အခန်း (၁၁၁-၁၁၂)
Vol. 11 Ch. 111-112
အခန်း - (၁၁၁)
ကြေးမုံမျက်နှာပြင်ကို ရရှိခြင်း - ၁
“တလီပြက္ခဒိန် ၂၁၆ နှစ်တွင် ယွဲ့တောင်ခေါင်းဆောင် ကျားနီရှီသည် အရှေ့ဘက်သို့ ချီတက်ကျူးကျော်လာခဲ့ကာ လီချွမ်းခိုရွာနှင့် လီကျင်းမြို့တို့ကို လုယက်ဖျက်ဆီးပြီး တောင်တံခါးကို ချိုးဖျက်ကာ ထွက်ခွာသွားခဲ့သည်။”
လီကျင်းထျန်းသည် ကြက်သွန်မြိတ်နုနုများပမာ ဖြူဝင်းနုဖတ်နေသော လက်ချောင်းလေးများဖြင့် စုတ်တံကိုကိုင်ကာ ပိုးထည်စာလိပ်ပေါ်တွင် သတိကြီးစွာဖြင့် ရေးမှတ်နေခဲ့သည်။ သူမသည် ရံဖန်ရံခါ ရပ်တန့်၍ လက်ချောင်းများကိုချိုးကာ ရေတွက်ပြီး နေ့ရက်များကို တွက်ချက်နေခဲ့သည်။
“မိသားစုခေါင်းဆောင်သည် ယွဲ့တောင်သားတို့၏ ပိတ်ဆို့မှုကို ခံရသဖြင့် အနောက်ဘက်ရှိ မဟာကျွဲ့ထင်ဆီသို့ ချီတက်ကာ သေတွင်းထဲမှ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ရုန်းထွက်နိုင်ခဲ့ပြီး ရွာပေါင်း ၁၅ ရွာကို ကသောင်းကနင်း ဖြစ်စေခဲ့သည်။ ယွဲ့တောင်စစ်သူကြီးသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားခဲ့ဖြင့် ကျိန်စာဖြင့် သတ်ဖြတ်ခဲ့သည်။ သူ သွေးအန်လိုက်သောအခါ ပါးစပ်အတွင်းမှ ကျိုင်းကောင်များ ထွက်ပေါ်လာခဲ့ပြီး အသက် ၃၉ နှစ်တွင် ကွယ်လွန်သွားခဲ့သည်။ ထို့နောက် မိသားစုအရေးကိစ္စများကို ပင်မမျိုးနွယ်မှ သားအကြီးဆုံး ရွှမ်ရွှမ်က ဆက်ခံစီမံခဲ့သည်။”
လီကျင်းထျန်းသည် ဤအပိုင်းကို ရေးသားပြီးနောက် ဝမ်းနည်းပူဆွေးစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်လိုက်သည်။ သူမကိုယ်ပေါ်ရှိ စျာပနဝတ်စုံဖြူက လေပြည်များ၏ ပွတ်သပ်ကျီစယ်မှုကြောင့် ညင်သာစွာ လွင့်ပျံနေခဲ့သည်။ သူမဘေးနားရှိ လီထုန်ယာသည် ခေါင်းမော့လိုက်ကာ သူမ ပိုးထည်စာလိပ်ပေါ်တွင် ဆက်လက်ရေးသားသည်ကို ကြည့်နေခဲ့သည်။
“တလီပြက္ခဒိန် ၂၁၇ နှစ် နွေရာသီ၏ စတုတ္ထလတွင် မိုးခေါင်ရေရှားမှုကြီး ဖြစ်ပွားခဲ့ပြီး ယွဲ့တောင် ၁၅ ရွာတွင် ကောင်းကင်တစ်ခုလုံးအပြည့် တောင်ဘက်မှ ပျံသန်းလာကြသော ကျိုင်းကောင်ဘေးဒုက္ခဖြင့် ကြုံတွေ့ခဲ့ရသည်။”
“ကောင်းတယ်”
