← Chapters

အခန်း ၂၀၂၄

Vol. 135 Ch. 2024

အခန်း ၂၀၂၄

Vol. 135 Ch. 2024

အခန်း (၂၀၂၄ )

သွေးဘိုးဘေးအကြောင်း သတင်းဖြန့်ခြင်း

ခမ်းနားသော ကောင်းကင်ခန်းမနှင့် သွေးလင်းယုန်ခန်းမတို့အကြား စစ်ဖြစ်လုဆဲဆဲ အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

သွေးလင်းယုန်ခန်းမသည် တောင်ပိုင်းနယ်၏ အင်အားစုများ နောက်ကွယ်တွင် ပုန်းအောင်းကာ ၎င်းတို့ကို မြေစာပင်အဖြစ် အသုံးပြုပြီး သူတို့၏ အရင်းအမြစ်များကို ကုန်ခမ်းအောင် ပြုလုပ်လိမ့်မည်ဟု ခမ်းနားသော ကောင်းကင်ခန်းမက ကြိုတင်ခန့်မှန်းထားခဲ့သည်။

ဖိအားများကို လျှော့ချရန်အတွက် သူတို့၏ ပစ်မှတ်မှာ သွေးလင်းယုန်ခန်းမ တစ်ခုတည်းသာဖြစ်ကြောင်း ခမ်းနားသော ကောင်းကင်ခန်းမက လူသိရှင်ကြား ကြေညာခဲ့ပြီး ၎င်းတို့ကို မိစ္ဆာနတ်အင်အားစုအဖြစ် သတ်မှတ်ကာ သွေးလင်းယုန်ခန်းမဘက်မှ ရပ်တည်သူ မည်သူမဆို ထျန်းရန် နတ်ဘုရား နယ်မြေ၏ ဖြောင့်မတ်သော နတ်အင်အားစုအားလုံးကို ဆန့်ကျင်ရာရောက်ပြီး အနာဂတ်တွင် အနှေးနှင့်အမြန် အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

တစ်ချိန်တည်းမှာပင် ခမ်းနားသော ကောင်းကင်ခန်းမသည် တောင်ပိုင်းနယ်ရှိ အင်အားစုများအား တောင်ပိုင်းနယ်မြေသည် နေဝင်တောင်တန်းနှင့် နှာခေါင်းနှင့်မျက်စိ နီးကပ်သကဲ့သို့ ကပ်လျက်တည်ရှိနေသည်ကို မမေ့လျော့ကြရန် သတိပေးခဲ့သည်။

ခမ်းနားသော ကောင်းကင်ခန်းမ၏ လူသိရှင်ကြား ကြေညာချက်ကို တွေ့မြင်လျှင် တောင်ပိုင်းနယ်၏ အမျိုးမျိုးသော အင်အားစုများသည် ခမ်းနားသော ကောင်းကင်ခန်းမနှင့် စစ်ခင်းရန် လက်တွန့်သွားကြသည်။

အကယ်၍ တောင်ပိုင်းနယ်၏ အင်အားစုအားလုံး တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းလိုက်မည်ဆိုပါက ခမ်းနားသော ကောင်းကင်ခန်းမသည် ဧကန်မုချ အင်အားချင်း မယှဉ်နိုင်ဖြစ်လိမ့်မည် ဖြစ်သော်လည်း ခမ်းနားသော ကောင်းကင်ခန်းမက သူတို့သည် နေဝင်တောင်တန်းနှင့် ကပ်လျက်တွင် ရှိနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အကယ်၍ ခမ်းနားသော ကောင်းကင်ခန်းမကို မတတ်သာသည့် အကျပ်အတည်းထဲသို့ တွန်းပို့ပါက ၎င်းတို့သည် နေဝင်တောင်တန်း၏ ချိပ်ပိတ်မှုကို ဖျက်ဆီးပြီး သတ္တဝါဆန်းများကို လွှတ်ပေးလိုက်လျှင် တောင်ပိုင်းနယ်တစ်ခုလုံး ကမ္ဘာပျက်သကဲ့သို့ ကပ်ဘေးနှင့် ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။

