အခန်း (၇၇-၇၈)
Vol. 8 Ch. 77-78
အခန်း ၇၇ ဖမ်းဆီးခြင်း နှင့် အမှုပေါ်ပေါက်သွားခြင်း
လီရှန်းမှာ ကြောင်အမ်းသွားပြီးနောက် ချက်ချင်း သဘောပေါက်သွားကာ သတိပြန်ဝင်လာပြီး မျက်နှာထား လေးနက်တည်ကြည်သွားခဲ့လေသည်။
'ဒုတိယထပ်ကနေ ခုန်ချသွားရင် ဘယ်လိုလုပ် အသံမထွက်ဘဲ နေမှာလဲ...'
လူတစ်စုက ဘေးဘက်တွင် ပုန်းကွယ်လိုက်ကြပြီး တစ်ချိန်တည်းမှာပင် အလုပ်သင် ရဲတပ်ဖွဲ့ဝင် နှစ်ဦးကို လက်ဟန်ခြေဟန်ဖြင့် အချက်ပြလိုက်လေသည်။ လူနှစ်ဦးက နားလည်သွားပြီး ခြေလှမ်းများကို လျင်မြန်စွာဖြင့် သို့သော် ခြေသံမကျယ်စေဘဲ တံခါးဝမှနေ၍ လှေကားဆီသို့ လျှောက်သွားကြချေသည်။
"တောက်... တောက်... တောက်..."
ခြေသံများက အပြင်ဘက်သို့ လျင်မြန်စွာ ထွက်ခွာသွားပြီး လှေကားထစ်များပေါ်တွင် ပဲ့တင်ထပ်ကာ တဖြည်းဖြည်း တိုးဝင်သွားခဲ့လေသည်။ နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားခဲ့ပေသည်။
လှေကား တစ်လျှောက်တွင် ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ချေသည်။ လူအချို့က အသက်ရှူအောင့်ထားကြပြီး နံရံကို မှီကာ ရပ်နေကြလေသည်။ ယခုအချိန်၌ တစ်ယောက်၏ နှလုံးခုန်သံကို အခြားတစ်ယောက်က အလွန် ရှင်းလင်းပြတ်သားစွာ ကြားနေရသည်အထိ တိတ်ဆိတ်နေပေသည်။
ကြောက်မက်ဖွယ် ကောင်းလောက်အောင် တိတ်ဆိတ်နေချိန်မှာပင် ကလစ် ဟူသော အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ နေရာတွင် ရှိနေကြသော လူအချို့၏ နှလုံးသားထဲမှ အာရုံကြောများပါ ထိုအသံနှင့်အတူ လိုက်ပါ လှုပ်ရှားသွားခဲ့ချေသည်။
"တောက်... တောက်..."
ခြေသံများ ထွက်ပေါ်လာပြီး အသံလာရာ နေရာကို နားထောင်ကြည့်ရသလောက် တစ်ဖက်လူက အပြင်ဘက်သို့ လျင်မြန်စွာ လျှောက်လာနေကြောင်း သိသာလှပေသည်။
နောက်ဆုံးတွင်မူ တောက် ဟူသော ခြေသံက ရုတ်တရက် ရပ်တန့်သွားပြီး အမျိုးသား တစ်ဦး၏ အရိပ်က တံခါးပေါက် ဘောင်မှနေ၍ ထွက်ပေါ်လာခဲ့လေသည်။ တစ်ဖက်လူက အပြင်ဘက်ရှိ လူအချို့ကို မြင်လိုက်ရချိန်တွင် ချက်ချင်းပင် ကြောင်အမ်းသွားပြီး မျက်နှာတစ်ခုလုံး အလွန်အမင်း အံ့အားသင့်သွားသည့် အမူအရာများ ပြည့်နှက်သွားခဲ့ချေသည်။
"ကျန်းဟိုင် မဟုတ်လား..."
ရွှီရှန်းက တစ်ဖက်လူကို လက်တစ်ဖက်တည်းဖြင့် ဖမ်းဆုပ်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
"မင်း အဖမ်းခံလိုက်ရပြီ..."
နောက်တစ်ခဏတွင် နေရာ၌ ရှိနေကြသော လူအားလုံးက ချက်ချင်း လှုပ်ရှားလိုက်ကြပေသည်။ ကျန်းဟိုင်က ထွက်ပြေးချင်သော်လည်း မိမိ၏ ပခုံးကို ဖမ်းဆုပ်ထားသော ထိုလက်ကြီးမှာ သံညှပ်ကြီး တစ်ခုကဲ့သို့ ဖြစ်နေပြီး မည်သို့မျှ ရုန်းထွက်၍ မရနိုင်ကြောင်း တွေ့ရှိလိုက်ရလေသည်။
လက်ထိတ်ကို ကိုင်ဆောင်ကာ မိမိထံသို့ ချဉ်းကပ်လာသော လီရှန်းကို ကြည့်ရင်း သူ၏ မျက်လုံးများထဲတွင် ရူးသွပ်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့ချေသည်။ သူက နာကျင်မှုကို အောင့်အည်းကာ လက်ကို နောက်ကျောဘက်သို့ ဆန့်ထုတ်လိုက်ပေသည်။ အေးစက်သော အလင်းရောင် တစ်ချက် တောက်ပသွားခဲ့လေသည်။
"ဖြောင်း..."
ရွှီရှန်းက အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ ချက်ချင်းပင် ခြေထောက်ဖြင့် လှမ်းကန်လိုက်ချေသည်။ အရိုးခွာ ဓားတစ်လက်က မြေပြင်ပေါ်သို့ ကျလာကာ လူတိုင်း၏ မျက်စိရှေ့တွင် ထွက်ပေါ်လာခဲ့ပေသည်။
"ငရဲကို သွားလိုက်စမ်း..."
လီရှန်းက လုံးဝ တွေဝေမနေတော့ဘဲ မျက်နှာထား တင်းမာလျက် လက်သီးတစ်ချက်တည်းဖြင့် တစ်ဖက်လူကို ထိုးချလိုက်လေသည်။
ချက်ချင်းပင် ရဲတပ်ဖွဲ့ဝင် အချို့က အပေါ်မှ ဖိချကာ လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ကြပြီး တစ်ဦးက တစ်ဖက်လူ၏ ကိုယ်ပေါ်တွင် အခြား ဖုံးကွယ်ထားသော လက်နက်များ ရှိမရှိကို ရှာဖွေစစ်ဆေးနေပေသည်။ လီရှန်းက ကိုယ်ကို လှည့်ကာ ဒူးဖြင့် တစ်ဖက်လူ၏ ခေါင်းကို ဖိထားပြီး သူ၏ ခန္ဓာကိုယ် အလေးချိန်ကို အသုံးပြုကာ တစ်ဖက်လူကို ခေါင်းမော့၍ မရအောင် ပြုလုပ်ထားလေသည်။
တစ်ချိန်တည်းမှာပင် ချလပ် ဟူသော လက်ထိတ်ခတ်လိုက်သည့် ကြည်လင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာခဲ့ချေသည်။
ရွှီရှန်းက လက်ကို လွှတ်ပေးလိုက်ပေသည်။ သူက အခန်းတွင်းရှိ ပြတင်းပေါက်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်လေသည်။ ထိုနေရာတွင် မည်းနက်နေသော ခြေရာတစ်ခု ရှိနေပေသည်။ ဖွင့်ထားသော ပြတင်းပေါက်မှ အေးစက်သော လေပြေများ တိုက်ခတ် ဝင်ရောက်နေချေသည်။
'တွေးခေါ်မှုကို လမ်းကြောင်းပြောင်း လှည့်စားတာလား...'
