အခန်း (၁၀၉-၁၁၀)
Vol. 11 Ch. 109-110
အခန်း - (၁၀၉)
စူးစမ်းရှာဖွေခြင်း - ၁
လီထုန်ယာသည် ရွှီယန်ဖျင်တို့ ဇနီးမောင်နှံနှစ်ဦးနှင့်အတူ စျေးမှထွက်ခွာလာခဲ့ပြီး တောင်ဘက်ဆီသို့ တည့်တည့်မတ်မတ် ဦးတည်ကာ လေထဲမှနေ၍ နာရီပေါင်းများစွာ ပျံသန်းလာခဲ့သည်။
သူသည် ဤတစ်ကိုယ်တော်ကျင့်ကြံသူများ၏ လက်ဦးမှုယူ တိုက်ခိုက်ခြင်း သို့မဟုတ် ဝိုင်းရံတိုက်ခိုက်ခြင်းကို လုံးဝ မကြောက်ရွံ့ချေ။ အဘယ်ကြောင့်ဆိုသော် တစ်ကိုယ်တော်ကျင့်ကြံသူများ ကျင့်ကြံသည့်ကျင့်စဉ်သည် အဆင့်တစ်ကျင့်စဉ်မျှသာ ဖြစ်ပြီး စုပ်ယူထားသည့် ချီများသည်လည်း သန့်စင်ခြင်းမရှိသော ချီမျိုးစုံသာ ဖြစ်သောကြောင့်ဖြစ်သည်။ ထိုယွဲ့တောင်မှ ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူများကဲ့သို့ပင် သုံး၊ လေး၊ ငါးယောက်ခန့် ဝိုင်းရံထားလျှင်ပင် သူ့အား တားဆီးထားနိုင်မည် မဟုတ်ပေ။ ထို့ထက်ပိုသည်မှာ သူ၏ အဆီအနှစ်စွမ်းအင်သည် များပြားကာ အလွန်အမင်း လျှင်မြန်လှပေသည်။ သူသည် အခြေအနေကို အရင်ဆုံး သွားရောက်ကြည့်ရှုပြီးမှသာ ဆုံးဖြတ်မည် ဖြစ်သည်။
လီထုန်ယာသည် လမ်းခရီးတွင် ၎င်းတို့နှစ်ဦးနှင့် အသေးစိတ်အချက်အလက်များကို သေချာစွာ မေးမြန်းဆွေးနွေးခဲ့ရာ ထိုဂူ၏တည်နေရာက လရှုစားကန်၏ တောင်ဘက်ကမ်းခြေတွင် ရှိပြီး သူတို့လီမိသားစု၏ လီချွမ်းခိုရွာနှင့် လီပေါင်းနှစ်ရာခန့်သာ ကွာဝေးကြောင်း သိရှိလိုက်ရသည်။
“လောကကြီးရဲ့ ကံတရားက တကယ့်ကို ခန့်မှန်းရခက်တာပဲ။ ငါတို့လီမိသားစုဟာ တောင်ဘက်ကမ်းခြေမှာ ဆယ်စုနှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ကြပေမဲ့ ဒီဂူကို ရှာမတွေ့ခဲ့ကြဘူး။ ရွှီယန်ဖျင်တို့ ဇနီးမောင်နှံကတော့ ဒီရေကန်ထဲက ကျွန်းလေးပေါ်မှာ ခဏနားခိုမိရုံနဲ့တင် မိုးခေါင်ရေရှားမှုနဲ့ တိုးမိပြီး ဒီလိုမျိုး အဖိုးတန်တာကို အလကား ရရှိသွားခဲ့ကြတာပဲ။”
လီထုန်ယာသည် စိတ်ထဲတွင် ခဏအကြာမျှ တွေးတောလိုက်ပြီးနောက် မျက်စိရှေ့က ကျွန်းငယ်လေးပေါ်တွင် ထူးဆန်းသော ကျောက်တုံးများစွာ ပြန့်ကြဲနေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုကျောက်တုံးများပေါ်တွင် သာမန်ရုပ်ရည်နှင့် လူတစ်ဦးသည် ဒူးပေါ်တွင် ဆေဘာရှည်တစ်လက် တင်ထားကာ တိတ်ဆိတ်စွာ တရားထိုင်နေခဲ့သည်။
“ညီအစ်ကိုကျန်း”
ရွှီယန်ဖျင်က မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး ပြုံးလျှက် လက်သီးဆုပ် အရိုအသေပေးကာ လှမ်းခေါ်လိုက်ပြီးနောက် လှည့်၍ လီထုန်ယာအား မိတ်ဆက်ပေးလိုက်သည်။
“ဒါကတော့ ချီကျင့်ကြံခြင်းအဆင့်ရဲ့ တတိယမြောက် ကောင်းကင်ဘုံအလွှာအဆင့်ရှိတဲ့ အစီအရင်တွေအကြောင်း တော်တော်လေး ဗဟုသုတကြွယ်ဝတဲ့ ညီအစ်ကို ကျန်းယွင်ပါ။ သူက လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်ကမှ ဒီလရှုစားကန်စျေးကို ရောက်လာပြီး ကျွန်တော်တို့ကို ကူညီပေးဖို့ သဘောတူခဲ့တာပါ။”
ကျန်းယွင်က ကပျာကယာ မတ်တတ်ရပ်၍ လက်သီးဆုပ် အရိုအသေပေးကာ နှုတ်ဆက်လိုက်သည်။ သူသည် လီထုန်ယာ၏ ကိုယ်ပေါ်ရှိ မြစ်အဆီအနှစ်စွမ်းအင်ကို ခေတ္တမျှ တိတ်ဆိတ်စွာ စိုက်ကြည့်လိုက်သည်။ ရွှီယန်ဖျင်က လီထုန်ယာကိုလည်း သူ့အား မိတ်ဆက်ပေးလိုက်သည်။
လီထုန်ယာက ပြန်လည်၍ လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။ ထိုသူ ကျင့်ကြံရာမှ ထလိုက်ချိန်တွင် အဆီအနှစ်စွမ်းအင်များ ကြည်လင်တောက်ပနေသည်ကို မြင်တွေ့လိုက်ရရုံတင်မကဘဲ သူကိုယ်တိုင်ပင် အစီအရင်ပိုင်းတွင် ကျွမ်းကျင်သည်ဟု ဆိုလာသဖြင့် စိတ်ထဲတွင် တိတ်တဆိတ် သုံးသပ်လိုက်မိသည်။
“ဒီလူကတော့ တစ်ကိုယ်တော်ကျင့်ကြံသူ မဟုတ်ဖို့များတယ်။ ဒီနယ်မြေတစ်ဝိုက်မှာလည်း ကျန်းမျိုးရိုးရှိတဲ့ကလန် ဘာမှမရှိပါဘူး။ အကယ်၍ သူက နာမည်အတုကို အသုံးမပြုထားဘူးဆိုရင် ၉၀ ရာခိုင်နှုန်းလောက်က ဂိုဏ်း ၃ ဂိုဏ်းနဲ့ ဂိတ် ၇ ခုနဲ့ ဧကန်မုချ ပတ်သက်မှု ရှိရမယ်။”
လီထုန်ယာက ဘေးနားမှနေ၍ တိတ်တဆိတ် သတိထားနေသော်လည်း ကျန်းယွင်က အလွန်အမင်း နှိမ့်ချနေခဲ့သည်။ သို့သော်လည်း သူ့မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။ သူသည် ကျွန်းငယ်လေးဘေးရှိ ရေမျက်နှာပြင်ကို ညွှန်ပြကာ ရှင်းပြလိုက်သည်။
“ခင်ဗျားတို့ထွက်သွားတဲ့ အချိန်အတွင်းမှာ ကျွန်တော် ဒီဂူကို လေ့လာထားတယ်။ ဒါက အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးရဲ့ ဂူပဲဖြစ်ရမယ်။ ဒါက အခုအချိန်ကနေတွက်ရင် အနည်းဆုံး နှစ်ပေါင်း ၂၀၀၊ ၃၀၀ လောက် ရှိနေပြီ။”
ဤအချိန်ကာလကို ကြားလိုက်ရသောအခါ ရွှီယန်ဖျင်၏ မျက်ဝန်းအစုံ ပြူးကျယ်သွားခဲ့ပြီး မပြောပြနိုင်လောက်အောင် စိတ်လှုပ်ရှားသွားခဲ့ကာ သူက ထပ်ခါထပ်ခါ ပြောလိုက်တော့သည်။
“ဒါက တကယ့်ကို ရှားပါးတာပဲ!”
