အခန်း (၁၀၇-၁၀၈)
Vol. 11 Ch. 107-108
အခန်း - (၁၀၇)
စျေးသို့ နောက်တစ်ခေါက် - ၁
လီထုန်ယာသည် စျာပနအခမ်းအနားကို တက်ရောက်ပြီးနောက် အဖြူရောင်ဝတ်ရုံကို လဲလှယ်လိုက်သည်။ နေ့ရက်များကို တွက်ချက်ကြည့်လိုက်သောအခါ လရှုစားကန်၏စျေးဖွင့်မည့် အချိန်အခါသို့ ရောက်ရှိနေပြီဖြစ်သဖြင့် ဤရက်ပိုင်းအတွင်း အမဲလိုက်ရရှိထားသော နတ်ဆိုးသတ္တဝါတို့၏ သားရေများနှင့် ပစ္စည်းအမျိုးမျိုးတို့ကို ထုတ်ပိုးလိုက်ပြီး မြောက်ဘက်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့သည်။
သူသည် လေထဲတွင် ပျံသန်းကာ ကျူတောအတွင်း၌ အကြိမ်အနည်းငယ် ပတ်လှည့်ကြည့်ရှုလိုက်ပြီး အချိန်ကို စောင့်ဆိုင်းကာ စင်ကြယ်မြစ်ချီ တစ်မျှင်ကို စုဆောင်းရန် ကြံရွယ်ခဲ့သော်လည်း နေရာအနှံ့တွင် ခြောက်ကပ်ဝါကျင်နေပြီး မြစ်ကြမ်းပြင်မှာလည်း အက်ကွဲနေသည်ကို မြင်တွေ့လိုက်ရသည်။ သူသည် လက်ဗလာဖြင့်သာ စိတ်ပျက်လက်ပျက် ပြန်လည်ထွက်ခွာလာခဲ့ရတော့သည်။
“လပေါင်းများစွာ မိုးခေါင်ထားလို့ မြစ်ချောင်းတွေ ခမ်းခြောက်ပြီး ကျူပင်တွေလည်း အကုန်ခြောက်သွေ့ကုန်ကြပြီ။ ဘယ်လိုလုပ်ပြီး စင်ကြယ်မြစ်ချီကို စုပ်ယူလို့ ရနိုင်တော့မှာလဲ။”
လီထုန်ယာသည် ကျူတောအတွင်းမှ ထွက်လာပြီးနောက် လေထဲမှနေ၍ လရှုစားကန်ဆီသို့ ပျံသန်းသွားခဲ့သည်။ လရှုစားကန်၏ ရေမျက်နှာပြင်သည် လီပေါင်းရာနှင့်ချီ၍ လျော့နည်းသွားခဲ့ပြီဖြစ်ပြီး နေရာအနှံ့တွင် ငါးအသေကောင်များပေါ်တွင် လောက်ကောင်များဖြင့် ပြည့်နှက်နေကာ ကန်မျက်နှာပြင်ထက်၌လည်း သောင်ထွန်းကျွန်းငယ်လေးများ ပေါ်ထွက်နေခဲ့သည်။
လီထုန်ယာက အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ယံထက်တွင် ဖုံးကွယ်ထားသော အစီအရင်မှာ ချက်ချင်းပင် တုန်ခါသွားခဲ့ပြီး ငွေရောင်အလင်းတန်းများ တဖျတ်ဖျတ် ထွက်ပေါ်လာခဲ့သည်။
ယခုအခါတွင်မူ အရင်နှင့် မတူတော့ပေ။ သူသည် ဝိညာဉ်အာရုံဖြင့် တစ်ချက်ဝေ့ကြည့်လိုက်ပြီး ရေကန်ထက်ရှိ သင်္ဘောကြီးကို ရှာဖွေတွေ့ရှိသွားခဲ့ကာ လေထဲတွင် နင်းလျှောက်လိုက်ပြီး ၎င်းအပေါ်သို့ ဆင်းသက်လိုက်တော့သည်။
“သခင်ကြီး လရှုစားကန်စျေးကို သွားမလို့လား။”
သင်္ဘောခန်း အောက်ခြေမှ လူငယ်တစ်ဦး ကပျာကယာ ပြေးထွက်လာခဲ့သည်။ သူသည် ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်၏ တတိယအဆင့်သာရှိသော်လည်း ပျာပျာသလဲဖြင့် လှမ်း၍ မေးမြန်းလိုက်သည်။
“ဟုတ်တယ်”
လီထုန်ယာက ပြန်ဖြေလိုက်ပြီး ထိုင်စရာနေရာတစ်ခု ရှာဖွေ၍ ထိုင်ချလိုက်သည်။ ထိုလူငယ်က လက်ဖက်ရည် လာရောက်ဆက်သသည်ကို မြင်တွေ့ရသော်လည်း အတိတ်တုန်းက ထိုဆံပင်ဖြူအဘိုးကြီးကိုမူ မတွေ့ရသဖြင့် မေးမြန်းလိုက်သည်။
“ငါမှတ်မိသလောက်ဆိုရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်တုန်းက ဒီသင်္ဘောကို မောင်းနှင်နေတာ ဆံပင်ဖြူအဘိုးကြီး တစ်ယောက်လေ။ အခုက ဘယ်လိုဖြစ်လို့ လူပြောင်းသွားတာလဲ။”
ထိုလူငယ်က ချက်ချင်းပင် နားလည်သွားသည့်အမူအရာဖြင့် လက်ထဲရှိ လက်ဖက်ရည်ခွက်ကို ညင်သာစွာ ချထားလိုက်ပြီး အဆက်မပြတ် ပြန်လည်ဖြေကြားလိုက်သည်။
“စီနီယာ မသိလို့ပါ။ အဲဒီအဘိုးကြီးက ချီကျင့်ကြံခြင်းအဆင့်ကို အဆင့်မတက်နိုင်ခဲ့လို့ လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက သက်တမ်းစေ့ပြီး ကွယ်လွန်သွားခဲ့ပါပြီ။ အိမ်မှာလည်း ဝိညာဉ်အပေါက်ပါတဲ့သူ မရှိတာမို့ သားကြီးဖြစ်တဲ့သူက ဝိညာဉ်ပစ္စည်းတွေကို လယ်ယာမြေတွေနဲ့ လဲလှယ်ပြီးတော့ ဇာတိရပ်ရွာကိုပြန်ပြီး လယ်ပိုင်ရှင်သူဌေးကြီး သွားလုပ်နေပါပြီ။”
လီထုန်ယာသည် ခဏတာမျှ ငြိမ်သက်သွားခဲ့သည်။ သူသည် ထိုလက်ဖက်ရည်ခွက်ကို ညင်သာစွာ ပင့်မြှောက်လိုက်သော်လည်း သတိကြီးစွာဖြင့် ထိုလက်ဖက်ရည်ကို မသောက်သုံးတော့ပေ။ သူသည် လက်ဖက်ရည်ခွက်ကို ပြန်လည်ချထားလိုက်ပြီး အနည်းငယ် နှမြောတသဖြစ်စွာဖြင့် ပြောလိုက်သည်။
“နှမြောစရာပဲ”
“အမှန်ပါပဲ”
ထိုလူငယ်က မျက်လွှာချကာ လက်သီးဆုပ် ဂါဝရပြုလိုက်ပြီး ကပျာကယာ ပြန်လည်ဖြေလိုက်သည်။
“စီနီယာ မသိလို့ပါ။ အဲဒီအဘိုးကြီးက အသက် ၁၀၈ နှစ်တိတိ နေထိုင်ခဲ့ပြီး သက်တမ်းစေ့ပြီးမှ ကွယ်လွန်သွားခဲ့တာမို့ ကျွန်တော်တို့လို လှေသမားတွေအားလုံးက သူ့ရဲ့ ကံကောင်းမှုကို အားကျနေကြတာပါ!”