လူတို့မှာ ဆက်စပ် တွေးတောတတ်သော အလေ့အထ ရှိကြလေသည်။ ထင်မှတ်ထားသည့်အတိုင်း ပုံမှန် လူတစ်ဦး အနေဖြင့် အလွန်အမင်း စိုးရိမ်ပူပန်နေရသော အခြေအနေမျိုးတွင် ဤမြင်ကွင်းကို မြင်လိုက်ရပါက တစ်ဖက်လူ ထွက်ပြေးသွားပြီဟု မှတ်ယူကာ အနောက်မှ လိုက်လံ ဖမ်းဆီးကြမည်သာ ဖြစ်ပေသည်။ အရှင်းလင်းဆုံး ဥပမာ တစ်ခု ပေးရမည်ဆိုလျှင် ဂိမ်းများထဲတွင် နေရာယူမှု အမှားဖြစ်အောင် လှည့်စားခြင်း မျိုးပင် ဖြစ်ချေ။
"ကျစ်... ဉာဏ်နည်းနည်းတော့ ရှိသားပဲ..."
ရွှီရှန်းက အကြည့်များကို ရုပ်သိမ်းလိုက်ပြီး အနောက်သို့ လှည့်ကာ သေချာစွာ ဖမ်းဆီးချုပ်နှောင် ခံထားရသော ကျန်းဟိုင်ကို ကြည့်ရှုလိုက်လေသည်။ သူက ပါးစပ်ကို ဟကာ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာစေလိုက်ပေသည်။
"ဒါပေမဲ့ ငါ့ဆီမှာတော့ အသုံးမဝင်ဘူး... ခေါ်သွားကြ..."
နောက်တစ်နေ့ အောက်တိုဘာလ ၇ ရက်နေ့သို့ ရောက်ရှိလာခဲ့လေသည်။ ဤအချိန်ကာလတွင် အလုပ်နားထားသော ဝန်ထမ်းများမှာလည်း အားလပ်ရက်များ ကုန်ဆုံးသွားပြီ ဖြစ်သဖြင့် အလုပ်ပြန်ဆင်းကြရပြီး အစားထိုး အနားယူရခြင်း၏ နာကျင်မှုကို ခံစားနေကြရပြီ ဖြစ်ပေသည်။
ကျောင်းသားများမှာလည်း စောစီးစွာ ကျောင်းပြန်ဖွင့်နေပြီ ဖြစ်သော အထက်တန်း တတိယနှစ် ကျောင်းသားများမှလွဲ၍ တဖြည်းဖြည်းချင်း ကျောင်းသို့ ပြန်လည် ရောက်ရှိလာကြပြီ ဖြစ်ချေသည်။ သေချာပေါက် စက်ရုံ အချို့မှ အလုပ်သမားများမှာမူ တစ်ခါမျှ အားလပ်ရက် မရရှိခဲ့ကြသဖြင့် အဘယ်အရာများ ဖြစ်ပျက်သွားခဲ့ကြောင်းကို လုံးဝ သိရှိလိုက်ကြမည် မဟုတ်ပေ။
"ဒီခွေးကောင် ဝန်ခံပြီလား..."
"တစ်ဝက်ပဲ ဝန်ခံသေးတယ်..."
"တစ်ဝက် ဟုတ်လား..."
"ဟုတ်တယ်... သူက အမှုဖြစ်စဉ်ရဲ့ အကြမ်းဖျင်း ပုံစံကိုတော့ ပြောပြတယ်... ဒါပေမဲ့ အသေးစိတ် အချက်အလက် တချို့ကိုတော့ ဖုံးကွယ်ထားသေးတယ်..."
မှုခင်းစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ စားသောက်ခန်းမ အတွင်း၌ ရွှီရှန်းက ဒေါသမီးလျှံများ တောက်လောင်နေသော လီရှန်းကို ကြည့်ရင်း မျက်ခုံးပင့်လိုက်လေသည်။
"ဘာသဘောလဲ..."
"အရင်က ငါတို့ ခန့်မှန်းခဲ့ကြတဲ့ လီရွှယ်ကို ၂ ကြိမ် အဓမ္မပြုကျင့်ခံခဲ့ရတယ် ဆိုတာကို မှတ်မိသေးလား..."
လီရှန်းက ဆေးလိပ်တစ်လိပ်ကို ဖွာရှိုက်လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် နှုတ်ဟလာလေသည်။
သူ၏ စိတ်ခံစားချက်မှာ လုံးဝ မကောင်းမွန်လှချေ။ ကျန်းဟိုင်မှာ ဓားမတိုး လှံမတိုးသော လူစားမျိုး ဖြစ်နေသဖြင့် သူ့ကို အနည်းငယ် စိတ်ရှုပ်ထွေးစေခဲ့ပေသည်။ သေချာပေါက် တစ်ဖက်လူက ပူးပေါင်းဆောင်ရွက်ခြင်း မရှိလျှင်လည်း အသုံးမဝင်ချေ။ မည်သို့ပင်ဖြစ်စေ သက်သေအထောက်အထားများက လုံလောက်နေပြီ ဖြစ်သော်လည်း အနည်းနှင့်အများ ဆိုသလို ပြဿနာ အနည်းငယ် ပေါ်လာနိုင်ပြီး ရွံရှာဖွယ် ကောင်းအောင် ပြုလုပ်ခြင်း ဟု ခေါ်ဆိုနိုင်လေသည်။
"ဟုတ်တယ်... အဓမ္မပြုကျင့်တဲ့ ခွေးကောင်ကို ရှာတွေ့သွားပြီလား..."
ရွှီရှန်းက မျက်ခုံးပင့်ကာ မေးမြန်းလိုက်လေ။
"ရှာတွေ့ပြီ..."
လီရှန်းက သက်ပြင်းတစ်ချက် ချလိုက်ပေသည်။
"ဟိုတယ်မှာ နှလုံးရောဂါနဲ့ ရုတ်တရက် သေဆုံးသွားတဲ့ သူပဲ... အဲဒီခွေးကောင်က ကျန်းချင်းရဲ့ ဖောက်သည်ဟောင်း တစ်ယောက်ပဲ... ကျန်းဟိုင်က ကျန်းချင်းရဲ့ ဖုန်းနံပါတ်ကို သုံးပြီး သူ့ကို ဆက်သွယ်ခဲ့တယ်... ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းတာလေးတွေ စမ်းကြည့်ချင်လို့ အဓမ္မပြုကျင့်တဲ့ ဇာတ်ကွက်လေး ဖန်တီးပြီး ကစားကြည့်ရအောင်လို့ ပြောခဲ့တာ..."
"အဲဒီခွေးကောင်က ယုံသွားတာလား..."
