အခန်း (၇၉-၈၀)
Vol. 8 Ch. 79-80
အခန်း ၇၉ လူလုခြင်း
ပထမအဆင့် ဂုဏ်ပြုဆုက လာတာလည်း မြန်ဆန်သလို ထွက်သွားတာလည်း မြန်ဆန်လှပေသည်။
အဘယ်ကြောင့် မြန်ဆန်သည်ဟု ဆိုရသနည်း ဆိုရသော် အောက်ပါအတိုင်းပင် ဖြစ်ချေသည်။ မြို့တော်မှ လာသောသူများက နှစ်ရက်တာ ကာကွယ်စောင့်ရှောက်ရေး ကာလကို ဖြတ်သန်းပြီးနောက် မူလက ဂုဏ်ပြုဆုပေးပွဲ အခမ်းအနား တစ်ခုကို ထပ်မံ ကျင်းပချင်ခဲ့ကြောင်းသာ ပြောနိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ ပထမအဆင့် ဂုဏ်ပြုဆု ရရှိသူတိုင်းက ဤကဲ့သို့ ခမ်းခမ်းနားနား ဆုချီးမြှင့်ခံရရန် ထိုက်တန်လှလေသည်။
အထူးသဖြင့် ဤကဲ့သို့ အသက်ရှင်နေသေးသူများအတွက် ပို၍ပင် ထိုက်တန်လှချေသည်။ အသက်ရှင်လျက် ရရှိသော ပထမအဆင့် ဂုဏ်ပြုဆုပင် ဖြစ်ပေသည်။
လျိုကျိုးပြည်နယ်မှ လူများ ရင်ထဲတွင် မည်သို့ပင် တွေးတောနေစေကာမူ စည်းကမ်းနှင့် ဥပဒေကို မချိုးဖောက်သော အခြေအနေမျိုးတွင် အပြင်ပန်းအားဖြင့် ဤကဲ့သို့သော လူမျိုးကို သေချာပေါက် ယဉ်ကျေးပျူငှာစွာ ဆက်ဆံရမည်သာ ဖြစ်လေသည်။
သို့သော်လည်း အခြေအနေက ပြောင်းလဲသွားခဲ့ချေသည်။ ကျန်ဆန်းမြို့နှင့် လင်ဟိုင်မြို့ နှစ်မြို့မှ ရဲတပ်ဖွဲ့ အကြီးအကဲများ အပြင် ဟန်ဟိုင်မြို့ အပါအဝင် ဤ ၃ မြို့မှ ရဲတပ်ဖွဲ့စနစ်က လုံးဝ လက်မခံတော့ချေ။
အတင်းအကျပ် တောင်းဆိုပြီး အကြိမ်ကြိမ် ညှိနှိုင်းကြပြီးနောက်မှသာ နောက်ဆုံးတွင် ဂုဏ်ပြုဆုပေးပွဲ အခမ်းအနား မလုပ်ရန် သဘောတူညီမှု ရရှိသွားခဲ့လေသည်။
အခြား ရွေးချယ်စရာ နည်းလမ်း မရှိတော့ချေ။ မြို့ ၃ မြို့မှ ရဲမှူးကြီး ၃ ဦး စုဝေးကာ အမှုအကြောင်းကို ဆွေးနွေးလိုက်ကြချိန်တွင် အခြေအနေက ရှင်းလင်းသွားခဲ့ပေသည်။ လူ ၃ ဦးစလုံး ချက်ချင်းပင် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားကြလေသည်။
"ဟင်... မင်းတို့ဆီက အဲဒီ ပြဿနာကိုလည်း သူပဲ ရဲကို ဖုန်းဆက်တိုင်ခဲ့တာပေါ့..."
"မင်းတို့ဆီမှာလည်း အဲဒီလိုပဲ ဆိုတဲ့ သဘောလား..."
"မင်းတို့ဆီမှာလည်း အဲဒီလိုပဲပေါ့..."
လူ ၃ ဦးစလုံး တိတ်ဆိတ်သွားကြပြီး တစ်ညလုံး ဆေးလိပ်သောက်ကာ စဉ်းစားခဲ့ကြသော်လည်း အဘယ်ကြောင့် ဤကဲ့သို့သော အခြေအနေမျိုး ပေါ်ပေါက်လာရသနည်း ဆိုသည်ကို စဉ်းစား၍ မရနိုင်ခဲ့ကြချေ။
ထို့နောက် ဟန်ဟိုင်မြို့မှ တာဝန်ရှိသူများက မြို့တော်မှ လာသူများအနေဖြင့် ရွှီရှန်းကို ဟန်ဟိုင်မြို့တွင် ဆက်လက် ထားရှိချင်နေသေးကြောင်း ကြားသိလိုက်ရလေသည်။
အမှန်အတိုင်း ပြောရလျှင် ဟန်ဟိုင်မြို့ ရဲတပ်ဖွဲ့ အကြီးအကဲ၏ ရင်ထဲတွင် ဆဲရေးတိုင်းထွာ ချင်စိတ်များ ပေါက်ဖွားနေခဲ့လေပြီ။
ထို့နောက် တစ်ဖက်လူတွင် မည်သို့သော အကြောင်းပြချက်များ ရှိနေစေကာမူ သူ၏ သဘောထားက အလွန် ပြတ်သားနေပြီး တိုက်ရိုက်ပင် ငြင်းပယ်ပစ်လိုက်လေသည်။ လတ်တလောတွင် တစ်ဖက်လူက လျိုကျိုးပြည်နယ် အတွင်း၌ ရှိနေသရွေ့ သူက ရွှီရှန်းကို လုံးဝ ဆက်လက် မထားရှိချင်တော့ပေ။
ထို့ကြောင့်ပင် ဖြစ်ချေသည်။
"အဲဒီတော့..."
"ဆုချီးမြှင့်တဲ့ အခမ်းအနားကို အချုပ်ခန်းထဲမှာ လုပ်ရမှာလား ဆိုတာ မေးချင်တယ်..."
အောက်တိုဘာလ ၈ ရက်နေ့သို့ ရောက်ရှိလာခဲ့လေသည်။ မှုခင်းစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ ရုံးခန်းအတွင်း၌ ရွှီရှန်းက မျက်စိရှေ့ရှိ ရဲတပ်ဖွဲ့ဝင်များကို ကြည့်နေပြီး သူ၏ မျက်လုံးများထဲတွင် ထက်မြက်သော အလင်းရောင် တစ်ချက် ဖြတ်ပြေးသွားကာ မျက်နှာပေါ်တွင် နက်ရှိုင်းစွာ စဉ်းစားနေသည့် အမူအရာတစ်ခု ထွက်ပေါ်လာခဲ့ပေသည်။
"ငါ ဘာမှ သိပ်မပြောချင်တော့ဘူး..."
လီရှန်း"...."