ကျန်းယွင် ခေါင်းညိတ်ပြီး ရှင်းပြလိုက်သည်။
“ကျွန်တော် ကြားဖူးတာကတော့ ရှေးခေတ်တုန်းက လရှုစားကန်ကို မဟာလရေကန်လို့ ခေါ်ခဲ့ကြတယ်တဲ့။ မိုင်ပေါင်းသောင်းချီတဲ့ တောင်တန်းနဲ့ တောရိုင်းမြေတွေမှာ ဝိဉာဉ်ချီတွေ ပြည့်နှက်နေခဲ့တယ်။ ဒါက လရောင်ဇစ်မြစ်စံအိမ်တော် တည်ရှိရာနေရာ ဖြစ်ခဲ့တာကြောင့် ဂူတွေ အမြောက်အများ ရှိခဲ့တာပေါ့။ နောက်ပိုင်းမှာ မြေမျက်နှာသွင်ပြင် ပြောင်းလဲမှုတွေကြောင့် တဖြည်းဖြည်း ခမ်းခြောက်သွားခဲ့ပြီး အခုခေတ် လရှုစားကန်ပဲ ကျန်ရစ်တော့တာ။”
စောစောကတည်းက စိတ်မထိန်းနိုင်တော့သော လင်ကျင်းယိသည် ကပျာကယာ မေးမြန်းလိုက်သည်။
“အစ်ကိုကျန်း အထဲကိုဝင်လို့ရနိုင်မယ့် နည်းလမ်းများ ရှိပါသလား။”
“သေချာပေါက် ရှိတာပေါ့။”
ကျန်းယွင်က ခေါင်းညိတ်လိုက်သည်။ သူတို့လူစုသည် ရေရှောင်မန္တန်ကိုသုံးကာ ရေအောက်သို့ ဆင်းလာခဲ့ကြပြီး မြစ်ကြမ်းပြင်ရှိ အက်ကွဲကြောင်းတစ်ခုတွင် ရပ်တန့်လိုက်ကြသည်။ သူသည် လက်ထဲရှိ ဆေဘာရှည်ကို ပင့်မြှောက်ကာ ဝှေ့ယမ်းခုတ်ချလိုက်သည်။ မျက်စိရှေ့ရှိ ကျောက်နံရံပေါ်တွင် ပုံစံကွက်အများအပြား ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး မျက်စိကျိန်းစဖွယ် အစီအရင်ကြီးတစ်ခု သူတို့ရှေ့မှောက်တွင် ပေါ်ထွက်လာခဲ့သည်။
ကျန်းယွင်က ကပျာကယာ လက်ဟန်များ ဖော်ဆောင်လိုက်ပြီး လက်ထဲရှိ သေးသွယ်ရှည်လျားသော ကျောက်စိမ်းစူး သုံးစင်းကို ပစ်လွှတ်လိုက်ရာ ၎င်းတို့သည် ထိုအစီအရင်အတွင်းသို့ စိုက်ဝင်သွားခဲ့ကြသည်။ ထို့နောက် သူသည် သေးသွယ်ရှည်လျားသော အဖြူဖျော့ဖျော့ သံကြိုးသုံးချောင်းကို ဆွဲယူလိုက်သည်။ ထိုသံကြိုးတစ်ချောင်းစီသည် ကျောက်စိမ်းစူးတစ်ခုစီနှင့် ချိတ်ဆက်နေပြီး ခပ်ဖျော့ဖျော့အလင်းရောင် ဖြာထွက်နေခဲ့သည်။
“တာအိုရောင်းရင်းတို့ ဖမ်းလိုက်။”
ကျန်းယွင်က သံကြိုးနှစ်ချောင်းကို ပစ်ပေးလိုက်သည်။ ထို့နောက် လီထုန်ယာအပါဝင် သုံးဦးလုံးသည် သူတို့၏ မန္နာစွမ်းအင်များကို ထိုကျောက်စိမ်းစူးများအတွင်းသို့ အသီးသီး ထည့်သွင်းပေးလိုက်ကြသည်။
“သူက တကယ်ပဲ အစွမ်းအစရှိတာပဲ။”
လီထုန်ယာသည် အမြင်ကျယ်သွားခဲ့ရသည်။ သူသည် မန္နာစွမ်းအင်များကို ထည့်သွင်းပေးနေရင်း စိတ်ထဲတွင် ထိုသူ၏ နောက်ခံက သာမန်မဟုတ်နိုင်ကြောင်း ပိုမို၍ သေချာသွားခဲ့သည်။ ထိုသူသည် အစကတည်းက ကြိုတင်ပြင်ဆင်လာခြင်းလည်း ဖြစ်နိုင်သဖြင့် ဘေးပတ်ပတ်လည်ရှိ ပတ်ဝန်းကျင်ကို စတင်သုံးသပ်လိုက်ကာ ထွက်ပြေးရမည့် လမ်းကြောင်းများကို တွေးတောနေခဲ့တော့သည်။
လီထုန်ယာသည် စိတ်ထဲတွင် သတိကြီးစွာထားပြီး မန္နာစွမ်းအင်ကို အကန့်အသတ်ဖြင့်သာ ထည့်သွင်းပေးခဲ့သည်။ သူတို့လူစုသည် တစ်နေ့လုံး မန္နာစွမ်းအင်များကို ထည့်သွင်းလိုက်ကြပြီးနောက် နောက်ဆုံးတွင် ညအချိန်ရောက်လာသောအခါ ထိုငွေရောင်အစီအရင်သည် တစ်ဖျတ်ဖျတ် ဖြစ်လာသည်ကို မြင်တွေ့လိုက်ရသည်။ ထို့နောက်တစ်ဖန် တစ်ညလုံး တဖြည်းဖြည်းချင်း အချိန်ယူခဲ့ကြပြီးနောက် ထိုငွေရောင်အစီအရင်သည် အက်ကွဲလာခဲ့ကာ ဝုန်းခနဲ အပိုင်းပိုင်းအစစ ကြေမွပျက်စီးသွားခဲ့တော့သည်။
နက်မှောင်နေသော ဂူအဝင်ဝတစ်ခု သူတို့ရှေ့မှောက်တွင် ပေါ်ထွက်လာခဲ့သည်။ ထိုဂူထဲသို့ မြောက်များလှစွာသောရေများ ချက်ချင်း စီးဝင်သွားခဲ့သည်။ ကံကောင်းသွားသည်မှာ သူတို့သည် စောစောကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့ကြပြီး ရေရှောင်မန္တန်အချို့ကို ထိုဂူဝပေါ်သို့ ဆင့်ကဲဆင့်ကဲ ခတ်နှိပ်လိုက်ကြကာ ထိုရေများကို အတင်းအကျပ် ပိတ်ဆို့တားဆီးထားနိုင်ခဲ့သည်။
