← Chapters

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း - (၁၀၃)

ထွက်ပြေးရန်နေရာမရှိ - ၁

လီရှန်းဖျင်သည် မီးပုံဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။ ရဲရဲတောက်နေသော မီးရောင်က သူ၏မျက်နှာကို ရွှေနီရောင်ဖြင့် ခြယ်သထားခဲ့သည်။ သူ့ကိုယ်ပေါ်ရှိ သားရေဝတ်ရုံမှာ စုတ်ပြတ်သတ်နေခဲ့ကာ သူ့မျက်နှာပေါ်တွင်လည်း ပင်ပန်းနွမ်းနယ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သူ့ခြေထောက်ပေါ်ရှိ အမွှေးအမျှင်များသည်လည်း မီးအပူကြောင့် အနည်းငယ် တွန့်လိမ်ကောက်ကွေး နေခဲ့သော်လည်း သူကမူ မီးထဲရှိ ပိန်းဥကိုသာ စိုက်ကြည့်နေမိသည်။

သူသည် ယခုရက်ပိုင်းအတွင်း အရှေ့ပြေးလိုက် အနောက်ပြေးလိုက်ဖြင့် တိမ်းရှောင်နေခဲ့ရပြီး ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူများ၏လက်ထဲတွင် အကြိမ်ပေါင်းများစွာ သေလုနီးပါး ကြုံတွေ့ခဲ့ရသည်။ သူသည် သေဆုံးမှုများနှင့် အသားကျသွားခဲ့သလို ယွဲ့တောင်မျိုးနွယ်စုခေါင်းဆောင်ပေါင်း များစွာကိုလည်း သတ်ဖြတ်ခဲ့ပြီး မဟာကျွဲ့ထင်အား သွားရောက်တိုက်ခိုက်ရန် လူအများကိုလည်း လှုံ့ဆော်ခဲ့သည်။

လီရှန်းဖျင်၏ မျက်နှာပေါ်တွင် ခြံဝင်းအကျယ်ကြီးနှင့် စံအိမ်တော်ကြီးများအတွင်းက အေးဆေးတည်ငြိမ်မှုမျိုး မရှိတော့ဘဲ ဆန့်ကျင်ဘက်အနေဖြင့် ရိုင်းစိုင်းခက်ထန်သော အရှိန်အဝါမျိုး ရရှိလာခဲ့သည်။ ဤရက်ပိုင်းအတွင်း ကြုံတွေ့ခဲ့ရသော သွေးနှင့်မီးတောက်များက လီရှန်းဖျင်အား သံမဏိကဲ့သို့ မာကျောသွားစေခဲ့ပြီး သူသည် ကျားနီရှီနှင့် ပိုမို၍ ဆင်တူလာခဲ့တော့သည်။

“ဘုရင်ကြီး”

အားဟွေ့လားသည် လီရှန်းဖျင်အား ခေါ်ဝေါ်ပုံကို ယခုအချိန်အထိ မပြောင်းလဲသေးပေ။ ထိုအစား သူသည် ယွဲ့တောင်လူစုကို ဦးဆောင်ကာ လီချုံယန်နှင့် ချန်တုန်းဟယ်တို့ကိုပါ လွှမ်းမိုးနိုင်ခဲ့ပြီး အားလုံးက သူ့ကို ‘ဘုရင်ကြီး’ ဟုသာ ခေါ်ဆိုကြတော့သည်။

“ဟိုမုကျောင်းမန်က ဝူတောင်ကို သွားပါတယ်။ သူ ဘာတွေ ကြံစည်နေလဲ မသိဘူး!”

ချန်တုန်းဟယ် ဝတ်ဆင်ထားသော သားရေချပ်ဝတ်၏ လက်မောင်းပေါ်တွင် ပြတ်ရှရာတစ်ခု ရှိနေခဲ့ပြီး ရဲရဲနီသောဒဏ်ရာ ပေါ်ထွက်နေခဲ့သည်။ သူ့တစ်ကိုယ်လုံးတွင် ဖုန်မှုန့်များနှင့် သွေးမည်းများဖြင့် ပေကျံနေလျှက် လက်ထဲတွင် မြေပုံကိုကိုင်ကာ တွေးတောနေခဲ့ပြီး လက်ညှိုးဖြင့် မြေပုံပေါ်ရှိ လမ်းကြောင်းများနှင့် ပုံစံများကို ပုံဖော်ရင်း လေးနက်စွာဖြင့် ပြောလိုက်သည်။

“ဘုရင်ကြီး အထူးပဲ သတိထားသင့်ပါတယ်”

“မင်းပြောတာ မှန်တယ်!”

လီရှန်းဖျင်က ရယ်မောလိုက်ပြီး ခါးတွင်ချိတ်ဆွဲထားသော တောက်ပကြည်လင်လှသည့် ပုလဲလုံးကို တိတ်တဆိတ် တင်းတင်းဆုပ်ကိုင်လိုက်ရင်း စိတ်ထဲမှ တွေးနေမိသည်။

“ကြည့်ရတာ သူက အခြေတည်အဆင့် ကျင့်ကြံသူကို သွားရောက်ဖိတ်ခေါ်တာ ဖြစ်ရမယ်။ ဆက်ပြီး အချိန်ဆွဲနေလို့ မရတော့ဘူး။ ဒီပစ္စည်းကို အိမ်ကို စောစောစီးစီး အရောက်ပို့ရမယ်။”

လီရှန်းဖျင်သည် အနောက်ဘက် အစွန်ဆုံးအထိ တိုက်ခိုက်ခဲ့စဉ် မျိုးနွယ်စုကြီးတစ်ခု၏ ပူဇော်စင်မြင့်ထက်မှ ဤကြည်လင်လှသော ပုလဲလုံးကို မြင်တွေ့လိုက်ရသောအခါ သူ၏ချီဟိုင်အပ်စိုက်အမှတ်အတွင်းရှိ ဂမ္ဘီရပုလဲအဆောင်မျိုးစေ့က အကြောင်းရင်းမရှိဘဲ ရုတ်တရက် လှုပ်ရှားသွားခဲ့သည်။ ၎င်းသည် အိမ်ရှိ ကြေးမုံနှင့် ဆက်စပ်မှုပေါင်းများစွာ ရှိနေနိုင်ကြောင်း ချက်ချင်း နားလည်သွားခဲ့သဖြင့် ဤပုလဲလုံးကို ယူဆောင်ကာ သူ့ဘေးနား၌ အမြဲတမ်း ဆောင်ထားခြင်း ဖြစ်သည်။

လီရှန်းဖျင်သည် ချန်တုန်းဟယ်၏ လေးနက်တည်ကြည်နေသော အမူအရာကိုကြည့်ရင်း တမင်တကာ သူ့ကို စနောက်ချင်လာသဖြင့် ရွှတ်နောက်နောက်ဖြင့် ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

