လက်သီးချက်တစ်ရာ
Vol. 97 Ch. 1330
နတ်ဆိုးဆန်သောအနီရောင်အလင်းသည် ဝမ်လင်း၏ခန္ဓာကိုယ်တစ်ခုလုံးကို ဝန်းရံထားသည်။ ထိုအနီရောင်အလင်းသည် သူ့မူလစိတ်ဝိညာဉ်နှင့် ပေါင်းစပ်ထားသော သွေးကနေ ဖြစ်ပေါ်လာခြင်းပင်။ ထိုထူးဆန်းသောသွေး၏ စွမ်းအားကြောင့် ဝမ်လင်းသည် သူ့ခန္ဓာကိုယ်ကို ပျက်စီးသွားပြီးပြီးချင်း ပြန်ဖွဲ့စည်းနိုင်ခဲ့တာ ဖြစ်သည်။
ဝမ်လင်းသည် ထိုရုတ်တရက် တိုးတက်မှုကို စဉ်းစားနေရန် အချိန်မရှိပေ။ သူသည် ထိုသွေး၏စွမ်းအားမှာ မြန်ဆန်စွာ လွင့်ပျောက်နေသည်ကို ရှင်းလင်းစွာ ခံစားမိသည်။
ယင်းသွေး၏စွမ်းအား လုံးဝ ပျောက်ကွယ်သွားဖို့မှာ အချိန်သိပ်ကြာလိမ့်မည် မဟုတ်ပါ။
သို့ရာတွင် ဝမ်လင်းသည် ထိုအရာများကို ဂရုမစိုက်ပေ။ အခု သူ့ခန္ဓာကိုယ် ပြန်ဖြစ်တည်လာကာ သူ့ထံ၌ ရူးသွပ်ဖွယ်စိတ်ကူးတစ်ခု ပြည့်နှက်လာသည်။ သူသည် တာအိုပညာရှင်ရေကို ကြည့်ကာ ထိုးထွက်လာ၏။
သူ တိုးဝင်လာရင်း သူ့ခန္ဓာကိုယ်သည် မြန်ဆန်စွာ ပြောင်းလဲသည်။ သူသည် ပေထောင်ချီမြင့်သော ရှေးဟောင်းနတ်ဘုရားတစ်ပါးအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့မျက်ခုံးနှစ်ခုကြားရှိ ကြယ်ခြောက်လုံးမှာ မြန်ဆန်စွာ လှည့်ပတ်၏။ ဥပဒေသကြယ်လည်း ပေါ်လာသည်။ ဖျပ်ခနဲ ကြည့်ပါက သူသည် ကြယ်ခုနစ်လုံးရှေးဟောင်းနတ်ဘုရားတစ်ပါးနှင့်ပင် ဆင်တူနေသေး၏။
သူ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ထဲတွင် ရူးသွပ်ဖွယ်အကြံတစ်ခု ပေါ်လာ၏။ ဝမ်လင်းသည် မရေမတွက်နိုင်သော ကောင်းကင်ဘုံတက်ခြင်းသစ်သီးများကို ဝါးမြိုခဲ့စဉ်တုန်းကလိုမျိုး ဖြစ်လာ၏။
သူ မသေပေ။ သူ မသေနိုင်ပေ။ သူသည် အရာအားလုံးကို သတ်ပစ်မည်။ သူ့ရှေ့ရှိ အရာအားလုံးကို သတ်ပစ်ပေမည်။
ယား…။
ဝမ်လင်းသည် မာန်သွင်း၏။ သူ့ညာလက်သီးကို ဆုပ်ကာ တာအိုပညာရှင်ရေထံသို့ ထိုးချလိုက်သည်။ တစ်ချိန်တည်းမှာ သူ့ပါးစပ်ကနေ ရှုပ်ထွေးသောမန္တာန်ကို ရွတ်ဆိုသည်။
