အခန်း ၂၀၁၅
Vol. 135 Ch. 2015
အခန်း (၂၀၁၅)
သွေးဘိုးဘေးနှင့်တိုက်ပွဲ
လုချန်းနှင့် နတ်သခင် ကောင်းကင်တို့ လျှို့ဝှက်လဝန်း ကျောင်းတော်၏ ကောင်းကင်မြင့်ထံသို့ ရောက်ရှိလာပြီးနောက် ပတ်ဝန်းကျင် ကောင်းကင်ပြင်တစ်ခုလုံးတွင် စုံလင်ထွေပြားလှသော ကျင့်စဉ်ပညာရပ်မျိုးစုံနှင့် ရတနာများ ပျံသန်းဝဲပျံနေသည်ကို လုချန်း မြင်တွေ့လိုက်ရသည်။
နတ်သခင် ယွမ်မုန့်က လျှို့ဝှက်လဝန်း ကျောင်းတော်မှ နတ်သခင်များကို ဦးဆောင်ကာ နတ်သခင် ကောင်းကင်လင်းယုန်ကို အုံနှင့်ကျင်းနှင့် ဝိုင်းရံတိုက်ခိုက်နေသည်ကို တွေ့မြင်လျှင် လုချန်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရ၏။
သူက သူ့အနားရှိ နတ်သခင် ကောင်းကင်ကို စိတ်ကူးရခက်စွာဖြင့်
“ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ။ ကျုပ်အထင်မမှားဘူးဆိုရင် အဲဒီ နတ်သခင် ကောင်းကင်လင်းယုန်က ခင်ဗျားတို့ လျှို့ဝှက်လဝန်း ကျောင်းတော်ရဲ့ တောင်ထိပ်သခင်တစ်ယောက် မဟုတ်ဘူးလား”
ဟု မေးမြန်းလိုက်၏။
နတ်သခင် ကောင်းကင်က မျက်နှာတည်တည်နှင့်
“သူက နတ်သခင် ကောင်းကင်လင်းယုန်အစစ် မဟုတ်ဘူး”
လုချန်း သတိ ပြန်ဝင်လာပြီးနောက် နတ်သခင် ကောင်းကင်လင်းယုန်၏ သရုပ်မှန်ကို စစ်ဆေးရန် စနစ်ကို ချက်ချင်း အသုံးပြုလိုက်သည်။
[အမည် : သွေးဘိုးဘေး (ကိုယ်ပွား)]
[အချက်အလက် : သွေးလင်းယုန်ခန်းမသခင်၊ လောကပြင်ပမှ ဖြစ်တည်မှု]
[စွမ်းအား - နတ်ဧကရာဇ် (အရိပ်အယောင်)]
[သစ္စာစောင့်သိမှု : - ၁၀၀]
နတ်သခင် ကောင်းကင်လင်းယုန်၏ အချက်အလက်များကို မြင်လိုက်ရလျှင် လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားသည်။ သွေးဘိုးဘေးသည် သွေးလင်းယုန်ခန်းမထဲမှ ထွက်လာပြီး လျှို့ဝှက်လဝန်း ကျောင်းတော်သို့ပင် ရောက်ရှိလာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပေ။
လုချန်းကို အံ့အားသင့်စေဆုံး အရာမှာကား အခြားမဟုတ်ပေ။ ၎င်းမှာ သွေးဘိုးဘေး သူ့အပေါ် ထားရှိသည့် အသည်းခိုက်မတတ် ကြီးမားလှသော နာကျည်းမှုပင် ဖြစ်သည်။
သစ္စာစောင့်သိမှု - ၁၀၀ ဟူသည်မှာ တစ်ဖက်လူက သူ့ကို အရိုးထဲအထိ နာကျည်းနေပြီး သူ့ကို သတ်ပစ်ရန် အိပ်မက်ပင် မက်နေလောက်သည်ဟု အဓိပ္ပာယ်ရသည်။
ကံကောင်းထောက်မစွာဖြင့် သူ၏ ကိုယ်ပွားသည် နတ်ဧကရာဇ် နယ်ပယ်အစစ်သို့ မရောက်ရှိသေးပဲ အရိပ်အယောင် နတ်ဧကရာဇ်အဆင့်သာ ဖြစ်နေခြင်းပင်။
