← Chapters

အခန်း ၂၀၂၅

Vol. 135 Ch. 2025

အခန်း ၂၀၂၅

Vol. 135 Ch. 2025

အခန်း (၂၀၂၅ )

ထျန်းရန်နတ်ဘုရားနယ်မြေ၏ အပြောင်းအလဲသစ်များ

ထျန်းရန်နတ်ဘုရားနယ်မြေသည် နတ်စွမ်းအားများ ပြန်လည်နိုးထလာခြင်းကို နောက်တစ်ကြိမ် ကြုံတွေ့လိုက်ရပြန်သည်။

လေထုထဲရှိ နတ်စွမ်းအားသိပ်သည်းဆမှာ ထိပ်တန်း နတ်သတ္တုကြောအချို့ထက်ပင် မနည်းလှကြောင်း ခံစားမိသဖြင့် လုချန်းသည် သူ၏လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး ယွမ်ယုတိကို

“နတ်စွမ်းအားတွေ ထပ်ပြီးလှိုင်းထလာပြန်ပြီ။ ဒီတစ်ခါတော့ ဘယ်အကုသိုလ်ကံထမ်းတဲ့ကောင် ကံကြမ္မာအလှည့်အပြောင်းကြောင့် ကျဆုံးသွားပြန်ပြီလဲမသိဘူး။”

ထိုအခိုက်အတန့်တွင် ယွမ်ယုတိသည် လုချန်းကို ပြန်မပြောပဲ ရေငုံနှုတ်ပိတ်နေကာ မျက်လုံးများကို မှိတ်ထားဆဲဖြစ်ပြီး ကျင့်ကြံခြင်း၌သာ စိတ်အာရုံစုစည်း၍ ဆင်ခြင်နေပုံရသည်။

လုချန်းက သူမကို ကြည့်ရန် ခေါင်းငုံ့လိုက်ရာ သူမ၏ ဆီးနှင်းကဲ့သို့ ဖြူစင်သောမျက်နှာပေါ်တွင် တောက်ပသော အရောင်အဝါတစ်ခု ပေါ်လာပြီး သူမ၏ခန္ဓာကိုယ်ပေါ်ရှိ လမ်းစဉ်အရှိန်အဝါများမှာ စမ်းရေစီးသကဲ့သို့ စဉ်ဆက်မပြတ် စီးဆင်းနေကာ ဉာဏ်အလင်းပွင့်သည့်အခြေအနေသို့ ရောက်ရှိသွားသကဲ့သို့ ဖြစ်နေသည်။

ယွမ်ယုတိမှာ တစ်ခုခုကို နားလည်သဘောပေါက်နေပုံရသဖြင့် လုချန်းလည်း မည်သည့်နောက်ပြောင်ကျီစယ်မှုကိုမှ ထပ်မလုပ်တော့ပေ။ နောက်တစ်ခဏ၌ ယွမ်ယုတိ၏ ခန္ဓာကိုယ်မှ ကြီးကျယ်လှသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဒါက...

ယွမ်ယုတိ၏ ခန္ဓာကိုယ်မှ ဖိအားများ မြင့်တက်လာသည်ကို ခံစားမိပြီး လုချန်း ခဏခန့် ကြက်သေသေကာ မှင်တက်သွားရသည်။

ယွမ်ယုတိထံမှ ဖိအားကို ကြည့်ခြင်းအားဖြင့် သူမ၏ ကျင့်စဉ်အဆင့် တိုးတက်လာသည်မှာ ထင်ရှားသော်လည်း နတ်သခင်တစ်ဦး၏ ကျင့်စဉ်အဆင့် ထပ်မံတိုးတက်ပါက နတ်ဧကရာဇ်အဆင့် ဖြစ်လာရမည် ဖြစ်သည်။

သို့သော် ယွမ်ယုတိ ထုတ်လွှတ်လိုက်သော အရှိန်အဝါက နတ်ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိခြင်းမရှိသေးတာ သိသာလှသည်။ အကယ်၍ သူမသာ နတ်ဧကရာဇ်တစ်ပါး ဖြစ်ခဲ့လျှင် သူမထုတ်လွှတ်သည့် ဖိအားသည် ယခုထက်ပို၍ ပြင်းထန်မည်ဖြစ်ပြီး အရှိန်အဝါမှာလည်း ပို၍ ကြောက်မက်ဖွယ်ကောင်းနေလိမ့်မည်။

