← Chapters

အခန်း ၂၀၂၂

Vol. 135 Ch. 2022

အခန်း ၂၀၂၂

Vol. 135 Ch. 2022

အခန်း (၂၀၂၂ )

အလျှော့မပေးသော လကွယ်ဂိုဏ်းချုပ်

လုချန်း၏ အဖြေကို ကြားလျှင် ပတ်ဝန်းကျင်တစ်ခုလုံး တစ်ဖန် ပြန်လည်၍ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့၏။ လကွယ်ဂိုဏ်းချုပ်၏ မျက်မှောင်များ ကြုတ်သွားပြီး သူ၏ သိန်းငှက်ကဲ့သို့ စူးရှသော မျက်လုံးများက လုချန်းထံသို့ ထွင်းဖောက်မတတ် စိုက်ကြည့်လာသည်။

“မိစ္ဆာနတ်ဧကရာဇ် ဟုတ်လား...”

ဤအကြောင်းအရာကို သူတို့ မည်သို့ မသိပဲ နေနိုင်မည်နည်း။

လုချန်းက ဆက်လက်၍

“ဒီသတင်းက အရိုင်းနယ်မြေဆီကို မရောက်သေးတာပါ။ ကျုပ်ရဲ့ ကိုယ်ပွားတစ်ခု တောင်ပိုင်းနယ်မှာ ရှိနေလို့သာ ဒီအကြောင်းကို သိခဲ့ရတာဖြစ်တယ်။”

“လောလောဆယ် တောင်ပိုင်းနယ်က အင်အားစု အများစုဟာ သွေးလင်းယုန်ခန်းမရဲ့ လက်အောက်ခံ အင်အားစုတွေ ဖြစ်ဖို့ ရွေးချယ်လိုက်ကြပြီ။ အဲဒီ သွေးလင်းယုန်ခန်းမဆိုတာက နတ်ဧကရာဇ်တစ်ပါး မွေးထုတ်ပေးခဲ့တဲ့ မိစ္ဆာနတ် အင်အားစုပဲ။”

လုချန်းက အလွန်ပင် လေးလေးနက်နက် ပြောဆိုနေသည်ကို တွေ့မြင်ရလျှင် လကွယ်ဂိုဏ်းချုပ်၏ အမူအရာလည်း ပို၍လေးနက်သွားတော့၏။ ဤကဲ့သို့ ကြီးမားလှသော အဖြစ်အပျက်မျိုးသည် အနှေးနှင့်အမြန် ဆိုသလို တောမီးပမာ အရိုင်းနယ်မြေတစ်ခုလုံးသို့ ပျံ့နှံ့လာမည်ဖြစ်ရာ လုချန်းအနေနှင့် သူ့ကို လိမ်လည်လှည့်ဖြားရန် မလိုအပ်ကြောင်း သူ ယုံကြည်သည်။

အကယ်၍ လုချန်း ပြောသည့် စကားသာ အမှန်ဖြစ်ပါက တောင်ပိုင်းနယ်၏ ကံစွမ်းအားကို လုယူမည့် သူ၏ အစီအစဉ်လည်း သဲထဲရေသွန်ဖြစ်ကာ ပျက်ပြယ်သွားပေလိမ့်မည်။

လုချန်း လိမ်ညာလိမ့်မည် မဟုတ်ဟု ယုံကြည်နေသော်လည်း လကွယ်ဂိုဏ်းချုပ်က

“လုချန်း... ခင်ဗျားပြောတာတွေ အားလုံး တကယ်ပဲ မှန်ကန်ရဲ့လား”

ဟု မေးမြန်းလိုက်ဆဲ ဖြစ်၏။

လုချန်းက ပြုံးလိုက်ပြီး လကွယ်ဂိုဏ်းချုပ်ကို

“လကွယ်ဂိုဏ်းချုပ်အနေနှင့် စုံစမ်းဖို့ တောင်ပိုင်းနယ်ဆီ လူတစ်ယောက် လွှတ်လိုက်ရုံနဲ့ အဖြေကို သိနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် တောင်ပိုင်းနယ်ကို မတိုက်ခိုက်ခင်မှာ အဲဒီနယ်မြေရဲ့ သတင်းအချက်အလက်ကို စုဆောင်းဖို့ လိုအပ်တာပဲ မဟုတ်လား။”

