အခန်း ၁၁၁၉
Vol. 54 Ch. 1119
အခန်း(၁၁၁၉)
ခေါင်းသုံးလုံးပါ ရေခဲမြွေကြီးအား ပြန်လည်ချုပ်နှောင်လိုက်နိုင်သည်ကို မြင်လိုက်ရသည့်အခါ ချန်ယွီက "မကြာခင်ကမှ ဖြစ်ပျက်သွားတဲ့ အခြေအနေက တကယ်ကို အန္တရာယ်များလွန်းတယ်၊ သံယုကြယ်ရဲ့ ကျွမ်းကျင်သူတွေက ဒီမိစ္ဆာသားရဲကို ထပ်ပြီး ချုပ်နှောင်နိုင်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး" ဟု ဆိုသည်။
ချင်ယွမ်ဖုန်းက "နှမြောစရာပါပဲ" ဟု ပြန်ဖြေသည်။
ထိုသို့ပြောပြီးနောက် သူနှင့်ချန်ယွီတို့ ပြန်လာခဲ့ကြသည်။
ကွီရှူးရှိနေသည့်နေရာသို့ ပြန်ရောက်သောအခါ ထိုသူသည် မိမိ၏လက်အောက်ငယ်သားများကို ဆူပူကြိမ်းမောင်းနေပြီး အရေးယူတော့မည့်ပုံစံ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ချင်ယွမ်ဖုန်းက ရှေ့သို့တိုးကာ "သခင်လေး ကွီရှူး၊ ဘာတွေဖြစ်နေတာလဲ" ဟု မေးသည်။
ချင်ယွမ်ဖုန်းကို မြင်လိုက်ရသည့်အခါ ကွီရှူးက အမြန်ပင် "သခင်လေးချင်၊ ဘယ်တွေသွားနေတာလဲ၊ ကျွန်တော် ဘယ်လောက်တောင် ရှာလိုက်ရတယ်မှတ်လဲ" ဟု ဆိုသည်။
ချင်ယွမ်ဖုန်းက "သခင်လေး ကွီရှူးကို စိတ်ပူသွားစေမိလို့ တောင်းပန်ပါတယ်။ တကယ်တော့ ကျွန်တော် ဘယ်မှမသွားပါဘူး၊ အနီးအနားမှာ လမ်းလျှောက်နေရုံပါ၊ စိတ်ပူနေစရာ မလိုပါဘူး" ဟု ပြန်ပြောသည်။
"အဲ့လိုပြောလို့ ဘယ်ဖြစ်မလဲ၊ မင်းတို့က ဧည့်သည်တွေပဲ၊ ဒါကြောင့် မင်းတို့ရဲ့ လုံခြုံရေးအတွက် ငါအမြဲတမ်း စဉ်းစားပေးရမှာပေါ့" ဟု ကွီရှူးက ဆိုသည်။
"အခုအချိန်က ငြိမ်းချမ်းတဲ့ အချိန်မဟုတ်ဘူး၊ မိစ္ဆာသားရဲကို ချုပ်နှောင်ထားနိုင်ပေမယ့် ဘယ်အချိန်မှာ ထပ်ပြီး လွတ်မြောက်လာမလဲဆိုတာ ဘယ်သူသိမှာလဲ၊ ဒါကြောင့် သခင်လေးချင်၊ သတိထားပြီး အဲ့ဒီနေရာကို ထပ်မသွားပါနဲ့တော့"
ချင်ယွမ်ဖုန်းက "ကျွန်တော် သတိထားပါ့မယ်။ ဒါပေမဲ့ သံယုကြယ်ရဲ့ ကြယ်အရှင်သခင်နဲ့ ဆရာသခင်တို့ ဒီမှာရှိနေတာဆိုတော့ အဲ့ဒီမိစ္ဆာသားရဲကို ရှင်းထုတ်ဖို့က လွယ်ကူမှာပါ၊ ဒါနဲ့ မင်းစကားရဲ့ နောက်ဆုံးအပိုင်းကို ကြည့်ရတာ အဲ့ဒီတောင်ကြီးရဲ့ အုပ်ချုပ်ပိုင်ခွင့်ကို ပြန်လိုချင်နေတာလား" ဟု မေးသည်။
