အခန်း ၂၀၂၁
Vol. 135 Ch. 2021
အခန်း (၂၀၂၁ )
တောင်ပိုင်းနယ်ကို ဝင်ရောက်တိုက်ခိုက်ရန် အကောင်းဆုံးအချိန် မဟုတ်
လုချန်း၏ စကားကို ကြားလျှင် ရောက်ရှိနေကြသော နတ်သခင်များလည်း မိုးကြိုးပစ်ချခံရသည့်နှယ် ကြက်သေ သေကာ မှင်တက်သွားကြ၏။ နတ်ကျောက်တုံး ကုဋေတစ်ရာသည် အလွန်များသော်လည်း နတ်ဧကရာဇ်တစ်ပါးကို ဆန့်ကျင်ရန်အတွက်တော့ ထိုက်တန်ပေသည်။
သို့သော် အဆင့်မြင့် နတ်ကျောက်တုံးတွင်း ငါးတွင်းကတော့ တန်ဖိုး အဆမတန် ကြီးမားလှ၏။ အဘယ်ကြောင့်ဆိုသော် ထိုတွင်းများမှ တူးဖော်ရရှိမည့် နတ်ကျောက်တုံးများသည် ကုဋေတစ်ရာထက် များစွာ ကျော်လွန်မည် ဖြစ်သောကြောင့်ပင်။
ထိုအခိုက်အတန့်တွင် နတ်သခင်ထိုက်ဟွာကို နတ်သခင် အားလုံးက မျက်တောင်မခတ်တမ်း စိုက်ကြည့်လိုက်ကြ၏။ နတ်သခင်ထိုက်ဟွာ မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီးနောက် လုချန်းကို
“ကောင်းပြီ... ခင်ဗျား သွေးလင်းယုန်ခန်းမရဲ့ နတ်ဧကရာဇ်ကို ချိပ်ပိတ်ဖို့ ကူညီပေးရင် ကျုပ်တို့ ခမ်းနားသော ကောင်းကင်ခန်းမက ခင်ဗျားကို နတ်ကျောက်တုံး ကုဋေတစ်ရာနဲ့ အဆင့်မြင့် နတ်ကျောက်တုံးတွင်း ငါးတွင်းပေးမယ်။”
လုချန်းက
“ဒါဆိုရင် ကောင်းကင်လမ်းစဉ် ကတိစာချုပ် ချုပ်ဆိုကြတာပေါ့။”
ဤကဲ့သို့သော ကိစ္စရပ်များတွင် နှုတ်ကတိဟူသည် ဧကန်မုချ မလုံလောက်ပေ။ သွေးဘိုးဘေးကို ချိပ်ပိတ်ပြီးနောက် ခမ်းနားသော ကောင်းကင်ခန်းမက ကတိဖျက်မလားဆိုတာ မည်သူ သိနိုင်မည်နည်း။
ထို့ကြောင့် ကျောက်ထက်အက္ခရာတင်သကဲ့သို့ ခိုင်မာစေရန် ကောင်းကင်လမ်းစဉ် ကတိစာချုပ်တစ်ခု တည်ဆောက်ရန် လိုအပ်သည်။
လုချန်း၏ စကားကို ကြားလျှင် နတ်သခင်ထိုက်ဟွာ တစ်စုံတစ်ခု ပြောချင်သော်လည်း လုချန်းက ကြားဖြတ်၍
“ထိုက်ဟွာ ခန်းမသခင်က နောက်ပိုင်းကျရင် ကတိဖျက်ဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်။”
နတ်သခင်ထိုက်ဟွာက လုချန်းကို
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ကျုပ်တို့ ခမ်းနားသော ကောင်းကင်ခန်းမဟာ တောင်ပိုင်းနယ်ရဲ့ အရှင်သခင်ဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲခဲ့တဲ့ အစဉ်အလာ ရှိတဲ့အတွက် ကတိဖျက်မှာ မဟုတ်ဘူး။”
