← Chapters

အခန်း ၂၀၁၄

Vol. 135 Ch. 2014

အခန်း ၂၀၁၄

Vol. 135 Ch. 2014

အခန်း (၂၀၁၄ )

နတ်သခင်များ ဝန်းရံခြင်း

နတ်သခင် ယွမ်မုန့်၏ နတ်ဝိညာဉ်အပေါ် အာရုံခံနိုင်စွမ်းမှာ အလွန်တရာ ထက်မြက်လှသဖြင့် သူမ၏ ရှေ့မှောက်တွင် သူ၏ သရုပ်မှန်ကို ဖုံးကွယ်ထားရန်က လွယ်ကူသောအရာ မဟုတ်ပေ။

ထို့ပြင် သူမသည် ထင်ပေါ်ကျော်ကြားမှုကို ကြိုက်နှစ်သက်သည်ဟု လူသိများသော နတ်သခင် ကောင်းကင်လင်းယုန်၏ စရိုက်ကို အလွန် ရင်းနှီးကျွမ်းဝင်ထားသူ ဖြစ်သော်လည်း သူ ပြန်လည်ရောက်ရှိလာချိန်တွင်တော့ လုံးဝ ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေခဲ့သည်။ အထူးသဖြင့် သူမနှင့် စကားပြောဆိုသည့်အခါတွင် နတ်သခင် ကောင်းကင်လင်းယုန်သည် အလွန် သတိကြီးစွာ ထားနေသည်ကို သူမ ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။

ထို့ပြင် နတ်သခင် ကောင်းကင်လင်းယုန် ပြန်လည်ရောက်ရှိလာသည့် နေ့၌ပင် လျှို့ဝှက်လဝန်း ကျောင်းတော်၏ ကံစွမ်းအားများ ရေကျောက်ခဲနစ်သကဲ့သို့ သိသိသာသာ ထိုးဆင်းသွားခဲ့ရာ ထိုအချက်ကပင် နတ်သခင် ယွမ်မုန့်အား ယခုပြန်ရောက်လာသော နတ်သခင် ကောင်းကင်လင်းယုန်မှာ အစစ်အမှန်မဟုတ်ကြောင်း အခြေခံအားဖြင့် အတည်ပြုနိုင်စေခဲ့သည်။ နတ်သခင် ကောင်းကင်လင်းယုန် အစစ်ကတော့ သေဆုံးသွားခဲ့ပြီ ဖြစ်ပုံရ၏။

အစောပိုင်းက နတ်သခင် ကောင်းကင်လင်းယုန်၏ ဝိညာဉ်မီးအိမ် လင်းနေသေးခြင်း ရှိမရှိ စစ်ဆေးရန် ရည်ရွယ်ခဲ့သော်လည်း ဝိညာဉ်မီးအိမ် စောင့်ကြပ်သူ၏ ပြောပြချက်အရ နတ်သခင် ကောင်းကင်လင်းယုန်သည် တောင်ပိုင်းနယ်သို့ မထွက်ခွာမီကပင် သူ၏ ဝိညာဉ်မီးအိမ်အား တစ်ပါတည်း ယူဆောင်သွားခဲ့ကြောင်း သိခဲ့ရသည်။

တစ်စုံတစ်ယောက် သူ၏ ဝိညာဉ်မီးအိမ်အား တမင်တကာ ယူဆောင်သွားခြင်းသည် ဝိညာဉ်မီးအိမ်မှတစ်ဆင့် သူ၏ တည်နေရာကို အခြားသူများ တွက်ချက်မိသွားမည်ကို စိုးရိမ်နေကြောင်း ဖော်ပြနေပြီး လျှို့ဝှက်သော ကိစ္စတစ်ခုခုကို လုပ်ဆောင်ရန် ကြံစည်နေခြင်းကို ရည်ညွှန်းလေ့ရှိသည်။ လူတိုင်းတွင် ကိုယ်ပိုင် လျှို့ဝှက်ချက်များ ရှိကြစမြဲ ဖြစ်ရာ နတ်သခင် ယွမ်မုန့်အနေနှင့် နတ်သခင် ကောင်းကင်လင်းယုန် သူ၏ ဝိညာဉ်မီးအိမ်အား ယူဆောင်သွားခြင်းကို ဂရုမစိုက်သော်လည်း ထိုသို့ ပြုလုပ်ခဲ့မှုကြောင့် နတ်သခင် ကောင်းကင်လင်းယုန် သေဆုံးသွားခြင်း ရှိ မရှိကို သူတို့အနေနှင့် ဆုံးဖြတ်နိုင်ခြင်း မရှိတော့ပေ။