ရှေးဟောင်းနတ်ဘုရားကလန်သည် မန္တာန်များများစားစား မရှိပါ။ သို့သော် မန္တာန်တစ်ခုစီသည် အလွန်အစွမ်းထက်ပြီး ကျင့်ကြံသူများ နားလည်နိုင်သောအရာ မဟုတ်ပေ။ ဝမ်လင်း၏ မန္တာန်ရွတ်သံ ပဲ့တင်ထပ်လာရင်း သူ့ခန္ဓာကိုယ်ကနေ အားကောင်းသောအသက်ဓာတ်အား ပေါက်ကွဲထွက်လာသည်။ သည်လောကတွင် ရှေးဟောင်းနတ်ဘုရား၏ အသက်ဓာတ်ကို ယှဉ်နိုင်သည့် အသက်ဓာတ် မရှိပေ။
“ရှေးဟောင်းနတ်ဘုရားမန္တာန်…အသက်လဲလှယ်ခြင်း…”
ဝမ်လင်းသည် မာန်သွင်းကာ လက်သီးတစ်လုံး ပစ်သွင်းသည်။ ထိုလက်သီးသည် သူ့ရှေ့ရှိ လေဟာနယ်ကိုပါ ရုတ်တရက် ပျက်စီးသွားစေသည်။ ထိုလက်သီးချက်နှင့်အတူ ဝမ်လင်း၏အသက်ဓာတ်များ မြန်ဆန်စွာ လွင့်ပျောက်လာ၏။ ထိုလက်သီးချက်မှာ တာအိုပညာရှင်ရေထံသို့ တဟုန်ထိုး တိုးဝင်လာသည်။
ကျယ်လောင်စွာ ပေါက်ကွဲ၏။ အဆင့်ငါးဒေသတစ်ခုလုံးပင် ပျက်စီးလုနီးပါး ဖြစ်သွားသည်။ ဝမ်လင်း၏ ပထမဆုံးလက်သီးချက်သည် တာအိုပညာရှင်ရေ၏လက်ဝါးနှင့် ထိပ်တိုက်တွေ့သည်။ ဘန်း။ ဝမ်လင်းသည် သွေးအန်လိုက်ရ၏။ သူ့ခန္ဓာကိုယ်လည်း လွင့်ထွက်သွားသည်။ သို့သော် သူသည် သူ့ကိုယ်သူ ပေတစ်သောင်းအကွာတွင် ရပ်လိုက်နိုင်၏။ သူက ရူးသွပ်သည့်ဟန်ပန် ထုတ်ဖော်ကာ နောက်တစ်ကြိမ် ပြန်တိုးဝင်လာသည်။
တာအိုပညာရှင်ရေ၏အမူအရာသည် မပြောင်းလဲသွားပေ။ သို့သော် သူ့ညာလက်မှာ အနည်းငယ် ထုံသွား၏။ သူသည် ခုနစ်ရောင်စုံလက်သည်းကို ခုခံဖို့အတွက် သူ့အစွမ်းကုန် အသုံးပြုထားရပြီး စွမ်းအားအနည်းငယ်ကိုသာ ခွဲထုတ်၍ တိုက်ခိုက်ခဲ့ခြင်းပင်။ သို့သော် ထိုလက်ဝါးချက်သည် နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို ဖျက်စီးပစ်နိုင်စွမ်း ရှိ၏။
“စွမ်းအားအတွက် အသက်နဲ့ လဲလှယ်ဖို့။ ဒါဟာ ယာယီပဲ။ မင်း လက်သီးဘယ်နှစ်ချက်များ ထိုးနိုင်မလဲ ငါ မြင်ချင်မိတယ်…”