ယွမ်ယုတိထံတွင် မည်သည့်အရာများ ဖြစ်ပျက်နေသလဲဟု လုချန်း အနည်းငယ် ဇဝေဇဝါ ဖြစ်နေမိသည်။

နတ်သခင်အဆင့်ပြီးနောက် နောက်တစ်ဆင့်မှာ နတ်ဧကရာဇ် မဟုတ်ပါလား။

ယွမ်ယုတိက နတ်ဧကရာဇ်နယ်ပယ်သို့ အဆင့်မတက်လှမ်းပဲနှင့် သူမ၏ ကျင့်စဉ်က အဘယ်ကြောင့် ဆန်းကြယ်စွာ တိုးတက်နေရသနည်း။

လုချန်းသည် ယွမ်ယုတိ မျက်လုံးဖွင့်လာမည့်အချိန်ကိုသာ တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်တော့သည်။ သူမ၏ လက်ရှိအခြေအနေကို သူမကိုယ်တိုင်သာ အသိဆုံးဖြစ်ပေလိမ့်မည်။

ခဏခန့်ကြာပြီးနောက် ယွမ်ယုတိသည် သူမ၏ ကျင့်ကြံခြင်းအခြေအနေကို ယာယီအားဖြင့် တည်ငြိမ်အောင် ပြုလုပ်လိုက်ပြီး မျက်လုံးများကို ဖွင့်ကာ လုချန်းကို ငြိမ်သက်စွာ ကြည့်လိုက်သည်။

လုချန်းက စတင် မေးမြန်းလိုက်သည်။ “ခင်ဗျားရဲ့ ကျင့်စဉ်အဆင့်မှာ ဘာဖြစ်သွားတာလဲ။ ခင်ဗျား အဆင့်တက်သွားသလို ခံစားရပေမဲ့ ခင်ဗျားရဲ့အရှိန်အဝါက နတ်ဧကရာဇ်အဆင့်ကို ရောက်မနေသလိုပဲ။”

ယွမ်ယုတိက

“ကျွန်မရဲ့ ကျင့်စဉ်အဆင့် တိုးတက်လာတာကတော့ အမှန်ပဲ။ ဒါပေမဲ့ နတ်ဧကရာဇ်အဆင့်ကို ရောက်သွားတာ မဟုတ်ဘူး။ ကျွန်မက နတ်သခင်နယ်ပယ်ထဲမှာပဲ ရှိနေသေးတယ်။ ဒါပေမဲ့ ပထမအလွှာကောင်းကင်အဆင့်ကို ရောက်သွားတာ။”

နတ်သခင် ပထမအလွှာကောင်းကင်အဆင့်...

လုချန်း၏ စိတ်ထဲတွင် လှိုင်းတံပိုးထသကဲ့သို့ သိလိုသော မေးခွန်းများဖြင့် ပြည့်နှက်သွားရသည်။

နတ်သခင်နယ်ပယ်၏ အထက်တွင် နတ်ဧကရာဇ်ရှိ၏။ ယခင်က နတ်သခင်နယ်ပယ်တွင် မည်သည့်အတန်းအစား ခွဲခြားမှုမှ မရှိခဲ့ပေ။

နတ်သခင်အချို့မှာ ပို၍စွမ်းအားကြီးပြီး အချို့မှာ ပို၍အားနည်းသော်လည်း ၎င်းမှာ နတ်များ ကျင့်ကြံသည့် မဟာလမ်းစဉ်များ ကွဲပြားခြင်းကြောင့်သာဖြစ်သည်။ တိတိကျကျဆိုရလျှင် နတ်သခင်အားလုံး၏ ကျင့်စဉ်အဆင့်အတန်းမှာ အတူတူပင် ဖြစ်သည်။

ယခုတော့ နတ်သခင်နယ်ပယ် ပထမအလွှာကောင်းကင်အဆင့် ဆိုသည်မှာ ဘယ်လိုမျိုး ကောင်းကင်ကကျလာသကဲ့သို့ ပေါ်ထွက်လာရသနည်း။

