← Chapters

ဒဏ်ရာရသွားစေခြင်း

Vol. 97 Ch. 1331

ဒဏ်ရာရသွားစေခြင်း

Vol. 97 Ch. 1331

လက်သီးချက်တစ်ရာ။

သည်လောကတွင် ဤလက်သီးချက်များကို ခုခံနိုင်သောအား မရှိသည့်ပုံ ရ၏။ ဝမ်လင်းသည် သူ့အသက်ကို အသုံးပြုကာ ဤလက်သီးချက်များကို ပစ်သွင်းလိုက်ခြင်းပင်။

ထိုလက်သီးချက်တစ်ရာတွင် ဝမ်လင်း၏အသက်ဓာတ်အားလုံး ပါဝင်နေ၏။ သူ့နှစ်ပေါင်းနှစ်ထောင်ကျင့်ကြံမှု ပါဝင်၏။ သူ့မူလစွမ်းအင်များ ပါဝင်၏။ သံဓားမှ ရရှိခဲ့သော ဆန်းကြယ်သောသွေးတို့ ပါဝင်၏။

ဤတိုက်ချက်သည် ဝမ်လင်းဘဝ၏ အထွတ်အထိပ်အဖြစ်ဆုံး တိုက်ခိုက်မှု၊ အသန်မာဆုံး တိုက်ခိုက်မှု ဖြစ်၏။ လက်သီးချက်တစ်ရာမှာ ဝမ်လင်းဖြစ်သည်ဟူ၍ပင် ဆိုနိုင်သည်။ ယင်းလက်သီးချက်များသည် တာအိုပညာရှင်ရေထံသို့ တိုးဝင်သွားကြပြီ ဖြစ်၏။

တာအိုပညာရှင်ရေ၏မျက်လုံးက အလေးအနက် ဖြစ်လာကာ မယုံကြည်နိုင်မှုတို့ ဖြစ်ပေါ်၏။ သူသည် သူ တွေ့မြင်ရသည့်အရာကို မယုံကြည်နိုင် ဖြစ်ရသည်။ သူ့ရှေ့ရှိ ပုရွတ်ဆိတ်က အသက်ဓာတ်အားလုံး အသုံးပြုကာ လက်သီးချက်တစ်ရာကို ထုတ်ဖော်ခဲ့ပေပြီ။

ယင်းမှာ သာမန်လက်သီးချက်များ မဟုတ်၊ သူ့ဖြစ်တည်မှုအနှစ်သာရဖြင့် ဖန်တီးထားခြင်းပင်။ သည်လက်သီးချက်တို့က တာအိုပညာရှင်ရေကို အားကောင်းသောအန္တရာယ်အာရုံအား ခံစားမိစေသည်။

သူသာ သူ့စွမ်းအားအားလုံးကို ခုနစ်ရောင်စုံလက်သည်းကို ခုခံဖို့ အသုံးပြုထားခြင်း မရှိပါက အန္တရာယ် ရှိနိုင်လိမ့်မည် မဟုတ်ပါ။ တကယ်တော့ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားသည် စိတ်ကူးကြည့်ဖို့ပင် ခက်ခဲလွန်းသည်။ သို့ရာတွင် ခုချိန်၌ သည်လက်သီးချက်တစ်ရာသည် တာအိုပညာရှင်ရေကို ကြီးစွာ တုန်လှုပ်စေသည်။

တုန်ဟည်းသံများသည် အဆုံးမဲ့မုန်တိုင်းတစ်ခုအဖြစ် ပြောင်းကာ တာအိုပညာရှင်ရေထံသို့ ရိုက်ခတ်လာ၏။

တာအိုပညာရှင်ရေ၏ မျက်လုံးသည် လက်ခနဲ ဖြစ်ကာ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေပြီး ရှေ့သို့ လက်ညွှန်သည်။ ဧရာမဝဲကတော့တစ်ခု သူ့ရင်ဘက်ရှေ့တွင် ပေါ်လာ၏။ ၎င်း ပေါ်လာချိန်တွင် ၎င်းသည် ဧရာမပါးစပ်ကြီးတစ်ခုကဲ့သို့ ဝါးမြိုပစ်ရန် အဆင့်သင့်ဖြစ်ဟန်ဖြင့် ထိုးထွက်လာ၏။

