← Chapters

အခန်း ၂၀၁၆

Vol. 135 Ch. 2016

အခန်း ၂၀၁၆

Vol. 135 Ch. 2016

အခန်း (၂၀၁၆ )

နောက်တကြိမ် လာဦးမှာလား

နတ်သခင် ယွမ်မုန့်၏ ‘ဘဝဆိုတာ အိပ်မက်တစ်ခု’ ကျင့်စဉ်က သွေးဘိုးဘေးအပေါ် သက်ရောက်မှု အနည်းငယ်သာ ရှိသော်လည်း ခဏခန့်တော့ စိတ်ပျံ့လွင့်သွားခဲ့ရာ အခြားနတ်သခင်များအတွက် လုချန်းအနီးသို့ ချဉ်းကပ်ရန် အခွင့်ကောင်း ကြုံသွားခဲ့သည်။

ထိုအခိုက်အတန့်တွင် လျှို့ဝှက်လဝန်း ကျောင်းတော်မှ တောင်ထိပ်သခင် အနည်းငယ်သည် လုချန်း၏ ရှေ့တွင် ရပ်၍ ကာကွယ်ရပ်တည်လိုက်ကြပြီး နတ်သခင်အားလုံးက သူတို့၏ နိယာမ ပုံရိပ်များကို တစ်ပြိုင်နက်တည်း ထုတ်ဖော်ကာ လုချန်းနောက်သို့ လိုက်လံတိုက်ခိုက်နေသည့် မိစ္ဆာအလင်းကို ပူးတွဲတွန်းလှန်ကာ ကာကွယ်ပေးခဲ့ကြသည်။

နတ်သခင်အမြောက်အမြား လက်တွဲညီညီ စုပေါင်းလုပ်ဆောင်ကြသဖြင့် ထိုမိစ္ဆာအလင်းသည် သူတို့၏ ပညာဖြင့် ပြင်းထန်စွာ တိုက်ခိုက်မှုများကို ထပ်မံမတောင့်ခံနိုင်တော့ပဲ ခဏချင်းအတွင်း ပေါက်ကွဲသွားတော့သည်။ ပေါက်ကွဲမှုမှ အလင်းလှိုင်းဂယက်များ ဖြာထွက်လာပြီး လူများအပေါ်သို့ ရိုက်ခတ်သွားသည့် အနီရောင်လှိုင်းတံပိုးများသည် သူတို့၏ ဝိညာဉ်များကို ချက်ချင်းပင် အသည်းခိုက်မတတ် နာကျင်မှုကို ခံစားရစေ၏။

ပေါက်ကွဲသွားသော မိစ္ဆာအလင်း၏ နောက်ဆက်တွဲ ရိုက်ခတ်မှုပင် နတ်သခင်များ၏ ဝိညာဉ်ကို ထိခိုက်ဒဏ်ရာရစေနိုင်ရာ အကယ်၍ ဤမိစ္ဆာအလင်း လုချန်းကို တိုက်ရိုက် ထိမှန်ခဲ့မည်ဆိုပါက အကျိုးဆက်မှာ တွေးဝံ့စရာမရှိအောင် ဆိုးဝါးလှပေလိမ့်မည်။

လုချန်း၏ နတ်ဝိညာဉ်သည်လည်း တစ်ခဏချင်းအတွင်း ပြာပုံဘဝသို့ လုံးဝ ချေမှုန်းဖျက်ဆီးခြင်း ခံလိုက်ရနိုင်သည်။

လျှို့ဝှက်လဝန်း ကျောင်းတော်မှ နတ်သခင်များက လုချန်းအား သူ၏ တိုက်ကွက်မှ ကာကွယ်ပေးဝံ့သည်ကို တွေ့မြင်လျှင် သွေးဘိုးဘေးက နှာခေါင်းရှုံ့လျက်

“ပုရွက်ဆိတ်တစ်အုပ်က ကျုပ်ကို တားဆီးဝံ့တယ်ပေါ့”