"ယုံသွားတာပေါ့... ပထမတစ်ကြိမ်တုန်းက ယုံသွားခဲ့တယ်... ဒုတိယအကြိမ်မှာတော့ တစ်ဝက်လောက် ရောက်မှ တစ်ခုခု မှားယွင်းနေတယ် ဆိုတာကို သူ သတိထားမိသွားတယ်... အဲဒီနောက် စကားပြောကြည့်ကြတော့ လီရွှယ်က သူမကိုယ်တိုင် အကွက်ဆင်ခံလိုက်ရတယ် ဆိုတာကို သိသွားပြီး စိတ်ပိုင်းဆိုင်ရာ ပြိုလဲသွားခဲ့တာပဲ..."
"အဲဒီလူကရော..."
"သူလား... သူက ဆက်ပြီး ကျူးလွန်ခဲ့တာပဲ..."
ရွှီရှန်းမှာ တိတ်ဆိတ်သွားခဲ့ပြီး မျက်စိရှေ့ရှိ ဆေးလိပ်ငွေ့များ ဝေဝဲနေသော လီရှန်းကို ကြည့်ရှုလိုက်လေသည်။
"တခြား အပေါင်းအပါတွေ ရှိသေးလား..."
"ရှိတယ်... ပထမတစ်ကြိမ် အဓမ္မပြုကျင့်တုန်းက ရုတ်တရက် သေဆုံးသွားတဲ့သူက နောက်ထပ် လူနှစ်ယောက်ကိုပါ အတူတူ ခေါ်သွားခဲ့သေးတယ်... အဲဒီလူတွေက ကျန်းဟိုင် ရှိနေမှန်း မသိခဲ့ကြဘူး... လတ်တလောမှာတော့ အဲဒီလူတွေကို ဖမ်းဆီးပြီးပြီ... ဟန်ဟိုင်မြို့က ရဲတပ်ဖွဲ့ဝင်တွေက သူတို့နဲ့ နွေးနွေးထွေးထွေး ဆွေးနွေး ဖလှယ်နေကြပြီ..."
လီရှန်းက သွားဖြီးကာ ပြုံးလိုက်ပြီး ဆေးလိပ်တိုကို ငြိမ်းသတ်လိုက်ပေသည်။
"ကျန်တဲ့ ထွက်ဆိုချက်တွေကတော့..."
"ဒီခွေးကောင်က အမှုဖွင့်လာမယ် ဆိုတာကို သိနေလို့ အဲဒီ ရုတ်တရက် သေဆုံးသွားတဲ့ ကောင်ကို ဓားစာခံ လုပ်ချင်နေခဲ့တာ... ကျန်းဟိုင်က ရုတ်တရက် သေဆုံးသွားတဲ့သူဟာ လီရွှယ်ကို အဓမ္မပြုကျင့်ခဲ့ဖူးတယ် ဆိုတဲ့ ပဋိပက္ခကို အသုံးပြုပြီး သူနဲ့ လီရွှယ် သေဆုံးမှု ကြားက ပဋိပက္ခကို ဖုံးကွယ်ချင်နေခဲ့တာ... အပြင်လူတွေ အမြင်မှာ လီရွှယ်က သည်းမခံနိုင်တော့လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပြီး အဲဒီနောက် ရုတ်တရက် သေဆုံးသွားသူက ကြောက်လန့်ပြီး အလောင်းကို ဖုံးကွယ်ထားတယ်လို့ ထင်မြင်သွားအောင် ဖန်တီးခဲ့တာ..."
"အရုပ်နဲ့ ရုတ်တရက် သေဆုံးသွားတဲ့သူသာ သူရဲ့အိမ်ကို ပြန်ရောက်သွားတာနဲ့ ကျန်းဟိုင်က ရုတ်တရက် သေဆုံးသွားတဲ့သူကို သေအောင် သတ်ဖို့ နည်းလမ်း ရှာတော့မှာပဲ... အဲဒီနောက်မှာတော့ သေသွားတဲ့သူက သက်သေ မခံနိုင်တော့ဘူးလေ..."
"ဒါပေမဲ့ ဒီခွေးကောင် တွက်မထားမိတဲ့ အချက်ကတော့ ဓားစာခံက ဟိုတယ်မှာတင် ကြိုပြီး ရုတ်တရက် သေဆုံးသွားခဲ့တာပဲ..."
လီရှန်းက သက်ပြင်းချလိုက်လေသည်။
လူ၏ တွက်ချက်မှုမှာ ကောင်းကင်ဘုံ၏ တွက်ချက်မှုလောက် မတိကျနိုင်ချေ။ ကျန်းဟိုင်က အစအဆုံး ထိုလူဝကြီးမှာ ကုတင်ပေါ်တွင် ရုတ်တရက် သေဆုံးသွားလိမ့်မည်ဟု လုံးဝ တွေးတောထားခဲ့ခြင်း မရှိပေ။
သူ ပို၍ပင် တွက်ဆမထားမိသော အချက်တစ်ခု ရှိနေသေးလေသည်။ ရုတ်တရက် သေဆုံးသွားသော ထိုညတွင် အစားအသောက် မှား၍ ဝမ်းပျက်နေသူ တစ်ဦးက အခန်းတွင်းရှိ အိမ်သာကို ပိတ်ဆို့သွားစေပြီးနောက် အပြင်ဘက်ရှိ အများသုံး အိမ်သာသို့ သွားခဲ့ကာ အပြန်တွင် အခန်းမှား ဝင်လာခဲ့ခြင်း ဖြစ်ချေသည်။ တိုက်ဆိုင်စွာပင် ထိုလူဝကြီးကလည်း တံခါးကို သော့ခတ်ထားခဲ့ခြင်း မရှိပေ။
ထိုအကြောင်းကို တွေးမိသောအခါ လီရှန်းမှာ အနည်းငယ် သက်ပြင်းချမိသွားလေသည်။
"တစ်ခါတလေကျရင်လည်း ငါ စဉ်းစားမိတယ်... ချောင်ဇီ... ဒီကောင်လေးက တကယ်ပဲ ကံဆိုးနေတာလား... ဒါမှမဟုတ် ကံကောင်းနေတာလား... သူ ကံကောင်းတယ်လို့ ပြောရအောင်လည်း မှုခင်းဖြစ်ပွားရာ နေရာတွေမှာချည်းပဲ အမြဲတမ်း ပေါ်လာနေတတ်တယ်..."
"သူ ကံဆိုးတယ်လို့ ပြောရအောင်လည်း နှစ်ပေါင်း ငါးထောင် လောက် အတွင်းမှာ တစ်ခါမှ မဖြစ်ဖူးသေးတဲ့ ဖြစ်နိုင်ခြေ မျိုးကို သူက သွားကြုံတွေ့လိုက်ရတာပဲ... ပြီးတော့ အဲဒီလောက် သေးငယ်တဲ့ ဖြစ်နိုင်ခြေလေး ကြောင့်သာ အမှုကို ဖော်ထုတ်နိုင်ခဲ့တာလေ..."