“ကောင်းကင်နဲ့မြေကြီးဟာ အဆုံးမရှိ၊ ရေတာအိုဝါးမြိုခြင်းမန္တာန်…” တာအိုပညာရှင်ရေသည် မာန်သွင်း၏။ ဝဲကတော့ကြီးတစ်ခုသည် သူ့ရှေ့ရှိ အရာအားလုံးကို စတင် ဝါးမြိုသည်။

မိုးကြိုးတုန်ဟည်းသံတို့ ပဲ့တင်ထပ်၏။ အဆုံးမဲ့ တုန်ဟည်းသံတို့သည် အဆင့်ခြောက်ဒေသကိုပင် ပျက်စီးလုနီးပါး ဖြစ်စေသည်။ ကြယ်မြူများအတွင်း၌ ဧရာမတွင်းပေါက်ကြီးတစ်ခု ပေါ်လာသည့်အလား ကြယ်မြူများပါ ကင်းစင်ကုန်၏။

မည်ဟိန်းမှုများ တုန်ခါနေစဉ် ဝမ်လင်း၏ခန္ဓာကိုယ်မှာ သွေးအလိမ်းလိမ်း ဖုံးနေ၏။ သူ့နှလုံးခုန်သံသည်ပင် အားနည်းသွားပြီး ရုတ်တရက် တစစီ ပျက်စီးသည်။ သူ့မျက်လုံးထဲတွင်လည်း အလင်းဓာတ် မရှိလုနီးပါးပင်။

လက်သီးချက်တစ်ရာထံမှ ပျက်စီးမှုစွမ်းအားသည် အရာအားလုံးကို ဖျက်စီးပစ်နိုင်ရန် လုံလောက်အောင် သန်မာသည်။ ကောင်းကင်ဘုံဒုက္ခအဆင့်ရှိ ကျင့်ကြံသူများပင် ထိုလက်သီးချက်များကြောင့် သေဆုံးသွားနိုင်သည်။ တုန်ခါလှိုင်းသည် အဘက်ဘက်သို့ ပျံ့နှံ့ကာ တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းတစ်ခွင် ခြုံလွှမ်းသည်။

ထိုတုန်ခါလှိုင်းများ ပျံ့နှံ့လာရာ ကြယ်မြူများအားလုံး ပျက်စီး၏။ ကြမ်းကြုတ်သောသားရဲများ သေဆုံး၏။ အရိုင်းကုန်းမြေများစွာ ပျက်စီးသည်။ အဆင့်ခြောက်ဒေသသည်ပင် ထိုကဲ့သို့သော ကံကြမ္မာကို ခံစားလိုက်ရသည်။

တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းတွင် ဧရာမတွင်းပေါက်ကြီးတစ်ခု ပေါ်လာသကဲ့သို့ပင်။ ထိုတွင်းနက်ထဲမှ လေပြင်းများ ထွက်ပေါ်ကာ ကြောက်မက်ဖွယ်နတ်ဆိုးတစ်ကောင်သည် တွားသွားထွက်လာတော့မည့်အလား။

သည် ဖိသိပ်မှုနှင့် တုန်ခါလှိုင်းများအောက်တွင် တာအိုပညာရှင်ရေ၏ ပတ်လည်တွင် တစီစီအသံများ ဖြစ်ပေါ်၏။ သူ့လက်ကို ဆက်လက် ရွှေ့လျားစေကာ နောက်သို့ သူ အမြန်ဆုတ်နေ၏။ ရေဝဲကတော့သည် နောက်သို့ ပြန်ကန်ကာ ချက်ခြင်း သူ့ခန္ဓာကိုယ်ထဲ ပြန်ဝင်ရောက်သွားသည်။

တာအိုပညာရှင်ရေ၏ အဝတ်အစားများ စုတ်ပြဲသပ်ကုန်ကာ အစိတ်စိတ်အမွှာမွှာ ဖြစ်၏။ သူ့ဆံပင်များပင် လွင့်ကြဲကုန်သည်။ သူ့မျက်နှာသည် ဖြူရောကာ သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျ၏။ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်သည် အမှန်တကယ် ဒဏ်ရာ ရသွားခဲ့ပေပြီ။