သူက ဘေးဘက်ရှိ မိမိ၏ အထက်လူကြီးနှင့် မိမိ၏ အထက်လူကြီးထက် ရာထူးမနိမ့်သော လူများကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ခေါင်းများ ထုံကျဉ်လာသည်ကို ခံစားလိုက်ရကာ ကမန်းကတန်းပင် အသံကို နှိမ့်၍ စကားဆိုလိုက်ချေသည်။
"ဘာကြောင့် ဒီလို ဖြစ်ရတာလဲ ဆိုတာကို မင်းကောင်လေး ရင်ထဲမှာ အသိဆုံး ဖြစ်သင့်တယ်..."
အမှန်အတိုင်း ပြောရလျှင် လီရှန်းမှာ ရဲလုပ်သက် အနှစ် ၂၀ အတွင်း ဤမျှ အဓိပ္ပာယ် မရှိသော အခြေအနေမျိုးကို တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ချေ။ သေချာစွာ တွက်ချက်ကြည့်မည် ဆိုပါက တစ်ဖက်လူက လွန်ခဲ့သော တစ်လခွဲခန့် အတွင်း အချိန် ထက်ဝက်ခန့်ကို အချုပ်ခန်းထဲတွင်သာ ကုန်ဆုံးခဲ့ရပုံ ရပေသည်။
ရောက်လေရာ နေရာတိုင်းတွင် လူသေမှုများချည်း ဖြစ်ပွားနေခဲ့လေသည်။
"ဒါက ငါ့ကို မလေးစားဘူးလို့ ခံစားရတယ်..."
"မဟုတ်ဘူး... ဒါက မင်းကို လေးစားတာပဲ..."
လူ ၂ ဦးက ဘေးဘက်တွင် အပြန်အလှန် စကားနိုင်လုနေကြပြီး တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိ အခြေအနေများကို အကဲခတ်နေကြချေသည်။
ဆုတံဆိပ် ချီးမြှင့်ခြင်းမှာ အလွန် ပြီးစလွယ် နိုင်လှပြီး တရုတ်ရိုးရာ အခမ်းအနား တစ်ခုမျှပင် မပါဝင်ဘဲ ပြီးဆုံးသွားခဲ့လေသည်။
သေချာပေါက် ဤနေရာတွင် ပြီးစလွယ် ဖြစ်နေခြင်းက အိမ်တွင်လည်း ပြီးစလွယ် ဖြစ်နေမည်ဟု ဆိုလိုခြင်း မဟုတ်ချေ။ ယေဘုယျအားဖြင့် ဆုတံဆိပ် ချီးမြှင့်ရာတွင် လုပ်ငန်းစဉ် ၂ ရပ် ရှိပေသည်။ ၎င်းတို့မှာ ဆုချီးမြှင့်ပွဲ အခမ်းအနားနှင့် ဂုဏ်ပြုဆိုင်းဘုတ် ချီးမြှင့်ခြင်းတို့ပင် ဖြစ်လေသည်။
ပထမတစ်ခုကို ပြောစရာ မလိုသော်လည်း ဒုတိယတစ်ခုမှာ ပြည်နယ်မှ လူများ လာရောက်ကာ ပထမအဆင့် ဂုဏ်ပြုဆု သို့မဟုတ် ဒုတိယအဆင့် စသည့် ဂုဏ်ပြုဆိုင်းဘုတ်များကို ထမ်းလာပြီး အနီရောင် ပန်းပွင့်ကြီးများကို ပန်ဆင်လျက် ဗုံတီးခရာမှုတ်ကာ အိမ်အထိ လမ်းတစ်လျှောက် ပို့ဆောင်ပေးခြင်း ဖြစ်ချေသည်။ ထို့နောက် သက်ဆိုင်ရာ မြို့နယ် သို့မဟုတ် ခရိုင်အတွင်း၌ မိမိ၏ အမည်ကို ကမ္ပည်းထိုး မှတ်တမ်းတင်ပေးဦးမည် ဖြစ်ပေသည်။
အကယ်၍ ကျေးလက်ဒေသတွင် ဆိုပါက အသက်အရွယ် ကြီးရင့်ပြီး ဂုဏ်သိက္ခာ ကြီးမားသော လူကြီးသူမများကို ဖိတ်ကြားကာ ညစာစားပွဲ တစ်ခု ကျင်းပပြီး အလွန် စည်ကားသိုက်မြိုက်စွာ ပြုလုပ်ပေးကြမည်သာ ဖြစ်လေသည်။ ဂုဏ်သိက္ခာရော မျက်နှာပန်းပါ အားလုံးကို အပြည့်အဝ ဖြည့်ဆည်းပေးလိုက်ခြင်းပင် ဖြစ်ချေသည်။
ခေတ္တအကြာတွင် ကျန်ဆန်းမြို့ ရဲတပ်ဖွဲ့မှ ရဲမှူးကြီးက ရွှီရှန်း၏ မျက်စိရှေ့သို့ ရုတ်တရက် ချဉ်းကပ်လာခဲ့လေသည်။
သူက မသိစိတ်အရ စကားပြောနေခြင်းကို ရပ်တန့်လိုက်ပြီး မျက်စိရှေ့ရှိ လူကို ကြည့်လိုက်ချေသည်။
တစ်ဖက်လူမှာ လေးထောင့်ကျကျ မျက်နှာပေါက် ရှိပြီး မျက်ခုံးထူကာ မျက်လုံးပြူးပြီး ခန္ဓာကိုယ်မှာ အနည်းငယ် ဝဖြိုးနေကာ သပ်ရပ်သော ဆံပင်တိုကို ထားရှိပြီး လှုပ်ရှားမှုတိုင်းတွင် မထင်မရှားသော ဂုဏ်သိက္ခာ တစ်ခုကို သယ်ဆောင်ထားပေသည်။
"ရှောင်ရွှီ မဟုတ်လား..."
"အင်း... လုပ်ဆောင်ချက် အရမ်း ကောင်းမွန်လှတယ်... ဒီတစ်ခါတော့ ကျန်ဆန်းမြို့ အတွက် မျက်နှာပန်း လှသွားစေခဲ့ပြီပဲ..."
"မထင်မှတ်ထားတာတွေ မဖြစ်လာဘူး ဆိုရင် အထက်ကနေ ကျန်ဆန်းမြို့ အတွက် အရင်းအမြစ် တစ်ချို့ ချထားပေးလိမ့်မယ် ထင်တယ်..."
ဆူးချန် က ရွှီရှန်းကို ပြုံးရွှင်စွာ ကြည့်ရင်း ကျန်ဆန်းမြို့ ၏ အရင်းအမြစ်များ မည်မျှ များပြားကြောင်းနှင့် အဆင့်အတန်း မည်မျှ ကြီးမားကြောင်းကို စတင်၍ နှုတ်ဟပြောဆိုလာလေသည်။ ထိုမျှမက သူက လက်တွေ့မဆန်သော မက်လုံးများကိုပင် စတင် ပေးလာခဲ့ချေသည်။
"မင်း ကြည့်ကြည့်စမ်း... ငါတို့ ကျန်ဆန်းမြို့ က အခုချိန်မှာ အဆင့် ၄ မြို့လေး တစ်မြို့ သက်သက်ပဲ ရှိသေးပေမဲ့ အဆင့် ၂ မြို့တော် ဖြစ်လာနိုင်တဲ့ အလားအလာတွေ ရှိနေတယ် ဆိုတာကိုတော့ ငြင်းဆန်လို့ မရဘူး..."
