← Chapters

အခန်း ၂၀၂၀

Vol. 135 Ch. 2020

အခန်း ၂၀၂၀

Vol. 135 Ch. 2020

အခန်း (၂၀၂၀ )

ခမ်းနားသော ကောင်းကင်ခန်းမမှ နတ်သခင်များ ရောက်လာခြင်း

နန်းတော်အပြင်ဘက်မှ အသံများကို ကြားလျှင် လုချန်း၏ ပုံရိပ်သည် လျှပ်စီးလက်သကဲ့သို့ တစ်ချက်လက်ခနဲ ဖြစ်သွားပြီး နောက်တစ်ခဏ၌ ကောင်းကင်ယံတွင် သူ ပေါ်လာခဲ့သည်။

လုချန်းက ရောက်ရှိလာသူကို စူးစိုက်ကြည့်လိုက်ရာ ထိုသူမှာ လကွယ်ဂိုဏ်း၏ တပည့် ဝတ်စုံကို ဝတ်ဆင်ထားသည့် နတ်ဘုရင်ခံအဆင့်သာ ရှိသော သူတစ်ယောက် ဖြစ်နေသည်။

လုချန်းက

“အထက်ဂိုဏ်းက ကျုပ်ကို ဘာကိစ္စကြောင့် လာရှာတာလဲဆိုတာ သိပါရစေ”

ဟု မေးလိုက်သည်။

ယခုအခါတွင် အရိုင်းနယ်မြေသည် လကွယ်ဂိုဏ်း၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်ဟု သတ်မှတ်ထားပြီး အနည်းဆုံးတော့ အပေါ်ယံအားဖြင့် ချင်နတ်ဘုရားနိုင်ငံ အပါအဝင် ထိုနေရာရှိ အင်အားစုအားလုံးကို ၎င်းတို့၏ လက်အောက်ခံရသူများအဖြစ် သတ်မှတ်သည်။ ထို့ကြောင့် လကွယ်ဂိုဏ်းကို ချင်နတ်ဘုရားနိုင်ငံ၏ ဦးထိပ်ထားရာ အထက်ဂိုဏ်းအဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်သည်။

လကွယ်ဂိုဏ်းမှ တပည့်ဖြစ်သူသည် လုချန်းကို ကြည့်ကာ အပိုစကားများ ပြောမနေပဲ

“သုံးလကြာပြီးနောက် အရေးကြီးတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ လကွယ်ဂိုဏ်းဆီကို လာခဲ့ပါ။”

အရိုင်းနယ်မြေသည် အဆုံးအစမရှိ အလွန်တရာ ကျယ်ပြောလှသဖြင့် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံမရှိပဲ နတ်ဘုရင် သို့မဟုတ် နတ်သခင်အဆင့် ဖြစ်လျှင်ပင် ၎င်းကို အပြည့်အဝ ဖြတ်သန်းရန် အချိန်များစွာ လိုအပ်ပေလိမ့်မည်။

ထို့ကြောင့် လကွယ်ဂိုဏ်းသည် အရိုင်းနယ်မြေရှိ အရပ်ရပ်မှ ခေါင်းဆောင်များကို ဆင့်ခေါ်သည့်အခါ ပုံမှန်အားဖြင့် အချိန်အလုံအလောက် ပေးလေ့ရှိသည်။ သဘာဝကျစွာပင် သုံးလဟူသော အချိန်သည် လုချန်းအတွက် ၎င်းတို့ထံ ရောက်ရှိရန် လုံလောက်လှပေသည်။

သို့သော် လုချန်းသည် ယခုအကြိမ် လကွယ်ဂိုဏ်းက အစည်းအဝေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို စူးစမ်းလိုစိတ် ပြင်းပြနေမိသည်။

လုချန်းသည် မျက်နှာထက်တွင် လေပြေထိုးသကဲ့သို့ အပြုံးတစ်ခု ဆင်မြန်းကာ သတင်းအချက်အလက်ကို စုံစမ်းရန် ကြိုးစားလိုက်သည်။