“ငါ မင်းကို လျှော့တွက်ခဲ့မိတယ်…” တာအိုပညာရှင်ရေ ဒဏ်ရာ ရသွားခဲ့ပြီ။ သူသည် ခုနစ်ရောင်စုံလက်သည်းကို ထပ်မံ မဖိနှိပ်ထားနိုင်တော့ပေ။ ခုနစ်ရောင်စုံလက်သည်းသည် တောက်ပကာ နောက်တစ်ဖန် သုံးလက်မခန့် တူးဆွကာ သူ့ဦးခေါင်းခွံကို ချိုးဖျက်၏။

ပြင်းထန်သောနာကျင်မှု သူ့ခန္ဓာကိုယ်ပေါ်တွင် ရိုက်ခတ်ကာ တာအိုပညာရှင်ရေသည် သွေးအန်လိုက်ရ၏။ သူ့သွေးများသည် မရေမတွက်နိုင်သောစာလုံးများအဖြစ် ပြောင်း၏။ ထိုစာလုံးများက ချိပ်ပိတ်မှုများအဖြစ် ထပ်မံ ပြောင်းလဲကာ လက်သည်းကို ချိပ်ပိတ်သည်။

“ကောင်းတယ်…ကောင်းတယ်…။ မင်းလို ပုရွတ်ဆိတ်တစ်ကောင်က ငါ့ကို ဒဏ်ရာ ရစေခဲ့တယ်။ ငါဟာ ခုနစ်ရောင်စုံနတ်ဘုရားလေဟာနယ်လက်သည်းကို ခုခံနေတာကြောင့် ဆိုရင်တောင် မင်းက လောကကို တုန်လှုပ်စေနိုင်ခဲ့ပြီ။ နောက်ဘဝမှာ မင်း ရယ်မောနိုင်ပြီ…” တာအိုပညာရှင်ရေသည် သူ့ပါးစပ်ထောင့်မှ သွေးများကို သုတ်၏။ ထို့နောက် သူ့မျက်လုံးထဲတွင် မွန်းစတားဆန်သော‌ သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်လာသည်။ သူက ဝမ်လင်းထံ ခြေတစ်လှမ်း လှမ်းကာ သူ့ညာလက်ကို ပင့်မြှောက်သည်။ သူ့ညာလက်သည် ချက်ခြင်းပင် ကောင်းကင်ကို ဖုံးလွှမ်းကာ ဝမ်လင်းထံ သက်ဆင်းလာသည်။

“မင်း အခု သေနိုင်ပြီ။ မင်း ပြန်မွေးဖွားလာခဲ့မယ်ဆိုရင်တောင် ငါ မင်းကို ထပ်သတ်မယ်…။ လွတ်လပ်သောပြန်လည်မွေးဖွားခြင်းတာအို…။ ဒီအဘိုးအိုက မင်းကို ပြန်လည်မွေးဖွားခြင်းစက်ဝန်းတစ်ရာတိတိ အ‌သေ သတ်မယ်။ ငါ မင်း ဘယ်လိုမျိုး ပြန်မွေးဖွားလာမလဲ မြင်ချင်မိတယ်…”

တာအိုပညာရှင်ရေ၏အသံသည် အေးစက်စက်လေပြင်းကဲ့သို့ ရှိ၏။ သူ့ ညာလက်ကို ဝေ့ယမ်းလိုက်စဉ် သူသည် လောကရှိ ပြန်လည်မွေးဖွားခြင်းဥပဒေသအားလုံးကို ဆွဲနှုတ်ယူကာ သူ့ကိုယ်ပိုင် ပြန်လည်မွေးဖွားခြင်းစက်ဝန်းတစ်ခုကို ဖြစ်ပေါ်စေသည်ဟု ထင်မှတ်ရသည်။ သူ့လက်လှုပ်ရှားနေရင်း ဧရာမစက်ဝန်းဘီးတစ်ခု ပေါ်လာ၏။

ဝမ်လင်းသာ ထိုစက်ဝန်းဘီးနှင့် ရိုက်ချခြင်း ခံလိုက်ရသည်နှင့် သူသည် အကြိမ်တစ်ရာ ဖျက်စီးခံရကာ ရှင်သန်နိုင်ရန် အခွင့်အရေး လုံးဝ ရှိတော့မည် မဟုတ်ပေ။

ဤအခိုက်အတန့်တွင် လေပြင်းတစ်ခုသည် လောကရှိ ဤတိုက်ပွဲနေရာရှိ အရာအားလုံးကို စုတ်ဖြဲကာ ရောက်ရှိလာသည်။

