← Chapters

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း - (၁၀၅)

မိုးခေါင်ရေရှားမှုကြီး - (၁)

မုကျောင်းမန်သည် ဟာလာဟင်းလင်းဖြစ်နေသော လှည်းကြီးပေါ်တွင် ထိုင်နေခဲ့သည်။ ယွဲ့တောင်နယ်မြေအတွင်းရှိ လမ်းခရီးများသည် မညီမညာ ကွေ့ကွေ့ကောက်ကောက်ဖြစ်ကာ လှုပ်ခါယိမ်းထိုးမှုများက သူ့အား အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်စေပြီး မနည်းပင် ကြိုးစားကာထိုင်နေခဲ့ရသည်။ ကျောက်စိမ်းဖြူစင်မြင့်ထက်က မြင်ကွင်းများသည် သူ၏စိတ်ထဲတွင် တစ်ခေါက်ပြီးတစ်ခေါက် အဆက်မပြတ် ပြန်လည်ပေါ်ထွက်နေခဲ့သည်။

မုကျောင်းမန်သည် လိုက်ကာကို မကာ ကောင်းကင်ယံထက်ရှိ ပူပြင်းလှသော နေမင်းကြီးနှင့် မျက်စိတဆုံး အက်ကွဲနေသော မြေပြင်ကျယ်ကြီးကို ငေးကြည့်လိုက်မိသည်။ သူက လည်ချောင်းသံကြီးဖြင့် အော်ဟစ်မေးမြန်းလိုက်သည်။

“မိုးမရွာတာ ဘယ်လောက်ကြာပြီလဲ။”

“မဟာစစ်သူကြီးကို သတင်းပို့ပါတယ်။ မိုးတစ်စက်မှ မရွာသွန်းခဲ့တာ လေးလရှိပါပြီ။”

မုကျောင်းမန်သည် ခေတ္တခဏမျှ စဉ်းစားလိုက်ပြီး အောက်ရှိ စစ်သည်များကို လက်လှမ်းပြကာ အော်ပြောလိုက်သည်။

“အရှေ့ဘက် ကာကွယ်ရေးတပ်တွေကို ပြန်ရုပ်သိမ်းလိုက်တော့။ စစ်ပြေးဒုက္ခသည်တွေကို အရှေ့ဘက်ဆီ မောင်းထုတ်လိုက်။ သူတို့ မြေပြန့်သားတွေဆီမှာ သွားပြီး ဒုက္ခပေးပါစေ။”

အောက်မှ စစ်သည်က ခဏမျှ တုံ့ဆိုင်းသွားခဲ့ပြီး ပြန်လည်ပြောလိုက်သည်။

“အရှေ့ဘက် ကာကွယ်ရေးတပ်ကို ရုပ်သိမ်းလိုက်ပြီး တကယ်လို့ လီရှန်းဖျင် ထွက်ပြေးသွားခဲ့ရင်…”

“အဲဒီအကောင် သေသွားပြီ။”

မုကျောင်းမန်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ဒေါသအဟုန်က သူ့နှလုံးသားထဲမှ ပွင့်အံထွက်လာခဲ့သည်။ သူသည် အားမရသေးသည့်အလား လှည်းပေါ်မှ ဝုန်းခနဲ ခုန်ဆင်းကာ ထိုလူ၏ လည်ပင်းကို ဆွဲညှစ်လိုက်ပြီး လေသံကျယ်ကြီးဖြင့် ဆဲဆိုအော်ဟစ်လိုက်တော့သည်။

“မင်းကို ဘယ်နှခေါက် ပြောရမလဲ။ အဲဒီအကောင် သေသွားပြီ။ သေပြီ! သေပြီ! သေပြီ!”

သူ၏မျက်ဝန်းများသည် ဒေါသထွက်လွန်းသဖြင့် နီမြန်းနေခဲ့ပြီး သူက လက်သီးဖြင့်ထိုးရန် ပြင်ဆင်လိုက်သည်။ သို့သော်လည်း ဘေးပတ်ပတ်လည်ရှိ စစ်သည်များက ဒူးထောက်လိုက်ကြပြီး တညီတညွတ်တည်း ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်ကို မြင်တွေ့လိုက်ရသည်။

“ဘုရင်ကြီးကို ဂါရဝပြုပါတယ်!”

မုကျောင်းမန်သည် တစ်ကိုယ်လုံး တုန်ယင်သွားခဲ့ပြီး ဖြည်းဖြည်းချင်း ခေါင်းမော့ကြည့်လိုက်သောအခါ လေထဲတွင်ရပ်ကာ သူ့အား အေးစက်စွာ စိုက်ကြည့်နေသော ကျားနီရှီကို မြင်တွေ့လိုက်ရသည်။ သူသည် သူ့လက်ထဲရှိ ထိုစစ်သည်ကို ပစ်ချလိုက်ကာ ကပျာကယာ ဒူးထောက်လိုက်ပြီး နဖူးကို မြေပြင်ပေါ်တွင် ခိုင်မာစွာ ကပ်ထားခဲ့ကာ သူ့နှုတ်ခမ်းများ ဖြူဖျော့သွားခဲ့တော့သည်။

“ဘုရင်ကြီး”

ကျားနီရှီသည် မုကျောင်းမန်ရှိရာသို့ ခြေတစ်လှမ်းချင်းလှမ်းကာ လျှောက်လာခဲ့ပြီး သူ့ရှေ့သို့ရောက်လာသောအခါ သူ့အား ငြိမ်သက်စွာ စိုက်ကြည့်နေလိုက်သည်။ ထို့နောက် ရုတ်တရက် သူ့ကို ခြေဖြင့်ကန်ပစ်လိုက်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

“အသုံးမကျတဲ့ကောင်”

မုကျောင်းမန်သည် ချက်ချင်းပင် ဘောလုံးတစ်လုံးပမာ အဝေးသို့ လွင့်စင်ထွက်ခွာသွားခဲ့ပြီး လှည်းကြီးများကို ဝင်ဆောင့်ကာ ဖျက်ဆီးပစ်လိုက်သဖြင့် ဆန်နှင့်ရိက္ခာများ မြေပြင်ပေါ်သို့ ဝုန်းခနဲ ဖိတ်စင်သွားခဲ့ကြသည်။ ဘေးပတ်ပတ်လည်ရှိ စစ်သည်များက တိတ်တဆိတ် တံတွေးမျိုချမိလိုက်ကြသည်။

မုကျောင်းမန်သည် အကြိမ်အနည်းငယ် လူးလိမ့်သွားပြီးနောက် ကပျာကယာပင် ကျားနီရှီ၏ ရှေ့မှောက်ဆီသို့ ပြန်လည်တွားသွားခဲ့ကာ မိမိ၏ပါးကို လက်ဝါးဖြင့် တစ်ချက်ပြီးတစ်ချက် အဆက်မပြတ် ရိုက်နှက်လိုက်တော့သည်။

