အခန်း ၂၀၁၈
Vol. 135 Ch. 2018
အခန်း (၂၀၁၈ )
တောင်ပိုင်းနယ်တစ်ခုလုံး တုန်လှုပ်သွားရခြင်း
ယခုတော့ သွေးလင်းယုန်ခန်းမသည် ခမ်းနားသော ကောင်းကင်ခန်းမ၏ စွမ်းအားကို မလျှော့ချနိုင်ခဲ့ရုံမှမက ယခုကဲ့သို့ ကြီးမားလှသော အသူရာချောက်ကဲ့သို့ အနက်ရှိုင်းဆုံး ချောက်ကြီးတစ်ခုကိုလည်း ဖန်တီးမိသွားခဲ့လေသည်။
အကယ်၍ ထိုချောက်ကြီးသာ အခြားနေရာတစ်ခုခု၌ ပေါ်ပေါက်လာခဲ့ပါက ထိုနေရာရှိ အင်အားစုများအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမည်မှာ ဧကန်မုချပင်။
သွေးလင်းယုန်ခန်းမ၏ အင်အားတစ်ခုတည်းအပေါ်တွင်သာ အမှီပြု၍ ယခုကဲ့သို့ ကြီးမားလှသော ချောက်ကြီးတစ်ခုကို ဖန်တီးရန်မှာ အလွန်ခက်ခဲလှကြောင်း အင်အားစုအားလုံးကလည်း သဘာဝကျကျ နားလည်ထားကြ၏။
သို့သော်လည်း ချောက်ကြီး မပေါ်ပေါက်မီကပင် သွေးလင်းယုန်ခန်းမသည် ကျူးကျော်ဝင်ရောက်မှုများကို စတင်လုပ်ဆောင်နေခဲ့ပြီး တောင်ပိုင်းနယ်၏ နယ်မြေထက်ဝက်ကျော်ကို သိမ်းပိုက်ထားခဲ့ပြီးဖြစ်ရာ မီးခိုးကြွက်လျှောက် ဆိုသလို ထိုကိစ္စသည် သွေးလင်းယုန်ခန်းမနှင့် မပတ်သက်ပဲ နေမည်မဟုတ်ကြောင်း ထင်ရှားသဖြင့် မည်သည့်အင်အားစုကမှ သွေးလင်းယုန် ခန်းမနှင့် ထိုအရာ မသက်ဆိုင်ဟု လောင်းကြေးမထပ်ရဲကြပေ။
သွေးလင်းယုန်ခန်းမမှ မိစ္ဆာနတ်များ ပြဿနာရှာခြင်းကို တားဆီးရန်အတွက် တောင်ပိုင်းနယ်ရှိ အင်အားစုအသီးသီးသည် မိစ္ဆာနတ်များနှင့် သွေးလင်းယုန်ခန်းမကို သိသိသာသာ စတင်ပစ်မှတ်ထား တိုက်ခိုက်လာကြတော့သည်။
သွေးမိစ္ဆာ နတ်သခင်၏ စကားကို ကြားလျှင် သွေးဘိုးဘေးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး
“အသုံးမကျတဲ့ အကောင်တွေ”
ဟု ဆိုလိုက်၏။
သွေးမိစ္ဆာ နတ်သခင်သည် ချက်ချင်းပင် မြေပြင်ပေါ်၌ ဒူးထောက်လိုက်ပြီး ဖားသူငယ် မိုးကြိုးသံ ကြားရသလို တုန်တုန်ရင်ရင် ဖြစ်သွားတော့သည်။
ထိုအခိုက်အတန့်တွင် သူ တစ်ခုခုကို တွေးမိသွားပြီး
“သွေးဘိုးဘေး... အကယ်၍ ခင်ဗျားသာ ကိုယ်တိုင်ကိုယ်ကျ ထွက်လာမယ်ဆိုရင် တောင်ပိုင်းနယ်ရဲ့ အင်အားစုအားလုံးဟာ သွေးလင်းယုန်ခန်းမနဲ့ ချက်ချင်း ပူးပေါင်းပြီး ခန်းမရဲ့ လက်အောက်ခံ အင်အားစုတွေ ဖြစ်လာဖို့ ဆန္ဒရှိကြမှာ သေချာပါတယ်”