ဟု အေးစက်စွာ ဆိုလိုက်၏။

ချက်ချင်းဆိုသလိုပင် သွေးဘိုးဘေးသည် ပို၍ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်ရာ လျှို့ဝှက်လဝန်း ကျောင်းတော်အထက်ရှိ အာကာသဟင်းလင်းပြင်သည်ပင် ထိုဒဏ်ကြောင့် လိမ်တွန့်သွားခဲ့ရသည်။

မကြာမီတွင် သွေးနီရောင် ကောင်းကင်တစ်ခုလုံးသည် မိုးမှောင်ကျသကဲ့သို့ ပို၍ ညိုမှောင်အုံ့မှိုင်းလာကာ စူးရှသော အသံတစ်သံ မြည်ဟည်းနေသည့် အနီရောင်ရင့်ရင့် တိမ်တိုက်ကြီးတစ်ခု ပေါ်လာခဲ့သည်။

သွေးဘိုးဘေးက ရှိနေသည့် နတ်သခင်များကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက်

“ဝိညာဉ်တစ်သောင်း ငရဲဘုံ”

ဟု အော်ဟစ်လိုက်သည်။

နောက်တစ်ခဏ၌ အနီရောင်ရင့်ရင့် တိမ်တိုက်များထဲမှ ထောင်ပေါင်းများစွာသော ယင်ကောင်ဝိညာဉ်များ ပျံသန်းထွက်ပေါ်လာပြီး ၎င်းတို့တစ်ကောင်ချင်းစီတွင် နတ်သခင်တစ်ပါးနီးပါး စွမ်းအားများ ရှိကြသည်။

သို့သော် ကြောက်မက်ဖွယ်ရာ အကောင်းဆုံးအရာက ဤယင်ဝိညာဉ်များ မဟုတ်ပေ။ ထိုအခိုက်အတန့်တွင် ရှိနေသော နတ်သခင်များသည် သူတို့၏ နတ်ဝိညာဉ်များ ထိခိုက်မှုရှိလာသလို ခံစားရပြီး ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာ အာရုံခံစားမှုများ ထုံထိုင်းပြီး ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း အားနည်းသွားကြသည်။ သူတို့၏ နတ်ဝိညာဉ်များကို စွမ်းအားတစ်ခုခုက စုပ်ယူနေသကဲ့သို့ပင်။

၎င်းသည် ရန်သူ၏ နယ်ပယ်ဖြစ်ကြောင်း နတ်သခင် ယွမ်မုန့် ချက်ချင်း သဘောပေါက်သွားခဲ့သည်။ သူမက လုချန်းထံသို့ အသံလှိုင်းဖြင့် ချက်ချင်း သတင်းပို့လိုက်၏။

“လုချန်း... မြန်မြန်လုပ်။ ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံကို ချက်ချင်း လုပ်လိုက်တော့။”

ယခုအချိန်တွင် သူတို့၏ နောက်ဆုံးလက်နက် သို့မဟုတ် တစ်ခုတည်းသော ကိုးကွယ်ရာ မျှော်လင့်ချက်မှာ လုချန်း၏ သူတော်စင်အဆင့် ချိပ်ပိတ်နည်းဗျူဟာပေါ်တွင်သာ တည်ရှိတော့သည်။

နတ်သခင် ယွမ်မုန့်ထံမှ အသံလှိုင်းသတင်းစကားကို ရရှိလျှင် လုချန်းသည် လက်ကို ချက်ချင်း မြှောက်လိုက်ပြီး လျှပ်တစ်ပြက်အတွင်းမှာပင် ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံကို အပြီးသတ် ရေးဆွဲလိုက်သည်။

ယခုအခါ သူ၏ နတ်ဝိညာဉ်သည် ပို၍ စွမ်းအားကြီးလာပြီဖြစ်ရာ ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံ၏ အင်းကွက်များကို ရေးဆွဲရတာ အလွန်လွယ်ကူလှပြီး မျက်တောင်တစ်ခတ်အတွင်း ပြီးစီးလုနီးပါး ဖြစ်သွားခဲ့သည်။

ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံ ပြီးပြည့်စုံသွားသည့် အခိုက်အတန့်တွင် လူတိုင်းသည် ထိုအင်းကွက်များဆီမှ ထွက်ပေါ်လာသော ရင်တုန်ပန်းတုန်ဖြစ်စရာ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို ခံစားလိုက်ရသည်။

ထို့နောက် နတ်သခင် ယွမ်မုန့်က ရှိနေသည့် နတ်သခင်များကို လှမ်းပြောလိုက်သည်။

“လုချန်းကို နည်းဗျူဟာပုံစံ ဖော်ဆောင်ဖို့ ကူညီပေးကြပါဦး”

သူမ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် နတ်သခင်များသည် သူတို့၏ နတ်စွမ်းအားများကို လုချန်းထံသို့ အပြိုင်အဆိုင် လွှဲပြောင်းပေးလိုက်ကြပြီး အသစ်ဖွဲ့စည်းလိုက်သော ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံ တည်ငြိမ်သွားစေရန် ကူညီပေးခဲ့ကြသည်။

ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံမှ ထွက်ပေါ်လာသော စွမ်းအားကို အာရုံခံမိလျှင် သွေးဘိုးဘေး၏ မျက်နှာအမူအရာလည်း သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ဤနည်းဗျူဟာပုံစံသည် သူအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေကြောင်း သူ ခံစားသိနိုင်ခဲ့သည်။

သွေးဘိုးဘေးသည် လုချန်း၏ နည်းဗျူဟာပုံစံ ဖွဲ့စည်းမှုကို တားဆီးရန်အတွက် ဝိညာဉ်တစ်သောင်း ငရဲဘုံနယ်ပယ်ကို ပို၍မြန်ဆန်စွာ လှုံ့ဆော်ရန် အသည်းအသန် ကြိုးပမ်းလိုက်သည်။

သို့သော် နည်းဗျူဟာပုံစံက ပြီးစီးသွားခဲ့ပြီ ဖြစ်၏။ လုချန်းသည် ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံကို အရှိန်မြှင့်လိုက်ပြီး သွေးဘိုးဘေးအပေါ်သို့ ပစ်မှတ်ထားလိုက်သည်။

နောက်တစ်ခဏတွင် သွေးဘိုးဘေးသည် သူ၏ စွမ်းအားအားလုံး ချိပ်ပိတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ နတ်အာရုံနှင့် ဆက်သွယ်မှုသည်လည်း အလွန် မတည်မငြိမ် ဖြစ်လာကာ ဤကိုယ်ပွားအပေါ် သူ၏ ထိန်းချုပ်နိုင်စွမ်းကို အားနည်းသွားစေခဲ့သည်။

လုချန်းသည် သွေးဘိုးဘေးကို အမြစ်ပြတ် လုံးဝ နှိမ်နင်းရန် ရည်ရွယ်ချက်ဖြင့် ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံကို ဆက်လက်လှုံ့ဆော်နေခဲ့သည်။

ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံ၏ အင်းကွက်များ အဆက်မပြတ် သက်ရောက်လာသည်နှင့်အမျှ ဝိညာဉ်တစ်သောင်း ငရဲဘုံ၏ ထူးဆန်းသော ဖြစ်စဉ်များသည် မြူနှင်းများ အရည်ပျော်သကဲ့သို့ စတင်ပျောက်ကွယ်သွားပြီး သွေးစွမ်းအားများသည်လည်း သွေးဘိုးဘေး၏ ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ ပြန်လည်ဝင်ရောက်သွားခဲ့သည်။

သွေးဘိုးဘေးသည် နောက်ဆုံးအဆင့်အဖြစ် အသည်းအသန် ရုန်းကန်ရန် ကြိုးစားနေစဉ် တစ်စုံတစ်ခု မှားယွင်းနေသည်ကို နတ်သခင် ယွမ်မုန့် သတိပြုမိပြီး ရှိနေသည့် နတ်သခင်များကို လျင်မြန်စွာ အော်ပြောလိုက်သည်။