“အို”
လူငယ်လေးသည် လီထုန်ယာ၏ ရုပ်ရည်က အသက် ၃၀ မျှသာ ရှိသေးသော်လည်း ချီကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ ခါးတွင်လည်း သိုလှောင်အိတ်နှင့် ချီသိုလှောင်ပုလင်းကိုပါ ချိတ်ဆွဲထားသည်ကို မြင်တွေ့လိုက်ရသဖြင့် ဤသူသည် ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းခန့် ကလန်ကြီးတစ်ခုမှ မျိုးဆက်ဖြစ်ရမည်ကို ကောင်းစွာ သိရှိလိုက်သဖြင့် ခါးသက်စွာ ပြုံးကာ ပြောလိုက်သည်။
“စီနီယာ မသိလို့ပါ။ ကျွန်တော်တို့လို တစ်ကိုယ်တော်ကျင့်ကြံသူတွေရဲ့ အမွေအနှစ်ကျင့်စဉ်က ရိုးရှင်းလွန်းလှပါတယ်။ အများစုက အဆင့်တစ်ရှိတဲ့ ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းကျင့်စဉ်ကိုပဲ ကျင့်ကြံကြရတာမို့ ၁၀ စုနှစ်တစ်ခုကျော်တိုင်တိုင် ကျင့်ကြံအားထုတ်ရင်တောင် ချက္ကရာစုစည်းဖွဲ့တည်တာရဲ့ အနားသတ်လောက်ကိုပဲ ထိတွေ့နိုင်တာပါ။ ဒါကြောင့် တစ်ဘဝလုံး ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်မှာပဲ ပိတ်မိနေတာက ကျွန်တော်တို့အတွက်ကတော့ သာမန်ပါပဲ။”
“ဒီလိုကိုး။”
ထိုလူငယ်သည် ရေကန်ပေါ်တွင် ၁၀ စုနှစ်တစ်ခုကျော်တိုင်တိုင် လုပ်ကိုင်ခဲ့ပြီးဖြစ်သည်။ သူ မြင်တွေ့ဖူးသမျှ ချီကျင့်ကြံခြင်းအဆင့်များသည် စကားပြောဆိုရန်ပင် စိတ်မပါကြသော်လည်း လီထုန်ယာကမူ အလွန်အမင်း အာရုံစိုက်ထားကာ အဆက်မပြတ် ခေါင်းညိတ်ပြနေသဖြင့် ခဏချင်းပင် ထိုလူငယ်သည် ကရားရေလွှတ် ဆက်ပြောတော့သည်။
“စီနီယာရဲ့ ပါရမီကတော့ ထူးချွန်ပြောင်မြောက်လှတာမို့ ငယ်ငယ်ရွယ်ရွယ်နဲ့တင် ချီကျင့်ကြံခြင်းအဆင့်ကို ရောက်ရှိနေခဲ့ပါပြီ။ ဒီတစ်ကိုယ်တော်ကျင့်ကြံသူတွေနဲ့တော့ မတူဘူးပေါ့။ သူတို့ကတော့ အမြဲတမ်း ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့် ကျင့်စဉ်တစ်ခုတည်းကိုပဲ တစ်ဘဝလုံး ဖက်တွယ်ထားကြရတာ။ သူတို့တွေ အဆောင်ရေးဆွဲချင်တာပဲဖြစ်ဖြစ်၊ ဆေးလုံးဖော်စပ်ချင်တာပဲဖြစ်ဖြစ် ဘာအမွေအနှစ်မှ မရှိကြတာမို့ တကယ့်ကို ခါးသီးလွန်းကြပါတယ်။!”
ဤစကားကို ကြားလိုက်ရသောအခါ လီထုန်ယာသည် အိမ်တွင်ရှိနေသော ‘အထွဋ်အထိပ်ယင် မရီဒန်အားဖြည့်ကျမ်း’ ကို ရုတ်တရက် တွေးမိလိုက်ပြီး စိတ်ထဲတွင် တိတ်တဆိတ် တွေးတောနေမိသည်။
“ဒီကျင့်စဉ်ကျမ်းက လရှုစားကန်အနီးအနားက မိသားစုအားလုံးကို ပေါင်းစပ်လိုက်ရင်တောင် ယှဉ်နိုင်မှာ မဟုတ်ဘူး! ဒီကျင့်ကြံခြင်းအရှိန်ကို ကြည့်ရသလောက်ဆိုရင် သာမန်ကျင့်စဉ်တွေထက် အနည်းဆုံး ၁၀ ဆမက မြန်ဆန်ရုံတင်မကဘဲ ကျင့်ကြံရရှိလာတဲ့ မန္နာစွမ်းအင်ကလည်း သန့်စင်ပြီး သိပ်သည်းလွန်းလှတယ်။ အခြားသူတွေရဲ့ ကျင့်စဉ်တွေထက် အဆမတန် သာလွန်တယ်။”
လီထုန်ယာက ဘာမှမသိသော အမူအရာမျိုးဖြင့် ပြုံးလိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။
“ဂိုဏ်းကြီးတွေက တပည့်တွေကကော ဘယ်အဆင့်ရှိတဲ့ ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်ကို ကျင့်စဉ်တွေကို ကျင့်ကြံကြလဲ မသိဘူး။”
ထိုလူငယ်က အလေးအနက် ခေါင်းညိတ်ပြလိုက်ပြီး ရယ်မောကာ ပြန်ဖြေလိုက်သည်။
“နိမ့်ကျလှတဲ့ ကျွန်တော်မျိုးက ဒီရေကန်ထက်မှာ ဆယ်စုနှစ်တစ်ခုကျော် သင်္ဘောမောင်းလာခဲ့တာ။ အသက် ၂၀ အရွယ်ရှိတဲ့ မဟာဂိုဏ်းကြီးတွေက ချီကျင့်ကြံခြင်းအဆင့် တပည့်တွေကို မြင်ဖူးသလို အသက် ၉၀ အရွယ် ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းရဲ့ ပထမအဆင့် အဘိုးကြီးကိုလည်း မြင်ဖူးပါတယ်။ စိမ်းပြာရေအိုင်ဂိုဏ်းရဲ့ ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းကျင့်စဉ်က ဂိုဏ်းအားလုံးထဲမှာ အဆင့်ငါးကျင့်စဉ်နဲ့ အသာလွန်ဆုံးဖြစ်ပြီးတော့ သာမန်ကျင့်စဉ်တွေထက် ၄ ဆတိတိ ပိုမြန်ဆန်တယ်လို့ပဲ ကြားဖူးပါတယ်!”