သူ ထိုသို့ ပြောလိုက်စဉ်တွင် ဝမ်လင်းသည် နောက်ထပ် ဒုတိယမြောက်လက်သီးကို ပစ်လွှတ်သည်။ သူသည် ဒုတိယမြောက်လက်သီးချက်ကို ပစ်လွှတ်ချိန်တွင် သူ့အသက်ဓာတ်အစိတ်အပိုင်းတစ်ခုမှာ ကွယ်ပျောက်သွားခဲ့လေပြီ။ သူ့မူလက ဆံပင်ဖြူများပါ ခုချိန်တွင် မီးခိုးရောင် ဖြစ်လာသည်။ သူ့မျက်ခုံးနှစ်ခုကြားရှိ ကြယ်များပါ မှိန်ဖျော့သွားသည်။
ဒုတိယမြောက်လက်သီးချက် ရောက်ရှိလာသည်။ ၎င်းက တာအိုပညာရှင်ရေ၏ လက်ဝါးနှင့် ထိပ်တိုက်တွေ့ချိန်တွင် ဝမ်လင်းသည် သူ့ခန္ဓာကိုယ်ထဲရှိ ဒဏ်ရာများကို ကြံ့ကြံ့ခံကာ ခါးသက်သက် ပြုံးသည်။ သူသည် ဒဏ်ရာ ရထားလျှင်ပင် သုံးကြိမ်၊လေးကြိမ်၊ငါးကြိမ်၊ခြောက်ကြိမ်မြောက် လက်သီးချက်များကို ပစ်သွင်းလိုက်၏။ လျှပ်တပြတ်အတွင်း ဝမ်လင်းက လက်သီးဆယ်ချက် ပစ်သွင်းလိုက်သည်။
ထိုလက်သီးဆယ်ချက်မှာ သူ့အသက်ဓာတ်များစွာကို ဆုံးရှုံးစေသည်။ ထိုလက်သီးဆယ်ချက် ကျရောက်သွားချိန်တွင် တုန်ခါလှိုင်းများ ပျံ့နှံ့ကာ အဆင့်ငါးဒေသတစ်ခုလုံး ပြိုလဲပျက်စီးရသည်။
အဆင်ငါးဒေသတစ်ခုလုံးတွင် မရေမတွက်နိုင်သော ဟင်းလင်းပြင်အက်ကြောင်းများ ပေါ်လာ၏။ လေအေးများ အဆင့်ငါးဒေသတွင် တိုက်ခတ်လာသည်။ ဝမ်လင်း၏ဆံပင်များ ကျွတ်ကျကုန်၏။သူ့အသွားအရေ တွန့်ရှုံ့ကုန်သည်။ သူသည် ရုတ်တရက် အိုစာလာသည်။
သို့ရာတွင် သူ့မျက်လုံးတို့က နီရဲလျက် ရူးသွပ်ဖွယ်တိုက်ပွဲဆန္ဒကို ပေးစွမ်းလျက် ရှိသည်။
လက်သီးချက်များ တာအိုပညာရှင်ရေထံသို့ ပျံဝဲလာချိန်တွင် တုန်ဟည်းသံများ ဆက်တိုက် ပဲ့တင်ထပ်သည်။ တာအိုပညာရှင်ရေ၏ အမူအရာသည် ဒုတိယမြောက်လက်သီးချက် ထွက်ပေါ်လာသည့်နောက်တွင်လည်း ပြောင်းလဲမသွားပေ။ သို့သော် ခြောက်ခုမြောက်လက်သီးချက်နောက်တွင် သူ့ညာလက်ကို ပြန်ဆွဲယူလိုက်ရ၏။ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ မြူများ ထွေးထုတ်လိုက်သည်။
သူက ထိုမြူကို အသုံးပြုကာ ဝမ်လင်း၏ ကျန်လက်သီးချက်များကို ခုခံမည်။