ကျားနီရှီက မျက်ခုံးပင့်၍ ခဏတာ စိုက်ကြည့်လိုက်ပြီးနောက် ဒေါသတကြီးဖြင့် ရယ်မောလိုက်သည်။

“ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူလေးတစ်ယောက်ကို လူအမြောက်အများသုံးပြီး လိုက်တာတောင် သူ့အမြီးကိုတောင် မမြင်ခဲ့ရဘူး။ အဆောင်နတ်ဆရာကိုတောင် ပင့်ဖိတ်ပြီး ကျိန်စာနဲ့ သတ်ခိုင်းခဲ့ရတယ်။ မင်းက တကယ့်ကို အသုံးမကျတဲ့ကောင်ပဲ မုကျောင်းမန်။”

မုကျောင်းမန်သည် ထုံထိုင်းစွာဖြင့် သူ၏ပါးကို ဆက်လက်ရိုက်နှက်နေစဉ် အပေါ်မှ ကျားနီရှီက တိုးတိုးလေး ပြောလိုက်သည်ကို ကြားလိုက်ရသည်။

“နောက်ထပ် ရက်နည်းနည်းငယ်အကြာမှာ ပြုလုပ်မယ့် မဟာယဇ်ပူဇော်ပွဲကြီးကို မင်း တက်ရောက်ဖို့ မလိုတော့ဘူး။ စခန်းထဲမှာပဲ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်နေ။”

မုကျောင်းမန်သည် သူ့စိတ်အတွင်း၌ မိုးကြိုးများ ပစ်ချလိုက်သကဲ့သို့ ခံစားလိုက်ရပြီး ရုတ်တရက် ခေါင်းမော့လိုက်သည်။ သူသည် ရုတ်တရက် တစ်စုံတစ်ရာကို ဖမ်းဆုပ်မိလိုက်သလို ခံစားလိုက်ရသည်။

သူ စကားပြောရန် ပြင်ဆင်လိုက်စဉ် ကျားနီရှီက သူ့ထက် ခြေတစ်လှမ်းဦးကာ သူ၏ဗိုက်ပေါ်သို့ လက်သီးတစ်ချက် ထိုးနှက်လိုက်ပြီး သူ၏စကားလုံးများကို အတင်းအကျပ် ဖြတ်တောက်ပစ်လိုက်ကာ သူ့အား သတိလစ်မေ့မြောသွားစေခဲ့သည်။

“သူ့ကိုဆွဲထုတ်သွားကြစမ်း”

ကျားနီရှီက တိုးညှင်းစွာ အော်ဟစ်လိုက်သည်။ မုကျောင်းမန်ကို တဲဆီသို့ ဆွဲခေါ်သွားကြသည်ကို ကြည့်ကာ တိမ်တိုက်များထဲအထိ မြင့်မားလှသော ဝူတောင်ဘက်သို့ လှည့်ကြည့်ရင်း သတိမထားမိနိုင်လောက်အောင် တိုးညှင်းလွန်းလှသောအသံဖြင့် တိတ်တဆိတ် ရေရွတ်လိုက်သည်။

“အသက်ရှင်နေပါ”

xxxxxxxxxx

တောတောင်များကြား၌ နံနက်ခင်း အရုဏ်ဦး အလင်းတန်းများ ကောင်းကင်ယံထက်တွင် ပေါ်ထွက်လာသည်အထိ လှည့်ပတ်ကာ ရှာဖွေခဲ့ပြီးနောက် လီထုန်ယာသည် မွစာကြဲနေပြီး ဟာလာဟင်းလင်းဖြစ်နေသော တောင်စခန်းအတွင်းမှ ပျံတက်လိုက်ရင်း တိတ်တဆိတ် ရေရွတ်လိုက်သည်။

“အရှေ့ဘက်က မီးခိုးတွေ တက်မလာတော့ဘူး။ ဒါက ယွဲ့တောင်တပ်ကလည်း ဆုတ်ခွာသွားခဲ့ပြီဆိုတာ ပြသနေတယ်။ မုကျောင်းမန်က ဘာဖြစ်လို့ ဒီလောက်လွယ်လွယ်ကူကူနဲ့ ရှန်းဖျင်ကို အရှေ့ဘက် ပြန်ခွင့်ပေးလိုက်ရတာလဲ…”

လီထုန်ယာသည် အနောက်ဘက်ဆီသို့ လေထဲမှနေ၍ ပျံသန်းလာခဲ့ရာ သူ့ခြေထောက်အောက်တွင် ပက်ကြားအက်နေသော မြေပြင်ကို မြင်တွေ့လိုက်ရသည်။ သူသည် ရက်များကို တွက်ချက်ကြည့်လိုက်သောအခါ ခန့်မှန်းခြေ နှစ်ဝက်နီးပါးခန့် မိုးမရွာသွန်းခဲ့ကြောင်း သိရှိလိုက်ရသည်။

“ဒါကြောင့်မို့လို့လည်း ယွဲ့တောင်ဒုက္ခသည်တွေ ဒီီလောက်များနေတာကိုး။”

လီထုန်ယာသည် မျက်မှောင်ကြုတ်လျှက် ယွဲ့တောင်နယ်မြေအတွင်းရှိ အခြေအနေများကို ခန့်မှန်းတွက်ချက်ကြည့်လိုက်ကာ ဒုက္ခသည်များ နယ်စပ်ဖြတ်ကျော်လာနိုင်မည့် အလားအလာကို သုံးသပ်နေမိသည်။

“ငါတို့လီမိသားစုမှာ ဒီနှစ်ပိုင်းတွေအတွင်း စပါးကျီတွေ ပြည့်နေခဲ့တယ်။ ဒီတော့ ဒုက္ခသည် ထောင်ဂဏန်းလောက်ကို လက်ခံပေးဖို့ဆိုတာက ပြဿနာမရှိဘူး။ လူဦးရေကိုတောင် တိုးပွားလာစေဦးမယ်။ ဒါပေမဲ့ ရာသီဥတုက ဒီလိုပဲ ဆက်ပြီးမိုးခေါင်နေဦးမယ်ဆိုရင် မေချယ်မြစ်ပါ ခန်းခြောက်သွားနိုင်ပြီး ငါတို့လည်း အသီးအနှံတွေ စိုက်ပျိုးလို့ ရမှာမဟုတ်တော့ဘူး။”

“ကျီမိသားစုရဲ့ စာထဲမှာ ယဇ်ပူဇော်တဲ့အကြောင်း ရေးထားတာ ဖတ်ခဲ့ဖူးတယ်။ ကြည့်ရတာ ကျားနီရှီလည်း အချိန်အများကြီး မကျန်တော့ဘူး ထင်တယ်…”

လီထုန်ယာသည် ယွဲ့တောင်နယ်မြေအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားခဲ့သည်နှင့်အမျှ ပက်ကြားအက်နေသည့် မြေပြင်များနှင့် အခေါက်များ ကွာကျနေသော သစ်ပင်ခြောက်ကြီးများကို ပိုမိုမြင်တွေ့လာခဲ့ရသည်။ မဟာကျွဲ့ထင်သည်လည်း အဝေးတွင် ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