လီထုန်ယာက အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ သူသည် လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက မိသားစုရာဇဝင်ကို စတင်ရေးသားရန် ကြံရွယ်ခဲ့သော်လည်း အိမ်တွင်းအရေးကိစ္စများက များပြားလွန်းလှ၍ ပင်မမျိုးနွယ်၏ သားမြေးတိုင်းသည် အရေးကြီးသော တာဝန်အသီးသီးကို ထမ်းဆောင်နေခဲ့ကြရသည်။ ယခုအချိန်တွင် မထင်မှတ်ဘဲ လီကျင်းထျန်းက အားလပ်နေရုံတင်သာမကဘဲ လီမိသားစု၏ တိုက်ရိုက်မျိုးဆက်လည်း ဖြစ်သဖြင့် ဤတာဝန်ကို သူမထံ လွှဲအပ်လိုက်ခြင်းဖြစ်သည်။
လီကျင်းထျန်းသည် စုတ်တံကိုမြှောက်၍ မှင်တို့လိုက်ပြီး ရေးသားပြီးစီးသွားသော စာရွက်ကို ဘေးတွင် အသာချထားလိုက်ကာ အခြား ပိုးထည်စာလိပ်တစ်လိပ်ကို ဆွဲယူလိုက်သည်။ သူမက စတင်ရေးသားရန် ပြင်ဆင်လိုက်စဉ် ခြံဝင်းပြင်ပမှ သတင်းပို့သံကို ကြားလိုက်ရသည်။
“ချန်တုန်းဟယ်က တွေ့ဆုံခွင့် တောင်းခံပါတယ်”
“ဝင်လာခဲ့”
လီထုန်ယာသည် ချန်တုန်းဟယ်က ခြေလှမ်းကျဲကြီးများဖြင့် ခြံဝင်းအတွင်းသို့ ဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရသည်။ သူ့ကိုယ်ပေါ်တွင်လည်း စျာပနဝတ်စုံဖြူကို ဝတ်ဆင်ထားခဲ့သည်။
ချန်တုန်းဟယ်က လိုက်ကာနောက်ကွယ်ရှိ လီကျင်းထျန်းကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး လက်သီးဆုပ် အရိုအသေပေးကာ ပြောလိုက်သည်။
“ကျွန်တော့်မှာ အရေးတကြီး သတင်းပို့စရာကိစ္စတစ်ခု ရှိပါတယ်”
ချန်တုန်းဟယ်သည် စကားလုံးများကို ရွေးချယ်ရင်း စကားပြောရန် တုံ့ဆိုင်းနေခဲ့သည်။ သူသည် ရွာသို့ ပြန်ရောက်နေခဲ့သည်မှာ လအနည်းငယ်ခန့် ရှိပြီဖြစ်သော်လည်း လီထုန်ယာမှာ အမြဲတမ်း အလုပ်များနေခဲ့သဖြင့် ဆုံတွေ့ရန် ခဲယဉ်းလှပေသည်။ သူက အံကြိတ်ကာ ပြောလိုက်သည်။
“မိသားစုခေါင်းဆောင်က ဒီကိစ္စကို စီနီယာထုန်ယာ တစ်ယောက်တည်းကိုပဲ သတင်းပို့ရမယ်လို့ ညွှန်ကြားခဲ့ပါတယ်”
လိုက်ကာနောက်ကွယ်ရှိ လီကျင်းထျန်းက ခေါင်းကို ဆတ်ခနဲမော့လိုက်ပြီး စုတ်တံကို ညင်သာစွာ ချထားလိုက်ကာ ဦးညွတ်အရိုအသေပေးပြီး ထွက်ခွာသွားခဲ့သည်။ လီထုန်ယာ၏ မျက်နှာက လေးနက်တည်ကြည်သွားခဲ့ပြီး ဘေးပတ်ပတ်လည်ရှိ လူများကိုပါ ထွက်သွားခိုင်းလိုက်သည်။ ထိုအခါ ချန်တုန်းဟယ်က ရင်ဘတ်အိတ်အတွင်းမှ ကြည်လင်တောက်ပလှသော ပုလဲလုံးတစ်လုံးကို နှိုက်ယူကာ ဒူးထောက်လိုက်ပြီး လေးနက်စွာဖြင့် ပြောလိုက်သည်။