နတ်သခင် ကောင်းကင်လင်းယုန် အသက်ရှင်နေသေးသည်ဖြစ်စေ၊ မရှိတော့သည်ဖြစ်စေ လက်ရှိ လျှို့ဝှက်လဝန်း ကျောင်းတော်ထဲတွင် ရှိနေသော နတ်သခင် ကောင်းကင်လင်းယုန်ကတော့ အတုသာ ဖြစ်သည်။ ကျူးကျော်သူ၏ တည်ရှိမှုကြောင့် လျှို့ဝှက်လဝန်း ကျောင်းတော်၏ ကံစွမ်းအားများ ဆိုးဆိုးရွားရွား ကျဆင်းသွားရပုံကို ထောက်ရှု၍ ထိုသူ၏ အစွမ်းမှာ သာမန် နတ်သခင် အဆင့်ထက် များစွာ သာလွန်ကာ နတ်ဧကရာဇ် အဆင့်သို့ နီးကပ်နေနိုင်ကြောင်း သို့မဟုတ် ထိုသူကိုယ်တိုင်ကပင် တစ်ချိန်က သူ့ကိုယ်သူ ချိပ်ပိတ်ထားခဲ့သော နတ်ဧကရာဇ်များထဲမှ တစ်ပါး ဖြစ်နိုင်ကြောင်း နတ်သခင် ယွမ်မုန့်က သုံးသပ်ခဲ့သည်။

နတ်သခင် ယွမ်မုန့်သည် ဉာဏ်မျက်စိ ကန်းနေသော လူအတစ်ယောက် မဟုတ်ပေ။ သူတို့၏ ဘိုးဘေးဖြစ်သူ နတ်ဧကရာဇ် ယူလန်သည် သူမကိုယ်သူမ ချိပ်ပိတ်ခြင်းဖြင့် သက်တမ်းကို ရှည်ကြာစေခဲ့သကဲ့သို့ အခြားသော နတ်ဧကရာဇ်များသည်လည်း ထိုနည်းတူစွာပင် သူတို့၏ သက်တမ်းကို တိုးမြှင့်နိုင်ကြသည်။

ထျန်းရန် နတ်ဘုရား နယ်မြေ စတင် ပေါ်ပေါက်လာကတည်းက ထောင်ပေါင်းများစွာသော နတ်ဧကရာဇ်များစွာ ပေါ်ထွက်ခဲ့ကြပြီး အထူးသဖြင့် ထျန်းရန် နတ်ဘုရား နယ်မြေ၏ ကံစွမ်းအားများ အလွန် ကြွယ်ဝ စည်ပင်ခဲ့သော ရှေးခောတ်ဦး ကာလများတွင် နတ်ဧကရာဇ်များသည် မိုးရွာပြီးခါစအချိန် မှိုပွင့်သကဲ့သို့ ပေါများလှရာ ထိုသူတို့ထဲတွင် သေရမှာ ကြောက်ရွံ့ကြသူများ ဧကန်မုချ ရှိနေပေလိမ့်မည်။

ထိုအခိုက်တွင် နတ်သခင် တစ်ပါးက

“ကျောင်းတော်သခင်... ယခုပြန်ရောက်လာတဲ့ နတ်သခင် ကောင်းကင်လင်းယုန်က အတုဖြစ်တယ်ဆိုတာ အတည်ပြုပြီးပြီဆိုမှတော့ ကျုပ် တို့ လှုပ်ရှားကြရအောင်။”