လုချန်း၏မျက်နှာပေါ်ရှိ ဇဝေဇဝါဖြစ်နေသော အမူအရာကို မြင်သဖြင့် ယွမ်ယုတိက ဆက်ပြောလိုက်သည်။

“စောစောက ကောင်းကင်ဘုံ လမ်းစဉ်ထဲမှာ ကန့်သတ်ချက်တစ်ခု ပေါ်သွားသလိုပဲ။ အခုတော့ နတ်သခင်နဲ့ နတ်ဧကရာဇ်ကြားမှာ ကျင့်စဉ်အဆင့်တွေ ရှိလာပြီ။ ခန့်မှန်းခြေ ဆယ်လွှာလောက် ရှိမယ်။”

ယွမ်ယုတိ၏ စကားကို ကြားလျှင် လုချန်း လေးနက်စွာ တွေးတောမိသွားသည်။ တတိယအကြိမ်မြောက် နတ်စွမ်းအား ပြန်လည်နိုးထလာမှုကြောင့် ထျန်းရန်နတ်ဘုရားနယ်မြေရှိ နတ်စွမ်းအားများ ဒီရေတက်သကဲ့သို့ တိုးပွားလာပြီး ယခင်က နတ်စွမ်းအားသုံးစွဲမှုကို လျှော့ချရန် ချမှတ်ထားသော ကန့်သတ်ချက်အချို့ကို ကောင်းကင်လမ်းစဉ်က ဖယ်ရှားပေးလိုက်ခြင်းကြောင့်လားဟု လုချန်း တွေးတောနေမိသည်။

အကယ်၍ ထိုသို့သာဆိုလျှင် အနာဂတ်တွင် နတ်ဧကရာဇ်တစ်ပါးသည် နတ်သခင်တစ်ဦးကို လုံးဝဥဿုံ ဖိနှိပ်နိုင်တော့မည် မဟုတ်ပေ။ အကယ်၍ နတ်သခင်နယ်ပယ်၏ ဒသမအလွှာအထိ ချိုးဖျက်တက်ရောက်နိုင်သော နတ်သခင်တစ်ဦး ရှိလာပါက ထိုပုဂ္ဂိုလ်၏ စွမ်းအားသည် နတ်ဧကရာဇ်တစ်ပါး၏ စွမ်းအားနှင့် အတော်အတန် နီးစပ်သွားမည် ဖြစ်သည်။

သို့သော်လည်း အခြား အရေးကြီးသော စိုးရိမ်စရာတစ်ခု ကျန်ရှိနေသေးသည်။ နယ်ပယ်အဆင့်တစ်ခု တိုးတက်လာခြင်းသည် များသောအားဖြင့် သက်တမ်းတိုးလာခြင်းနှင့် ဒွန်တွဲနေတတ်သည်။ ယခုအခါ နတ်သခင်နှင့် နတ်ဧကရာဇ်ကြားတွင် နယ်ပယ်အဆင့်ငယ် ဆယ်လွှာ မျှော်လင့်မထားပဲ ရုတ်တရက် ပေါ်ပေါက်လာပြီဖြစ်သည်။

ထိုသဘောအရ အဆင့်ငယ်တစ်ခုစီကို ချိုးဖျက်တက်ရောက်တိုင်း နတ်သခင်တစ်ဦး၏ သက်တမ်း တိုးလာမည်ဟု ဆိုလိုခြင်းလား။

ထိုအခြင်းအရာကို တွေးမိကာ လုချန်းက ချက်ချင်းပင် မေးလိုက်သည်။

“ခင်ဗျားရဲ့ သက်တမ်းက တိုးလာတာလား”

ယွမ်ယုတိသည် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ သက်စောင့်စွမ်းအားကို သေချာစွာ အာရုံခံကြည့်ပြီးနောက်

“တိုးလာတယ်”

လုချန်း အနည်းငယ် အံ့အားသင့်သွားရသည်။ သက်တမ်းပင် တိုးလာသည်ဆိုပါက ၎င်းသည် သက်တမ်းကုန်ဆုံးလုနီးပါး ဖြစ်နေသော နတ်သခင်များအတွက် တကယ်ကောင်းလှသော သတင်းထူး ဖြစ်ပေလိမ့်မည်။