သို့သော် ထိုသို့ပြောရလျှင် သူ၏ ကိုယ်ပွားပင် အရိပ်အယောင် နတ်ဧကရာဇ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် သွေးလင်းယုန်ခန်းမထဲရှိ သူ၏ ပင်မကိုယ်မှာ နတ်ဧကရာဇ်အဆင့် စွမ်းအားကို ရရှိထားပြီးဖြစ်ကြောင်း သေချာသလောက် ရှိနေသည်။
ထို့ပြင် ဤသွေးဘိုးဘေးက သူ့ကို အရိုးထဲအထိ မုန်းတီးနေသဖြင့် သူတို့နှစ်ဦးသည် ကျားနှင့်ဆင် လယ်ပြင်မှာ ဆုံသကဲ့သို့ အနှေးနှင့်အမြန် ထိပ်တိုက်တွေ့ကြရမည် ဖြစ်သည်။ ထိုအရာက အလွန်ပင် ခေါင်းကိုက်စရာ ကိစ္စတစ်ခု ဖြစ်နေတော့သည်။
ရုတ်တရက် တောင်ကြီးပိလာသကဲ့သို့ ကြီးမားလှသော ဖိအားကို လုချန်း ခံစားလိုက်ရ၏။ လက်ရှိတွင် သူသည် နတ်ဘုရင် ကျင့်စဉ်အဆင့်၌သာ ရှိသေးသော်လည်း သွေးဘိုးဘေး၏ ကိုယ်ပွားကတော့ နတ်ဧကရာဇ် ကျင့်စဉ်အဆင့်သို့ပင် နီးကပ်နေပြီ ဖြစ်သည်။ အကယ်၍ သွေးဘိုးဘေး၏ ပင်မကိုယ်သာ ချင်နတ်ဘုရားနိုင်ငံသို့ သွားရောက်ခဲ့ပါက ချင်နတ်ဘုရားနိုင်ငံသည် လက်ဝါးတစ်ချက်ရိုက်ရုံဖြင့် ဖုန်မှုန့်များအဖြစ် ပျက်စီးသွားနိုင်သည်။
လုချန်း တွေးတောငေးမောနေစဉ်မှာပင် နတ်သခင် ကောင်းကင်လင်းယုန်၏ ခန္ဓာကိုယ်ပတ်လည်တွင် သွေးစွမ်းအားများ တဟုန်ထိုး ပေါက်ကွဲထွက်လာပြီး နောက်တစ်ခဏ၌ လျှို့ဝှက်လဝန်း ကျောင်းတော်၏ ကောင်းကင်ပြင်ကြီးတစ်ခုလုံး သွေးနီရောင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
နတ်သခင် ယွမ်မုန့်သည် နတ်သခင် ကောင်းကင်လင်းယုန်ကို တစ်ကိုယ်တော် ရင်ဆိုင်ရန် စိတ်ကူးမရှိသဖြင့် ကောင်းကင်မြင့်ထံသို့ လျှပ်စီးလက်သကဲ့သို့ ပျံသန်းသွားကာ သူမ၏ ခန္ဓာကိုယ်မှ ရောင်စုံအလင်းတန်းများကို ဖြာထွက်စေလိုက်သည်။ ထို့နောက်တွင် ကောင်းကင်မြင့်ထက်၌ မိုးခြိမ်းသံအလား ကြည်လင်ပြတ်သားသော အသံတစ်သံ ဟိန်းထွက်လာခဲ့၏။
“ဘဝဆိုသည်မှာ အိပ်မက်တစ်ခု”
နတ်သခင် ယွမ်မုန့်၏ အသံဆုံးသည်နှင့် သွေးဘိုးဘေးသည် လေထုထဲတွင် မိန်းမောတွေဝေသွားပြီး မျက်ဝန်းများ မှုန်မှိုင်းသွားကာ သူ၏ နတ်ဝိညာဉ်ပင် လွင့်စင်သွားသည့်အလား ဖြစ်သွားသည်။
‘ဘဝဆိုသည်မှာ အိပ်မက်တစ်ခု’ ဟူသော ကျင့်စဉ်သည် လူများကို အိပ်မက်ကမ္ဘာထဲသို့ အတင်းအကျပ် ဆွဲသွင်းနိုင်ပြီး ထိုနည်းဖြင့် ၎င်းတို့ကို လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း ရှိသည်။ အမှန်စင်စစ် ‘ဘဝဆိုသည်မှာ အိပ်မက်တစ်ခု’ ကို သတ်ဖြတ်ရန်အတွက်လည်း အသုံးပြုနိုင်သည်။