ကွီရှူးသည် ထိုနေရာကို ချက်ချင်းပြန်လိုချင်နေသော်လည်း ချင်ယွမ်ဖုန်းက သတိထားမိသွားသဖြင့် "အဲ့ဒီနေရာကို မင်းကို ပေးထားပြီးသားလေ၊ ဘယ်လိုလုပ် ပြန်တောင်းရမှာလဲ၊ အဲ့ဒီနေရာမှာရှိတဲ့ မိစ္ဆာသားရဲက ကြောက်ဖို့ကောင်းတယ်လို့ သတိပေးတာပါ။ ငါ့အဖေနဲ့ ဆရာသခင်တို့တောင် အတူတူဝိုင်းတိုက်မှ မနိုင်တဲ့အထိပါ၊ ဒီတစ်ခါက ကံကောင်းလို့သာ ချုပ်နှောင်ထားနိုင်တာ၊ မငမးထပ်သွားရင် တကယ်ကို အန္တရာယ်ရှိမှာမို့လို့ သတိပေးတာပါ၊ လောလောဆယ်တော့ မသွားတာ အကောင်းဆုံးပဲ" ဟုသာ ပြောနိုင်တော့သည်။
ချင်ယွမ်ဖုန်းက "ဒါပေမဲ့ အဲ့ဒီနေရာက အနည်းဆုံးတော့ အခု ကျွန်တော့်နယ်မြေ ဖြစ်နေပြီလေ" ဟု ဆိုသည်။
ချင်ယွမ်ဖုန်းက ဤမျှထိ အတင်းအကြပ်ပြောလိမ့်မည်ဟု မထင်ထားသဖြင့် ကွီရှူးက စကားလမ်းကြောင်းကို အမြန်လွှဲလိုက်ပြီး "ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ့အစီအစဉ်အတိုင်းပဲ လုပ်ထားလိုက်ပါ။ သခင်လေးနဲ့ မိန်းကလေးချန်ယွီတို့ အပြင်မှာ အကြာကြီး လျှောက်သွားထားတာဆိုတော့ ပင်ပန်းနေမှာပေါ့၊ မြန်မြန်သွားပြီး အနားယူလိုက်ပါဦးလား" ဟု ဆိုသည်။
ချင်ယွမ်ဖုန်း ပြုံးလိုက်သည်။ ဤလူသည် သူအဲ့ဒီနေရာကို သွားမည်ကို စိုးရိမ်နေမှန်း သိသာလှသည်။
သံယုကြယ်၏ ကြယ်အရှင်သခင်က မိစ္ဆာသားရဲကို ယခုတစ်ကြိမ် ချုပ်နှောင်နိုင်ခဲ့သည်မှာ ကံကောင်းခြင်းဟု ဆိုရပေမည်။ ယခုအခါတွင် သူသည် ကြယ်အရှင်သခင် ခန်းမကြီးအတွင်း၌ ကိစ္စရပ်က အပြီးသတ် မပြတ်သားသေးဘဲ အန္တရာယ်က အချိန်မရွေး ပေါ်ပေါက်လာနိုင်သဖြင့် စိတ်ညစ်ညူးနေသည်။ ဤမိစ္ဆာသားရဲကို မရှင်းထုတ်နိုင်ပါက သူသည် စိတ်အေးလက်အေး အိပ်စက်နိုင်တော့မည် မဟုတ်ပေ။
သူသည် ထိုကျွမ်းကျင်သူများအား ရှင်းထုတ်နိုင်မည့် နည်းလမ်းရှိမရှိ ချက်ချင်းမေးမြန်းသည်။