ယခုအခါ ဖန်တီးခြင်းလမ်းစဉ်၌ ထူးဆန်းသော စွမ်းအားများ၏ တိုက်စားမှုကို ခံနေရသဖြင့် နတ်သခင်အမြောက်အမြားသည် သူတို့၏ အကန့်အသတ်များသို့ ရောက်ရှိနေကြပြီး နှစ်အနည်းငယ်အတွင်း ၎င်းကြောင့် ကိုယ့်ကိုယ်ကို ချိပ်ပိတ်ခြင်း သို့မဟုတ် ကျဆုံးခြင်းများစွာ ဖြစ်ပေါ်ခဲ့ရသည်။ အကယ်၍ ထိုအတိုင်းသာ ဆက်သွားပါက ထျန်းရန်နတ်ဘုရားနယ်မြေရှိ နတ်သခင်အရေအတွက်သည် ဂဏန်းနှစ်လုံးအဆင့်အထိ လျော့ကျသွားနိုင်၏။

ယခုတော့ နတ်သခင်နှင့် နတ်ဧကရာဇ်ကြားတွင် နယ်ပယ်အဆင့်ငယ်များ ထပ်မံပေါ်ပေါက်လာပြီး အဆင့်တက်တိုင်း သက်တမ်းတိုးလာမည် ဖြစ်သဖြင့် သက်တမ်းကုန်ဆုံးလုနီးဖြစ်နေသူများသည် အဆင့်တက်လမ်းခြင်းအားဖြင့် သူတို့၏အသက်ကို ပိုရှည်ကြာအောင် ပြုလုပ်နိုင်မည် ဖြစ်သည်။

ထိုအချိန်တွင် လုချန်း၏ စိတ်ထဲ၌ အခြားမေးခွန်းတစ်ခု ရုတ်ချည်း ပေါ်လာပြန်သည်။ နတ်သခင်နှင့် နတ်ဧကရာဇ်ကြားတွင် နယ်ပယ်အဆင့်ငယ်များ ရှိနေပြီဖြစ်ရာ အခြားသော ကျင့်စဉ်အဆင့်များကြားတွင်လည်း အဆင့်များ ရှိနေနိုင်မလား။

လုချန်း တွေးတောငေးမောနေစဉ်မှာပင် ယွမ်ယုတိက စကားဆိုလာ၏။

“ကောင်းကင်လမ်းစဉ်က ကန့်သတ်ချက်တွေကို ဖယ်ရှားလိုက်တာကြောင့် ထျန်းရန်နတ်ဘုရားနယ်မြေဟာ ကစဉ့်ကလျား ဖြစ်လာဖို့ ရှိတယ်။”

ယခင်က အုပ်စုအသီးသီးသည် မဟာလမ်းစဉ်ကပ်ဘေး မပြီးဆုံးသေးခြင်း၊ သတ္တဝါဆန်းစွမ်းအားများက ဖန်တီးခြင်းလမ်းစဉ်ကို တိုက်စားနေခြင်းတို့ကြောင့် ဒဏ်ရာရလျှင် အချိန်မတိုင်မီ ကြွေလွှင့်သွားမည်ကို စိုးရိမ်ကြခြင်းတို့ကြောင့် စစ်ပွဲများစတင်ရန် စိတ်မပါခဲ့ကြပေ။

အထူးသဖြင့် ထိုနတ်သခင် အများစုမှာ နှစ်ပေါင်း ကုဋေဆယ်ချီ၍ နေထိုင်ခဲ့ကြပြီးဖြစ်ကာ သူတို့၏ နေဝင်ချိန် နောက်ဆုံးနေ့ရက်များကို ချဉ်းကပ်နေကြပြီ ဖြစ်သည်။ ရက်အနည်းငယ် ပိုအသက်ရှည်နိုင်ရန်အတွက် ထိုနတ်သခင်များသည် စွမ်းအားသုံးတိုက်ခိုက်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြလိမ့်မည်။