“ကျေးကျွန်တာအိုပညာရှင်ရေ။ မင်း သူ့ကို သတ်ခဲ့ရင် ငါ မင်းကို သတ်မယ်…” ရှေးဟောင်းအသံတစ်ခု လေဟာနယ်အတွင်းကနေ ထွက်ပေါ်လာကာ တိုက်ပွဲကွင်းပြင်တွင် ပဲ့တင်ထပ်သည်။ တာအိုပညာရှင်ရေ၏ ခန္ဓာကိုယ်သည် ရုတ်တရက် ရပ်တန့်သွား၏။

သူသည် သူ့ ဘေးပတ်လည်ရှိ လေဟာနယ်ကို ရုတ်တရက် ကြည့်လိုက်သည်။ သူ့အမူအရာမှာ သုန်မှုန်သွား၏။

“ရောင်းရင်းအိုကြီး…မင်းက ငါ့ကို ရပ်တန့်စေချင်တာလား။ မင်းတောင် ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရဲ့ ကျောက်တုံးအဖြစ် ချိပ်ပိတ်ထားခြင်း ခံထားရတာ။ သူတို့က မင်းကို နှစ်ပေါင်းတစ်သိန်းလောက် ပိတ်လှောင်ထားပြီး အံ့ဖွယ်ရတနာတစ်ခုအဖြစ် သန့်စင်မွန်းမံ ပစ်မှာ။ ခုချိန်မှာ မင်းဟာ ပြင်ပနယ်မြေရဲ့ ခြင်သားရဲတွေရဲ့ စွမ်းအားကို ငှားယမ်းပြီး ရှင်သန်နေရတာ။ ဒါတောင် မင်းက ဝင်စွက်ဖက်ချင်သေးတာလား။ မင်း ငါ့ကို ရပ်တန့်စေချင်တာလား။ မင်းမှာ အဲ့လိုလုပ်ဖို့ အရည်အချင်းရော ပြည့်မှီရဲ့လား…”

တာအိုပညာရှင်ရေသည် အေးစက်စက်နှာခေါင်းရှုံ့၏။ သူသည် ထပ်မံ တွေဝေမနေတော့ဘဲ သူ့ညာလက်ဖြင့် ဝမ်လင်းထံသို့ ရိုက်ချလိုက်တော့သည်။

သို့ရာတွင် ဤအခိုက်အတန့်တွင် လေပြင်းသည် ဧရာမလက်ကြီးအဖြစ် ပြောင်းလဲကာ ထွက်ပေါ်လာသော ပြန်လည်မွေးဖွားခြင်းစက်ဝန်းထံသို့ ရောက်ရှိသွားသည်။

“ဂျူနီယာကျေးကျွန်။ အတိတ်တုန်းက မင်းဟာ ချိပ်ပိတ်နယ်မြေအရှင်ရဲ့ ကျွန်တစ်ယောက်သာ ဖြစ်ခဲ့ပြီး ဒီအဘိုးအိုကို အလွန်လေးစားခဲ့ရတယ်။ အခု မင်းက တတိယအဆင့်ကို ဝင်ရောက်လာခဲ့ပြီဆိုပေမဲ့ မင်းက မောက်မာလွန်းလာတယ်။ မကောင်းဆိုးဝါး ရှေးဟောင်းကောင်းကင်ဘုံသားတွေတောင် ငါ့ကို မသတ်နိုင်ခဲ့ဘူး။ သူတို့က ငါ့ကို သန့်စင်နိုင်ဖို့ နှစ်ပေါင်းတစ်သိန်းလောက်သာ ချိပ်ပိတ်နိုင်ခဲ့ကြတယ်။ မင်းကတော့ ကျွန်တစ်ယောက်ပါပဲ။ ရေတွင်းထဲက ဖားတစ်ကောင်သာသာပဲ…”

ရှေးဟောင်းအသံသည် တည်ငြိမ်၏။ လေပြင်းလက်ကြီးသည် စက်ဝန်းဘီးကို ဖမ်းဆုပ်ကာ ရုတ်တရက် ဆွဲယူ၏။ စူးရှရှဟိန်းသံများ ရုတ်တရက် ပဲ့တင်ထပ်၏။