ရွှီရှန်းက လေးနက်စွာဖြင့် ခေါင်းညိတ် ထောက်ခံလိုက်ပေသည်။
အမှန်တကယ်ပင် ကျန်းဟိုင်၏ အစီအစဉ်အတိုင်းသာ ဆက်လက် ဖြစ်ပေါ်သွားမည် ဆိုပါက ထိုလူဝကြီး မတော်တဆ သေဆုံးသွားပြီးနောက် ရဲတပ်ဖွဲ့ ရှာဖွေတွေ့ရှိနိုင်မည့် အရာမှာ ကျောင်းနေဖက် သူငယ်ချင်းများ၏ ပါးစပ်မှတစ်ဆင့် နစ်နာသူက အဓမ္မပြုကျင့် ခံခဲ့ရဖူးကြောင်းကိုသာ သိရှိနိုင်မည် ဖြစ်ချေသည်။
ထို့အပြင် အဓမ္မပြုကျင့်သူမှာလည်း ကွက်တိပင် မတော်တဆ သေဆုံးသွားခဲ့သူ ဖြစ်နေလေသည်။ ပဋိပက္ခများ ရှိနေပြီး အပြန်အလှန် တိုက်ခိုက်မှုများလည်း ရှိနေကာ အစအဆုံး ကျန်းဟိုင် ဟူသော လူတစ်ဦး ရှိနေကြောင်းကို မည်သူကမျှ သိရှိမည် မဟုတ်ပေ။ အကယ်၍ အတွေ့အကြုံ မရှိသော သာမန် မှုခင်းရဲအရာရှိ တစ်ဦးသာ စုံစမ်းစစ်ဆေးမည် ဆိုပါက ပြီးစလွယ်ဖြင့် အမှုကို ပိတ်သိမ်းသွားရန် ရာခိုင်နှုန်း အလွန် များပြားလှလေသည်။
သက်သေအထောက်အထားများက အလွန် ပြည့်စုံလွန်းနေချေသည်။ တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို ရိပ်မိခဲ့မည် ဆိုလျှင်ပင် ကျန်းဟိုင်ကသာ ကင်မရာကို ကြိုတင်၍ သိမ်းဆည်းသွားခဲ့ပါက ရဲတပ်ဖွဲ့ အနေဖြင့် ဘာမျှ ရှာဖွေနိုင်မည် မဟုတ်တော့ပေ။ မည်သို့ပင်ဖြစ်စေ လီရွှယ်၏ ဘဝထဲတွင် သူမ ကိုယ်တိုင်မှလွဲ၍ ကျန်းဟိုင်၏ အရိပ်အယောင်ကို မည်သူကမျှ ရှာတွေ့နိုင်မည် မဟုတ်ပေ။
"ဒါကြောင့်... တပ်ခွဲမှူးလီ... ခင်ဗျား ကျွန်တော့်ကို ရှာတာ ဘာကိစ္စ ရှိလို့လဲ..."
ရွှီရှန်းက မျက်ခုံးပင့်လိုက်ပြီး လီရှန်းကို ကြည့်ကာ ပြုံး၍ နှုတ်ဟလာလေသည်။
"ဒီခွေးကောင်က မင်းကို တွေ့ချင်တယ်လို့ ပြောနေတယ်..."
လီရှန်းက အသံကို နှိမ့်ကာ ပြောဆိုလိုက်ပေသည်။
"ငါ့ရဲ့ ကနဦး ခန့်မှန်းချက် အရတော့ သူက မင်းဆီကနေ သူ့ရဲ့ ဂုဏ်သိက္ခာကို ပြန်ယူချင်နေပုံပဲ..."
'ဂုဏ်သိက္ခာ...'
ရွှီရှန်းက မျက်ခုံးပင့်လိုက်ပြီး ချက်ချင်း သဘောပေါက်သွားခဲ့လေသည်။
"ဒါလည်း ဟုတ်တာပဲ... ဒီခွေးကောင်က မွေးရာပါ အခြားသူနဲ့ ဖောက်ပြန်တာကို နှစ်သက်တဲ့ စိတ်ရောဂါ ရှိနေတာ မဟုတ်ဘူး... သူက ဂုဏ်သိက္ခာ ခြေမွှားခံလိုက်ရပြီးတဲ့နောက် စိတ်ပိုင်းဆိုင်ရာ ပုံပျက်သွားပြီး ဖျက်ဆီးလိုစိတ် တစ်မျိုး ဖြစ်ပေါ်လာခဲ့တာ... အဲဒီနောက် အဲဒီ ဖျက်ဆီးလိုစိတ်ကို တခြားသူတွေ အပေါ်မှာ အသုံးချခဲ့ပြီး ကိုယ့်မိခင် အပေါ်မှာပါ အသုံးချခဲ့တယ်... အဲဒီနောက်မှာမှ မိမိကိုယ်ကို နှိပ်စက်ခြင်းကနေ ရရှိလာတဲ့ သာယာမှု မျိုး ဖြစ်ပေါ်လာခဲ့တာပဲ..."
"ကျွန်တော့်ကို ရှာရတဲ့ အကြောင်းရင်းကတော့... အရင်တုန်းက ကျွန်တော့်ရဲ့ အကြည့်တွေ ကြောင့်လား... ဒါမှမဟုတ် စကားတွေ ကြောင့်လား..."
ရွှီရှန်းက ယခင်က တစ်ဖက်လူကို ဖမ်းဆီးခဲ့စဉ်က မြင်ကွင်းကို ပြန်လည် တွေးတောမိလိုက်ပေသည်။
'သူ ဘာလုပ်ခဲ့တာလဲ... ဘာမျှ မလုပ်ခဲ့ဘူး... မှန်တယ်... ဘာမျှ မလုပ်ခဲ့တာပဲ...'
'မြေပြင်ပေါ်မှာ လီရှန်း ဖိချုပ်ထားတာကို ခံထားရတဲ့ ကျန်းဟိုင်ကို တစ်ချက် ကြည့်လိုက်ပြီး အခန်းတွင်းက ပတ်ဝန်းကျင်ကို ကြည့်ကာ ကလေးကစားစရာ ကဲ့သို့ တွေးခေါ်မှုကို လမ်းကြောင်းပြောင်းတဲ့ ထောင်ချောက်ကိုလည်း ကြည့်ရှုခဲ့တယ်...'
'အင်း... အနှစ်ချုပ်အားဖြင့် ကြည့်မယ်ဆိုရင် အစအဆုံး ကျန်းဟိုင်ကို လျစ်လျူရှုထားခဲ့ပြီး သူ့ကို ရာဇဝတ်ကောင် တစ်ဦးအဖြစ် လုံးဝ သဘောမထားခဲ့တာပဲ...'
"ကျစ်... ဖန်ခွက်လို လွယ်လွယ်နဲ့ ကွဲတတ်တဲ့ နှလုံးသား ရှိနေတာတောင် ငါ့ကို လာရှာရဲသေးတယ်ပေါ့..."