ထို့ပြင် အဓိကအချက်မှာ တောင်ပိုင်းနယ် အင်အားစုများ၏ ခေါင်းဆောင်များသည် ဉာဏ်ပညာ ရှိသူများ ဖြစ်ကြသဖြင့် သွေးလင်းယုန်ခန်းမက ၎င်းတို့ကို အမြောက်စာအဖြစ် အသုံးချကာ တောင်ပိုင်းနယ်၏ ဖြောင့်မတ်သော နတ်အင်အားစုများကို အင်အားချည့်နဲ့အောင် ပြုလုပ်ရန် ရည်ရွယ်ထားသည်ကို ကွက်ကွက်ကွင်းကွင်း သိနေခြင်းပင် ဖြစ်သည်။

၎င်းတို့သည် ခမ်းနားသော ကောင်းကင်ခန်းမကို တိုက်ခိုက်ရန် စိတ်မပါသော်လည်း သွေးလင်းယုန်ခန်းမ၏ ပစ်မှတ်ထားခြင်းကို ရှောင်ရှားရန်အတွက် သူတို့ပြောသမျှကို လိုက်နာရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ပေ။

သွေးလင်းယုန်ခန်းမ၏ ဖိအားပေးမှုအောက်တွင် တောင်ပိုင်းနယ်တစ်ခွင်ရှိ အင်အားစုများသည် ခမ်းနားသော ကောင်းကင်ခန်းမကို နှိမ်နင်းရန်အတွက် စစ်တပ်ကြီးများ စေလွှတ်သယောင် ဟန်ရေးပြခဲ့ကြသည်။

သို့သော်လည်း ထိုကြီးမားသော ဟန်ရေးပြမှုမှာ ခမ်းနားသော ကောင်းကင်ခန်းမအတွက် တကယ် ခြိမ်းခြောက်မှု မဖြစ်စေခဲ့ပေ။ မိုးခြိမ်းသံကြားသော်လည်း မိုးမရွာသကဲ့သို့ အသံဗလံများနှင့်သာ ပြည့်နှက်နေပြီး လက်တွေ့ရလာဒ် မရှိလှပေ။

သွေးမိစ္ဆာ နတ်သခင်သည် တောင်ပိုင်းနယ်၏ အင်အားစု အမျိုးမျိုးတို့ စိတ်မပါစွာ ကြိုးစားနေကြသည်ကို သတိပြုမိပြီး ၎င်းတို့၏ ရည်ရွယ်ချက်များကို ရိပ်မိလျှင် မကျေမနပ် ဖြစ်ခဲ့သော်လည်း ထိုအင်အားစုများကို အရေးယူရန် အခြားနည်းလမ်းမရှိ ဖြစ်နေခဲ့သည်။

သွေးဘိုးဘေးသည် အိပ်ပျော်ခြင်းထဲသို့ ရောက်ရှိနေပြီး လက်ရှိတွင် သွေးလင်းယုန်ခန်းမ၌ နတ်သခင် အဆင့် အနည်းငယ် လိုအပ်နေသည်။

ကြက်ကိုသတ်၍ မျောက်ကိုခြောက်ပြရန်ကလည်း သင့်တော်သော ပစ်မှတ်မရှိသဖြင့် သွေးလင်းယုန်ခန်းမသည် အောင့်အည်းသည်းခံရုံမှတစ်ပါး အခြားမရှိခဲ့ပေ။

သွေးလင်းယုန်ခန်းမက ခမ်းနားသော ကောင်းကင်ခန်းမကို မချေမှုန်းနိုင်သလို၊ ခမ်းနားသော ကောင်းကင်ခန်းမကလည်း သွေးလင်းယုန်ခန်းမကို မရှင်းလင်းနိုင်သဖြင့် နှစ်ဦးနှစ်ဖက်လုံး ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေတွင် ပိတ်မိနေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဆယ်နှစ်တာ အချိန်ကာလ ကွန်လွန်သွားခဲ့သည်။

ခမ်းနားသော ကောင်းကင်ခန်းမနှင့် သွေးလင်းယုန်ခန်းမတို့အကြား စစ်ပွဲကတော့ အနည်းဆုံး အမည်ခံအားဖြင့်တော့ ဆက်လက်ဖြစ်ပွားနေဆဲပင် ဖြစ်သည်။