တာအိုပညာရှင်ရေ၏ အမူအရာသည် ပြောင်းလဲသွား၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ ထို့နောက် သူက လက်ညွှန်ကာ အော်ပြောလိုက်၏။ “ရပ်တန့်ခြင်းမန္တာန်…”

သူ ထိုသို့ အော်ဟစ်လိုက်ချိန်တွင် လေပြင်းမှ ဖြစ်ပေါ်သောလက်ကြီးမှာ တဒင်္ဂ ရပ်တန့်သွား၏။ ယင်းက တစ်ခဏသာ ကြာမြင့်၏။ ထို့နောက် တစီစီအသံများ ဖြစ်ပေါ်ကာ ချိုးဖျက်လာပြီး စက်ဝန်းဘီးကို ဖမ်းဆုပ်ကာ ကြမ်းတမ်းစွာ ညှစ်ချေပစ်သည်။

စက်ဝန်းဘီးသည် ပျက်စီးကာ လွင့်ပျောက်သွား၏။

တာအိုပညာရှင်ရေ၏မျက်လုံးသူငယ်အိမ်မှာ အပြင်းအထန် ကြုံ့သွား၏။ သူက အံ့အားတသင့် ဆိုသည်။ “မဖြစ်နိုင်ဘူး။ သင် ချိပ်ပိတ်ခံထားရတာ သိသာနေတာပဲ။ သင်က ဘယ်လိုလုပ် ရပ်တန့်ခြင်းမန္တာန်ကို ခုခံနိုင်ရတာလဲ။ သင် ပြင်ပကြယ်အဖွဲ့အစည်းက မူလရင်းမြစ်ကို စုပ်ယူခဲ့တာ ငါ သိတယ်။ သင်…သင်ဟာ ပြင်ပကြယ်အဖွဲ့အစည်းရဲ့ စွမ်းအားကိုလည်း စုပ်ယူနိုင်ခဲ့တာပဲ…”

“မင်းမှာ ဉာဏ်တော့ နည်းနည်း ရှိသေးသားပဲ…” ရှေးဟောင်းအသံသည် အေးစက်စက်နှာခေါင်းရှုံ့၏။ လေပြင်းလက်ကြီးသည် တာအိုပညာရှင်ရေထံသို့ လှမ်းလာသည်။

တာအိုပညာရှင်ရေသည် သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ အော်ဟစ်ပြီး သူ့ရင်ဘက်ကိုယ်သူ ညွှန်သည်။ သူ့ကျင့်ကြံမှုအဆင့်သည် ရုတ်တရက် ပေါက်ကွဲထွက်လာ၏။ ဧရာမကျင့်ကြံခြင်းဂြိုဟ်တစ်လုံး သူ့နောက်တွင် ပေါ်လာသည်။

ထိုကျင့်ကြံခြင်းဂြိုဟ်တွင် သိပ်သည်းသောမူလစွမ်းအင် ပါဝင်ကာ ပြင်းထန်သောအသက်ဓာတ်တို့ကို ပေးစွမ်း၏။ ယင်းအသက်ဓာတ်သည် ကြယ်ငါးလုံးရှေးဟောင်းနတ်ဘုရားတစ်ပါး၏ အသက်ဓာတ်နှင့်ပင် ယှဉ်နိုင်သည်။

ထိုကျင့်ကြံခြင်းဂြိုဟ်ထံမှ ခပ်တိုးတိုး၊ခပ်အုပ်အုပ်အသံများ ထွက်ပေါ်လာသည်။ ထိုခပ်အုပ်အုပ်အသံများသည် ထူးဆန်းသောစွမ်းအင်အဖြစ် တာအိုပညာရှင်ရေ၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သည်။ သူ့မျက်လုံးမှာ လက်ခနဲ ဖြစ်၏။ သူသည် မာန်သွင်းလိုက်သည်။ “ယင်နဲ့ယန်တပည့်ပေါင်းနှစ်ဘီလီယံ…။ ယား…ယား…ယား…”