“သူ့ရဲ့ အစွမ်းက တကယ်ပဲ အားကောင်းတယ်ဆိုရင် လျှို့ဝှက်လဝန်း ကျောင်းတော်ကို အတိအလင်း ကျူးကျော်ဝင်ရောက်မှာပါ။ နတ်သခင် ကောင်းကင်လင်းယုန်အဖြစ် ရုပ်ဖျက်နေစရာ အကြောင်းမရှိပါဘူး။”

“ဒါ့အပြင် သူ ပြန်ရောက်နေတာ ဒီလောက်ကြာပြီဖြစ်တာတောင် ဘာလှုပ်ရှားမှုမှ မလုပ်သေးတာကို ကြည့်ရင် သူ လျှို့ဝှက်လဝန်း ကျောင်းတော်ကို ကြောက်ရွံ့နေသေးတယ်ဆိုတာ ထင်ရှားပါတယ်။”

ထိုနတ်သခင်၏ ခွဲခြမ်းစိတ်ဖြာမှုကို ကြားလျှင် နတ်သခင် ယွမ်မုန့် တိတ်ဆိတ်သွားခဲ့သည်။ သူမသည်လည်း အစောပိုင်းက ထိုကဲ့သို့ပင် တွေးတောခဲ့သော်လည်း လျှို့ဝှက်လဝန်း ကျောင်းတော်၏ ကံစွမ်းအားများ ရုတ်ချည်း ထိုးကျသွားခြင်းကို ပြန်လည် စဉ်းစားမိလျှင် နတ်သခင် ကောင်းကင်လင်းယုန်ကို လျှော့တွက်ရန် မဝံ့ရဲတော့ပေ။

ရန်သူ၏ အစွမ်းက တကယ်ပဲ အလွန် အားကောင်းနေခဲ့လျှင် ဘာလုပ်ကြမလဲ။

ထို့နောက် နတ်သခင် ကောင်းကင်က

“သူ မလှုပ်ရှားသေးတာဟာ လျှို့ဝှက်လဝန်း ကျောင်းတော်ထဲမှာ နတ်ဧကရာဇ်တစ်ပါး ရှိနေတာကို သိလို့ ဖြစ်နိုင်သလို ကျွန်မတို့ ဘိုးဘေးရဲ့ လက်ရှိ အခြေအနေကို သေချာ မသိသေးလို့ စိတ်လိုက်မာန်ပါ မလုပ်ရဲတာလည်း ဖြစ်နိုင်ပါတယ်။”

နတ်သခင် ကောင်းကင်၏ ခန့်မှန်းချက်ကို ကြားရလျှင် ရောက်ရှိနေသော နတ်သခင်များလည်း ထိုအချက် ဖြစ်နိုင်သည်ဟု ယူဆသွားကြ၏။ ထိုသို့ဆိုလျှင် သူတို့အနေနှင့် ပို၍ပင် သတိထားကြရမည် ဖြစ်သည်။

အကယ်၍ ရန်သူက သူတို့၏ ဘိုးဘေးကို ကြောက်ရွံ့နေစဉ် သူတို့ဘက်က မဆင်မခြင် စတင် တိုက်ခိုက်မိပြီး ဘိုးဘေးကလည်း ဝင်ရောက် မစွက်ဖက်ပါက ရန်သူသည် ဘိုးဘေး အခြေအနေ မကောင်းသည်ကို ရိပ်မိသွားကာ အစွမ်းကုန် လှုပ်ရှား တိုက်ခိုက်လာပေလိမ့်မည်။

ခဏခန့် ခန်းမကြီးတစ်ခုလုံး သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်ခြင်းများ ဖုံးလွှမ်းသွားခဲ့သည်။

သူတို့အနေနှင့် ဤကျူးကျော်ဝင်ရောက်သူ၏ တည်ရှိမှုကို ဆက်လက် လျစ်လျူရှုထားသင့်သလား။

အကယ်၍ ထိုကျူးကျော်သူ၏ ရည်မှန်းချက်မှာ သူတို့၏ ဘိုးဘေးဖြစ်ပြီး ၎င်းအား အရေးမယူပဲ လွှတ်ထားမည်ဆိုပါက အချိန်တစ်ခု ကြာလာလျှင် ရန်သူက ဘိုးဘေး၏ အခြေအနေမှန်ကို သိသွားနိုင်ကာ ဒုတိယအကြိမ်မြောက် ဘဝသစ် ပြန်လည်စတင်မည့် ဘိုးဘေး၏ ရည်မှန်းချက်များ ကို ပျက်စီးသွားစေနိုင်သည်။