မဟာနတ်ဂိုဏ်းကြီးများအကြား စစ်ပွဲများသည် ပုံမှန်အားဖြင့် နှစ်ပေါင်းသောင်းချီ၍ ကြာမြင့်တတ်သဖြင့် ဆယ်နှစ်ဟူသော အချိန်မှာ အစပျိုးရုံသာ ဖြစ်သည်။

သို့သော်လည်း ဤဆယ်နှစ်တာကာလအတွင်း သွေးလင်းယုန်ခန်းမ၏ နတ်ဧကရာဇ်က လှုပ်ရှားမှု တစ်စုံတစ်ရာ မပြုခဲ့သဖြင့် သူ့၌ ပြဿနာတစ်ခုခု ရှိနေနိုင်သည်ဟု ခန့်မှန်းမှုများ ထွက်ပေါ်လာခဲ့သည်။

နတ်ဧကရာဇ်သည် တောင်ပိုင်းနယ်ရှိ အင်အားစုအားလုံးကို သွေးလင်းယုန်ခန်းမထံ သစ္စာခံရန် အမိန့်ပေးခဲ့သည်။

သို့သော်လည်း ခမ်းနားသော ကောင်းကင်ခန်းမသည် သစ္စာခံရန် ငြင်းပယ်ရုံတင်မက အင်အားစုအချို့ကို ဦးဆောင်ကာ သွေးလင်းယုန်ခန်းမကို ခေါင်းမာမာဖြင့် ခုခံတော်လှန်ခဲ့၏။ ထိုအရာသည် မည်သည့်နတ်ဧကရာဇ်အတွက်မဆို စော်ကားမှုတစ်ခု ဖြစ်သည်။

နတ်ဧကရာဇ်တစ်ပါး၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေ၍ မရပေ။

အမှန်ဆိုလျှင် သွေးဘိုးဘေးသည် အစောကတည်းက ဒေါသအမျက်ချောင်းချောင်းထွက်ကာ ခမ်းနားသော ကောင်းကင်ခန်းမကို ကိုယ်တိုင်ကိုယ်ကျ နှိမ်နင်းခဲ့သင့်သည်။

သူ့ဘက်မှ မည်သည့်လှုပ်ရှားမှုမှမရှိပဲ ဆယ်နှစ်တာ ကုန်လွန်သွားခြင်းမှာ လုံးဝ ပုံမှန်မဟုတ်ဟု ထင်ရသည်။

……

ခမ်းနားသော ကောင်းကင်ခန်းမ။

အစည်းအဝေးခန်းမအတွင်း။

ခမ်းနားသော ကောင်းကင်ခန်းမ၏ နတ်သခင်များသည် တောင်ပိုင်းနယ်၏ လက်ရှိအခြေအနေများကို ဆွေးနွေးနေကြသည်။

ထိုအခိုက်အတန့်တွင် နတ်သခင် ထျန်းဖုန်းက

“သွေးဘိုးဘေးက အခုထိ ကိုယ်တိုင်ကိုယ်ကျ မလှုပ်ရှားသေးဘူး။ ဖြစ်နိုင်တာက သူ့ရဲ့ စွမ်းအားမှာ ကြီးမားတဲ့ ပြဿနာတစ်ခုခု ရှိနေလို့ပဲ ဖြစ်ရမယ်။”

အခြား နတ်သခင်တစ်ပါးကလည်း

“ဒါကလည်း အမြဲတမ်းတော့ ဟုတ်ချင်မှ ဟုတ်မှာပါ။ ဖြစ်နိုင်တာက သွေးဘိုးဘေးဟာ မကြာသေးခင်ကမှ နတ်ဧကရာဇ် အဆင့်ကို တက်ရောက်သွားတာမလို့ သူ့ရဲ့ ကျင့်စဉ်အဆင့်အတန်းကို တည်ငြိမ်အောင် လုပ်နေတာလည်း ဖြစ်နိုင်ပါတယ်”

ဟု မှတ်ချက်ပြုသည်။

ယေဘုယျအားဖြင့် အဆင့်တက်ပြီးနောက်တွင် နတ်များသည် ချက်ချင်း စစ်မခင်းကြပဲ ၎င်းတို့၏ ကျင့်စဉ်ကို တည်ငြိမ်အောင် ပြုလုပ်ရန်သာ ရွေးချယ်တတ်ကြသည်။