သူတို့လေးဦးစလုံး မှောင်မည်းနေသော ဂူအဝင်ဝကို စိုက်ကြည့်ရင်း တစ်ပြိုင်နက်တည်းပင် ခြေလှမ်းများကို ရပ်တန့်ပစ်လိုက်ကြသည်။ ထို့နောက် တစ်ဦးကိုတစ်ဦး လှည့်ပတ်ကြည့်လိုက်ကြပြီး အားလုံးသည် တစ်ဖက်လူ၏ မျက်ဝန်းအတွင်းက တုံ့ဆိုင်းနေသောအမူအရာကို မြင်တွေ့လိုက်ကြရသည်။
“ခင်ဗျားတို့သုံးယောက် မသွားဘူးဆိုရင် ကျွန်တော်ပဲ အရင်သွားလိုက်မယ်!”
ကျန်းယွင်က ရယ်မောလိုက်ပြီး သိုလှောင်အိတ်ကို တစ်ချက်ပုတ်ကာ ဝါဖျော့ဖျော့ရောင် သစ်သားဒိုင်းတစ်ခုကို ထုတ်ယူလိုက်သည်။ အနောက်ဘက်ရှိ ရွှီယန်ဖျင်သည် ကျန်းယွင်လက်ထဲရှိ ဓမ္မလက်နက်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး လေးနက်တည်ကြည်သွားခဲ့ကာ လီထုန်ယာ၏အနောက်မှနေ၍ တိတ်တဆိတ် လိုက်ပါလာခဲ့သည်။
ခြေလှမ်းအနည်းငယ်မျှသာ လှမ်းလိုက်ရုံရှိသေးသော်လည်း ဆိုးရွားလှသော အနံ့အသက်တစ်ခု သူတို့ဆီသို့ အလုံးအရင်းဖြင့် တိုးဝင်လာခဲ့ပြီး ဇနီးမောင်နှံနှစ်ဦးကို အော့အန်လုနီးပါး ဖြစ်သွားစေခဲ့သည်။ သူတို့ ကပျာကယာ အသက်ရှူအောင့်လိုက်ကြရသည်။ ဘေးနားရှိ လီထုန်ယာကမူ ဂူအတွင်းသို့ မဝင်မီကတည်းက ကြိုတင်ကာ အသက်အောင့်ထားခဲ့သဖြင့် မည်သည့်အနံ့ကိုမှ မရခဲ့ချေ။
လီထုန်ယာက ရွှီယန်ဖျင်ကို တစ်ချက် လှမ်းကြည့်လိုက်သောအခါ ၎င်းတို့နှစ်ဦးလုံးသည် တစ်ဖက်လူ၏ မျက်ဝန်းအတွင်းက သတိကြီးစွာထားနေသော အမူအရာကို မြင်တွေ့လိုက်ကြရသည်။ သူတို့သည် အဆီအနှစ်စွမ်းအင်များကို လှည့်ပတ်ထားခဲ့ကြပြီး မည်သည့်အချိန်တွင်မဆို တိုက်ခိုက်ရန် အသင့်ပြင်ဆင်ထားလိုက်ကြသည်။
“ဒီရွှီယန်ဖျင်ဟာ ကျန်းယွင်ရဲ့ နောက်ခံကို မသိတာ ၉၀ ရာခိုင်းနှုန်းလောက် ဖြစ်နိုင်ချေရှိတယ်။ တကယ်လို့သာ အတူတူဇာတ်တိုက်ထားပြီး ငါ့ကို လှည့်စားတာဆိုရင်လည်း လင်ကျင်းယိကို ပါအောင် ခေါ်လာမှာမဟုတ်ဘူး။ ဒါက တမင်သက်သက် အားနည်းချက်ကို ငါ့လက်ထဲ ထည့်ပေးလိုက်တာနဲ့ အတူတူဖြစ်သွားမှာ။ အခုကျတော့ သူလည်း အခြေအနေမဟန်မှန်း သိသွားပြီး တိတ်တိတ်လေး သတိထားနေတာပဲ။”
ထိုသို့တွေးလိုက်ရုံရှိသေးသော်လည်း သူ့နားထဲ၌ ရွှီယန်ဖျင်၏ ဝိညာဉ်အာရုံဖြင့် လှမ်း၍ စကားပြောလိုက်သောအသံ ထွက်ပေါ်လာခဲ့သည်။ သူ၏အသံထဲတွင် စိုးရိမ်ပူပန်မှုအနည်းငယ် ပါဝင်နေခဲ့သည်။
“ညီအစ်ကိုလီ ဒီလူက တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦး ဆိုတာလောက် ရိုးရှင်းပုံမရဘူး။ ကျွန်တော်တို့တွေ အကဲဖြတ်တာ မှားသွားခဲ့ပုံရတယ်။ ကျွန်တော်တို့ အထိနာဖို့ များနေပြီ။”
အရှေ့ရှိ ကျန်းယွင်ကမူ ပွင့်လင်းလွတ်လပ်သောအမူအရာ ရှိနေခဲ့သည်။ သူသည် ဂူထဲကို တစ်ပတ် ဝေ့ကြည့်လိုက်ကာ လက်ထဲမှ မန္တန်အလင်းရောင်ဖြင့် နေရာတိုင်းကို လင်းထိန်သွားစေခဲ့ပြီး အရာအားလုံးကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့လိုက်ရတော့သည်။
ဂူအတွင်းသည် အဆမတန် ကျယ်ဝန်းလှပြီး အလယ်ဗဟိုတည့်တည့်တွင် ကျန်းပေါင်းများစွာ ရှည်လျားသော တိုင်လုံးပုံစံ သလင်းကျောက်တုံးကြီးတစ်ခု ရှိနေခဲ့သည်။ ၎င်းတိုင်လုံးပေါ်တွင် ကြီးမားလှသော မြွေပုံစံ အရိုးစုကြီးတစ်ခု ရစ်ပတ်နေခဲ့သည်။ ဖြူဖွေးနေသော အရိုးများနှင့် လိမ်ယှက်နေသော အစွယ်ရှည်ကြီးများက အလွန်အမင်း ဆန်းကြယ်ထူးဆန်းလှသည်။ အရိုးစုမျှသာ ကျန်ရှိတော့သော ပါးစပ်ကြီးအတွင်း၌ သွေးနီရောင် ပုတီးစေ့တစ်လုံး ပေါလောပေါ်နေခဲ့သည်။