ရွှီရှန်းက မျက်ခုံးပင့်လိုက်လေသည်။
"သွားမယ်... ကျွန်တော့်ကို ခေါ်သွားပြစမ်းပါ…”
အခန်း ၇၈ ဓားသွားကဲ့သို့ ထက်မြက်လှသော စကားလုံးများ
"မင်းကောင်လေး... နည်းနည်းတော့ ထိန်းလုပ်ဦးနော်... ငါတို့ အဲဒီမှာ သက်သေအထောက်အထား အကုန်လုံး ကောက်ယူလို့ မပြီးသေးဘူး... မင်း တကယ်ကို ထိန်းလုပ်မှ ရမယ်..."
လီရှန်းက သွားကိုက်နေသည့်အလား မျက်နှာရှုံ့မဲ့လျက် ပြောလိုက်သော်လည်း မတ်တတ်ရပ်ကာ လမ်းပြရန်မူ မမေ့လျော့ခဲ့ချေ။
"...."
အမှန်အတိုင်း ပြောရလျှင် ကျန်းဟိုင်က ရွှီရှန်းကို တွေ့ချင်သည်ဟု ပြောလာချိန်တွင် လီရှန်းမှာ ကြောင်အမ်းသွားခဲ့လေသည်။
တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို သူ မရိပ်မိလျှင် တော်သေးသော်လည်း ယခုမူ တစ်ဖက်လူက မကျေမချမ်း ဖြစ်နေပြီး သူ၏ ရင်ထဲမှ ဒေါသများ အခြားသူနှင့် ဖောက်ပြန်ခံရသည့်အတွက် ဖြစ်ပေါ်လာသော ဒေါသများနှင့် တစ်သက်လုံး ဖိသိပ်ထားခဲ့ရသော အဆိုးမြင် စိတ်ခံစားချက်များကို ရွှီရှန်းအပေါ် ပုံချကာ ဖွင့်ထုတ်ချင်နေကြောင်း အလွန် သိသာလွန်းလှပေသည်။
လီရှန်းက ရွှီရှန်း တစ်ခုခု ဖြစ်သွားမည်ကို မစိုးရိမ်ချေ။
သူ စိုးရိမ်နေသည်မှာ ကျန်းဟိုင် တစ်ခုခု ဖြစ်သွားမည်ကိုသာ ဖြစ်လေသည်။
'ဘယ်လိုတောင် အမူးလွန်ပြီး ပြောရဲဆိုရဲ ဖြစ်နေတာလဲ... တခြားလူ တစ်ယောက်ယောက်ကို ရွေးချယ်မယ်ဆိုရင်တောင် ပိုပြီး ကောင်းမွန်နိုင်သေးတယ်...'
"စိတ်ချပါ... ငါ့ပါးစပ်ကို ငါ ထိန်းနိုင်ပါတယ်..."
ရွှီရှန်းက လီရှန်းကို ပြုံးပြလိုက်ပြီးနောက် စားသောက်ခန်းမထဲမှ ယူလာခဲ့သော ခေါက်ဆွဲခြောက်ကို လက်တစ်ဖက်မှ ကိုင်ကာ စားရင်းဖြင့် စစ်ကြောရေးခန်းထဲသို့ ဝင်ရောက်သွားခဲ့လေသည်။
စစ်ကြောရေးခန်းထဲတွင် လူ ၃ ဦး ရှိနေပေသည်။
ရဲတပ်ဖွဲ့ဝင် ၂ ဦးနှင့် ကျန်းဟိုင်တို့ ဖြစ်လေသည်။
ဤအချိန်တွင် ကျန်းဟိုင်၏ မျက်နှာပေါ်၌ ထိုမျက်မှန်ကို တပ်ဆင်ထားဆဲ ဖြစ်ပြီး သူ၏ လက်နှစ်ဖက်ကို လက်ထိတ် ခတ်ထားကာ ကိုယ်ပေါ်တွင်မူ အရောင်အသွေး ကင်းမဲ့သော အချုပ်သား ဝတ်စုံကို ဝတ်ဆင်ထားချေသည်။
တစ်ဖက်လူ၏ မျက်လုံးများထဲတွင် အဆိပ်ပြင်းပြင်း အရိပ်အယောင်များ ကိန်းအောင်းနေပြီး အခန်းထဲသို့ ဝင်ရောက်လာသော ရွှီရှန်းကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပေသည်။
"မင်းက ငါ့ကို တွေ့ချင်နေတာလား... မင်းလို အမှိုက်ကောင်က အခြားသူနဲ့ ဖောက်ပြန်တာကို နှစ်သက်တဲ့ စိတ်ရောဂါသည်ကြီး ဖြစ်နေရက်နဲ့... ငါ့ကို တွေ့ပြီး ဘာလုပ်ချင်လို့လဲ..."
စကားပြောနေရင်း ရွှီရှန်းက ခေါက်ဆွဲခြောက် တစ်ငုံကို စုပ်ယူ စားသောက်လိုက်လေသည်။
အမှန်အတိုင်း ပြောရလျှင် ထမင်းစားနေစဉ် အခြားသူနှင့် စကားပြောဆိုခြင်းမှာ လုံးဝ ယဉ်ကျေးမှု မရှိသော လုပ်ရပ်ပင် ဖြစ်ချေသည်။ သို့သော်လည်း သင်က တစ်ဖက်လူကို လူတစ်ယောက်အဖြစ် သဘောမထားဘူး ဆိုလျှင်တော့ ဤအရာက အလွန် ယဉ်ကျေးသော လုပ်ရပ် ဖြစ်သွားပြီသာ ဖြစ်လေသည်။
ထိုအကြောင်းကို တွေးမိပြီး ရွှီရှန်းက ခေါက်ဆွဲခြောက်ကို နောက်ထပ် တစ်ငုံ ထပ်စားလိုက်ပေသည်။
ကျန်းဟိုင်က သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေခဲ့ပြီး အချိန်အတော်ကြာမှ ရုတ်တရက် စကားဆိုလာလေသည်။
"ရဲအရာရှိကြီး... ကျွန်တော် ပုံပြင်တစ်ပုဒ် ပြောပြမယ်... လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက ဟန်ဟိုင်မြို့မှာ..."
"ရပ်... ရပ်... ရပ်လိုက်စမ်းပါ..."
ရွှီရှန်းက ရုတ်တရက် ဝင်ရောက် တားမြစ်လိုက်လေသည်။
သူက ကျန်းဟိုင်၏ မျက်စိရှေ့မှနေ၍ အပြင်ဘက်သို့ ထွက်သွားခဲ့ပြီး အချိန်ခဏအကြာတွင် ရှာလကာရည် အနည်းငယ် ပါသော ဖန်ပုလင်း တစ်လုံးကို ယူဆောင်၍ ပြန်ဝင်လာခဲ့ချေသည်။
ရှာလကာရည်ကို ခေါက်ဆွဲခြောက်ပေါ်သို့ လောင်းချလိုက်ပြီးနောက် တူဖြင့် အားပါးတရ မွှေနှောက်ကာ မိမိ၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်ပေသည်။
"ကောင်းပြီ... မင်း ပြောလို့ ရပြီ..."
ရွှီရှန်းက သတိပေးလိုက်လေသည်။
ကျန်းဟိုင်၏ မျက်လုံးများထဲရှိ ဒေါသစိတ်များက ပိုမို ပြင်းထန်လာခဲ့ချေသည်။ သူက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပေသည်။
"လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက..."