“မိတ်ဆွေလုက ကျုပ်တို့ကို ဒီအတိုင်း မယုံကြည်ဘူးဆိုမှတော့ ကောင်းကင်လမ်းစဉ် ကတိစာချုပ်တစ်ခု တည်ဆောက်ကြတာပေါ့။”
လုချန်းသည် လက်ချောင်းထိပ်တွင် နတ်စွမ်းအားကို စုစည်းကာ လေထုထဲ၌ ကတိစာချုပ်တစ်ခုကို ရေးသားလိုက်၏။
ထို့နောက် ကောင်းကင်လမ်းစဉ်ကို
“ကောင်းကင်လမ်းစဉ်... ဤကတိစာချုပ်ကို သက်သေအဖြစ် တည်ပေးပါ။ အကယ်၍ တစ်ဖက်ဖက်က ကတိစာချုပ်ကို ချိုးဖောက်ပါက ကျုပ်တို့နှစ်ဦးစလုံး ကတိစာချုပ်ရဲ့ တန်ပြန်တိုက်ခိုက်မှုကို ခံရပါလိမ့်မယ်။”
လေထုထဲရှိ ကတိစာချုပ်ကို တွေ့မြင်လျှင် နတ်သခင်ထိုက်ဟွာသည်လည်း တုံ့ဆိုင်းမှုမရှိပဲ သူ့လက်ချောင်းကို ကိုက်ကာ သွေးကို နတ်စွမ်းအားဖြင့် ထုတ်ပြီး ကတိစာချုပ်၏ အောက်ခြေတွင် သူ့နာမည်ကို လက်မှတ်ရေးထိုးလိုက်၏။
ထို့နောက် နတ်သခင်ထိုက်ဟွာက လုချန်းကို
“မိတ်ဆွေလု... အခု စိတ်ချသွားပြီလား”
လုချန်းက နတ်သခင်ထိုက်ဟွာ၏ နောက်ကွယ်မှ နတ်သခင်များကို တစ်ချက် အကဲခတ်ကြည့်လိုက်ပြီး
“ကျန်တဲ့သူတွေလည်း ကတိစာချုပ်မှာ လက်မှတ်ရေးထိုးပေးဖို့ တောင်းဆိုချင်ပါတယ်။”
အကယ်၍ နတ်သခင်ထိုက်ဟွာ တစ်ဦးတည်းသာ ဤကတိစာချုပ်ကို လက်မှတ်ထိုးပြီး နတ်သခင်ထိုက်ဟွာသည် ခမ်းနားသော ကောင်းကင်ခန်းမ၏ ခန်းမသခင် မဟုတ်တော့ပါက ကတိစာချုပ်၏ အစွမ်းထက်မှု များစွာ လျော့နည်းသွားပေလိမ့်မည်။
ထိုအခါ ခမ်းနားသော ကောင်းကင်ခန်းမက တာဝန်အားလုံးကို နတ်သခင်ထိုက်ဟွာအပေါ် ပုံချပြီး ဗြောင်ကျကျ ကတိဖျက်လျှင် မည်သို့လုပ်မည်နည်း။
ရောက်ရှိနေသော နတ်သခင် အားလုံးသာ ကတိစာချုပ်တွင် လက်မှတ်ရေးထိုးပါက သူတို့သည် တစ်လှေတည်းစီး တစ်ခရီးတည်းသွား အတူတကွ ချည်နှောင်ခြင်း ခံရမည်ဖြစ်ပြီး နောက်ပိုင်းတွင် တာဝန်အားလုံးကို နတ်သခင်ထိုက်ဟွာအပေါ် ပုံချကာ ကတိဖျက်ရန် မဖြစ်နိုင်တော့ပေ။
ခမ်းနားသော ကောင်းကင်ခန်းမမှ နတ်သခင်များ အချင်းချင်း အပြန်အလှန် ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် ကတိစာချုပ်၌ လက်မှတ်ရေးထိုးရန် ရွေးချယ်လိုက်ကြ၏။