သို့သော်လည်း ယခုအခါ နတ်သခင်နှင့် နတ်ဧကရာဇ်ကြားတွင် သေးငယ်သော နယ်ပယ်အဆင့်များစွာ ရှိလာပြီး အဆင့်တစ်ခုစီ တိုးတက်တိုင်း သက်တမ်းတိုးလာမည် ဖြစ်သဖြင့် ထိုနတ်သခင်များသည် ပထမအလွှာကောင်းကင်အဆင့်သို့ ချိုးဖျက်ရောက်ရှိရန် ဧကန်မုချ ကြိုးပမ်းကြပေလိမ့်မည်။

ပထမအလွှာကောင်းကင်အဆင့် နတ်သခင်တစ်ဦး အမြန်ဖြစ်လာရန်အတွက်

အကောင်းဆုံးနည်းလမ်းမှာ ကံစွမ်းအားများကို စုဆောင်းခြင်း ဖြစ်သည်။ နယ်ပယ်အဆင့် မြင့်မားလေလေ ကံစွမ်းအားက ပို၍အရေးကြီးလေလေ ဖြစ်သည်။

ကံစွမ်းအားကို တိုးမြှင့်ရန်အတွက် သြဇာအာဏာချဲ့ထွင်ရန် မလွဲမသွေ လိုအပ်ပြီး အာဏာချဲ့ထွင်ခြင်းက စစ်ပွဲများကို မလွှဲမရှောင်သာ ဖြစ်ပွားစေလိမ့်မည်ဖြစ်သည်။

ယခု ထျန်းရန်နတ်ဘုရားနယ်မြေ၏ အနာဂတ်အခြေအနေသည် လက်ဝါးဖြန့်ကြည့်သကဲ့သို့ အလွယ်တကူ ခန့်မှန်းနိုင်လာသည်။

ယွမ်ယုတိ၏ စကားကို ကြားလျှင် လုချန်းက ပြုံး၍

“ရပါတယ်... ခင်ဗျားကို ကာကွယ်ပေးဖို့ ကျုပ် ခင်ဗျားအနားမှာ ရှိနေတာပဲ။ ထျန်းရန်နတ်ဘုရားနယ်မြေ ဘယ်လောက်ပဲ ကစဉ့်ကလျား ဖြစ်ပါစေ ခင်ဗျားဘာမှ ဖြစ်မှာမဟုတ်ပါဘူး။”

လုချန်း၏ စကားကို ကြားလျှင် ယွမ်ယုတိက သူ့ကို မည်သည့်အမူအရာမှမပြပဲ စိုက်ကြည့်လိုက်၏။ သူမ၏မျက်လုံးထဲတွင် ဆွံ့အ စကားမဲ့သွားသည့် အရိပ်အယောင်တစ်ခု ရှိနေပုံရသည်။

လုချန်း၏ နောက်ခံသည် ဆန်းကြယ်ပြီး ပြန်လည်ဝင်စားလာသော နတ်ဧကရာဇ်တစ်ပါးပင် ဖြစ်နိုင်ကြောင်း သူမ သိထားသော်လည်း သူ၏ လက်ရှိစွမ်းအားဖြင့် လျှို့ဝှက်လဝန်း နန်းတော်ကို သက်ရောက်မှု မရှိအောင် အာမခံရန်မှာ ကောင်းကင်ကြိုးတန်းပေါ် လမ်းလျှောက်ရသကဲ့သို့ အတော်လေး ခက်ခဲနေသေးသည်။

ထျန်းရန်နတ်ဘုရား နယ်မြေ၏ နောက်ဆက်တွဲ အခြေအနေများသည် သူတို့ စိတ်ကူးယဉ်အိမ်မက် မက်ထားသည့်အတိုင်း စည်ပင်ထွန်းကားလာလိမ့်မည် မဟုတ်ပေ။

လုချန်းက

“ခင်ဗျား အဲဒီလောက်အထိတော့ စိတ်ပျက်အားငယ်နေဖို့ မလိုပါဘူး။ မြောက်ပိုင်းနယ်မှာ နတ်ဆိုးဧကရာဇ်ရှိသလို အရှေ့ပိုင်းနယ်မှာလည်း နတ်ဧကရာဇ် ရှီယွဲ့ ရှိတယ်။ ပြီးတော့ အရိုင်းနယ်မြေမှာလည်း လကွယ်ဂိုဏ်းချုပ် ရှိနေတာပဲ။ သူတို့ ရှိနေမှတော့ နယ်မြေအဆင့် အလုံးစုံစစ်ပွဲကြီး ဖြစ်လာဖို့က မဖြစ်နိုင်သလောက်ပါပဲ။”