လကွယ်ဂိုဏ်းချုပ် ခဏခန့် စဉ်းစားသွားပြီးနောက် ရောက်ရှိနေသူများကို

“ကျုပ် တောင်ပိုင်းနယ်ကို စုံစမ်းဖို့ လူတစ်ယောက် စေလွှတ်လိုက်မယ်။ အကယ်၍ လုချန်း ပြောတာသာ အမှန်ဖြစ်ရင် တောင်ပိုင်းနယ်ကို တိုက်ခိုက်မယ့် အစီအစဉ်ကို ကျုပ်တို့ ဆိုင်းငံ့ထားကြမယ်။”

“အားလုံးပဲ အခု လောလောဆယ် ပြန်နိုင်ကြပါပြီ။ သတင်းရရချင်း ခင်ဗျားတို့ကို အမြန်ဆုံး အကြောင်းကြားဖို့ လူလွှတ်လိုက်ပါမယ်။”

ထိုစကားကို ကြားရလျှင် ရောက်ရှိနေသူ အားလုံး ရင်ထဲက အလုံးကြီး ကျသွားသကဲ့သို့ သက်ပြင်းချသွားနိုင်ကြပြီး လုချန်း ပြောတာ အမှန်ဖြစ်ရမည်ဟု ယုံကြည်သွားကြ၏။ ထို့ကြောင့် နယ်မြေကြီး နှစ်ခုကြား ဖြစ်ပွားမည့် စစ်ပွဲတစ်ခုကို ယာယီအားဖြင့် ရှောင်လွှဲနိုင်ခဲ့ပြီး သူတို့၏ ခေါင်းနှင့်ကိုယ် အိုးစားကွဲပြီး အသက်အန္တရာယ်ကို စောစောစီးစီး ဆုံးရှုံးရမည့် ဘေးရန်အတွက် စိုးရိမ်ပူပန်မှုများလည်း ကင်းဝေးသွားခဲ့ရသည်။

မကြာမီမှာပင် အင်အားစုအသီးသီးမှ ကျီးလန့်စာစား ဖြစ်နေကြသော ခေါင်းဆောင်များ လကွယ်ဂိုဏ်းမှ ထွက်ခွာသွားကြတော့၏။ လုချန်းလည်း အများနည်းတူ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် လကွယ်ဂိုဏ်းချုပ်က

“လုချန်း... ခဏလောက် နေပါဦး။ ကျုပ်ကို တောင်ပိုင်းနယ်ရဲ့ လက်ရှိ အခြေအနေအကြောင်း ပြောပြပါဦး”

ဟု လှမ်းပြောလိုက်သည်။

လုချန်းတွင် တောင်ပိုင်းနယ်၌ ကိုယ်ပွားတစ်ခု ရှိနေပြီး ထိုကိုယ်ပွားသည် သူ၏ ပင်မကိုယ်နှင့် နတ်အာရုံမှတစ်ဆင့် ဆက်သွယ်ထားပုံရသဖြင့် တောင်ပိုင်းနယ်တွင် ဖြစ်ပျက်နေသည့် အကြောင်းအရာများကို လုချန်း ကောင်းကောင်း သိနေရမည် ဖြစ်သည်။

လကွယ်ဂိုဏ်းချုပ်သည် စိတ်ထဲ၌ မချင့်မရဲ ဖြစ်နေဆဲ ဖြစ်၏။ လုံလောက်သော ကံစွမ်းအား မရှိပါက သူသည် နတ်သခင်အဆင့်တွင်သာ ဆက်ရှိနေမည်ဖြစ်သည်။

သူသည် နတ်အလောင်းတစ်ခုကို သန့်စင်ကာ နတ်ဧကရာဇ်တစ်ပါး၏ စွမ်းအားကို ရရှိထားသော်လည်း သူ၏ သက်တမ်း ကန့်သတ်ချက်မှာ နတ်သခင်အဆင့်တွင်သာ ရှိနေဆဲ ဖြစ်သည်။