ဟု ပြောလိုက်၏။
သူတို့၏ သွေးလင်းယုန်ခန်းမအနေနှင့် ၎င်းတို့၏ အင်အားကို ချဲ့ထွင်ရန်အတွက် ဤမျှ ပြင်းပြင်းထန်ထန် ရုန်းကန်နေရန် မလိုအပ်ကြောင်း သွေးမိစ္တာ နတ်သခင် တွေးတောနေမိသည်။
မကြာသေးမီက အရိုင်းနယ်မြေသည်လည်း အင်အားစုတစ်ခုတည်းအဖြစ် တစ်ရှိန်ထိုး ပေါင်းစည်းသွားခဲ့ပြီး ၎င်းကို နတ်ဧကရာဇ်အဆင့် စွမ်းအားရှိသူတစ်ဦးက ဦးဆောင်နေကြောင်း သူ ကြားသိခဲ့ရ၏။ ထိုသူက ကြေညာချက်တစ်ခုကိုသာ ထုတ်ပြန်ခဲ့ပြီး အရိုင်းနယ်မြေရှိ အင်အားစုအားလုံးကလည်း အာခံခြင်းမရှိပဲ ခေါင်းငုံ့ခံ အညံ့ခံရန် ရွေးချယ်ခဲ့ကြသည်။
သူတို့၏ သွေးဘိုးဘေးသည်လည်း နတ်ဧကရာဇ်အဆင့် ရှိ၏။ အကယ်၍ သွေးဘိုးဘေးကိုယ်တိုင် ရှေ့ထွက်၍ တောင်ပိုင်းနယ်ရှိ အင်အားစုများကို ၎င်းတို့၌ နတ်ဧကရာဇ်တစ်ပါး ရှိကြောင်း အသိပေးလိုက်ပါက ၎င်းတို့သည် သွေးလင်းယုန်ခန်းမ၏ လက်အောက်ခံ အင်အားစုများ ဖြစ်လာရန် မလွဲမသွေ ရွေးချယ်ကြပေလိမ့်မည်။
ထိုအရာကို ကြားလျှင် သွေးဘိုးဘေးက အေးစက်စွာဖြင့်
“ကျုပ်မှာ အဲ့ဒီ လက်အောက်ခံ အင်အားစုတွေ ရှိတော့ရော ဘာအသုံးဝင်မှာလဲ”
“ကျုပ်က တောင်ပိုင်းနယ်မှာ သွေးချောင်းစီးတာကိုပဲ မြင်ချင်တာ”
သွေးလင်းယုန်ခန်းမအား အင်အားချဲ့ထွင် စေသည့် သူ၏ စစ်မှန်သော ရည်ရွယ်ချက်မှာ အာဏာကို ချဲ့ထွင်ရန် မဟုတ်ပဲ တောင်ပိုင်းနယ်ကို လုံးဝ ဖရိုဖရဲ ကစဉ့်ကလျား ဖြစ်သွားစေရန်နှင့် သွေးချောင်းစီးသွားစေရန် ဖြစ်၏။
နတ်သက်ကြွေသူများထံမှ လုံလောက်သော သွေးများ ရရှိမှသာ သူသည် ကန့်သတ်ချုပ်ချယ်မှုများမှ တကယ် လွတ်မြောက်နိုင်မည် ဖြစ်သည်။ လက်ရှိတွင် သူ၏ ပင်မကိုယ်သည် ချိပ်ပိတ်ခံထားရဆဲ ဖြစ်၏။
လောကကြီးတွင် ကျွမ်းထိုးမှောက်ခုံ ဖြစ်လောက်အောင် ကြီးမားသော ပြောင်းလဲမှုတစ်ခု မဖြစ်ပေါ်ပါက သူ လွတ်မြောက်ရန် မလွယ်ကူပေ။