"မင်း စဉ်းစားကြည့်လေ... အခုချိန်မှာသာ ရဲတစ်ယောက် ဖြစ်လာခဲ့ရင် နောက် နှစ်အနည်းငယ်လောက် ကြာလို့ မြို့တော်က အဆင့်တက်သွားတဲ့ အချိန်ကျရင် အများကြီး အမြတ်ထွက်သွားပြီ မဟုတ်ဘူးလား..."
အမှန်တကယ်ပင် ယေဘုယျအားဖြင့် နောက်ကျကျန်နေသော ဒေသများတွင် အစိုးရ အလုပ်အကိုင် စာမေးပွဲ ဖြေဆိုရန် ပိုမို လွယ်ကူတတ်ချေသည်။ အဆင့် ၄ မြို့တော်နှင့် အဆင့် ၂ မြို့တော်များ၏ အစိုးရ အလုပ်အကိုင် စာမေးပွဲ အခက်အခဲမှာ သေချာပေါက် ကွာခြားမှု ရှိနေမည်သာ ဖြစ်ပေသည်။ သေချာပေါက် ဤနှစ်များအတွင်း၌သာ ကန့်သတ်ထားပြီး အချို့သော အစိုးရ အလုပ်အကိုင် စာမေးပွဲ ဖြေဆိုရန် နှစ်သက်သည့် ပြည်နယ်များ မဟုတ်မှသာ ဖြစ်လေသည်။
"တကယ်လည်း ဒီလိုပါပဲ... လက်ရှိ ရဲအရာရှိတွေ အနေနဲ့ နောက် ၁၀ နှစ်လောက် နေလို့ အဆင့် ၂ မြို့တော် ဖြစ်သွားပြီ ဆိုရင်တော့ အာဏာနဲ့ ခံစားခွင့်တွေက အခုချိန်နဲ့ ယှဉ်လို့ ရမှာ မဟုတ်တော့ဘူး..."
ရွှီရှန်းက အလွန် သဘောတူဟန်ဖြင့် စကားဆိုလိုက်လေသည်။
"အဲဒီတော့ မင်းမှာ..."
ဆူးချန် မှာ အလွန်အမင်း ဝမ်းသာသွားခဲ့ချေသည်။
"မရှိဘူး..."
သူ စကားပြော၍ပင် မဆုံးသေးမီ ရွှီရှန်းက ချက်ချင်း ဝင်ရောက် ဖြေဆိုလိုက်လေသည်။
"...."
"မဟုတ်သေးဘူးလေ... ငါ ပြောလို့တောင် မပြီးသေးဘူး..."
ဆူးချန် ၏ မျက်ထောင့်များ တစ်ချက်မျှ တုန်ယင်သွားပြီး သူက မျက်စိရှေ့ရှိ ဖြားယောင်း၍ မရသော အမျိုးသားကို ကြည့်ကာ သက်ပြင်းချလိုက်ပေသည်။
အခြား ရဲတပ်ဖွဲ့ဝင်များ ရာထူးတိုးချင်သည့် အကြောင်းရင်းမှာ အခြေခံအားဖြင့် လစာနှင့် ခံစားခွင့် ဟူသော အချက် ၂ ချက်ကြောင့်သာ ဖြစ်လေသည်။ သို့သော် မျက်စိရှေ့ရှိ ဤလူမှာမူ မိမိက ခံစားခွင့်များကို ပါးစပ်နား အရောက် ခွံ့ကျွေးနေသည်ကိုပင် လုံးဝ စိတ်ဝင်စားခြင်း မရှိချေ။
"အေး... အေး... အေး... လောင်ဆု မင်းကတော့ အရမ်းကို အချိန်ဆွဲလွန်းတယ်..."
"ရှောင်ရွှီ ငါ့ဆီ လာလည်ဖို့ စိတ်ဝင်စားလား... ငါ့ဆီမှာက ခံစားခွင့် အမြင့်ဆုံးတွေ ရှိတယ်... စိတ်ချ... မင်းရဲ့ ဆုကြေးငွေနဲ့ ခံစားခွင့်တွေကို ငါ အပြည့်အဝ ပေးမယ်... မင်း ငါ့ဆီ လာရင် တိုက်ရိုက် စီမံခန့်ခွဲရေး အဆင့်ကနေ စရမှာပဲ..."
ဟန်ဟိုင်မြို့ ရဲတပ်ဖွဲ့ ရဲမှူးကြီး ကျန်းဟောက် က ဆူးချန် ကို ဘေးသို့ တွန်းဖယ်လိုက်ပြီး ရွှီရှန်းကို အလွန် လိုချင်မက်မောသော မျက်လုံးများဖြင့် ကြည့်ရှုလိုက်လေသည်။
အမှန်အတိုင်း ပြောရလျှင် စီမံခန့်ခွဲရေး အဆင့်ရှိ မည်သည့် ရဲအရာရှိကမျှ ဤကဲ့သို့ အရည်အချင်းရှိသော အရိုင်းသက်သက် လူတစ်ဦးကို တွေ့လိုက်ရချိန်တွင် မဖမ်းယူဘဲ နေမည် မဟုတ်ချေ။ အကယ်၍ တစ်ဖက်လူသာ ဆူးချန် ၏ လက်အောက်သို့ ကြိုတင် ရောက်ရှိသွားခဲ့မည် ဆိုပါက သူတို့ အနေဖြင့် အလွန်ဆုံး မနာလို ဖြစ်ရုံမျှသာ ရှိမည် ဖြစ်လေသည်။
သို့သော် သူတို့က ဆူးချန် ၏ ပါးစပ်မှတစ်ဆင့် ဤကောင်လေးမှာ စာချုပ်စား အလုပ်သမား တစ်ဦးသာ ဖြစ်ကြောင်း စကားလှည့်၍ မေးမြန်းထားခဲ့ပြီး ဖြစ်ပေသည်။ ထိုခဏ၌ ရဲတပ်ဖွဲ့ အတွင်းရှိ အကြီးအကဲ အချို့မှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားခဲ့ကြလေသည်။
"မင်း ငါ့ဆီမှာ ၂ နှစ်လောက် လာပြီး အတွေ့အကြုံ ယူလိုက်... အမှားအယွင်း မရှိဘဲ လုပ်သက် ပြည့်သွားပြီ ဆိုတာနဲ့ မင်းက မြို့နယ် ရဲတပ်ဖွဲ့ရဲ့ တပ်ခွဲမှူးပဲ..."