ဤယွဲ့တောင်သားတို့၏ တစ်ခုတည်းသော မြို့ပေါ်တွင် အချိန်ကာလ၏ အမှတ်အသားများဖြင့် ပြည့်နှက်နေခဲ့သည်။ လေနှင့်မိုးဒဏ်ကြောင့် ပျက်စီးနေသော မြို့ရိုးများသည် အပေါက်ပေါက်များ ဖြစ်နေခဲ့ပြီး အတွင်းပိုင်းမှာလည်း အလွန်အမင်း ဆွေးမြည့်နေခဲ့ပြီ ဖြစ်သည်။

မဟာကျွဲ့ထင်၏ ဘေးနားတွင် မြင့်မားလှသော ယဇ်ပုလ္လင်ကြီးတစ်ခုကို မြေကြီး၊ သစ်သားနှင့် ကျောက်တုံးများဖြင့် ဆောက်လုပ်ထားခဲ့သည်။ ၎င်းသည် ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေခဲ့ပြီ ဖြစ်သည်။ သတင်းများအရ ကျားနီရှီသည် ၎င်းအပေါ်တွင် ကောင်းကင်ဘုံအား တိုင်တည်ပူဇော်ပြီး ယွဲ့တောင်သားများအားလုံးကို တစ်လုံးတစ်ဝတည်း ပေါင်းစည်းမည်ဟု ဆိုကြသည်။

ယဇ်ပုလ္လင်ထက်က လက်သမားများသည် ပိန်လှီခြောက်ကပ်နေပြီး ပင်ပန်းနွမ်းနယ်ကာ တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်နေခဲ့သော်လည်း မျက်နှာထက်တွင်မူ မျှော်လင့်ချက်များနှင့် ရိုသေလေးမြတ်သောအမူအရာများဖြင့် ပြည့်နှက်နေခဲ့ကြသည်။ လူတိုင်းသည် ကျားနီရှီက ၎င်းတို့အတွက် ပဋိပက္ခများကို အဆုံးသတ်ပေးပြီး တည်ငြိမ်သော ဘဝတစ်ခုကို ယူဆောင်ပေးလာလိမ့်မည်ဟု မျှော်လင့် စောင့်စားနေခဲ့ကြသည်။

“ငါ ရှေ့ကို ဆက်သွားလို့ မဖြစ်တော့ဘူး။”

လီထုန်ယာသည် တိတ်တဆိတ်ပင် ရပ်တန့်လိုက်သည်။ ယခုတစ်ခေါက် ရှာဖွေမှုသည်လည်း အရင်ခေါက်များကကဲ့သို့ပင် မည်သည့်ရလဒ်မျှ ရရှိခြင်းမရှိခဲ့ပေ။ သူသည် စိတ်ပျက်လက်ပျက်ဖြင့် လှည့်၍ထွက်ခွာလာခဲ့ပြီး လရှုစားကန် ရှိရာအရပ်ဆီသို့ ဦးတည်လိုက်တော့သည်။

လရှုစားကန်၏ အရွယ်အစားသည် လီရာပေါင်းများစွာ သေးငယ်သွားခဲ့သည်။ အက်ကွဲခြောက်ကပ်နေသော ရေအိုင်ကြမ်းပြင်ထက်တွင် ငါးသေများနှင့် ပုစွန်ပုပ်များဖြင့်သာ ပြည့်နှက်နေခဲ့ပြီး နံစော်လွန်းလှသဖြင့် လူကို မျက်စိပင် မဖွင့်နိုင်လောက်အောင် ဖြစ်စေခဲ့သည်။ နေရာအနှံ့တွင် အစာရှာဖွေနေကြသော ခွေးအများနှင့် လင်းတများသာ ရှိနေပြီး တောရိုင်းတိရစ္ဆာန်တို့၏ ပျော်စံရာနယ်မြေပမာ ဖြစ်နေခဲ့တော့သည်။ လီထုန်ယာသည် လရှုစားကန်အထက်၌ တစ်ပတ်မျှ လှည့်လည်ပျံသန်းပြီးနောက် လီကျင်းတောင်သို့ ပြန်လာခဲ့တော့သည်။

လီထုန်ယာ တောင်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့် ခြံဝင်းအတွင်း၌ ရှိနေသော ကြီးမားလှသည့် တောဝက်နက်ကြီးတစ်ကောင်၏ ရုပ်အလောင်းကို လှမ်းမြင်လိုက်ရသည်။ ထိုတောဝက်ကြီး၏ တစ်ကိုယ်လုံးတွင် ရှည်လျားလှသောအမွှေးများက တောက်ပပြောင်လက်နေခဲ့ကာ အစွယ်နှစ်ချောင်းမှာ လူကြီးတစ်ယောက်၏ လက်မောင်းခန့် ရှည်လျားပြီး ဖြူဝင်းတောက်ပနေခဲ့သည်။

အနီးအနားတွင် လီရွှမ်လင်နှင့် လီရွှမ်ရွှမ်တို့က အလောတကြီးဖြင့် ထိုတောဝက်နက်ကြီး၏ အဆစ်အမြစ်များနှင့် အပ်စိုက်အမှတ်များပေါ်တွင် ဝိညာဉ်ချိတ်ပိတ်ခြင်းမန္တန်ကို အသုံးပြုနေကြခဲ့ပြီး လီရွှမ်ဖုန်းကမူ ကျောက်တုံးပြာကြီးပေါ်တွင် ထိုင်ကာ လေးကို သန့်ရှင်းရေး လုပ်နေခဲ့သည်။

“ဒုတိယဦးလေး!”

လီထုန်ယာက ညင်သာစွာ ဆင်းသက်လာသည်ကို မြင်သောအခါ ကျောက်တုံးပြာကြီးပေါ်တွင် ထိုင်နေသော လီရွှမ်ဖုန်းက ရယ်မောလိုက်သည်။ သူသည် ဘယ်လက်ဖြင့် လေးကိုကိုင်ကာ ညာလက်ဖြင့် ဆာလာအိတ်ကြီးတစ်အိတ်ကို ကိုင်ဆောင်လျှက် ကျောက်တုံးပေါ်မှ ခုန်ဆင်းလာခဲ့ပြီး ခေါင်းမော့၍ အသံကျယ်ကြီးဖြင့် ရယ်မောနေလိုက်သည်။

“ဒီတောင်ဝက်နတ်ဆိုးက တကယ့်ကို ကြီးလွန်းတယ်! ဝိညာဉ်သန္ဓသား ဖွဲ့တည်ခြင်းအဆင့်ရဲ့ အထွဋ်အထိပ် ကျင့်ကြံခြင်းအဆင့်ရှိတယ်။ ကျွန်တော်တို့ အားလုံးအတွက် ဟင်းတစ်ခွက် တိုးတာပေါ့။”

လီထုန်ယာက ခပ်ဖွဖွ ပြုံးလိုက်ပြီး ဝိညာဉ်အာရုံဖြင့် တစ်ချက် ဝေ့ကြည့်လိုက်သောအခါ နက်မှောင်ပြောင်လက်နေသော မြားရှည်တစ်စင်းသည် ထိုနတ်ဆိုးသတ္တဝါ၏ ဦးနှောက်တည့်တည့်သို့ စိုက်ဝင်နေသည်ကို မြင်တွေ့လိုက်ရသည်။ ၎င်းမှတစ်ပါး တစ်ကိုယ်လုံးရှိ အသားနှင့် အရေပြားများသည် ပြည့်စုံကောင်းမွန်နေကာ ဒဏ်ရာတစ်နေရာမျှ မရှိပေ။ သူက အနည်းငယ် အံ့ဩစွာဖြင့် မေးမြန်းလိုက်သည်။

“မြားတစ်စင်းတည်းလား။”

“မြားတစ်စင်းတည်းပဲ!”

