ့ ဖောက်ပြန်တာကို နှစ်သက်တဲ့ စိတ်ရောဂါ...'

'မှန်တယ်... အဲဒီလို ရှင်သန်မှု အခြေအနေမျိုးမှာ စရိုက်လက္ခဏာက အစွန်းရောက်စွာ လက်စားချေတတ်ပြီး ဒေါသကြီးသူ ဖြစ်လာနိုင်သလို အစွန်းရောက်စွာ သတ္တိကြောင်ပြီး အခြားသူနဲ့ ဖောက်ပြန်တာကို နှစ်သက်တဲ့ စိတ်ရောဂါသည်မျိုးလည်း ဖြစ်လာနိုင်တယ်...'

'ကျန်းဟိုင်ရဲ့ ဖခင်က ဘယ်သူလဲ ဆိုတာနဲ့ တစ်ဖက်လူက ဘာကြောင့် ကျန်းဟိုင်ကို ခေါ်မသွားခဲ့တာလဲ ဆိုတာကိုတော့...'

ဤသို့ ပြောရမည် ဖြစ်လေသည်။

ကျန်းချင်း ကိုယ်တိုင်ပင် ကျန်းဟိုင်၏ ဖခင်မှာ မည်သူမှန်း မသိခဲ့ချေ။ ကွာရှင်းသွားခဲ့သော ထိုအမျိုးသားမှာ ကျန်းဟိုင် မိခင်၏ ယောက်ျား သက်သက်သာ ဖြစ်ပြီး သူ၏ ဖခင် အစစ်အမှန် မဟုတ်ပေ။

ဤအရာကပင် တစ်ဖက်လူ အဘယ်ကြောင့် ကွာရှင်းခဲ့ရသနည်း ဆိုသည့် အကြောင်းရင်း ဖြစ်လေသည်။

"ဒီလို အခြေအနေမျိုးမှာ စိတ်ပိုင်းဆိုင်ရာက ဘယ်လောက်ပဲ လွဲမှားနေပါစေ ပုံမှန်ပဲလို့ သတ်မှတ်လို့ ရတယ်..."

"အင်း... တကယ်လို့ သူက အရမ်းကို ပုံမှန် ဖြစ်နေမယ် ဆိုရင်တော့ အဲဒါက လုံးဝကို ပုံမှန် မဟုတ်ဘူး ဆိုတာ သေချာတယ်..."

ရွှီရှန်းက သက်ပြင်းချကာ စကားဆိုလိုက်ပေ။

အစွန်းရောက်လွန်းသော ပတ်ဝန်းကျင်အောက်တွင် ကြီးပြင်းလာရသူများမှာ အပြင်ပန်းတွင် ဒေါသကြီးပုံ ပေါက်နေပါက တော်သေးသည်ဟု ဆိုရမည် ဖြစ်လေသည်။

အကယ်၍ အပြင်ပန်းတွင် အလွန်အမင်း ပုံမှန် ဖြစ်နေပုံ ပေါက်နေမည် ဆိုပါက...

ထိုအရာမှာ လုံးဝ ရူးသွပ်နေသည့် အဆင့်ထိ ရောက်နေသော အစွန်းရောက်မှု တစ်မျိုး ဖြစ်မည်မှာ အသေအချာပင် ဖြစ်ချေသည်။

"ကျန်းဟိုင်က ဘယ်နေရာမှာ ပုန်းနေနိုင်မလဲ..."

ချန်လုံက ကုလားထိုင်ပေါ်တွင် မှီထိုင်လျက် သူ၏ မျက်ခုံးနှစ်ခုကြားကို လက်ဖြင့် နှိပ်နယ်လိုက်လေသည်။

"လတ်တလော ကျွန်တော်တို့ စုံစမ်းရရှိထားတာက တစ်ဖက်လူက မနက်ပိုင်းမှာ လက်မှတ် ၂ စောင် ဝယ်ထားတယ်..."

"တစ်စောင်က ကျန်းဟိုင်က သူ့ရဲ့ မှတ်ပုံတင်နဲ့ ဝယ်ထားတဲ့ တခြား ပြည်နယ်ကို သွားမယ့် ရထားလက်မှတ် ဖြစ်ပြီး နောက်တစ်စောင်ကတော့ ကျန်းချင်းရဲ့ နာမည်နဲ့ ဝယ်ထားတဲ့ လေယာဉ်လက်မှတ်ပဲ..."

"တစ်ဖက်လူက အဲဒီလက်မှတ်တွေကို အသုံးမပြုသေးဘူး ဆိုတာ စစ်ဆေးတွေ့ရှိရပေမဲ့ တစ်ဖက်လူက လွတ်မြောက်ဖို့ ကြိုးစားနေတယ်လို့ မှတ်ယူလို့ ရနိုင်မလား..."

"မြို့ထဲကနေ ဘယ်လို ထွက်ပြေးရမလဲ ဆိုတာ စဉ်းစားနေတာ ဒါမှမဟုတ် ထွက်တောင် ပြေးသွားလောက်ပြီလား..."

အမှုစတင် ဖြစ်ပွားချိန်မှ ယခုအချိန်အထိ မြို့ကို အချိန်မီ ပိတ်ဆို့ထားနိုင်ခဲ့သော်လည်း ဟာကွက် အနည်းငယ် ရှိနေခြင်းမှာ အလွန် ပုံမှန်ပင် ဖြစ်လေသည်။

ထိုဟာကွက်လေးမှာ ကျန်းဟိုင် ပင် ဖြစ်နေနိုင်ချေသည်။

"ကျန်းချင်းကရော..."

"ကျန်းချင်းရဲ့ ပါးစပ်ကို ဖွင့်လို့ ရပြီလား..."

ချန်လုံက မျက်လုံးများကို ပွတ်သပ်ရင်း ဘေးဘက်ရှိ လူများကို တစ်ချက် ကြည့်လိုက်ပေသည်။

"မရသေးဘူး... ဒီမိန်းမက ဘာမှကို မသိတာ... ကိုယ့်အိမ်မှာ ကျန်းဟိုင် တပ်ထားတဲ့ ပင်အပ်ပေါက် အရွယ် ကင်မရာ ၁၃ လုံး ရှိနေတာကိုတောင် မသိဘူး..."

"ကင်မရာတွေ ဘယ်က ရလာလဲ ဆိုတာကို စုံစမ်းပြီးပြီလား..."