ထိုပုတီးစေ့သည် ညင်သာစွာ တက်လိုက်ကျလိုက် ဖြစ်နေခဲ့ပြီး တောက်ပကြည်လင်လှသော သွေးရောင်အလင်းတန်းအချို့ ရှိနေခဲ့သည်။ ထိုပုတီးစေ့ကို ကြည့်ရသည်မှာ ချောမွေ့ကြည်လင်လှသဖြင့် အတော်လေး ကြည့်ကောင်းလှသည်။ မြေပြင်ပေါ်တွင်မူ ဖြူစင်ဝင်းပနေသော လှံရှည်တစ်စင်း စိုက်ဝင်နေခဲ့ပြီး ငွေရောင်အလင်းတန်းများ တဖျတ်ဖျတ် ထွက်ပေါ်နေခဲ့သည်။
ဂူအတွင်းရှိ ဝိညာဉ်ချီသည် အလွန်အမင်း သိပ်သည်းလှပြီး မေချယ်တောင်ပေါ်ရှိ ဂူနှင့်ပင် တူညီပေသည်။ ဂူတစ်ခုလုံးသည် မူလကတည်းက ကြီးမားလှသော ကျောက်စက်ဂူကြီးတစ်ခု ဖြစ်ပြီး စုစုပေါင်း ၁၀ မူကျော်ခန့် ကျယ်ဝန်းသည်။ ဂူဝတွင် ရပ်ကြည့်ရုံမျှဖြင့် အဆုံးသတ်ကို မမြင်တွေ့နိုင်ဘဲ လွန်ကဲလှသော ယင်ချီများ ဖြာထွက်နေခဲ့သည်။
“အော်... ဒါက နတ်ဆိုးစစ်သူကြီးတစ်ကောင်ရဲ့ ဂူဖြစ်နေတာကိုး!”
ကျန်းယွင်သည် မြေပြင်ပေါ်ရှိ ဆွေးမြေ့နေသာအရိုးများကို ကန်ပစ်လိုက်ပြီး လီထုန်ယာ အပါအဝင် သုံးဦးလုံးထံသို့ လှည့်ကြည့်လိုက်ကာ အနည်းငယ် စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
“ကျွန်တော်ကတော့ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်က ဂူကို ရေထဲမှာ ဆောက်ထားတာပဲလို့ ထင်နေတာ။ ဒါပေမယ့် တကယ်တော့ မြွေနတ်ဆိုးတစ်ကောင် ဖြစ်နေတာပဲ!”
ရွှီယန်ဖျင်တို့လူစုသည်လည်း မျက်နှာထက်တွင် စိတ်ပျက်ဟန်များ ပေါ်ထွက်လာခဲ့သည်။ အခြေတည်အဆင့် နတ်ဆိုးသတ္တဝါများသည် လူသားအသွင်သို့ ပြောင်းလဲနိုင်ကြပြီဖြစ်ပြီး အနည်းနှင့်အများ အစီအရင်နှင့် ဆေးဝါးဖော်စပ်ခြင်းလမ်းစဉ်ကို သင်ယူတတ်ကြသည်။ သို့သော်လည်း နတ်ဆိုးသတ္တဝါများသည် ဝိညာဉ်စ္စည်းများကို ပါးစပ်ဖြင့် တစ်ချက်တည်း ဝါးမြိုကာ ဖြည်းဖြည်းချင်း ချေဖျက်ရခြင်းကို နှစ်သက်ကြပြီး မည်သည့်အမွေအနှစ်ကျင့်စဉ်ကိုမျှ ချန်ထားခဲ့လေ့မရှိပေ။ သို့ဖြစ်ရာ သဘာဝကျစွာပင် ရှာဖွေတွေ့ရှိနိုင်မည့် ပစ္စည်းများ လျော့နည်းသွားမည်သာ ဖြစ်သည်။
“ဒီဂူထဲမှာ မြွေသားမြေးတွေလည်း မနည်းမနော ရှိခဲ့ပေမယ့် အားလုံးက ဒီကောင်ရဲ့ သွေးသားအဆီအနှစ်တွေကို အတင်းအကျပ် စုပ်ယူခြင်း ခံလိုက်ရပြီး ကျင့်ကြံမှုအတွက် အထောက်အပံ့ ဖြစ်သွားခဲ့တာ ဖြစ်ရမယ်။”
သူတို့သည် တောင်လိုပုံနေသော မြွေအရိုးစုများကို ကျော်ဖြတ်ကာ ဂူအတွင်း၌ တစ်ပတ် လှည့်လည်ကြည့်ရှုခဲ့ကြသော်လည်း နေရာအနှံ့တွင် လူနှင့် တိရစ္ဆာန် နှစ်မျိုးလုံး၏ အရိုးစုများနှင့် ပြာမှုန့်များသာ ရှိနေခဲ့သည်။ အရိုးစုများပေါ်ရှိ သိုလှောင်အိတ်များမှာလည်း အားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
“ဟင်”
ကျန်းယွင်က ဝိညာဉ်အာရုံဖြင့် တစ်ချက်ဝေ့ကြည့်လိုက်ပြီး ပြာမှုန့်များထဲမှ ကျောက်စိမ်းပေလွှာနှစ်ခုကို ထုတ်ယူလိုက်သည်။ သူသည် သူတို့နှစ်ဦး၏ ရှေ့မှောက်၌ပင် ဖတ်ရှုလိုက်ပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် မြေပြင်ပေါ်သို့ ပစ်ချလိုက်ကာ လှည့်၍ပြောလိုက်သည်။
“တကယ့်ကို ဆင်းရဲတဲ့ နတ်ဆိုးပဲ။ ကြည့်ရတာ ခရမ်းရောင်စံအိမ်တော်အဆင့်ကို အဆင့်တက်ဖို့ ကြိုးစားရာမှာ ပိုင်ဆိုင်မှုတွေအားလုံးကို ဝိညာဉ်ပစ္စည်းတွေနဲ့ ဝိညာဉ်ဆေးလုံးတွေအဖြစ် အကုန်လဲလှယ်ပစ်လိုက်ပုံရတယ်။ ဒီကျောက်စိမ်းပေလွှာ နှစ်ခုအပေါ်မှာ လျှို့ဝှက်တံဆိပ် ခတ်နှိပ်ထားတာမို့ ဘယ်လိုမှ ပြန်ရောင်းလို့ မရတာကြောင့် ဤနေရာမှာပဲ ဖုန်အတက်ခံထားရတာ ဖြစ်လိမ့်မယ်။”
စကားဆုံးသွားသည်နှင့် သူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဆက်ပြောလိုက်သည်။
“ခရမ်းရောင်စံအိမ်တော်အဆင့်ဆိုတာ ဘယ်မှာ ဒီလောက်လွယ်လွယ်ကူကူနဲ့ အဆင့်တက်လို့ ရနိုင်မှာတဲ့လဲ!”