“တကယ့်ကို ထူးခြားဆန်းကြယ်လွန်းတာပဲ!”
လီထုန်ယာက အံ့ဩတကြီး ရေရွတ်လိုက်သည်။ ထို့နောက် သူသည် အမူအရာမပျက် စကားလမ်းကြောင်း လွှဲလိုက်ကာ ဟိုဟိုဒီဒီ စကားစပ်ပြီး ယွဲ့တောင်အကြောင်းကို ပြောဆိုဆွေးနွေးလိုက်သည်။
“အနောက်ဘက်က ယွဲ့တောင်သားတွေက အရမ်းရက်စက်ကြမ်းကြုတ်တယ်လို့ ငါကြားဖူးတယ်!”
“ဟုတ်တာပေါ့ဗျာ!”
ထိုလူငယ်က ထပ်ခါထပ်ခါ ခေါင်းညိတ်ပြလိုက်ပြီး ဂုဏ်တင်ကာ ပြောလိုက်သည်။
“ကျွန်တော်မျိုး ကြားတာကတော့ အဲဒီယွဲ့တောင်ဘုရင်ရဲ့ ကျင့်ကြံခြင်းအဆင့်က ချီကျင့်ကြံခြင်း အထွဋ်အထိပ်အဆ်င့ကို ရောက်နေပြီတဲ့! သူက အနောက်ဘက်ကမ်းခြေက ရွှေရောင်ထန်ဂိတ်လက်အောက်ခံ မိသားစုအသီးသီးကို အပြတ်အသတ် ချေမှုန်းပစ်လိုက်လို့ ချီကျင့်ကြံခြင်းအဆင့်ရှိတဲ့ ကလန်ခေါင်းဆောင် ၃ ယောက်တောင် သေဆုံးသွားခဲ့ရပြီး ဆုံးရှုံးမှုတွေကလည်း ရေတွက်လို့ မရနိုင်လောက်အောင်ပါပဲတဲ့။”
လီထုန်ယာ နားထောင်နေစဉ်မှာပင် သင်္ဘောပေါ်သို့ အခြားလူအချို့ ထပ်မံရောက်ရှိလာခဲ့သည်။ ထိုလူငယ်သည် မခွဲချင်ခွဲချင်ဖြင့် ခွင့်ပန်၍ ထွက်ခွာသွားခဲ့သည်။ လီထုန်ယာက စိတ်ထဲတွင် တိတ်တဆိတ် တွေးတောနေမိသည်။
“ကျားနီရှီကတော့ တကယ့်ကို အစွမ်းထက်နေတုန်းပဲ။ စောစောစီးစီး သေသွားတာက ပိုကောင်းပါတယ်။ မဟုတ်ရင် ငါတို့အားလုံး စိတ်အေးအေး အိပ်ရမှာ မဟုတ်ဘူး။”
လီထုန်ယာသည် ထိုအသစ်ရောက်လာသူများ စကားပြောဆိုနေကြသည်ကို ခေတ္တမျှ နားထောင်လိုက်ပြီးနောက် သင်္ဘောကြီး တုန်ခါသွားသည်ကို ခံစားလိုက်ရသည်။ လရှုစားကန်စျေးမှာ မျက်စိရှေ့တွင် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
လီထုန်ယာသည် သင်္ဘောပေါ်မှ ဆင်း၍ ခဏအကြာ လျှောက်သွားပြီးနောက် ဝိညာဉ်ကျောက်တုံးတစ်တုံးကို အပေါင်ထားကာ ဆိုင်ခန်းတစ်ခန်း ငှားရမ်းလိုက်သည်။ ထို့နောက် ပစ္စည်းအမျိုးမျိုးကို စီခင်းထားလိုက်ပြီး လူများကို သတ်ဖြတ်၍ ရရှိထားသော အဆောင်စာရွက်အများကိုပါ ခင်းကျင်းထားလိုက်ကာ သစ်သားပေလွှာတစ်ခုကို ထုတ်ယူလျှက် ဆိုင်ခန်းထဲ၌ ကျင့်စဉ်တစ်ခုကို ဖတ်ရှုနေလိုက်တော့သည်။
လီထုန်ယာသည် အဆောင်ရေးဆွဲခြင်း လမ်းစဉ်ကိုလည်း ၁၀ စုနှစ်တစ်ခုကျော်တိုင်တိုင် လေ့လာခဲ့ပြီးသော်လည်း ရေးဆွဲရရှိသော အဆောင်စာရွက်မှာမူ ဆယ်ရွက်လျှင် တစ်ရွက်ရသည့် စံနှုန်းသို့သာ ရောက်ရှိသေးသည်။ ၎င်းသည် အဆောင်စက္ကူ၏ ကုန်ကျစရိတ်ကိုသာ ကာမိရုံရှိပြီး အဆောင်မှင်ကိုပါ ထည့်သွင်းတွက်ချက်မည်ဆိုပါက အရင်းရှုံးနေဆဲ ဖြစ်သည်။ သူသည် နောင်တစ်ချိန်တွင် ဤအဆောင်စာရွက်များမှ အမြတ်အစွန်းရရှိနိုင်ရန် မျှော်လင့်ချက်ဖြင့် ဆက်လက်၍သာ လေ့ကျင့်နေခဲ့ရသည်။
လီထုန်ယာသည် သေချာစွာ စဉ်းစားလိုက်ပြီးနောက် ခါးတွင် ချိတ်ဆွဲထားသော သိုလှောင်အိတ်နှင့် ချီသိုလှောင်ပုလင်း နှစ်လုံးကို ငုံ့ကြည့်လိုက်သည်။ သူသည် ထိုသင်္ဘောမောင်းသူက သူ့အား မည်သည့်အတွက်ကြောင့် ကလန်မှမျိုးဆက်မှန်း သိရှိသွားသည်ကို အနည်းနှင့်အများ ခန့်မှန်းမိသွားခဲ့သည်။ သူသည် ဝိညာဉ်အဝတ်တစ်စဖြင့် ချီသိုလှောင်ပုလင်းကို ပတ်ထားလိုက်ပြီး ရင်ဘတ်အိတ်အတွင်းသို့ ထိုးထည့်ထားလိုက်ရာ ယခုအချိန်တွင် သူ့ကိုကြည့်ရသည်မှာ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးနှင့် ပိုမိုတူညီသွားခဲ့တော့သည်။
လီထုန်ယာသည် ယခုတစ်ခေါက်တွင် စောစီးစွာ ရောက်လာခြင်းဖြစ်သဖြင့် စျေးဝယ်နေသူများ အတော်လေး များပြားလှကာ နှစ်နာရီခန့် အချိန်အတွင်းမှာပင် ပစ္စည်းများကို ကုန်လုနီးပါး ရောင်းချပြီးစီးသွားခဲ့သည်။ သူသည် ကျန်ရှိနေသော တစ်ခုနှစ်ခုကိုမူ ဆက်လက်စောင့်ဆိုင်းနေရန် စိတ်မပါတော့သဖြင့် ဆိုင်သိမ်းကာ ဝိဉာဉ်ကျောက်တုံးကို ပြန်လည်ရယူလိုက်ပြီး ဝိညာဉ်စပါး ၁၀ ကျင်းကို ဆိုင်ခန်းငှားရမ်းခအဖြစ် ပေးဆောင်လိုက်သည်။