“ဟေ့ ဟယ်အာ၊ မင်း ငါတို့ကျင်းထျန်းကို သဘောကျနေတာ မဟုတ်လား။ မင်းအတွက် သွားပြီး ကြောင်းလမ်းပေးရမလား”

ချန်တုန်းဟယ်၏ ချောမောလှသော မျက်နှာတစ်ခုလုံးသည် ခဏချင်းပင် ရဲရဲနီသွားခဲ့ရသည်။ သူက ခေါင်းငုံ့လျှက် စကားမပြောတော့ဘဲ ခြေဖျားကိုသာ စိုက်ကြည့်နေခဲ့သည်။ သူ့ဘေးနားရှိ လီချုံယန်က ဗိုက်ကိုနှိပ်၍ တဟားဟား ရယ်မောတော့သည်။ ချန်တုန်းဟယ်က သူ့ကို ဒေါသတကြီးဖြင့် လှမ်းကန်ပစ်လိုက်ပြီး လီရှန်းဖျင်ကိုမူ မကြည့်ရဲတော့ချေ။

လီရှန်းဖျင်လည်း ပြုံးရွှင်စွာဖြင့် ခေါင်းခါယမ်းလျှက် ပြောလိုက်သည်။

“အကယ်၍ ထျန်းအာကသာ သဘောတူရင် ငါကတော့ ဘာမှကန့်ကွက်စရာ မရှိပါဘူး။ ဒါပေမဲ့ ငါတို့အိမ်က ထျန်းအာကတော့ လုံးဝဥဿုံ တရားဝင်ဇနီးပဲ ဖြစ်ရမယ်!”

ဤစကားကို ကြားရသောအခါ ချန်တုန်းဟယ်၏ မျက်နှာက ပို၍ပင် နီရဲသွားခဲ့သည်။ သူ့လက်ခြေများကို မည်သည့်အနား ထားရမှန်းမသိတော့ဘဲ ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်တော့သည်။

“ကျွန်တော်… ကျွန်တော်… ဧကန်မုချ… ထျန်းအာကို… စိတ်မပျက်… စေရပါဘူး…”

လူတိုင်းက ဝါးလုံးကွဲ ရယ်မောလိုက်ကြရာ ချန်တုန်းဟယ်သည် မြေကြီးကိုသာ တူးပြီး ဝင်ပုန်းသွားချင်လောက်အောင် ဖြစ်သွားခဲ့ရသည်။ အားဟွေ့လားသည် ရယ်မောလွန်း၍ သီးသွားသွားခဲ့ကာ တတွတ်တွတ် ဆဲဆိုလျှက် ပြောလိုက်သည်။

“ငါတို့ ယွဲ့တောင်သားတွေကတော့ ကိုယ်သဘောကျရင် အတင်းအဓမ္မဖမ်းဆီးပြီး ဇနီးအဖြစ် ထားတာပဲ။ မင်းတို့ ပြည်မကြီးကလူတွေရဲ့ စည်းကမ်းတွေကို ဂရုစိုက်မနေဘူး။”

“မင်း စမ်းကြည့်မလား”

လီရှန်းဖျင်က မျက်ခုံးတစ်ဖက်ပင့်ကာ ပြုံးရင်းမေးလိုက်ရာ အားဟွေ့လားသည် အလွန်ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး အသက်ချမ်းသာပေးရန် အော်ဟစ်လိုက်တော့သည်။ ချန်တုန်းဟယ်က တိုးတိုးလေး ရယ်လိုက်သည်။ ထိုအခါမှသာ သူသည် အိုးတိုးအမ်းတမ်း ဖြစ်နေရာမှ ပြန်ထွက်လာနိုင်ခဲ့တော့သည်။

မွှေးကြိုင်လှသော အနံ့အသက်များ လေထဲတွင် ပျံ့လွင့်လာခဲ့သည်။ လီရှန်းဖျင်သည် သူ့အသက် ၁၁ နှစ်၊ ၁၃ နှစ်ခန့် အရွယ်တုန်းက အစ်ကိုကြီးဖြစ်သူ လီချန်းဟူနှင့်အတူ တွင်းဝဘေးတွင် တိတ်တဆိတ် ပိန်းဥဖုတ်စားခဲ့သည့် ထိုနေ့ရက်များကို ပြန်လည်လွမ်းဆွတ်မိသကဲ့သို့ ဂရုတစိုက်ဖြင့် ဖြည်းညှင်းစွာ စားသောက်နေခဲ့သည်။ ထိုအချိန်တုန်းက သူသည် ငယ်ရွယ်လွန်းသေးပြီး လီချန်းဟူက သူ့အတွက် အမြဲတမ်း နည်းလမ်းမျိုးစုံဖြင့် စားစရာများကို ရှာဖွေပေးခဲ့သည်။

သူ့ဘေးနားတွင် လီချုံယန်သည် သတိကြီးစွာဖြင့် ဟိုဟိုဒီဒီ မော့ကြည့်ကာ ကောင်းကင်ယံထက်ရှိ လင်းယုန်မျက်လုံးများကို ကာကွယ်နေခဲ့သည်။ သူက လီရှန်းဖျင်ကို ငုံ့ကြည့်လိုက်သောအခါ သူ့မျက်ဝန်းအစုံတွင် နက်ရှိုင်းလှသော ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

လီရှန်းဖျင်သည် ၎င်းတို့အား မရေမတွက်နိုင်သော အန္တရာယ်များထဲမှ ဦးဆောင်ကယ်တင်ခဲ့ပြီး မဖြစ်နိုင်လောက်သော အောင်ပွဲများကို ယူဆောင်ပေးခဲ့သည်။ ယွဲ့တောင်သားများက ကျားနီရှီအား ကံကြမ္မာသားတော်အဖြစ် ယုံကြည်ကိုးကွယ်ကြသကဲ့သို့ပင် လီရှန်းဖျင်၏နောက်လိုက် ကလန်စစ်သည်များသည်လည်း သူတို့၏ ကလန်ခေါင်းဆောင်သည် မည်သည့်အခါမျှ အရှုံးမရှိနိုင်ကြောင်း အပိုင်ယုံကြည်ထားခဲ့ကြသည်။

လူအားလုံး၏အကြည့်များက လီရှန်းဖျင်၏ပေါ်တွင် စုပုံနေကြစဉ် သူသည် ရုတ်တရက် လက်ထဲက ပိန်းဥကို ချထားလိုက်ပြီး ကြောင်အကာ မှင်တက်သွားခဲ့သည်။