“အထက်ဂိုဏ်းက အခုလို စုဝေးပွဲ လုပ်ရတဲ့ အကြောင်းအရင်းက ဘာလဲဆိုတာ သံတမန်က အရိပ်အမြွက် ပြောပြလို့ ရမလားခင်ဗျာ။”

လကွယ်ဂိုဏ်း တပည့်က ခပ်အေးအေးပင် တုံ့ပြန်လိုက်သည်။

“ကျုပ်လည်း မသိပါဘူး။ ချင်နတ်ဧကရာဇ် လကွယ်ဂိုဏ်းကို ရောက်သွားရင်တော့ ဒီကိစ္စကို သိရမှာပါ။”

“သတင်းစကား ပေးပို့ပြီးပြီဆိုတော့ ကျုပ် နှုတ်ဆက်ပါတယ်။”

ထိုစကားများ ဆုံးသည်နှင့် လကွယ်ဂိုဏ်း တပည့် ပျံသန်း ထွက်ခွာသွားတော့သည်။

လကွယ်ဂိုဏ်း တပည့်၏ ကျောပြင်ကို ကြည့်ရင်း လုချန်း လေးနက်စွာ တွေးတောနေမိသည်။

လကွယ်ဂိုဏ်းက ဆက်လက်၍ ဘာလုပ်ရန် ရည်ရွယ်ထားသည်ကို သူ သိချင်နေသော်လည်း ဉာဏ်ကုန်ထုတ်ကာ အချိန်အတော်ကြာ စဉ်းစားပြီးနောက်တွင်ပင် ၎င်းတို့၏ ရည်ရွယ်ချက်ကို သူ ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် သူ ဆက်မစဉ်းစားတော့ပဲ လကွယ်ဂိုဏ်းသို့ ရောက်ရှိလျှင် သိရလိမ့်မည်ဟု မှတ်ယူလိုက်သည်။

…..

တောင်ပိုင်းနယ်။

သက်တံဖြူနတ်မြို့။

လုချန်း၏ ကိုယ်ပွားသည် ကျင့်ကြံခြင်း အခန်းထဲတွင် အသင့်အနေအထားဖြင့် ရှိနေစဉ် သူ၏ စံအိမ်အပြင်ဘက်၌ အစွမ်းထက်သော အရှိန်အဝါ အချို့ ပေါ်ပေါက်လာခဲ့သည်။

၎င်းက လုချန်း၏ စိတ်အာရုံကို အနှောင့်အယှက် ဖြစ်စေခဲ့၏။ အကြောင်းမှာ သူ၏ နတ်အာရုံသည် နတ်ဧကရာဇ်ရှီယွဲ့ နှင့် အပြည့်အဝ ထိတွေ့ရန် အဆင်သင့် ဖြစ်နေသောကြောင့်ပင်။

သို့သော် ယခုမူ သူ့ကို လာရောက် ရှာဖွေသည့် နောက်ထပ် အဖွဲ့တစ်ဖွဲ့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

အတန်ငယ် စိတ်အနှောင့်အယှက် ဖြစ်ရသော်လည်း နတ်သခင် အမြောက်အမြား ရောက်လာခြင်း ဖြစ်သောကြောင့် အရေးကြီးသော ကိစ္စတစ်ခု ရှိနေနိုင်ကြောင်း သူ သဘောပေါက်လိုက်သည်။ သတ္တဝါဆန်း အချို့သည် နေဝင်တောင်တန်းရှိ ချိပ်ပိတ်ခြင်းကို ဖောက်ဖျက်လာခြင်း ဖြစ်နိုင်သဖြင့် လုချန်းလည်း မျက်လုံးများကို ဖွင့်ကာ ကျင့်ကြံခြင်း အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။

အပြင်သို့ ရောက်ရှိလျှင် ထိုသူများမှာ နတ်သခင်ထိုက်ဟွာနှင့် ခမ်းနားသော ကောင်းကင်ခန်းမမှ နတ်သခင်များ အဖွဲ့တစ်ဖွဲ့ ဖြစ်နေကြောင်း တွေ့လိုက်ရသဖြင့် လုချန်း မျက်ခုံးကို အနည်းငယ် တွန့်လိုက်မိသည်။