တာအိုပညာရှင်ရေသည် ကောင်းကင်ထက်သို့ ညွှန်၏။ ထို့နောက် သူသည် သူ့ထံ တိုးဝင်လာသော လက်ကြီးထံသို့ သုံးကြိမ်တိုင်တိုင် လက်ညွှန်လိုက်သည်။ သူ လက်ညွှန်လိုက်တိုင်း သူ့နောက်ရှိ ဧရာမကျင့်ကြံခြင်းဂြိုဟ်မှာ တုန်ယင်သွား၏။ ကျင့်ကြံခြင်းဂြိုဟ်တစ်လုံး၏အရိပ် ပေါ်လာကာ တာအိုပညာရှင်ရေထံသို့ ဝင်ရောက်လာသော လက်ထံသို့ ပျံသန်းဝင်လာသည်။

သူ့လက်ကို သုံးကြိမ်တိုင်တိုင် ညွှန်လိုက်ချိန်တွင် ကျင့်ကြံခြင်းဂြိုဟ်သုံးခု၏အရိပ်သည် လေပြင်းလက်ထံ တိုးဝင်၏။ တုန်လှုပ်ဖွယ်ဖိအားတစ်ခုသည် လေဟာနယ်အတွင်းမှ ဆင်းသက်လာသည်။

“မင်းရဲ့ ခန္ဓာကိုယ်လိုပဲ ဒီယင်နဲ့ယန်တပည့်ပေါင်းနှစ်ဘီလီယံဟာ ယောက်ျားမဟုတ်၊မိန်းမမဟုတ်နဲ့ အမှိုက်သာသာပဲ…” ရှေးဟောင်းအသံသည် နှာခေါင်းရှုံ့၏။ လေပြင်းလက်သည် ရပ်တန့်မသွားပေ။ ရှေ့တိုးဝင်လာသည်။

ဝုန်း…ဝုန်း…ဝုန်း…။ ပြင်းထန်သောပေါက်ကွဲမှုများ ပဲ့တင်ထပ်သည်။

ကျင့်ကြံခြင်းဂြိုဟ်အရိပ်သုံးခုသည် အဖျက်အစီးအားတစ်ခု ပေါက်ကွဲထွက်ကာ လေပြင်းလက်ထံ တဟုန်ထိုး ဝင်ရောက်၏။ ထိုလက်သည် ယင်းအဖျက်အစီးအားနှင့် ထိပ်တိုက်တွေ့သည်။

မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ လေပြင်းလက်မှာ လွင့်ပျောက်သွားခြင်း မရှိပေ။ သို့သော် ၎င်းက အပြင်းအထန် ပျက်စီးသွား၏။ ယင်းလက်သည် တာအိုပညာရှင်ရေထံ တရကြမ်း တိုးဝင်ကာ သူ့မျက်ခုံးနှစ်ခုကြားသို့ ဖိနှိပ်သည်။

“လူအိုကြီး…။ သင်ဟာ မဆိုင်ဘဲ ဝင်ရှုပ်နေတာပဲ။ သင့်ရဲ့ မူလခန္ဓာကိုယ်နဲ့ သင် ရောက်မလာနိုင်ခဲ့ပါဘူး။ ဒါဟာ သင့်ကိုယ်ပွားသာ ဖြစ်တယ်။ ငါ့အတွက် သေလိုက်တော့…သေလိုက်တော့…သေလိုက်တော့…”

တာအိုပညာရှင်၏ ညာလက်သည် ဆန့်ထွက်လာ၏။ သူသည် ဧရာမကျင့်ကြံခြင်းဂြိုဟ်ကို ဆွဲယူကာ ကြမ်းတမ်းစွာ ပစ်လွှတ်လိုက်သည်။

“ဒီအဘိုးအိုဟာ ရေတာအိုတပည့်ပေါင်းနှစ်ဘီလီယံကို စုဆောင်းခဲ့ပြီး ငါ့အတွက် ပူဇော်ခံစွမ်းအားမီးတောက်တစ်ခု ဖန်တီးဖို့အတွက် ဒီတပည့်တွေကို ပူဇော်စေခဲ့တယ်။ ဒီနေ့ ပူဇော်ခံစွမ်းအားမီးတောက် ဖန်တီးပြီး မင်းကို သတ်ဖို့အတွက် ရေတာအိုတပည့်ပေါင်းသန်းငါးရာကို ငါ ဖျက်စီးပစ်မယ်…။ ပြီးရင် မင်းရဲ့ ခန္ဓာကိုယ်အစစ်အမှန်ကို သတ်ဖို့အတွက် လေကောင်းကင်ဘုံနယ်မြေရှိ ငါ လာခဲ့မယ်…”