အချိန်အတော်ကြာပြီးနောက် နတ်သခင် ယွမ်မုန့်က နောက်ဆုံးတွင်

“ကျွန်မ တို့ ဒီအတိုင်း လွှတ်ထားလို့ မဖြစ်ဘူး။”

“ဘိုးဘေးက အခု အရေးကြီးတဲ့ အချိန်ကို ရောက်နေတာ။ အနှောင့်အယှက်ခံရရင် ဘိုးဘေးရဲ့ မျှော်မှန်းချက်များ ပျက်စီးသွားလိမ့်မယ်။ အဲ့ဒီလိုဆိုရင် လျှို့ဝှက်လဝန်း ကျောင်းတော်လည်း ပျက်သုဉ်းသွားရလိမ့်မယ်။”

ကျူးကျော်သူအား ထိပ်တိုက်ရင်ဆိုင်ခြင်းသည် နတ်ဧကရာဇ် ယူလန်၏ အခြေအနေ မဟန်ကြောင်း ရန်သူအား သံသယဝင်သွားစေနိုင်သော်လည်း လှုပ်ရှားရန် နတ်သခင် ယွမ်မုန့် ဆုံးဖြတ်လိုက်တော့သည်။

သို့သော်လည်း ရန်သူသည် နတ်သခင် ကောင်းကင်လင်းယုန်အဖြစ် ရုပ်ဖျက်ကာ လျှို့ဝှက်လဝန်း ကျောင်းတော်ထဲသို့ ခိုးဝင်လာခြင်းကို ထောက်ရှုလျှင် ထိုသူသည် နတ်သခင် ကောင်းကင်လင်းယုန်၏ ဝိညာဉ်ကို ရှာဖွေစစ်ဆေးခြင်း လုပ်ဆောင်ခဲ့ပြီး လျှို့ဝှက်လဝန်း ကျောင်းတော်၏ အသေးစိတ်အချက်အလက်အချို့ကို သိထားပြီးဖြစ်ကြောင်း ညွှန်ပြနေသည်။

နတ်သခင် ကောင်းကင်လင်းယုန်၏ ဝိညာဉ်ကို စစ်ဆေးပြီးနောက်တွင်ပင် ရန်သူသည် အတိအလင်း အင်အားသုံး တိုက်ခိုက်ခြင်း မပြုပဲ ခိုးဝင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သဖြင့် ၎င်း၏ အစွမ်းမှာ သူမ အစောပိုင်းက ထင်မှတ်ထားသလောက် ကြောက်မက်ဖွယ် မကောင်းလှကြောင်း ဖော်ပြနေသည်။

ရန်သူသည် စုံစမ်းထောက်လှမ်းရန် စေလွှတ်လိုက်သော ကိုယ်ပွားတစ်ခုသာ ဖြစ်နိုင်သဖြင့် ၎င်း၏ အစွမ်းမှာ အစကတည်းက အားနည်းနေခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် ထိုကိုယ်ပွားအား ဤနေရာ၌ အချိန်အကြာကြီး နေခွင့်ပေးထား၍ မဖြစ်ပေ။

မဟုတ်ပါက နတ်ဧကရာဇ် ယူလန်၏ အခြေအနေမှန် ပေါ်ပေါက်သွားမည့် အန္တရာယ် ရှိပေသည်။

နတ်သခင် ယွမ်မုန့်သည် ရောက်ရှိနေသော တောင်ထိပ်သခင်များကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် သူမ၏ အကြည့်က နတ်သခင် ကောင်းကင်ထံသို့ ကျရောက်သွားကာ

“တို့ အခုပဲ လှုပ်ရှားကြမယ်။ ကောင်းကင်တောင်ထိပ်သခင်... ရှင် လုချန်းဆီသွားပြီး အကူအညီ တောင်းလိုက်ပါ”