ခမ်းနားသော ကောင်းကင်ခန်းမမှ နတ်သခင်များ လက်မှတ်ရေးထိုးလိုက်သည်နှင့်အမျှ လေထုထဲရှိ နတ်စွမ်းအားဖြင့် ဖြစ်ပေါ်နေသော စာလုံးများသည် တဖြည်းဖြည်း ရေငွေ့ပျံသကဲ့သို့ လင်းလက်သော အမှုန်အမွှားများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွား၏။
ထိုအခိုက်အတန့်တွင် သူတို့၏ နတ်ဝိညာဉ်များကို လွှမ်းခြုံထားသည့် ဆန်းကြယ်သော စွမ်းအားတစ်ခုကို လူတိုင်း ခံစားလိုက်ရသဖြင့် ကောင်းကင်လမ်းစဉ် ကတိစာချုပ်သည် တရားဝင် အာဏာတည်သွားပြီဖြစ်ကြောင်း သိလိုက်ရ၏။
ကောင်းကင်လမ်းစဉ် ကတိစာချုပ် အာဏာတည်သွားသည်ကို တွေ့မြင်လျှင် လုချန်းက နတ်သခင်များကို
“နောက်ထပ် ဘယ်လို တုံ့ပြန်ဖို့ စဉ်းစားထားလဲ”
ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံသည် သွေးဘိုးဘေးကို ချိပ်ပိတ်နိုင်ခြေ ရှိသော်လည်း ကျားမြီးသွားဆွဲသကဲ့သို့ ကြီးမားသော စွန့်စားရမှုများ ရှိနေပေသည်။ အကယ်၍ ခမ်းနားသော ကောင်းကင်ခန်းမမှ နတ်သခင်များ၏ စွမ်းအား မလုံလောက်ပါက သူတို့ ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံကို အသက်သွင်းလျှင်ပင် သွေးဘိုးဘေးကို နှိမ်နင်းနိုင်မည် မဟုတ်ပေ။
အရေးအကြီးဆုံး အချက်မှာ သူတို့သည် သွေးဘိုးဘေး၏ အနီးသို့ပင် ချဉ်းကပ်နိုင်မည် မဟုတ်ခြင်း ဖြစ်၏။ ယခုအခါ သွေးလင်းယုန်ခန်းမ၌ နတ်ဧကရာဇ်တစ်ပါး ရှိနေကြောင်း တောင်ပိုင်းနယ်၏ အင်အားစုများ သိသွားကြသဖြင့် ဂိုဏ်းအများစုသည် သွေးလင်းယုန်ခန်းမထံ ခိုလှုံရန်နှင့် ၎င်း၏ လက်အောက်ခံ အင်အားစုများ ဖြစ်လာရန် ရွေးချယ်ကြပေလိမ့်မည်။
အကယ်၍ ခမ်းနားသော ကောင်းကင်ခန်းမက သွေးလင်းယုန်ခန်းမကို ဆန့်ကျင်ပါက သွေးလင်းယုန်ခန်းမ၏ လက်အောက်ခံ အင်အားစုများသည် ခမ်းနားသော ကောင်းကင်ခန်းမကို ဧကန်မုချ ဝိုင်းရံတိုက်ခိုက်ကြမည် ဖြစ်ရာ ခမ်းနားသော ကောင်းကင်ခန်းမမှ နတ်သခင်များ အနေနှင့် သွေးဘိုးဘေး၏ အနီးသို့ ချဉ်းကပ်ရန် အလွန် ခက်ခဲသွားပေလိမ့်မည်။
အကယ်၍ သူတို့သည် သွေးလင်းယုန်ခန်းမ၏ သွေးဘိုးဘေးကို မတွေ့နိုင်ပါက သွေးဘိုးဘေးကို ချိပ်ပိတ်ရန် အကြံအစည်က အလကား သက်သက်သာ ဖြစ်သွားပေလိမ့်မည်။