အတိတ်တုန်းက သူ၏စိတ်ထဲတွင် အကြပ်အတည်းနှင့် ဘေးအန္တရာယ်များကို အကြိမ်ပေါင်း မရေမတွက်နိုင်လောက်အောင် ကြိုတင်သတိပေးခဲ့ဖူးသော ‘သေခြင်းတရားရှောင်တိမ်း၊ အသက်ရှည်စေခြင်းအဆောင်ချီ’ သည် ရုတ်တရက် အလင်းရောင်များ စူးရှစွာ တောက်ပလာခဲ့သည်။ ပြင်းထန်လှသော ဘေးအန္တရာယ်အာရုံတစ်ခု ပေါ်ထွက်လာခဲ့ကာ လီရှန်းဖျင်သည် သူ့ကိုယ်သူ မြေပြင်ပေါ်တွင် ဒူးထောက်လဲကျလျှက် သွေးများ အန်နေခဲ့ပြီး ဘေးပတ်ပတ်လည်တွင် အကူအညီတောင်းသံများနှင့် ငိုကြွေးသံများဖြင့် ပြည့်နှက်နေသည်ကို ရိုးတိုးရိပ်တိပ် လှမ်းမြင်လိုက်ရသည်။

“ငါသေရတော့မယ်။ ရှောင်လွှဲလို့လည်း မရသလို နှောင့်နှောင်းသွားအောင် လုပ်ဖို့လည်း မဖြစ်နိုင်တော့ဘူး။”

ပြင်းထန်လှသော အအေးဓာတ်တစ်ခု သူ့ကျောရိုးအတိုင်း ဦးခေါင်းထက်ဆီသို့ ထိုးတက်လာခဲ့သည်။ လီရှန်းဖျင်သည် တိုးညှင်းစွာ ရေရွတ်လိုက်ရင်း ချန်တုန်းဟယ်၏ လက်ထဲရှိ မြေပုံကို လုယူလိုက်ပြီး မီးဖိုထဲမှ ပူလောင်နေဆဲဖြစ်သော မီးသွေးခဲတစ်ခဲကို ကောက်ကိုင်ကာ မျက်လုံးများကိုမှိတ်လိုက်ပြီး ခဏအကြာမျှ စဉ်းစားပြီးနောက် မြေပုံပေါ်တွင် စတင်ရေးဆွဲလိုက်တော့သည်။

“ဘုရင်ကြီး”

ချန်တုန်းဟယ်က ထိတ်လန့်လွန်း၍ ဘာလုပ်ရမှန်း မသိတော့ပေ။ သူက ကပျာကယာ မြေပြင်ပေါ်သို့ ဒူးထောက်လျှက် စိုးရိမ်ပူပန်သော မျက်ဝန်းများဖြင့် လီရှန်းဖျင်ကို စိုက်ကြည့်နေမိတော့သည်။

ရေးဆွဲပြီးစီးသွားသောအခါ လီရှန်းဖျင်သည် ကြည်လင်လှသော ပုလဲလုံးကို ချန်တုန်းဟယ်၏ ရင်ဘတ်အတွင်းသို့ ထိုးထည့်ပေးလိုက်ပြီး အလောတကြီးလေသံနှင့် လေးနက်စွာ ပြောလိုက်တော့သည်။

“ငါသေသွားပြီးရင် မုကျောင်းမန်က စစ်ကူပေးဖို့ သေချာပေါက် ပြန်လာလိမ့်မယ်။ မင်းတို့ ဒီလမ်းကြောင်းအတိုင်း အရှေ့ဘက်ကို ဦးတည်သွားပြီး အိမ်ပြန်ကြ!”

ချန်တုန်းဟယ်က စကားပြောရန် ပါးစပ်ပင် မဟရသေးမီမှာပင် လီရှန်းဖျင်က အံကိုကြိတ်ကာ တိုးတိုးလေး ပြောလိုက်သည်။

“ဘာပဲဖြစ်လာဖြစ်လာ မင်း ဒီပုလဲလုံးကို လီထုန်ယာဆီ သေချာပေါက် ပို့ပေးရမယ်”

“အားလုံးပဲ!”

လီရှန်းဖျင်က မတ်တတ်ရပ်လိုက်ပြီး မြေပြင်တွင် ကြောင်အမ်းနေဆဲဖြစ်သော ချန်တုန်းဟယ်ကို ဂရုမစိုက်တော့ဘဲ အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။

“ငါသေသွားပြီးတဲ့နောက် မင်းတို့အားလုံး တုန်းဟယ်ရဲ့ အနောက်ကနေလိုက်ပြီး အရှေ့ဘက်ကို ပြန်ကြပါ။ ဒီနေရာမှာ ဆက်ပြီး မနေကြနဲ့တော့…”

လီချုံယန်နှင့် အခြားသူများသည် နားထောင်နေရင်း ဘာလုပ်ရမှန်းမသိဘဲ ရှိနေစဉ် လီရှန်းဖျင်၏ စကားသံက ဖြည်းဖြည်းချင်း ပိုမိုတိုးညှင်းသွားခဲ့ပြီး မြေပြင်ပေါ်သို့ ပျော့ခွေစွာဖြင့် ထိုင်ချလိုက်သည်ကို မြင်တွေ့လိုက်ရသဖြင့် အားလုံးက ကပျာကယာ အော်ဟစ်လိုက်ကြတော့သည်။

“ဘုရင်ကြီး”

“မိသားစုခေါင်းဆောင်”

လီရှန်းဖျင်သည် ကောင်းကင်ယံထက်ဆီက ပူပြင်းလွန်းလှသော နေမင်းကြီးကို မော့ကြည့်လိုက်သည်။ သူ့မျက်ဝန်းများထဲတွင် အမျိုးမျိုးသော အမြင်အာရုံဝေဝါးမှုများ ပေါ်ထွက်လာခဲ့သည်။ ထိုနေမင်းကြီးထံမှ အပိုင်းအစတစ်ခု ကွာကျလာခဲ့ကာ သူထံသို့ ကြယ်ကြွေတစ်လုံးလို ကျဆင်းလာသည်ဟု ခံစားလိုက်ရသည်။

ထိုအပိုင်းအစလေးသည် မီးပွားလေးများ တဖျတ်ဖျတ် ထွက်ပေါ်နေခဲ့ပြီး သူ၏ ရင်ဘတ်အလယ်တည့်တည့်ဆီသို့ တည့်တည့်မတ်မတ် ကျရောက်သွားခဲ့ပြီး အပူရှိန်ကြောင့် သူ၏နှုတ်ခမ်းများ ပုံပျက်သွားကာ မျက်စိများ ကွယ်သွားခဲ့ရသည်။ သူသည် တစ်ချိန်က ယွဲ့တောင်မျိုးနွယ်စုအတွင်းက ဝက်ကဲ့သို့ ဝဖီးလှသော မျိုးနွယ်စုခေါင်းဆောင်ကြီးကို မီးဖြင့် အရှင်လတ်လတ် ဖုတ်သတ်ခဲ့ဖူးရာ ယခုအခါ ဤကဲ့သို့သော နာကျင်မှုမျိုးက သူ့ကိုယ်ပေါ်သို့ အတုံ့အလှည့်အနေဖြင့် သက်ရောက်လာခြင်း ဖြစ်သည်။