နေဝင်တောင်တန်းကို ကင်းလှည့်ရန် တာဝန်ပေးထားသည့် နတ်သခင်များဟု အစက သူ ထင်မှတ်ခဲ့သော်လည်း မျှော်လင့်မထားပဲ ခမ်းနားသော ကောင်းကင်ခန်းမမှ လူများ ဖြစ်နေခဲ့သည်။ ခမ်းနားသော ကောင်းကင်ခန်းမမှ နတ်သခင် အမြောက်အမြား သူ့ကို လာရောက် ရှာဖွေကြသည်ကို ကြည့်ခြင်းအားဖြင့် ၎င်းသည် ကောင်းသော အခြေအနေတစ်ခု မဖြစ်နိုင်ပေ။

လုချန်းက ဦးအောင် စတင် စကားဆိုလိုက်သည်။

“ထိုက်ဟွာ ခန်းမသခင်... အခုလို လူအင်အား အမြောက်အမြားနဲ့ ကျုပ်ကို လာရှာရအောင် ဘာအရေးကြီးတဲ့ ကိစ္စများ ရှိလို့ပါလဲ။”

နတ်သခင်ထိုက်ဟွာက ပြုံးလျက်

“သွေးလင်းယုန်ခန်းမက အစပိုင်းမှာ ထျန်းရှ နတ်ဘုရား နိုင်ငံကို တိုက်ခိုက်ခဲ့လို့ နောက်ဆုံးမှာ မိတ်ဆွေလု အနေနှင့် ထျန်းရှ နတ်ဘုရား နိုင်ငံရဲ့ နိုင်ငံသားအားလုံးကို တခြားနေရာကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ကျုပ် ကြားသိရပါတယ်”

နတ်သခင်ထိုက်ဟွာက သွေးလင်းယုန်ခန်းမအကြောင်းကို ပြောလိုက်သည်နှင့် သွေးဘိုးဘေး ပေးခဲ့သော ဖိအားကို ခံစားခဲ့ရပြီး သူ၏ အသံကိုလည်း ကြားခဲ့ရသည့် လုချန်းလည်း ခမ်းနားသော ကောင်းကင်ခန်းမ၏ ရည်ရွယ်ချက်များကို ကွက်ကျော်မြင်ကာ ချက်ချင်း ခန့်မှန်းမိလိုက်သည်။

လက်ရှိတွင် ခမ်းနားသော ကောင်းကင်ခန်းမ၏ အခြေအနေသည် အတော်ပင် အကျပ်ရိုက်စရာ ကောင်းနေ၏။ တောင်ပိုင်းနယ်ရှိ ၎င်းတို့၏ အထွတ်အထိပ် အဆင့်ရှိသော သြဇာလွှမ်းမိုးမှုကို ကြည့်လျှင် ၎င်းတို့၏ ရာထူးနေရာကို အလွယ်တကူ လက်လွှတ်ချင်မည် မဟုတ်ပေ။

ထို့ပြင် သွေးလင်းယုန်ခန်းမထံ အညံ့ခံလျှင်ပင် သွေးလင်းယုန်ခန်းမသည် ၎င်းတို့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေဆဲပင်။ ထိုအခြေအနေများက ခမ်းနားသော ကောင်းကင်ခန်းမကို အသက်လု တိုက်ပွဲဝင်ရန် တွန်းအားပေးနေခြင်း ဖြစ်သည်။

သို့သော် နတ်သခင်တစ်ပါး၏ အစွမ်းသည် နတ်ဧကရာဇ်တစ်ပါးနှင့် မိုးနဲ့မြေလို ယှဉ်နိုင်စရာ မရှိပေ။ ခမ်းနားသော ကောင်းကင်ခန်းမရှိ နတ်သခင်အားလုံး ပူးပေါင်းလျှင်ပင် သွေးဘိုးဘေး၏ ပြိုင်ဘက် ဖြစ်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ရွေးချယ်စရာ တစ်ခုတည်းသာ ကျန်တော့သည်။ ၎င်းမှာ သွေးဘိုးဘေးကို ချိပ်ပိတ်ရန် ဖြစ်သည်။