“မင်းမှာ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ် ပိုင်ဆိုင်ထားရင်တောင် ဒီလိုမျိုး အသက်ဓာတ်လဲလှယ်တဲ့ မန္တာန်မျိုးကို မင်း တောင့်ခံနိုင်မှာ မဟုတ်ဘူး။ ဒီအဘိုးအိုက ဒီလိုမန္တာန်မျိုးနဲ့ လာတိုက်ခိုက်တာ ရယ်စရာပဲ…”
တာအိုပညာရှင်ရေသည် နှာခေါင်းရှုံ့၏။ သူသည် သူ့မျက်ခုံးနှစ်ခုကြားရှိ ခုနစ်ရောင်စုံလက်သည်းကို ဆုပ်ကိုင်ထားနိုင်ဆဲပင်။ ၎င်းလက်သည်းက မည်မျှ တူးဆွကာ သူ့ဦးခေါင်းထဲ ဝင်ရောက်ရန် ကြိုးစားနေပါစေ ၎င်းသည် သူ့ဦးခေါင်းခွံကို မချိုးဖျက်နိုင်ဘဲ ရှိသည်။ သို့သော် ခုလက်ရှိတွင်တော့ တာအိုပညာရှင်ရေသည် စိတ်နှလုံးနာကျင်မှုကို ခံစားနေရသည်သာ ဖြစ်သည်။
“အုပ်စိုးသူရဲ့ ခုနစ်ရောင်စုံနတ်ဘုရားလေဟာနယ်လက်သည်းဟာ ထူးဆန်းလွန်းတယ်။ ကံကောင်းစွာနဲ့ ဒီကောင်လေးဟာ ဒီဟာကို ဘယ်လိုမျိုး အသုံးပြုရလဲ သေချာ မသိထားတာပဲ…။ ဒါပေမဲ့လည်း ဘယ်လိုမျိုး ရုတ်တရက် ပြောင်းလဲမှုကို မဆို ကာကွယ်ထားတာ အကောင်းဆုံးပဲ…”
တာအိုပညာရှင်ရေသည် မာန်သွင်းကာ ထိုလက်သည်းကို တွန်းထုတ်လွင့်ထွက်သွားစေရန် သူ့ကျင့်ကြံမှုအစွမ်းအပြည့်အဝကို ပေါက်ကွဲထွက်စေသည်။
ဝမ်လင်း၏အသက်ဓာတ်အများစုသည် သူ့ခန္ဓာကိုယ်ကနေ လွင့်ပျောက်သွားကြပြီ ဖြစ်သည်။ သူသည် သေခါနီး အဘိုးအိုတစ်ယောက်ကဲ့သို့ ဖြစ်လာသည်။ သူ့မျက်ခုံးနှစ်ခုကြားရှိ ကြယ်များ မှိန်ဖျော့လာကာ သူ့ခန္ဓာကိုယ်တွင် အရေးအကြောင်းများ ပေါ်လာသည်။
သို့ရာတွင် သူ့မျက်လုံးထဲရှိ မီးတောက်ကတော့ ပိုအားကောင်းလာ၏။ သူက မာန်သွင်းကာ သေမှာ သိရက်ဖြင့် မီးကိုတိုးသည့် ပိုးဖလံတစ်ကောင်ကဲ့သို့ တဟုန်ထိုး တိုးဝင်လာသည်။
တိုးဝင်လာရင်း ဝမ်လင်းက သူ့ညာလက်ဖြင့် လက်သီးဆုပ်ကာ ဝေ့ယမ်းသည်။ မိုးကြိုးတုန်ဟည်းသံတို့သည် လောကတွင် ပြည့်နှက်ကုန်၏။ သူသည် ဆယ့်တစ်ကြိမ်မြောက်၊ ဆယ့်နှစ်ကြိမ်မြောက်၊ ဆယ့်သုံးကြိမ်မြောက်ကနေသည် ဆယ့်ကိုးကြိမ်မြောက် လက်သီးချက်များကို ရုတ်တရက် ပေါက်ကွဲထွက်စေပြန်သည်။