နတ်သခင် ယွမ်မုန့်၏ နတ်ဝိညာဉ်သာ လုံလောက်စွာ စွမ်းအားကြီးပါက သူမသည် သွေးဘိုးဘေးကို အိပ်မက်ကမ္ဘာထဲ၌ပင် သတ်ဖြတ်ပစ်နိုင်၏။ သို့သော် သူမ၏ နတ်ဝိညာဉ်မှာ သွေးဘိုးဘေးထက် ပို၍ စွမ်းအားမကြီးကြောင်း ထင်ရှားလှသဖြင့် နတ်သခင် ယွမ်မုန့်သည် သွေးဘိုးဘေး၏ နောက်သို့ အိပ်မက်နယ်ပယ်ထဲအထိ လိုက်မသွားခဲ့ပေ။
လျှို့ဝှက်လဝန်း ကျောင်းတော်မှ အခြားနတ်သခင်များသည် သွေးဘိုးဘေး ယာယီချုပ်ကိုင်ခံထားရသည်ကို မြင်လျှင် သူ့ကို အရှိန်အဟုန်အပြည့်ဖြင့် ချက်ချင်း ဝိုင်းအုံပိတ်ဆို့လိုက်ကြပြီး နတ်သခင် ယွမ်မုန့်နှင့်အတူ လျှို့ဝှက်လဝန်း ကျောင်းတော်၏ သတ်ဖြတ်ခြင်း နည်းဗျူဟာပုံစံကို တပြိုင်နက်တည်း လှုံ့ဆော်လိုက်ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လျှို့ဝှက်လဝန်း ကျောင်းတော်၏ အထက်ကောင်းကင်၌ ကြယ်တာရာများအလား မရေတွက်နိုင်သော ဧရာမဓားကြီးများ ပေါ်ပေါက်လာခဲ့၏။ ၎င်းဓားကြီးများသည် သွေးဘိုးဘေးကို ပစ်မှတ်အဖြစ် သတ်မှတ်ပြီးနောက် သူ့ထံသို့ မိုးရွာသကဲ့သို့ တပြိုင်နက်တည်း ထိုးဆင်းသွားကြ တော့သည်။
ဓားကြီးများက သွေးဘိုးဘေး၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားသည့်တိုင် သွေးဘိုးဘေး နိုးထလာခြင်း မရှိသေးသော်လည်း ထိုဓားကြီးများသည် သူ့အား ကြီးမားသော ထိခိုက်မှု ပေးနိုင်ပုံမရပေ။ ဓားကြီးများက သွေးဘိုးဘေး၏ ခန္ဓာကိုယ်ကို ဒဏ်ရာတစ်ချက်ပင် မကျန်ရစ်စေပဲ ဖြတ်သန်းသွားသည်ကို တွေ့မြင်လျှင် နတ်သခင်အားလုံး၏ မျက်နှာအမူအရာများ သွေးပျက်မတတ် အလွန်ပင် လေးနက်သွားကြတော့သည်။
ဤလူသည် လျှို့ဝှက်လဝန်း ကျောင်းတော်၏ သတ်ဖြတ်ခြင်း နည်းဗျူဟာပုံစံကို အံ့အားသင့်စရာ ကောင်းလောက်အောင် ခုခံနိုင်နေ၏။
သာမန်နတ်သခင်တစ်ဦးသာ ဆိုပါက အသက် မသေဆုံးလျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားလောက်သော်လည်း သူကတော့ မည်သို့မှ ထိခိုက်မှု ရှိပုံမရပေ။ လျှို့ဝှက်လဝန်း ကျောင်းတော်၏ သတ်ဖြတ်ခြင်း နည်းဗျူဟာပုံစံသည်လည်း တန်ဖိုးမဖြတ်နိုင်သော သူတော်စင်အဆင့် နည်းဗျူဟာပုံစံတစ်ခု ဖြစ်ကြောင်း သိထားသင့်ပေသည်။
ထိုအခိုက်အတန့်တွင် သွေးဘိုးဘေး၏ မျက်ဝန်းများ ပြန်လည်ကြည်လင်လာပြီး ရှိနေသော နတ်သခင်များကို ဝေ့ကြည့်လိုက်ကာ နောက်ဆုံးတွင် သူ၏ အကြည့်များက နတ်သခင် ယွမ်မုန့်ထံ၌ ရပ်တန့်သွားခဲ့သည်။