ခမ်းနားသော ကောင်းကင်ခန်းမ၏ များပြားလှသော နတ်သခင်များသည် သွေးဘိုးဘေးကို ချိပ်ပိတ်ရန် အသက်နဲ့လဲပြီး လောင်းကြေးထပ်ထားခြင်း ဖြစ်နိုင်သည်။

နတ်သခင်ထိုက်ဟွာက ဆက်လက်၍

“ထျန်းရှ နတ်ဘုရား နိုင်ငံရဲ့ နိုင်ငံသားတွေဟာ သင့်တော်တဲ့ နေရာတစ်ခုကို ရှာမတွေ့သေးဘူးလို့ ထင်ပါတယ်။ ကျုပ်တို့ရဲ့ ခမ်းနားသော ကောင်းကင်ခန်းမက မိတ်ဆွေလုကို ကူညီပြီး ထျန်းရှ နတ်ဘုရား နိုင်ငံရဲ့ နိုင်ငံသားတွေကို အခြေချနေထိုင်ဖို့ နေရာတစ်ခု သတ်မှတ်ပေးရင် ဘယ်လိုလဲ။”

နတ်သခင်ထိုက်ဟွာ၏ စကားကို ကြားလျှင် လုချန်းက လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုကို ပြသကာ

“ထိုက်ဟွာ ခန်းမသခင်... ကျုပ်ကို ဘာလုပ်ပေးစေချင်လဲဆိုတာ ကွေ့ဝိုက်မနေပဲ ပြောပေးပါ။ ထျန်းရှ နတ်ဘုရား နိုင်ငံရဲ့ နိုင်ငံသားတွေ ကိစ္စနဲ့တော့ ခမ်းနားသော ကောင်းကင်ခန်းမကို ကျုပ် ဒုက္ခမပေးလိုတော့ပါဘူး။”

လုချန်း ထိုသို့ပြောသည်ကို တွေ့မြင်လျှင် နတ်သခင်ထိုက်ဟွာက ပွင့်ပွင့်လင်းလင်းပင်

“သွေးလင်းယုန်ခန်းမဆိုတာ မိစ္ဆာနတ် အင်အားစုတစ်ခု ဖြစ်တယ်။ သူတို့ကို တောင်ပိုင်းနယ်ကို လွှမ်းမိုးခွင့် ပေးလိုက်မယ်ဆိုရင် ဒီနေရာက သတ္တဝါတွေအတွက် ကမ္ဘာပျက်သလို ဘေးဒုက္ခတွေ ဆောင်ကြဉ်းလာမှာ အမှန်ပဲ။ အခု သွေးလင်းယုန်ခန်းမမှာ နတ်ဧကရာဇ်တစ်ပါး မွေးဖွားလာတာဟာ တောင်ပိုင်းနယ်အတွက် တကယ့်ကို ကြီးမားတဲ့ ကပ်ဘေးတစ်ခုပါပဲ။”

“ကျုပ်တို့ဟာ တောင်ပိုင်းနယ်အတွက် သွေးလင်းယုန်ခန်းမကို တွန်းလှန်ဖို့ စဉ်းစားနေပါတယ်။ ဒါပေမဲ့ နတ်ဧကရာဇ်တစ်ပါးကို ဆန့်ကျင်ဖို့ ကျုပ်တို့ရဲ့ နတ်သခင်တွေရဲ့ စွမ်းအားတစ်ခုတည်းအပေါ် အမှီပြုလို့ မလုံလောက်တာကြောင့် မိတ်ဆွေလုဆီက အကူအညီ လာတောင်းရခြင်း ဖြစ်ပါတယ်။”

“အကယ်၍ မိစ္ဆာနတ်ဧကရာဇ်ကို အောင်မြင်စွာ ချိပ်ပိတ်နိုင်ခဲ့ရင် အဲဒီအချိန်ကစပြီး မိတ်ဆွေလုဟာ ခမ်းနားသော ကောင်းကင်ခန်းမရဲ့ ကျေးဇူးရှင်နဲ့ တောင်ပိုင်းနယ်ရဲ့ ကယ်တင်ရှင် ဖြစ်လာမှာပါ။”