“ဝိညာဉ်ကျောက်တုံး ၁၁တုံး ရတာဆိုတော့ အတော်လေး မဆိုးလှပါဘူး။”
လီထုန်ယာသည် ဝိညာဉ်ကျောက်တုံး ၅ တုံးကိုသုံးကာ ကျောက်စိမ်းအညွန့်ဆေးလုံးကို ဝယ်ယူလိုက်သည်။ ဂူထဲမှ ရရှိထားသော တစ်လုံးနှင့် ပေါင်းစပ်လိုက်မည်ဆိုလျှင် လီထုန်ယာသည် နောက်ထပ် လအနည်းငယ်အကြာတွင် ချီကျင့်ကြံခြင်းအဆင့်၏ စတုတ္ထမြောက်ကောင်းကင်ဘုံအလွှာသို့ အဆင့်တက်ရန် စမ်းကြည့်နိုင်မည်ဟု တွေးတောလိုက်သည်။
“ဒီကျောက်စိမ်းအညွန့်ဆေးလုံးက ကောင်းတယ်ဆိုပေမဲ့ ဆေးအဆိပ်ကိုတော့ အထင်သေးလို့ မရဘူး။ ခန္ဓာကိုယ်ထဲက ဆေးအဆိပ်တွေ သဘာဝအတိုင်း ကွယ်ပျောက်သွားအောင် နောက်ထပ် လနည်းနည်း စောင့်ဆိုင်းပြီးမှပဲ သောက်ရမယ်။”
လီထုန်ယာက ခြေလှမ်းအချို့ လျှောက်လှမ်းလိုက်ပြီးချိန်တွင် သူ့ရှေ့ဆီမှ အသက်လတ်ပိုင်းအရွယ် အမျိုးသမီးကျင့်ကြံသူတစ်ဦး လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရသည်။ ထိုအမျိုးသမီးက ကျောက်စိမ်းမြို့တော်ချက္ကရာကို စုစည်းဖွဲ့တည်ပြီးဖြစ်ကာ ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်၏ ပဉ္စမအဆင့်ဖြစ်ပုံရသည်။ ကြည့်ရသည်မှာ လီထုန်ယာနှင့် အသက်အရွယ် တူညီပုံရသော်လည်း သူမက ရိုသေစွာဖြင့် လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။
“စီနီယာ! ကျွန်မကို မှတ်မိသေးရဲ့လား။”
လီထုန်ယာက သူမအား အနည်းငယ် မျက်မှန်းတန်းမိသလို ခံစားလိုက်ရသော်လည်း နာမည်ကိုမူ စဉ်းစား၍မရသဖြင့် အနေရခက်စွာဖြင့် လက်သီးဆုပ်ကာ ပြောလိုက်သည်။
“မေးပါရစေ... မိတ်ဆွေက……”
“တိမ်သရဖူတောင်ထွဋ်ဈေး…
ရင်းတိုက်လေး”
ထိုလူလတ်ပိုင်းအရွယ် အမျိုးသမီးကျင့်ကြံသူက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။ လီထုန်ယာသည် ချက်ချင်းပင် မှတ်မိသွားခဲ့သည်။ သူသည် တစ်ချိန်တုန်းက ဂိုဏ်းသို့ အခွန်ဘဏ္ဍာများဆက်သခဲ့သော တိမ်သရဖူတောင်ထွဋ်ခြေရင်းရှိဈေးတွင်
လီရှန်းဖျင်အတွက် ရင်းတိုက်လေးကို ဝယ်ယူပေးခဲ့ဖူးသည်။ ၎င်းကို ဤအမျိုးသမီးထံမှ ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က သူမသည် မိန်းမငယ်လေးမျှသာ ရှိသေးသော်လည်း ယခုအခါ လူလတ်ပိုင်းအရွယ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
အခန်း - (၁၀၈)
စျေးသို့ နောက်တစ်ခေါက် - ၂
“မတွေ့ဖြစ်တာ ဆယ်စုနှစ်တစ်ခုကျော် ကြာပြီပဲ။ တာအိုရောင်းရင်း ကောင်းကောင်းမွန်မွန် ရှိပါရဲ့လား။”
လီထုန်ယာသည် စိတ်ထဲတွင် သူမက အဘယ့်ကြောင့် ချည်းကပ်လာရသနည်းဟု သံသယဖြစ်နေမိသော်လည်း အပေါ်ယံတွင်မူ ပဋိသန္ဓာရစကား ဆိုလိုက်သည်။
ထိုလူလတ်ပိုင်းအရွယ် အမျိုးသမီးကျင့်ကြံသူ၏ မျက်နှာက အနည်းငယ် ရှုပ်ထွေးသွားခဲ့ပြီး တိုးညှင်းစွာ ပြောလိုက်သည်။
“ဆယ်စုနှစ်တစ်ခုကျော်အတွင်းမှာတင် စီနီယာက ချီကျင့်ကြံခြင်းအဆင့်ကို ရောက်သွားခဲ့ပြီပဲ…”
“ကံကောင်းရုံပါ။”
လီထုန်ယာက ရယ်မောလျှက် ပြန်ဖြေလိုက်သည်။ ထို့နောက် ထိုအမျိုးသမီးက တည်ကြည်စွာဖြင့် ပြောလိုက်သည်။
“ကျွန်မက လင်ကျင်းယိပါ။ ကျွန်မရဲ့ အမျိုးသားကတော့ ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူ ရွှီယန်ဖျင်လို့ ခေါ်ပါတယ်။”
“လီထုန်ယာပါ”
လီထုန်ယာက ခေါင်းညိတ်ကာ နှုတ်ဆက်လိုက်သောအခါ လင်ကျင်းယိက တိုးညှင်းစွာဖြင့် ပြောလိုက်သည်။
“ကျွန်မတို့ရဲ့ လက်ထဲမှာ ဂူအကြွင်းအကျန်နေရာတစ်ခု ရှိပါတယ်။ စီနီယာများ စိတ်ဝင်စားများ စိတ်ဝင်စားမလားလို့။”
“ဂူတစ်ခုလား။”
လီထုန်ယာက မျက်ဝန်းအစုံကို အနည်းငယ် မှေးကျဉ်းလိုက်ပြီး စိတ်ထဲတွင် တိတ်တဆိတ် တွေးတောနေမိသည်။