သူမ ကျင့်စဉ်အဆင့် ပြန်ရပြီးခါစတွင် ရွှမ်ချင်းယွမ်သည် သူမ၏ ကျင့်စဉ်ကို ခိုင်မာအောင် ပြုလုပ်ရန် အချိန်အတော်ကြာ အသုံးပြုခဲ့သဖြင့် သွေးဘိုးဘေးကလည်း ထိုနည်းတူ ပြုလုပ်နေခြင်း ဖြစ်နိုင်သည်။

ထိုအခိုက်အတန့်တွင် လုချန်းက ခန်းမအတွင်း၌

“အမြဲတမ်းတော့ မဟုတ်နိုင်ပါဘူး။ သူက ကိုယ်တိုင်ကိုယ်ကျ မလှုပ်ရှားနိုင်အောင် ချိပ်ပိတ်ခံထားရတဲ့ အခြေအနေမျိုးမှာ ရှိနေတာလည်း ဖြစ်နိုင်ပါတယ်။”

လုချန်း၏ စကားကို ကြားလျှင် လူတိုင်းက သူ့ထံသို့ အကြည့်များ ပို့လိုက်ကြပြီး နတ်သခင်ထိုက်ဟွာက

“ခင်ဗျား ဘာလို့ အဲ့လိုပြောနိုင်တာလဲ”

ဟု စူးစမ်းစွာ မေးလိုက်သည်။

လုချန်းက

“ကျုပ် တစ်ခါက သွေးလင်းယုန်ခန်းမက နတ်ဘုရင်တစ်ပါးကို ဖမ်းမိခဲ့ဖူးတယ်။ သူ့ရဲ့ အဆိုအရ သွေးဘိုးဘေးရဲ့ ပင်မကိုယ်ဟာ သွေးလင်းယုန်ခန်းမရဲ့ ကမ္ဘာငယ်လေးထဲကနေ ထွက်လို့မရပဲ အချိန်အတော်များများမှာ အိပ်ပျော်နေတတ်တယ်လို့ သိရတယ်။”

“ဒါကြောင့် သူဟာ သူ့ကိုယ်သူ ချိပ်ပိတ်ထားတဲ့ နတ်ဧကရာဇ်တစ်ပါး ဖြစ်နိုင်ပြီး သူ့ရဲ့စွမ်းအားတွေက သိသိသာသာ လျော့နည်းသွားလို့ အိပ်ပျော်ခြင်းထဲမှာပဲ ပိတ်မိနေပြီး စိတ်တိုင်းကျ မလှုပ်ရှားနိုင်တာ ဖြစ်မယ်လို့ ကျုပ် ခန့်မှန်းမိတယ်။”

ထိုအရာကို ကြားလျှင် ခမ်းနားသော ကောင်းကင်ခန်းမ၏ နတ်သခင်များ စိတ်လှုပ်ရှားသွားကြပြီး နတ်သခင်ထိုက်ဟွာက

“ခင်ဗျား ဒါကို သေချာလို့လား”

ဟု စိတ်အားထက်သန်စွာ မေးမြန်းခဲ့သည်။

လုချန်းက

“သွေးလင်းယုန်ခန်းမက ကျုပ်ရဲ့ ပင်မကိုယ် တည်နေရာကို စုံစမ်းဖို့ နတ်ဘုရင်တစ်ပါးကို စေလွှတ်ခဲ့ဖူးတယ်။ အဲဒီနတ်ဘုရင်ဆီကနေ ကျုပ် သိခဲ့ရတာမလို့ ဒါက မမှားနိုင်ပါဘူး။”

သွေးဘိုးဘေးသည် လောကပြင်ပမှ လာသူဖြစ်နိုင်ကြောင်း လုချန်း သိထားသော်လည်း ဤအချက်ကို ထုတ်ဖော်ပြောပြရန် မလိုသဖြင့် သွေးဘိုးဘေးကို နတ်ဧကရာဇ်တစ်ပါးအဖြစ်သာ သတ်မှတ်ထားလိုက်သည်။

နတ်သခင်ထိုက်ဟွာက အားတက်သွားဟန်ဖြင့်

“အကယ်၍ သူ့ရဲ့ နောက်ဆုံးနေ့ရက်တွေကို တကယ် ရောက်နေပြီး သူ့ကိုယ်သူ ချိပ်ပိတ်ထားတဲ့ နတ်ဧကရာဇ်တစ်ပါးဆိုရင် ကျုပ်တို့ အောင်မြင်ဖို့ အခွင့်အရေး ပိုများလာပြီ။”