လီရွှမ်ဖုန်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းကို မော့ထားလိုက်သည်။ လက်ကိုလှုပ်ရှားလိုက်သောအခါ နက်မှောင်လှသော လေးရှည်သည် သူ့ကျောပေါ်တွင် ချိတ်ဆွဲသွားခဲ့သည်။ သူက ကိုယ်ကိုငုံ့၍ လက်ကိုဆန့်ထုတ်ကာ ထိုတောဝက်နတ်ဆိုး၏ ဟာလာဟင်းလင်းဖြစ်နေသော မျက်တွင်းထဲသို့ နှိုက်ယူပြီး ထိုမြားရှည်ကို တိုက်ရိုက် ဆွဲထုတ်လိုက်သည်။ သူ့လက်ပေါ်ရှိ အနီနှင့်အဖြူရောင် အရည်များကို အရေးမစိုက်ဟန်ဖြင့် ခါထုတ်ပစ်လိုက်ရင်း ပြန်ဖြေလိုက်သည်။

“ကျွန်တော် ဒီတောဝက်နတ်ဆိုးနောက်ကို တစ်ညလုံး လိုက်ခဲ့ရတာ။ မနက်ခင်း အာရုဏ်တက်ချိန်မှာ တောဝက်နတ်ဆိုးက ဝါးပင်တွေကို ဝါးစားနေတာကို အခွင့်ကောင်းယူပြီး မြားတစ်စင်းတည်းနဲ့ သူ့ရဲ့မျက်လုံးထဲကို စိုက်ဝင်သွားပြီး ဦးနှောက်ထဲအထိ ထိုးဖောက်သွားစေခဲ့လို့ ချက်ချင်း နေရာမှာတင် အသက်ပျောက်သွားခဲ့တာပဲ။”

“ကောင်းတယ်”

လီထုန်ယာက ချီးမွမ်းလိုက်သော်လည်း ဆက်လက်၍ ဆုံးမစကားဆိုလိုက်သေးသည်။

“ဒီတောဝက်နတ်ဆိုးက မင်းရဲ့မြားတစ်စင်းတည်းနဲ့ သေဆုံးသွားတယ်ဆိုပေမဲ့ ဒီအကောင်ကို အထင်မသေးနဲ့ဦး။ အကယ်၍ ဒီနတ်ဆိုးသာ မင်းရဲ့အနားကို တိုးကပ်လာခွင့်ရခဲ့ရင် သူ့ရဲ့တစ်ချက်တည်း ဝင်ဆောင့်လိုက်ရုံနဲ့တင် မင်းရဲ့ အူတွေ၊ အသည်းတွေ ပွင့်ထွက်သွားပြီး သေချာပေါက် မြှုပ်ရမယ့်မြေတောင် ရှိမှာမဟုတ်ဘူး။ ဒါကြောင့် သတိကြီးကြီးထားရမယ်။ ကျင့်ကြံခြင်းအဆင့်နိမ့်တဲ့ နတ်ဆိုးတွေကိုပဲ ရွေးချယ်ပြီး သတ်ဖြတ်စမ်းပါ။”

“ဟုတ်ကဲ့”

လီရွှမ်ဖုန်းက တိုးညှင်းစွာ ပြန်ဖြေလိုက်သော်လည်း စိတ်ထဲတွင်မူ အနည်းငယ် မကျေမနပ်ဖြစ်စွာဖြင့် ပြန်လည်ပြောဆိုလိုက်သည်။

“ဒီသားရဲကောင်လောက်ကတော့ ကျွန်တော့်ရဲ့ အဝတ်စွန်းကိုတောင် မထိနိုင်ပါဘူး!”

လီထုန်ယာက ပြုံးလိုက်မိပြီး သူ၏ပုခုံးကို ပုတ်ကာ ရှင်းပြလိုက်သည်။

“မင်းရဲ့ လေးအတတ်ပညာက ထူးခြားပြောင်မြောက်မှန်း ငါသိပါတယ်။ အိမ်မှာလည်း မင်းရဲ့ ဦးလေးအငယ်ဆုံး တစ်ယောက်တည်းရဲ့ ဓားသိုင်းပါရမီကသာ မင်းနဲ့ နှိုင်းယှဉ်လို့ရတာ။ ဒါပေမဲ့ လူသားတွေရဲ့ ခန္ဓာကိုယ်ဟာ နုနယ်လွန်းလှတယ်ဆိုတာကို မင်း နှလုံးသွင်းထားစေချင်ရုံတင်ပါ။”

လီရွှမ်ဖုန်း၏ မျက်နှာထားက လေးနက်တည်ကြည်နေသည်ကို မြင်လျှင် လီထုန်ယာက လေးနက်စွာဖြင့် ပြောလိုက်သည်။

“ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်က ကျင့်ကြံသူတွေဟာ ခွန်အားကြီးမားပြီး ကျောက်တုံးတွေကို ရိုက်ခွဲနိုင်တယ်၊ အမိုးတွေပေါ် အလွယ်တကူ တက်နိုင်တယ်ဆိုတာ ပြောနေဖို့ မလိုပေမဲ့ နတ်ဆိုးသတ္တဝါတွေနဲ့ နှိုင်းယှဉ်ရင်တော့ အများကြီး နုနယ်လွန်းလှတယ်။ ဦးလေးကိုယ်တိုင်လည်း ချီကျင့်ကြံခြင်းအဆင့် ရန်သူတွေနဲ့ တိုက်ပွဲပေါင်းများစွာ ဆင်နွှဲခဲ့ဖူးတယ်။ ရှုံးနိမ့်သွားတဲ့သူတွေဟာ အများအားဖြင့် ဘာကြောင့် ဒဏ်ရာအပြင်းအထန် ရတတ်သလဲဆိုတာ မင်းသိလား။”

“ရန်သူတွေရဲ့ မန္တန်ကြောင့်လား။”

လီရွှမ်ဖုန်းသည် စူးစမ်းလိုစိတ်များ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့ပြီး ကပျာကယာ မေးမြန်းလိုက်သည်။

“မဟုတ်ဘူး။”

