အခန်း ၂၀၂၃
Vol. 135 Ch. 2023
အခန်း (၂၀၂၃ )
ငါကြင်းဆီနှင့် ငါကြင်းကြော်ချင်သူ
လျှို့ဝှက်လဝန်း ကျောင်းတော်။
ယွမ်ယုတိ၏ အိပ်ဆောင်။
ယွမ်ယုတိ၏ ကိုယ်ပွားသည် လကွယ်ဂိုဏ်း၌ ပြုလုပ်သည့် အစည်းအဝေးကို အဆုံးသတ်ပြီးနောက် သူမ၏ ပင်မကိုယ်သည် ကုတင်ပေါ်တွင် အသင့်စောင့်ဆိုင်းနေသော လုချန်း၏ ကိုယ်ပွားထံသို့ ချက်ချင်းပင် အကြည့်ပို့လိုက်သည်။
ယွမ်ယုတိက
“ရှင် ပြီးခဲ့တဲ့ တစ်ခေါက်က ပြောခဲ့တဲ့ တောင်ပိုင်းနယ်က နတ်ဧကရာဇ်က လောကပြင်ပက သတ္တဝါတစ်ကောင် ဖြစ်နိုင်တယ်လို့ သံသယရှိနေတာလား”
ဟု မေးလိုက်သည်။
ယခင်က လုချန်းနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံစဉ်အတွင်း သူသည် သွေးဘိုးဘေးအကြောင်းကို ပြောပြခဲ့ဖူးသော်လည်း ထိုသူ၏ အခြေအနေကို အသေးစိတ် ရှင်းမပြခဲ့ပဲ လောကပြင်ပက သတ္တဝါတစ်ကောင် ဖြစ်နိုင်ကြောင်းသာ ပြောခဲ့ခြင်း ဖြစ်သည်။
အစပိုင်းတွင် ယွမ်ယုတိ ထိုအရာကို သိပ်ပြီး ဂရုမစိုက်ခဲ့သော်လည်း ယခုအခါ သွေးလင်းယုန်ခန်းမမှ တစ်စုံတစ်ယောက်သည် နတ်ဧကရာဇ် အဆင့် အင်အားကို ရရှိထားကြောင်း လုချန်း ပြောပြချက်အရ ထိုသူသည် အဆိုပါ လောကပြင်ပက သတ္တဝါ ဖြစ်နိုင်ခြေ များနေသည်။
ထို့ပြင် လျှို့ဝှက်လဝန်း နန်းတော်နှင့် သွေးလင်းယုန်ခန်းမတို့အကြားတွင်လည်း ရန်စဟောင်းများ ရှိနေခဲ့သည်။
အကယ်၍ ထိုလောကပြင်ပ သတ္တဝါသာ နတ်ဧကရာဇ် အဆင့် အင်အားကို ပိုင်ဆိုင်ထားမည်ဆိုပါက ၎င်းသည် လျှို့ဝှက်လဝန်း နန်းတော်အတွက် လုံးဝ သတင်းဆိုးပင် ဖြစ်လိမ့်မည်။
လျှို့ဝှက်လဝန်းနန်းတော်သည် သူတို့ အရေးယူမည့် အင်အားစုထဲတွင် ထိပ်ဆုံးစားရင်း၌ ပါဝင်နေပေလိမ့်မည်။
လုချန်းက
“ဟုတ်တယ်”
ဟု အတည်ပြု ဖြေကြားခဲ့သည်။
ယွမ်ယုတိက
“အဲဒီ လောကပြင်ပ သတ္တဝါက ရှင့်ကို အမြဲတမ်း ရှာဖွေနေတယ်လို့ ရှင်ပြောခဲ့ဘူးတယ် မဟုတ်လား။ သူက နတ်ဧကရာဇ် ကျင့်စဉ်အဆင့်ကို ပိုင်ဆိုင်ထားတာဆိုတော့ ရှင့်ရဲ့ ပင်မကိုယ်ကို ရှာဖို့က သူ့အတွက် လွယ်ကူသင့်တယ် မဟုတ်ဘူးလား။”