“မေးပါရစေ…”
ရွှီယန်ဖျင်က ရိုသေစွာဖြင့် လက်သီးဆုပ်ကာ ကျန်းယွင်ကို မေးလိုက်သည်။
“ဒီကျောက်စိမ်းပေလွှာ နှစ်ခုထဲမှာ ဘယ်လိုမန္တန်တွေ ပါတာလဲ။”
ကျန်းယွင်က သူ့အား တစ်ချက် ဝေ့ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
“တစ်ခုက ငါတို့ ရွှေရောင်ငှက်မွေးဂိုဏ်းရဲ့ ‘သွေးဓမ္မကျမ်း’ ဖြစ်ပြီး အခြားတစ်ခုကတော့ လင်ယွီဂိတ် ပျက်စီးသွားပြီးနောက် ပျောက်ဆုံးသွားခဲ့တဲ့ ‘မြစ်တောင်သုတ္တန်’ ပဲ။ ပထမတစ်ခုက ရွှေရောင်ငှက်မွေးဂိုဏ်းရဲ့ လျှို့ဝှက်တံဆိပ်ကို သုံးရမှာဖြစ်ပြီး နောက်တစ်ခုကလည်း လျှို့ဝှက်မန္တန်ကို သုံးပြီးမှ ဖြေရှင်းရမှာဖြစ်လို့ မင်းတို့ ဇနီးမောင်နှံကတော့ စဉ်းစားမနေနဲ့တော့။”
အခန်း - (၁၁၀)
စူးစမ်းရှာဖွေခြင်း - ၂
ရွှီယန်ဖျင်တို့ ဇနီးမောင်နှံနှစ်ဦးသည် ချက်ချင်းပင် တစ်ဦးကိုတစ်ဦး စိုက်ကြည့်လိုက်မိကြသည်။ အနားရှိ လီထုန်ယာကမူ ခြေလှမ်းအချို့ နောက်ဆုတ်လိုက်ကာ လက်ထဲရှိ ဓားရှည်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။ လီထုန်ယာ၏ ဓားပတ်ပတ်လည်တွင် အဖြူရောင် အလင်းတန်းအချို့ ခပ်ဖျော့ဖျော့ ထွက်နေခဲ့ပြီး အချိန်အတော်ကြာအောင် စုဆောင်းထားခဲ့သော လဗိမာန်ဓားချက်မှာလည်း အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
“ညီအစ်ကိုရှောင် အဲလောက်အထိ စိုးရိမ်မနေပါနဲ့။”
ကျန်းယွင်က လီထုန်ယာဘက်သို့လှည့်၍ ပြုံးပြလိုက်ပြီး သူ၏လက်ထဲရှိ ဓားအိမ်အတွင်းမှ မထုတ်ရသေးသော်လည်း တုန်ခါမြည်ဟည်းနေခဲ့သော ဓားရှည်ကို သတိကြီးစွာဖြင့် ကြည့်လိုက်ပြီး ဆက်၍ပြောလိုက်သည်။
“‘မြစ်ပေါင်းစည်းချီကျင့်စဉ်’ ဆိုတာ ရှောင်ကလန်ရဲ့ကျင့်စဉ်ဖြစ်မှန်း ငါကောင်းကောင်း သိတာပေါ့။ အရင်တုန်းက ငါ့အဖေကိုယ်တိုင်ပဲ ရှောင်မိသားစုဆီကို ပို့ပေးခဲ့တာလေ။”
လီထုန်ယာသည် ရင်ထဲတွင် ဆွံ့အသွားခဲ့ရပြီး မျက်နှာထက်တွင်လည်း ထိတ်လန့်တုန်လှုပ်ခြင်း အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။ သူသည် ဘာမှမစဉ်းစားတော့ဘဲ ဖုံးကွယ်ထားရန်အတွက် မျက်မှောင်ကြုတ်ကာ အရင်ဆုံး မေးမြန်းလိုက်သည်။
“ညီအစ်ကိုကျန်း ဒီတစ်ခါ လာခဲ့တာက သွေးဓမ္မကျမ်းစာအုပ်ကို ပြန်လည်ရယူဖို့အတွက် သီးသန့်လာခဲ့တာလား။”
“မဟုတ်ပါဘူး…”
ကျန်းယွင်၏ မျက်နှာထက်တွင် အနေရခက်သော အမူအရာများ ပေါ်ထွက်လာခဲ့ပြီး သူက ရှင်းပြလိုက်သည်။
“ကျွန်တော်က ဂိုဏ်းရဲ့အမိန့်အရ အပြင်ထွက်လာပြီး ဂူတစ်ခုကို လာရောက်ရှာဖွေတာပါ။ ညီအစ်ကိုရှောင်က ဒီနေရာမှာ ‘မြစ်တောင်သုတ္တန်’ ကို လာရှာမှန်းမသိခဲ့ဘဲ မတော်တဆ ဝင်ရောက်မိသွားခဲ့တာပါ။”
လီထုန်ယာသည် ထိုစကားကိုကြားသောအခါ ရင်ထဲတွင် ပိုမို၍ ထိတ်လန့်သွားခဲ့ရပြီး ကပျာကယာပင် ရေလိုက်ငါးလိုက်လုပ်ကာ စိတ်ထဲတွင် လျှပ်စီးလက်သည့်အလား လျှင်မြန်စွာ စဉ်းစားလိုက်သည်။ သူက မျက်နှာထက်တွင် အနည်းငယ် မကျေမနပ်ဖြစ်သောအမူအရာဖြင့် တိုးညှင်းစွာ ပြောလိုက်သည်။
“ကျွန်တော်က ဆယ်စုနှစ်တစ်ခုကျော်တိုင်တိုင် ရှာဖွေခဲ့ပြီးမှ ဒီဂူရဲ့တည်နေရာကို ရှာတွေ့ခဲ့တာ။ မထင်မှတ်ဘဲ ဒီလူနှစ်ယောက်က အရင်ရှာဖွေတွေ့ရှိသွားခဲ့သလို ပြီးတော့လည်း ညီအစ်ကိုကျန်းနဲ့ပါ ဆုံတွေ့ခဲ့ရတယ်။ ညီအစ်ကိုကျန်းတို့ဂိုဏ်းကလည်း ဒီပစ္စည်းကို စိတ်ဝင်စားနေတယ်လို့ ကျွန်တော် ထင်နေတာ။”
“ဘယ်ကလာ... ဘယ်ကလာ! ကျွန်တော်တို့ မိသားစုနှစ်ခုကြားက ဆက်ဆံရေးအရ ရွှေရောင်ငှက်မွေးဂိုဏ်းက ဘာလို့ ‘မြစ်တောင်သုတ္တန်’ ကို လောဘတက်ရမှာလဲ။”
ကျန်းယွင်က ထပ်ခါထပ်ခါ လက်ဝှေ့ယမ်းပြလိုက်သည်။ ဘေးနားရှိ ရွှီယန်ဖျင်တို့ ဇနီးမောင်နှံနှစ်ဦးမှာမူ ပိုမို၍ မှင်တက်သွားခဲ့ရသည်။ သူတို့၏ ခြေထောက်များ တုန်ရင်နေခဲ့ပြီး တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်နေခဲ့သည်။ သူတို့သည် အင်အားစုကြီးနှစ်ခု၏ ပဋိပက္ခကြားထဲသို့ မတော်တဆ ကျရောက်သွားခဲ့ပြီဟု ခံစားလိုက်ရကာ ချက်ချင်းပင် ထွက်ပြေးချင်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။
“သောက်ကျိုးနည်း။ ဒီလီထုန်ယာကလည်း ဂိုဏ်းကြီးတစ်ခုရဲ့ တပည့်ဖြစ်နေတာကိုး။ အခုတော့ ငါတို့ဇနီးမောင်နှံနှစ်ယောက်က အသတ်ခံရမယ့် သိုးကလေးတွေ ဖြစ်သွားခဲ့ပြီပဲ!”