အကယ်၍ တောင်ပိုင်းနယ်တွင် စစ်ပွဲတစ်ခု ဖြစ်ပွားပြီး ၎င်းကို ကစဉ့်ကလျား ဖြစ်စေကာ ၎င်း၏ ကံစွမ်းအားကို သိသိသာသာ ကျဆင်းသွားစေပါက၊ ထို့ပြင် မြေပြင်ပေါ်၌ နတ်များ၏ သွေးများ အလုံအလောက် စီးဆင်းသွားပါက လောကကြီးသည် ဧကန်မုချ ပြောင်းလဲသွားမည် ဖြစ်သည်။ သူသည် ထိုပြောင်းလဲမှုကို အသုံးချကာ ချိပ်ပိတ်ခြင်းကို ဖောက်ထွက်နိုင်မည် ဖြစ်၏။
သွေးဘိုးဘေး၏ ထိုစကားများကို ကြားလျှင် သွေးမိစ္ဆာ နတ်သခင်က လျင်မြန်စွာ ပြောလိုက်၏။
“ကျုပ်ရဲ့ ဆိုလိုရင်းကတော့ အရင်ဦးဆုံး အင်အားစုအချို့ကို စည်းရုံးပြီး အခြားသူတွေကို တိုက်ခိုက်ဖို့ လှုံ့ဆော်ပေးဖို့ပါ။ ဒါဆိုရင် တောင်ပိုင်းနယ်ဟာ အတွင်းပဋိပက္ခတွေကြားထဲမှာ ပြိုလဲသွားနိုင်ပါတယ်။”
ထို့နောက် သွေးဘိုးဘေးက
“ခင်ဗျား ဘာလုပ်ရမလဲ သိရင် ချက်ချင်း သွားလုပ်တော့။ တောင်ပိုင်းနယ်တစ်ခုလုံး အလောင်းတွေ ပြည့်နှက်နေပြီး သွေးချောင်းစီးနေတာကို ကျုပ် မြင်ချင်တယ်။”
သွေးမိစ္ဆာ နတ်သခင်ကလည်း
“အောင်မြင်မှု သေချာစေဖို့အတွက် သွေးဘိုးဘေးရဲ့ အကူအညီကို တောင်းခံချင်ပါတယ်” ဟု ကပျာကယာ တုံ့ပြန်လိုက်၏။
အကယ်၍ သွေးဘိုးဘေးကိုယ်တိုင် ဝင်ရောက်မစွက်ဖက်ပါက တောင်ပိုင်းနယ်ရှိ အင်အားစုအသီးသီးသည် သွေးလင်းယုန်ခန်းမထံ ဒူးထောက်ခေါင်းငုံ့ အညံ့ခံကြမည် မဟုတ်ပေ။ သို့သော် သွေးဘိုးဘေးသည် တစ်ခုခုကို ကြောက်ရွံ့နေပုံရပြီး ထို့ကြောင့်ပင် သူ တုံ့ဆိုင်းနေရခြင်းဖြစ်ကြောင်း သွေးမိစ္ဆာ နတ်သခင် နားလည်ထား၏။
သို့သော်လည်း သွေးဘိုးဘေး ပေးအပ်ထားသော တာဝန်ကို ပြီးမြောက်စေရန်အတွက် သူ စွန့်စားရန် ဆန္ဒရှိနေသည်။ သွေးဘိုးဘေး၏ အလိုဆန္ဒအပေါ်တွင်သာ မူတည်သည်။
သွေးမိစ္ဆာ နတ်သခင်၏ တောင်းဆိုမှုကို ကြားလျှင် သွေးဘိုးဘေး၏ ကြီးမားလှသော မျက်နှာပြင်ပေါ်တွင် မကျေနပ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။
သူက ဝင်ရောက်မစွက်ဖက်ချင်၍ မဟုတ်ပေ။
အကယ်၍ သူ၏ ပင်မကိုယ်သာ လှုပ်ရှားပါက ၎င်းသည် ကောင်းကင်လမ်းစဉ်၏ ဖိနှိပ်မှုကို ခံရနိုင်သည်။ သူ၏ ကိုယ်ပွား လျှို့ဝှက်လဝန်း ကျောင်းတော်တွင် လှုပ်ရှားခဲ့စဉ်က သူ့အပေါ်၌ ကောင်းကင်လမ်းစဉ်၏ ချုပ်ချယ်မှုများ ပိုမိုတင်းကျပ်လာသည်ကို သူ ထင်ရှားစွာ ခံစားခဲ့ရ၏။