ယွမ်ယုတိသည် လုချန်း၏ ပင်မကိုယ် မည်သည့်နေရာတွင် ပုန်းအောင်းနေသည်ကို အမြဲတမ်း စူးစမ်းလိုစိတ် ရှိနေခဲ့သည်။ သူက သူ့တွင် ပင်မကိုယ်ဟူ၍ မရှိကြောင်းနှင့် သူ၏ မည်သည့်အစိတ်အပိုင်းမဆို ပင်မကိုယ်အဖြစ် သတ်မှတ်နိုင်ကြောင်း ပြောဆိုနေသော်လည်း သူ လိမ်ညာနေသည်ဟုသာ သူမ အမြဲ ခံစားနေရသည်။
‘ဘဝဆိုသည်မှာ အိပ်မက်တစ်ခု’ အတွင်း သူသည် အိပ်မက်ဆန်သော အခြေအနေတစ်ခုတွင် လွင့်မျောနေနိုင်သော်လည်း သူ၏ နတ်ဝိညာဉ်သည် ထျန်းရန် နတ်ဘုရား နယ်မြေတစ်ခုလုံးတွင် အဆက်မပြတ် လှည့်လည်သွားလာနေရန် မဖြစ်နိုင်ပေ။
လုချန်းသည် ကုတင်ပေါ်မှ ထကာ ဘေးစောင်းလှဲလျက် လက်တစ်ဖက်ဖြင့် ပါးကို ထောက်ပြီး ခန်းမထဲရှိ ယွမ်ယုတိကို ပြုံး၍ ကြည့်ကာ
“ခင်ဗျား ကျုပ်ကို စိတ်ပူနေတာလား”
ဟု မေးလိုက်သည်။
ထိုအရာကို ကြားလျှင် ယွမ်ယုတိက သူ့ကို အေးစက်စွာ တစ်ချက် စောင်းကြည့်လိုက်ပြီး
“လျှို့ဝှက်လဝန်း နန်းတော်က ချင်နိုင်ငံရဲ့ ကံစွမ်းအားနဲ့ ဆက်နွှယ်နေတာ။ ရှင် တစ်ခုခုဖြစ်သွားရင် လျှို့ဝှက်လဝန်း နန်းတော်ပါ ပတ်သက်သွားမှာကို ကျွန်မ စိတ်ပူတာ။”
လုချန်းက ရယ်မောကာ
“ဒါဆိုလည်း ခင်ဗျား ကျုပ်ကို စိတ်ပူနေတာပဲဥစ္စာ။”
ယွမ်ယုတိသည် ဆက်လက် ငြင်းခုံမနေချင်တော့သဖြင့် မျက်နှာသေဖြင့်ပင်
“ရှင်ကတော့ အဲဒီလူကို ခြိမ်းခြောက်မှုတစ်ခုလို့ လုံးဝ မမြင်တဲ့ပုံပဲ။”
ထိုအခါမှ လုချန်းက သူ၏ အပြုံးများကို ရုပ်သိမ်းလိုက်ပြီး တည်တည်တံ့တံ့ဖြင့်
“သူက ကျုပ်အတွက် တကယ်ပဲ ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခုပါ။ ဒါပေမဲ့ သူ့ရဲ့ ပင်မကိုယ်က လောလောဆယ် ချိပ်ပိတ်ခံထားရပုံရတယ်။ အကယ်၍ သူသာ တောင်ပိုင်းနယ်ကနေ တကယ် ထွက်ခွာနိုင်မယ်ဆိုရင် ကျုပ်ကို ရှာဖို့ အရိုင်းနယ်မြေကို ရောက်ပြီး
နေလောက်ပြီ”
ဟု အလေးအနက် ဆိုလိုက်၏။