“ရှင့်တို့ရဲ့ စွမ်းအားအားလုံးကို ထုတ်သုံးကြ။”

ထိုအရာကို ကြားလျှင် နတ်သခင်များလည်း စွမ်းအားများကို လျှို့ဝှက်မထားတော့ပဲ သူတို့၏ နတ်စွမ်းအားများကို လုချန်းထံသို့ အင်တိုက်အားတိုက် ရူးသွပ်စွာ ပုံအောထည့်ပေးလိုက်ကြသည်။

ထိုအခါ လုချန်းက

“နည်းဗျူဟာပုံစံ... အသက်ဝင်စေ”

ဟု ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။

နည်းဗျူဟာပုံစံ၏ ဖိအားကြောင့် သူ၏ စွမ်းအားများ အဆက်မပြတ် ဖိသိပ်ခြင်း ခံနေရသည်ကို တွေ့ရသဖြင့် သွေးဘိုးဘေးလည်း သူ ဤမဟာနည်းဗျူဟာပုံစံကြီးကို မတောင့်ခံနိုင်တော့ကြောင်း သိသွားပြီး နောက်ဆုံး မတတ်နိုင်သည့်အဆုံး “လုချန်း” ဟုသာ ရုန်းကန်အော်ဟစ်နိုင်တော့သည်။

ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံသည် သွေးဘိုးဘေးကို လုံးဝ အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ပြီး အင်းကွက်များကို အချက်တစ်ချက်တည်း ဖြစ်သွားအောင် အလျင်အမြန် ဖိသိပ်ကာ ချိပ်ပိတ်ပုံဆောင်ခဲတစ်ခု ဖွဲ့စည်းလိုက်စဉ် သွေးဘိုးဘေး၏ အော်ဟစ်သံသည် လျှို့ဝှက်လဝန်း ကျောင်းတော် အထက်ကောင်းကင်ပြင်တွင် မိုးထစ်ချုန်းသကဲ့သို့ ဟိန်းထွက်သွားခဲ့သည်။

သွေးဘိုးဘေး၏ အရှိန်အဝါ လုံးဝ ကွယ်ပျောက်သွားသည်ကို ခံစားမိမှသာ လျှို့ဝှက်လဝန်း ကျောင်းတော်မှ နတ်သခင်များလည်း ရင်ထဲမှ အလုံးကြီးကျသလို စိတ်သက်သာရာ ရသွားခဲ့ကြသည်။

ထိုအချိန်တွင် နတ်သခင် ယွမ်မုန့်သည် ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် လုချန်းကို လှည့်ကြည့်လိုက်သည်။ အကယ်၍ လုချန်း၏ ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံသာ မရှိခဲ့လျှင် လျှို့ဝှက်လဝန်း ကျောင်းတော်သည် ယနေ့တွင် စိစိညက်ညက်ကြေအောင် ပျက်စီးသွားနိုင်သည်။

လျှို့ဝှက်လဝန်း ကျောင်းတော်က ထိုသူအပေါ် အောင်ပွဲခံနိုင်ခဲ့လျှင်ပင် အသက်သွေးချွေးမြောက်မြားစွာ ပေးဆပ်ခဲ့ရမည် ဖြစ်၏။

သို့သော် ပြန်လည်စဉ်းစားကြည့်လျှင် ထိုသူကိုယ်တိုင်က လုချန်းကိုသာ ပစ်မှတ်ထားနေပုံရသည်ဟု သူမ ခံစားလိုက်ရသည်။

လုချန်းကို မြင်မြင်ချင်း သူသည် မဆိုင်းမတွ တိုက်ခိုက်ခဲ့သည့်အပြင် ချိပ်ပိတ်မခံရမီ လုချန်း၏ အမည်ကို ကျယ်လောင်စွာ အော်ဟစ်ခေါ်ဆိုသွားခဲ့ခြင်းဖြစ်ရာ အရာအားလုံးက သူသည် လုချန်းကို ရန်ရှာရန် ရည်ရွယ်ချက်ရှိရှိ လာရောက်ခြင်းဖြစ်ကြောင်း ညွှန်းဆိုနေသည်။