'လွန်ခဲ့တဲ့ နှစ် ၂၀ က အခြေအနေက ဘယ်လို ရှိမလဲ... ၁၉၇၀ ပြည့်လွန်နှစ်တွေထက်တော့ ပိုပြီး ကောင်းမွန်မှာ သေချာပေမဲ့ မြို့ပြကိုသာ ဆိုလိုမယ်ဆိုရင် ကွာခြားချက် သိပ်မရှိလှဘူး... ၁၉၉၀ ပြည့်လွန်နှစ်တွေနဲ့ ၂၀၀၀ ပြည့်လွန်နှစ်တွေ ကြားမှာလည်း ကွာခြားချက် သိပ်မရှိလှဘူး...'
သို့သော်လည်း တစ်ဖက်လူ၏ ပါးစပ်မှ ထွက်ပေါ်လာချိန်တွင်မူ ခြားနားသွားခဲ့လေသည်။
အလွန် သနားစရာ ကောင်းပြီး အဖြစ်ဆိုးလှသော လူတစ်ဦး၏ အကြောင်းကို ဖြည်းညင်းစွာ ပြောပြလာခဲ့ချေသည်။
အချိန်အတော်ကြာပြီးနောက် အသံက တိတ်ဆိတ်သွားခဲ့ပေသည်။
ကျန်းဟိုင်က ရွှီရှန်းကို ကြည့်နေပြီး ယခင်က ဖြစ်ရပ်များကို ပြောပြပြီးနောက် မည်သည့်စကားကိုမျှ ဆက်မပြောတော့ချေ။
"နားထောင်လို့ ပြီးသွားပြီ... ဒီ သတ္တိကြောင်တဲ့ ကောင်ရဲ့ ပုံပြင်က မဆိုးပါဘူး..."
အချိန်အတော်ကြာမှ ရွှီရှန်းက ခေါက်ဆွဲ စားလို့ ပြီးသွားခဲ့ပြီး ပါးစပ်ကို သုတ်ကာ မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာလျက် စကားဆိုလိုက်လေသည်။
'သတ္တိကြောင်သူ...'
"...."
ကျန်းဟိုင်မှာ ကြောင်အမ်းသွားခဲ့လေသည်။ သူ တစ်ယောက်တည်း သာမက လီရှန်းပါ ကြောင်အမ်းသွားခဲ့ချေသည်။
နောက်တစ်ခဏတွင် လီရှန်း တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားခဲ့လေသည်။
'ဒုက္ခပဲ... အကြီးအကျယ် ပေါက်ကွဲတော့မယ် ထင်တယ်...'
"ငါက သတ္တိကြောင်တဲ့ကောင် မဟုတ်ဘူး..."
ကျန်းဟိုင်၏ မျက်လုံးများက နီရဲနေပြီး သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ အလွန်အမင်း အားယူထားပုံ ရပေသည်။
"မဟုတ်ဘူး... မင်းက သတ္တိကြောင်တဲ့ကောင်ပဲ..."
ရွှီရှန်းက ခေါင်းခါယမ်းလိုက်ပြီး လေသံမှာ အလွန် ဖော်ရွေနေကာ မျက်နှာပေါ်တွင်လည်း နွေးထွေးသော အပြုံးတစ်ခု ရှိနေချေသည်။
"ငါ မဟုတ်ဘူး..."
ကျန်းဟိုင်၏ အသံက အနည်းငယ် ကျယ်လောင်သွားပြီး လက်ထိတ် ခတ်ထားသော လက်နှစ်ဖက်ဖြင့် စားပွဲကို ထုရိုက်လိုက်လေသည်။
"မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး... မင်းက ဟုတ်တယ်..."
ရွှီရှန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေဆဲပင် ဖြစ်ပေသည်။
"ငါ မဟုတ်ဘူး... ငါက အတင်းအကျပ် ဖိအားပေး ခံခဲ့ရတာ... ငါ့ကို အတင်းအကျပ် လုပ်ခိုင်းခဲ့တာ..."
သွေးကြောများ ထောင်ထလာပြီး စားပွဲကို အားကုန် သုံး၍ ထုရိုက်ကာ သွေးကြောများ ပြည့်နှက်နေသော အနီရောင် မျက်လုံးများဖြင့် ဖြစ်နေသည့် တစ်ဖက်လူကို ကြည့်ရှုလိုက်ချေသည်။
ရွှီရှန်း၏ မျက်နှာပေါ်တွင် လှောင်ပြောင်သရော်သည့် အမူအရာ တစ်ခု ထွက်ပေါ်လာခဲ့လေသည်။
"မဟုတ်ဘူးလား... ဒါဆိုရင် မင်း ဘာကြောင့် အဝတ်ဘီရိုထဲမှာ ပုန်းနေခဲ့ရတာလဲ ဆိုတာ ငါ့ကို ပြောပြစမ်းပါ... ကိုယ့်အမေက တခြားသူနဲ့ အိပ်ရာပေါ်မှာ အတူနေတာကို ကြည့်ရတာ မင်း အရမ်း သာယာနေလို့လား..."
"မသာယာဘူးလား... မသာယာရင် အပြင်ထွက်ပြီး သွားတားလေ... သတ္တိကြောင်တဲ့ အမှိုက်ကောင်... အဝတ်ဘီရိုထဲမှာ ပုန်းပြီး ခိုးကြည့်ရုံပဲ တတ်နိုင်တဲ့... အရည်အချင်း မရှိဘဲ ဒေါသပဲ ထွက်နေတတ်တဲ့ အမှိုက်ကောင်..."
ရွှီရှန်းက အနည်းငယ်မျှ မျက်နှာသာ မပေးတော့ဘဲ ကျန်းဟိုင်ကို မျက်ထောင့်ကွေးဖြင့် ကြည့်နေသော မျက်လုံးများထဲတွင် ရွံရှာမှုများ ပြည့်နှက်နေပေသည်။
"မင်း တစ်ကြိမ် သွားတားမယ်... နှစ်ကြိမ် သွားတားမယ်... ၃ ကြိမ် ၄ ကြိမ်လောက် သွားတားလိုက်ရင်... ကျန်းချင်းက အိမ်ကို လူခေါ်လာရဲသေးလား ဆိုတာ ငါ့ကို ပြောပြစမ်းပါ... မင်းက သတ္တိကြောင်တဲ့ကောင်ပဲ... ကိုယ့်အမေ တခြားလူနဲ့ အတူအိပ်နေတာကိုတောင် မတားရဲတဲ့ ငကြောက်ကောင်ပဲ... ပြီးတော့ ကိုယ့်ကိုယ်ကိုယ် စိတ်သက်သာရာ ရအောင်လို့ ကိုယ့်စိတ်ကို ပြန်လှည့်စားပြီး... အခြားသူနဲ့ ဖောက်ပြန်တာကို နှစ်သက်တဲ့ စိတ်ရောဂါသည် အဖြစ် ကိုယ့်ကိုယ်ကိုယ် ခံယူလိုက်တယ်ပေါ့... အဲဒါကိုများ အရသာတွေ့နေတဲ့ အရူးကောင်..."