သူ့အပေါ် ထားရှိသည့် သွေးဘိုးဘေး၏ သစ္စာစောင့်သိမှု အနှုတ် - ၁၀၀ ကို ကြည့်ခြင်းအားဖြင့် သွေးဘိုးဘေး၏ စိတ်နှလုံးထဲ တွင် သူ့အပေါ် နက်ရှိုင်းသော နာကျည်းမှုများကို မွေးမြူထားကြောင်း ထင်ရှားသည်။
အကယ်၍ သွေးဘိုးဘေး လွတ်မြောက်သွားပါက သူ၏ ပင်မကိုယ်ကို ရှာဖွေရန် ထျန်းရန် နတ်ဘုရား နယ်မြေတစ်ခုလုံးကို နတ်အာရုံဖြင့် ဧကန်မုချ ဖြန့်ကြက် စစ်ဆေးလိမ့်မည်။
နတ်ဧကရာဇ် တစ်ပါးအတွက် လူတစ်ယောက်ကို ရှာဖွေရန်က လက်ဖဝါးလှန်လိုက်သကဲ့သို့ အလွန်လွယ်ကူလှသည်။ လောလောဆယ်တွင် သွေးဘိုးဘေးသည် သူ့ကို ရှာဖွေရန် သွေးလင်းယုန်ခန်းမကိုသာ စေလွှတ်ထားသဖြင့် သူသည် သူ၏ စွမ်းအားကို အပြည့်အဝ အသုံးမချနိုင်သေးပဲ သူ၏ ပင်မကိုယ်ကို ရှာဖွေရန် အခြားသူများကိုသာ အားကိုးနေရကြောင်း ညွှန်ပြနေသည်။
ယွမ်ယုတိက
“တောင်ပိုင်းနယ်ရဲ့ လောလောဆယ် အခြေအနေက ဘယ်လိုလဲ”
ဟု ထပ်မံ မေးမြန်းလိုက်သည်။
လုချန်းက
“အင်အားစု အများစုက သွေးလင်းယုန်ခန်းမဆီ သစ္စာခံဖို့ ရွေးချယ်ခဲ့ကြပေမဲ့ ခမ်းနားသော ကောင်းကင်ခန်းမနဲ့ အခြား အင်အားစု အနည်းငယ်ကတော့ အဆုံးထိ တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားကြတယ်”
ဟု တုံ့ပြန်လိုက်၏။
ယွမ်ယုတိ တွေးတောမိသွား၏။ တောင်ပိုင်းနယ်နှင့် အရိုင်းနယ်မြေကို နေဝင်တောင်တန်းက ခြားနားထားသည်။ တောင်ပိုင်းနယ်တွင် ဖြစ်ပျက်နေသည့် အဖြစ်အပျက်များကို သူမ စိတ်ပူနေသော်လည်း ထိုတောင်တန်းကြောင့် ဝင်ရောက် စွက်ဖက်ရန် ခက်ခဲလှပေသည်။
အကယ်၍ လျှို့ဝှက်လဝန်း ကျောင်းတော်သာ တောင်ပိုင်းနယ်တွင် ရှိနေသေးပါက သွေးလင်းယုန်ခန်းမကို ဆန့်ကျင်ရန် ခမ်းနားသော ကောင်းကင်ခန်းမနှင့် ပူးပေါင်းခဲ့ကြပေလိမ့်မည်။
ယွမ်ယုတိက
“ရှင့်ရဲ့ နောက်ထပ် အစီအစဉ်က ဘာလဲ”
ဟု မေးလိုက်သည်။
သွေးလင်းယုန်ခန်းမထံမှ သွေးဘိုးဘေး၏ ခြိမ်းခြောက်မှုကို ထည့်တွက်လျှင် လုချန်းသည် ထိုသူတို့ အင်အားကြီးမားလာသည်ကို ဒီတိုင်း လက်ပိုက်ကြည့်နေမည်မဟုတ်ပဲ တစ်ခုခု လုပ်ဆောင်လိမ့်မည်ဟု သူမ ခံစားမိနေသည်။