လုချန်းသည်လည်း နတ်သခင် ယွမ်မုန့်၏ အကြည့်ကို သတိပြုမိပုံရပြီး နတ်သခင် ယွမ်မုန့် ရှိရာဘက်သို့ လှည့်ကာ သူမ၏ မျက်ဝန်းများကို စိုက်ကြည့်လိုက်သည်။

လုချန်းက ခပ်ဖွဖွလေး ပြုံးပြလိုက်ပြီးနောက်

“ကျောင်းတော်သခင်... ကျုပ်တို့ရဲ့ အပေးအယူမှာ ခင်ဗျား ဘာမှ မဆုံးရှုံးသွားပါဘူး။ ဟုတ်တယ်မလား။”

နတ်သခင် ယွမ်မုန့်က

“အဲဒီလူက ရှင့်ဆီကို လာတာလို့ ကျွန်မ ခံစားရတယ်။ ကျွန်မတို့ လျှို့ဝှက်လဝန်း ကျောင်းတော်ကတော့ သက်သက် ကြားညှပ်ပြီး မြေစာပင်ဖြစ်သွားတာပဲ”

ဟု အေးစက်စွာ ပြန်ပြောလိုက်သည်။

လုချန်းက

“သူက ကျုပ်ဆီ လာစရာ အကြောင်း ဘာရှိမှာလဲ။ သူက ကျုပ်ကို သိရုံတင် သိတာပါ”

နတ်သခင် ယွမ်မုန့်က ဆက်လက်၍

“ဒါဆို သူက ရှင့်ကို ဘာလို့ တိုက်ခိုက်တာလဲ။”

လုချန်းက

“ကျုပ်က ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံရဲ့ အင်းကွက်တွေကို ရေးဆွဲနိုင်မှန်း သူ သိနေလို့လေ။ ချိပ်ပိတ်ခံရမှာကို ကြောက်တာကြောင့် သူက ကျုပ်ကို အရင်ဆုံး သတ်ပစ်ဖို့ ကြိုးစားတာက သဘာဝပဲပေါ့။”

လုချန်း၏ စကားများက အချက်ကျလှသည်ဟု တွေးမိသဖြင့် နတ်သခင် ယွမ်မုန့် အတွေးနက်သွားခဲ့သည်။

ထိုအခိုက်တွင် လုချန်းက

“ခင်ဗျားကို သတင်းအချက်အလက်တစ်ခု အလကား ပေးရဦးမယ်။ ခုနက လူက ကိုယ်ပွားသက်သက်ပဲ။ သူ့ရဲ့ ပင်မကိုယ်ကတော့ လောလောဆယ် တောင်ပိုင်းနယ်မှာ ရှိနေတယ်”

ဟု သတိပေးလိုက်သည်။

ဤစကားကြောင့် လျှို့ဝှက်လဝန်း ကျောင်းတော်မှ နတ်သခင်များ ဆွံ့အမှင်တက်သွားကြသည်။

ကိုယ်ပွား၏ ကျင့်စဉ်အဆင့်ပင် နတ်ဧကရာဇ်နှင့် နီးစပ်နေပြီဖြစ်ရာ သူ၏ ပင်မကိုယ်ဆိုလျှင် ပို၍ စွမ်းအားကြီးမနေပေဘူးလား။

ထိုသူ၏ ပင်မကိုယ်သည် နတ်ဧကရာဇ်တစ်ပါးပင် ဖြစ်နေနိုင်ခြေ ရှိပေသည်။

နတ်သခင် ယွမ်မုန့်ကတော့ လုချန်း၏ စကားကြောင့် အလွန် အံ့ဩမသွားခဲ့ပေ။

ထိုအချိန်က သွေးဘိုးဘေး၏ နတ်ဝိညာဉ် မပြည့်စုံမှုကို သူမ အာရုံခံမိပြီးသား ဖြစ်သဖြင့် ကိုယ်ပွားတစ်ခု ဖြစ်နိုင်သည်ဟု သံသယဝင်ခဲ့ဖူးသောကြောင့် ဖြစ်၏။