“ဒီလောက်ကောင်းမွန်တဲ့ ကိစ္စရပ်မျိုး ဘယ်မှာ ရှိနိုင်မှာလဲ! ငါတို့က တစ်ခဏလောက်လေး စကားပြောဖူးတာပဲရှိတာ။ ဒါမျိုးက လွယ်လွယ်လေး ယုံလိုက်လို့ မဖြစ်ဘူး။ သူမက ငါ့ကို လုပ်ကြံသတ်ဖြတ်ဖို့ လှည့်စားချင်တာလား…”
“အော်… ဒီလိုကောင်းမွန်တဲ့ ကိစ္စမျိုး ရှိတာလား။”
လီထုန်ယာက ရယ်မောလိုက်သည်။ လင်ကျင်းယိသည် လီထုန်ယာက မယုံကြည်ကြောင်း ကောင်းစွာ သိရှိလိုက်သဖြင့် ကပျာကယာ တိုးညှင်းစွာ ပြောလိုက်သည်။
“ကျွန်မတို့ ဂူကို သေသေချာချာ စစ်ဆေးကြည့်ပြီးပါပြီ။ အဲဒါက အနည်းဆုံး လွန်ခဲ့တဲ့ အနှစ် ၂၀၀ ကျော်က အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ဂူဖြစ်ပါတယ်။ ကျွန်မတို့ လက်ထဲမှာ အဲဒီဂူထဲကို ဝင်ရောက်နိုင်မယ့် နည်းလမ်းရှိပေမဲ့ ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် လိုအပ်နေလို့ပါ…”
လီထုန်ယာက အားပါးတရ ရယ်မောလိုက်ပြီး ပြန်လည်မေးမြန်းလိုက်သည်။
“ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်က ကျင့်ကြံသူတစ်စုက ဂူရဲ့အစီအရင်ကို မဖျက်ဆီးနိုင်လို့ ကျုပ်ကို ဦးဆောင်ခိုင်းချင်တာလား။”
လီထုန်ယာသည် စကားဆုံးသွားသည်နှင့် သူမအား ငြိမ်သက်စွာ စိုက်ကြည့်နေခဲ့ပြီး ဝတ်ရုံလက်စကို ဝှေ့ယမ်းကာ ထွက်ခွာသွားရန် ပြင်ဆင်ထားခဲ့သည်။
“အဲလိုမဟုတ်ပါဘူး…”
လင်ကျင်းယိက ခေါင်းငုံ့လိုက်ပြီး ခါးသီးစွာပြုံးကာ ပြန်ဖြေလိုက်သည်။
“ကျွန်မတို့ဆီမှာ ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက် ရှိနှင့်ပြီးသားပါ။ ဒါပေမဲ့ အဲဒီဂူထဲဝင်ဖို့အတွက် နောက်ထပ်တစ်ယောက် လိုအပ်နေသေးလို့ပါ။”
ဤစကားကို ကြားသောအခါ လီထုန်ယာသည် အနည်းငယ် ယုံကြည်သွားခဲ့ပြီး လင်ကျင်းယိနှင့်အတူ ထိုင်၍ စကားပြောဆိုရန် သဘောတူလိုက်သည်။ ၎င်းတို့နှစ်ဦးသည် ဝါးအိမ်ဆိုင်တစ်ဆိုင်တွင် လက်ဖက်ရည်တစ်ခွက်ကို မှာယူလိုက်ပြီးနောက် လင်ကျင်းယိက ပြောလိုက်သည်။
“ကျွန်မနဲ့ ကျွန်မရဲ့အမျိုးသားက မူလတုန်းက မှိုတောလွင်ပြင်နယ်မြေအတွင်းမှာ လှုပ်ရှားခဲ့ကြတာပါ။ လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ ရွှေရောင်ထန်ဂိတ်က ကျူးကျော်လာခဲ့လို့ အဲဒီနေရာမှာ လူသူကင်းမဲ့သွားခဲ့ပြီး စျေးလည်း မဖွင့်တော့ပါဘူး။ ကံကောင်းတာက ကျွန်မရဲ့အမျိုးသားက ချီကျင့်ကြံခြင်းအဆင့်ကို အောင်အောင်မြင်မြင် ကျင့်ကြံနိုင်ခဲ့လို့ ကျွန်မတို့က အနောက်ဘက်ကို ဦးတည်လာခဲ့ပြီး ဒီလရှုစားကန်ကို လာပြီး စူးစမ်းလေ့လာကြည့်တာပါ။”
“ဘယ်သူက ထင်ထားမှာလဲ။ ကျွန်မတို့ အနောက်ဘက်ကို ရောက်ရုံရှိသေးတယ်။ ဒီလရှုစားကန်ရဲ့ မိုးခေါင်ရေရှားမှုနဲ့ တိုးမိပြီး ဒီရေကန်လည်း လီပေါင်းရာနဲ့ချီပြီး ရေကျသွားပြီးတော့ မထင်မှတ်ဘဲ ရေကန်ထဲက ဂူတစ်ခု ပေါ်ထွက်လာခဲ့ပါတယ်။”
“အဲဒီဂူနေရာက ရာစုနှစ်ပေါင်းများစွာ ကြာနေပြီဆိုတော့ ပျက်စီးယိုယွင်းမှုတွေ ရှိနေခဲ့လို့သာ ကျွန်မတို့ ရှာဖွေတွေ့ရှိခဲ့တာပါ။ ကျွန်မတို့ အဲဒီနေရာမှာ ဖုံးကွယ်ခြင်းမန္တကို သုံးထားခဲ့ပြီးမှ အကူအညီ လာရှာတာပါ။”
“အော်…”
လီထုန်ယာက ကောင်းသည်မကောင်းသည် မပြောဘဲ ခေါင်းညိတ်ပြလိုက်ပြီး တိုးညှင်းစွာ မေးလိုက်သည်။
“ဘာလို့ ကျွန်တော့်ကို ခေါ်ချင်တာလဲ”
“ဘာဖြစ်လို့လဲဆိုတော့ စီနီယာရဲ့ ကျင့်စဉ်အဆင့်က နိမ့်လို့ပါ…”
လင်ကျင်းယိက အနေရခက်စွာပြုံးကာ ရှင်းပြလိုက်သည်။
“ကျွန်မရဲ့အမျိုးသားက ချီကျင့်ကြင့်ခြင်းအဆင့်ရဲ့ ဒုတိယမြောက် ကောင်းကင်ဘုံအလွှာမှာပဲ ရှိပါသေးတယ်။ မနေ့က ရှာတွေ့ထားတဲ့လူကလည်း ချီကျင့်ကြံခြင်းအဆင့် တတိယမြောက် ကောင်းကင်ဘုံအလွှာမှာပဲ ရှိပါသေးတယ်။ ကျွန်မတို့တွေက ဖြစ်လာနိုင်တဲ့ ဘေးအန္တရာယ်မျိုးစုံကို ရှောင်ရှားချင်တာကြောင့် ကျင့်စဉ်အဆင့်တူညီတဲ့ သူတွေကိုပဲ ရှာချင်လို့ပါ…”