လုချန်းက
“ကျုပ်ရဲ့ ကိုယ်ပွားတစ်ခုက ခမ်းနားသော ကောင်းကင်ခန်းမကို သွားနေပြီ။ အဲဒီက နတ်သခင်တွေနဲ့ ပူးပေါင်းပြီး သွေးဘိုးဘေးကို ချိပ်ပိတ်ဖို့ ကျုပ် ရည်ရွယ်ထားတယ်။”
ထိုအရာကို ကြားလျှင် ယွမ်ယုတိ ထပ်မံ တိတ်ဆိတ်သွားပြန်သည်။
ထျန်းရန် နတ်ဘုရား နယ်မြေသည် ပို၍ပို၍ ကစဉ့်ကလျား ဖြစ်လာသလို ခံစားရသည်။ ယခုအခါ နယ်မြေငါးခုအနက် လေးခုတွင် နတ်ဧကရာဇ် အဆင့် အင်အားရှိသော ပုဂ္ဂိုလ်များ ရှိနေကြပြီ ဖြစ်သည်။
နတ်ဧကရာဇ်များလွန်းခြင်းသည် ဧကန်မုချ ကောင်းသောအချက် မဟုတ်ပေ။ ပဋိပက္ခများက မည်သည့်အချိန်တွင်မဆို ပေါ်ပေါက်လာနိုင်သည်။ သူတို့ကိုယ်တိုင် နတ်ဧကရာဇ် အဆင့်သို့ မတက်လှမ်းနိုင်ပါက ဧကရာဇ်များ၏ အာဏာလုပွဲများတွင် ကြိုးဆွဲရာ ကာရသည့် ရုပ်သေးရုပ်များအဖြစ်သာ ရှိနေရပေလိမ့်မည်။
နတ်ဧကရာဇ်များသည် လွယ်လွယ်နှင့် ပါဝင်ပတ်သက်မည်မဟုတ်သော်လည်း အကယ်၍ သူတို့သာ လှုပ်ရှားလာပါက ထျန်းရန် နတ်ဘုရား နယ်မြေသည် အိုးခြမ်းကွဲအလား အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားနိုင်သည်။ ထို့ပြင်ကံစွမ်းအားကို လုယူရန်အတွက် သူတို့၏ လက်အောက်ခံများကို စစ်ပွဲဆင်နွှဲရန် လှုံ့ဆော်နိုင်ခြေ ရှိသည်။
ပဋိပက္ခများအတွင်း ဆွဲသွင်းခံရခြင်းမှ ရှောင်ရှားရန်အတွက် သူမ ကိုယ်တိုင်လည်း နတ်ဧကရာဇ်တစ်ပါး ဖြစ်လာရန် လိုအပ်၏။ ထိုအခါမှာသာ ရုပ်သေးရုပ် ဘဝမှ ရုပ်သေးကြိုးကို ဆွဲရသူဘဝ ရောက်မည်ဖြစ်သည်။
ထိုသို့တွေးတောရင်း ယွမ်ယုတိ၏ ခရမ်းရောင် မျက်ဝန်းများသည် လုချန်းထံသို့ ဝေ့ဝဲသွားခဲ့သည်။
သူမ နတ်ဧကရာဇ် ဖြစ်လာရန် တစ်ခုတည်းသော အခွင့်အရေးမှာ လုချန်းနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံခြင်းသာ ဖြစ်ခဲ့၏။ သို့သော် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော်လည်း နတ်ဧကရာဇ် ဖြစ်လာမည့် လမ်းစကို သူမ ရှာမတွေ့သေးပေ။