ထိုသူတို့မှာ တိတ်ဆိတ်သွားကြသည်။ အမှန်တကယ်ပင် ရှင်းထုတ်နိုင်မည့် နည်းလမ်းမရှိသောကြောင့် ဖြစ်သည်။ ဆရာသခင်က "ကြယ်အရှင်သခင်၊ ဒီကိစ္စအတွက် အလျင်စလို မလုပ်ပါနဲ့။ ခေါင်းသုံးလုံးပါ ရေခဲမြွေကြီးကို ကျွန်တော်တို့ ထိန်းချုပ်ထားနိုင်ပြီ၊ သူ အစီအရင်ကို ဖောက်ထွက်နိုင်မယ့် နည်းလမ်းမရှိပါဘူး၊ အခုသွားပြီး အတင်းတိုက်ခိုက်ရင် အကျိုးထက် အပြစ်က ပိုများသွားလိမ့်မယ်" ဟု တိုက်ရိုက်ပြောသည်။
ကြယ်အရှင်သခင်က "ငါတို့ရဲ့ ဝိညာဉ်တစ်သောင်း အဆုံးသတ်သတ်ဖြတ်ခြင်း အစီအရင်က သူ့ကို ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မလဲ၊ အခု လူတိုင်းက ဒဏ်ရာရထားကြတော့ ပြန်ကောင်းလာဖို့က မလွယ်ဘူး၊ ဒါကြောင့် ကြိုတင်ပြင်ဆင်ထားတာ ကောင်းပါတယ်" ဟု ဆိုသည်။
ထိုအချိန်တွင် ဆရာသခင်က စကားမဆက်သေးခင် ကွီရှူးက အခွင့်အရေးကို အသုံးချကာ "အဖေ၊ လူတိုင်းရဲ့ အခြေအနေက အခု မကောင်းကြဘူးလေ၊ ဘာလို့..." ဟု ချက်ချင်းဝင်ပြောသည်။
ကြယ်အရှင်သခင်က သူ့စိတ်ထဲရှိသည်ကို ရိပ်မိသည့်အလား မျက်မှောင်ကြုတ်လျက် "ဘာလို့ ဘာဖြစ်ရမှာလဲ၊" ဟု မေးသည်။
ကွီရှူးသည် 'ဘာလို့ ဒီအခွင့်အရေးကို အသုံးချပြီး သူကို ကြယ်အရှင်သခင် ရာထူးပေးလိုက်ပြီးရင် ခေါင်းသုံးလုံးပါ ရေခဲမြွေကြီးကို ကိုင်တွယ်ဖို့ နည်းလမ်းရှာခိုင်းမလဲ' ဟု ပြောချင်ခဲ့ခြင်းဖြစ်သော်လည်း ကြယ်အရှင်သခင်၏ မျက်လုံးများမှ ထက်မြက်သော အကြည့်ကို မြင်လိုက်ရသည့်အခါ ဤအချိန်မျိုးတွင် ထိုသို့သော စကားမျိုးပြောခြင်းသည် မသင့်တော်ကြောင်း သိလိုက်ရသည်။
သို့သော် ပြောပြီးသားစကား ဖြစ်နေ၍ ပြန်ရုပ်သိမ်းရန် မဖြစ်နိုင်တော့ပေ။ သူခဏမျှ တိတ်ဆိတ်နေပြီးမှ စကားလမ်းကြောင်းလွှဲကာ "ကျွန်တော့်ကို စမ်းခွင့်ပြုပါ" ဟု ဆိုသည်။
"မင်း စမ်းကြည့်မယ်"
ကွီရှူးက "ကျွန်တော့် အိမ်တော်မှာ မသေမျိုးတစ်ယောက် ရှိတယ်၊ ကျွန်တော် ခေါ်လာခဲ့တဲ့ ဧည့်သည်ပါ။ သူ့ရဲ့ စွမ်းအားက အလွန်ပြင်းထန်တယ်လို့ ကြားဖူးတယ်၊ သူက အထီးကျန်ကြယ် ဘိုးဘေးကိုတောင် သတ်ခဲ့ဖူးသလို ကုဇေကြယ်တစ်ခုလုံး အကြီးအကျယ် ပြောင်းလဲသွားတာကလည်း သူနဲ့ဆိုင်တယ်၊ အခု လူတိုင်း ဒဏ်ရာရထားကြတာဆိုတော့ သူ့ကို စမ်းခွင့်ပြုလိုက်ရင် ဘယ်လိုနေမလဲ" ဟု ဆိုသည်။