အကယ်၍ တစ်နေ့တွင် သူ၏ သက်တမ်းကန့်သတ်ချက် ရောက်ရှိလာပါက သူသည် သေဆုံးရမည်သာ ဖြစ်သောကြောင့် သူ၏ အစီအစဉ်မှာ အရိုင်းနယ်မြေနှင့် တောင်ပိုင်းနယ်တို့မှ ကံစွမ်းအားများကို စုဆောင်းကာ နတ်ဧကရာဇ်အဆင့် တက်ရောက်ဖို့ ကြိုးပမ်းရန် ဖြစ်၏။

သို့သော် တောင်ပိုင်းနယ်တွင် နတ်ဧကရာဇ်တစ်ပါး ထွက်ပေါ်နေပြီဖြစ်ကြောင်း သိလိုက်ရသည့်အပြင် ထိုသူမှာ မိစ္ဆာနတ်ဧကရာဇ် တစ်ပါးဖြစ်ကြောင်း လုချန်းက ပြောခဲ့သည်။ အကယ်၍ ထိုပုဂ္ဂိုလ်သည် မိစ္ဆာနတ်ဧကရာဇ် အစစ်အမှန် ဖြစ်နေပါက သူသည် နတ်အလောင်းကို ထိန်းချုပ်ထားနိုင်လျှင်ပင် ထိုသူကို ယှဉ်ပြိုင်နိုင်စွမ်း ရှိမည်မဟုတ်ပေ။

ထို့ပြင် နတ်ဧကရာဇ်များကြား ဖြစ်ပွားသော စစ်ပွဲသည် နယ်မြေတစ်ခုလုံးကို သက်ရောက်မှုရှိစေပြီး နေဝင်တောင်တန်းရှိ ချိပ်ပိတ်မှုများကိုပါ ဖျက်ဆီးပစ်နိုင်ခြေ ရှိသည်။ ထို့ကြောင့် တောင်ပိုင်းနယ်တွင် နတ်ဧကရာဇ်တစ်ပါး ရှိနေကြောင်း အတည်ပြုနိုင်ပါက သူသည် ထိုနယ်မြေကို လုံးဝ တိုက်ခိုက်မည် မဟုတ်ပေ။

သို့သော် ထိုသို့ဖြစ်လာပါက နတ်ဧကရာဇ်တစ်ပါး ဖြစ်လာရန် သူ၏ အိပ်မက်လည်း ကြေမွပျက်စီးသွားရပေလိမ့်မည်။

အလယ်ပိုင်းနယ်နှင့် ပတ်သက်၍တော့ သူ လောလောဆယ် မလှုပ်ရှားရဲသေးပေ။ နတ်ဆိုးဧကရာဇ်နှင့် နတ်ဧကရာဇ် ရှီယွဲ့တို့က အလယ်ပိုင်းနယ်ကို အချိန်မရွေး တိုက်ခိုက်နိုင်ခြေ ရှိနေသည်။

အလယ်ပိုင်းနယ်ကို တိုက်ခိုက်ပြီး နဝမကောင်းကင်တက္ကသိုလ်နှင့် ထျန်းရှိီနန်းတော်တို့ကို သွားဆွမိပါက လကွယ်ဂိုဏ်းအတွက် အလွန် ထိခိုက်နစ်နာစေနိုင်သည်။

မကြာမီမှာပင် အင်အားစုအသီးသီးမှ နတ်သခင်များအားလုံး လကွယ်ဂိုဏ်းမှ ထွက်ခွာသွားကြပြီး လုချန်းနှင့် လကွယ်ဂိုဏ်းမှ လူများသာ ကျန်ရစ်ခဲ့တော့၏။

ထို့နောက် လုချန်းက

“ဂိုဏ်းချုပ်အနေနှင့် ဘာကို သိချင်တာပါလဲ။”

လကွယ်ဂိုဏ်းချုပ်က

“ကျုပ် တောင်ပိုင်းနယ်ကနေ နတ်ဧကရာဇ်တစ်ပါးရဲ့ ဧကရာဇ်အရှိန်အဝါကို မခံစားမိသလိုပဲ။ အဲဒီ မိစ္ဆာနတ်ဧကရာဇ်က ဘယ်လိုလုပ်ပြီး အဆင့်တက်သွားတာလဲ”