“ဘုရင်ကြီး”

လီရှန်းဖျင်၏ မျက်စိရှေ့က ကမ္ဘာကြီးတစ်ခုလုံး မှောင်မိုက်သွားခဲ့သည်။ သူသည် မည်သည့်အရာကိုမျှ မမြင်ရတော့ဘဲ တစ်စုံတစ်ယောက်က သူ့ကိုယ်ပေါ်သို့ ပြေးဖက်လိုက်သည်ကိုသာ ခံစားမိလိုက်ပြီး ပူလောင်လှသော မျက်ရည်စများ သူ့မျက်နှာပေါ်သို့ ကျဆင်းလာခဲ့သည်။ သူ၏နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွားခဲ့ပြီး ကျန်ရှိနေသေးသော အင်အားအနည်းငယ်ကိုသုံး၍ တိုးညှင်းစွာ ရယ်မောလိုက်တော့သည်။

“တကယ့်ကို အောက်တန်းကျတဲ့ လုပ်ရပ်ပဲ!”

လီရှန်းဖျင်၏ ဆံပင်ရှည်များ ဖရိုဖရဲ ဖြစ်သွားခဲ့ရပြီး ဖြူစပြုနေပြီဖြစ်သော ဆံပင်ဖြူအချို့ ပေါ်ထွက်လာခဲ့သည်။ သူသည် သာမန်လယ်သမားများ မြေး၊ မြစ်များကို ချီပိုးရမည့် သက်တမ်းအထိ ရှင်သန်ခဲ့ပြီးဖြစ်ကာ တစ်ဘဝလုံးတွင် ကြီးကြီးမားမား နာကျည်းနောင်တရစရာမျိိုး မရှိခဲ့ချေ။ ယခုအခါ သူ့ရင်ထဲ၌ တစ်ခုတည်းသော နောင်တသည် အင်အားစုမျိုးစုံ၏ ပတ်ပတ်လည်တွင် ကြားညှပ်ကာ ရုန်းကန်နေရသော သူ၏လီမိသားစုသာ ဖြစ်ပေသည်။

ထူထပ်လှသော အနက်ရောင်ချီများ ဗလာနတ္ထိထဲမှ ထွက်ပေါ်လာခဲ့ပြီး သူ၏ မီးခိုးနက်ရောင် မျက်ဝန်းအစုံကို အရည်ပျော်သွားစေကာ ခန္ဓာကိုယ်ကိုလည်း ခြောက်ကပ်ပိန်လှီသွားစေခဲ့သည်။ လီရှန်းဖျင်သည် လည်ချောင်းအတွင်းမှ သွေးမည်းတစ်လုတ်ကို အန်ထုတ်လိုက်ပြီး အက်ရှရှလေသံဖြင့် ပြောလိုက်တော့သည်။

“ဒီဘဝမှာ ငါ တန်အောင်နေပြီးသွားပြီ!”

သူ့စိတ်ထဲတွင် လျှပ်စီးလက်သွားသည့်အလား ပုံရိပ်ပေါင်းများစွာ ဖြတ်ပြေးသွားခဲ့ပြီး နောက်ဆုံးတွင် ကွေ့ကောက်လှသော မြစ်ပြင်ကျယ်ကြီးတစ်ခု၏ ပုံရိပ်ပေါ်၌ ဖြည်းညှင်းစွာ ရပ်တန့်သွားခဲ့သည်။ လူငယ်လေးတစ်ဦးသည် အမြီးစိမ်းငါးတစ်ကောင်ကို ဖမ်းဆီးပြီးနောက် စူးစမ်းလိုဟန်ဖြင့် ကွဲအက်နေသော ညိုပြာရောင် ကြေးမုံတစ်ခုကို ပင့်မြှောက်လိုက်သည်။ နံနက်ခင်း နေခြည်နွေးနွေးက သူ၏မျက်နှာပေါ်သို့ ကျရောက်နေခဲ့ပြီး သူ့မျက်နှာက ပြုံးရွှင်မှုများဖြင့် တောက်ပနေခဲ့သည်။

အနက်ရောင်ချီများသည် လျှင်လျှင်မြန်မြန် ပေါ်ထွက်လာခဲ့သလို လျှင်လျှင်မြန်မြန်ပင် ထွက်ခွာသွားခဲ့သည်။ ထိုအနက်ရောင်ချီများက လီရှန်းဖျင်၏ ခန္ဓာကိုယ်ကို ခြောက်ကပ်သွားစေခဲ့ပြီးနောက် ဗလာနတ္ထိထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားရန် ပြင်ဆင်လိုက်သည်။ သို့သော် မထင်မှတ်စရာကောင်းစွာပင် လီရှန်းဖျင်၏ ရှန်းယန်နန်းတော်အတွင်းမှ မီးခိုးရောင် အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

ထိုအနက်ရောင်ချီများသည် ခေတ္တမျှ ရပ်တန့်သွားခဲ့ပြီး လီရှန်းဖျင်၏ ရှန်းယန်နန်းတော်အတွင်းသို့ ဆာလောင်နေသော သရဲတစ္ဆေတစ်ကောင် စားတော်ပွဲကြီးကို မြင်တွေ့လိုက်ရသည့်အလား ထိုအဆောင်ချီအတွင်းသို့ တရဟော တိုးဝင်သွားခဲ့ကြပြီး အားလုံး ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့တော့သည်။

လီရှန်းဖျင်၏ ခြောက်ကပ်နေသော ရုပ်အလောင်းသာ မြေပြင်ပေါ်တွင် ဒူးထောက်လျှက်သား ကျန်ရစ်ခဲ့တော့သည်။ သူ၏ချီဟိုင်အပ်စိုက်အမှတ်တွင်းမှ ဖြူစင်သော အလင်းဖျော့ကလေးများ ထွက်ပေါ်လာခဲ့ပြီး ဗလာနတ္ထိထဲသို့ ညင်သာစွာ တိုးဝင်သွားခဲ့သည်။ အောက်တွင်မူ လူများအားလုံးက ဆူညံစွာ ငိုကြွေးလိုက်ကြတော့သည်။ အားဟွေ့လားက မျက်ဝန်းအစုံ နီမြန်းပြူးကျယ်လျှက် အော်ဟစ်လိုက်သည်။

“ကျိန်စာမှော်ပညာ! ဒါ သတ်ဖြတ်ခြင်းကျိန်စာပဲ! ကျားနီရှီ၊ မင်းက တကယ့် လူယုတ်မာကောင်ပဲ!”