ကျန်းဟောက် က ရွှီရှန်းကို မိန်းမပျိုလေး တစ်ဦးကို ကြည့်နေသည့်အလား လိုချင်မက်မောစွာဖြင့် ကြည့်ရှုနေချေသည်။
"ကျန်းဟောက်... မင်း အရှက်မရှိတော့ဘူးလား... ကျန်ဆန်းမြို့ က လူကိုတောင် လုရဲတယ်ပေါ့..."
ဆူးချန် က ကျန်းဟောက် ကို ကြည့်ရင်း တစ်ကိုယ်လုံး အလွန်အမင်း အံ့အားသင့်သွားခဲ့ပေသည်။
"ရှောင်ရွှီ က ကျန်ဆန်းမြို့ နဲ့ စာချုပ် ချုပ်ထားပြီးသားကွ..."
"နောက်ပြီး ဒီစာချုပ်က ပြည်နယ်ရဲတပ်ဖွဲ့ဆီကနေ ငါ ကိုယ်တိုင် တောင်းဆိုထားတာ... အဲဒီတုန်းက မင်းလည်း သဘောတူခဲ့သလို မင်းကိုယ်တိုင် ငါ့ကို ပေးခဲ့တဲ့ စာချုပ်လေ... အခုကျတော့ ရက်ပိုင်းလေး အတွင်းမှာပဲ မင်းက လူလာလုနေပြီလား ဆိုတာ ပြောစမ်းပါ..."
အထူးစာချုပ် ဆိုသည်မှာ စားဖိုမှူး အမှု မတိုင်မီက ရွှီရှန်း လက်မှတ်ရေးထိုးခဲ့သော အရာပင် ဖြစ်လေသည်။ စာချုပ် သက်တမ်းမှာ ၆ လ ဖြစ်ပြီး ထိုစဉ်က ရွှီရှန်း က ခွေးကိုယ်လူခေါင်း အမှုကို ဖော်ထုတ်နိုင်ခဲ့သဖြင့် ကျန်းဟောက် က အတော်လေး မဆိုးလှဟု ထင်မှတ်ကာ ပေးလိုက်ခြင်း ဖြစ်ချေသည်။
သို့သော် သူ လုံးဝ ထင်မှတ်မထားခဲ့သည်မှာ အမှုတစ်ခု ဖော်ထုတ်ပြီးသည်နှင့် ချက်ချင်းပင် ဤကောင်လေးက ပထမအဆင့် ဂုဏ်ပြုဆု တစ်ခုကို ထပ်မံ ရယူနိုင်ခဲ့ခြင်းပင် ဖြစ်ပေသည်။ ယခုအခါတွင်မူ သူ ငြိမ်ငြိမ် မထိုင်နိုင်တော့ချေ။
အထူးသဖြင့် ပထမအဆင့် ဂုဏ်ပြုဆု ရရှိပြီးနောက်တွင် အမှု ၂ ခုကို ဆက်တိုက် ဖော်ထုတ်နိုင်ခဲ့ပြီး အမှုတစ်ခုစီတိုင်း၏ အရေးပါမှု အတိုင်းအတာမှာလည်း လုံးဝ မနိမ့်ကျလှပေ။ ဤအရာက ဘာကို ဆိုလိုနေသနည်း ဆိုသည်မှာ ရှင်းလင်းလှလေသည်။ ဤအရာက တစ်ဖက်လူတွင် တည်ငြိမ်စွာ စွမ်းဆောင်နိုင်သည့် အရည်အချင်း ရှိနေကြောင်းကို ဖော်ပြနေခြင်းပင် ဖြစ်ချေသည်။
မှုခင်းရဲအရာရှိ ဆိုသည့် ဤအလုပ်မှာ စိတ်ပိုင်းဆိုင်ရာ အခြေအနေအပေါ် အလွန် မူတည်လှပေသည်။ အချို့သော အမှုများမှာ စိတ်ပိုင်းဆိုင်ရာ အခြေအနေ ကောင်းမွန်နေပါက ဖော်ထုတ်နိုင်ကောင်း ဖော်ထုတ်နိုင်မည် ဖြစ်သော်လည်း အချို့သော အမှုများမှာမူ ဦးနှောက် ထိုင်းမှိုင်းနေပါက ဖော်ထုတ်၍ ရနိုင်မည် မဟုတ်ချေ။ သို့သော် ရွှီရှန်း ကတော့ ကွာခြားလေသည်။ သူ၏ ထံတွင် စိတ်ပိုင်းဆိုင်ရာ အခြေအနေ မကောင်းမွန်သည့် ပုံစံမျိုး လုံးဝ မရှိခဲ့ပေ။
အရည်အချင်း အလွန် ကောင်းမွန်ပြီး ပထမအဆင့် ဂုဏ်ပြုဆု ကိုလည်း ရရှိထားကာ အချိန်တိုင်း စိတ်ပိုင်းဆိုင်ရာ အခြေအနေ အပြည့်အဝ ရှိနေသော လူငယ် မှုခင်းရဲအရာရှိ တစ်ဦး ဖြစ်သည့်အပြင် မှုခင်းဆရာဝန် အရည်အချင်းပါ ရှိနေသေးသည် မဟုတ်ပါလော။ မနာလို ဖြစ်သွားခဲ့လေပြီ။
ကျန်းဟောက် မှာ လွန်ခဲ့သော လဝက်ခန့်က အချိန်သို့ အချိန်ကာလ နောက်ပြန်သွားပြီး စာချုပ်ကို ခွင့်ပြုပေးခဲ့သော မိမိကိုယ်ကိုယ် ပါးနှစ်ချက်ခန့် ရိုက်ပစ်ချင်စိတ် ပေါက်သွားခဲ့ချေသည်။ ဤကဲ့သို့သော လူမျိုးက မိမိ၏ လက်ချောင်းများ ကြားမှ လွတ်ထွက်သွားခဲ့ပြီ ဖြစ်လေသည်။
"ဟက်... ဘာဖြစ်လဲ... အလွန်ဆုံး ၆ လလောက် စောင့်လိုက်ရုံပေါ့..."
ကျန်းဟောက် က ပြုံးရွှင်စွာ ပြောဆိုလိုက်ပြီးနောက် စကားသံကို ခေတ္တမျှ ရပ်တန့်လိုက်ကာ ဆူးချန် ၏ နောက်ကျောဘက်သို့ လက်ညှိုးထိုးပြလိုက်ပေသည်။
"ပြီးတော့ မင်း သူ့ကိုကျတော့ ဘာဖြစ်လို့ မပြောရတာလဲ..."
"...."
ဆူးချန်မှာ ကြောင်အမ်းသွားခဲ့ပြီးနောက် မသိစိတ်အရ အနောက်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။
"အေး... ရှောင်ရွှီ... ငါတို့ ဟန်ဟိုင်မြို့ က မင်းကို..."
အနောက်သို့ လှည့်ကြည့်လိုက်သည့် ထိုခဏ၌ သူ သတိမထားမိချိန်တွင် ဟန်ဟိုင်မြို့ ရဲမှူးကြီးက ရွှီရှန်း ၏ အနီးသို့ ချဉ်းကပ်သွားပြီး အပြုံးမျက်နှာဖြင့် တစ်ဖက်လူကို မြှူဆွယ်နေကြောင်း မြင်တွေ့လိုက်ရချေသည်။
ဆူးချန်"...."