လီထုန်ယာက ခေါင်းခါယမ်းလိုက်ပြီး လေးနက်စွာဖြင့် ပြောလိုက်သည်။

“အမြင့်ကနေ ပြုတ်ကျတာကြောင့်ပဲ။”

အခန်း - (၁၀၆)

မိုးခေါင်ရေရှားမှုကြီး - ၂

ထို့နောက် လီထုန်ယာက ဆက်လက်ရှင်းပြလိုက်သည်။

“ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူတွေဟာ လေကိုနင်းပြီး ပျံသန်းနိုင်ကြပေမဲ့ စိတ်ဓာတ်မခိုင်မာတဲ့သူတွေဟာ ရန်သူရဲ့ တိုက်ခိုက်မှုကို ခံရတဲ့အခါ နာကျင်မှုနဲ့ ထိတ်လန့်မှုတွေကို ခံနိုင်ရည်မရှိကြဘူး။ များသောအားဖြင့် သူတို့က လက်ဟန်တွေကို မထိန်းထားနိုင်တော့ဘဲ မြေပြင်ပေါ်ကို ဝုန်းခနဲ ပြုတ်ကျတတ်ကြတယ်။ အကြောပြတ် အရိုးကျိုးတာကို ထားလိုက်ဦး။ ရန်သူနဲ့ ဆက်ပြီး ရင်ဆိုင်နိုင်ဖို့ ဘယ်မှာ အင်အား ရှိတော့မှာလဲ။”

ဤစကားကို ကြားသောအခါ အနီးအနားရှိ လီရွှမ်ရွှမ်နှင့် လီရွှမ်လင်တို့ အတွေးနက်သွားခဲ့ကြသည်။ လီရွှမ်ဖုန်းသည်လည်း ချက်ချင်းပင် တစ်စုံတစ်ခုကို နားလည်သွားပြီး အဆက်မပြတ် ခေါင်းညိတ်ကာ ပြုံးစိစိဖြင့် ပြောလိုက်သည်။

“ဒုတိယဦးလေး အိမ်မှာရှိနေတာ တကယ့်ကို ကောင်းတာပဲ။”

“ဒီကလေးကတော့”

လီထုန်ယာက ချက်ချင်းပင် ရယ်မောလျှက် ခေါင်းခါလိုက်မိသည်။ ထို့နောက် သူသည် လီရွှမ်ဖုန်းက ညာလက်ထဲရှိ ဆာလာအိတ်ကြီးကို မြှောက်ကာ ရယ်ပြီးပြောလိုက်သည်ကို တွေ့လိုက်ရသည်။

“ဦးလေး ဒီမှာကြည့်!”

ထိုသို့ပြောပြီးသည်နှင့် ကြိုးကို ဖြည်ချလိုက်ပြီး အော်ဟစ်မြည်တမ်းနေသော တောဝက်ပေါက်ကလေး သုံးကောင်ကို သွန်ချလိုက်သည်။ လီရွှမ်ဖုန်းသည် ထိုတောဝက်ကလေးများ၏ လည်ပင်းကို ကိုင်ဆွဲကာ လက်တစ်ဖက်လျှင် တစ်ကောင်စီ မြှောက်ပြလိုက်ရင်း ရှင်းပြသည်။

“ကျွန်တော် ဟိုနတ်ဆိုးရဲ့ သားရဲတွင်းထဲကနေ တောဝက်ပေါက်ကလေး သုံးကောင် ရှာတွေ့လာတာ။ အိမ်မှာ မွေးထားလို့ရမလား။”

“ဝိညာဉ်ဖွဲနုတွေနဲ့ ဝိညာဉ်စပါးရွက် အကြွင်းအကျန်တွေတော့ မနည်းမနော ရှိနေသေးတာပဲ။ နတ်ဆိုးသတ္တဝါတွေကို သတ်ဖြတ်ပြီးကျန်တဲ့ အသားစအဟောင်းအမြှင်းတွေလည်း ရှိနေတာမို့ မွေးကြည့်လို့တော့ ရပါတယ်။ ဒါပေမဲ့ တောဝက်တွေက အစားကြီးတာမို့ တစ်ကောင်တည်း မွေးရင်တောင် အတော်လေး မလွယ်လှဘူး။”

လီထုန်ယာက ခေါင်းညိတ်ကာ ပြောလိုက်သောအခါ လီရွှမ်ဖုန်းက ပြုံးလျှက် ပြန်ပြောလိုက်သည်။

“ဒါက လွယ်ပါတယ်!”

ခရက်ဟူသော အသံနှင့်အတူ လီရွှမ်ဖုန်းက လက်နှစ်ဖက်စလုံးကို အားစိုက်လိုက်ရာ သူ့လက်နှစ်ဖက်ထဲရှိ တောဝက်ပေါက်ကလေး နှစ်ကောင်မှာ ချက်ချင်းပင် အသက်ပျောက်သွားခဲ့ရတော့သည်။ ဆာလာအိတ်အတွင်း၌ ကျန်ရှိနေသော တစ်ကောင်တည်းသာ ဟိုဟိုဒီဒီ လှုပ်ရှားလျှက် ထွက်ပြေးရန် ကြိုးစားနေခဲ့တော့သည်။

“ဒီတောဝက်နတ်ဆိုးပေါက်စလေးကို သာမန်လူတွေကတော့ မထိန်းချုပ်နိုင်ဘူး။ ငါတို့မိသားစုထဲက မဟုတ်တဲ့ ကျင့်ကြံသူတပည့်တစ်ယောက်ကို ရွေးချယ်ပြီး စောင့်ကြည့်ခိုင်းလိုက်။”

လီထုန်ယာသည် ထိုသို့ပြောကာ ခေါင်းကိုလှည့်လိုက်ပြီး ဝိညာဉ်ချိတ်ပိတ်ခြင်းမန္တန်ကို ရုပ်အလောင်းပေါ်တွင် အသုံးပြုနေသော လီရွှမ်ရွှမ်ကို လှမ်းကြည့်ရင်း လေးနက်စွာဖြင့် မေးလိုက်သည်။

“ရွှမ်အာ အိမ်မှာရှိတဲ့ အခြားမျိုးရိုးနာမည်တွေနဲ့ မျိုးနွယ်ခွဲက ကျင့်ကြံသူတွေရဲ့ အခြေအနေ ဘယ်လိုရှိလဲ။”

“ဟုတ်ကဲ့။”