သူက နတ်သခင် ယွမ်မုန့်ကို လှောင်ပြုံးပြုံးလျက် ခနဲ့တဲ့တဲ့ လေသံဖြင့်
“ကျုပ်ကိုတောင် အိပ်မက်ကမ္ဘာထဲ ဆွဲသွင်းနိုင်ပဲ။ ခင်ဗျားမှာ အရည်အချင်း အနည်းငယ် ရှိတယ်လို့ ပြောရမယ်။ ဒါပေမဲ့ ခင်ဗျား ကျုပ်ကို မသတ်နိုင်ဘူး။”
ထိုသို့ ပြောပြီးနောက်တွင် သွေးဘိုးဘေးသည် သူ၏ ရုပ်သွင်ကို ထပ်မံဖုံးကွယ်မထားတော့ပေ။ မျက်စိတစ်မှိတ်အတွင်း သူ၏ခန္ဓာကိုယ်မှ မရေတွက်နိုင်သော သွေးစွမ်းအားများ မီးတောင်ပေါက်ကွဲသကဲ့သို့ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာပြီးနောက် သူ၏ ရုပ်သွင်သည် အခြားလူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ သွေးစွမ်းအားများ တဖြည်းဖြည်း လွင့်ပြယ်သွားလျှင် သွေးနီရောင်ဆံပင်များနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ကောင်းကင်မြင့်ထက်တွင် ပေါ်ထွက်လာလေသည်။
ထိုအခိုက်အတန့်တွင် သွေးဘိုးဘေး တစ်ခုခုကို ခံစားမိသွားပုံရ၏။ သူက ရုတ်ခြည်းပင် ခေါင်းလှည့်ကာ လုချန်းရှိရာ အရပ်သို့ ကြည့်လိုက်သည်။
လုချန်းနှင့် သွေးဘိုးဘေးတို့ အကြည့်ချင်း ဆုံမိသွားကြ၏။ လုချန်းကို မြင်လိုက်ရလျှင် သွေးဘိုးဘေးသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိပြီး သူ၏ ပတ်ဝန်းကျင်ရှိ သွေးစွမ်းအားများမှာလည်း ပြင်းထန်စွာ လှိုင်းထလာတော့သည်။
နောက်တစ်ခဏ၌ သွေးဘိုးဘေးက
“မြေအောက်ကမ္ဘာ နှလုံးသားဝါးမြိုခြင်းပညာ”
ဟု ခြင်္သေ့ဟိန်းသကဲ့သို့ ဒေါသတကြီး အော်ဟစ်လိုက်သည်။
ထိုသို့ပြောပြီးသည်နှင့် သွေးဘိုးဘေး၏ လက်ညှိုးထိပ်မှ ရဲရဲနီသော အလင်းတန်းတစ်ခု လျှပ်စီးတန်းပမာ ထွက်ပေါ်လာကာ လုချန်းရှိရာသို့ တည့်တည့်မတ်မတ် ပြေးဝင်သွားတော့သည်။
လုချန်းကို မြင်လိုက်ရသဖြင့် ဤအရာသည် လုချန်း၏ ပင်မကိုယ်ဖြစ်စေ၊ ကိုယ်ပွားဖြစ်စေ အမြစ်ပြတ် ရှင်းလင်းပစ်ရမည် ဖြစ်ပေသည်။ အကယ်၍ ဤအရာသည် လုချန်းအစစ်ဖြစ်ပြီး သူ၏ စွမ်းအားများ ပြန်လည်မကောင်းမွန်သေးပါက လုချန်းကို အမြစ်ပြတ်ချေမှုန်းရန် အကောင်းဆုံးအချိန်ပင် ဖြစ်သည်။
အကယ်၍ ဤအရာက လုချန်း၏ ကိုယ်ပွားသာ ဖြစ်နေဦးတော့ လုချန်း၏ နတ်ဝိညာဉ်ကို ရက်ရက်စက်စက် တိုက်ခိုက်ရန် ‘မြေအောက်ကမ္ဘာ နှလုံးသားဝါးမြိုခြင်းပညာ’ ကို အသုံးပြုနိုင်ဆဲ ဖြစ်သည်။ ၎င်းက လုချန်းကို မသတ်ဖြတ်နိုင်လျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရရှိစေနိုင်သည်။