ထို့နောက် နတ်သခင်ထိုက်ဟွာ ရုတ်တရက် အကြံတစ်ခု ရရှိသွားပြီး

“ဒီသတင်းကို အမြန် ဖြန့်လိုက်ပါ။ အကယ်၍ သွေးဘိုးဘေးဟာ သူ့ရဲ့ နောက်ဆုံးနေ့ရက်တွေကို ရောက်နေပြီဆိုတာ တောင်ပိုင်းနယ်က အင်အားစုတွေသာ သိသွားရင် သူတို့တွေ သစ္စာဖောက်သွားကြလိမ့်မယ်။”

လက်ရှိတွင် သွေးလင်းယုန်ခန်းမနှင့် ပူးပေါင်းထားသော အင်အားစုများသည် လေယူရာယိမ်းသည့် အခွင့်အရေးသမားများသာ ဖြစ်ကြသည်။

အကယ်၍ ၎င်းတို့က သွေးလင်းယုန်ခန်းမသည် စက္ကူကျားသာ ဖြစ်ပြီး သွေးဘိုးဘေးသည်လည်း ပုံမှန်မဟုတ်သော နတ်ဧကရာဇ်တစ်ပါးဖြစ်ကြောင်း သိသွားပါက သွေးလင်းယုန် ခန်းမကို သစ္စာဖောက်ကာ ခမ်းနားသော ကောင်းကင်ခန်းမဘက်သို့ ကူးပြောင်းရန် ရွေးချယ်နိုင်သည်။

ထိုအင်အားစုများသည် ချက်ချင်း သစ္စာမဖောက်လျှင်ပင် ခမ်းနားသော ကောင်းကင်ခန်းမကို ဆန့်ကျင် တိုက်ခိုက်ခြင်းမှ ရှောင်ကြဉ်ကြမည်ဖြစ်ပြီး တောင်ပေါ်ကနေ ကျားနှစ်ကောင်ကိုက်တာ ထိုင်ကြည့်သကဲ့သို့ အင်အားစုနှစ်ခု အကြား အနိုင်အရှုံး ပေါ်ထွက်လာသည်အထိ စောင့်ဆိုင်းနေကြမည် ဖြစ်သည်။

ထိုသို့ဆိုလျှင် ခမ်းနားသော ကောင်းကင်ခန်းမပေါ်ရှိ ဖိအားများကို များစွာ လျော့ပါးသွားစေလိမ့်မည်။

အကယ်၍ ခမ်းနားသော ကောင်းကင်ခန်းမ၏ စစ်တပ်သည် သွေးလင်းယုန်ခန်းမ၏ ကမ္ဘာငယ်လေးအတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ပါက သွေးဘိုးဘေးကို ချိပ်ပိတ်ရန် အခွင့်အရေး ရှိလာလိမ့်မည် ဖြစ်သည်။

မကြာမီမှာပင် သွေးဘိုးဘေးသည် သူ့ကိုယ်သူ ချိပ်ပိတ်ထားသည့် နတ်ဧကရာဇ်တစ်ပါးဖြစ်ကြောင်း သတင်းလည်း တောင်ပိုင်းနယ်တစ်ခုလုံးသို့ တောမီးပမာ ပျံ့နှံ့သွားခဲ့ပြီး အမျိုးမျိုးသော အင်အားစုများ၏ ခေါင်းဆောင်များကို စိတ်ဒွိဟဖြစ်စေခဲ့သည်။

အချိန်တစ်ခု ကြာပြီးနောက် တောင်ပိုင်းနယ်၏ အခြေအနေသည် ခမ်းနားသော ကောင်းကင်ခန်းမအတွက် အဆင်ပြေချောမွေ့သော လမ်းကြောင်းဘက်သို့ ဦးတည်သွားပုံရသည်။

…..