“မိသားစုခေါင်းဆောင်က မှာကြားခဲ့ပါတယ်။ ဒီပုလဲလုံးကို စီနီယာ့လက်ထဲကို ကိုယ်တိုင်ကိုယ်ကျ အရောက်ပေးအပ်ရမယ်လို့ပါ။ တုန်းဟယ် တစ်လမ်းလုံး မပေါ့ဆရဲခဲ့သလို ဒီအကြောင်းကို ဘယ်သူ့ကိုမှလည်း မပြောပြခဲ့ပါဘူး။”
လီထုန်ယာသည် ထိုပုလဲလုံးကို လှမ်းယူလိုက်ကာ သေသေချာချာ စေ့စေ့စပ်စပ် စစ်ဆေးကြည့်ရှုလိုက်သည်။ ကြည်လင်လှသော အခွံထဲတွင် လက်မအရွယ်ခန့်ရှိသည့် ဖြူစင်ဝင်းပသော စိန်ပွင့်ပုံသဏ္ဍာန် အပိုင်းအစတစ်ခုကို ထည့်သွင်းထားပြီး နေရောင်အောက်တွင် တဖျတ်ဖျတ် လင်းလက်နေသဖြင့် အတော်လေး ကြည့်ကောင်းလှပေသည်။
လီထုန်ယာက စကားပြောတော့မည်အပြုတွင် သူ့ကိုယ်တွင်းရှိ ဂမ္ဘီရပုလဲအဆောင်မျိုးစေ့က ရုတ်တရက် လှုပ်ရှားသွားခဲ့သဖြင့် သူ့ရင်ထဲတွင် အဆမတန် တုန်လှုပ်သွားခဲ့ရသည်။ သူသည် ချက်ချင်းပင် ပါးစပ်ပိတ်လိုက်ပြီး အမူအရာမပျက် ပြန်ပြောလိုက်သည်။
“ငါ သိပြီ။ ဒီအကျိုးဆောင်မှုကို ငါ မှတ်သားထားလိုက်မယ်။”
လီထုန်ယာသည် ချန်တုန်းဟယ်ကို ပြန်လွှတ်လိုက်ပြီးနောက် ထိုပုလဲလုံးကို သိမ်းထားရန် သိုလှောင်အိတ်ကို တစ်ချက် ပုတ်လိုက်သော်လည်း သိုလှောင်အိတ်အတွင်းသို့ ထည့်သွင်း၍မရကြောင်း တွေ့ရှိလိုက်ရသည်။ သူသည် မတတ်နိုင်တော့ဘဲ ရင်ဘတ်အိတ်အတွင်း၌သာ ဝှက်ထားလိုက်ရသည်။ သူသည် ခြံဝင်းအတွင်းသို့ လှမ်းဝင်လာသော လီကျင်းထျန်းကို ခေါင်းညိတ်ပြလိုက်ပြီး ဘေးခြံဝင်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားခဲ့တော့သည်။
xxxxxxxxxx
လုကျန်းရှန်း၏ နတ်ဘုရားအာရုံသည် ထိုပုလဲလုံးပေါ်တွင် အာရုံစိုက်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ လီထုန်ယာက အနောက်ခြံဝင်းဆီသို့ အလောတကြီး လျှောက်လှမ်းလာနေသည်ကို ကြည့်ရင်း ထိုအပိုင်းအစနှင့် ဆက်နွှယ်မှုကို ခံစားလိုက်ရသဖြင့် သူ့စိတ်ထဲတွင် ပိုမို၍ ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။
“ဒီတော့ ကြေးမုံက ညိုပြာရောင် အောက်ခြေပဲ ကျန်ခဲ့တာပေါ့။ ကြေးမုံမျက်နှာပြင်လို့ ခေါ်နေတဲ့အရာက တကယ်တော့ ပုံရိပ်ထင်နိုင်လောက်အောင် ချောမွေ့လွန်းနေတဲ့ အောက်ခြေပဲ… ကိုယ်ထည်တစ်ခုလုံးမှာရှိတဲ့ ကြေးမုံမျက်နှာပြင်က စောစောကတည်းက အပိုင်းပိုင်းအစစ ကြေမွပျက်စီးသွားပြီး နေရာအနှံ့ ပြန့်ကြဲသွားခဲ့တာကိုး!”