အကယ်၍ သူသာ ဆက်လက်လှုပ်ရှားနေပါက ကောင်းကင်လမ်းစဉ်၏ ကန့်သတ်ချက်များသည် သူ လုံးဝ အိပ်မောကျသွားစေမည့် အဆင့်အထိ တိုးလာမလား မပြောနိုင်ပေ။
သို့သော်လည်း သွေးဘိုးဘေး ပြန်လည်တွေးတောမိ၏။ အကယ်၍ သူသာ တောင်ပိုင်းနယ်တွင် ကစဉ့်ကလျား ဖြစ်အောင် တကယ် လှုံ့ဆော်နိုင်ခဲ့ပြီး ၎င်း၏ ကံစွမ်းအားကို အားနည်းသွားစေပါက သူ၏အပေါ်ရှိ ကောင်းကင်လမ်းစဉ်၏ ချုပ်ချယ်မှုများ သိသိသာသာ လျော့ပါးသွားမည်မှာ သေချာသဖြင့် ထိုစွန့်စားမှုသည် ထိုက်တန်ပေလိမ့်မည်။
ထိုသို့ တွေးတောရင်း သွေးဘိုးဘေးသည် သူ၏ တွေဝေမှုများကို ဘေးဖယ်ထားလိုက်ပြီး သူ၏ ဖိအားအားလုံးကို ထုတ်လွှတ်လိုက်တော့သည်။
တောင်ပိုင်းနယ်တစ်ခုလုံးရှိ အင်အားစုများလည်း သွေးဘိုးဘေးထံမှ ဖိအားကို ခံစားလိုက်ရလျှင် ၎င်းတို့၏ မျက်နှာများ ချက်ချင်းပင် သွေးဆုတ်ဖြူဖျော့သွားကြတော့သည်။ အထူးသဖြင့် အင်အားစုတစ်ခုစီ၏ နတ်သခင်များ၏ မျက်နှာများက ပို၍ ဆိုးရွားသည်။
၎င်းတို့သည် ထိုဖိအားအတွင်း၌ သောင်းကျန်းလှသော အငွေ့အသက်တစ်ခုကို ခံစားမိကြပြီး ၎င်းကို ထုတ်လွှတ်လိုက်သောသူသည် သဘောကောင်းသည့် ဖြစ်တည်မှုတစ်ခု မဟုတ်နိုင်ကြောင်း ညွှန်ပြနေ၏။ ထိုအခိုက်အတန့်တွင် မိုးချုန်းသံကဲ့သို့ ပြတ်သားပြီး အားကောင်းလှသော အသံတစ်ခု တောင်ပိုင်းနယ်တစ်ခုလုံး၌ ပဲ့တင်ထပ်သွားခဲ့သည်။
“ဒီနေ့ကစပြီး တောင်ပိုင်းနယ်ကို သွေးလင်းယုန်ခန်းမ ပိုင်ဆိုင်တယ်။ ဆန့်ကျင်တဲ့သူတွေ ပျက်စီးရမယ်။”
ထိုအရာကို ကြားလျှင် မိုးကြိုးပစ်ချခံလိုက်သလို အင်အားစုအားလုံးမှ အကြီးအကဲများ၏ မျက်နှာများ အကြီးအကျယ် ပြောင်းလဲသွားကြ၏။
သွေးလင်းယုန်ခန်းမလား။
၎င်းက မိစ္ဆာနတ်များ တောင်တည်ထောင်ထားသည့် နတ်ဂိုဏ်း မဟုတ်ပါလား။
မိစ္ဆာနတ်ဂိုဏ်းတစ်ဂိုဏ်းမှ နတ်ဧကရာဇ်တစ်ပါး ထွက်ပေါ်လာခဲ့တာလား။