'ငါ့လူကို လာလုနေတာလား...'
'ငါ မင်းတို့ကို...'
ဆူးချန် ၏ ရင်ထဲတွင် ဆဲရေးတိုင်းထွာချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့လေတော့သည်။
အခန်း ၈၁ ဝမ်ချောင်၏ အိမ်ပြန်ရောက်သွားသကဲ့သို့ ခံစားချက်နှင့် သရဲအိမ်ရှေ့ရှိ ရန်ပွဲ
နောက်ဆုံးတွင် ဆူးချန်က မျက်နှာပေါ်၌ အပြုံးတစ်ခု ထွက်ပေါ်လာပြီးနောက် လူနှစ်ဦးကို ဆွဲခေါ်သွားခဲ့လေသည်။
သူ၏ မိတ်ဆွေများ အနေဖြင့် နောက်တန်းသို့ ရောက်ရှိနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ရာ ကိုယ်ခံပညာ စွမ်းရည်များ ကျဆင်းသွားခြင်း ရှိမရှိကို သူက သိရှိလိုနေခြင်း ဖြစ်ပေသည်။
"စိတ်ချပါ... ဆူးချန်က လက်နက်ကိုင် ရဲတပ်ဖွဲ့ကနေ အငြိမ်းစားယူပြီးမှ ရဲစခန်းကို ပြောင်းလာခဲ့တာ..."
လီရှန်းက ရွှီရှန်း၏ ဘာပြောရမှန်းမသိ ဖြစ်သွားသော အကြည့်များကို ကြည့်ရင်း ပြုံး၍ ရှင်းပြလိုက်ခြင်း ဖြစ်လေသည်။
ရွှီရှန်းက သဘောပေါက် နားလည်သွားခဲ့ချေသည်။
'တစ်ယောက်တည်းနဲ့ နှစ်ယောက်ကို ယှဉ်ချတာလား...'
'အို... လက်နက်ကိုင် ရဲတပ်ဖွဲ့ကဆိုရင်တော့ ကိစ္စမရှိပါဘူး...'
လက်နက်ကိုင် ရဲတပ်ဖွဲ့ ဆိုသည်မှာ ရိုးရိုး ရဲတပ်ဖွဲ့ မဟုတ်ဘဲ စစ်တပ်နှင့် သက်ဆိုင်ပေသည်။ သေချာပေါက် ခံစားခွင့်များ အနေဖြင့် အခြားသော စစ်တပ်များထက် အနည်းငယ် လျော့နည်းနိုင်သော်လည်း သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုများကမူ လုံးဝ အားနည်းမည် မဟုတ်ချေ။
ဆူးချန်က လူငယ်ဘဝတွင် လေ့ကျင့်ခဲ့သော အခြေခံကောင်းများ ရှိထားသူဖြစ်ရာ ထိုအရာများကို ယခုအချိန်အထိ အပြည့်အဝ အသုံးမချရသေးကြောင်း ခန့်မှန်းရပေသည်။ အနည်းဆုံးတော့ လူနှစ်ဦးနှင့် လက်ဆွဲယှဉ်ပြိုင်ရန် လုံလောက်နေသေးသည်သာ ဖြစ်လေသည်။
သေချာပေါက် ထို လူကြီးသုံးဦးမှာ လုံးဝ ရန်ဖြစ်ကြမည် မဟုတ်ချေ။
"ဒါနဲ့... မင်း ဘယ်အချိန်လောက် သွားဖို့ စီစဉ်ထားလဲ..."
လီရှန်းက ရွှီရှန်း၏ ရင်ဘတ်ပေါ်ရှိ ဆုတံဆိပ်များကို တစ်ချက် ကြည့်လိုက်ပြီးနောက် မေးမြန်းလိုက်လေသည်။
တစ်ဖက်လူ၏ ရင်ဘတ်ပေါ်တွင် ဆုတံဆိပ် မည်မျှ ရှိနေသနည်း ဟု တွေးတောစရာ ဖြစ်ပေသည်။
ရွှေတံဆိပ်တစ်ခု... ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခုပင် ဖြစ်လေသည်။
စုစုပေါင်း ၃ ခု ဖြစ်ချေသည်။ ဟန်ဟိုင်မြို့၏ အမှုမှာ မပြီးဆုံးသေးဘဲ အမှုပိတ်သိမ်းပြီးသွားပါက တစ်သီးပုဂ္ဂလ တတိယအဆင့် အသိအမှတ်ပြု ချီးမြှင့်မှု တစ်ခုကိုပင် ရရှိနိုင်သေးပေသည်။
ဤသို့ဆိုလျှင် စုစုပေါင်း ၄ ခု ရှိသွားပြီ ဖြစ်လေသည်။
ဤအရာက ဘာကို ဆိုလိုနေသနည်း ဆိုသည်မှာ ရှင်းလင်းလှပေသည်။
ရွှီရှန်း အနေဖြင့် ရဲတပ်ဖွဲ့အတွင်းသို့ လုံးဝ ဝင်ရောက်သွားမည် ဆိုပါက နောင်တစ်ချိန်တွင် သူ၏ အရည်အချင်းများ ကျဆင်းသွားပြီး တစ်နေ့ကုန် ဘာမျှ မလုပ်ဘဲ နေမည်ဆိုလျှင်ပင် တစ်ဆင့်ပြီးတစ်ဆင့် ရာထူးတိုးရန် အာမခံချက် ရှိနေကြောင်းကို ဆိုလိုနေခြင်းပင် ဖြစ်ချေသည်။
တတိယအဆင့် အသိအမှတ်ပြု ချီးမြှင့်မှုကို အချောင်ခိုပြီး ရကောင်း ရနိုင်သော်လည်း ပထမအဆင့် အသိအမှတ်ပြု ချီးမြှင့်မှု အတွက်မူ ထိုသို့ မလွယ်ကူလှပေ။
တစ်စုံတစ်ယောက်က ပထမအဆင့် အသိအမှတ်ပြု ချီးမြှင့်မှုကို အချောင်ခိုကာ ရရှိသွားသည်ဟူသော အကြောင်းကို လီရှန်း အနေဖြင့် တစ်သက်လုံး တစ်ခါမျှ မကြားဖူးခဲ့ချေ။
"ဒီနေ့ပဲ သွားမယ်... ချောင်ဇီကို ဝင်ခေါ်ပြီး အတူတူ သွားကြတာပေါ့..."
ရွှီရှန်းက ပေါ့ပေါ့ပါးပါးဖြင့်ပင် စကားဆိုလိုက်လေသည်။
လီရှန်းက အကြည့်များကို ရုပ်သိမ်းလိုက်ပြီး ခေါင်းညိတ်ပြလိုက်ပေသည်။
"ကောင်းပြီလေ..."
"ချောင်ဇီ အခု ဘယ်မှာလဲ..."