၎င်းတို့နှစ်ဦးသည် တိတ်တဆိတ်ဖြင့် ခြေလှမ်းအချို့ နောက်ဆုတ်လိုက်ကြပြီး ထိုနေရာမှ အလျှင်အမြန် ထွက်ပြေးရန် ပြင်ဆင်လိုက်ကြသော်လည်း သူတို့၏လုပ်ရပ်က ကျန်းယွင်၏အာရုံကို ဖမ်းစားလိုက်သည်။ သူက လှည့်လိုက်ပြီး ပြုံးစိစိဖြင့် ၎င်းတို့နှစ်ဦးကို စိုက်ကြည့်နေလိုက်တော့သည်။
“ကျွန်တော် အရင်ဆုံး ညီအစ်ကိုရှောင်အတွက် ဒီပြဿနာကို ဖြေရှင်းပေးမယ်!”
ကျန်းယွင်က ကြက်သီးထဖွယ် ရယ်မောလိုက်ပြီး ရွှီယန်ဖျင်ကို ဆေဘာဖြင့် ခုတ်ချလိုက်သည်။ ရွှီယန်ဖျင်သည် ချက်ချင်းပင် တစ်ကိုယ်လုံး ကြက်သီးများ ထောင်ထသွားခဲ့ရပြီး လင်ကျင်းယိကို ပွေ့ချီကာ နောက်ပြန်ဆုတ်လိုက်သည်။
သို့သော် ကျန်းယွင်ကျင့်ကြံထားသည့် ကျင့်စဉ်သည် အနည်းဆုံး အဆင့်သုံးရှိသော လမ်းမှန်ကျင့်စဉ်ဖြစ်ပြီး သန့်စင်သော မိုးနှင့်မြေ၏ ဝိညာဉ်ချီကို စုပ်ယူထားခြင်းဖြစ်သည်။ ရွှီယန်ဖျင်မှာမူ ချီကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိခါစမျှသာ ရှိသေးပြီး ကျင့်ကြံသည့်ကျင့်စဉ်မှာ သာမန်အခြေခံကျင့်စဉ် ဖြစ်ရုံမျှမကဘဲ မည်သည့်ချီစုဆောင်းခြင်းအတတ်မျှ မရှိသဖြင့် သန့်စင်ထားခြင်းမရှိသည့် ချီအမျိုးမျိုးကိုသာ စုပ်ယူခဲ့ရသည်။ သို့ဖြစ်ရာ သူသည် မည်ကဲ့သို့ ကျန်းယွင်၏ပြိုင်ဘက် ဖြစ်နိုင်ပါမည်နည်း။
အတိတ်တုန်းက လီထုန်ယာသည် ကျီမိသားစု၏ ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူကို လွယ်လွယ်ကူကူ သတ်ဖြတ်ခဲ့သကဲ့သို့ပင် ကျန်းယွင်သည် ဓားချက်တစ်ဒါဇင်ခန့်မျှဖြင့် ရွှီယန်ဖျင်၏ဦးခေါင်းကို ဖြတ်တောက်ပစ်လိုက်သည်။ သူသည် လင်ကျင်းယိ၏ အသက်ချမ်းသာပေးရန် အဆက်မပြတ် အော်ဟစ်တောင်းပန်မှုများကို ဂရုမစိုက်ဘဲ လက်ဝှေ့ယမ်းလျှက် သူမကိုပါ သတ်ဖြတ်ပစ်လိုက်ပြီး လှည့်ကာ လီထုန်ယာအား ပြုံးလျှက် ပြောလိုက်သည်။
“ဒီတစ်ကိုယ်တော်ကျင့်ကြံသူတွေကတော့ တကယ့်ကို အမှိုက်တွေပဲ။”
လီထုန်ယာသည် မျက်နှာပေါ်တွင် တည်ငြိမ်နေဟန်ဆောင်ထားသော်လည်း သူ့ကျောထဲတွင်မူ အေးစိမ့်သွားခဲ့သည်။ ကျန်းယွင်က ထိုလူနှစ်ဦး၏ သိုလှောင်အိတ်ကို တိတ်ဆိတ်စွာ ကောက်ယူနေသည်ကိုကြည့်ရင်း လီထုန်ယာသည် ဂိုဏ်း ၃ ဂိုဏ်းနှင့် ဂိတ် ၇ ခုတို့၏ ကျင့်ကြံခြင်းလောကအတွင်းရှိ အာဏာအဆင့်အတန်းကို နက်ရှိုင်းစွာ ခံစားလိုက်ရကာ စိတ်ထဲတွင် တိတ်တဆိတ် တွေးတောလိုက်မိသည်။
“ငါတို့ကလန်မှာသာ ကျင်းအာက ဂိုဏ်းထဲကနေ ယူဆောင်လာပေးတဲ့ လမ်းမှန်ကျင့်စဉ်သာ မရှိခဲ့ရင် ကြည့်ရသလောက် ငါလည်း ဒီတစ်ကိုယ်တော်ကျင့်ကြံသူနှစ်ယောက်လိုမျိုး အခြားသူတွေရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရနိုင်တယ်။”
ထို့နောက် သူသည် ကျန်းယွင်က ပြုံးလျှက် ပြောလိုက်သည်ကို မြင်လိုက်ရသည်။
“ကျင့်စဉ်ကိုတော့ ဒီအတိုင်းပဲ ခွဲဝေကြတာပေါ့။ ကျန်ရှိနေတဲ့ နတ်ဆိုးအမြုတေနဲ့ ဓမ္မလက်နက်ကိုတော့ ဘယ်သူ အရင်ရွေးမလဲ။”
စကားဆုံးသည်နှင့် သူက မျက်ခုံးပင့်လိုက်ပြီး လီထုန်ယာ ပြန်မပြောရသေးမီမှာပင် စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။
“ကျွန်တော်တို့ ဆေဘာနဲ့ဓား တိုက်ခိုက်ကြည့်ကြမလား။ နိုင်တဲ့သူက အရင်ရွေးတာပေါ့!”