လက်သီးချက်တိုင်းတွင် ဝမ်လင်းကျင့်ကြံမှုအဆင့်အထွတ်အထိပ်စွမ်းအား ပါဝင်၏။ ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ အသက်ဓာတ်နှင့်လဲလှယ်ထားသော စွမ်းအားရိုက်ချက် ပါဝင်သည်။
လောကတွင် တုန်ဟည်းသံတို့ မြည်ဟီးပဲ့တင်ထပ်နေ၏။ ဝမ်လင်း၏ဒွာရပေါက်များကနေ သွေးများစီးကျနေ၏။ သူသည် သေဆုံးခါနီးမျဉ်းမှတ်ပေါ်သို့ ရောက်နေပေပြီ။ သို့သော် လက်သီးချက်များကမူ ရပ်တန့်သွားခြင်းမရှိ။ တာအိုပညာရှင်ရေသည်ပင် ထိုအတွက် လှုပ်ရှားမိရ၏။
တုန်ဟည်းသံတို့ ပဲ့တင်ထပ်လျက် တာအိုပညာရှင်ရေ၏ မြူများသည် လက်သီးချက်များကို ခုခံသည်။ ယင်းမြူက ပျက်စီးသွားခြင်း မရှိသည့်အပြင် ဝမ်လင်းကို ဝါးမြိုရန်ပါ ပြင်လာသည်။
“ကံမကောင်းတာပဲ။ မင်းသာ လက်သီးချက်တစ်ရာကျော် ထုတ်ဖော်နိုင်ရင် ငါ ခုနစ်ရောင်စုံလက်သည်းကို ခုခံနေစဉ် ဖြစ်တဲ့အတွက် မင်း ငါ့ကို ဒဏ်ရာ ရသွားအောင် လုပ်ကောင်းလုပ်နိုင်လိမ့်မယ်။ ဒါပေမဲ့ လက်သီးဆယ့်ကိုးချက်ဟာ မင်းရဲ့ အကန့်အသတ်ပဲ။ မင်းခန္ဓာကိုယ်ထဲက အသက်ဓာတ်အားလုံးလည်း ပြိုပျက်သွားခဲ့ပြီ။ ငါမင်းကို မသတ်ရင်တောင် မင်းက ခဏအကြာမှာ သေရတော့မှာ…”
တာအိုပညာရှင်ရေ၏ မထူးခြားနားအသံသည် ပျံ့နှံ့လာ၏။ သို့သော် ဝမ်လင်းသည် ၎င်းအသံတို့ကို မကြားနိုင်တော့ပေ။ သူ့နားနှစ်ဖက်တွင် သွေးများ ပြည့်နှက်နေ၏။ ထို့ကြောင့် သူ မကြားနိုင် ဖြစ်ရ၏။
သူ အလွန်ပင်ပန်းနေပြီ။ သူ့ခန္ဓာကိုယ်တွင် သေဆုံးခြင်းအော်ရာတို့ ပြည့်နေပေပြီ။
သူ့မျက်လုံးထဲရှိ အနီရောင်အလင်းပင် မှိန်ဖျော့သွား၏။
သို့ရာတွင် မြူများသည် ဝမ်လင်းထံ တိုးဝင်လာစဉ် သူသည် ရုတ်တရက် ခေါင်းမော့၏။ သူ့ မှိန်ဖျော့သွားသော မျက်လုံးများသည် ပြန်တောက်ပလာသည်။