"စုံစမ်းလို့ ရပြီ... ဒါပေမဲ့ ဘာမှ အသုံးမဝင်ဘူး... တစ်ဖက်လူက ပြည့်တန်ဆာ လိုက်စားတဲ့ ဖောက်သည် တစ်ယောက်ပဲ... သူက မိန်းမ ခေါ်အိပ်တဲ့ အချိန်တွေမှာ ခိုးရိုက်ရတာကို သဘောကျတယ်... တစ်ခေါက် ကျန်းချင်းဆီ လာအိပ်တဲ့ အချိန်မှာ ကျန်းဟိုင်က မိသွားပြီးတော့ တစ်ဖက်လူကို ကင်မရာ အလုံးအချို့ ဝယ်ခိုင်းခဲ့တာပဲ..."

သဲလွန်စများ ထပ်မံ ပြတ်တောက်သွားခဲ့ပြန်လေသည်။

"သူ ထွက်ပြေးလို့ မလွတ်နိုင်ပါဘူး..."

ရွှီရှန်းက ခေါင်းခါယမ်းလိုက်ပေသည်။

"ကားဂိတ်တွေ မှတ်တိုင်တွေ အားလုံးမှာ ကျန်းဟိုင်ရဲ့ ဝရမ်းပြေး ပိုစတာတွေကို ကပ်ထားပြီးပြီ..."

"မြို့ထဲကနေ ထွက်ပြေးနိုင်တဲ့ နေရာတိုင်းကိုလည်း ပိတ်ဆို့ထားပြီးပြီ..."

"ပြီးတော့..."

"တစ်ဖက်လူက ဘယ်အချိန်လောက် ကတည်းက စပြီး ထွက်ပြေးသွားတယ်လို့ ခင်ဗျားတို့ ထင်လဲ..."

'ဘယ်အချိန်...'

လူတိုင်းမှာ ကြောင်အမ်းသွားကြပြီး ချက်ချင်းပင် ချန်လုံက ရုတ်တရက် မတ်တတ်ရပ်လိုက်ချေသည်။

"သူ ဟန်ဟိုင်မြို့ ထဲမှာ ရှိနေတုန်းပဲ..."

"ဟုတ်တယ်... မှုခင်းဖြစ်ပွားရာ နေရာမှာ ရှိနေတဲ့ ပင်အပ်ပေါက် အရွယ် ကင်မရာ က မိုးလင်းတဲ့ အချိန်အထိ ရှိနေတုန်းပဲ... အဲဒီအထဲမှာ ကျန်းဟိုင် အရမ်း လိုချင်နေတဲ့ မှတ်ဉာဏ်ကတ် ရှိနေတယ်လေ... အချိန်ဇယား အရ ဆိုရင်..."

"အမြန်ဆုံး ဆိုရင်တောင် ရုတ်တရက် သေဆုံးသွားသူက တစ်ညလုံး နေပြီး ပြန်ထွက်သွားတဲ့ အထိ စောင့်ရမှာပဲ... ပြီးမှ သူက အထဲကို ဝင်ပြီး မှတ်ဉာဏ်ကတ်ကို ယူပြီး ထွက်သွားရမှာ..."

"အဲဒီလိုဆိုရင် သူက ရဲတပ်ဖွဲ့ အမှုဖွင့်လိုက်တဲ့ အချိန်ကို သိရှိသွားနိုင်မယ့် အချိန်က..."

"အမြန်ဆုံး ဆိုရင်တောင် မနက် ၇ နာရီလောက်မှပဲ ဖြစ်နိုင်မယ်..."

"အဆိုးဆုံး အနေနဲ့ ရုတ်တရက် သေဆုံးသွားတဲ့သူက နေ့လယ် ၁၂ နာရီလောက်မှ ထွက်သွားဖို့ ပြင်ဆင်ထားတယ် ဆိုရင် သူက ၁၂ နာရီလောက်မှ ဟိုတယ်ကို ပြန်လာပြီး မှတ်ဉာဏ်ကတ်ကို လာယူရဦးမှာ..."

မှတ်ဉာဏ်ကတ်၏ အဓိပ္ပာယ်မှာ လူသတ်သမားက အမှုကျူးလွန်ပြီးနောက် ချက်ချင်း ထွက်ပြေးရန် လုံးဝ စဉ်းစားထားခြင်း မရှိကြောင်း ဖော်ပြနေပေသည်။

ဝမ်ချောင်က အမှုကို ရှာဖွေတွေ့ရှိခဲ့သော အချိန်မှာလည်း အလွန် အရေးတကြီး ဖြစ်နေခဲ့ပြီး ရဲတပ်ဖွဲ့က ဟန်ဟိုင်မြို့ကို အချိန်မီ ပိတ်ဆို့နိုင်ခဲ့လေသည်။

နံနက် ၇ နာရီခန့် အချိန်ဇယားအရ ကြည့်မည်ဆိုပါက ကားဂိတ်တိုင်းတွင် ကင်းလှည့်နေသော ရဲတပ်ဖွဲ့ဝင်များ ပြည့်နှက်နေမည် ဖြစ်လေသည်။

ကျန်းဟိုင် အနေဖြင့် အဝေးသို့ ထွက်ပြေးနိုင်မည် မဟုတ်ချေ။

"အဲဒီ ရထားလက်မှတ်က..."

"ဒါက ရဲအင်အားကို ဖြန့်ခွဲပစ်ချင်တဲ့ နည်းလမ်းပဲ..."

အခြား ရဲတပ်ဖွဲ့ဝင်များ၏ အမေးကို ကြားလိုက်ရချိန်တွင် ချန်လုံနှင့် လီရှန်းတို့က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ဖက်လူ၏ ဆိုလိုရင်းကို နားလည်သွားကြလေသည်။

"ဘာဖြစ်လို့လဲဆိုတော့ အမှုဖွင့်တဲ့ အချိန်ကနေ အခုချိန်အထိ အချိန်က အရမ်းတိုလွန်းပြီး လှုပ်ရှားမှုတွေက အရမ်း မြန်ဆန်လွန်းနေလို့ပဲ..."

"ဒါကြောင့် ကျန်းဟိုင်က လုံးဝ အဝေးကို ပြေးလို့ မလွတ်နိုင်သေးဘူး..."