သူ၏ စကားများက ဓားတစ်လက်ကဲ့သို့ အလွန် ထက်မြက်လှပေသည်။
တစ်ဖက်လူ ရင်ဆိုင်ရန် ကြောက်ရွံ့နေသော အမှန်တရားကို အတိအကျ ပစ်မှတ်ထား ထိုးစိုက်လိုက်ခြင်းပင် ဖြစ်ချေသည်။ အမှန်တကယ်ပင် သူက တစ်ကြိမ် နှစ်ကြိမ်မျှ နှောင့်ယှက်လိုက်မည် ဆိုပါက ကျန်းချင်းက သူ့ကို သေအောင် ရိုက်သတ်မည် မဟုတ်ပေ။ အလွန်ဆုံး သူမက သူ့ကို စွန့်ပစ်လိုက်ရုံ သက်သက်သာ ရှိမည် ဖြစ်ချေသည်။
"အဲဒီတော့ မင်းက ငှက်ကုလားအုတ် တစ်ကောင်လို နေဖို့ ရွေးချယ်လိုက်တယ်... ခေါင်းကို သဲထဲ ဝှက်ထားပြီး ကိုယ့်စိတ်ကို ကိုယ်ပြန်လှည့်စားကာ အရမ်း သက်တောင့်သက်သာ ရှိနေတယ်လို့ ထင်မှတ်သွားအောင် လုပ်လိုက်တာပဲ... လီရွှယ်နဲ့ ချစ်သူ ဖြစ်တယ်ပေါ့... မင်းက လူလွှတ်ပြီး သူမကို အဓမ္မပြုကျင့်ခိုင်းတယ်... ဘာကြောင့်လဲ ဆိုတာ ငါ ခန့်မှန်းကြည့်မယ်... မင်းက ကိုယ့်ကိုယ်ကိုယ် အစိမ်းရောင် ဦးထုပ် မဆောင်းပေးဘူး ဆိုရင် လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက ကိုယ့်ကိုယ်ကိုယ် လှည့်စားထားတာတွေ အားလုံးကို ငြင်းဆန်လိုက်သလို ဖြစ်သွားမှာစိုးလို့ မဟုတ်လား... မင်းက စိတ်ပိုင်းဆိုင်ရာ ပုံပျက်နေသူ မဟုတ်ဘဲ အစအဆုံး ပြန်လည် မခုခံရဲတဲ့ သတ္တိကြောင်တဲ့ကောင် ဆိုတာကို အတည်ပြုလိုက်သလို ဖြစ်သွားမှာကို ကြောက်လို့ မဟုတ်လား... ကျစ်... ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတဲ့ လူရွှင်တော်... လူသတ်ပြီးတော့လည်း မရင်ဆိုင်ရဲဘူး... အခု ငါ့ဆီကနေ ဂုဏ်သိက္ခာကို ပြန်ရှာချင်နေသေးတာလား..."
ကျန်းဟိုင်၏ မျက်နှာကို ကြည့်ရင်း ရွှီရှန်း၏ မျက်နှာပေါ်ရှိ အပြုံးက ပိုမို ပီပြင်လာခဲ့လေသည်။
"မင်းက ဘာအရည်အချင်း ရှိလို့လဲ... မင်း ခေါင်းပေါ်က အစိမ်းရောင် ဦးထုပ်ကို အားကိုးပြီးတော့လား..."
ဒေါသထွက်သွားခဲ့ပြီ ဖြစ်ပေသည်။
ကျန်းဟိုင်မှာ လုံးဝကို ဒေါသပေါက်ကွဲသွားခဲ့ပြီ ဖြစ်ချေသည်။ သူ၏ မျက်လုံးနှစ်လုံးက ရွှီရှန်းကို စူးစူးရဲရဲ စိုက်ကြည့်နေပြီး နဖူးပေါ်ရှိ သွေးကြောများကို အလွန် ရှင်းလင်းစွာ မြင်တွေ့နေရကာ မျက်နှာတစ်ခုလုံး ကြောက်မက်ဖွယ် ကောင်းနေပြီး သွေးတိုးလာသဖြင့် နီရဲနေလေသည်။ လက်နှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ထားသဖြင့် လက်သည်းများက အသားထဲသို့ စူးဝင်နေပေသည်။ သွားများကို တင်းတင်းကြိတ်ထားပြီး မည်သည့်စကားကိုမျှ ပြောမထွက်ဘဲ ကြည့်ရုံသာ ကြည့်နေနိုင်ချေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် ရွှီရှန်း၏ မျက်နှာပေါ်၌ လှောင်ပြောင်သရော်သည့် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
"လူရွှင်တော်... အခုချိန်အထိ ငါ့ကို တစ်ခွန်းတောင် မဆဲရဲဘူးပဲ... ကြည့်ရတာ အစိမ်းရောင် ဦးထုပ် ဆောင်းရတာ များသွားပြီ ထင်တယ်... ဒီလို အခြေအနေမျိုးနဲ့များ ကိုယ့်မသိစိတ်က ဖန်တီးထားတဲ့ လိမ်ညာမှုတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဆေးကြောချင်နေသေးတယ်... မသေခင်လေးမှာ ကိုယ့်မျက်နှာကို နည်းနည်းလေး ပြန်ဆယ်ချင်နေတာလား... ငါ အကြံပေးချင်တာကတော့ မင်း ဆပ်ကပ်အဖွဲ့ထဲ သွားလိုက်ပါ... အဲဒီမှာဆိုရင် မင်းက ဆပ်ကပ်အဖွဲ့ခေါင်းဆောင်ပဲ..."
ကျန်းဟိုင်မှာ သည်းမခံနိုင်တော့ပေ။ သူက ရွှီရှန်းကို ဒေါသတကြီး စိုက်ကြည့်နေဆဲ ဖြစ်သော်လည်း ထို နီရဲနေသော မျက်လုံးများမှနေ၍ မျက်ရည် တစ်စက် စီးကျလာခဲ့ချေသည်။
'ငိုနေတာလား...'
ဟုတ်ပေသည်။ လူတို့၏ စိတ်ခံစားချက်မှာ ဤသို့ပင် ဖြစ်လေသည်။ လိမ်လည်မှု ဖော်ထုတ်ခံလိုက်ရချိန်တွင် ပထမဆုံး အနေဖြင့် မျက်နှာရဲလာတတ်ပြီးနောက် ထိတ်လန့် ဝေဝါးလာတတ်ကြချေ။ အကယ်၍ စကားလုံးများ၏ ဓားသွားက ရင်ထဲသို့ စူးဝင်သွားမည် ဆိုပါက ငိုချလိုက်ခြင်းမှာ အလွန် ပုံမှန်ပင် ဖြစ်ပေသည်။
သို့သော်လည်း ရွှီရှန်းက စားပြီးသား ပန်းကန်ကို ယူ၍ ထွက်ခွာရန် ပြင်လိုက်သော်လည်း မျက်စိရှေ့တွင် သူ့ကို ဒေါသတကြီး စိုက်ကြည့်နေသော ကျန်းဟိုင်ကို ကြည့်ရင်း ရုတ်တရက် စကားဆိုလိုက်လေသည်။
"ငိုနေတာလား... မင်း ငယ်ငယ်တုန်းက အဝတ်ဘီရိုထဲမှာနေပြီး မင်းအမေ တခြားလူနဲ့ အတူအိပ်နေတာကို ကြည့်ရင်း ဒီလိုပဲ ငိုနေခဲ့တာ မဟုတ်လား..."