"အချုပ်ခန်းမှာပေါ့... စားကောင်းသောက်ဖွယ်တွေနဲ့ ဧည့်ခံထားပါတယ်..."
"ဟေ့... မင်းတို့ မသိကြဘူး... အဲဒီတုန်းက ကျန်ဆန်းမြို့က အမှုကြီးကို စပြီး တွေ့တွေ့ချင်း အချိန်တုန်းက ဘယ်လို ပုံစံမျိုးလဲ ဆိုတာကို..."
"ဟေ... ဘယ်လို ပုံစံမျိုးလဲ..."
"ဖြူဖွေးနေတဲ့ အရိုးစုကြီးတွေကို အလွန် ရှင်းရှင်းလင်းလင်း မြင်နေရတာ... တစ်ချက် ကြည့်လိုက်တာနဲ့ ဟာလာဟင်းလင်း ဖြစ်နေတဲ့ မျက်လုံးအိမ်ကြီးတွေက မင်းကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသလိုပဲ..."
"ရှူး..."
တစ်ချိန်တည်းမှာပင် ဟန်ဟိုင်မြို့ရှိ အချုပ်ခန်း အတွင်း၌ ဖြစ်လေသည်။
တာဝန်ကျနေသော ရဲတပ်ဖွဲ့ဝင် အချို့က ဝမ်ချောင်၏ ဘေးတွင် ထိုင်နေကြပြီး တစ်ဖက်လူ၏ စကားများကို နားထောင်ရင်း မျက်နှာပေါ်တွင် အလွန်အမင်း အံ့အားသင့်နေသည့် အမူအရာများ ပြည့်နှက်နေကြချေသည်။
ဤအရာက မြို့တော်မှ လူများကိုပင် ဆွဲဆောင်နိုင်ခဲ့သော အမှုကြီးပင် ဖြစ်ပေသည်။
မှန်ပေသည်။ ဤကဲ့သို့သော အမှုမျိုးမှသာလျှင် မြို့တော်မှ ကြီးကြပ်ရေးအဖွဲ့ကို စေလွှတ်လာစေရန် ဆွဲဆောင်နိုင်မည် ဖြစ်ပြီး ပထမအဆင့် အသိအမှတ်ပြု ချီးမြှင့်မှုကိုပင် ပေးအပ်လာစေနိုင်မည် ဖြစ်ချေသည်။
"အဲဒီတုန်းက ဒီအမှုကို လူနှစ်ယောက်တည်းကပဲ ရှာတွေ့ခဲ့တာ..."
ဝမ်ချောင်က ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး လက်ထဲ၌ အလုပ်သင် ရဲတပ်ဖွဲ့ဝင် တစ်ဦးက စားသောက်ခန်းမမှ ယူလာပေးသော အသားကို ကိုင်ကာ စားရင်းဖြင့် ပြောဆိုနေခြင်း ဖြစ်လေသည်။
"တစ်ယောက်က ငါ ဖြစ်ပြီး နောက်တစ်ယောက်ကတော့ အစ်ကိုရွှီ ပဲ..."
ထိုအကြောင်းကို ပြောမိချိန်တွင် ဝမ်ချောင်၏ မျက်နှာပေါ်၌ သက်ပြင်းချကာ လေးနက်စွာ ခံစားနေရသည့် အမူအရာများ ပြည့်နှက်နေပေသည်။
"ဒါဆိုရင် အစ်ကိုချောင်... အမှုဖော်ထုတ်ခဲ့တဲ့ အသေးစိတ် အချက်အလက်လေးတွေကို နည်းနည်းလောက် ပြောပြလို့ ရမလား..."
ထိုစကားကို ကြားလိုက်ရချိန်တွင် အလုပ်သင် ရဲတပ်ဖွဲ့ဝင် အချို့မှာ ရုတ်တရက် အလွန်အမင်း စိတ်လှုပ်ရှားလာခဲ့ကြချေသည်။
အမှန်အတိုင်း ပြောရလျှင် ဤအဆင့်ရှိသော အမှုမျိုးမှနေ၍ သူတို့ အနေဖြင့် ဗဟုသုတ အနည်းအကျဉ်းမျှ သင်ယူနိုင်ခဲ့မည် ဆိုပါက အကျိုးကျေးဇူး ကြီးမားလှပေသည်။
အမြဲတမ်း ဝန်ထမ်း မဖြစ်လာနိုင်မည်ကို စိုးရိမ်စရာ လိုသေးသလော ဟု တွေးတောမိကြလေသည်။
တစ်သက်လုံး အောက်ခြေအဆင့်တွင်သာ နေထိုင်သွားရမည်ကို ကြောက်ရွံ့စရာ လိုသေးသလော ဟု စဉ်းစားမိကြချေသည်။
ပထမအဆင့် အသိအမှတ်ပြု ချီးမြှင့်မှု ကို ထားလိုက်ပါတော့။ တတိယအဆင့် အသိအမှတ်ပြု ချီးမြှင့်မှု တစ်ခု ရရှိရန် လေ့လာသင်ယူနိုင်ခဲ့မည် ဆိုလျှင်ပင် ဤတစ်သက်အတွက် စားဝတ်နေရေး ပူပန်စရာ မလိုတော့ပြီ ဖြစ်လေသည်။
"ဟုတ်တယ်... အစ်ကိုချောင် နည်းနည်းလောက် ပြောပြလို့ ရမလား..."
"ဒါက ငါ့ဆရာထက်တောင် အများကြီး ပိုတော်နေသေးတာ... ငါသာ သင်ယူနိုင်ခဲ့မယ် ဆိုရင် ငါ့ဆရာတောင် ငါ့တပည့် ဖြစ်လာနိုင်တယ်..."
"တကယ်ပါပဲ... တတ်မြောက်သွားတာနဲ့ မြို့ထဲက နေရာတိုင်းမှာ လုပြီး ခေါ်ကြတော့မှာ..."
အလွန်အမင်း စိတ်အားထက်သန်နေသော အကြည့်များက သူ၏ အပေါ်သို့ ကျရောက်လာခဲ့ချေသည်။
ဝမ်ချောင်က လက်ထဲရှိ အသားကို အောက်သို့ ချလိုက်ပြီး ခေတ္တမျှ စဉ်းစားလိုက်ကာ သက်ပြင်းချ၍ စကားဆိုလိုက်လေသည်။
"ဒီကိစ္စကလေ... ခက်တယ် ပြောရအောင်လည်း ခက်တယ်... မခက်ဘူး ပြောရအောင်လည်း မခက်ဘူး... လွယ်တယ် ပြောရရင်လည်း အတော်လေး လွယ်ကူပါတယ်... မလွယ်ဘူး ပြောရရင်တော့လည်း အတော်လေး ခက်ခဲတယ်လို့ ပြောရမှာပဲ..."