ဤနှစ်ပေါင်းများစွာအတွင်း နတ်သခင် ကောင်းကင်နှင့် လုချန်းတို့ကြား ရင်းနှီးသော ဆက်ဆံရေးများ ရှိခဲ့ပြီးနောက် လုချန်းအနေနှင့် နတ်သခင် ကောင်းကင်၏ သေးငယ်သော တောင်းဆိုမှုကို ငြင်းပယ်လိမ့်မည် မဟုတ်ကြောင်း နတ်သခင် ယွမ်မုန့် ယုံကြည်နေခဲ့သည်။

လုချန်း၏ ‘ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံ’ ဖြင့် သူတို့သည် ရန်သူကို မယှဉ်နိုင်လျှင်ပင် ထိုနည်းဗျူဟာပုံစံကို အသုံးပြု၍ ရန်သူအား ချိပ်ပိတ်ရန် ကြိုးစားနိုင်မည် ဖြစ်သည်။

နတ်သခင် ယွမ်မုန့်၏ စကားကို ကြားလျှင် နတ်သခင် ကောင်းကင်က

“ကောင်းပါပြီ”

ဟု ပြန်လည်တုံ့ပြန်ပြီး ထိုနေရာမှပင် ရုတ်ချည်း ပျောက်ကွယ်သွားခဲ့တော့သည်။

…..

တစ်ချိန်တည်းမှာပင်။

ကောင်းကင်လင်းယုန်တောင်ထိပ်။

သွေးဘိုးဘေးသည် ပလ္လင်ပေါ်တွင် ထိုင်နေရင်း သူ၏ နတ်အာရုံဖြင့် ယွမ်မုန့်ခန်းမကို အမြဲမပြတ် စောင့်ကြည့်နေခဲ့သည်။ တောင်ထိပ်သခင် အမြောက်အမြား ယွမ်မုန့်ခန်းမသို့ ဦးတည်သွားကြသည်ကို မြင်ရခြင်းက နတ်သခင် ယွမ်မုန့်သည် သူတို့ကို တစ်ခုခု ဆွေးနွေးရန် ခေါ်ယူခြင်း ဖြစ်ကြောင်း ပြသနေ၏။ ထို့ပြင် မကြာသေးမီက သူမသည် သူ့အား တောင်ပိုင်းနယ်အကြောင်းကို မေးမြန်း ‌ခဲ့သေး၏။

ထိုအချက်များအရ သူ နတ်သခင် ကောင်းကင်လင်းယုန် အစစ် မဟုတ်ကြောင်း သူမ သံသယဝင်နေပြီဟု အတည်ပြုပေးနေသည်။

လျှို့ဝှက်လဝန်း ကျောင်းတော်က သူ့အား အရေးယူရန် လှုပ်ရှားတော့မည်ကို ခန့်မှန်းမိသော်လည်း သွေးဘိုးဘေးသည် တည်ငြိမ်စွာ ရှိနေဆဲ ဖြစ်၏။ ဤအခွင့်အရေးကို အသုံးချ၍ နတ်ဧကရာဇ် ယူလန် ဝင်ရောက် စွက်ဖက်ခြင်း ရှိ၊ မရှိကို သူ ကြည့်ရှုလို၍ ဖြစ်သည်။

အကယ်၍ လျှို့ဝှက်လဝန်း ကျောင်းတော်အတွင်း အန္တရာယ် ကျရောက်လာချိန်တွင်ပင် နတ်ဧကရာဇ် ယူလန်က မည်သည့် လှုပ်ရှားမှုမှ မပြုလုပ်ပဲ နေပါက နတ်ဧကရာဇ် ယူလန်၏ အခြေအနေ တကယ်ပင် ဆိုးရွားနေပြီ ဖြစ်လိမ့်မည်။