“မိတ်ဆွေလုက ကူညီပေးမယ်ဆိုရင် ကျုပ်တို့ဟာ လိုအပ်တဲ့ ဘယ်လို အခြေအနေမျိုးကိုမဆို သဘောတူဖို့ အသင့်ပါပဲ။”

နတ်သခင်ထိုက်ဟွာက ကမ်းလှမ်းချက် ပြုလုပ်လာသည်ကို ကြားလျှင် လုချန်း ချက်ချင်း တုံ့ပြန်ခြင်း မပြုပဲ တွေးတောနေခဲ့သည်။

သူ့၌ ခမ်းနားသော ကောင်းကင်ခန်းမအပေါ် ကောင်းသော အမြင်မရှိပေ။ အထူးသဖြင့် သူတို့အကြား မဖြေရှင်းရသေးသော ကိစ္စရပ်များ ရှိနေသေးသည့် အခါမျိုးတွင် ဖြစ်သည်။

သို့သော် သွေးလင်းယုန်ခန်းမနှင့် သူ့ကြားတွင်လည်း ရန်ငြိုးများ ရှိနေဆဲ ဖြစ်သည်။ အထူးသဖြင့် သွေးဘိုးဘေးသည် သူ့ကို သတ်ဖြတ်ရန် အလွန် လိုလားနေခြင်းကြောင့် ဖြစ်သည်။

နှိုင်းယှဉ်ကြည့်လျှင် သွေးလင်းယုန်ခန်းမသည် သူ့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်သည်။

သွေးဘိုးဘေးအကြောင်း သိရကတည်းက သွေးဘိုးဘေး၏ ပင်မကိုယ် အဘယ်ကြောင့် ထွက်ပေါ်မလာသေးသနည်းဟူသော အတွေးတစ်ခု သူ၏ စိတ်ထဲတွင် စွဲထင်နေခဲ့သည်။

ဖြစ်နိုင်သည်မှာ သွေးဘိုးဘေး၏ ခန္ဓာကိုယ်သည် တစ်စုံတစ်ခုသော ကန့်သတ်ချက်ဖြင့် ချည်နှောင်ခံထားရသဖြင့် ထွက်မလာနိုင်ခြင်း သို့မဟုတ် သူသည် ပြင်းထန်သော ဒဏ်ရာများ ရရှိထားပြီး ပြန်မကောင်းသေးခြင်းကြောင့် ဆက်လက် ပုန်းအောင်းနေခြင်း ဖြစ်နိုင်သည်။

နတ်ဧကရာဇ်တစ်ပါး၏ အစွမ်းကို ပိုင်ဆိုင်ထားသော သူတစ်ယောက်က သွေးလင်းယုန်ခန်းမအတွင်းရှိ ကမ္ဘာငယ်လေးတစ်ခုထဲတွင် ပုန်းအောင်းနေခြင်းမှာ အတော်ပင် ပုံမှန်မဟုတ်လှပေ။

အကယ်၍ တကယ်ပင် သွေးဘိုးဘေး၏ စွမ်းအားများ ပြန်မပြည့်သေးခြင်း သို့မဟုတ် သူ၏ ပင်မကိုယ်သည် ချိပ်ပိတ်ခံထားရဆဲ ဖြစ်ပါက သွေးဘိုးဘေးကို ချိပ်ပိတ်ရန် ခမ်းနားသော ကောင်းကင်ခန်းမနှင့် မဟာမိတ်ဖွဲ့ခြင်းသည် အကောင်းဆုံးသော ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။

လုချန်း နှုတ်ဆိတ်နေသည်ကို တွေ့မြင်ရသဖြင့် ခမ်းနားသော ကောင်းကင်ခန်းမမှ နတ်သခင်များအကြား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာခဲ့သည်။ အကယ်၍ လုချန်းက ငြင်းပယ်လိုက်လျှင် နတ်ဧကရာဇ်ကို ဆန့်ကျင်ရန် သူတို့၏ နောက်ဆုံး မျှော်လင့်ချက် ပျက်ပြယ်သွားပေလိမ့်မည်။