“ဒီလိုကိုး။”
လီထုန်ယာက လက်ဖက်ရည်ကို တစ်ကျိုက်သောက်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
“တံခါးအပြင်ကလူက မင်းရဲ့အမျိုးသား မဟုတ်လား။”
လီထုန်ယာသည် တံခါးအပြင်ဘက်တွင် လူတစ်ဦး စောင့်ဆိုင်းနေသည်ကို စောစောကတည်းက သတိထားမိပြီးသားဖြစ်သည်။ ယခု သူက ထုတ်ဖော်ပြောလိုက်သောအခါ လင်ကျင်းယိကလည်း ခေါင်းညိတ်ပြလိုက်ပြီး လှမ်းခေါ်လိုက်ရာ တံခါးအပြင်က ထိုသူသည် တိုက်ရိုက်ပင် ဝင်ရောက်လာခဲ့ပြီး လက်သီးဆုပ် အရိုအသေပေးကာ ပြောလိုက်သည်။
“ကျွန်တော်က ရွှီယန်ဖျင်ပါ။ ညီအစ်ကိုထုန်ယာကို နှုတ်ဆက်ပါတယ်!”
လီထုန်ယာသည် ထိုသူ၏ ရုပ်ရည်က တည်ကြည်ဖြောင့်မတ်ပုံရပြီး အသက် ၅၀ ကျော်ခန့် ရှိသည်ကို မြင်တွေ့လိုက်ရသဖြင့် သူကလည်း လက်သီးဆုပ် အရိုအသေပေးကာ ပြောလိုက်သည်။
“ဒီလိုထုံးစံတွေ မလိုအပ်ပါဘူး”
ရွှီယန်ဖျင်က ထပ်ခါထပ်ခါ ခေါင်းညိတ်ပြလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
“ကျွန်တော် ဒီနေရာမှာ စောင့်နေတာ ရက်ပေါင်းဆယ်ဂဏန်းမက ရှိသွားပြီ။ အကယ်၍ ညီအစ်ကိုထုန်ယာသာ ပေါ်မလာခဲ့ဘူးဆိုရင် ကျွန်တော်တို့တွေ အံကြိတ်ပြီး အနီးအနားက ကလန်တွေဆီကို သွားပြီးရှာရတော့မှာပါ။”
လင်ကျင်းယိက စကားကိုဖြတ်၍ ရှင်းပြလိုက်သည်။
“အဲဒီကလန်တွေရဲ့ တောင်အကာအကွယ်အစီအရင်တွေက တင်းတင်းကြပ်ကြပ် ဖုံးကွယ်ထားတော့ အဲဒီအထဲမှာ ချီကျင့်ကြံခြင်းအဆင့် ဘယ်နှယောက်ရှိမှန်း ဘယ်သူသိမှာလဲ။ တကယ့်ကို မတတ်သာတဲ့ အခြေအနေမျိုး မဟုတ်ရင် ကျွန်မတို့ လုံးဝ သွားမှာမဟုတ်ပါဘူး။”
လီထုန်ယာကလည်း ၎င်းတို့နှစ်ဦးနှင့် အပိုစကားများ ဆက်မပြောတော့ဘဲ လေးနက်စွာဖြင့် ပြောလိုက်သည်။
“ဆန်းကြယ်အသွင်ဝိညာဉ်သစ္စာ ကျိန်ဆိုပါ”
ရွှီယန်ဖျင်က ခေါင်းညိတ်ပြလိုက်ပြီး လက်ဟန်များကို ဖော်ဆောင်ကာ အစောပိုင်းတုန်းက လင်ကျင်းယိ ပြောဆိုခဲ့သော စကားများကို ထပ်မံရွတ်ဆိုကာ တံဆိပ်ခတ်နှိပ်လျှက် တိုးညှင်းစွာ ရွတ်ဆိုလိုက်သည်။
“ဆန်းကြယ်အသွင်ချက္ကရာနဲ့ ပြောခဲ့သမျှအားလုံးက အမှန်တရားဖြစ်ကြောင်း ကျွန်တော် ကျိန်ဆိုပါတယ်”
လီထုန်ယာသည် ဘေးနားမှနေ၍ သေချာစွာ နားထောင်နေခဲ့သည်။ ထိုစကားများထဲတွင် အမှန်တကယ်ပင် မည်သည့်ချို့ယွင်းချက်မျှ မရှိဘဲ ရွှီယန်ဖျင်၏ တစ်ကိုယ်လုံးရှိ အရှိန်အဝါကလည်း ထည်ဝါဆဲဖြစ်ကာ ဆုတ်ယုတ်သွားခြင်းမရှိသည်ကို မြင်တွေ့လိုက်ရမှသာ ၇၀ ရာခိုင်နှုန်းခန့် ယုံကြည်သွားခဲ့ပြီး သူက ပြန်မေးလိုက်သည်။
“ကျွန်တော်တို့ ဘယ်တော့ထွက်ခွာကြမလဲ”
“အခုချက်ချင်း”
ဇနီးမောင်နှံနှစ်ဦးလုံးသည် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့ကြပြီဖြစ်သည်။ လင်ကျင်းယိက စိတ်ကို အတင်းအကျပ် ပြန်ထိန်းချုပ်လိုက်ကာ လီထုန်ယာဘက်သို့လှည့်၍ ပြောလိုက်သည်။
“တာအိုရောင်းရင်းအနေနဲ့လည်း ကျွန်မတို့အပေါ် တိုက်ခိုက်ခြင်းမပြုဖို့ သစ္စာဆိုပေးပါဦး။ ဆန်းကြယ်အသွင်ဝိညာဉ်သစ္စာက လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းဖို့အတွက်ပဲ အဓိကသုံးတာဖြစ်လို့ ဒီအရာအပေါ် ချုပ်ကိုင်မှု မကြီးမားဘူးဆိုပေမဲ့ ဒီသစ္စာဆိုထားရင်တော့ ကျွန်မတို့လည်း အနည်းဆုံး စိတ်အေးရတာပေါ့။”
“ကောင်းပြီလေ”
လီထုန်ယာက သစ္စာဆိုလိုက်ပြီးနောက် ရွှီယန်ဖျင်နှင့်အတူ လေထဲသို့ ပျံတက်လိုက်သည်။ ထိုသူ၏ အဆီအနှစ်စွမ်းအင်များက အနည်းငယ် ရှုပ်ထွေးနေသည်ကို မြင်တွေ့လိုက်ရသဖြင့် ဤရွှီယန်ဖျင်သည် သန့်စင်ခြင်းမရှိသော ရောနှောချီများကို စုပ်ယူ၍ ချီကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိလိုက်ရကာ ပိုမို၍ စိတ်အေးသွားခဲ့ရသည်။