“အခုလက်ရှိ လီထုန်ယာလက်ထဲက ပုလဲလုံးထဲမှာရှိတဲ့ အဲဒီအပိုင်းအစလေးက မထင်မှတ်စရာကောင်းစွာနဲ့ပဲ ပျောက်ဆုံးနေခဲ့တဲ့ ကြေးမုံရဲ့ မျက်နှာပြင် အပိုင်းအစတွေထဲက တစ်ခုဖြစ်နေခဲ့တာပဲ!”
ကြေးမုံကိုယ်တိုင်သည်ပင် လက်ဖဝါးအရွယ်ခန့်သာ ရှိသည်ဖြစ်ရာ လက်သည်းခွံ နှစ်ခုစာခန့် အရွယ်အစားရှိသော ထိုအပိုင်းအစလေးသည် ကြေးမုံတစ်ခုလုံး၏ ဆယ်ပုံတစ်ပုံအရွယ်အစား ရှိပေသည်။ လုကျန်းရှန်းသည် တောင့်တစိတ်များ ပြင်းထန်လာခဲ့ရသည်။ သူသည် အတင်းအကျပ် ဆွဲယူချင်စိတ်ကို မနည်းအောင့်အီးထားကာ အနောက်ခြံဝင်းအတွင်း၌ တိတ်ဆိတ်စွာဖြင့် စောင့်ဆိုင်းနေခဲ့တော့သည်။
လီထုန်ယာသည် ဖြည်းဖြည်းချင်း ဦးညွတ်လိုက်ပြီး ပုလဲလုံးကို ပူဇော်စင်မြင့်ထက်သို့ တင်ထားလိုက်သည်။ လုကျန်းရှန်းသည် ချက်ချင်းပင် မန္နာစွမ်းအင်ကို အသက်သွင်းလိုက်သည်။ တောက်ပလှသော အဖြူရောင်အလင်းတန်းများ ကြေးမုံအတွင်းမှ ထွက်ပေါ်လာခဲ့ပြီး ညိုပြာရောင် ကြေးမုံကိုယ်ထည်မှာလည်း လေထဲသို့ လွင့်ပျံတက်လာခဲ့သည်။
ကြေးမုံဘောင်ပေါ်ရှိ မှော်စာလုံး ၁၂ လုံးသည် တစ်လုံးပြီးတစ်လုံး လင်းလက်လာခဲ့ကြသည်။ တောက်ပလှသော အဖြူရောင်အလင်းတန်းများသည် ရေလှိုင်းပမာ ကြေးမုံမျက်နှာပြင်ထက်၌ လှုပ်ရှားသွားခဲ့ကာ ပြင်းထန်လှသော ဖိအားကြီးက ခြံဝင်းအတွင်း ပျံ့နှံ့သွားခဲ့သဖြင့် လီထုန်ယာအား အသက်ပင် မရှူနိုင်လောက်အောင် ဖြစ်သွားစေခဲ့သည်။
လုကျန်းရှန်းသည် ထိုပုလဲလုံးကို ဆွဲယူလိုက်သည်။ အထွဋ်အထိပ်ယင်ဂမ္ဘီရအလင်း ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ထိုကြည်လင်လှသော အပေါ်ခွံသည် နှင်းခဲများ မီးတောက်နှင့် ထိမိသည့်အလား အရည်ပျော်သွားခဲ့ပြီး အဖြူရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်းသည် အမှန်တကယ်တွင် အခြေတည်အဆင့်ရှိသော အဆောင်ချီတစ်ခု ဖြစ်နေခဲ့သည်။