“မိသားစုခေါင်းဆောင်”

ချန်တုန်းဟယ်သည် လီရှန်းဖျင်၏ ရှေ့မှောက်တွင် ဒူးထောက်ကာ မျက်ရည်များ တလိမ့်လိမ့် ကျဆင်းနေခဲ့သည်။ သူသည် ခေါင်းငုံ့ကာ အတန်ကြာ ငိုကြွေးနေမိသည်။ သူ၏လက်သီးနှစ်ဖက်စလုံးကို တင်းတင်းဆုပ်ထားသဖြင့် သွေးများပင် စိမ့်ထွက်နေခဲ့ကာ နားထဲတွင်လည်း ငိုကြွေးသံများဖြင့်သာ ပြည့်နှက်နေခဲ့သည်။ လီချုံယန်သည် မျက်ဝန်းအစုံ နီမြန်းလျှက် ဒယိမ်းဒယိုင်ဖြင့် အနားသို့ တိုးကပ်လာခဲ့သည်။

“ဝီ ဝီ ဝီ…”

ရုတ်တရက် အတောင်ပံခတ်သံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။ ချန်တုန်းဟယ်သည် ခဏမျှ ကြောင်အမ်းသွားခဲ့ရပြီး ရှိုက်သံများကို ထိန်းချုပ်လိုက်ကာ မျက်နှာထက်တွင် ဝမ်းနည်းမှုများဖြင့် မြေပြင်ပေါ်၌ ဒူးထောက်ကာ ရှေ့တိုးကပ်သွားခဲ့ပြီး လီရှန်းဖျင်၏ ရုပ်အလောင်းပေါ်တွင် နားကပ်ကာ နားထောင်လိုက်မိသည်။

“အားလုံးပဲ၊ တိတ်တိတ်နေကြ!”

ချန်တုန်းဟယ်က မျက်မှောင်ကြုတ်လျှက် အော်ဟစ်လိုက်သည်။ လူအများ၏အသံက ချက်ချင်းပင် တိုးညှင်းသွားခဲ့သည်။ သူသည် လီရှန်းဖျင်၏ ရုပ်အလောင်းပေါ်တွင် ခေတ္တမျှ နားထောင်ပြီးနောက် ဂရုတစိုက် ပြန်လည်ချထားပေးလိုက်သည်။

ချန်တုန်းဟယ်သည် တုန်ယင်နေသော လက်ညှိုးဖြင့် လီရှန်းဖျင်၏ ဖြူဖျော့နေသော နှုတ်ခမ်းထောင့်ပေါ်တွင် ခပ်ဖွဖွတို့ထိလိုက်ပြီး နှုတ်ခမ်းကို အနည်းငယ်ဟပေးလိုက်သည်။ ထိုအခါ ချက်ချင်းပင် အတောင်ပံခတ်သံများ ပိုမိုကျယ်လောင်လာခဲ့သည်။ ဘေးပတ်ပတ်လည်ရှိ အားဟွေ့လားနှင့် လီချုံယန်တို့၏ အမူအရာက တင်းမာသွားခဲ့ကြပြီး ဒူးထောက်လျှက်သားဖြင့် ခေါင်းငုံ့ကြည့်လိုက်ကြတော့သည်။

“ဝီ…”

ချန်တုန်းဟယ်က လက်ကို အားအနည်းငယ် သုံးလိုက်သောအခါ လီရှန်းဖျင်၏ ပါးစပ်အတွင်းမှ မီးခိုးနက်ရောင် ကျိုင်းကောင်တစ်ကောင် ဝုန်းခနဲ ခုန်ထွက်လာခဲ့သည်။ ၎င်း၏တစ်ကိုယ်လုံးတွင် ဆူးချွန်များဖြင့် ပြည့်နှက်နေကာ ပါးလွှာလှသော အတောင်ပံပေါ်က အစင်းကြောင်းများသည် သစ်ရွက်တစ်ရွက်ပမာ ဖြစ်နေခဲ့သည်။ ၎င်းသည် ချန်တုန်းဟယ်၏ လက်ပေါ်တွင် ခေတ္တမျှ ခုန်ပေါက်နေပြီးနောက် အတောင်ပံကိုဖြန့်ကာ ပျံသန်းထွက်ခွာသွားခဲ့တော့သည်။

“ဒါက…”

“ကျိုင်းကောင်တွေ! ကျိုင်းကောင်တွေအများကြီးပဲ!”

အောက်ရှိလူများ အော်ဟစ်လိုက်ကြသည်။ ၎င်းတို့လူစု မတုံ့ပြန်နိုင်သေးမီမှာပင် လီရှန်းဖျင်၏ ရုပ်အလောင်းအောက်မှ ရာနှင့်ထောင်နှင့်ချီသော မီးခိုးနက်ရောင် ကျိုင်းကောင်များ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီး ဆူညံစွာဖြင့် ကောင်းကင်ယံထက်သို့ ပျံတက်သွားခဲ့ကြသည်။ မုန်တိုင်းမည်းကြီးတစ်ခု ကောင်းကင်ယံသို့ ပျံတက်သွားသည့်အလား ဟိုဟိုဒီဒီ ဝင်ဆောင့်ကြကာ လူများအားလုံးကို ဆူးများဖြင့်ထိုးရာ နာကျင်လွန်းလှသောကြောင့် ဘာမှမတတ်နိုင်တော့ဘဲ အဆက်မပြတ် နောက်ဆုတ်သွားခဲ့ရသည်။

“တုန်းဟယ်… ဒါက…”

အားဟွေ့လားက ကြောင်အမ်းအမ်းဖြင့် ပြောလိုက်သည်။ ချန်တုန်းဟယ်သည် ခြေလှမ်းအချို့ နောက်ဆုတ်လိုက်ပြီး မျက်နှာထက်တွင် မျက်ရည်များဖြင့် လီရှန်းဖျင်၏ ရင်းတိုက်လေးကို ကောက်လွယ်လိုက်ကာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော ရုပ်အလောင်းကို တစ်ချက်ကြည့်လိုက်သည်။

ကောင်းကင်ယံထက်သို့ ကျိုင်းကောင်များ တရွေ့ရွေ့ ပျံတက်သွားခဲ့ကြသည်နှင့် ချန်တုန်းဟယ်က အံကြိတ်ကာ ပြောလိုက်သည်။

“သွားစို့! သူတို့ ဖမ်းမိတာမျိုး လုံးဝ အဖြစ်မခံနဲ့!”