"သူ့ရဲ့ ကျင့်စဉ်အဆင့်က ဘယ်လောက်လဲ၊ စစ်မှန်သော နတ်ဘုရားနယ်ပယ်လား" ဟု ကြယ်အရှင်သခင်က မေးသည်။
ကွီရှူးက အနေရခက်စွာ ရယ်မောပြီး "အလယ်အလတ်အဆင့် နတ်ဘုရားပါ၊ ဒါပေမဲ့ သူ့ရဲ့ ကျင့်စဉ်တိုးတက်မှုက အရမ်းမြန်တယ်၊ အဆင့်မြင့် နတ်ဘုရားအဆင့်ကို မကြာခင်မှာ ရောက်တော့မယ် ထင်တယ်" ဟု ဆိုသည်။
"ဟွန်း" ကြယ်အရှင်သခင်နှင့် ဆရာသခင်တို့မှာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ကြသည်။
အောက်မှ ဝိညာဉ်နတ်မင်းတစ်ယောက်က "သခင်လေးသုံး၊ ဒီလိုကိစ္စကို ဘယ်လိုများ ပေါ့ပေါ့တန်တန် သဘောထားရတာလဲ၊ ကြယ်အရှင်သခင်နဲ့ ဆရာသခင်တို့တောင် မနိုင်တဲ့ ခေါင်းသုံးလုံးပါ ရေခဲမြွေကြီးကို အလယ်အလတ်အဆင့် နတ်ဘုရားတစ်ယောက်နဲ့ တိုက်ခိုင်းဖို့ အကြံပေးရတာလား၊ ဒါဟာ ပလှောင်နေတာမဟုတ်ဘူးလား" ဟု အထင်သေးစွာ ဆိုသည်။
ကွီရှူးမှာလည်း သူတို့ကို မည်သို့ ရှင်းပြရမည်မှန်း မသိတော့ပေ။
သံယုကြယ်၏ ကြယ်အရှင်သခင်မှာ ပို၍ ဒေါသထွက်သွားပြီး "ငါတို့ သံယုကြယ်မှာ လူမရှိတော့ဘူးလို့ ထင်နေတာလား၊ ဒီလူကို အကြံပေးရဲရတာ၊ မင်း တကယ်ကို ရဲတင်းလွန်းတယ်" ဟု ပြင်းထန်စွာ ဆူပူလိုက်သည်။
ကွီရှူးမှာလည်း သူ့ဖခင်၏ အမျက်ဒေါသကြောင့် စိုးရိမ်သွားပြီး "အဖေ၊ ကျွန်တော့်စကား နားထောင်ပါဦး။ တကယ်တော့ ဒီမိစ္ဆာသားရဲ ထွက်လာတာက သူနဲ့ အများကြီး ပတ်သက်နေမယ်လို့ ကျွန်တော်ထင်တယ်၊ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ရက်အနည်းငယ်က အဲ့ဒီတောင်ကြီးကို ကျွန်တော် သူ့ကိုပေးလိုက်တယ်၊ သူက အဲ့ဒီမှာရှိတဲ့ လျှို့ဝှက်ချက်ကို သိသွားပုံရတယ်၊ သူက နေ့တိုင်း အဲ့ဒီနေရာကို သွားနေတာ၊ ကျွန်တော် လူတွေ စေလွှတ်ပြီး စောင့်ကြည့်ခိုင်းပေမဲ့ သူက အမြဲတမ်း လွတ်သွားတယ်၊ အထဲမှာ ဘာတွေလုပ်နေမှန်း ကျွန်တော်လည်း မသိဘူး" ဟု အမြန်ပြောသည်။