ထိုကြေးမုံအပိုင်းအစက ကြေးမုံကိုယ်ထည်ပေါ်သို့ တဖြည်းဖြည်းချင်း ကပ်သွားသည်နှင့်အမျှ ပြင်းထန်လှသော အိပ်ချင်စိတ်နှင့် စိတ်ကျေနပ်မှု အာရုံတစ်ခု သူ၏စိတ်ထဲသို့ တိုးဝင်လာခဲ့သည်။ လုကျန်းရှန်းသည် အိပ်စက်ကာ ကြေးမုံမျက်နှာပြင်အပိုင်းအစနှင့် ပေါင်းစပ်ရန် အလုပ်ရှုပ်သွားခဲ့သဖြင့် ထိုအဆောင်ချီကို ဆွဲယူ၍ လီထုန်ယာ၏ ရှန်းယန်းစံအိမ်တော်အတွင်းသို့ တိုက်ရိုက် ပစ်ထည့်ပေးလိုက်တော့သည်။
လုကျန်းရှန်း၏ မျက်စိရှေ့တွင် ချက်ချင်းပင် ဝေဝါးသွားခဲ့ရပြီး စာလုံးကြီးအချို့ ပေါ်ထွက်လာခဲ့သည်။
အပေါ်ဆုံးအတန်းတွင် ရွှေရောင်ဖျော့ဖျော့ စုတ်ချက်များဖြင့် ပုံဖော်ထားပြီး ထည်ဝါတည်ငြိမ်လှကာ စာလုံးတစ်လုံးစီက ထင်ရှားလေးနက်လှသည်။
“သမုဒ္ဒရာအနက်ပိုင်းထဲက ဝေလငါးကြီး”
၎င်း၏အောက်တွင်မူ မီးခိုးနက်ရောင်စုတ်ချက်များဖြင့် ရေးသားထားပြီး စုတ်ချက်တိုင်းက ထက်ရှလွန်းလှသဖြင့် သံနှင့်ကျောက်တုံးများဖြင့် ထုဆစ်ထားသည့်အလား ထင်မှတ်ရပေသည်။
“အသက်စတေးကာ ဖြတ်ကျော်ခြင်း။”
အတိတ်တုန်းက လီရှန်းဖျင်ကို အဆောင်ချီ ချီးမြှင့်ခဲ့စဉ်က ရွေးချယ်စရာ သုံးမျိုးရှိခဲ့သော်လည်း လီထုန်ယာ၌မူ နှစ်မျိုးသာ ရှိပေသည်။ ကြည့်ရသည်မှာ ဤအဆောင်ချီသည် လက်ခံသူကိုယ်တိုင်၏ ပါရမီနှင့် ပတ်သက်နေပုံရပြီး အဆောင်ချီ၏အဆင့်သည် အပ်နှင်းပြီးနောက်ပိုင်း ထွက်ပေါ်လာမည့် စွမ်းအားကိုသာ ဆုံးဖြတ်ပေးပုံရသည်။
လုကျန်းရှန်း၏ နတ်ဘုရားအာရုံက ထိုစာလုံးများအတွင်းသို့ နစ်မြုပ်သွားသောအခါ ဤအဆောင်ချီနှစ်ခု၏ ကွဲပြားမှုကို အကြမ်းဖျင်း ခံစားမိလိုက်သည်။