နတ်သခင် ယွမ်မုန့်က

“အဲဒီလူက ဘယ်သူလဲဆိုတာ ရှင် သိလား” ဟု မေးလိုက်သည်။

လုချန်းက မည်သည့်အရာကိုမှ ဖုံးကွယ်မထားပဲ တုံ့ပြန်လိုက်၏။

“သူက သွေးလင်းယုန်ခန်းမရဲ့ နောက်ကွယ်က သခင်ပဲ။ သွေးလင်းယုန်ခန်းမက မိစ္ဆာနတ်တွေကတော့ သူ့ကို သွေးဘိုးဘေးလို့ ခေါ်ကြတယ်။”

လုချန်း၏ စကားကို ကြားလျှင် ရှိနေကြသည့် နတ်သခင်များ တစ်ဦးကိုတစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

သွေးဘိုးဘေး ဟုတ်လား...

ထျန်းရန် နတ်ဘုရား နယ်မြေ၏ သမိုင်းတစ်လျှောက်တွင် သွေးဘိုးဘေးဟု အမည်ရသည့် နတ်ဧကရာဇ်တစ်ပါးကို မည်သည့်အခါကမှ မှတ်တမ်းတင်ထားခြင်း မရှိခဲ့ဖူးပေ။

လုချန်းက ဆက်လက်၍

“ကျုပ်ကတော့ သူ့နာမည်ပဲ သိတာ။ သူနဲ့ ပတ်သက်တဲ့ တခြားကိစ္စတွေ... ဥပမာ သူ ဘာကြောင့် လျှို့ဝှက်လဝန်း ကျောင်းတော်ကို ရောက်လာတာလဲဆိုတာမျိုးကိုတော့ ကျုပ်လည်း မသိဘူး။”

“ဒါမှမဟုတ် ခင်ဗျားတို့ရဲ့ လျှို့ဝှက်လဝန်း ကျောင်းတော်ထဲမှာ သူ့ကို ဆွဲဆောင်နိုင်တဲ့ ရတနာတစ်ခုခု ရှိနေလို့ ဖြစ်မှာပေါ့။”

နတ်သခင် ယွမ်မုန့်သည် နတ်ဧကရာဇ် ယူလန်ကို ရုတ်တရက် တွေးမိသွားခဲ့သည်။ ဤသွေးဘိုးဘေးသည် နတ်သခင် ကောင်းကင်လင်းယုန်၏ ဝိညာဉ်ကို ရှာဖွေပြီးနောက် နတ်ဧကရာဇ် ယူလန် တည်ရှိနေမှုကို သိသွားခဲ့သဖြင့် နတ်ဧကရာဇ် ယူလန် ဒုတိယအကြိမ်မြောက် အသက်ပြန်ရှင်လာခြင်းကို တားဆီးရန် လျှို့ဝှက်လဝန်း ကျောင်းတော်သို့ ရောက်ရှိလာခြင်း ဖြစ်နိုင်လား။

အကယ်၍ ထိုသို့သာဆိုပါက ယခုတစ်ကြိမ်တွင် သူ ခွက်ခွက်လန်အောင် ကျရှုံးသွားခဲ့ပြီဖြစ်သဖြင့် နောက်တစ်ကြိမ်တွင် သူ၏ ပင်မကိုယ် ကိုယ်တိုင် ရောက်ရှိလာနိုင်ခြေ ရှိသည်။ ဤဖြစ်နိုင်ခြေကို စဉ်းစားမိရင်း နတ်သခင် ယွမ်မုန့်၏ ရင်ထဲ ကြီးမားသော စိုးရိမ်စိတ်များ ဖြစ်ပေါ်လာခဲ့တော့သည်။

--

………..

All Chapters