လီရွှမ်ရွှမ်က ကပျာကယာ ခေါင်းမော့လိုက်ပြီး ရိုသေစွာ ပြန်ဖြေလိုက်သည်။

“ချန်တုန်းဟယ်နဲ့ လီချုံယန်တို့အပြင် ဒီနှစ်ပိုင်းအတွင်း အခြားမျိုးရိုးနာမည်တွေနဲ့ မျိုးနွယ်ခွဲ ကျင့်ကြံသူ စုစုပေါင်း ၃ ယောက် ရှိပါတယ်။ သူတို့ထဲက တစ်ယောက်က ယဲ့မျိုးရိုးဖြစ်ပြီး ကျွန်တော် စီမံလိုက်ပြီးတော့ အခုတော့ လီမိသားစုရဲ့ ကလန်ခွဲအဖြစ် နာမည်ပြောင်းလဲလိုက်ပါပြီ။ အခြားမျိုးရိုးနာမည်ရှိတဲ့ ကျင့်ကြံသူတွေကိုလည်း လီမိသားစုထဲကို အိမ်ထောင်ပြုစေပြီး ထည့်သွင်းပေးထားပါတယ်။”

“ကောင်းတယ်”

လီထုန်ယာ ချီးကျူးဟန်ဖြင့် ခေါင်းညိတ်ပြကာ ဆက်လက်မေးမြန်းလိုက်သည်။

“သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေကကော ဘယ်လိုရှိကြလဲ။”

“သိပ်အားရစရာ မကောင်းပါဘူး”

လီရွှမ်ရွှမ်က ခေါင်းခါယမ်းကာ ရှင်းပြလိုက်သည်။

“မိသားစုရဲ့ မျိုးနွယ်ခွဲတွေအတွက် ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းကျင့်စဉ်ကတော့ စီနီယာစစ်ယွမ်ပိုင် တစ်ချိန်က ချန်ထားခဲ့တဲ့ ‘စိမ်းပြာအဆီအနှစ်မရီဒန်အားဖြည့်ကျင့်စဉ်’ ကို ကျင့်ကြံကြတာပါ။ ကျွန်တော်တို့မိသားစုရဲ့ အထွဋ်…”

လီရွှမ်ရွှမ်က ‘အထွဋ်အထိပ်ယင် မရီဒန်အားဖြည့်ကျမ်း’ ဟု ပြောဆိုရန် ပြင်ဆင်လိုက်သော်လည်း လီထုန်ယာက သူ့အား တစ်ချက် စိုက်ကြည့်လိုက်သဖြင့် စကားလုံးများ ဖြတ်တောက်သွားခဲ့ရသည်။ လီရွှမ်ရွှမ်က ချက်ချင်းပင် နားလည်သွားခဲ့ကာ စကားလုံးများ ထစ်ငေါ့သွားပြီး မိမိ စကားမှားသွားကြောင်း သိရှိလိုက်ရသဖြင့် ကပျာကယာပင် ပြင်ကာပြောလိုက်တော့သည်။

“ကျင့်ကြံခြင်းအရှိန်က ကျွန်တော်တို့မိသားစုက ကျင့်စဉ်နဲ့ နှိုင်းယှဉ်လိုက်ရင် မိုးနဲ့မြေလို ကွာခြားလွန်းလှပါတယ်။ အခု ကျင့်ကြံခြင်းအမြင့်ဆုံးက ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်ရဲ့ ဒုတိယအဆင့်ဖြစ်တဲ့ အလင်းဆောင်နှင်းချက္ကရာပဲ ရှိသေးလို့ ကြီးကြီးမားမား အသုံးမဝင်လှပါဘူး။ ပုံမှန်အားဖြင့်တော့ ဝိညာဉ်စပါး စိုက်ပျိုးတာနဲ့ ဝူကျားပိုးကောင်တွေကို ကျွေးမွေးတာလောက်ပဲ လုပ်နိုင်တာပါ။”

လီထုန်ယာက ထိုစကားများကို နားထောင်ပြီးနောက် ခေါင်းညိတ်ပြလိုက်ပြီး စိတ်ထဲတွင် တိတ်တဆိတ် တွေးတောလိုက်မိသည်။

“ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်အတွက် ကျင့်စဉ်ကို ပိုပြီးကောင်းမွန်တဲ့ ကျင့်စဉ်နဲ့ အစားထိုးပေးဖို့လိုနေပြီ။ ဂမ္ဘီရပုလဲအဆောင်မျိုးစေ့က ခြောက်ခုပဲ ရှိတာမို့ အနှေးနဲ့အမြန် ပင်မမျိုးနွယ်ရဲ့ မျိုးဆက်တွေအတွက် လောက်ငှတော့မှာ မဟုတ်တော့ဘူး။ အဲဒီအချိန်ကျရင် သူတို့က ဒီလိုမျိုး သာမန်ကျင့်စဉ်တွေကိုပဲ ကျင့်ကြံနေရလိမ့်မယ်။”

လီရွှမ်ရွှမ်နှင့် လီရွှမ်လင်တို့ နှစ်ဦးသည် ထိုတောဝက်နတ်ဆိုး၏ တစ်ကိုယ်လုံးကို သေချာစွာ စီမံပြီးစီးသွားခဲ့ပြီဖြစ်၍ လူများကို ခေါ်ယူကာ ဆွဲထုတ်သွားခိုင်းလိုက်သည်။ ထိုအချိန်တွင် လီရှဲ့ဝမ်သည် လျိုမိသားစုမှ တစ်စုံတစ်ယောက်က လီထုန်ယာ၏ဘကြီး လျိုလင်ဖုန်းသည် ယနေ့ညတွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း အသိပေးလာကြောင်း လာရောက်သတင်းပို့ခဲ့သည်။

“ဟူး…”

လီမိသားစု၏ ရွှမ်မျိုးဆက် လူငယ်များက ထိုသတင်းကြောင့် များစွာ မတုန်လှုပ်ကြသော်လည်း လီထုန်ယာ၏ နှလုံးသားမှာမူ ဆစ်ခနဲ နာကျင်သွားခဲ့သည်။

နေ့ရက်များကို ရေတွက်ကြည့်သောအခါ သူကိုယ်တိုင်ပင်လျှင် အသက် ၄၀ ရှိခဲ့ပြီဖြစ်ကာ လျိုလင်ဖုန်းသည် မိမိထက် ၂၅ နှစ် ကြီးသည်ဖြစ်ရာ အသက် ၆၅ နှစ်အထိ ရှင်သန်ခဲ့ခြင်းဖြစ်ပြီး ထိုအရွယ်သည် ရွာထဲတွင် အသက်ရှည်သူအဖြစ် သတ်မှတ်နိုင်ပေသည်။

“အမေ့ကို ဒီအကြောင်းအသိမပေးပါနဲ့”

သူ့မိခင်ဖြစ်သူသည် ဤနှစ်ပိုင်းများအတွင်း ကျန်းမာရေး ချို့တဲ့လာခဲ့သည်။ လီမုထျန်း ကွယ်လွန်သွားပြီးနောက် ဝိဉာဉ်လွင့်ပြယ်သွားသည့်အလား ဖြစ်သွားခဲ့ကာ အမြဲတမ်း ဟိုဟိုဒီဒီ လျှောက်သွားနေတတ်ပြီး တစ်ခါတရံ ကြောင်အမ်းအမ်းဖြင့် မည်သည့်အရပ်သို့ ရောက်နေသည်ကိုပင် မသိတော့ပေ။ လီထုန်ယာသည် ဤသတင်းက သနားစရာကောင်းသော မိခင်ဖြစ်သူ၏ စိတ်ဒုက္ခကို ပိုမိုဆိုးရွားစေမည်ကို ကြောက်ရွံ့နေခဲ့သည်။