“ငါတို့လို ကျင့်ကြံသူတွေဟာ တိုက်ခိုက်ဖို့အတွက် ဘယ်တော့မှ နောက်တွန့်နေမှာ မဟုတ်ဘူး။ ငါ နားလည်တယ်။ ဒီတိုက်ပွဲဟာ တိုက်ပွဲဆန္ဒတစ်ခုတည်း မဟုတ်ဘူး။ ဒါပေမဲ့ သေမှာသိနေတာကို ခုခံတိုက်ခိုက်တဲ့ ပြတ်သားမှုပဲ…”
ဝမ်လင်းသည် ကြောက်မက်ဖွယ် ပြုံး၏။ သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်းကာ နောက်ထပ်လက်သီးတစ်လုံး ပစ်သွင်းသည်။
အကြိမ်နှစ်ဆယ်မြောက် လက်သီးချက်။
ထိုလက်သီးချက် ပေါ်လာသည့်နောက် ဝမ်လင်း၏ပါးစပ်ထောင့်မှသွေးများ စီးကျသည်။ သူသည် စတင် ရယ်မောပစ်၏။ ထိုရယ်သံသည် သက်ရှိအားလုံး၏အထက်တွင် အုပ်စိုးမည့် စိတ်ဆန္ဒဝိညာဉ်၏ ဂုဏ်ဝင့်မှု အပြည့်ပါသည်။
“ငါ…ဝမ်လင်းဟာ ဆယ့်ခြောက်နှစ်မှာ စတင် ကျင့်ကြံခဲ့တယ်…” နှစ်ဆယ့်တစ်ကြိမ်မြောက် လက်သီးချက် ပျံသန်းထွက်လာသည်။ မြူသည် ရပ်တန့်ခြင်းမရှိဘဲ ဝမ်လင်းထံ တိုးဝင်လာသည်။
“ငါဟာ ဟုန်ယွီကလန်ကို ဝင်ရောက်ခဲ့ပြီး ထျန်လီကို သတ်ခဲ့တယ်…”
နှစ်ဆယ့်နှစ်ကြိမ်မြောက်လက်သီးချက် ပျံသန်းထွက်လာသည်။ ရုတ်တရက် မြူသည် ရပ်တန့်သွားသည်။
“ငါဟာ နတ်ဆိုးပင်လယ်ကနေ လွတ်မြောက်လာနိုင်ခဲ့ပြီး ငါ့ ရွှေရောင်အမြုတွေကို ဖွဲ့စည်းနိုင်ခဲ့တယ်…” နှစ်ဆယ့်သုံးကြိမ်မြောက်လက်သီး။၎င်းက မြူကို ကြုံ့စေကာ စူးရှရှအသံ ထွက်ပေါ်သွားစေသည်။
“စဦးစိတ်ဝိညာဉ်အဆင့်ကို ရောက်တဲ့အချိန်မှာ ငါဟာ ထျန်မိသားစုတစ်ခုလုံးကို မျိုးဖြုတ်ခဲ့တယ်။ ဟင်္သာပြဒါးဂြိုဟ်ကို တုန်လှုပ်စေခဲ့တယ်။ ရှေ့ဖြစ်ဟောသူရဲ့ တပည့် ဖြစ်လာခဲ့တယ်…” ဝမ်လင်းသည် ရှေ့ဆက်လျှောက်လာနေ၏။ နှစ်ဆယ့်လေး၊နှစ်ဆယ့်ငါး၊နှစ်ဆယ့်ခြောက်ကြိမ်မြောက် လက်သီးချက်များ။ မြူသည် ပွင့်ထွက်သွားကာ နောက်သို့ ပေသုံးဆယ်ခန့် ဆုတ်သွားရသည်။
“ယင်နဲ့ယန်အဆင့်။ နိဗ္ဗာနအဆင့်သုံးဆင့်။ ငါဟာ ဘဝမှာ ကပ်ဘေးဘယ်လောက်ကြုံကြုံ ဘယ်တော့မှ အညံ့မခံခဲ့ဘူး။ မရေမတွက်နိုင်တဲ့လူတွေကို ငါ သတ်ခဲ့တယ်…”