လီထုန်ယာသည် စောစောတုန်းက ကျန်းယွင်က ရွှီယန်ဖျင်ကို တိုက်ခိုက်သည်ကို မြင်တွေ့ခဲ့ရပြီးဖြစ်ကာ သူ၏ကျင့်စဉ်က မိမိတို့အိမ်ရှိ နက်ရှိုင်းဒီရေဓားသိုင်းနှင့် မြစ်ပေါင်းစည်းချီကျင့်စဉ်ထက် များစွာမြင့်မားပုံမရပေ။ ထို့အပြင် သူ့ဆီတွင် ပြင်းထန်လှသော လဗိမာန်ဓားချက်လည်း ရှိနေသဖြင့် စိတ်ထဲတွင် တိတ်တဆိတ် တွေးတောလိုက်သည်။
“အခုအချိန်မှာတော့ ဘယ်လိုမှ နောက်ဆုတ်လို့ မဖြစ်ဘူး။”
ထို့ကြောင့် လီထုန်ယာသည် ခါးကြားရှိ ဓားရှည်ကို ဖြည်းဖြည်းချင်း ပင့်မြှောက်လိုက်ရာ ပြင်းထန်လှသော အဖြူရောင်အလင်းတန်းများသည် ဓားအိမ်၏ အက်ကွဲကြောင်းများကြားမှ ထွက်ပေါ်လာခဲ့သည်။ သူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ကောင်းပြီ”
သူက စကားဆုံးသည်နှင့် ဓားကိုဆွဲထုတ်၍ မြှောက်လိုက်ရာ လရောင်ကဲ့သို့ ဖြူဖွေးနေသော ဓားအလင်းကွေးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကျန်းယွင်က ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။
“ဒါ လှည့်စားတာပဲ!”
သူ့လက်ထဲရှိ ဆေဘာချီမှာလည်း အချိန်အတော်ကြာအောင် တိတ်တဆိတ် စုဆောင်းထားခဲ့ခြင်းဖြစ်သည်။ သူသည် ၎င်းကို အစွမ်းကုန် ထုတ်လွှတ်လိုက်ရာ ဓားချီနှင့် ဆေဘာချီတို့ ထိပ်တိုက်ဆုံတွေ့သွားခဲ့ကြပြီး ဝုန်းခနဲ ကျယ်လောင်စွာ ပေါက်ကွဲသွားခဲ့ကာ ၎င်းတို့နှစ်ဦးလုံး၏ အဝတ်အစားများကို တဖျတ်ဖျတ် လှုပ်ခါသွားစေခဲ့သည်။
လီထုန်ယာသည် ခြေလှမ်းအနည်းငယ် ယိမ်းယိုင်သွားခဲ့ပြီးမှ ထိုအင်အားကို ချေဖျက်နိုင်ခဲ့သော်လည်း ကျန်းယွင်ကမူ တည်ငြိမ်စွာဖြင့် ထိုတိုက်ခိုက်မှုကို တိုက်ရိုက် တောင့်ခံလိုက်သဖြင့် တိုးညှင်းစွာ ညည်းတွားလိုက်ရသည်။ သူသည် သိသာစွာပင် ကိုယ်တွင်းဒဏ်ရာ အနည်းငယ် ရရှိသွားခဲ့သော်လည်း ပြုံးကာ ပြောလိုက်သေးသည်။
“ခင်ဗျား နောက်ဆုတ်လိုက်တယ်!”
“ကျင့်စဉ်တွေကိုတော့ ကိုယ်နဲ့သက်ဆိုင်ရာကို အသီးသီး ယူကြမယ်။ ကျွန်တော်က ဒီအခြေတည်အဆင့် အထွဋ်အထိပ်ရှိတဲ့ နတ်ဆိုးသတ္တဝါရဲ့ နတ်ဆိုးအမြုတေကိုယူမယ်။ ဒီအခြေတည်အဆင့်ရှိတဲ့ ဓမ္မလက်နက်ကိုတော့ ခင်ဗျားတို့ကလန်အတွက် ချန်ထားပေးခဲ့မယ်။”
လီထုန်ယာက ဆက်လက်၍ မပတ်သက်ချင်တော့သဖြင့် လေးလံစွာ ခေါင်းညိတ်ပြလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
“ရပါတယ်။ ဒီရှောင်မျိုးနွယ်က ဒီကျင့်စဉ်ကို ရရှိနိုင်ရင်ပဲ အကြီးအကဲတွေရဲ့ မှာကြားချက် ပြီးမြောက်ပြီလို့ သတ်မှတ်နိုင်ပါတယ်။”
၎င်းတို့နှစ်ဦးသည် အသီးသီး ပစ္စည်းများကို သိမ်းဆည်းလိုက်ကြသည်။ ကျန်းယွင်နှင့် လီထုန်ယာတို့သည် ဂူအတွင်းမှ ရှေ့ဆင့်နောက်ဆင့် ထွက်ခွာခဲ့ကြသည်။ ကျန်းယွင်က တိုးညှင်းသော လေသံဖြင့် ပြုံး၍ ပြောလိုက်သည်။
“ခင်ဗျားရဲ့ ဓားသိုင်းက အတော်လေး မဆိုးလှဘူးပဲ!”