‘သမုဒ္ဒရာအနက်ပိုင်းထဲက ဝေလငါးကြီး’ အဆောင်သည် လက်ခံသူ၏ မန္နာစွမ်းအင်ကို ကျယ်ပြန့်များပြားသွားစေနိုင်ပြီး အဆီအနှစ်စွမ်းအင်ကိုလည်း သမုဒ္ဒရာပမာ နက်ရှိုင်းသွားစေကာ သာမန်လူများထက် အဆပေါင်းများစွာသော အရှိန်နှုန်းဖြင့် မန္နာစွမ်းအင်များကို ပြန်လည်ပြည့်တင်းစေနိုင်မည် ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ ‘အသက်စတေးကာ ဖြတ်ကျော်ခြင်း’ အဆောင်သည် လက်ခံသူအား သက်တမ်းကို စတေး၍ မန္နာစွမ်းအင်နှင့် လဲလှယ်စေနိုင်ပြီး တိုတောင်းလှသော အချိန်အတွင်း အဆပေါင်းများစွာသော စွမ်းအင်များကို ပေါက်ကွဲထွက်ပေါ်စေနိုင်မည် ဖြစ်သည်။
လုကျန်းရှန်းသည် ဤအဆောင်ချီနှစ်ခု၏ အညွှန်းစာများကို ဖတ်ရှုလိုက်ပြီးနောက် တုံ့ဆိုင်းခြင်းမရှိဘဲ ‘သမုဒ္ဒရာအနက်ပိုင်းထဲက ဝေလငါးကြီး’ အဆောင်ကိုသာ ရွေးချယ်လိုက်တော့သည်။
သူသည် လီထုန်ယာအား ပိုမိုမြင့်မားသောအဆင့်အထိ လျှောက်လှမ်းနိုင်ရန် မျှော်လင့်ထားသည်။ သို့မှာသာ သူ့ကိုယ်တွင်းရှိ ဂမ္ဘီရပုလဲအဆောင်မျိုးစေ့ကို ပြန်လည်မရယူမီ နောက်ထပ် ဆယ်စုနှစ်ပေါင်းများစွာ ထပ်မံပျိုးထောင်ပေးနိုင်ရန် ဖြစ်သည်။ ထို့အပြင် လီထုန်ယာ၏ စိတ်နေသဘောထားအရ အခြားသူများနှင့် သက်တမ်းကိုစတေး၍ တိုက်ခိုက်မည့်သူ မဟုတ်သဖြင့် ဤ ‘သမုဒ္ဒရာအနက်ပိုင်းထဲက ဝေလငါးကြီး’ အဆောင်ကသာ ပိုမိုလက်တွေ့ကျပေသည်။
“မင်းအတွက် အခွင့်ထူးတစ်ခု ပေးလိုက်ပြီ။ မိသားစုကို သေသေချာချာ စောင့်ရှောက်ပါ။ ငါ အရင်ဆုံး ခဏအိပ်စက်လိုက်ဦးမယ်…”
လုကျန်းရှန်းသည် သူ့ဘာသာ ရေရွတ်လိုက်ပြီး ဖြည်းဖြည်းချင်း အိပ်မောကျသွားခဲ့သည်။ အောက်တွင်ရှိနေသော လီထုန်ယာသည် အဖြူရောင်ချီအလင်းတန်းတစ်ခု သူ၏နဖူးအတွင်းသို့ တိုးဝင်သွားသည်ကို ခံစားလိုက်ရသည်။ သူ၏ ရှန်းယန်စံအိမ်တော်အတွင်း၌ ရွှေရောင်စာလုံးကြီး လေးလုံးဖြင့် ရေးသားထားသည့် ဖြူဖျော့ဖျော့ အဆောင်ချီတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
“သမုဒ္ဒရာ အနက်ပိုင်းထဲက ဝေလငါး ကြီး”
“အဖြူရောင်အဆောင်လား!”