"ဒါပေမဲ့ ခေါင်းသုံးလုံးပါ ရေခဲမြွေကြီး အခုလို ပေါ်လာတာက သူနဲ့ပဲ အနီးကပ်ဆုံး ဆက်စပ်နေမယ်ဆိုတာ သေချာတယ်"
"ဒါကြောင့် သူ့ကို စမ်းခွင့်ပြုချင်တာပါ၊ သူ့စွမ်းအား မလောက်ငှလို့ သေသွားရင်လည်း သူပဲ ခံရမှာပေါ့"
လူတိုင်းမှာ အချင်းချင်း ကြည့်လိုက်ကြသည်။ ကြယ်အရှင်သခင်ကလည်း ခဏမျှ စဉ်းစားပြီးမှ ကွီရှူးကို ကြည့်ကာ "မင်းက ဒီလောက်တောင် အတင်းအကြပ် အကြံပေးနေမှတော့ သူ့ကို စမ်းခွင့်ပေးလိုက်ပါ၊ ဘယ်လိုပဲဖြစ်ဖြစ် သူသွားပြီး မရှင်သန်နိုင်ရင် အထဲမှာပဲ သေသွားမှာပါ၊ ဝိညာဉ်တစ်သောင်း အဆုံးသတ်သတ်ဖြတ်ခြင်း အစီအရင်က သူ့ကို လွယ်လွယ်နဲ့ အပြင်ပြန်ထွက်ခွင့်ပေးမှာ မဟုတ်ဘူး" ဟု ဆိုသည်။
ကွီရှူးသည် ထိုစကားကို ကြားလိုက်ရသည့်အခါ ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည်။ သူသည် ဖခင်ထံမှ ခွင့်တောင်းပြီးနောက် ချင်ယွမ်ဖုန်းရှိသည့်နေရာသို့ တန်းသွားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ချင်ယွမ်ဖုန်းတွင် မည်သည့်လျှို့ဝှက်ချက်ရှိရှိ သူဝင်တိုက်လိုက်သည်နှင့် သိရတော့မည်ဟု တွေးလိုက်သည်။
အကယ်၍ သူ့စွမ်းအားက ခေါင်းသုံးလုံးပါ ရေခဲမြွေကြီးကို မနိုင်ခဲ့လျှင်လည်း သူသေသွားမည်ဖြစ်ရာ မိမိအတွက် အလုပ်ရှုပ်စရာ မလိုတော့ပေ။ ထိုအခါ ချန်ယွီလည်း ထွက်သွားနိုင်တော့မည် မဟုတ်ပေ။
ထိုအကြောင်းကို တွေးမိလိုက်သောအခါ ကွီရှူးမှာ သူအရှုံးမရှိကြောင်း သိလိုက်ရသည်။
"သခင်လေး ကွီရှူး၊ ဒီလောက်တောင် ပျော်ရွှင်နေတာ ကြယ်အရှင်သခင်က သူ့ရဲ့ဆက်ခံသူကို ကြေညာလိုက်ပြီလား" ချင်ယွမ်ဖုန်းက ကွီရှူးသည် စိတ်လှုပ်ရှားသော အရိပ်အယောင်ဖြင့် ပြေးလာသည်ကို မြင်လိုက်ရသည်။
ကွီရှူးက ပြုံးလိုက်ပြီး "အဲ့ဒီကိစ္စက အရေးမကြီးပါဘူး၊ ကျွန်တော် သခင်လေးချင်ကို သတင်းကောင်းလေး ပြောပြချင်လို့ လာတာပါ" ဟု ဆိုသည်။
"အော်" ချင်ယွမ်ဖုန်းက "ကျွန်တော် ခန့်မှန်းကြည့်ပါရစေ၊ ဒီကိစ္စက ခေါင်းသုံးလုံးပါ ရေခဲမြွေကြီးနဲ့ ပတ်သက်နေတာလား" ဟု မေးသည်။