နတ်ဧကရာဇ်များသည် ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားကြမည် မဟုတ်တာ သေချာလှသည်။ သူတို့သာ ဝင်ရောက်စွက်ဖက်ခြင်း မရှိပါက အခြေအနေများ လွန်လွန်ကျူးကျူး ဆိုးရွားသွားမည် မဟုတ်ပေ။

ထိုအခိုက်အတန့်တွင် ယွမ်ယုတိသည် ကုတင်ပေါ်တွင် လှဲလျောင်းရင်း လုချန်း၏ ချောမောသောမျက်နှာကို ကြည့်ကာ တိတ်ဆိတ်နေခဲ့သည်။

ရေခဲကဲ့သို့ အေးစက်သော အလှနတ်သမီးက သူ့ကို ထိုသို့ စိုက်ကြည့်နေသည်ကို တွေ့မြင်လျှင် လုချန်း၏ ရင်ထဲ နောက်တစ်ကြိမ် လှိုင်းထန်သွားပြန်ကာ ယွမ်ယုတိကို အနည်းငယ် ဂုဏ်ပြုသော အပြုံးတစ်ခု ပြသလိုက်သည်။

ယွမ်ယုတိသည် လုချန်းကို စိုက်ကြည့်လိုက်သော်လည်း ဘာမှတော့ မပြောပေ။ သူတို့နှစ်ဦးသည် စကားမဆိုပဲ နှုတ်ဆိတ်ခြင်းဖြင့်သာ ဆက်သွယ်လိုက်ကြသည်။

ထိုအချိန်တွင် လုချန်း နောက်တစ်ကြိမ် ငုံ့လိုက်ရာ သူ၏နှာခေါင်းသည် ယွမ်ယုတိ၏ နှာခေါင်းနှင့် ထိလုနီးပါးဖြစ်သွားပြီး တစ်လောကလုံးတွင် သူတို့နှစ်ဦးသာ ရှိနေသကဲ့သို့ ခံစား‌လိုက်ရသည်။

ယွမ်ယုတိက ရုတ်တရက်

“အခု ရှင့်မှာ မိန်းမ ဘယ်နှယောက် ရှိပြီလဲ”

လုချန်းက

“ခင်ဗျား သဝန်တိုနေတာလား”

ဟု ပြန်လည်မေးခွန်းထုတ်လိုက်သည်။

ယွမ်ယုတိက

“ကျွန်မမှာ ရှင့်အပေါ် ဘာခံစားချက်မှမရှိဘူး။ ကိုယ့်ကိုယ်ကို အထင်ကြီးမနေနဲ့”

ဟု အေးစက်စွာ ပြောလိုက်သည်။

လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားပြီး

“တကယ်ပဲ မရှိဘူးလား”

ယွမ်ယုတိက ခပ်အေးအေးပင်

“မရှိဘူး”

ဟု ပြောလိုက်သည်။

မည်သို့ပင်ဖြစ်စေ သူမအနေနှင့် လုချန်းကဲ့သို့ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသောသူကို သဘောကျမိလိမ့်မည်ဟု စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။ သူမ လုချန်းနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံခြင်းမှာ သူမ၏ ကျင့်စဉ်အဆင့်အတန်း တိုးတက်စေရန်အတွက် သက်သက်သာဖြစ်သည်ဟု အခိုင်အမာ ယုံကြည်ထားသည်။

လုချန်းက ဆက်လက်၍

“ဒါဆိုရင် ကျုပ်မှာ မိန်းမဘယ်နှယောက်ရှိလဲလို့ ခင်ဗျား ဘာလို့မေးတာလဲ။”

ယွမ်ယုတိက

“ဒီအတိုင်း မေးကြည့်တာ”

ဟု ပေါ့ပေါ့ပါးပါးပင် တုံ့ပြန်လိုက်သည်။

--

All Chapters