လီထုန်ယာက နှိမ့်ချကာ ပြန်ဖြေလိုက်မည်ပြင်လိုက်ရုံ ရှိသေးသည်။ ကျန်းယွင်က လျှင်မြန်စွာဖြင့် အလောတကြီး ဆက်လက်ပြောလိုက်သည်။
“ရွှေရောင်ငှက်မွေးဂိုဏ်းက တာအိုအရှင်ချူထင်ကို ပေးထားခဲ့တဲ့ ကတိကဝတ်က ရှိနေဆဲပါပဲ။ မြေခွေးအိုကြီးချင်ဝေ သေဆုံးသွားတာနဲ့ ရှောင်မိသားစုကို ရွှေရောင်ငှက်မွေးဂိုဏ်းက ထောက်ပံ့ပေးမှာပါ။ ဒါကြောင့် ခင်ဗျားတို့ကလန်အနေနဲ့ သေသေချာချာ စဉ်းစားပေးဖို့ မျှော်လင့်ပါတယ်။”
လီထုန်ယာသည် ချက်ချင်းပင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီး သူ့စိတ်ထဲ၌ အံ့ဩမှင်တက်ခြင်းများဖြင့် ပြည့်နှက်နေခဲ့တော့သည်။
“တာအိုအရှင်ချူထင် ဟုတ်လား။ ရှောင်ချူထင်က ခရမ်းရောင်စံအိမ်တော်အဆင့်ကို ရောက်ရှိသွားပြီလား။ ရွှေရောင်ငှက်မွေးဂိုဏ်းက ရှောင်မိသားစုကို ဒီလောက်လေးလေးစားစား ဆက်ဆံနေတာ အံ့ဩစရာမရှိတော့ဘူး…”
“ကတိကဝတ် ဟုတ်လား! ခန့်မှန်းရသလောက် စမ်းပြာရေအိုင်ဂိုဏ်းက ဘိုးဘေးကြီး ချင်ဝေ သေဆုံးသွားတာနဲ့ သူတို့ရဲ့အင်အားက အဆမတန် ဆုတ်ယုတ်သွားမှာ။ ရှောင်မိသားစုနဲ့ ရွှေရောင်ငှက်မွေးဂိုဏ်းက ဘာတွေ ကြံစည်နေကြတာပါလိမ့်…”
ကျန်းယွင်က စနောက်သလိုမျိုးဖြင့် မျက်စိမှိတ်ပြလိုက်ပြီး တိုးညှင်းစွာ ဆက်လက်ပြောသည်။
“မင်းက ရှောင်ကလန်က လူတစ်ယောက် မဟုတ်ရင်တောင် ကိစ္စမရှိပါဘူး။ ကလန်ထဲမှာရှိတဲ့ အခြေတည်အဆင့်တွေအားလုံးကို အဆင်သင့် ပြင်ဆင်ထားခိုင်းလိုက်။ မကြာခင်မှာ ကသောင်းကနင်း ဖြစ်ရပ်တွေ ပေါ်ထွက်လာတော့မှာ။”
လီထုန်ယာက ခေါင်းခါယမ်းလျှက် ပြုံးကာ ပြောလိုက်သည်။
“ညီအစ်ကိုကျန်းကတော့ နောက်ပြောင်နေပြန်ပြီ။”
ကျန်းယွင်က အားပါးတရ ရယ်မောလိုက်ပြီး သိုလှောင်အိတ်ကို တစ်ချက်ပုတ်ကာ လွန်းပျံယာဉ်ကို ထုတ်ကာစီးနင်းလိုက်ပြီး အဝေးသို့ ထွက်ခွာသွားခဲ့တော့သည်။
လီထုန်ယာသည် ထိုနေရာ၌ရပ်ကာ ခဏအကြာ တွေးတောလိုက်ပြီး ထိုကျန်းယွင်က အနီးအနားတွင် ရှိနေသေးမည်ကို စိုးရိမ်မိသဖြင့် တင်ပုလ္လင်ခွေထိုင်လိုက်ကာ ကျင့်ကြံနေလိုက်သည်။ ညရောက်လာသည့်အခါမှသာ သူသည် ချီဖုံးကွယ်ခြင်းအတတ်ကိုသုံးကာ လီရှစီရင်စု ရှိရာအရပ်ဆီသို့ အတန်ကြာပျံသန်းသွားခဲ့ပြီးမှ လီမိသားစုရှိရာဆီသို့ လမ်းကြောင်းလွှဲ၍ ပြန်လာခဲ့သည်။
လီထုန်ယာသည် လီကျင်းတောင်ကို ဖြတ်ကျော်ပျံသန်းသွားစဉ် ခြေထောက်အောက်၌ အဝတ်အစားဖြူဖြူများကို မြင်တွေ့လိုက်ရသဖြင့် ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားခဲ့ရသည်။ သူသည် တစ်ခုခုဖြစ်နေပြီဖြစ်ကြောင်း သိရှိလိုက်သဖြင့် လေကိုနင်းကာ တောင်ပေါ်သို့ တိုက်ရိုက်ဆင်းသက်လာခဲ့သည်။ သူသည် ခြံဝင်းအတွင်း၌ အဝတ်စဖြူများစွာ လွင့်ပျံနေသည်ကို မြင်တွေ့လိုက်ရရုံတင်မကဘဲ လီရွှမ်ရွှမ်သည်လည်း စျာပနဝတ်စုံများကို ဝတ်ဆင်ထားခဲ့သဖြင့် အက်ရှရှအသံဖြင့် မေးလိုက်သည်။
“ဘာဖြစ်ခဲ့တာလဲ”
လီရွှမ်ရွှမ်သည် မမျှော်လင့်ဘဲ တစ်ကိုယ်လုံး တုန်ရင်သွားခဲ့ရသည်။ သူသည် လီထုန်ယာကို မြင်သည်နှင့် ထစ်ငေါ့စွာဖြင့် ဒူးထောက်လိုက်ကာ ခါးရှိ ရင်းတိုက်လေးကိုဖြည်ကာ ပေးအပ်လိုက်ပြီး ရှိုက်ကြီးတငင်ဖြင့် ပြောလိုက်သည်။
“လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်က ချန်တုန်းဟယ်တို့လူစု ပြန်လာကြပါတယ်... ဦးလေးက... ကျိန်စာတိုက်ခံရလို့ သေဆုံးသွားခဲ့ပြီလို့ ပြောပါတယ်…”
လီထုန်ယာ ခဏအကြာမျှ ကြောင်အသွားခဲ့ရသည်။ မူလက သူ့ရင်ထဲရှိ ကျင့်စဉ်နှင့် ဓမ္မလက်နက်ကို ရရှိခဲ့သောကြောင့် ဝမ်းမြောက်ပျော်ရွှင်မှုများသည် မီးခိုးငွေ့များကဲ့သို့ ချက်ချင်းပင် လွင့်ပြယ်သွားခဲ့သည်။ အချို့သော ကြိုတင်အာရုံခံစားမှုများနှင့် ကြောက်ရွံ့မှုများသည် နောက်ဆုံးတွင် အမှန်တကယ် ဖြစ်လာခဲ့သည်။ သူက တိုးညှင်းစွာဖြင့် ရေရွတ်လိုက်သည်။
“ငါနားလည်ပြီ”
သူသည် ခေါင်းကိုလှည့်ကာ မျက်နှာလွှဲလိုက်သည်။ ၎င်းတို့နှစ်ဦးစလုံးသည် တောင်ထိပ်ထက်၌ အချိန်အတော်ကြာအောင် စကားတစ်ခွန်းမှမဆိုဘဲ ရပ်နေခဲ့ကြပြီး နောက်ဆုံးတွင် လီထုန်ယာက ပြောလိုက်ရသည်။
“သူဝတ်နေကျ အဝတ်အစားတွေကို သွားယူပြီး မင်းအဘိုးနဲ့အဖေရဲ့ဘေးက မိသားစုသင်္ချိုင်းမှာ မြှုပ်နှံလိုက်ပါ”
လီရွှမ်ရွှမ်က ခေါင်းညိတ်ပြသည်ကို မြင်သောအခါ လီထုန်ယာက မျက်ရည်များကို သုတ်လိုက်ပြီး တိုးညှင်းသော လေသံဖြင့် ထပ်မံမှာကြားလိုက်သည်။
“အစီအစဉ်အတိုင်း သေချာလုပ်ဖို့ မှတ်ထားပါ။ အလယ်မှာ ငါ့အတွက် နေရာချန်ထားဖို့ မနေ့နဲ့ဦး။”
“နားလည်ပါပြီ”