ဆန့်ကျင်ဘက်အနေဖြင့် ထိုဇနီးမောင်နှံနှစ်ဦးမှာမူ လီထုန်ယာ၏ အဆီအနှစ်စွမ်းအင်များက ထည်ဝါနက်ရှိုင်းလှပြီး ခန္ဓာကိုယ်တွင် ကာကွယ်ထားသော အဆီအနှစ်စွမ်းအင်မှာလည်း ကြည်လင်တောက်ပနေသည်ကို မြင်တွေ့လိုက်ရသဖြင့် ချက်ချင်းပင် တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြပြီး ခါးသက်စွာဖြင့် ပြုံးလိုက်မိကြတော့သည်။
xxxxxxxxxx
လီကျင်းမြို့တွင်။
ချန်အာနျိုသည် အသက် ၇၀ ရှိခဲ့ပြီဖြစ်ကာ ဆံပင်များ ဖြူဖွေးနေခဲ့ပြီဖြစ်သည်။ ထိုတောင်တန်းများထဲတွင် သာမန်လယ်သမားများ၏ နှစ်ဘဝစာမျှကို ရှင်သန်ခဲ့ပြီးဖြစ်သည်။ သူ၏ အိုမင်းလာသော မျက်လုံးများက မှုန်ဝါးလာခဲ့ကာ လီကျင်းမြို့အတွင်း၌ အားလုံးက သူ့အား ‘အဘိုး’ ဟု ခေါ်ဆိုကြသည်။
ချန်အားနျိုသည် ကုလားထိုင်ပေါ်တွင် ထိုင်ကာ အလွန်အမင်း မတည်မငြိမ် စိုးရိမ်ပူပန်နေခဲ့သည်။ မိုးခေါင်နေသော ရာသီဥတုကြောင့် သူသည် ညတိုင်း အိပ်မက်ဆိုးများ မက်နေခဲ့ကာ ကောင်းကင်ယံမှနေ၍ ဆင်းသက်လာသော ထိုကြီးမားသောစာကလေးကြီးကို အမြဲတမ်း ပြန်လည်မြင်ယောင်နေခဲ့ရသည်။
“ဟူး…”
လီချွမ်းခိုရွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ချိန်တွင် ချန်အားနျိုသည် ချန်စန်းရွှေကို သွားရောက်ရှာဖွေခဲ့သော်လည်း သွားတစ်ချောင်းနှင့် သွေးကွက်တစ်ခုမှတစ်ပါး မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ပေ။ လီချွမ်းခိုရွာရှိ လူများအားလုံးက ချန်စန်းရွှေသည် ယွဲ့တောင်သားများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး အနောက်ဘက်ဆီသို့ ခေါ်ဆောင်သွားခြင်း ခံလိုက်ရသည်ဟု ဆိုကြသည်။
ချန်အားနျိုက အေးစက်စွာပြုံးပြီး လှောင်ပြောင်လိုက်ကာ မြင်းခွာရာများအတိုင်း လမ်းဘေးက မြက်တောအတွင်း ဟိုဟိုဒီဒီ ရှာဖွေကြည့်ခဲ့သည်။ နောက်ဆုံးတွင် သူသည် သွေးအိုင်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်သည်။ အဘိုးကြီးသည် မြက်များကို ဖယ်ရှား၍ ငုံ့ကြည့်လိုက်ပြီး ရုတ်တရက် ရှိုက်ကြီးတငင် ငိုကြွေးပစ်လိုက်တော့သည်။
သူ၏သားကြီး ချန်စန်းရွှေသည် အလွန်ဆိုးဝါးစွာ သေဆုံးခဲ့ရရှာသည်။ အဘိုးကြီးသည် သူ့အတွက် နာရေးစောင့်ကြပ်ပေးခဲ့ရသည်။ ချန်စန်းရွှေ၏ သားသမီးများသည် မိုးခေါင်ရေရှားမှုကြောင့် အလုပ်ရှုပ်နေကြသဖြင့် ၎င်းတို့သည် အဘိုးကြီးလောက်ပင် ကြာရှည်မစောင့်ကြပ်နိုင်ကြပေ။
“တုန်းဟယ်လည်း ပြန်လာနိုင်ပါ့မလား မသိဘူး…”
ကျဲပါးနေသော ဆံပင်ဖြူများဖြင့် ချန်အားနျိုက မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုစဉ် ရုတ်တရက် ခြံဝင်းပြင်ပမှ ဆူညံသံများကို ကြားလိုက်ရသည်။ ထိုအသံများသည် လူအုပ်စုကြီး၏ အော်ဟစ်သံနှင့် ငိုကြွေးသံများဖြစ်ကြပြီး ထိုအသံများကြောင့် သူ ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။
သူသည် တုတ်ကောက်ကို အားပြုကာ ရွာအဝင်ဝဆီသို့ တရွေ့ရွေ့ လျှောက်လှမ်းသွားခဲ့သည်။ ထိုနေရာတွင် လူအမြောက်အများက သူ့ကို စောင့်ဆိုင်းနေခဲ့ကြသည်။ တစ်ကိုယ်လုံး စုတ်ပြတ်သတ်နေပြီး မျက်နှာတစ်ခုလုံး ရွှံ့နွံများဖြင့် ပေကျံနေသော လူတစ်စုသည် မြေပြင်ပေါ်တွင် ဒူးထောက်နေကြကာ ဘေးပတ်ပတ်လည်တွင်လည်း တိုးညှင်းလှသော ငိုကြွေးသံများဖြင့် ပြည့်နှက်နေခဲ့သည်။
“ပြန်လာကြပြီ။”
ချန်အားနျိုက အားစိုက်၍ ခါးကိုဆန့်ကာ ရှာလိုက်ရာ နောက်ဆုံးတွင် လီရွှမ်ရွှမ်နှင့် ချန်တုန်းဟယ်တို့ကို လှမ်းမြင်လိုက်ရသည်။ လီရွှမ်ရွှမ်၏ နှုတ်ခမ်းထက်တွင် မုတ်ဆိတ်မွေး ကျဲကျဲကလေးများ ပေါက်နေခဲ့ပြီ ဖြစ်ကာ သူသည် သူ့မျက်စိရှေ့ရှိ ယွဲ့တောင်သားကို မယုံကြည်နိုင်သောအမူအရာများဖြင့် စိုက်ကြည့်နေခဲ့သည်။
“မင်း… နောက်တစ်ခေါက် ထပ်ပြောစမ်း!”