'ဘတ်စ်ကား စီးသွားမလား...'

အရေအတွက် နည်းပါးလှသော ဘတ်စ်ကားများပေါ်တွင် ကျန်းဟိုင်၏ မျက်နှာကို ကပ်ထားပြီး ဖြစ်လေသည်။

'အငှားယာဉ် စီးသွားမလား...'

အငှားယာဉ် မောင်းနှင်သူများ၏ သတင်းအချက်အလက် ကွန်ရက်ကို မည်သည့်အခါမျှ အထင်မသေးသင့်ပေ။

'မျက်နှာကို ဖုံးကွယ်သွားမလား...'

၁၀ လပိုင်း အချိန်တွင် ရာသီဥတုက ပေါင်းအိုး တစ်လုံးကဲ့သို့ ပူပြင်းလှရာ နှာခေါင်းစည်း တပ်ထားပြီး ဦးထုပ် ဆောင်းကာ တစ်ကိုယ်လုံးကို ထုပ်ပိုးထားမည် ဆိုပါက ပြဿနာ မရှိလျှင်ပင် ပြဿနာ ရှိနေကြောင်း သိသာလွန်းလှလေသည်။

သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကို လုံးဝ ပိတ်ဆို့ထားပြီး ဖြစ်ပေသည်။

"ဟုတ်တယ်... သူ အဝေးကြီးကို ရောက်မသွားနိုင်သေးတာ သေချာတယ်..."

"အဆိုးဆုံး ပြောရရင် သူက လမ်းမပေါ် ထွက်ဖို့တောင် ရဲမှာ မဟုတ်ဘူး..."

ရွှီရှန်းက မျက်စိရှေ့ရှိ မြေပုံကို ကြည့်ရှုလိုက်လေသည်။ ၎င်းမှာ ဟန်ဟိုင်မြို့၏ မြေပြင် အနေအထား ပြသထားသော မြေပုံ ဖြစ်ချေသည်။

ဟန်ဟိုင်မြို့မှ ယခုတစ်ကြိမ် ထုတ်သုံးလိုက်သော ရဲအင်အားမှာ မည်သည့် မှုခင်းစုံစမ်းထောက်လှမ်းရေး ရဲတပ်ဖွဲ့ဝင်ကိုမဆို အလွန် ကျေနပ် အားရမှု ဖြစ်စေလေသည်။

လေဝင်ပေါက်ပင် မရှိလောက်အောင် လုံခြုံလှသော ပိတ်ဆို့ရေး ကွန်ရက်ကြီး တစ်ခု ဖြစ်ပေသည်။

"ဟန်ဟိုင်မြို့ရဲ့ ရဲအင်အား လျော့ကျသွားပြီး သူ့ကို မလှုပ်ရဲအောင် လုပ်ထားတဲ့ ရဲတွေ နည်းနည်းလောက် အာရုံလွှဲသွားမှပဲ ရမယ်..."

"အဲဒီလိုဆိုရင် ကျန်းဟိုင် အတွက် ထွက်ပြေးဖို့ အခွင့်အရေး ရသွားနိုင်တယ်..."

"ရဲတွေကို အာရုံလွှဲပစ်နိုင်တဲ့ နည်းလမ်းကတော့..."

ရွှီရှန်း စကားပြော၍ပင် မဆုံးသေးချေ။ လီရှန်းက ချက်ချင်း ဝင်ရောက် ဖြေဆိုလိုက်လေသည်။

"ရထားလက်မှတ်..."

"ပြီးတော့ လေယာဉ်လက်မှတ်ပဲ..."

"ရဲတပ်ဖွဲ့က စုံစမ်းဖို့ အင်အား တစ်ချို့ကို စေလွှတ်လိုက်တာနဲ့ လူဘယ်လောက်ပဲ ဖြစ်ဖြစ် ပိတ်ဆို့ထားတဲ့ ကွန်ရက်ထဲက ရဲအင်အားကို သေချာပေါက် လျော့ကျသွားစေမှာပဲ... တစ်ဖက်လူ အတွက်တော့ ဒါက ထွက်ပြေးဖို့ မျှော်လင့်ချက် တစ်ခု ပိုလာတာပဲလေ..."

"တခြားတစ်နည်းနဲ့ ပြောရရင်..."

"ဒီခွေးကောင်က အခုချိန်မှာ ပိတ်ဆို့ရေး ကွန်ရက် အတွင်းမှာ သေချာပေါက် ရှိနေသေးတယ်... ပြောမရဘူး... ဒီကောင်က ပိတ်ဆို့ရေး ကွန်ရက်ရဲ့ အလယ်ဗဟိုမှာတောင် ရှိနေနိုင်သေးတယ်..."

ရွှီရှန်းက မျက်လုံးများကို မှေးကာ မြေပုံကို ကြည့်လိုက်ပေသည်။

"ဘာပဲဖြစ်ဖြစ် ရဲတပ်ဖွဲ့ရဲ့ အင်အား အားလုံးက အပြင်ဘက်ကိုချည်းပဲ ဦးတည်ပြီး ရှာဖွေနေကြတာကိုး..."

"ဒါပေမဲ့ အတွင်းဘက်ကိုတော့..."

"ရှာဖွေတာ မျိုး မရှိသေးဘူးလေ…”

အခန်း ၇၆ ကျန်းဟိုင်အား ဖမ်းဆီးခြင်း

အပြင်ဘက်သို့ ရှာဖွေခြင်းနှင့် အတွင်းဘက်သို့ ရှာဖွေခြင်းဟူ၍ ရှိလေသည်။

ပထမတစ်မျိုးမှာ ဟိုတယ်... ကျောင်း... တက္ကသိုလ်နှင့် နေအိမ်တို့ကို အခြေခံ၍ အပြင်ဘက်သို့ ရှာဖွေခြင်း ဖြစ်ပေသည်။

သို့သော်လည်း တစ်ဖက်လူက အပြင်ဘက်၌ ရှိမနေပါက မည်သို့ လုပ်ရမည်နည်း ဆိုသည်မှာ စဉ်းစားစရာပင် ဖြစ်လေသည်။

ဥပမာအားဖြင့် တစ်ဖက်လူက ဟိုတယ်... ကျောင်း သို့မဟုတ် တက္ကသိုလ်ထဲတွင်သာ ရှိနေပါက ပြဿနာ ရှိလာချေပြီ။