ဟု မေးမြန်းလိုက်၏။

နတ်ဧကရာဇ်တစ်ပါး အဆင့်တက်ရောက်သည့်အခါ သူတို့သည် လွှမ်းမိုးသော ဧကရာဇ်အရှိန်အဝါကို ဧကန်မုချ ထုတ်လွှတ်မည် ဖြစ်သည်။ နတ်သခင်အဆင့်မှ နတ်ဧကရာဇ်အဆင့်သို့ တက်ရောက်ချိန်တွင် သူတို့၏ စွမ်းအားများ အဆမတန် တိုးပွားလာတတ်ပြီး အသစ်ဖြစ်လာကာစ နတ်ဧကရာဇ်တစ်ပါးအနေနှင့် ထိုစွမ်းအားကို ကျင့်သားရရန် အချိန်အတိုင်းအတာတစ်ခု လိုအပ်သည်။ထို့‌ကြောင့် အဆင့်တက်ချိန်၌ ထွက်ပေါ်လာသော ဧကရာဇ်အရှိန်အဝါကို ထိန်းချုပ်ရန် ခက်ခဲလှသည်။

အကယ်၍ တောင်ပိုင်းနယ်တွင် နတ်ဧကရာဇ်တစ်ပါး တကယ် ရှိနေပါက နတ်များသည် သူ၏ အဆင့်တက်မှုမှ ထွက်ပေါ်လာသော ဧကရာဇ်အရှိန်အဝါကို ခံစားမိကြရမည် ဖြစ်သည်။ ဤအချက်က လကွယ်ဂိုဏ်းချုပ်ကို နားမလည် ဖြစ်စေသည့် အချက်ပင် ဖြစ်၏။

လုချန်းက

“ဘာလို့လဲဆိုတော့ အဲဒီ မိစ္ဆာနတ်ဧကရာဇ်က မကြာသေးခင်ကမှ အဆင့်တက်ခဲ့တာ မဟုတ်လို့ပါပဲ။ သူက သူ့ကိုယ်သူ ချိပ်ပိတ်ထားတဲ့ နတ်ဧကရာဇ်တစ်ပါးဖြစ်ပြီး မကြာသေးခင်ကမှ ချိပ်ပိတ်မှုကို ပြန်ဖွင့်ခဲ့တာပါ။”

ဒါက...

လကွယ်ဂိုဏ်းချုပ် ခဏခန့် တိတ်ဆိတ်သွားတော့၏။

လုချန်း ပြောသည့် စကားသည် တကယ် ဖြစ်နိုင်ခြေရှိပြီး ဖြစ်နိုင်ခြေလည်း အလွန်များလှသည်။ ထျန်းရန် နတ်ဘုရားနယ်မြေတွင် သူ့ကိုယ်သူ ချိပ်ပိတ်ထားသော နတ်ဧကရာဇ်အချို့ ရှိနေနိုင်သည်ဟု လကွယ်ဂိုဏ်းချုပ် သံသယဝင်နေခဲ့သည်မှာ ကြာပြီဖြစ်၏။

ထို့ကြောင့်ပင် သူသည် နတ်အလောင်းကို ရရှိပြီးနောက် ကမ္ဘာငယ်လေးတစ်ခုအတွင်း ပုန်းအောင်းရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ထိုနတ်ဧကရာဇ်များက နတ်အလောင်းကို ရှာဖွေတွေ့ရှိသွားမှကို သူ စိုးရိမ်ပူပန်ခဲ့သည်။

လကွယ်ဂိုဏ်းချုပ် တိတ်ဆိတ်သွားသည်ကို တွေ့မြင်လျှင် လုချန်းက ဆက်လက်၍

“ဂိုဏ်းချုပ် သိချင်တာ တခြား ရှိသေးလား”

ဟု မေးမြန်းလိုက်၏။

လကွယ်ဂိုဏ်းချုပ်သည် တစ်စုံတစ်ခုကို စဉ်းစားနေသည့်အလား ဆက်လက်၍ တိတ်ဆိတ်နေဆဲ ဖြစ်သည်။

အချိန်အတန်ကြာပြီးနောက် လကွယ်ဂိုဏ်းချုပ်က နောက်ဆုံးတွင်

“အကယ်၍ သူက သူ့ကိုယ်သူ ချိပ်ပိတ်ထားတဲ့ နတ်ဧကရာဇ်တစ်ပါးဆိုရင် သူ၏စွမ်းအားက အပြည့်အဝ ပြန်မကောင်းသေးတဲ့ ပုံပဲ မဟုတ်ဘူးလား။”