ထိုအခိုက်အတန့်တွင် နတ်သခင်ထိုက်ဟွာက
“ဒီနေရာက စကားပြောဖို့ မသင့်တော်ဘူး... မိတ်ဆွေ လု ကျုပ်တို့နဲ့အတူ ခမ်းနားသော ကောင်းကင်ခန်းမကို ပြန်လိုက်ခဲ့ပါ။”
လုချန်းက
“ကောင်းပါပြီ”
ထို့နောက် ခမ်းနားသော ကောင်းကင်ခန်းမမှ နတ်သခင်များသည် လုချန်းကို ခမ်းနားသော ကောင်းကင်ခန်းမသို့ တစ်ပါတည်း ခေါ်ဆောင်သွားကြ၏။
လုချန်း ကြိုတင်မျှော်လင့်ထားသည့်အတိုင်းပင် သွေးဘိုးဘေး၏ အသံလွှင့်ချက်ကို ကြားပြီးနောက် တောင်ပိုင်းနယ်၏ အမျိုးမျိုးသော အင်အားစုများသည် သွေးလင်းယုန်ခန်းမ၏ လက်အောက်ခံ အင်အားစုများအဖြစ် ချက်ချင်း ကြေညာလိုက်ကြ၏။
တိုတောင်းသော အချိန်ကာလအတွင်း တောင်ပိုင်းနယ်ရှိ အင်အားစုများ၏ ကိုးဆယ်ရာခိုင်နှုန်းကျော်သည် သွေးလင်းယုန်ခန်းမထံ ခိုလှုံရန် ရွေးချယ်ခဲ့ကြပြီး ခမ်းနားသော ကောင်းကင်ခန်းမနှင့် အခြားသော အင်အားစု အနည်းငယ်သာ ခိုလှုံခြင်းမရှိပဲ ကျန်ရစ်တော့၏။
အမျိုးမျိုးသော ဂိုဏ်းအဖွဲ့များသည် အခြေအနေကို စောင့်ကြည့်နေကြပြီး ခမ်းနားသော ကောင်းကင်ခန်းမအနေနှင့် သွေးလင်းယုန်ခန်းမထံ ဒူးထောက်မှာလား သို့မဟုတ် ဆန့်ကျင် ရပ်တည်မှာလား ဟူသည့် နောက်ဆုံး ရွေးချယ်မှုကို သိချင်နေကြ၏။
ဂိုဏ်းအများစုသည် တောဆင်ရိုင်းနှစ်ကောင် သတ်ပွဲကို ကြည့်ချင်သကဲ့သို့ ခမ်းနားသော ကောင်းကင်ခန်းမနှင့် သွေးလင်းယုန်ခန်းမတို့ အဆုံးအထိ တိုက်ခိုက်ကြသည်ကို ပို၍ မြင်ချင်ကြပေသည်။
အကယ်၍ ထိုသို့ဖြစ်လာပါက ခမ်းနားသော ကောင်းကင်ခန်းမသည် သွေးလင်းယုန်ခန်းမ၏ ချေမှုန်းခြင်းကို လုံးဝ ခံရမည်ဖြစ်ပြီး နတ်ဧကရာဇ်တစ်ပါး၏ စစ်မှန်သော စွမ်းအားကိုလည်း အားလုံး နားလည်နိုင်ကြမည် ဖြစ်၏။
နတ်ဧကရာဇ်တစ်ပါး အလွန်စွမ်းအားကြီးမားကြောင်း သိကြသော်လည်း နတ်အများစုမှာ နတ်ဧရာဇ်တစ်ပါး တိုက်ခိုက်သည်ကို တစ်ခါမှ မမြင်ဖူးကြသဖြင့် နတ်ဧကရာဇ်၏ စစ်မှန်သော စွမ်းအားကို သဘောပေါက်ခြင်း မရှိကြပေ။
နတ်သခင်များသည်လည်း နတ်ဧကရာဇ်တစ်ပါးက သူတို့ထက် မည်မျှပို၍ စွမ်းအားကြီးမားသည်ကို အလွန် သိချင်နေကြ၏။ နတ်ဧကရာဇ်၏ စွမ်းအားကို သိရန်အတွက်လည်း သူတို့သည် နတ်ဧကရာဇ်တစ်ပါး တိုက်ခိုက်မည့် အချိန်ကို မျှော်လင့် စောင့်ဆိုင်းရန်သာ တတ်နိုင်ကြ၏။