တာအိုပညာရှင်ရေသည် မာန်သွင်း၏။ ဧရာမကျင့်ကြံခြင်းဂြိုဟ်တစ်လုံးသည် သူ့ကြောင့် ကျဆင်းလာကာ ပျက်စီးထိခိုက်ထားသော လက်နှင့် ထိပ်တိုက်တွေ့သည်။

ကျယ်လောင်စွာ ပဲ့တင်ထပ်၏။ ကျင့်ကြံခြင်းဂြိုဟ် ကျဆင်းရိုက်ချလာချိန်တွင် ပြင်းထန်သောအားတစ်ခု ပေါ်လာ၏။ ထိုအားမှာ တတိယအဆင့်ကျင့်ကြံသူများအတွက် အထူးသီးသန့်စွမ်းအင်တစ်ခု ဖြစ်သည်။ ၎င်းကို ရေတာအိုတပည့်ပေါင်းသန်းငါးရာ၏ ပျက်စီးမှုကနေ ဖန်တီးလိုက်ခြင်းပင်။ ထိခိုက်ထားသော လေပြင်းလက်သည် ချက်ခြင်း ပျက်စီးသွားတော့၏။

မိုးကြိုးတုန်ဟည်းသံတို့ ပဲ့တင်ထပ်သည်။ ရှေးဟောင်းအသံသည် ခပ်အုပ်အုပ် ငြီးငြူလိုက်ရကာ ဒဏ်ရာ ရရှိသွားသည်။ သူ့အသံနှင့်လေပြင်းလက်တို့ ပျောက်ကွယ်သွားတော့၏။

“လူအိုကြီး…သင်က ငါ့ကို တားဆီးဖို့ လာခဲ့တယ်။ ဒီတော့ ဒီပုရွတ်ဆိတ်ဟာ သင့်အတွက် အရေးကြီးတယ်လို့ ဆိုလိုနေတာပဲ။ ဒီအဖြစ်က ငါ သူ့ကို ပိုသတ်ချင်အောင် စွပေးသလိုပဲ။ အခု သင့်ရဲ့ ကိုယ်ပွားလည်း ငါ့ရဲ့ ပူဇော်ခံစွမ်းအားမီးတောက်ကြောင့် သေဆုံးသွားခဲ့ပြီ။ အခု ဘယ်သူ ငါ့ကို တားနိုင်ဦးမှာလဲ…”

ခုနစ်ရောင်စုံလက်သည်းသည် တာအိုပညာရှင်ရေ၏ မျက်ခုံးနှစ်ခုကြားတွင် လှည့်ပတ်နေဆဲပင်။ သို့သော် သုံးလက်မထက်တော့ ပို၍ မထိုးဖောက်နိုင်တော့ပေ။ သို့ရာတွင် ထိုဝင်ရောက်သွားသော လက်သည်းအစိတ်အပိုင်းမှာ စတင် အရည်ပျော်လာကာ တာအိုပညာရှင်ရေကို ရူးသွပ်စေမည့် အရိပ်အယောင် ပြသလာသည်။

တာအိုပညာရှင်ရေသည် ရုတ်တရက် လှည့်ကာ ဝမ်လင်းထံ တိုးဝင်လာ၏။ သူ့လက်ချောင်းများကို ဖြန့်ကားကာ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် နီးကပ်လာသည်။

သို့ရာတွင် ထိုအခိုက်မှာ တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု ဖြစ်ပွားလာသည်။ ရုတ်တရက် တာအိုပညာရှင်ရေ၏မျက်ခုံးနှစ်ခုကြားတွင် လေပြင်းလက်ချောင်းတစ်ခု ပေါ်လာပြီး ခုနစ်ရောင်စုံလက်သည်းကို ဖိချလာ၏။

တာအိုပညာရှင်ရေ၏ အမူအရာမှာ ကြီးစွာ ပြောင်းလဲကာ သူ ရပ်တန့်လိုက်သည်။ သူ့ရှေ့တွင် ထိုလေပြင်းလက်ချောင်းကို တားဆီးနိုင်ရန် မရေမတွက်နိုင်သောအရိပ်များ ပေါ်လာ၏။ သူသည် နောက်သို့ အလျင်အမြန် ဆုတ်သည်။

“သင် ခုထိ မသေသေးတာလား…”

***

All Chapters