"...."
အပြင်ဘက်ရှိ လီရှန်းမှာ ကြောင်အမ်းသွားခဲ့လေသည်။
ထိုစကားကို ကြားလိုက်ရချိန်တွင် သူ၏ မျက်ထောင့်များ တစ်ချက်မျှ တုန်ယင်သွားခဲ့ပေသည်။
ရွှီရှန်း၏ စကားများက မဆုံးသေးချေ။
"အို... ဟုတ်သားပဲ... တကယ်တော့ ငါ မင်းကို မေးချင်နေတဲ့ စကားတစ်ခွန်း ရှိတယ်... မင်းအမေရဲ့ ဧည့်သည်တွေက အများကြီးပဲ ဆိုတော့... တစ်ယောက်ယောက်ကများ မင်းကို မြင်ပြီး စကားပြောတာမျိုး ရှိမှာပဲ မဟုတ်လား... အဲဒီတော့..."
ရွှီရှန်းက ခေတ္တမျှ ရပ်တန့်သွားပြီးနောက် မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
"သူတို့က မင်းကို အဖေ လို့ ခေါ်ခိုင်းဖူးလား... မင်း ခေါ်ခဲ့တယ် မဟုတ်လား..."
"...."
ရဲတပ်ဖွဲ့ဝင်များမှာ ကြောင်အမ်းသွားခဲ့ကြချေသည်။ လီရှန်းမှာလည်း အလွန်အမင်း အံ့အားသင့်သွားခဲ့ပေသည်။
ဤစကားတစ်ခွန်းမှာ ကုလားအုတ်ကို ဖိသတ်လိုက်သော နောက်ဆုံး ကောက်ရိုးတစ်မျှင် ကဲ့သို့ပင် ဖြစ်လေသည်။ မဟုတ်ပေ။ အကယ်၍ အခြား ကောက်ရိုးများ မရှိလျှင်ပင် ဤစကားတစ်ခွန်းတည်းဖြင့် သူ့ကို တိုက်ရိုက် ဖိသတ်ပစ်နိုင်စွမ်း ရှိချေသည်။ ကျန်းဟိုင်၏ နှုတ်ခမ်းများက ဖြူရော်နေပြီး သူ၏ အခြေအနေမှာ လုံးဝကို ပုံမှန် မဟုတ်တော့ပေ။
"ထွက်သွားစမ်း..."
ရွှီရှန်းက ရယ်မောလိုက်ပြီး အပြင်ဘက်တွင် တွေဝေငေးမောနေသော လီရှန်းကို ကြည့်ရင်း ထမင်းပန်းကန်ကို ကိုင်ဆောင်ကာ ဖြည်းညင်းစွာ လျှောက်သွားလိုက်လေသည်။
"ဟား... ကြည့်ရတာ မင်း ခေါ်ဖူးတာ နည်းမယ် မထင်ဘူး... မင်း အဖေ ဘယ်နှယောက်လောက် မှတ်ထားဖူးလဲ ရေတွက်ကြည့်ဖူးလား..."
"မင်း ထွက်သွားစမ်း..."
ကျန်းဟိုင်မှာ လုံးဝ ပြိုလဲသွားခဲ့ပြီ ဖြစ်ချေသည်။ သူက စားပွဲကို အားကုန် ထုရိုက်နေပြီးနောက် လက်နှစ်ဖက်ဖြင့် ခေါင်းကို ပိုက်ကာ စားပွဲပေါ်သို့ မှောက်ချလိုက်ပြီး အသံကုန် အော်ဟစ် ငိုကြွေးသံများ ထွက်ပေါ်လာခဲ့ပေသည်။
ထိုအချိန်တွင် တံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်သော ရွှီရှန်းက အနောက်သို့ လှည့်ကြည့်လိုက်ပြီး ခေါင်းခါယမ်းလိုက်လေသည်။
"ကျစ်... စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်က ဒီလောက်တောင် အမှိုက်ကျနေတာကို ငါ့ကို ဘာလုပ်ဖို့ ခေါ်လိုက်တာလဲ..."
စကားပြောပြီးနောက် သူက ခေါင်းမော့လိုက်ချေ။
"တပ်ခွဲမှူးလီ... ဘယ်လိုလဲ... လူသတ်သမားနဲ့ ကောင်းကောင်းမွန်မွန် ဆွေးနွေး ဖလှယ်နိုင်ခဲ့တယ် မဟုတ်လား... မဆိုးဘူး မဟုတ်လား..."
"...."
လီရှန်းမှာ ဆွံ့အသွားခဲ့လေသည်။
သူက ပြိုလဲသွားပြီ ဖြစ်သော ကျန်းဟိုင်ကို လှမ်းကြည့်လိုက်ပြီး သူ၏ တိတ်ဆိတ်မှုက နားကွဲမတတ် ဆူညံနေသကဲ့သို့ ခံစားလိုက်ရပေသည်။
"မင်းက ဒါကို... ကောင်းမွန်တဲ့ ဆွေးနွေး ဖလှယ်မှုလို့ ခေါ်တာလား..."
"ဆွေးနွေး ဖလှယ်ခဲ့လား မဖလှယ်ခဲ့ဘူးလား အဲဒါပဲ ပြောစမ်းပါ..."
"...."
လီရှန်းမှာ ဆွံ့အသွားခဲ့ပြန်ချေသည်။
ယနေ့ညအတွက် တိတ်ဆိတ်မှုကသာ အကောင်းဆုံး အဖော်မွန် ဖြစ်နေတော့ပေသည်။
"ဒါနဲ့... ချောင်ဇီရော... ချောင်ဇီ အခု ဘယ်မှာလဲ..."
"ချောင်ဇီကို အရင်ဆုံး လွှတ်ထားလိုက်ပါဦး..."
လီရှန်းက ခေါင်းခါယမ်းလိုက်ပြီးနောက် မျက်နှာပေါ်တွင် လေးနက်သော အမူအရာ တစ်ခု ထွက်ပေါ်လာခဲ့လေသည်။
"အထက်က အခု မင်းကို ဂုဏ်ပြုဆု တစ်ခု ချီးမြှင့်သင့်တယ်လို့ ထင်နေကြတယ်..."
'ဂုဏ်ပြုဆု...'
ရွှီရှန်းက မျက်ခုံးပင့်လိုက်ပြီးနောက် တည်ငြိမ်စွာပင် စဉ်းစားလိုက်ပေသည်။
'အို... ဟုတ်သားပဲ... ငါက ထောင်ကျဖို့ လာခဲ့တာ မဟုတ်ဘဲ ဂုဏ်ပြုဆု ရယူဖို့အတွက် ဟန်ဟိုင်မြို့ကို ဝင်ရောက်လာခဲ့တာပဲ...'
"ပထမအဆင့် ဂုဏ်ပြုဆုပဲ…”