နတ်ဧကရာဇ် အဆင့်သို့ ရောက်ရှိရန် မလွယ်ကူကြောင်းကိုလည်း သူမ နားလည်ထားသည်။
သူမသည် နတ်သခင် အဆင့်သို့ ရောက်ရှိတာပင် မကြာသေးပေ။ အခြားသူများသည် နတ်ဧကရာဇ် အဆင့်သို့ သဘာဝအတိုင်း ကူးပြောင်းရန် နှစ်ပေါင်း ကုဋေချီ အချိန်ယူရ၏။
ယခု သူမသည် နတ်သခင်အဆင့်တွင် နှစ်တစ်ထောင်ပင် မပြည့်သေးပေ။ နတ်ဧကရာဇ် အဆင့်ရောက်ဖို့ လွယ်ကူနေမည်ဆိုပါက ထျန်းရန် နတ်ဘုရား နယ်မြေ၏ နေရာတိုင်းတွင် နတ်ဧကရာဇ်များ ရှိနေပေလိမ့်မည်။
သို့သော်လည်း ထျန်းရန် နတ်ဘုရား နယ်မြေ၏ တိုးပွားလာသော ကစဉ့်ကလျား ဖြစ်မှုများက သူမအား မလုံခြုံမှု ခံစားရစေပြီး သူမကို စိတ်မရှည် ဖြစ်လာစေသည်။
ယွမ်ယုတိ၏ ခရမ်းရောင် မျက်ဝန်းများက သူ့ထံ စိုက်ကြည့်နေသည်ကို တွေ့မြင်လျှင် လုချန်း၏ အပြုံး တစ်ဖန် ပေါ်ပေါက်လာပြီး
“ထပ်ပြီး တွေးတောနေပြန်ပြီလား”
ဟု မေးလိုက်သည်။
ထိုစကားများကို ကြားရလျှင် ယွမ်ယုတိ လုချန်းကို အေးစက်စွာ တစ်ချက် စောင်းကြည့်လိုက်၏။
လုချန်းက လက်တစ်ဖက်ကို မြှောက်ကာ ကုတင်ကို ပုတ်လျက်
“ဒီကိုလာပါဦး ဇနီးချောလေးရဲ့... ခင်ဗျားရဲ့ ကျင့်ကြံခြင်းကို ကျုပ် ကူညီပေးပါ့မယ်”
ဟု နောက်ပြောင်ကျီစယ်သော လေသံဖြင့် ဆိုလိုက်သည်။
လုချန်း၏ လူပြက်ဆန်သော အပြုံးကို တွေ့မြင်လျှင် ယွမ်ယုတိလည်း သူ့မျက်နှာကို လက်သီးဖြင့် ထိုးပစ်ချင်စိတ်များ ပေါ်ပေါက်လာတော့၏။ သို့သော် စိတ်ကို ထိန်းကာ သူမ၏ သွယ်လျသော ခြေတံရှည်များဖြင့် ကုတင်ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
လုချန်း၏ ကိုယ့်ကိုယ်ကို အထင်ကြီးမှုက သူမကို မကျေမနပ် ဖြစ်စေသော်လည်း စုံတွဲကျင့်စဉ်ကို ကျင့်ကြံရမည်သာ ဖြစ်သည်။ သူမ နတ်ဧကရာဇ် ဖြစ်လာသည့်နေ့တွင် သူ အတိတ်က စော်ကားခဲ့သမျှ အကြွေးဟောင်း အကြွေးသစ် အားလုံးကို အတိုးချ၍ အပြည့်အဝ ပြန်လည်ပေးဆပ်မည်ဟု စိတ်ထဲမှ ကြုံးဝါးလိုက်၏။
…..