"အဓိကကတော့ ဒီကိစ္စက ဟိုလို ကိစ္စမျိုး မဟုတ်ဘူးလေ... ငါက ပြောချင်တိုင်း ပြောလိုက်လို့က နည်းနည်းလေး... မင်းတို့ ငါ ဆိုလိုတာကို နားလည်ကြတယ် မဟုတ်လား..."
"ပြီးတော့ ငါသာ ပြောပြလိုက်မယ် ဆိုရင်လည်း နားလည်တဲ့သူက နားလည်သွားမှာပဲ... နားမလည်တဲ့သူကတော့ ပြောပြလည်း နားလည်မှာ မဟုတ်ဘူး... အဲဒီတော့ ငါ ပြောတာနဲ့ မပြောတာက သိပ်ပြီး ကွာခြားမှု မရှိဘူးလေ... အဓိကက တစ်ဦးချင်းစီ အပေါ်မှာပဲ မူတည်တာ..."
"အချုပ်အားဖြင့် ပြောရရင် မပြောပြနိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ဘူး... ငါက မပြောပြနိုင်ဘူးလို့ မပြောခဲ့ပါဘူး... အဲဒါကလေ... မင်းတို့ ငါ ဆိုလိုတာကို နားလည်ကြတယ် မဟုတ်လား..."
"...."
အလုပ်သင် ရဲတပ်ဖွဲ့ဝင်များမှာ ဘာပြောရမှန်းမသိ ဖြစ်သွားကြလေသည်။
ရဲတပ်ဖွဲ့ဝင် အချို့၏ မျက်နှာပေါ်တွင် နက်ရှိုင်းစွာ စဉ်းစားနေသည့် အမူအရာများ ထွက်ပေါ်လာခဲ့ချေသည်။
ဤစကားများက ကြားရသည်မှာ အဘယ်ကြောင့် ဤမျှ ရင်းနှီးနေရသနည်း ဟု တွေးတောမိကြပေသည်။
မည်သူ ပြောခဲ့ဖူးကြောင်းကိုသာ စဉ်းစား၍ မရနိုင်ခြင်း ဖြစ်လေသည်။
သူတို့ နက်ရှိုင်းသော စဉ်းစားခန်းထဲသို့ ကျရောက်နေချိန်မှာပင် အနောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့ချေသည်။
"ချောင်ဇီ... ပစ္စည်းတွေ သိမ်းတော့... အိမ်ပြန်ဖို့ ပြင်ရအောင်..."
လူအများမှာ အံ့အားသင့်သွားကြပြီး မသိစိတ်အရ အနောက်ဘက်သို့ လှည့်ကြည့်လိုက်ကြလေသည်။
အနောက်သို့ လှည့်ကြည့်လိုက်သည့် ထိုခဏ၌ စူးရှလှသော ရွှေရောင် အလင်းတန်း တစ်ခုကြောင့် မျက်လုံးများပင် ဖွင့်မရအောင် ဖြစ်သွားခဲ့ကြချေသည်။
"ကျစ်... ရွှေတံဆိပ်... ပထမအဆင့် အသိအမှတ်ပြု ချီးမြှင့်မှု လား..."
အလင်းရောင်၏ ဇာစ်မြစ်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရပြီးနောက် လူအများ၏ ခန္ဓာကိုယ်များမှာ တစ်ချက်မျှ တုန်ယင်သွားပြီး မသိစိတ်အရ ဆုတံဆိပ် ပိုင်ရှင်ကို လှမ်းကြည့်လိုက်ကြလေသည်။
ပိုင်ရှင်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရချိန်တွင်မူ ထို အလွန်အမင်း အံ့အားသင့်မှုများမှာ မှင်တက်မှု အဖြစ်သို့ ပြောင်းလဲသွားခဲ့ချေသည်။
ငယ်ရွယ်လွန်းလှပေသည်။
ပထမဆုံး အာရုံခံစားမှုမှာ ငယ်ရွယ်လွန်းလှခြင်းပင် ဖြစ်လေသည်။
တစ်ဖက်လူ၏ အသက်အရွယ်ကို ကြည့်ရသလောက် မိမိတို့ထက်ပင် ငယ်ရွယ်နေနိုင်ပြီး အများဆုံး ရှိလှလျှင် အသက် ၂၅ နှစ်ခန့်သာ ရှိဦးမည် ဖြစ်ချေသည်။
အသက် ၂၅ နှစ် အရွယ်ဖြင့် ပထမအဆင့် အသိအမှတ်ပြု ချီးမြှင့်မှု ကို ရရှိထားသည် ဟုတ်ပါသလား ဟု တွေးတောမိကြလေသည်။
ရူးသွပ်နေခြင်းသာ ဖြစ်ရမည်ဟု စဉ်းစားမိကြပေသည်။ ယခုအချိန်က စစ်မက်ဖြစ်ပွားနေသော ကာလ မဟုတ်ချေ။
လူအချို့မှာ မသိစိတ်အရ မတ်တတ်ရပ်လိုက်ကြပြီး မျက်နှာတစ်ခုလုံး လေးစားမှုများ ပြည့်နှက်နေကာ ရိုသေလေးမြတ်သည့် အမူအရာများ ထွက်ပေါ်လာခဲ့လေသည်။
သူများတွေက အသက် ၂၅ နှစ် အရွယ်နှင့် ပထမအဆင့် အသိအမှတ်ပြု ချီးမြှင့်မှု ကို ရရှိနေချိန်တွင် မိမိတို့မှာ အသက် ၂၅ နှစ် အရွယ်ဖြင့် သူများတွေ လေလုံးမိုးလုံး ထွားနေသည်ကို နားထောင်နေရဆဲ ဖြစ်ချေသည်။
အလွန်အမင်း ကွာဟနေသည့် ခံစားချက် တစ်ခုက လူတိုင်း၏ ရင်ထဲသို့ လွှမ်းခြုံ ဝင်ရောက်လာခဲ့ပေသည်။
ရွှီရှန်းမှာ တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် ဆုတံဆိပ်များကို သိမ်းဆည်းလိုက်ကာ အရူးအမူး ထမင်းစားနေသော ဝမ်ချောင်ကို တစ်ချက် ကြည့်လိုက်လေသည်။
"ချောင်ဇီ... ပစ္စည်းတွေ သိမ်းတော့... သွားရမယ့် အချိန်ရောက်ပြီ..."