“ကျိန်စာနဲ့ အသတ်ခံရတာပါ... ရုပ်အလောင်းကိုတောင် ပြန်မယူဆောင်နိုင်ခဲ့ပါဘူး…”
လီရွှမ်ရွှမ်သည် ခဏအကြာ ကြောင်အမ်းသွားခဲ့ပြီး မျက်ရည်များမှာ တာကျိုးသည့်အလား တရဟော ကျဆင်းလာခဲ့ကာ သူ၏မျက်နှာမှတစ်ဆင့် လည်ပင်းထက်ဆီသို့ စီးကျသွားခဲ့တော့သည်။
“တုန်းဟယ်... ငါနဲ့အတူ တောင်ပေါ်လိုက်ခဲ့။ ကျန်တဲ့သူတွေ အရင်ဆုံး အိမ်ပြန်ကြ။”
လီရွှမ်ရွှမ်သည် မျက်နှာကိုအုပ်ကာ အတန်ကြာ တိတ်ဆိတ်နေခဲ့ပြီး သူ့လည်ချောင်းထဲမှာ စကားတစ်ခွန်းကို ညှစ်ထုတ်လိုက်သည်။ သူ့ဘေးနားရှိ ချန်တုန်းဟယ်၏ မျက်နှာတွင်လည်း မျက်ရည်များ ပြည့်နှက်နေခဲ့သည်။ လူအုပ်စုကြီးသည် တိတ်တဆိတ်ဖြင့် လမ်းကြောင်းတစ်ခုကို ဖယ်ပေးလိုက်ကြပြီး ၎င်းတို့ အဝေးသို့ ထွက်ခွာသွားသည်ကို ကြည့်နေခဲ့ကြသည်။
“မိသားစုခေါင်းဆောင်…”
ချန်တုန်းဟယ်က လီရွှမ်ရွှမ်ကို တိုးတိုးလေး ခေါ်လိုက်ပြီး ထိုပြင်းထန်လှသော ထိခိုက်မှုကြီးထဲမှ သူ့အား နှိုးပေးလိုက်သည်။ လီရွှမ်ရွှမ်သည် လက်ထဲရှိ ရင်းတိုက်လေးကို ကြည့်လိုက်ပြီး မျက်ရည်များကို မည်သို့မျှ တားဆီး၍ မရတော့ချေ။
“ငါ့ကို မိသားစုခေါင်းဆောင်ငယ်လို့ပဲခေါ်ပါ…”
လီရွှမ်ရွှမ်က မျက်ရည်များကို သုတ်ရင်း ရှိုက်သံများကို ထိန်းချုပ်ကာ ပြန်လည်ဖြေကြားလိုက်သည်။ သူသည် ကျောက်ခင်းလမ်းကို နင်းလျှက် လေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့သည်။
၎င်းတို့နှစ်ဦးသည် ခေါင်းငုံ့လျှက် တိတ်ဆိတ်စွာဖြင့် ခဏအကြာ လျှောက်လှမ်းလာခဲ့ကြရာ ရှေ့တည့်တည့်တွင် ကျင့်ကြံရာမှ ထွက်လာပြီး အလောတကြီး တောင်အောက်သို့ ဆင်းလာသော လီရွှမ်ဖုန်းနှင့် ထိပ်တိုက်တိုးမိသွားကြသည်။ လီရွှမ်ဖုန်းသည် လီရွှမ်ရွှမ်လက်ထဲရှိ ရင်းတိုက်လေးကို တစ်ချက်ကြည့်လိုက်ပြီး မှင်တက်သွားခဲ့တော့သည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
လီရွှမ်ဖုန်း၏ မျက်ဝန်းအစုံ ပြူးကျယ်သွားခဲ့ပြီး မျက်ရည်များ ချက်ချင်း ဝဲတက်လာခဲ့ကာ ဒေါသတကြီးဖြင့် လေးနှင့်မြားကို လုယူလိုက်ရင်း အော်ဟစ်လိုက်သည်။
“ဘယ်သူလုပ်တာလဲ”
ချန်တုန်းဟယ်သည် လီမိသားစု ညီအစ်ကိုများကို မြင်တွေ့ရသဖြင့် ပိုမို၍ အသက်ရှူကြပ်လာသလို ခံစားလိုက်ရပြီး ရှိုက်ကြီးတငင်ဖြင့် ပြောလိုက်သည်။
“ယွဲ့တောင်သားတွေရဲ့ ကျိန်စာကြောင့်ပါ။”
လီရွှမ်ဖုန်းသည် ပါးစပ်ဟလိုက်သော်လည်း စကားတစ်ခွန်းမျှ ထွက်ပေါ်မလာခဲ့ပေ။ သူသည် မျက်ရည်များဖြင့် ပြည့်နှက်နေသော မျက်နှာဖြင့် လီရွှမ်ရွှမ်ကို လှမ်းကြည့်ကာ ဘေးနားရှိ ကျောက်တုံးပြာကြီးပေါ်တွင် ကြောင်အမ်းအမ်းဖြင့် ထိုင်ချလိုက်တော့သည်။
“တကယ့်ကို အောက်တန်းကျတဲ့ နည်းလမ်းပဲ။”
လီရွှမ်ဖုန်းသည် အံကိုတင်းတင်းကြိတ်ထားခဲ့ပြီး မျက်ရည်များ ကျဆင်းနေခဲ့တော့သည်။