အခန်း - (၁၀၄)

ထွက်ပြေးရန်နေရာမရှိ - ၂

လီကျင်းတောင်ပေါ်တွင်။

“ဟူး…”

အဖြူရောင်အလင်းများဖြင့် တဖျတ်ဖျတ် လင်းလက်နေသည့် အလင်းလုံးတစ်လုံး လေဟာနယ်ထဲမှ ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး ကျောက်တုံးစင်မြင့်ထက်ရှိ ညိုပြာရောင် ကြေးမုံအတွင်းသို့ တိုးဝင်သွားခဲ့ပြီး ဖြူဖျော့ဖျော့ လရောင်အလင်းတန်းများ ပွင့်အံလာခဲ့သည်။ ခြံဝင်းအတွင်း၌ တိုးညှင်းလှသော သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“လီရှန်းဖျင် မင်း ငါ့ကို ကောက်ယူခဲ့တာ နှစ်ပေါင်း ၂၅ နှစ်၊ ၂၆နှစ်လောက် ရှိခဲ့ပြီပဲ…”

အတိတ်တုန်းက ငါးဖမ်းနေခဲ့သော ထိုကောင်လေး၏ ပုံရိပ်သည် သူ့မျက်စိထဲ၌ ကွက်ကွက်ကွင်းကွင်း ရှိနေဆဲဖြစ်သော်လည်း အနောက်ဘက်အရပ်က လီရှန်းဖျင်မှာမူ ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။ လုကျန်းရှန်းသည် စိတ်ခံစားချက်များ အနည်းငယ် ရှုပ်ထွေးသွားခဲ့ရပြီး စကားလုံးများ နှုတ်ခမ်းဖျားထက်သို့ ရောက်ရှိလာခဲ့သော်လည်း ဘာပြောရမှန်း မသိပါတော့ချေ။

လုကျန်းရှန်းသည် သူ၏ နတ်ဘုရားအာရုံနှင့် မန္နာစွမ်းအင်များ အဆက်မပြတ် မြင့်တက်လာသည်ကို ခံစားလိုက်ရပြီး ဂမ္ဘီရပုလဲအဆောင်မျိုးစေ့အတွင်း မှတ်တမ်းတင်ထားသော သတင်းအချက်အလက်များလည်း ကြေးမုံအတွင်းသို့ တရွေ့ရွေ့ စီးဝင်လာခဲ့သည်။ လီရှန်းဖျင်သည် ကျိန်စာကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်က ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်၏ အထွဋ်အထိပ်တွင် ဖြစ်သော်လည်း နက်ရှိုင်းပုလဲအဆောင်မျိုးစေ့အတွင်းမှ ထွက်ပေါ်လာသော မန္နာစွမ်းအင်ပမာဏမှာမူ လုကျန်းရှန်း မျှော်လင့်ထားသည်ထက် များစွာကျော်လွန်နေခဲ့သည်။

“နက်ရှိုင်းပုလဲအဆောင်မျိုးစေ့ရဲ့ တုံ့ပြန်မှုက ကျင့်စဉ်အဆင့် တစ်ခုတည်းပေါ် မူတည်နေတာ မဟုတ်ဘဲ ကံကြမ္မာကောင်းတွေနဲ့ အမွှေးတိုင်ပူဇော်မှုတို့လို ထိတွေ့ကိုင်တွယ်လို့မရတဲ့ အရာတွေနဲ့ပါ ပတ်သက်နေပုံရတယ်။ သူက ကျားနီရှီရဲ့ ကံကြမ္မာကို လုယူခဲ့ပြီး ယွဲ့တောင်သားတွေရဲ့ ကိုးကွယ်ယုံကြည်မှုတွေကိုပါ လုယူခဲ့တာပဲ။”

လုကျန်းရှန်း၏ ကြေးမုံမျက်ပြင်ထက်တွင် အလင်းရောင်များ တဖျတ်ဖျတ် လင်းလက်နေခဲ့ပြီး အထွဋ်အထိပ်ယင်ဂမ္ဘီရအလင်းသည်လည်း ကြေးမုံကိုယ်ထည်ပေါ်တွင် ဝဲပျံနေခဲ့သည်။ ၎င်း၏စွမ်းအားသည် ယခုအခါ ချီကျင့်ကြံအဆင့် အထွဋ်အထိပ်ရှိသော ကျင့်ကြံသူကိုပင် သတ်ဖြတ်နိုင်ပြီ ဖြစ်သည်။ သူ၏ မန္နာစွမ်းအင်ပမာဏ မြင့်မားလာမှုကြောင့် အထွဋ်အထိပ်ယင်ဂမ္ဘီရအလင်းကို ၅ခါတိတိ ဆက်တိုက်ထုတ်လွှတ်နိုင်ပြီဖြစ်ရာ အခြေတည်အဆင့် ကျင့်ကြံသူကိုပင် ခုခံတားဆီးနိုင်မည် ဖြစ်သည်။ သို့သော်လည်း ထိုနောက်ပိုင်း ပြန်လည်အားဖြည့်ရန်အတွက် ၃ ရက်ခန့် အချိန်ယူရမည် ဖြစ်သည်။

“အဲဒီကျိန်စာရဲ့ အနက်ရောင်ချီတွေက မူလကတည်းက အဆောင်ချီကနေ အသွင်ပြောင်းလဲလာတဲ့ မန္တန်အတတ်တစ်မျိုး ဖြစ်ပြီး လီရှန်းဖျင်ရဲ့ ကိုယ်ထဲက အဆောင်ချီရဲ့ ဝါမြိုခြင်းကို ခံလိုက်ရတယ်။ ဒီတော့ ဘယ်လိုမျိုး ထူးဆန်းတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်သွားမလဲ မသိနိုင်ဘူး။”

လုကျန်းရှန်းသည် ဤရက်ပိုင်းအတွင်း ခြံဝင်းထဲ၌ ထိုကျိန်စာ၏ ဖွဲ့စည်းပုံကို လေ့လာနေခဲ့သော်လည်း တိုးတက်မှု သိပ်မရှိလှချေ။ ကံကောင်းသွားသည်မှာ သူသည် အိပ်ရန်၊ စားရန် မလိုအပ်သဖြင့် လိုအပ်လာလျှင် ၁၀ နှစ်တစ်ခုကျော်တိုင်တိုင် အေးအေးဆေးဆေး လေ့လာနိုင်မည် ဖြစ်သောကြောင့် အလောတကြီး ဖြစ်နေစရာမလိုဘဲ ဖြည်းဖြည်းချင်း သွားရန်သာ လိုပေသည်။

“ဒါပေမဲ့ အဲဒီပုလဲလုံးကတော့…”