အနီရောင်မိစ္ဆာအလင်းတန်း လုချန်းထံသို့ ပြေးဝင်လုနီးပါး ဖြစ်နေသည်ကို မြင်သောအခါ နတ်သခင် ကောင်းကင်သည် လုချန်း၏ ရှေ့သို့ မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလာပြီး ဓားကို ဝှေ့ယမ်းကာ လျင်မြန်စွာ ပိတ်ဆို့ကာကွယ်လိုက်၏။
သို့သော် သူမ၏ ပြင်းထန်လှသော ဓားစွမ်းအားများဖြင့် ထိုမိစ္ဆာအလင်းတန်းကို တိုက်ခိုက်လိုက်သော်လည်း သူမ၏ ဓားချက်က ၎င်းကို ဖျက်ဆီးနိုင်ခြင်း မရှိခဲ့ပေ။ ထို့နောက် နတ်သခင် ကောင်းကင်သည် လုချန်းကို ခေါ်ဆောင်ကာ အာကာသ တည်နေရာရွှေ့ပြောင်းခြင်းကို လျင်မြန်စွာ အသုံးပြုလျက် အခြားနေရာတစ်ခုသို့ ချက်ချင်း တည်နေရာရွှေ့ပြောင်းသွားခဲ့သော်လည်း လုချန်း၏ ခန္ဓာကိုယ် ပြန်လည်ပေါ်လာသည်နှင့် ထိုမိစ္ဆာအလင်းတန်းသည် လုချန်းကို ပစ်မှတ်ထားသည့်အလား လမ်းကြောင်းပြောင်းလဲကာ လုချန်းထံသို့ ထပ်မံပြေးဝင်လာပြန်၏။
နတ်သခင် ကောင်းကင်လည်း လုချန်းကိုထပ်ခေါ်ဆောင်ကာ အာကာသ တည်နေရာရွှေ့ပြောင်းခြင်းကို အကြိမ်ကြိမ် ဆက်တိုက် အသုံးပြုနေရတော့သည်။
လုချန်း ရှောင်တိမ်းနေသည်ကို မြင်လျှင် သွေးဘိုးဘေးက ခနဲ့တဲ့တဲ့အပြုံးဖြင့် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး နောက်တစ်ခဏ၌ သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်လှသော ဖိအားများကို ထုတ်လွှတ်လိုက်တော့သည်။
ထို့နောက်တွင် ကောင်းကင်ယံ၌ ရွှေရောင်သံကြိုး အမြောက်အမြား ပေါ်ပေါက်လာသည်ကို အားလုံး မြင်တွေ့လိုက်ကြရ၏။ နတ်သခင် ကောင်းကင် နောက်ထပ်တစ်ကြိမ် အာကာသ တည်နေရာရွှေ့ပြောင်းရန် ကြိုးစားလိုက် သောအခါ အာကာသ ချိပ်ပိတ်ခံလိုက်ရပြီး သူမ၏အရှိန်မှာလည်း ကန့်သတ်ခံလိုက်ရကြောင်း သတိပြုမိသွားသည်။
နတ်သခင် ကောင်းကင်က နတ်သခင် ယွမ်မုန့်ထံသို့ ပျာပျာသလဲ အလျင်အမြန် အသံလှိုင်းဖြင့် သတင်းပို့လိုက်၏။
“ကျောင်းတော်သခင်... ကျွန်မတို့ သူ လုချန်းကို ထိခိုက်အောင်လုပ်တာကို မဖြစ်မနေ တားဆီးရမယ်။ အကယ်၍ လုချန်းသာ တစ်ခုခုဖြစ်သွားရင် ကျွန်မတို့ သူ့ကို ရင်ဆိုင်ဖို့ နည်းလမ်း တကယ်ရှိတော့မှာ မဟုတ်ဘူး။”
လျှို့ဝှက်လဝန်း ကျောင်းတော်၏ သတ်ဖြတ်ခြင်း နည်းဗျူဟာပုံစံသည်ပင် ဤလူကို မသတ်ဖြတ်နိုင်ခဲ့သည့်အပြင် တစ်ဖက်လူ ထုတ်လွှတ်ထားသော တုန်လှုပ်ချောက်ချားဖွယ် ဖိအားမှာလည်း နတ်ဧကရာဇ်အဆင့်သို့ အလွန်ပင် နီးကပ်နေပြီ ဖြစ်သည်။