နှစ်ဆယ့်ခုနစ်၊နှစ်ဆယ့်ရှစ်၊နှစ်ဆယ့်ကိုးနှင့် သုံးဆယ်ကြိမ်မြောက် လက်သီးချက်များ။ မြူသည် အော်မြည်တုန်ခါလျက် နောက်ဆုတ်ရသည်။ ၎င်းမြူမှာ ထိတ်လန့်တကြား ဆုတ်ရခြင်းပင်။
“ ငါဟာ မရေမတွက်နိုင်တဲ့သူတွေကို သတ်ခဲ့ပြီးပြီး။ ဒီလိုမျိုး နှစ်ပေါင်းနှစ်ထောင်လောက် ကျင့်ပြံလာခဲ့တဲ့နောက် ဒီကနေ့ ငါ ဆိုတာ ဖြစ်လာခဲ့တာပဲ…”
သုံးဆယ့်တစ်ကြိမ်မြောက်မှသည် သုံးဆယ့်ကိုးကြိမ်မြောက်ထိ လက်သီးချက်များ။
“ငါဟာ ကောင်းကင်၊မြေကြီးနဲ့လည်း တိုက်ခိုက်ခဲ့တယ်။ ဒီနေ့ ငါဟာ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်နဲ့လည်း တိုက်ခိုက်နေတာ ဖြစ်တယ်။ ဒီတော့ သေတော့ရော ဘာဖြစ်သေးသလဲ…” အကြိမ်လေးဆယ်မြောက်၊ လေးဆယ့်တစ်ကြိမ်မြောက်မှသည် ငါးဆယ့်သုံးကြိမ်မြောက်ထိ လက်သီးချက်များ။
“ငါ့ဘဝမှာ နောင်တဆိုလို့ ငါ့ချစ်သူ(လီမူဝမ်)ကို ပြန်ရှင်သန်အောင် မလုပ်ပေးနိုင်တာပဲ။ ဒီတော့ ငါ သူမနဲ့အတူ သေဆုံးရတော့မှာပေါ့။ ဒါပေမဲ့လည်း ဒီလိုဆိုတော့ရော ဘာဖြစ်သေးသလဲ…” ငါ့းဆယ့်လေးကြိမ်၊ ငါးဆယ့်ငါး၊ငါးဆယ့်ခြောက်ကြိမ်မြောက်မှသည် ခြောက်ဆယ့်လေးကြိမ်မြောက်ထိ လက်သီးချက်များ။ မြူများသည် နောက်သို့ လွင့်စင်ထွက်ကာ လေဟာနယ်အတွင်း ပျောက်ကွယ်သွားတော့သည်။
“ငါဟာ ငါ့အသက်ဓာတ်အားလုံး ဆုံးရှုံးရမယ်ဆိုရင်တောင် ဘာဖြစ်သေးသလဲ…”
ခြောက်ဆယ့်ငါးကြိမ်မြောက်၊ ခြောက်ဆယ့်ခြောက်၊ခြောက်ဆယ့်ခုနစ်ကနေသည် ခုနစ်ဆယ့်ငါးကြိမ်မြောက် လက်သီးချက်များ။
သွေးများ သူ့ခန္ဓာကိုယ်ကနေ ပန်းထွက်၏။ ခုချိန်တွင် သူသည် သွေးအလိမ်းလိမ်း ဖြစ်နေသည်။ သူ့ခန္ဓာကိုယ်သည် မြန်ဆန်စွာ ကြုံ့လာကာ အသက်ကြီးရင့်လာ၏။ သူ့ကိုယ်တွင်းအင်္ဂါများပါ ယိုယွင်းပျက်စီးလာသည်။ သူ့အသက်ဓာတ်အားလုံး ကွယ်ပျောက်သွားခဲ့ပေပြီ။
အမှန်တော့ နှစ်ဆယ့်သုံးကြိမ်မြောက်လက်သီးချက်တွင်ပင် သူ့အသက်ဓာတ်အားလုံးကို အသုံးပြုခဲ့ပြီး ဖြစ်သည်။ ကျန်သည့်လက်သီးချက်များသည် သူ့မူလစိတ်ဝိညာဉ်နှင့် ပေါင်းစပ်ထားသော သွေး၏စွမ်းအားကနေ ထွက်ပေါ်လာခဲ့တာ ဖြစ်သည်။