လီထုန်ယာ မတုံ့ပြန်နိုင်သေးမီမှာပင် သူ့၏ချီဟိုင်အပ်စိုက်အမှတ်ရှိ ချက္ကရာသည် ပြင်းထန်စွာ လှုပ်ရှားသွားခဲ့ပြီး သူ၏ကျင့်စဉ်အဆင့်က မီးတောင်ပမာ အရှိန်အဟုန်ဖြင့် ထိုးတက်လာခဲ့သည်။
တတိယမြောက် ကောင်းကင်ဘုံအလွှာ…
စတုတ္ထမြောက် ကောင်းကင်ဘုံအလွှာ…
ပဉ္စမမြောက် ကောင်းကင်ဘုံအလွှာ…
လီထုန်ယာ၏ ချီဟိုင်အပ်စိုက်အမှတ်အတွင်းရှိ နက်ရှိုင်းသောရေကန်ကြီးသည် ရုတ်တရက် မူလထက် ၅ ဆ၊ ၆ ဆခန့် ကျယ်ပြန့်သွားခဲ့သည်။ မူလက အဆီအနှစ်စွမ်းအင်များဖြင့် ပြည့်နှက်နေခဲ့သော်လည်း လီထုန်ယာသည် သူ့ကျင့်ကြံခြင်း၏ ၂၀၊ ၃၀ ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့သကဲ့သို့ ခံစားလိုက်ရသည်။
လီထုန်ယာသည် စကားလုံးများဖြင့် မဖော်ပြနိုင်လောက်အောင် ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီး မယုံနိုင်စွာဖြင့် သူ့ဘာသာသူ ရေရွတ်လိုက်မိသည်။
“တကယ့်ကို မယုံနိုင်စရာကောင်းတဲ့ အဆောင်ချီပဲ… ဆိုတော့ အဲဒီပုလဲလုံးထဲမှာ အဆောင်ချီတစ်ခု ရှိနေတာကိုး… ‘သမုဒ္ဒရာအနက်ပိုင်းထဲက ဝေလငါးကြီး’ အဆောင်က တကယ့်ကို အစွမ်းထက်လွန်းတာပဲ!”
လီထုန်ယာသည် ညိုပြာရောင် ကြေးမုံက ဖြည်းဖြည်းချင်း ကျဆင်းလာသည်ကိုမြင်လျှင် ရိုသေလေးမြတ်စွာဖြင့် သုံးကြိမ်တိုင်တိုင် ဦးချလိုက်သည်။ ထို့နောက် သူသည် ခြံဝင်းအတွင်းမှ ထွက်ကာ တင်ပလ္လင်ခွေထိုင်ပြီး အဆီအနှစ်စွမ်းအင်များကို ပြန်လည်စုဆောင်းလိုက်တော့သည်။
သို့သော် လီထုန်ယာသည် ထိုင်လိုက်ရုံတင် ရှိသေးသော်လည်း တရားထိုင်ခြင်းအခြေအနေမှ ထပ်မံ၍ လန့်နိုးလုနီးပါး ဖြစ်သွားခဲ့ရပြန်သည်။
“ငါ့ရဲ့ချီပင်လယ်က ၅ ဆ၊ ၆ ဆ ကျယ်ပြန့်သွားတာမှန်ပေမဲ့ အဆီအနှစ်စွမ်းအင် ပြန်လည်ဖြည့်တင်းတဲ့အရှိန်က ၁၀ ဆမက မြန်ဆန်သွားတာပဲ! အစကတော့ ပြန်ပြည့်ဖို့ ၄၊ ၅ နာရီလောက် အချိန်ယူရမယ်လို့ ထင်ထားပေမဲ့ အခုကြည့်ရတာ တစ်နာရီတောင် မလိုတော့ဘူး ထင်တယ်!”