အကယ်၍ လုချန်းသာ တစ်ခုခုဖြစ်သွားပါက ‘ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံ’ ကို တည်ဆောက်မည့်သူ မရှိတော့သဖြင့် သူတို့အနေနှင့် ဤလူကို ကိုင်တွယ်ဖြေရှင်းရန် မည်သည့်နည်းလမ်းမှ ရှိတော့မည် မဟုတ်ပေ။
နတ်သခင် ကောင်းကင်၏ အသံလှိုင်းပေးပို့ချက်ကို ကြားလျှင် နတ်သခင် ယွမ်မုန့်လည်း လုချန်းအား ကာကွယ်ရန် အခြား နတ်သခင်များကို သူ၏ဘေးသို့ ချက်ချင်း သွားခိုင်းလိုက်ကာ လုချန်း ထိခိုက်ဒဏ်ရာ မရရှိစေရန်အတွက် ‘မြေအောက်ကမ္ဘာ နှလုံးသားဝါးမြိုခြင်းပညာ’ ကို ကူညီခုခံပေးစေခဲ့သည်။
တစ်ချိန်တည်းမှာပင် နတ်သခင် ယွမ်မုန့်သည် သွေးဘိုးဘေးကို ဟန့်တားထားရန်အတွက် ‘ဘဝဆိုသည်မှာ အိပ်မက်တစ်ခု’ ကျင့်စဉ်ကို သူ့အပေါ် ထပ်မံအသုံးပြုလိုက်ပြန်သည်။
ဤကျင့်စဉ်ဖြင့် သူ့ကို တစ်ကြိမ် တိုက်ခိုက်ဖူးသောကြောင့် ‘ဘဝဆိုသည်မှာ အိပ်မက်တစ်ခု’ ကို ဒုတိယအကြိမ်မြောက် အသုံးပြုလိုက်သောအခါ သွေးဘိုးဘေးအား အိပ်မက်ကမ္ဘာထဲသို့ ကြာရှည်စွာ ဆွဲမသွင်းနိုင်တော့ပဲ မျက်စိတစ်မှိတ်အတွင်း သွေးဘိုးဘေး ချက်ချင်း သတိပြန်လည်လာခဲ့တော့သည်။
နိုးထလာပြီးနောက် သွေးဘိုးဘေးက မထီမဲ့မြင်ဟန်ဖြင့်
“ဒီကျင့်စဉ်က တော်တော်လေး စိတ်ဝင်စားဖို့ကောင်းသားပဲ။ ဒီပညာရပ်ရဲ့ ပြီးပြည့်စုံတဲ့ပုံစံက ဝိညာဉ်နယ်ပယ်ကနေ ဆင်းသက်လာတာ ထင်တယ်။ ဒါပေမဲ့ အသုံးပြုတဲ့သူရဲ့ စွမ်းအားက သိပ်ကို အားနည်းလွန်းနေတယ်”
ဟု လှောင်ပြုံးပြုံးလျက် ဆိုလိုက်၏။
သွေးဘိုးဘေး ကိုယ်တိုင်က ဝိညာဉ်နယ်ပယ်မှ လာသူဖြစ်သောကြောင့် သူ၏ နတ်ဝိညာဉ်သည် အလွန်တရာ စွမ်းအားကြီးလှပေသည်။ သူ၏ နတ်ဝိညာဉ်ကို လွှမ်းမိုးနိုင်ပြီး သူ၏ အသိစိတ်ကို အိပ်မက်နယ်ပယ်ထဲသို့ ဆွဲသွင်းနိုင်သည့် ပညာရပ်က သာမန်မဟုတ်သည်မှာ သေချာလှသည်။
လျှို့ဝှက်လဝန်း ကျောင်းတော်၏ နောက်ကွယ်တွင် လောကပြင်ပမှ အခြားလူတစ်ဦး ရှိနေနိုင်သည် သို့မဟုတ် လျှို့ဝှက်လဝန်း ကျောင်းတော်ကို လောကပြင်ပမှ တစ်စုံတစ်ယောက်က တည်ထောင်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ယခုအခါ သွေးဘိုးဘေး သံသယဝင်လာတော့သည်။
သို့သော် ယခုအချိန်သည် ထိုအရာများကို ဂရုစိုက်နေရမည့် အချိန်မဟုတ်ပေ။ သူသည် အဝေးတစ်နေရာရှိ လုချန်းကိုသာ လျင်မြန်စွာ ရှင်းလင်းပစ်ရန် မျှော်လင့်နေ၏။ လုချန်း တည်ရှိနေမှုက သူ့အား ရင်ဘတ်ထဲက ဆူးတစ်ချောင်းလို စိတ်မအေးဖြစ်စေသောကြောင့် ဖြစ်သည်။
--
…………