ရဲတပ်ဖွဲ့မှာ မီးခွက်အောက်ရှိ အမှောင်ကျနေသော နေရာကို မမြင်ရသကဲ့သို့ ဖြစ်နေပါက တစ်ဖက်လူကို မည်သို့ ရှာတွေ့နိုင်မည်နည်း ဟူသည်မှာ စဉ်းစားစရာပင် ဖြစ်လေသည်။

"လတ်တလော အခြေအနေအရ ကြည့်မယ်ဆိုရင် ဟန်ဟိုင်မြို့က ချထားတဲ့ ရဲအင်အားက တစ်အိမ်တက်ဆင်း ရေမီတာ လိုက်စစ်ရင်တောင် ရနိုင်တဲ့ အနေအထားပဲ... ဒါပေမဲ့ အခုချိန်အထိ တစ်ဖက်လူကို မဖမ်းမိသေးဘူး... အဲဒါက ငါတို့ ရှာဖွေနေတဲ့ နေရာ မှားယွင်းနေတယ် ဆိုတာကိုပဲ ဖော်ပြနေတာ..."

ရဲတပ်ဖွဲ့၏ ရှာဖွေရေး နေရာများကို မှတ်တမ်းတင်ထားသော ဘေးဘက်ရှိ သင်ပုန်းမည်းလေးဆီသို့ အကြည့်များကို ရွှေ့လိုက်ကြလေသည်။

ပစ်မှတ်ထားသော နေရာများမှာ ဟန်ဟိုင်မြို့၏ အထွက်ပေါက်များချည်းသာ ဖြစ်ချေသည်။

သို့မဟုတ်ပါက ကားဂိတ်... ရထားဘူတာနှင့် လေဆိပ် စသည့် နေရာမျိုးများ ဖြစ်လေသည်။

ဖြန့်ကျက်ထားမှု အရ ကြည့်မည်ဆိုပါက ရဲအင်အားမှာ အပြင်ဘက်သို့ ရောက်လေလေ ပိုမို တင်းကျပ်လေလေ ဖြစ်ပေသည်။

ဆန့်ကျင်ဘက်အနေဖြင့် အတွင်းဘက်သို့ ရောက်လေလေ ပိုမို နည်းပါးလေလေ ဖြစ်ချေသည်။

ဥပမာအားဖြင့် ဟိုတယ် ဖြစ်လေသည်။ အမှုဖွင့်ပြီးချိန်မှစ၍ ဟိုတယ်ဝန်ထမ်းများကို တစ်ကြိမ် စစ်ဆေးပြီးနောက် လတ်တလောတွင် ဒုတိယအကြိမ် ထပ်မံ၍ လုံးဝ စစ်ဆေးမည် မဟုတ်ကြောင်းကို ရွှီရှန်းက ရဲရဲဝံ့ဝံ့ပင် အာမခံရဲပေသည်။

သို့မဟုတ် ဟိုတယ် အနီးအနားရှိ နေထိုင်သူများကို ရဲတပ်ဖွဲ့က တစ်ကြိမ် စစ်ဆေးပြီး ဘာမျှ မတွေ့ရှိပါက ဒုတိယအကြိမ် ထပ်မံ စစ်ဆေးရန် အကြောင်းပြချက် မရှိချေ။

အဘယ်ကြောင့်နည်း ဆိုသည်မှာ ရှင်းလင်းလှလေသည်။

"ပုံသေ မှတ်ယူထားတဲ့ အမြင်တွေကြောင့်ပဲ... လူတိုင်းက လူသတ်သမား ဆိုရင် ထွက်ပြေးရမယ်... ရဲတွေနဲ့ ဝေးရာကို သွားရမယ်လို့ ထင်နေကြတာ... သူတို့က ပုန်းအောင်းနေသင့်တယ်လို့ ထင်ကြပေမဲ့ တကယ်လို့ လူသတ်သမားက ရဲတစ်ယောက်ယောက်ရဲ့ အိမ်နားမှာ နေထိုင်နေမယ် ဆိုရင်ရော..."

အကယ်၍ သင်က ရဲတစ်ဦး ဖြစ်ပြီး လူသတ်သမား တစ်ဦး ထွက်ပြေးသွားပါက တစ်ဖက်လူ ပြည်နယ်အပြင်ဘက်သို့ ထွက်ပြေးသွားသည်ဟု သံသယဝင်မည်လော သို့မဟုတ် မိမိအိမ်နီးနားတွင် ပုန်းအောင်းနေသည်ဟု မသိစိတ်အရ သံသယဝင်မည်လော ဆိုသည်မှာ တွေးတောစရာပင် ဖြစ်ချေသည်။

အချုပ်အားဖြင့် ဆိုရလျှင် ဤသို့ပင် ဖြစ်လေသည်။

"မီးခွက်အောက်က အမှောင်ကျနေတဲ့ နေရာမျိုးပဲ..."

လီရှန်းက မျက်နှာတစ်ခုလုံး လေးနက်တည်ကြည်နေစွာဖြင့် နှုတ်ဟပြောဆိုလိုက်ပေသည်။

"တစ်ဖက်လူက ကျောင်းဆရာဝန် တစ်ယောက် ဖြစ်ပြီး ပညာအရည်အချင်း မနိမ့်ကျဘူး... အစွန်းရောက်နေတဲ့ စိတ်ပိုင်းဆိုင်ရာ ပုံပျက်မှုတွေ ပေါင်းစပ်ထားတဲ့ ဦးနှောက်နဲ့ တွေးခေါ်မှုတွေ အရ သူက အတော်လေး တည်ငြိမ်နေလိမ့်မယ်... လတ်တလော အခြေအနေအရ ကြည့်မယ်ဆိုရင် တစ်ဖက်လူက ရဲတပ်ဖွဲ့ရဲ့ မီးခွက်အောက်က အမှောင်ကျနေတဲ့ နေရာမှာ ပုန်းအောင်းနေတာက အကောင်းဆုံး ရွေးချယ်မှုပဲ..."