“ငါ တောင်အောက်ကို ဆင်းပြီး သွားကြည့်လိုက်ဦးမယ်။”

xxxxxxxxxx

ချန်တုန်းဟယ်သည် လီရှန်းဖျင် ရေးဆွဲပေးခဲ့သော ထိုလမ်းကြောင်းအတိုင်း တောက်လျှောက် သွားလာခဲ့သည်။ လမ်းတစ်လျှောက်တွင် မည်သည့် ယွဲ့တောင်တပ်အင်အားစုကြီးကိုမျှ မမြင်တွေ့ခဲ့ရဘဲ စောင့်ကြပ်နေကြသော စစ်သည်များပင် ဆုတ်ခွာသွားခဲ့ကြပြီ ဖြစ်သည်။

လမ်းခရီးတစ်လျှောက်လုံးတွင် နေရာအနှံ့ ရှိနေသော ရုပ်အလောင်းများနှင့် ထိုရုပ်အလောင်းများကို ဝါးမြိုနေကြသော လင်းတများနှင့် ခွေးအများသာ ရှိနေခဲ့ပြီး အခြားမည်သည့်အရာမျှ မရှိခဲ့ပေ။ ပက်ကြားအက်နေသော မြေပြင်ကျယ်ကြီးထက်တွင် မည်သည့်ရေအရင်းအမြစ်မျှ မရှိဘဲ ခြောက်သွေ့နေသော မြစ်ကြမ်းပြင်ထက်၌သာ ရေအိုင်ငယ် အနည်းငယ် ကျန်ရှိနေခဲ့တော့သည်။

သူတို့လူအုပ်ကြီးသည် စိတ်ပျက်ဝမ်းနည်းမှုများဖြင့် လျှောက်လှမ်းနေခဲ့ကြပြီး သူတို့၏ တစ်ခုတည်းသောအဖော်မှာ တိုးညှင်းလှသော ငိုရှိုက်သံများသာဖြစ်သည်။

ထိုအချိန်က ထွက်ခွာသွားခဲ့သော လူပေါင်းတစ်ထောင်အနက် ရာဂဏန်းမျှသာဖြစ်သော လူနှစ်ရာကျော်သာ ပြန်လည်ရောက်ရှိလာခဲ့သည်။ ၎င်းတို့သည် ရန်သူများအား ဆယ်ဆမကသော သေကျေပျက်စီးမှုများနှင့် အဆပေါင်းရာချီသော ပဋိပက္ခများကို ဖြစ်ပေါ်စေခဲ့သော်လည်း ပြန်လည်ရောက်ရှိလာသူများမှာမူ တစ်ကိုယ်လုံးအနှံ့ ဒဏ်ရာများဖြင့် ပြည့်နှက်နေဆဲဖြစ်ကာ မျက်နှာတစ်ခုလုံးတွင် ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေကြသည်။

ချန်တုန်းဟယ်သည် ဘေးနားရှိ ထမ်းစင်ပေါ်တွင် ကွေးကွေးလေး လဲလျောင်းနေသော လီယဲ့ရှန့်ကို တစ်ချက် လှမ်းကြည့်လိုက်မိသည်။ သူသည် ခါးရိုးကျိုးသွားခဲ့ပြီး သုံးရက်တိုင်တိုင် သတိလစ်မေ့မြောနေခဲ့သည်။ နောက်ဆုံးတွင် သူ၏မျက်လုံးများကို ခပ်ဖြည်းဖြည်း ဖွင့်လိုက်သည်ကို မြင်လိုက်ရပြီး တိုးညှင်းသော လေသံဖြင့် ချန်တုန်းဟယ်ကို မေးလိုက်သည်။

“မိသားစုခေါင်းဆောင် ဘယ်မှာလဲ”

“အရှေ့မှာ ရှိပါတယ်။”

ချန်တုန်းဟယ်က ဖြစ်ညှစ်ပြုံးလိုက်ကာ ပြန်ဖြေလိုက်သည်။ လီယဲ့ရှန့်က ပြုံးကာ မျက်လုံးပြန်မှိတ်သွားသည်ကို မြင်တွေ့ရသဖြင့် ချန်တုန်းဟယ်၏ ရင်ထဲတွင် ဆစ်ခနဲ နာကျင်သွားခဲ့ရသည်။ သို့သော် သူသည် လီယဲ့ရှန့်၏ မျက်လုံးထောင့်မှ မျက်ရည်တစ်စက် ကျဆင်းလာသည်ကို တွေ့ရှိလိုက်ရသဖြင့် ရှိုက်ကြီးတငင်ဖြင့် ပြောလိုက်သည်။

“ဦးလေးယဲ့ရှန့်၊ ဦးလေးကို ဖုံးကွယ်ထားလို့ မရမှန်း ကျွန်တော် သိပါတယ်။”

လီယဲ့ရှန့်က မျက်လုံးကို တင်းတင်းကြပ်ကြပ် ပိတ်ထားရင်း ညင်သာစွာ မေးမြန်းလိုက်သည်။

“ဘယ်လို သေဆုံးခဲ့တာလဲ။”

“ကျိန်စာနဲ့ အသတ်ခံလိုက်ရတာပါ။”

ချန်တုန်းဟယ်က မျက်ရည်များကို ထိန်းချုပ်ရန်ကြိုးစားရင်း ပြန်ဖြေလိုက်သည်။ လီယဲ့ရှန့်သည် သက်ပြင်းအရှည်ကြီးတစ်ချက်ကို လေးလေးပင်ပင် ချလိုက်ပြီး သူ၏မျက်လုံးထောင့်မှ မျက်ရည်များ ထပ်မံ ကျဆင်းလာခဲ့ပြန်သည်။

လီယဲ့ရှန့်သည် လီရှန်းဖျင်ကဲ့သို့သော အင်အားကြီးမားလှသည့် လူတစ်ယောက် ထိုမျှလွယ်လွယ်ကူကူဖြင့် အဆုံးသတ်သွားခဲ့ရခြင်းအတွက် ဝမ်းနည်းပူဆွေးမိသလို သူ၏ လုံးဝဥဿုံ ကွယ်ပျောက်သွားခဲ့ပြီဖြစ်သော အာဏာနှင့် အဆင့်အတန်းအတွက်လည်း ဝမ်းနည်းပူဆွေးနေမိသည်။ လီရှန်းဖျင်နှင့် ရှိခဲ့သော သံယောဇဉ်ပိုင်းကို ပြောရလျှင်မူ လီယဲ့ရှန့်၏ စိတ်ထဲတွင် မြေပြင်ပေါ်သို့ ဖိတ်စင်ပြန့်ကျဲသွားခဲ့ပြီဖြစ်သော ပျစ်နှစ်နေသော ဖက်ထုပ်စွပ်ပြုတ်တစ်ခွက်ပမာ အလွန်အမင်း ရှုပ်ထွေးနေခဲ့တော့သည်။