လကွယ်ဂိုဏ်းအတွင်းတွင်။

နတ်ရွှေဖြင့် ဆောက်လုပ်ထားသော နန်းတော်အတွင်း။

မီးအိမ်များအထက်တွင် စိမ်းလဲ့လဲ့ မီးတောက်များ လင်းလက်နေသည်။

နန်းတော်အတွင်းရှိ နတ်ပလ္လင်ပေါ်တွင် လကွယ်ဂိုဏ်းချုပ်သည် သူလျှိုတစ်ဦး၏ မှတ်ဉာဏ်ကို ဖတ်ရှုနေသည်။

သူလျှို၏ မှတ်ဉာဏ်ကို ဖတ်ရှုပြီးနောက် လကွယ်ဂိုဏ်းချုပ်က

“ဆယ်နှစ်တိုင်တိုင် ဘာလှုပ်ရှားမှုမှ မရှိဘူး။ ဒီလောက်တောင် သည်းခံနိုင်တာလား”

ဟု တစ်ဦးတည်း ရေရွတ်လိုက်သည်။

“သူက တကယ်ပဲ သူ့ရဲ့ နောက်ဆုံးနေ့ရက်တွေ ကို ရောက်ရှိနေလို့ စွမ်းအားတွေ သိသိသာသာ လျော့နည်းသွားတာလား။ ဒါကြောင့်သူ့အစွမ်း‌တွေ အပြင်ကို ထုတ်မပြချင်တာလား။”

ထိုသို့ပြောပြီးနောက် လကွယ်ဂိုဏ်းချုပ်က အောက်တွင်ရှိနေသော သတင်းအချက်အလက် တာဝန်ခံ နတ်ဘုရင်ကို

“သွေးလင်းယုန်ခန်းမရဲ့ လှုပ်ရှားမှုတွေကို အနီးကပ် စောင့်ကြည့်ပါ။ သွေးဘိုးဘေးရဲ့ သတင်းအချက်အလက်တွေကို စုံစမ်းဖော်ထုတ်ဖို့ သွေးလင်းယုန်ခန်းမက မိစ္ဆာနတ်တွေကို တတ်နိုင်သမျှ များများ ဖမ်းဆီးခဲ့ပါ”

ဟု ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”

လကွယ်ဂိုဏ်းချုပ်က

“ခင်ဗျား အခု သွားလို့ရပြီ”

“အမိန့်အတိုင်းပါ”

ဟု ဆိုကာ ထိုနတ်ဘုရင်မှာ ပြန်လည်ထွက်ခွာသွားခဲ့သည်။

နတ်ဘုရင် ထွက်ခွာသွားပြီးနောက် လကွယ်ဂိုဏ်းချုပ်သည် အရိုင်းနယ်မြေရှိ အင်အားစုအသီးသီးကို စစ်ပွဲအတွက် ပြင်ဆင်ကြရန် ညွှန်ကြားသည့် နတ်အမိန့်တော်ကို ဖြန်ဝေရန် ပြင်ဆင်ခဲ့သည်။

သူသည် သွေးဘိုးဘေး၏ တိကျသော အခြေအနေကို မသေချာသေးသော်လည်း သွေးဘိုးဘေး၏ စွမ်းအားဆုတ်ယုတ်နေကြောင်းကိုတော့ ရာခိုင်နှုန်းပြည့်နီးပါး သေချာနေပြီ ဖြစ်သည်။

နယ်မြေများအကြား စစ်ပွဲများသည် ဂိုဏ်းများအကြား စစ်ပွဲများထက်ပင် ပိုကြာမြင့်တတ်သဖြင့် ကျယ်ပြန့်သော ပြင်ဆင်မှုများ လိုအပ်သည်။

ကြိုတင်ပြင်ဆင်ထားခြင်းဖြင့် အကယ်၍ သွေးဘိုးဘေး တကယ် ကျဆုံးသွားပါက သူတို့သည် တောင်ပိုင်းနယ်ကို ချက်ချင်း ကျူးကျော်ဝင်ရောက်နိုင်မည် ဖြစ်သည်။

လကွယ်ဂိုဏ်းချုပ် ထိုသို့ စဉ်းစားနေစဉ်မှာပင် မြေပြင် ရုတ်တရက် တုန်ခါသွားခဲ့ပြီး လေထုထဲရှိ နတ်အရှိန်အဝါ သိပ်သည်းဆမှာလည်း သိသိသာသာ တိုးလာခဲ့သည်။

--

…………..

All Chapters