ဟန်ဟိုင်မြို့တွင် စောင့်ကြည့်ကင်မရာများ များများစားစား မရှိသော်လည်း အရေအတွက် နည်းပါးခြင်းသာ ဖြစ်ပြီး လုံးဝ မရှိခြင်း မဟုတ်ချေ။

ကျန်းဟိုင် အနေဖြင့် လူစည်ကားသော နေရာများတွင် ဖြောင့်တန်းစွာ ၁၀ ကီလိုမီတာခန့် လမ်းလျှောက်သွားမည် ဆိုပါက ကင်မရာ မှတ်တမ်းတင်ခံရနိုင်ခြေ များပြားလှပေသည်။

သူသည် ကားစီး၍လည်း မရသလို ခြေထောက်နှစ်ချောင်းဖြင့် လမ်းလျှောက်၍လည်း မရနိုင်ချေ။

ထိုသို့ဆိုလျှင် မူလနေရာတွင်သာ ပုန်းအောင်း နေထိုင်နေရန်သာ ရှိတော့လေသည်။

ရထားလက်မှတ်ကိုပင် သူကိုယ်တိုင် ဝယ်ယူခဲ့ခြင်း မဟုတ်ဘဲ ပြည့်တန်ဆာ လိုက်စားသည့် ဖောက်သည် တစ်ဦးက ကိုယ်စား ဝယ်ယူပေးခဲ့ခြင်း ဖြစ်ပေသည်။

"ပြည့်တန်ဆာ ဖောက်သည်..."

ရွှီရှန်းနှင့် လီရှန်းတို့မှာ ရုတ်တရက် ကြောင်အမ်းသွားခဲ့ကြလေသည်။

ကျန်းချင်း က ၁၀ နှစ်ကျော် အနှစ် ၂၀ နီးပါးခန့် ထိုအလုပ်ကို လုပ်ကိုင်ခဲ့ရာ ကျန်းဟိုင် အနေဖြင့် ကျန်းချင်း ကဲ့သို့ အရောင်းအဝယ် လုပ်သော နေရာများနှင့် မထိတွေ့ဖူးခြင်း လုံးဝ မဖြစ်နိုင်ချေ။

ဖောက်သည် ပိုမို ရရှိစေရန်အတွက် သားအမိ နှစ်ဦးမှာ လမ်းကြားလေး တစ်ခုအတွင်းသို့ပင် ပြောင်းရွှေ့ နေထိုင်ခဲ့ဖူးသေးလေသည်။

ထို လမ်းကြားလေး မှာ မည်သည့်နေရာ ဖြစ်မည်နည်း။

"ကျွန်တော် မှတ်မိတာ မမှားဘူးဆိုရင် ရုတ်တရက် သေဆုံးသွားတဲ့သူ ဘယ်သူလဲ ဆိုတာကို စုံစမ်းလို့ ရခဲ့တဲ့ အဓိက အကြောင်းရင်းက..."

ရွှီရှန်း၏ မျက်နှာထားမှာ အနည်းငယ် ထူးဆန်းလာခဲ့ပေသည်။ သူက မထင်မှတ်ဘဲ အရေးကြီးသော တွေးခေါ်မှု လမ်းကြောင်း တစ်ခုကို စဉ်းစားမိသွားသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရလေသည်။

"အနီးနားက ပြည့်တန်ဆာ လိုက်စားတဲ့ ဖောက်သည်တွေက အရေးကြီးတဲ့ သတင်းအချက်အလက်ကို ပေးခဲ့တာ... အဲဒီ ခန္ဓာကိုယ် ရောင်းစားတဲ့သူတွေ ရှိတဲ့ လိပ်စာက..."

"ဟိုတယ် အနီးအနားမှာပဲ..."

လီရှန်းက ချက်ချင်းပင် ဝင်ရောက် ဖြေဆိုလိုက်လေသည်။

ထိုစကားသံ ဆုံးသွားသည်နှင့် နေရာ တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားခဲ့ပြီး ချန်လုံနှင့် လီရှန်းတို့၏ အသက်ရှူသံ ပြင်းပြင်းများကိုပင် အလွန် ရှင်းလင်းပြတ်သားစွာ ကြားနေရချေသည်။

မည်သည့် ဟိုတယ် အနီးအနားတွင်နည်း ဆိုရသော် ဖျင်အန်း ဟိုတယ် ပင် ဖြစ်ပေသည်။

အကယ်၍ ပြည့်တန်ဆာ အရောင်းအဝယ် လုပ်သော နေရာများ မပြောင်းလဲသေးပါက ယခင်က ကျန်းချင်း ခန္ဓာကိုယ် ရောင်းစားခဲ့သော နေရာမှာ ဤနေရာပင် ဖြစ်နေမည်မှာ သေချာလှချေ။

ထိုမျှမက ဤနေရာမှာ ယခင်က ပြောခဲ့သော မီးခွက်အောက်ရှိ အမှောင်ကျနေသည့် နေရာတွင် ကွက်တိ ကျရောက်နေသည် မဟုတ်ပါလော။

"ကျစ်... လူတွေကို စုဝေးလိုက်စမ်း..."

လီရှန်းမှာ တစ်ကိုယ်လုံး တုန်တက်သွားပြီး ကမန်းကတန်းပင် စကားပြောစက်ကို ထုတ်ယူကာ လူများကို စတင် ညွှန်ကြားတော့သည်။

ချန်လုံမှာလည်း တွေဝေမနေတော့ဘဲ မိမိ၏ လက်အောက်ငယ်သားများကို အမိန့်ပေး ညွှန်ကြားလိုက်လေသည်။

"ကျစ်... ကျန်းဟိုင်..."

ရွှီရှန်းက မတ်တတ်ရပ်လိုက်ပြီး သင်ပုန်းမည်းပေါ်တွင် သံလိုက်ဖြင့် တွယ်ကပ်ထားသော ကျန်းဟိုင်၏ မျက်မှန်တပ်ထားသည့် ဓာတ်ပုံကို ကြည့်ရှုလိုက်လေသည်။

တစ်ဖက်လူ၏ ရုပ်သွင်မှာ အလွန် ယဉ်ကျေးသိမ်မွေ့ပုံ ရပြီး ပြုံးလိုက်ပါက လူများကို မသိစိတ်အရ ရင်းနှီးချင်စိတ် ဖြစ်ပေါ်လာစေနိုင်ပေသည်။

ရုပ်ရည် အလွန် ချောမောသည်ဟု မဆိုသာသော်လည်း ကြည့်ကောင်းသည်ဟုတော့ သတ်မှတ်၍ ရနိုင်ချေသည်။

'သတ္တိ ဒီလောက်တောင် ကောင်းနေတာလား... ဟုတ်တာပေါ့... သတ္တိ မကောင်းရင်လည်း ဒီလို အမှုမျိုး ပေါ်လာမှာ မဟုတ်ဘူးလေ...'