“ငါဟာ တိုက်ပွဲမှ သေရမယ်ဆိုရင်တောင် ဘာဖြစ်သေးသလဲ…”
ဝမ်လင်း၏အသံမှာ ကြမ်းရှ၏။ သူ့အသံထဲတွင် သွေး၏အရသာ ပါဝင်နေဟန် ရသည်။ ကြားရသူတိုင်း တုန်လှုပ်သွားနိုင်လောက်သည်။
ခုနစ်ဆယ့်ခြောက်၊ခုနစ်ဆယ့်ခုနစ် မှသည် ရှစ်ဆယ့်လေးကြိမ်မြောက် လက်သီးချက်များ။
“ငါ့အသက်ဓာတ် ကုန်ဆုံးသွားပြီ။ ငါ သေရတော့မှာ။ ဒါပေမဲ့ ဒီမန္တာန်ရဲ့လက်သီးချက်တွေဟာ မပြီးသေးဘူး။ အချိန်စီးဆင်းခြင်း၊ လွန်ခဲ့တဲ့နှစ်ပေါင်းငါးထောင်ကို ပြန်စီးဆင်းစေ။ ငါ့ကို နှစ်ပေါင်းငါးထောင် အသက်ဓာတ် ပေးအပ်ပါ…”
ဝမ်လင်းသည် အထက်သို့ မော့ကာ ပြုံး၏။ ရှစ်ဆယ့်လေးကြိမ်မြောက် လက်သီးချက် ထုတ်ဖော်ပြီးနောက် သူသည် သေဖို့ဆုံးဖြတ်ထားသည့်အထိ ပြတ်သားမှုဖြင့် ရှေ့ဆက်လျှောက်လာသည်။ သူသည် တိုက်ပွဲကောင်းကင်ဘုံသားတစ်ယောက်အလား။
သူ့ရှေ့တွင် သူ့ကို ရပ်တန့်နိုင်မည့်အရာ ဘာတစ်ခုမျှ ရှိမနေပေ။
တာအိုပညာရှင်ရေ၏ မျက်လုံးထဲတွင်ပင် အလေးအနက်ဖြစ်မှု အရိပ်အယောင် ပြသလာ၏။ ပထမဆုံးအကြိမ်အဖြစ် သည်လူ၏အတွေ့အကြုံများမှာ မရိုးရှင်းဟု သူ ခံစားမိလိုက်ရသည်။
ဝမ်လင်းသည် စကားဆိုနေရင်း သူ့ဘေးပတ်လည်ရှိ လေဟာနယ်မှာ ပြိုပျက်ကာ ပင်လယ်တစ်ခုအဖြစ်သို့ ပြောင်း၏။ ထို့နောက် ဧရာမ ကျောက်တံခါးကြီးတစ်ခု ပေါ်လာသည်။ ထီးတည်းဖြစ်မှုအော်ရာတစ်ခုသည် ပျံ့လွင့်လာကာ ဝမ်လင်းကို ထွေးခြုံသည်။
ရှစ်ဆယ့်ငါးကြိမ်မြောက်ကနေသည် တစ်ရာကြိမ်မြောက်ထိ လက်သီးချက်။
အချိန်တိုအတွင်း ဝမ်လင်းသည် သွေးစွမ်းအားအားလုံး၊ သူ့အသက်ဓာတ်အားလုံး၊ အချိန်စီးဆင်းခြင်းမှ ရရှိခဲ့သော နှစ်ပေါင်းငါးထောင်အသက်ဓာတ်တို့ကို သုံးစွဲကာ တုန်လှုပ်ဖွယ်လက်သီးချက်ပေါင်းတစ်ရာကို ပြည့်စုံစေသည်။
ယင်းမှာ ဝမ်လင်း၏ ဘဝတစ်ခုလုံးတွင် အသန်မာဆုံးလက်သီးချက်တစ်ရာ ဖြစ်ပေ၏။
***