ထို့ပြင် သွေးလင်းယုန်ခန်းမကို တွန်းလှန်ရန် ရွေးချယ်ခဲ့ပြီး ဖြစ်သဖြင့် သွေးလင်းယုန်ခန်းမ၏ မိစ္ဆာနတ်ဧကရာဇ်က ၎င်းတို့၏ ဆုံးဖြတ်ချက်ကို သိသွားနိုင်ခြေလည်း ရှိသည်။

နတ်ဧကရာဇ်တစ်ပါးကို ဆန့်ကျင်ရာ၌ လုံးဝ လုံခြုံသော လျှို့ဝှက်ချက်ဟူ၍ မရှိနိုင်ပေ။ ဤဆုံးဖြတ်ချက်အပေါ်၌ ခမ်းနားသော ကောင်းကင်ခန်းမအတွင်း သဘောထား ကွဲလွဲမှုများ ရှိနိုင်ပြီး သူတို့၏ သွေးလင်းယုန်ခန်းမနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ရည်ရွယ်ချက်ကို တစ်စုံတစ်ယောက်က ပေါက်ကြားစေပြီးတာလည်း ဖြစ်နိုင်သည်။

ထို့ကြောင့် ခမ်းနားသော ကောင်းကင်ခန်းမအတွက် ဆုတ်လမ်းမရှိတော့ပေ။ အကယ်၍ လုချန်းက သူတို့ကို ကူညီရန် ရည်ရွယ်ချက်မရှိပါက နောက်ဆုံးတွင် တောင်ပိုင်းနယ်မှ ထွက်ခွာရန်သာ သူတို့ ရွေးချယ်နိုင်တော့မည် ဖြစ်သည်။

လုချန်းက ပြုံးလျက် မေးလိုက်သည်။

“ခမ်းနားသော ကောင်းကင်ခန်းမက ဘယ်လို တောင်းဆိုချက်ကိုမဆို သဘောတူဖို့ ဆန္ဒရှိတယ်ဆိုတာ သေချာလား။”

လုချန်း၏ မေးခွန်းကို ကြားလျှင် ခမ်းနားသော ကောင်းကင်ခန်းမမှ နတ်သခင်များ အနည်းငယ် စိတ်သက်သာရာ ရသွားကြသည်။ လုချန်း အခြေအနေများကို တောင်းဆိုလာခြင်းက သူ့၌ စိတ်ဝင်စားမှု ရှိနိုင်သည်ဟု ညွှန်ပြနေခြင်းကြောင့် ဖြစ်သည်။

နတ်သခင်ထိုက်ဟွာက

“ကျုပ်တို့ ခမ်းနားသော ကောင်းကင်ခန်းမက မိတ်ဆွေလုရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အစွမ်းကုန် ကြိုးစားမှာပါ။”

လုချန်း ခဏခန့် စဉ်းစားလိုက်၏။ လက်ရှိတွင် သူသည် ခမ်းနားသော ကောင်းကင်ခန်းမထံမှ လိုအပ်သောအရာ အနည်းငယ်သာ ရှိပုံရသည်။ ၎င်းတို့၏ နတ်နိယာမ သို့မဟုတ် ရတနာများကို သူ စိတ်ဝင်စားမှု မရှိပေ။

သို့သော် ချင်နတ်ဘုရားနိုင်ငံ အရှိန်အဟုန်ဖြင့် တိုးတက်ဖွံ့ဖြိုးရန်အတွက် နတ်ကျောက်တုံးများစွာ လိုအပ်သဖြင့် လုချန်းက

“ဒါဆိုရင် အလုပ်ပြီးမြောက်သွားတဲ့အခါ ခမ်းနားသော ကောင်းကင်ခန်းမက ကျုပ်ကို နတ်ကျောက်တုံးတွင်း ငါးတွင်းနဲ့ နတ်ကျောက်တုံး ကုဋေတစ်ရာ ပေးရမယ်။”

--

…………

All Chapters