ယေဘုယျအားဖြင့် နတ်ဧကရာဇ်တစ်ပါး သူ့ကိုယ်သူ ချိပ်ပိတ်ရခြင်းမှာ သူတို့၏ သက်တမ်းကန့်သတ်ချက် နီးကပ်လာသောကြောင့်ဖြစ်ပြီး သက်တမ်းရှည်ကြာစွာ နေထိုင်နိုင်ရန်နှင့် နောက်ထပ် ကြီးကျယ်ခမ်းနားသော ခေတ်တစ်ခေတ် ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းရန်အတွက် သူ့ကိုယ်သူ ချိပ်ပိတ်ထားရန် ရွေးချယ်ကြခြင်း ဖြစ်သည်။ ထိုကဲ့သို့သော နတ်ဧကရာဇ်များသည် သူတို့၏ ချိပ်ပိတ်မှုကို ပြန်လည်ဖွင့်လှစ်လိုက်လျှင်ပင် သက်တမ်းကန့်သတ်ချက်ကြောင့် သူတို့၏ စွမ်းအား သိသိသာသာ လျော့နည်းကျဆင်းသွားနိုင်သည်။

လုချန်းက

“အဲ့ဒီအချက်ကိုတော့ ကျုပ် မသိနိုင်ဘူး”

ဟု ပြန်လည်တုံ့ပြန်လိုက်၏။

လကွယ်ဂိုဏ်းချုပ်က

“တောင်ပိုင်းနယ်က အင်အားစုအားလုံး အဲဒီ နတ်ဧကရာဇ်ဆီကို သစ္စာခံလိုက်ကြပြီလား” ဟု ဆက်မေးပြန်သည်။

လုချန်းက

“အားလုံးတော့ မဟုတ်ပါဘူး။ ခမ်းနားသော ကောင်းကင်ခန်းမကတော့ သွေးလင်းယုန်ခန်းမကို အသေအကြေ တိုက်ခိုက်ဖို့ ရည်ရွယ်ထားတယ်။”

ထိုအရာကို ကြားလျှင် လကွယ်ဂိုဏ်းချုပ်သည် ချက်ချင်းပင် စိတ်ဝင်စားသွားတော့၏။ သူသည် ဤအခွင့်အရေးကို အသုံးချကာ တောင်ပိုင်းနယ် နတ်ဧကရာဇ်၏ စွမ်းအားကို စမ်းသပ်ရန် စဉ်းစားလိုက်သည်။

အကယ်၍ ထိုနတ်ဧကရာဇ်၏ စွမ်းအား အထင်ကြီးစရာ မရှိပါက သူသည်လည်း တောင်ပိုင်းနယ်ကို တိုက်ခိုက်မှု စတင်နိုင်ပြီး ထိုသူတို့ထံမှတစ်ဆင့် ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကိုပင် ရရှိနိုင်ပေလိမ့်မည်။ ထိုသို့ တွေးတောမိရင်း လကွယ်ဂိုဏ်းချုပ်၏ စိတ်နှလုံးလည်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားခဲ့၏။

လကွယ်ဂိုဏ်းချုပ်က

“ခင်ဗျားရဲ့ ကိုယ်ပွားကို ခမ်းနားသော ကောင်းကင်ခန်းမနဲ့ အဲဒီ နတ်ဧကရာဇ်အပေါ်မှာပဲ အာရုံစိုက်ထားလိုက်။ တစ်စုံတစ်ခု လှုပ်ရှားမှု ရှိတာနဲ့ ကျုပ်ကို ချက်ချင်း အကြောင်းကြား”

ဟု ဆက်ပြောလိုက်သည်။

လုချန်းက

“ကောင်းပါပြီ ဂိုဏ်းချုပ်”

ထို့နောက် လကွယ်ဂိုဏ်းချုပ်က

“ဒီလောက်ပါပဲ။ ခင်ဗျား သွားနိုင်ပြီ။”

လုချန်းသည် စကားတစ်ခွန်းမှ ထပ်မဆိုတော့ပဲ လှည့်၍ ထွက်ခွာသွားခဲ့တော့၏။

လုချန်း၏ မလေးမခန့် အမူအရာကို တွေ့မြင်လျှင် လကွယ်ဂိုဏ်းမှ နတ်သခင်တစ်ပါးက လကွယ်ဂိုဏ်းချုပ်ကို