နံနက် ၁ နာရီ အချိန်သို့ ရောက်ရှိလာလေသည်။

အလုပ်သမားများ အတွက် ဤအချိန်မှာ အနားယူရမည့် အချိန် ဖြစ်ပေသည်။ လူအများစုမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေကြပြီ ဖြစ်ချေသည်။

သို့သော်လည်း ညဆိုင်း လုပ်ကိုင်ရသော နေရာ အချို့အတွက်မူ ယခုအချိန်မှာ အလုပ်မဆင်းရသေးချေ။

ထိုနည်းတူပင် သန်းခေါင်ယံ အချိန်၌ လမ်းမများပေါ်တွင် မြို့တော်အတွက် တိတ်ဆိတ်စွာ ကင်းစောင့်ပေးနေသူများနှင့် သံသယရှိဖွယ် လူများကို မြင်တွေ့ပါက အခန်းတွင်းသို့ ဆွဲသွင်း၍ စစ်ဆေးလေ့ ရှိသူများအတွက်လည်း အတူတူပင် ဖြစ်လေသည်။

"ငရုတ်သီးက ရွှေဓာတ်နဲ့ သက်ဆိုင်တယ်... တံခါးမှာ ချိတ်ဆွဲထားရင် ဓနဥစ္စာကို ခေါ်ယူတယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ..."

ရွှီရှန်းက မှောင်မည်းနေသော လမ်းကြားလေး တစ်ခုထဲတွင် မတ်တတ်ရပ်လျက် သံတံခါးများပေါ်တွင် ချိတ်ဆွဲထားသော ငရုတ်သီးခြောက်များနှင့် အမည်မသိ သစ်ကိုင်း အချို့ကို ကြည့်ရင်း နှုတ်ဟပြောဆိုလိုက်ပေသည်။

ဤနေရာမှာ ပြည့်တန်ဆာများ ခိုအောင်းရာ နေရာပင် ဖြစ်ချေသည်။

အိမ်လေးများမှာ အလွန် သေးငယ်လှပြီး အတွင်းဘက်တွင် အိပ်ခန်းတစ်ခန်းစာခန့်သာ ကျယ်ဝန်းကာ တံခါးပေါ်၌ နားလည်သူများသာ သိရှိနိုင်သော အရာများကို ချိတ်ဆွဲထားလေသည်။

သေချာပေါက် ရုပ်ရည်လှပသူ အချို့လည်း အနည်းအကျဉ်းတော့ ရှိနေသည်သာ ဖြစ်ပေသည်။

"ခေါင်းဆောင်... အားလုံး ဒီမှာပါပဲ..."

ရွှီရှန်းက မျက်စိရှေ့တွင် ရဲတပ်ဖွဲ့ဝင်များ ဝိုင်းရံထားသော လူအုပ်ကြီးကို ကြည့်ရှုလိုက်လေသည်။

စုစုပေါင်း လူ ၂၀ ကျော်ခန့် ရှိပြီး ထိုလူများမှာ ခန္ဓာကိုယ် ရောင်းစားသူများ ဖြစ်ကြကာ ဖောက်သည် အချို့ကိုလည်း ရဲတပ်ဖွဲ့က ဆွဲထုတ်လာခဲ့ချေသည်။

ထိုလူများမှာ ခေါင်းကို လက်ဖြင့် အုပ်၍ ဆောင့်ကြောင့်ထိုင်သည့် လုပ်ရပ်ကို အလွန် ကျွမ်းကျင်နေကြပြီး ကြည့်ရသည်မှာ အဖမ်းခံရသည်မှာ တစ်ကြိမ် နှစ်ကြိမ်မျှ မကတော့ပုံ ရလေသည်။

"ဒီလူကို မြင်ဖူးကြလား... သူ့ကို သိတဲ့လူ ရှိလား..."

လီရှန်းက ကျန်းဟိုင်၏ ဓာတ်ပုံ တစ်ပုံကို ထုတ်ယူကာ ထိုလူများကို တစ်ယောက်ချင်းစီ လိုက်လံ ပြသလိုက်ပေသည်။

ထိုလူများက တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် ဇဝေဇဝါ ဖြစ်နေသည့် အရိပ်အယောင်များ ထွက်ပေါ်နေချေသည်။

ရွှီရှန်းက ခေါင်းခါယမ်းလိုက်လေသည်။

'ကျစ်... မှန်းချက်နဲ့ နှမ်းထွက် လွဲသွားပြီ... ခန္ဓာကိုယ် ရောင်းစားတယ် ဆိုတာကလည်း နုပျိုမှုကို အရင်းအနှီး ပြုရတဲ့ အလုပ်ပဲ... အသက် ၃၅ နှစ် ဆိုရင် အခြေခံအားဖြင့် အရောင်းအဝယ် မဖြစ်နိုင်တော့ဘူး... ကျန်းချင်း ဒီမှာ ရှိနေတုန်းက အများဆုံး အသက် ၃၀ လောက်ပဲ ရှိဦးမှာ... ဒီလူတွေက အခြေခံအားဖြင့် ၁၀ နှစ်လောက် ကြာအောင် လုပ်လာကြတဲ့ သူတွေ မဟုတ်ဘူး...'