လုကျန်းရှန်းက တံတွေး မျိုချလိုက်မိသည်။ သူသည် လက်နက်ဝိညာဉ်အဖြစ် ပြောင်းလဲသွားပြီးနောက် သူ၏အလိုဆန္ဒများသည် များစွာလျော့နည်းသွားခဲ့ပြီး ပုံမှန်အားဖြင့် သူ၏ စိတ်ခံစားချက်များကို ထိန်းသိမ်းထားရန်အတွက် တောင်အောက်ခြေရှိ လူ့လောကကြီး၏ လှုပ်ရှားမှုများကို တမင်သက်သက်ပင် တွန်းအားပေးကာ ကြည့်ရှုလေ့ရှိသည်။ လီရှန်းဖျင် ရရှိခဲ့သော ထိုပုလဲလုံးကမူ သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးအပိုင်းမှနေ၍ တောင့်တစိတ်များ ပြင်းထန်စွာ ဖြစ်ပေါ်လာစေခဲ့သည်။

ခြံဝင်းအပြင်ဘက်တွင်…

လီထုန်ယာသည် လီရွှမ်လင်အား ဓားသိုင်းပညာရပ်များကို ရှင်းပြနေခဲ့သည်။ ရုတ်တရက် သူ၏နှလုံးသားတစ်ခုလုံး လှုပ်ရှားသွားသဖြင့် လှုပ်ရှားမှုများကို ရုတ်တရက် ရပ်တန့်ပစ်လိုက်မိသည်။

“အဖေ ဘာဖြစ်လို့လဲ”

လီထုန်ယာသည် စိတ်ထဲတွင် မတည်မငြိမ် ဖြစ်နေခဲ့ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ သူက လက်ကိုဝှေ့ယမ်းလျှက် တိုးညှင်းစွာ ပြောလိုက်သည်။

“ဘာမှမဟုတ်ပါဘူး”

သို့သော်လည်း သူ့စိတ်ထဲတွင်မူ တွေးတောလိုက်မိသည်။

“လီကျင်းတောင်ပေါ်က အကာအကွယ်အစီအရင်ကို စောစောစီးစီး ခင်းကျင်းရမယ်။ မဟုတ်ရင် အကာအကွယ်အစီအရင် မရှိလေတော့ ငါ့ရင်ထဲမှာ အမြဲတမ်း ဟာတာတာ ဖြစ်နေသလိုပဲ။”

“ဒုန်း”

တံခါးပြတင်းပေါက်ဆီမှ ပြင်းထန်လှသော ထိမှန်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး လီထုန်ယာနှင့် လီရွှမ်လင်တို့က နောက်လှည့်ကြည့်လိုက်ကြသည်။

လီရွှမ်လင်က သတိကြီးစွာဖြင့် အနားသို့ လျှောက်လှမ်းသွားခဲ့ပြီး ပြတင်းပေါက်ကို ဖွင့်လိုက်သည်။ ပြတင်းပေါက်ပေါ်တွင် ပိန်လှီလှသော မီးခိုးနက်ရောင် ကျိုင်းကောင်တစ်ကောင် ဝင်ဆောင့်၍ သေဆုံးနေသည်ကို မြင်တွေ့လိုက်ရပြီး ၎င်း၏ ခန္ဓာကိုယ်အထက်ပိုင်းက ကြေမွကာ ပြတင်းပေါက်ပေါ်တွင် ကပ်ညိနေခဲ့သည်။ သူသည် စိတ်ရှုပ်ထွေးသွားပြီး ၎င်းအား ဖယ်ရှားကာ ဖခင်ဖြစ်သူဘက်သို့ လှည့်ကြည့်လိုက်သည်။

လီထုန်ယာသည် ဝိညာဉ်အာရုံဖြင့် အရာအားလုံးကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့လိုက်ရသည်။ သူ့ရင်ထဲတွင် အကြောင်းရင်းမရှိဘဲ ဝမ်းနည်းပူဆွေးမှုများ ဖြစ်ပေါ်လာခဲ့သဖြင့် ထိုကျိုင်းကောင်ကို ယူကာ သေချာစွာ စစ်ဆေးကြည့်ရှုလိုက်သည်။

“ဟင်”

လီထုန်ယာက ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သောအခါ ဤကျိုင်းကောင်၏ ကိုယ်ပေါ်တွင် မည်သည့်နတ်ဆိုးအရှိန်အဝါမျှ လုံးဝ ရှိမနေဘဲ ဆန့်ကျင်ဘက်အနေဖြင့် မှေးမှိန်သော်လည်း သတိထားမိနိုင်လောက်သော ရင်းနှီးမှုတစ်ခု ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။

“မနက်ဖြန် တောင်ထဲကို နောက်တစ်ခေါက်သွားပြီး ရှန်းဖျင်ရဲ့ သတင်းအစအနကို ထပ်ပြီး စုံစမ်းရမယ်။”

လီထုန်ယာသည် ခေါင်းခါယမ်းကာ ဤအတွေးကို ဖယ်ရှားလိုက်ပြီး ကျိုင်းကောင်ကို ပြတင်းပေါက်အပြင်ဘက်ဆီသို့ လွှင့်ပစ်လိုက်ကာ ညင်သာစွာ ပြောလိုက်သည်။

“စိတ်မပျံ့လွင့်စေနဲ့။ ဒီနက်ရှိုင်းဒီရေဓားသိုင်းကို သေသေချာချာ လေ့လာစမ်း။”

ထိုအချိန်တွင် ရုတ်တရက် ဆူညံသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ လီရွှမ်ရွှမ်သည် ရင်ခွင်ထဲတွင် ကလေးအနှီးထုပ်ကလေးကို ပွေ့ချီကာ ပြုံးရွှင်စွာဖြင့် လှမ်းဝင်လာခဲ့ပြီး တိုးညှင်းစွာ ပြောလိုက်သည်။

“ဒုတိယဦးလေး”

လီထုန်ယာက မျက်ခုံးတစ်ချက် ပင့်လိုက်ကာ မျက်နှာထက်တွင်လည်း ဝမ်းမြောက်မှုအချို့ ပေါ်ထွက်လာခဲ့ပြီး မေးမြန်းလိုက်သည်။

“ကလေးမွေးပြီလား။ သားလေးလား၊ သမီးလေးလား။”

လီရွှမ်ရွှမ်သည် လွန်ခဲ့သော ၂ နှစ်ခန့်က အခြားမျိုးရိုးနာမည်ရှိသော ဝိညာဉ်အပေါက်ပါရှိသော အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ခဲ့သည်။ ထိုအမျိုးသမီး၏ ပါရမီမှာ မမြင့်မားလှသဖြင့် ယခုအချိန်အထိ ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်၏ ပထမအဆင့် ဆန်းကြယ်အသွင်ချက္ကရာကိုသာ စုစည်းဖွဲ့တည်နိုင်သေးသည်။

လီရှန်းဖျင်ကလည်း ရုပ်ရည်အတော်အတန် လှပသော သေမျိုးအမျိုးသမီးအချို့ကို သူ၏ကိုယ်လုပ်တော်အဖြစ် ရွေးချယ်ပေးထားခဲ့သေးသည်။ ယခုအခါတွင်မူ ၎င်းသည် ပထမဆုံးသော ကလန်တိုက်ရိုက်မျိုးဆက်သစ် ကလေးငယ် မွေးဖွားခြင်း ဖြစ်သည်။