တောင်ပိုင်းနယ်သည် ကြီးမားသော အပြောင်းအလဲကြီးတစ်ခု၏ ချေက်ကမ်းပါးစွန်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်၏။ မိစ္ဆာနတ်များ၏ ကျင့်ကြံခြင်းနည်းလမ်းသည် တောင်ပိုင်းနယ်၌ သွေးချောင်းစီးမည့် အခြေအနေကို မလွဲမသွေ ဖြစ်ပေါ်စေမည် ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိတ်လန့်တုန်လှုပ်ဖွယ် အငွေ့အသက်များ တောင်ပိုင်းနယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့တော့သည်။
……
တစ်ချိန်တည်းမှာပင်။
သွေးလင်းယုန်ခန်းမ၏ ကမ္ဘာငယ်အတွင်း၌။
သွေးဘိုးဘေးသည် သူ၏ အငွေအသက်ကို ထုတ်လွှတ်ပြီးသည်နှင့် ရွှေရောင်သံကြိုးများသည် လေဟာနယ်ထဲမှ ရုတ်တရက် ပေါ်ပေါက်လာပြီး သူ၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ရစ်ပတ်ချိပ်ပိတ်လိုက်ရာ ရွှေရောင်သံကြိုးများ၏ ဖိအားကြောင့် သူ၏ ခန္ဓာကိုယ် ပေါက်ကွဲတော့မည့်အလား ခံစားလိုက်ရ၏။
သွေးဘိုးဘေးမှလွဲ၍ မည်သူမှ ထိုသံကြိုးများကို မမြင်နိုင်ကြပေ။ နာကျင်မှုကို အောင့်အည်းသည်းခံရင်း သွေးဘိုးဘေးက သွေးမိစ္ဆာ နတ်သခင်ကို
“လောလောဆယ် ဒီလောက်ပဲ။ ကျန်တာက ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ကျုပ် ခဏလောက် အိပ်စက်ဖို့ လိုအပ်တယ်။”
သူသည် သူ၏ ဖိအားကို မဆင်မခြင် ထုတ်လွှတ်လိုက်ခြင်းကြောင့် ကောင်းကင်လမ်းစဉ်၏ အာရုံစိုက်မှုကို ဆွဲဆောင်မိသွားခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်လမ်းစဉ်က သူ့ကို ထပ်မံ၍ ဖိနှိပ်လိုက်ပြန်ပြီ ဖြစ်၏။
အကယ်၍ သူသာ မဆင်မခြင် ဆက်လက်လှုပ်ရှားနေပါက ထျန်းရန် နတ်ဘုရား နယ်မြေ၏ ကောင်းကင်လမ်းစဉ်က သူ့ကို တိုက်ရိုက် ဖျက်ဆီးပစ်လာနိုင်သည်။ လက်ရှိ ထျန်းရန် နတ်ဘုရား နယ်မြေ၏ ကောင်းကင်လမ်းစဉ်က သူ့ကို သတ်နိုင်မည်ဟု သူ မယုံကြည်သော်လည်း ပြင်းထန်စွာ ဒဏ်ရာရအောင် လုပ်ရန်ကတော့ မဖြစ်နိုင်တာ မဟုတ်ပေ။
သွေးမိစ္တာ နတ်သခင်သည် ဆက်လက်ပြောဆိုချင်သော်လည်း သွေးဘိုးဘေး မျက်စိမှိတ်လိုက်သည်ကို တွေ့ရသဖြင့် နှုတ်ဆိတ်သွားခဲ့ရသည်။
သွေးဘိုးဘေး ထုတ်လွှတ်လိုက်သော ဖိအားကို ခံစားဖူးသွားကြပြီဖြစ်ရာ တောင်ပိုင်းနယ်တစ်ခုလုံးရှိ အင်အားစုများသည် ယခု ဘာလုပ်ရမည်ကို သိသွားကြပြီ ဖြစ်သည်။
…..