“ဂိုဏ်းချုပ်... လုချန်းက နည်းနည်း ရိုင်းစိုင်းလွန်းနေသလိုပဲ မဟုတ်ဘူးလား။ သူ စကားပြောတဲ့ ပုံစံက ဂိုဏ်းချုပ်ကို လုံးဝ မလေးစားသလိုပဲ”

ဟု မကျေမနပ် ရေရွတ်လိုက်သည်။

လကွယ်ဂိုဏ်းချုပ်က ထိုနတ်သခင်ကို

“အဲဒါက ကိုယ်ပွားသက်သက်ပဲ။ သူ့ရဲ့ ပင်မကိုယ် ဘယ်မှာလဲဆိုတာ ကျုပ်တို့ မသိရင် သူ့ကို ခြိမ်းခြောက်လို့မရဘူး။ ဒါကြောင့် သူက ကျုပ်ဆီကို စိတ်ရင်းမှန်နဲ့ သစ္စာခံမှာ မဟုတ်ဘူး”

ဟု ခပ်အေးအေးပင် ဆိုလိုက်၏။

လကွယ်ဂိုဏ်းချုပ်သည် လူအ မဟုတ်ပေ။ လုချန်းသည် လကွယ်ဂိုဏ်းအပေါ် စိတ်ရင်းမှန်ဖြင့် သစ္စာစောင့်သိနေခြင်း မဟုတ်သည်ကို သူ ရိပ်မိပြီးဖြစ်သော်လည်း ထိုအချက်ကို သူ အနည်းငယ်မှ ဂရုမစိုက်ပေ။

လုချန်းကို မဆိုထားနှင့် ယခုအခါ အရိုင်းနယ်မြေတွင် သူ့အပေါ် စိတ်ရင်းမှန်ဖြင့် သစ္စာစောင့်သိသည့် အင်အားစု အနည်းငယ်သာ ရှိသည်။ ထိုပါးနပ်လှသော လူများသည် သူ၏ သက်တမ်းကန့်သတ်ချက် ကုန်ဆုံးမည့် အချိန်ကိုသာ စောင့်ဆိုင်းနေကြခြင်း ဖြစ်ပေလိမ့်မည်။

သူ၏ သက်တမ်းကန့်သတ်ချက် ရောက်ရှိလာပါက သူသည် နတ်အလောင်းကို ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။

ထိုအချိန်ကျလျှင် အင်အားစု ဘယ်လောက်တောင် ပုန်ကန်ကြမည်ကို မည်သူ သိနိုင်မည်နည်း။

ထို့ကြောင့်ပင် သူသည် နတ်ဧကရာဇ်တစ်ပါး ဖြစ်လာရန် အရေးပေါ် လိုအပ်နေခြင်း ဖြစ်၏။

လကွယ်ဂိုဏ်းချုပ်သည် လုချန်း လက်ရှိ သူ့အပေါ် မလေးစားမှုကို စိတ်ထဲမထားပေ။ တစ်နေ့တွင် သူ နတ်ဧကရာဇ် ဖြစ်လာပြီး လုချန်း၏ ပင်မကိုယ်ကို ရှာဖွေတွေ့ရှိပါက လုချန်းနှင့် အတိုးချ၍ စာရင်းရှင်းမည်ဖြစ်သည်။ လောလောဆယ်တွင်တော့ လုချန်းက သူ့အတွက် အသုံးဝင်နေသေး၏။

အထူးသဖြင့် လုချန်း၏ ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံ ဖြစ်၏။ ယခုအခိုက်အတန့်တွင် လကွယ်ဂိုဏ်းချုပ်သည် တောင်ပိုင်းနယ်၏ နတ်ဧကရာဇ်ကို ချိပ်ပိတ်ရန်အတွက် လုချန်း၏ ကစဉ့်ကလျား ဝိညာဉ်ပျက်စီးခြင်း ချိပ်ပိတ်နည်းဗျူဟာပုံစံကို အသုံးပြုနိုင်မည်လားဟူ၍ စိတ်ထဲမှ ကြံစည်တွေးတောနေပြီဖြစ်သည်။

--

……….

All Chapters