“သားလေးပါ”

လီရွှမ်ရွှမ်သည် မျက်နှာထက်မှ အပြုံးကို မည်သို့မျှ ဖုံးကွယ်မထားနိုင်ခဲ့ပေ။ သူက ကလေးကို အနည်းငယ် ပိုမိုတင်းကြပ်စွာ ပွေ့ချီလိုက်ရာ လီထုန်ယာက ပြုံးလျှက် ပြောလိုက်သည်။

“ဒါက ငါတို့လီမိသားစုရဲ့ ပထမဆုံးသော တတိယမျိုးဆက် ကလေးပဲ။ မင်း နာမည်စဉ်းစားပြီးပြီလား”

“မျိုးဆက်နာမည်အရဆိုရင် ယွမ် နဲ့စရမယ်!”

လီရွှမ်ရွှမ်က အားရပါးရ ရယ်မောလိုက်ကာ ကလေးကို ခဏတာ ချော့မြူလိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။

“လီယွမ်ရှို့ လို့ခေါ်ကြတာပေါ့”

“လီယွမ်ရှို့…”

လီထုန်ယာက ခေါင်းညိတ်ကာ ပြုံးလိုက်ပြီး ထိုကလေးကို တစ်ချက် စိုက်ကြည့်ရင်း တိုးညှင်းစွာ ပြောလိုက်သည်။

“ကောင်းတယ်၊ ကောင်းတယ်”

“မင်းရဲ့ ကိုယ်လုပ်တော်တွေကကော ကလေးဘယ်နှစ်ယောက်လောက် မွေးထားပြီးပြီလဲ။”

လီထုန်ယာက ရုတ်တရက် မေးလိုက်သောအခါ လီရွှမ်ရွှမ်က ခေါင်းမော့၍ ပြန်လည်ဖြေကြားလိုက်သည်။

“သားတစ်ယောက်၊ သမီးတစ်ယောက်ပါ။ အသက် ၃ နှစ်နဲ့ ၅ နှစ် ရှိပါပြီ။”

လီထုန်ယာက တစ်စုံတစ်ရာကို တွေးတောရင်း လေးနက်စွာဖြင့် ပြောလိုက်သည်။

“နောက်နောင်မှာ ငါတို့လီမိသားစုရဲ့ ပင်မမျိုးနွယ် တိုက်ရိုက်မျိုးဆက်တွေထဲမှာ ကိုယ်လုပ်တော်က မွေးဖွားပြီး ဝိညာဉ်အပေါက်မရှိတဲ့သူဆိုရင် သူ့ရဲ့မျိုးနွယ်ကို အရန်မျိုးနွယ်အဖြစ်ကို လျှော့ချမယ်။ ဝိညာဉ်အပေါက် ရှိတဲ့သူဆိုရင်တော့ တိုက်ရိုက်မျိုးဆက်တွေနဲ့အတူတူ ပင်မမျိုးနွယ်ထဲမှာ ထည့်သွင်းမယ်။ အရန်မျိုးနွယ်ထဲက မျိုးဆက်သုံးဆက်တိုင်တိုင် ဝိညာဉ်အပေါက် မရှိရင်တော့ မျိုးနွယ်ခွဲအဖြစ် လျှော့ချမယ်။ တကယ်လို့ ဝိညာဉ်အပေါက် ရှိလာခဲ့ရင်တော့ မူလဘိုးဘေးမျိုးနွယ်ထဲကို ပြန်ဝင်ခိုင်းပြီး ပင်မမျိုးနွယ်အဖြစ် ပြန်သတ်မှတ်ပေးမယ်။”

လီရွှမ်ရွှမ်က ခဏတာမျှ ကြောင်အမ်းသွားခဲ့ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ သူက စိတ်ရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်သည်။

“ယဲ့ကလန်မှာ အခုဆို လူပေါင်း ၂၀၀၀ ကျော်လောက် ရှိပါတယ်။ တကယ်လို့ ဒီလူတွေထဲက ဝိညာဉ်အပေါက်ရှိလာပြီး မျိုးနွယ်ခွဲအဖြစ် ပြန်သတ်မှတ်ရမယ့်သူတွေကိုကော ဘယ်လို စီမံရမလဲ။”

“သူတို့က အရံမျိုးနွယ်အဖြစ်ပဲ အများဆုံးရောက်နိုင်မယ်။”

လီထုန်ယာက ခဏတာမျှ စဉ်းစားလိုက်ပြီး ပြန်လည်ဖြေကြားလိုက်သည်။ လီချုံယန်သည် ယခုအခါ လီမိသားစု၏ မျိုးနွယ်ခွဲဖြစ်သည်။ အကယ်၍ သူ၏ တရားဝင်သားက ဝိညာဉ်အပေါက် ရှိခဲ့မည်ဆိုလျှင် အရံမျိုးနွယ်အဆင့်သို့ မြှင့်တင်နိုင်မည်ဖြစ်သည်။ အကယ်၍ သူ၏သားက ဝိညာဉ်အပေါက်ရှိသော မြေးကို ထပ်မံ၍ မွေးဖွားခဲ့မည်ဆိုလျှင်ပင် ပင်မမျိုးနွယ်အဖြစ်သို့ မြှင့်တင်နိုင်မည် မဟုတ်ချေ။

“ဒီလိုဆိုရင် ပင်မမျိုးနွယ်ထဲမှာ ရှိနေတဲ့သူတွေအားလုံးဟာ အဘိုးရဲ့တိုက်ရိုက်မျိုးဆက်က လူတွေချည်းပဲဖြစ်အောင် လုပ်ထားတာပေါ့…”

လီရွှမ်ရွှမ်က ခေါင်းညိတ်လိုက်သည်။ လီထုန်ယာ၏ မျက်နှာတစ်ခုလုံးတွင် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် သူက မေးလိုက်သည်။

“ဒုတိယဦးလေး ဘာလို့မသက်မသာ ဖြစ်နေတာလဲ”

လီထုန်ယာက ပင်ပန်းနွမ်းနယ်မှုများဖြင့် လေးနက်စွာ ပြောလိုက်တော့သည်။

“ငါ ရှန်းဖျင်အတွက် စိုးရိမ်နေတုန်းပဲ။ ဒီညပဲ အမှောင်ထုကို အခွင့်ကောင်းယူပြီး အနောက်ဘက်အရပ်ဆီကို တစ်ခေါက်သွားလိုက်ဦးမယ်။ မင်းတို့ အိမ်ကို သေသေချာချာ စောင့်ကြပ်ထားကြ။”

All Chapters