သွေးလင်းယုန်ခန်းမ။
အစည်းအဝေးခန်းမ။
သွေးမိစ္ဆာ နတ်သခင်သည် ပလ္လင်ပေါ်တွင် ထိုင်ကာ တောင်ပိုင်းနယ် အင်အားစုများ၏ ခေါင်းဆောင်များကို တင်းမာသော မျက်နှာထားဖြင့် စိုက်ကြည့်နေသည်။
သွေးဘိုးဘေးက ဖိအားပေးခဲ့သည့်တိုင်အောင် အချို့သော အင်အားစုများသည် နာခံရန် ငြင်းဆန်ကာ သွေးလင်းယုန်ခန်းမကို ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရန် ရွေးချယ်ကြလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ထိုအင်အားစုများသည် ပိုးဖလံမျိုး မီးကိုတိုးသကဲ့သို့ ကိုယ့်သေတွင်းကိုယ် တူးနေကြခြင်းသာ ဖြစ်သည်။
သွေးမိစ္ဆာ နတ်သခင်က စုဝေးနေသူများကို ကြည့်ကာ
“ခင်ဗျားတို့အားလုံးက သွေးလင်းယုန်ခန်းမဆီမှာ သစ္စာခံထားကြတာဆိုတော့ ခင်ဗျားတို့ရဲ့ သစ္စာရှိမှုကို ပြသဖို့ အခွင့်အရေးတစ်ခု ကျုပ် ပေးမယ်။”
“ခမ်းနားသော ကောင်းကင်ခန်းမက သစ္စာခံဖို့ ငြင်းဆန်ရုံတင်မကဘူး... သွေးလင်းယုန်ခန်းမနဲ့ ပူးပေါင်းဖို့ကိုပါ ပယ်ချပြီး စစ်ပွဲတစ်ခု ဖြစ်ပွားအောင် ဖန်တီးချင်နေတယ်။”
“ခမ်းနားသော ကောင်းကင်ခန်းမက သစ္စာမခံတဲ့အတွက် သူတို့ ဆက်ပြီး တည်ရှိနေဖို့ မလိုတော့ဘူး။ ဒီနေ့ကစပြီး တောင်ပိုင်းနယ်ရဲ့ အင်အားစုတွေအားလုံး ခမ်းနားသော ကောင်းကင်ခန်းမကို တိုက်ခိုက်ရမယ်။”
“ခင်ဗျားတို့ ကောင်းကောင်း စွမ်းဆောင်နိုင်လိမ့်မယ်လို့ ကျုပ် ယုံကြည်တယ်။”
သွေးမိစ္ဆာ နတ်သခင်၏ စကားများကို ကြားလျှင် ရောက်ရှိနေသူများအားလုံး ခဏခန့် ကြောင်အသွားကြသည်။ သူက သူတို့ကို ခမ်းနားသော ကောင်းကင်ခန်းမနှင့် တိုက်ခိုက်ခိုင်းနေခြင်းလား။
သူတို့သည် နတ်ဧကရာဇ်၏ စွမ်းအားကို ကြည့်ရှု အကဲခတ်ရန်အတွက် ခမ်းနားသော ကောင်းကင်ခန်းမနှင့် သွေးလင်းယုန်ခန်းမတို့ အသေအကြေ တိုက်ခိုက်ကြသည်ကို ဘေးမှ ထိုင်ကြည့်ရန်သာ အစက မျှော်လင့်ထားခဲ့ကြခြင်း ဖြစ်သည်။
သွေးလင်းယုန်ခန်းမသည် တောင်ပိုင်းနယ် အင်အားစုများကို ရှေ့တန်းမှ တိုက်ခိုက်ခိုင်းပြီး သူတို့ကိုယ်တိုင်ကတော့ ငါကြင်းဆီနှင့် ငါကြင်းကြော်ပြီး အကျိုးအမြတ် ထိုင်ခံစားရန် ရည်ရွယ်ထားပုံရသည်။
မကျေမနပ် ဖြစ်နေကြသော်လည်း အင်အားစုခေါင်းဆောင်များသည် သွေးလင်းယုန်ခန်းမ၏ နောက်ကွယ်တွင် နတ်ဧကရာဇ်တစ်ပါး ရှိနေသည်ကို သိထားကြသဖြင့် တိတ်ဆိတ်စွာသာ နေလိုက်ကြရတော့သည်။
--
…………