ရွှီရှန်းက စကားဆိုလိုက်ချေသည်။
ဝမ်ချောင်က ခေါင်းညိတ်ပြလိုက်ပြီးနောက် ပါးစပ်ထဲသို့ ကျန်ရှိနေသော ထမင်းနှင့် ဟင်းများကို ကမန်းကတန်း သွတ်သွင်းလိုက်ကာ မိမိ၏ ကျောပိုးအိတ်ကို ကောက်လွယ်၍ အနောက်မှ လိုက်ပါသွားခဲ့လေသည်။
သူ့ထံတွင် ခရီးဆောင်အိတ် များများစားစား မရှိသလို ဤရက်ပိုင်းအတွင်း အပြင်ထွက်ရန်လည်း ပျင်းရိနေခဲ့ချေသည်။
မည်သို့ပင်ဖြစ်စေ အချုပ်ခန်း အတွင်း၌ အစားအသောက်များကို အခမဲ့ စားသောက်ခွင့် ရရှိပြီး တစ်ခါတစ်ရံတွင် အားလပ်နေသော ကွန်ပျူတာကို အသုံးပြု၍ အင်တာနက်ဖိုရမ်များတွင် အချိန်ဖြုန်းနိုင်ကာ မိမိ လေလုံးမိုးလုံး ထွားသည်ကို နားထောင်ပေးမည့် သူများလည်း ရှိနေသေးရာ ဤနေ့ရက်များက အပြင်ဘက်ထက် ပို၍ သက်တောင့်သက်သာ မရှိလှပေလော။
လူ ၃ ဦးစလုံး ကားပေါ်သို့ တက်လိုက်ကြလေသည်။
လီရှန်းက အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ ချက်ချင်းပင် လီဗာကို နင်းလိုက်ချေသည်။
ရွှီရှန်းကို ဟန်ဟိုင်မြို့မှ လူများက ခံစားခွင့်များ ပေး၍ လုယူသွားမည်ကို သူ စိုးရိမ်နေခဲ့လေသည်။ မည်သို့ပင်ဖြစ်စေ ဤကောင်လေးကို အသုံးပြုရသည်မှာ အမှန်တကယ်ပင် အသုံးတည့်လွန်းလှပေသည်။
ရွှီရှန်း အနေဖြင့် ကျန်ဆန်းမြို့သို့ ပြန်လည် ရောက်ရှိလာပြီး မှုခင်းစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့၏ ခြံဝင်းတံခါးထဲသို့ ဝင်ရောက်လိုက်သည့် ထိုခဏ၌ သူ တစ်ကိုယ်လုံးမှာ ကာလရှည်ကြာ ပိတ်လှောင်ခံထားရသော နေရာမှနေ၍ တစ်ကမ္ဘာလုံးဆီသို့ ရုတ်တရက် ထိုးဖောက် ဝင်ရောက်သွားရသကဲ့သို့ လန်းဆန်း တက်ကြွသွားခဲ့ချေသည်။
အနောက်မှ ကပ်၍ လိုက်ပါလာသော ဝမ်ချောင်က ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ခေါင်းကို ကုတ်လိုက်လေသည်။
"ဟင်... သိပ်ပြီး ကွာခြားပုံ မရဘူးနော်..."
"ငါ ကားပေါ် တက်တဲ့ နေရာနဲ့ ဆင်းတဲ့ နေရာက ဘာဖြစ်လို့ ဘာပြောင်းလဲမှုမှ မရှိရတာလဲ..."
"ဘာဖြစ်လို့လဲဆိုတော့ နှစ်နေရာစလုံးက ရဲစခန်းတွေ ဖြစ်နေလို့လေ..."
ရွှီရှန်းက သူ့ကို စောင်းငဲ့ကြည့်ရင်း စကားဆိုလိုက်ချေသည်။
"အို..."
ဝမ်ချောင်က ခေါင်းညိတ်ပြလိုက်ပြီးနောက် ကျောပိုးအိတ်ကို လွယ်ကာ အတွင်းဘက်သို့ လျှောက်သွားလိုက်လေသည်။
"တပ်ခွဲမှူးလီ... အချုပ်ခန်း သီးသန့် အခန်း တစ်ခန်းလောက် ပေးပါ... ဒီရက်ပိုင်း ကျွန်တော် အဲဒီမှာပဲ အရင် နေလိုက်ပါတော့မယ်..."
"...."
လီရှန်းမှာ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့လေသည်။
ဝမ်ချောင်၏ ရင်းနှီးနေသော လမ်းလျှောက်ပုံကို ကြည့်ရင်း လီရှန်းမှာ နက်ရှိုင်းသော စဉ်းစားခန်းထဲသို့ ကျရောက်သွားခဲ့ချေသည်။
သူက အပြစ်တင် စကားဆိုချင်နေချိန်မှာပင် ရုတ်တရက် ဖုန်းမြည်သံ တစ်သံ ထွက်ပေါ်လာခဲ့ပေသည်။
"တူ... တူ... တူ..."
လီရှန်းက လက်ကိုင်ဖုန်းကို ထုတ်ယူလိုက်ရာ ဖုန်းခေါ်ဆိုသူ အမည်တွင် [ကျန်းမို] ဟု ပြသနေလေသည်။
"ဟယ်လို... ဘာကိစ္စ ရှိလို့လဲ..."
ဖုန်း၏ တစ်ဖက်စွန်းမှ ဆူညံသော အသံများ ထွက်ပေါ်လာခဲ့ချေသည်။
"ခေါင်းဆောင်... နေရောင်ခြည် အပန်းဖြေဥယျာဉ် မှာ ပြဿနာ တက်နေပြီ..."
အပန်းဖြေဥယျာဉ်တွင် ပြဿနာ တက်နေသည် ဟုတ်လားဟု တွေးတောမိလေသည်။ နေရောင်ခြည် အပန်းဖြေဥယျာဉ် ပင် ဖြစ်ပေသည်။
လီရှန်း၏ ရင်ထဲတွင် ထိတ်လန့်သွားပြီး မသိစိတ်အရ ဘေးဘက်သို့ လျှောက်သွားချင်သော်လည်း ရွှီရှန်း၏ တားဆီးခြင်းကို ခံလိုက်ရချေသည်။
ရွှီရှန်းက ဘာစကားမျှ မဆိုဘဲ မျက်လုံးများကို မှေးကာ ဘေးဘက်တွင် ရပ်လျက် သူ့ကို ကြည့်နေလေသည်။
လီရှန်း၏ နှုတ်ခမ်းများ လှုပ်ရွသွားပြီးနောက် နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချလိုက်ပေသည်။
"ဘာပြဿနာလဲ..."
"ကျစ်... ရန်ဖြစ်ကုန်ကြပြီ..."
"သူဌေးရွှီ ရဲ့ သရဲအိမ်ရှေ့မှာ ရန်ဖြစ်ကုန်ကြတာ... ဒီလူစုက ခွာမရတဲ့ ကပ်ခွာ တွေလိုပဲ အတင်း ကပ်တွယ်နေကြတာ..."
ရန်ဖြစ်ကြသည် ဟုတ်လားဟု စဉ်းစားမိလေသည်။
ရွှီရှန်းက စကားဆက်မပြောတော့ဘဲ ရဲကားပေါ်သို့ ချက်ချင်း တက်ထိုင်လိုက်ပြီး ကားစက်နှိုးရန် ပြင်လိုက်ချိန်တွင် လီရှန်းက ဆဲရေးတိုင်းထွာရင်း ယာဉ်မောင်းဘေး ခုံတွင် ဝင်ထိုင်လိုက်သည်ကို တွေ့ရှိလိုက်ရချေသည်။
"ကျစ်..."
"ခွာမရတဲ့ ကပ်ခွာလို ကောင်တွေ…”