လမ်းဘေးမှ ခန္ဓာကိုယ် ရောင်းစားသူများ ဆိုသည်မှာ အလွန် ဆိုးရွားသော ရောဂါများ ပျံ့နှံ့ရာ ဇာစ်မြစ်ကြီးများ ဖြစ်လေသည်။

ကလပ်များ သို့မဟုတ် တိုက်ခန်းများတွင် လုပ်ကိုင်သူများမှာ တော်သေးသော်လည်း လမ်းဘေးတွင် ရပ်နေသူများအနက် ငယ်ရွယ်သူများမှာ ရုပ်ရည်လှပမှုကြောင့် လူအများအပြား၏ ဆက်ဆံခြင်းကို ခံရကာ ရောဂါ ရရှိနိုင်ပြီး အသက်ကြီးသူများမှာမူ အတွေ့အကြုံ များလွန်းသဖြင့် ရောဂါ ရှိနေနိုင်ချေသည်။

ထို့ကြောင့် အခြေခံအားဖြင့် ၁၀ နှစ်ခန့် လုပ်ကိုင်ပြီးနောက် အကာအကွယ် မရှိပါက အနည်းနှင့်အများ ဆိုသလို ရောဂါ ရရှိတတ်ကြပြီးနောက် အလုပ်မှ အနားယူခြင်း သို့မဟုတ် ရောဂါကုသပြီး ဆက်လက် လုပ်ကိုင်ခြင်းများ ပြုလုပ်တတ်ကြပေသည်။

သေချာပေါက် အဖြစ်အများဆုံးမှာ ရောဂါ ကုသခြင်း မဟုတ်ချေ။

ယခင်ဘဝ ၂၀၂၄ ခုနှစ် ကဲ့သို့ဆိုလျှင် ဤလုပ်ငန်း လုပ်ကိုင်သူများ၏ အဖြစ်အများဆုံး နည်းလမ်းမှာ ၅ နှစ် ၆ နှစ်ခန့် လုပ်ကိုင်ပြီး ငွေအများကြီး ရရှိသွားချိန်တွင် အမြှေးပါး အတု ပြန်လည် တပ်ဆင်ကာ ရိုးသားသူ တစ်ဦးနှင့် လက်ထပ်သွားကြခြင်းပင် ဖြစ်လေသည်။

အကယ်၍ ဝန်ဆောင်မှု မကောင်းသူများ ဆိုလျှင်တော့ အမြှေးပါး အတု မတပ်ဆင်ခြင်းကလည်း အလွန် ပုံမှန်ပင် ဖြစ်ပေသည်။

အချုပ်အားဖြင့် ဆိုရလျှင် ဤအလုပ်မှာ နုပျိုမှုကို အရင်းအနှီး ပြုရသော အလုပ်ဖြစ်ရာ ကျန်းချင်းကို သိကျွမ်းပြီး ကျန်းဟိုင်ကို သိရှိသူများမှာ ဤနေရာတွင် ရှိနေမည် မဟုတ်တော့ချေ။

'လိမ်မလိမ် စမ်းသပ်ကြည့်ရအောင်...'

ရွှီရှန်း၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး နောက်တစ်ခဏ၌ [တောခွေး နှာခေါင်း] ၏ စွမ်းအားက သူ၏ ကိုယ်ပေါ်သို့ သက်ရောက်သွားခဲ့လေသည်။

သူက နှာခေါင်းကို တစ်ချက် ရှုံ့လိုက်ရာ နေရာတွင် ရှိနေသော လူဆယ်ဂဏန်းခန့်၏ အနံ့များက သူ၏ နှာခေါင်းထဲသို့ ချက်ချင်း တိုးဝင်လာခဲ့ပေသည်။

အနံ့များထဲတွင် ရင်းနှီးသော အနံ့များ ပါဝင်သလို သူစိမ်းဆန်သော အနံ့များလည်း ပါဝင်ချေသည်။

ညှီစော်နံသော အနံ့များ ပါဝင်သလို ရေမွှေးနံ့များ သို့မဟုတ် ဆပ်ပြာနံ့များလည်း ပါဝင်လေသည်။

ရွှီရှန်းက မျက်မှောင်ကြုတ်လိုက်ပြီး လက်ဗလာဖြင့်သာ ပြန်လှည့်ရတော့မည်ဟု ထင်မှတ်လိုက်ချိန်မှာပင်။

"ဝှူး..."

လေပြေတစ်ချက် ဝှေ့ယမ်းလာပြီး ရွှီရှန်း၏ နှာခေါင်းထဲသို့ ဝင်ရောက်သွားခဲ့ပေသည်။

'ဒီအငွေ့အသက်က...'

ရွှီရှန်း၏ မျက်မှောင်များ တစ်ချက်မျှ တုန်ယင်သွားပြီး ရုတ်တရက် မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်လိုက်လေသည်။

ဤအနံ့ကို နစ်နာသူ၏ နေအိမ်တွင် သူ ရခဲ့ဖူးလေသည်။

'ဒါက ကျန်းဟိုင်ပဲ... သူ ဘယ်မှာလဲ...'

ထိုခဏ၌ ရွှီရှန်းက ချက်ချင်း ခေါင်းလှည့်လိုက်ပြီး အငွေ့အသက် ရရာဘက်သို့ လှမ်းကြည့်လိုက်လေသည်။

မျက်စိရှေ့တွင် အဘယ်အရာ ရှိနေသနည်း ဟု တွေးတောမိချေ။

ဘာမျှမရှိပေ။ ဟာလာဟင်းလင်း ဖြစ်နေသော အမှောင်ထုကြီးသာ ဖြစ်ပေသည်။

သို့သော်လည်း ရွှီရှန်း မြင်တွေ့လိုက်ရသည်မှာ ဝေဝါးနေသော အရာတစ်ခုက တဖြည်းဖြည်း လှုပ်ရှားနေပြီး လှုပ်ရှားမှု အတိုင်းအတာ အလွန် သေးငယ်ကာ သူ လှည့်ကြည့်လိုက်ပြီးနောက် စက္ကန့်ပိုင်း အနည်းငယ် အကြာမှာပင် ရပ်တန့်သွားခဲ့ခြင်း ဖြစ်လေသည်။

'ဒါက ပြတင်းပေါက် တစ်ပေါက်လား...'

ဟောင်းနွမ်းနေပြီး ကွဲအက်နေသည့် အရိပ်အယောင်များ ရှိနေသော ပြတင်းပေါက် တစ်ပေါက် ပင် ဖြစ်ပေသည်။

ရွှီရှန်းက မျက်လုံးများကို မှေးလိုက်ပြီး အလှမ်းမဝေးလှသော နေရာရှိ ထိုအထပ်မြင့် အဆောက်အအုံကို စိုက်ကြည့်နေလိုက်လေသည်။

ရွှီရှန်းက ဘာစကားမျှ မဆိုတော့ဘဲ လှည့်ကာ လီရှန်းကို ကြည့်ရင်း တစ်ဖက်လူအား လက်ဟန်ခြေဟန်ဖြင့် အချက်ပြလိုက်ပေသည်။

လီရှန်းမှာ ကြောင်အမ်းသွားပြီးနောက် စကားဆက်မပြောတော့ဘဲ ရဲတပ်ဖွဲ့ဝင် အချို့ကို ခေါ်ယူကာ ရွှီရှန်း၏ နောက်သို့ လိုက်ပါသွားခဲ့လေသည်။

လူတစ်စုက အမြင်အာရုံ ကွယ်နေသော နေရာများမှနေ၍ ပတ်သွားကြချေသည်။

"ရှူး... ရဲတွေ..."