“အစ်ကိုရှန်းဖျင်၊ အစ်ကိုနဲ့ကျွန်တော်က တကယ်တော့ လူစားတစ်မျိုးတည်းပါပဲ။”

လီယဲ့ရှန့်သည် လီရှန်းဖျင်အကြောင်းကို လီရှန်းဖျင်ကိုယ်တိုင်ထက်ပင် ပိုမို၍ နားလည်ထားသူ ဖြစ်သည်။

သူ့အသက် ၁၅ နှစ်အရွယ်တုန်းက ကျောက်တုံးပြာပေါ်ရှိ သွေးများသည် အစ်ကိုဖြစ်သူ လီယဲ့ချန်၏ သွေးများဖြစ်ကြောင်း သိရှိထားသလို ထိုနှစ်က လီရှန်းဖျင်၏ မျက်ဝန်းအတွင်းရှိ အပြစ်ရှိစိတ်များက မည်သည်ကို ဆိုလိုသည်ကိုလည်း ကောင်းစွာ သိရှိထားခဲ့ပေသည်။ လီယဲ့ရှန့်သည် စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သိရှိထားသော်လည်း မသိချင်ယောင်ဆောင်နေခဲ့ခြင်း ဖြစ်သည်။

အမှန်တိုင်းဆိုရလျှင် လီယဲ့ရှန့်သည် အသက် ၁၂ နှစ်အရွယ်တုန်းက အစ်ကိုဖြစ်သူ၏ ရိုက်နှက်ဆဲဆိုခြင်းနှင့် နှောင့်ယှက်စော်ကားခြင်းကို အမြဲတမ်း ခံခဲ့ရသည်။ သူသည် အံကြိတ်ကာ ရေတွက်ကြည့်သောအခါ လီကျင်းရွာတွင် ဓားသုံးချောင်း ရှိပြီး အကြီးတစ်ချောင်းနှင့် အငယ်နှစ်ချောင်း ဖြစ်သည်ကို သူသိရှိခဲ့သည်။ အစ်ကိုဖြစ်သူ လီယဲ့ချန်၏ လက်မှ ရုန်းထွက်ချင်လျှင် ၎င်းတို့အား ပဋိပက္ခဖြစ်ပွားအောင် တွန်းပို့ရပေမည်။

ဤသို့ဖြင့် လီယဲ့ချန်၏ နားထဲတွင် လီမုထျန်းမိသားစု၏ ကောလဟာလများကို အမြဲတမ်း ကြားနေရအောင် ပြုလုပ်ခဲ့သည်။ လီယဲ့ရှန့်သည် ရေခဲပြင်ပါးပါးလေးပေါ်တွင် လျှောက်လှမ်းနေရသည့်အလား သတိကြီးစွာဖြင့် သုံးနှစ်တိုင်တိုင် သွယ်ဝိုက်၍ တွန်းအားပေးခဲ့ကာ နောက်ဆုံးတွင် သူ့အား အဆုံးသတ်နိုင်ခဲ့သည်။

လီယဲ့ရှန့်သည် မူလက လီမုထျန်းက လှုပ်ရှားလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော်လည်း မထင်မှတ်ဖွယ်ကောင်းစွာပင် လီရှန်းဖျင်ဟူသော ဓားသွားကို အသုံးချမိသွားခဲ့သည်။ ဤသို့ဖြင့် လီယဲ့ရှန့်သည် သူ့အတွက် တစ်ဘဝလုံး သစ္စာရှိသော လက်ပါးစေအဖြစ် ဆောင်ရွက်ပေးခဲ့သည်။ သို့သော် လီရှန်းဖျင်က သူ၏ရှေ့မှောက်တွင် သေဆုံးသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ရာ ၎င်းက သူ့အား အဆမတန် နာကျင်မှုကို ခံစားရစေခဲ့တော့သည်။

“အစ်ကိုရှန်းဖျင် နောက်ဘဝကျရင် ကျွန်တော် အစ်ကိုနဲ့ ညီအစ်ကိုအရင်းအချာတွေ ဖြစ်ချင်ပါတယ်။ အစ်ကိုထုန်ယာကောလိုမျိုး ကောင်းမွန်ပြီး အစ်ကိုချန်းဟူလိုမျိုး ရင်းနှီးတဲ့ ညီအစ်ကိုမျိုးပေါ့။”

လီယဲ့ရှန့်က တိုးညှင်းစွာ ရေရွတ်လိုက်ပြီး ခက်ခက်ခဲခဲဖြင့် လက်ကို အနည်းငယ်မြှောက်ကာ ခါးကြားရှိ အဆိပ်ပုလင်းကို လှမ်းယူလိုက်သည်။

၎င်းသည် ယွဲ့တောင်သားများ၏ လက်ထဲသို့ ကျရောက်သွားပါက နှိပ်စက်ညှဉ်းပန်းခံရမည်ကို ကြိုတင်ကာကွယ်ရန်အတွက် သူပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်။ ၎င်း၏ အရသာက မည်သို့ရှိသည် ဆိုသည်ကိုပင် သူ ယခုအချိန်အထိ မသိသေးချေ။

“အသက်ရှင်နေခဲ့ရင်တောင် ဒီအိုမင်းမစွမ်းတော့တဲ့ ခန္ဓာကိုယ်ကြီးကို ဖက်တွယ်နေရုံပဲရှိမှာ။ ရှဲ့ဝမ်ကလည်း ကြီးပြင်းနေခဲ့ပြီဖြစ်သလို ရွှမ်ရွှမ်နဲ့လည်း ရင်းနှီးတာမို့ မိဘတစ်ယောက်အနေနဲ့ ဒီမျှလောက် စီမံပေးနိုင်ခဲ့ရင်ပဲ လုံလောက်ပါပြီလေ။”

လီယဲ့ရှန့်သည် လက်ကို ခဲခဲယဉ်းယဉ်းမြှောက်လိုက်ပြီး ကြည်လင်အေးမြသော အရည်များ ပါးစပ်အတွင်းသို့ ဖြည်းဖြည်းချင်း စီးဝင်သွားသည်ကို ခံစားလိုက်ရသည်။ ခဏအတွင်းမှာပင် ပါးစပ်တစ်ခုလုံး ထုံကျင်သွားခဲ့ရသည်။ သူသည် တဖြည်းဖြည်းချင်း လူးလွန့်ကာ တစ်ခေါင်းလုံးရှိ ဆံပင်ဖြူများမှာ ထမ်းစင်ပေါ်တွင် ပြန့်ကျဲလျက် ယိမ်းထိုးနေခဲ့တော့သည်။

“တောက်... ခါးလိုက်တာကွာ။”

သူသည် ဘဝ၏ နောက်ဆုံးအချိန်၌ မကျေမနပ်ဖြင့် တွေးတောလိုက်မိတော့သည်။

All Chapters