ခမ်းနားသော ကောင်းကင်ခန်းမ။
သွေးဘိုးဘေး၏ ဖိအားကို ခံစားလိုက်ရပြီးနောက် ခမ်းနားသော ကောင်းကင်ခန်းမ၏ နတ်သခင်အားလုံး အစည်းအဝေးခန်းမ၌ စုဝေးရောက်ရှိလာကြ၏။
လက်ရှိ၌ အစည်းအဝေးခန်းမအတွင်း အလွန်တိတ်ဆိတ်ကာ လေးလံထိုင်းမှိုင်းပြီး ဖိနှိပ်မှုများ ရှိနေ၏။ မည်သည့်နတ်သခင်မှ စကားတစ်ခွန်းမှ မဟကြပေ။
နတ်သခင်အားလုံးသည် ပလ္လင်ပေါ်၌ ထိုင်နေသော နတ်သခင်ထိုက်ဟွာကို တညီတညွတ်တည်း စိုက်ကြည့်နေကြသည်။ နတ်သခင်ထိုက်ဟွာသည် လေးနက်သော မျက်နှာအမူအရာနှင့် ရှိနေပြီး သူ၏ မျက်လုံးများတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်အချို့ကို မြင်တွေ့နိုင်ကာ တစ်ခုခုကို တွေးတောနေသကဲ့သို့ အတွေးထဲတွင် နစ်မြောနေ၏။
အချိန်မည်မျှကြာသွားသည်မသိ နောက်ဆုံးတွင် နတ်သခင်ထိုက်ဟွာ သတိ ပြန်ဝင်ရေလာခဲ့သည်။ သူက စုဝေးနေသော နတ်သခင်များကို လှမ်းကြည့်လိုက်ရင်း
“အားလုံးရဲ့ အတွေးအမြင်တွေကို ပြောပြကြပါဦး”
လက်ရှိတွင် နတ်သခင်ထိုက်ဟွာသည် သူ ခမ်းနားသော ကောင်းကင်ခန်းမ၏ ခန်းမသခင် ဖြစ်လာခဲ့ရသည်ကို အနည်းငယ် နောင်တရနေမိသည်။ သူ တာဝန်ယူပြီး မကြာမီမှာပင် တောင်ပိုင်းနယ်၌ မိစ္ဆာနတ်ဧကရာဇ်တစ်ပါး ထွက်ပေါ်လာခဲ့ခြင်း ဖြစ်၏။
ဤကဲ့သို့သော ဘေးအန္တရာယ်မျိုးက သူ၏အပေါ်သို့ ဘာလို့ကျရောက်လာနိုင်ရသနည်း။
နတ်သခင်ထိုက်ဟွာ၏ စကား ဆုံးသွားပြီးနောက် ရောက်ရှိနေသော နတ်သခင်များသည် တစ်ယောက်ကိုတစ်ယောက် လှည့်ပတ်ကြည့်ရှုရင်း နှုတ်ဆိတ်နေကြဆဲ ဖြစ်သည်။ နတ်ဧကရာဇ်တစ်ပါးကို ရင်ဆိုင်ရလျှင် ၎င်းတို့၌ အောင်နိုင်ခြေ အခွင့်အရေး မရှိသဖြင့် လက်နက်ချကာ ခမ်းနားသော ကောင်းကင်ခန်းမ၏ ရာထူးနေရာကိုသာ ကြိုတင်၍ ပေးအပ်ရတော့မည့်ပုံ ပေါ်နေ၏။
သို့သော် သူတို့က ဘာမှမလုပ်ပဲ အုပ်စိုးသူ အဆင့်အတန်းကို စွန့်လွှတ်လိုက်ပါကလည်း ခမ်းနားသော ကောင်းကင်ခန်းမ ဆက်လက်တည်ရှိနိုင်ရေးက မသေချာလှပေ။ သွေးလင်းယုန်ခန်းမအတွက် ခမ်းနားသော ကောင်းကင်ခန်းမသည် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသည်။
သွေးလင်းယုန်ခန်းမသည် ၎င်းကို လုံးဝ ဖျက်သိမ်းပစ်နိုင်ပြီး ခမ်းနားသော ကောင်းကင်ခန်းမ၏ လူများကိုပင် အမြစ်ပြတ် သုတ်သင်ရှင်းလင်းပစ်နိုင်သည်။
ထိုအခိုက်အတန့်တွင် နတ်သခင်တစ်ပါးက
“လုချန်းရဲ့ ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံက နတ်ဧကရာဇ်တစ်ပါးကို ချိပ်ပိတ်နိုင်မလားဆိုတာ ကျုပ် သိချင်မိတယ်...”
--
…………