……
အရိုင်းနယ်မြေ။
လကွယ်ဂိုဏ်း။
လကွယ်ဂိုဏ်း၏ အထက် ကောင်းကင်ယံတွင် အရိုင်းနယ်မြေ၏ အမျိုးမျိုးသော အင်အားစုများမှ ခေါင်းဆောင်များ စုဝေးနေကြပြီး လကွယ်ဂိုဏ်းချုပ်က သူတို့ကို အဘယ်ကြောင့် ဆင့်ခေါ်ရသနည်းဟူသည့် အကြောင်းအရာနှင့် ပတ်သက်၍ ကျယ်ကျယ်လောင်လောင် ဆွေးနွေးငြင်းခုံနေကြ၏။
ဆွေးနွေးမှုများ အရှိန်အဟုန်ပြင်းထန်နေစဉ် ကောင်းကင်မြင့်ထက်တွင် နက်မှောင်သော ဝဲကရက်တစ်ခု ပေါ်လာပြီး လကွယ်ဂိုဏ်းချုပ်သည် ဝဲကရက်အတွင်းမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာ၏။
လကွယ်ဂိုဏ်းချုပ် ပေါ်လာသည်ကို တွေ့မြင်လျှင် ရောက်ရှိနေသူ အားလုံး တိတ်ဆိတ်သွားကြ၏။
ထိုအခိုက်အတန့်တွင် လကွယ်ဂိုဏ်းချုပ်က လူတိုင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက်
“အခု အရိုင်းနယ်မြေက ငြိမ်သက်သွားပြီဆိုတော့ ကျုပ် တောင်ပိုင်းနယ်ဆီ ချဲ့ထွင်ပြီး လကွယ်ဂိုဏ်းရဲ့ ထိန်းချုပ်မှုအောက်ထဲ သွတ်သွင်းဖို့ စဉ်းစားထားတယ်။”
ထိုအရာကို ကြားလျှင် ရောက်ရှိနေသူများ ပါးစပ်အဟောင်းသားနှင့် အံ့အားသင့်သွားကြ၏။
တောင်ပိုင်းနယ်ဆီ နယ်မြေ ချဲ့ထွင်မယ်ဟုတ်လား။
ဒါက သွေးချောင်းစီးမည့် စစ်ပွဲကို ဆိုလိုတာ မဟုတ်ပါလား။
မဟာလမ်းစဉ် ကပ်ဘေးက ရှိနေဆဲဖြစ်ပြီး ထိုခြောက်ခြားဖွယ်ရာ စွမ်းအားက မဟာလမ်းစဉ်ကို တိုက်စားနေသောကြောင့် ယခုအချိန်တွင် စစ်ပွဲစတင်ခြင်းက မည်သူ့ကိုမှ အကျိုးရှိစေမည် မဟုတ်ပေ။ အကယ်၍ ယခုကဲ့သို့ အချိန်မျိုးတွင် ဒဏ်ရာရရှိပါက သူတို့၏ ဘဝနိဂုံးက မကြာမီ ရောက်ရှိလာနိုင်သောကြောင့် မည်သူမှ စစ်ပွဲဖြစ်ပွားသည်ကို မမြင်ချင်ကြပေ။
အထူးသဖြင့် ဤမျှကြီးမားသော နယ်မြေအချင်းချင်းကြား စစ်ပွဲမျိုး ဖြစ်၏။
ဤကဲ့သို့ အကြီးစားစစ်ပွဲတစ်ခု စတင်လိုက်ပါက စစ်မြေပြင်တွင် လူမည်မျှ သေဆုံးမည်ကို မည်သူသိနိုင်မည်နည်း။ ထို့ပြင် ထိုစစ်ပွဲမျိုးကို ရပ်တန့်ရန်လည်း လွယ်ကူလိမ့်မည် မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် လကွယ်ဂိုဏ်း၏ အထက် ကောင်းကင်ယံသည် သုသာန် တစပြင်ကဲသို့ တိတ်ဆိတ်နေပြီး မည်သည့်အသံမှ မကြားရပေ။ လေထုမှာလည်း ဖိနှိပ်မှုများဖြင့် လေးလံနေ၏။