ထိုအချိန်တွင်ပင် လူရိပ်အမြောက်အမြားသည် ကောင်းကင်လင်းယုန်တောင်ထိပ်၏ ကောင်းကင်ယံသို့ ပျံသန်းလာခဲ့ကြပြီး တောင်ထိပ်သခင်များအားလုံး စုပေါင်းလှုပ်ရှားကာ ကောင်းကင်လင်းယုန်တောင်ထိပ်တစ်ခုလုံးကို ကြီးမားလှသော ရွှေရောင်အကာအကွယ်အတားအဆီးတစ်ခုအတွင်း ပိတ်လှောင်လိုက်ကြတော့သည်။ နတ်သခင်များ၏ အရှိန်အဝါကို ခံစားမိလျှင် သွေးဘိုးဘေး၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှတ်သွားခဲ့သည်။

သူတို့က တကယ်ပဲ လက်ဦးမှုယူ တိုက်ခိုက်တော့မှာပဲ။

……

တစ်ချိန်တည်းမှာပင်။

ကောင်းကင်တောင်ထိပ်၌။

လုချန်းသည် အဝတ်ဗလာဖြင့် ကုတင်ပေါ်တွင် လှဲလျောင်းနေရင်း နတ်သခင် ကောင်းကင် ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေကာ သူမ ပြန်ရောက်လာပါက ဆက်လက်လုပ်ဆောင်မည့် အရာများကို စိတ်ကူးယဉ်နေခဲ့သည်။ မကြာသေးမီက လျှို့ဝှက်လဝန်း ကျောင်းတော်အတွင်း မည်သည့် ထူးခြားသော အဖြစ်အပျက်မှ ဖြစ်ပွားခဲ့လိမ့်မည် မဟုတ်ဟု သူက ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်မှာပင် နတ်သခင် ကောင်းကင်သည် အခန်းထဲသို့ ရုတ်ချည်း တည်နေရာရွှေ့ပြောင်း ဝင်ရောက်လာခဲ့သည်။ လုချန်းက သူမ၏ ယွန့်မုန့်ခန်းမ ခရီးစဉ်အကြောင်းကို မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် လျှို့ဝှက်လဝန်း ကျောင်းတော်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့တော့သည်။

ထို့နောက်ချက်ချင်းပင် အားကောင်းလှသော အရှိန်အဝါများ လျှို့ဝှက်လဝန်း ကျောင်းတော်အတွင်း လှိုင်းတံပိုးထသကဲ့သို့ မဆင်မခြင် သောင်းကျန်း လှုပ်ရှားလာခဲ့ကြသည်။

စကားပြောရန် ပြင်နေသည့် လုချန်း ခဏခန့် မှင်တက်သွားစဉ် နတ်သခင် ကောင်းကင်က

“အဝတ်အစားဝတ်ပြီး ကျွန်မ နောက်ကို လိုက်ခဲ့”

ဟု တိုတိုတုတ်တုတ် အမိန့်ပေးလိုက်သည်။

လုချန်း ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူသည် နှစ်ပေါင်းများစွာအတွင်း သူတို့ကြား ရင်းနှီးကျွမ်းဝင်မှုများမှ အကျိုးကျေးဇူးများ ရရှိခဲ့ပြီးဖြစ်ရာ သူ့ဘက်မှ တစ်စုံတစ်ရာ ပြန်လည် ကူညီပေးရမည် ဖြစ်သည်။

လျှို့ဝှက်လဝန်း ကျောင်းတော်အတွင်း ကြီးမားသော အရေးကိစ္စတစ်ခု ဖြစ်ပျက်နေပြီဖြစ်ကြောင်း သဘောပေါက်သွားသဖြင့် လုချန်းလည်း အချိန်ဆွဲမနေတော့ပဲ ကုတင်ပေါ်မှထကာ လက်တစ်ချက် ဝေ့ယမ်းလိုက်ပြီး ရွှေအနားကွပ် ဝတ်စုံဖြူ တစ်ထည်အား မြန်ဆန်စွာ ဝတ်ဆင်လိုက်သည်။ ထို့နောက် မဆိုင်းမတွပင် နတ်သခင် ကောင်းကင်သည် လုချန်းနှင့်အတူ လျှို့ဝှက်လဝန်း ကျောင်းတော်၏ ကောင်းကင်ယံသို့ ပျံသန်း ထွက်ခွာသွားခဲ့တော့သည်။

--

………..

All Chapters