လီရှန်းက ရဲအရာရှိ ကတ်ပြားကို ထုတ်ပြလိုက်ပြီး တည်းခိုခန်း ဧည့်ကြိုကောင်တာမှ ဝန်ထမ်းကို ပါးစပ်ပိတ်ထားစေလိုက်ပေသည်။

လူအချို့က ခြေဖွဖွလှမ်းကာ လှေကားပေါ်သို့ တက်သွားကြလေသည်။

ပစ်မှတ်ထားရာ အခန်းရှေ့သို့ ရောက်သည်အထိပင် ဖြစ်ချေသည်။

"ဒေါက်... ဒေါက်... ဒေါက်..."

ရွှီရှန်းက တံခါးချောင်းကြည့်ပေါက် ဘေးတွင် ကပ်လျက် တံခါးကို ခေါက်လိုက်လေသည်။

"ဘယ်သူလဲ..."

အိပ်မှုန်စုံမွှား အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး အသံမှာ အလွန် ကြည်လင်နေကာ ကြားရသည်မှာ အသက်အရွယ် သိပ်မကြီးသေးပုံ ရပေသည်။

"ကျွန်တော်တို့က တည်းခိုခန်း ပြုပြင်ရေး အလုပ်သမားတွေပါ... တည်းခိုခန်း လျှပ်စစ်ပတ်လမ်း ပြဿနာ တက်နေလို့ ပြဿနာကို လာစစ်ဆေးတာပါ..."

ရွှီရှန်းက တည်ငြိမ်စွာ နှုတ်ဟပြောဆိုလိုက်လေသည်။

"ကျေးဇူးပြုပြီး တံခါးလေး ဖွင့်ပေးပါဦး... ၂ မိနစ်လောက်ပဲ အချိန်ယူမှာပါ..."

"ကောင်းပြီလေ..."

တစ်ဖက်မှ အကြောင်းပြန်သံ ထွက်ပေါ်လာပြီးနောက် လမ်းလျှောက်သံများ ချက်ချင်း ထွက်ပေါ်လာခဲ့ချေသည်။

ရွှီရှန်းနှင့် အခြားသူများက အသက်ရှူအောင့်ထားလိုက်ကြပြီး သူက လက်ကို တံခါးလက်ကိုင်ပေါ် တင်ထားကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်ပေသည်။

၁ စက္ကန့်... ၂ စက္ကန့်... ၃ စက္ကန့်...

၁၀ စက္ကန့်ကျော် ကြာသည်အထိ တံခါးသော့ ဖွင့်သံ ထွက်မလာခဲ့ချေ။

ထိုခဏ၌ ရဲတပ်ဖွဲ့ဝင်များ ရုတ်တရက် လှုပ်ရှားသွားကြလေသည်။

"ဒိုင်း..."

တံခါးသော့ကို ခြေထောက်ဖြင့် ဆောင့်ကန်လိုက်ရာ အလူမီနီယမ် တံခါးမှာ ချက်ချင်းပင် ပွင့်ထွက်သွားခဲ့ပေသည်။

အခန်းတံခါး ပွင့်သွားချိန်တွင် အတွင်းဘက်ရှိ အခြေအနေကို အလွန် ရှင်းလင်းပြတ်သားစွာ မြင်တွေ့လိုက်ရချေသည်။

သို့သော်လည်း ဘာမျှမရှိပေ။

လီရှန်းက ပြတင်းပေါက် အနီးသို့ လျင်မြန်စွာ လျှောက်သွားလိုက်လေသည်။

ယခုအချိန်တွင် ပြတင်းပေါက်မှာ ပွင့်ဟနေပြီး အဖြူရောင် သုတ်ထားသော နံရံပေါ်တွင် ရှင်းလင်းပြတ်သားသည့် ခြေရာတစ်ခု ထင်ကျန်နေပေသည်။

"ခွေးကောင်... ဒီကောင် ထွက်ပြေးသွားပြီ..."

လီရှန်းက ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး သူ၏ မျက်နှာထားမှာ ဒယ်အိုးမည်းကြီး တစ်ခုကဲ့သို့ မည်းမှောင်သွားခဲ့လေသည်။

"ရှောင်ကျန်း... ရှောင်ကျောက်... ငါနဲ့ အပြင်ထွက်ပြီး လူလိုက်ဖမ်းမယ်..."

သူက အော်ဟစ်လိုက်ပြီးနောက် မျက်နှာပေါ်တွင် ဒေါသတကြီး အမူအရာများ ပြည့်နှက်နေလျက် ပါလာသူ အချို့ကို ခေါ်ဆောင်ကာ အပြင်ဘက်သို့ ပြေးထွက်သွားလေသည်။

သို့သော် နှမြောစရာ ကောင်းသည်မှာ သူတို့ တံခါးဝသို့ အရောက်တွင်ပင် လက်တစ်ဖက်က လီရှန်း၏ ပခုံးကို ဆုပ်ကိုင်ကာ ဘေးဘက်သို့ ဆွဲဖယ်လိုက်လေသည်။

"ရှူး..."

ရွှီရှန်းက လက်ကို နှုတ်ခမ်းရှေ့တွင် ကာထားပြီး တိတ်တိတ်နေရန် အချက်ပြလိုက်ပေသည်။

လီရှန်းမှာ ကြောင်အမ်းသွားခဲ့ချေသည်။

ရွှီရှန်းက မျက်လုံးများကို မှေးလိုက်ပြီး လက်ဆန့်ထုတ်ကာ အခန်းတွင်းသို့ လက်ညှိုးထိုးပြလိုက်လေသည်။

'အငွေ့အသက်တွေရဲ့ ဇာစ်မြစ်က ပြတင်းပေါက်ကနေတစ်ဆင့် အပြင်ဘက်ကို ရောက်မသွားဘူး... အခန်းထဲမှာပဲ ရှိနေတုန်းပဲ...'

"ရှူး…”

All Chapters