မည်သည့်အင်အားစုမှ ဤစစ်ပွဲတွင် မပါဝင်ချင်ကြသော်လည်း လကွယ်ဂိုဏ်းချုပ်ကိုယ်တိုင် အဆိုပြုလာခြင်း ဖြစ်သောကြောင့် မည်သူမှလည်း လူသိရှင်ကြား မဆန့်ကျင်ရဲကြပေ။
လကွယ်ဂိုဏ်းချုပ်သည် နတ်ဧကရာဇ်တစ်ပါး၏ စွမ်းအားနီးပါးရှိသော နတ်အလောင်းတစ်လောင်းကို ထိန်းချုပ်ထားနိုင်ရာ အကယ်၍ သူတို့သာ လကွယ်ဂိုဏ်း၏ အမိန့်ကို မနာခံပါက လကွယ်ဂိုဏ်းချုပ်က သူတို့နှင့် ချက်ချင်း စာရင်းရှင်းပေလိမ့်မည်။
ယခု သူတို့ လုပ်နိုင်သည်မှာ ဤစစ်ပွဲတွင် ဒဏ်ရာမရအောင် မည်သို့ ရှောင်ကွင်းရမည်ကိုသာ စဉ်းစားရန် ဖြစ်တော့၏။
ဤစစ်ပွဲ မလွှဲမရှောင်သာ ဖြစ်တော့မည့်ပုံ ပေါ်နေချိန်တွင် လုချန်းက လကွယ်ဂိုဏ်းချုပ်ကို
“လကွယ်ဂိုဏ်းချုပ်... အခုအချိန်က တောင်ပိုင်းနယ်ကို တိုက်ခိုက်ဖို့ အကောင်းဆုံးအချိန် မဟုတ်လောက်ဘူး။”
လုချန်း၏ အသံကို ကြားလျှင် ရောက်ရှိနေသူ အားလုံးနီးပါး လုချန်းရှိရာ ဘက်သို့ အံ့ဩတကြီး လှည့်ကြည့်လိုက်ကြ၏။ အားလုံး၏ မျက်နှာများ၌ မယုံကြည်သော အမူအရာများ ပြသလာကြ၏။
လုချန်းက လကွယ်ဂိုဏ်းချုပ်ကို ပေါ်ထင်ထင် ထွက်ရပ်ပြီး ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ရဲနေပါလား။
လကွယ်ဂိုဏ်းချုပ်က ချင်နတ်ဘုရား နိုင်ငံကို တိုက်ခိုက်မှာကို သူ မကြောက်ရွံ့ဘူးလား။
လုချန်း၏ စကားကို ကြားလျှင် လကွယ်ဂိုဏ်းချုပ်၏ မျက်နှာ ချက်ချင်း ညိုမှောင်သွား၏။ အဘယ်ကြောင့်ဆိုသော် ယခုကဲ့သို့ အခိုက်အတန့်တွင် သူ့ကို ဆန့်ကျင်ပြောဆိုရဲသူ တစ်စုံတစ်ယောက် ရှိလိမ့်မည်ဟု မထင်မှတ်ထားသောကြောင့် ဖြစ်၏။
ထို့နောက် လကွယ်ဂိုဏ်းချုပ်က လုချန်းကို အေးစက်စက် လေသံဖြင့်
“အို... ဒါဆိုရင် တောင်ပိုင်းနယ်ကို တိုက်ခိုက်ဖို့ အကောင်းဆုံးအချိန် မဟုတ်ရတဲ့ အကြောင်းရင်းကို ပြောပြစမ်းပါဦး။”
လုချန်းက
“ဘာလို့လဲဆိုတော့ မကြာသေးခင်က တောင်ပိုင်းနယ်မှာ မိစ္ဆာနတ်ဧကရာဇ် အသစ်တစ်ပါး ပေါ်ထွက်လာခဲ့လို့ပဲ။”
--
………..