လီထုန်ယာသည် တင်ပလ္လင်ခွေထိုင်၍ တရားမှတ်လိုက်ရာ နာရီဝက်ခန့်မျှဖြင့် စွမ်းအင်များကို သေချာစွာ ထိန်းညှိပြီးစီးသွားခဲ့သည်။ သူ့ကိုယ်တွင်းရှိ ချောက်နက်ကြီးပမာ နက်ရှိုင်းကာ သမုဒ္ဒရာပမာ ကျယ်ပြန့်လှသော အဆီအနှစ်စွမ်းအင်များကို ခံစားလိုက်ရင်း တိတ်တဆိတ် ရေရွတ်လိုက်မိသည်။
“ခန့်မှန်းကြည့်ရသလောက် ဒီအဆောင်ချီမရခင်က ငါသုံးယောက် ပေါင်းစပ်လိုက်ရင်တောင် အခုငါ့ကို ဝိုင်းရံသတ်ဖြတ်နိုင်ဖို့ ခဲယဉ်းလိမ့်မယ်။ ဆန့်ကျင်ဘက်အနေနဲ့ ငါ့ရဲ့ အချိန်ဆွဲတိုက်ခိုက်မှုကြောင့် မန္နာစွမ်းအင် ကုန်ခမ်းပြီး သေသွားကြရလိမ့်မယ်…”
လီထုန်ယာသည် စိတ်ခံစားချက်များ များစွာ ပေါ့ပါးသွားခဲ့ပြီး လေထဲကို ပျံတက်လိုက်သည်။
အခန်း - (၁၁၂)
ကြေးမုံမျက်နှာပြင်ကို ရရှိခြင်း - ၂
သူက စိတ်ထဲတွင် တိတ်တဆိတ် တွေးတောလိုက်မိသည်။
“ရေကန်ထဲက အဲဒီဂူထဲမှာ ဝိညာဉ်ချီတွေနဲ့ ပြည့်နှက်နေတယ်။ ငါတို့မှာ အားလပ်တဲ့သူ ရှိတဲ့အခါကျရင် သေသေချာချာ ပြုပြင်မွမ်းမံရမယ်။ အဲဒါက ၁၀ဧကကျော်လောက် ကျယ်ဝန်းတာမို့ မေချယ်တောင်ပေါ်က ဂူဘယ်နှခုစာလောက် ရှိမလဲတောင် မသိဘူး။ နောင်ကျရင် ကျင့်ကြံအားထုတ်ဖို့ နေရာအတွက် စိုးရိမ်နေဖို့ မလိုတော့ဘူး။”
လီထုန်ယာသည် သိုလှောင်အိတ်ကို ပွတ်သပ်ကြည့်လိုက်သည်။ သူသည် ကျီကလန်ကို ချေမှုန်းခဲ့တုန်းက ဝေစုအဖြစ် ဝိညာဉ်ကျောက်တုံး ၅၀ ရရှိထားခဲ့ပြီး ပစ္စည်းများ ရောင်းချခြင်းနှင့် ဤနှစ်ပိုင်းအတွင်း စုဆောင်းထားသည်များကို ပေါင်းစပ်လိုက်လျှင် စုစုပေါင်း ဝိညာဉ်ကျောက်တုံး ၇၀ ခန့် ရှိပေသည်။
“ချလွင်…”
လီထုန်ယာသည် သိုလှောင်အိတ်အတွင်းမှ အေးစက်လှသော အလင်းတန်းများ ဖြာထွက်နေသည့် လှံရှည်တစ်စင်းကို ထုတ်ယူလိုက်သည်။ ၎င်းသည် ထိုမြွေဂူအတွင်းမှ ရရှိခဲ့သော အခြေတည်အဆင့် ဓမ္မလက်နက် ဖြစ်သည်။ ဖြူဖွေးနေသော လှံကိုယ်ထည်ပေါ်တွင် လျှပ်စီးအလင်းတန်းများ ဖြာထွက်နေခဲ့ပြီး လီထုန်ယာ၏ လက်ဖဝါးကိုပင် ထုံကျင်သွားစေခဲ့သည်။
“ဟူး…”
လီထုန်ယာက ခါးသက်သက်ဖြင့် ပြုံးလိုက်မိသည်။ သူသည် လှံသိုင်းပညာကို မတတ်ကျွမ်းရုံမျှသာမက ဤအခြေတည်အဆင့် ဓမ္မလက်နက်သည် တူညီသော ကျင့်စဉ်အဆင့်မရှိဘဲ အသုံးပြုနိုင်လိမ့်မည် မဟုတ်ပေ။ သူသည် ၎င်းကို သိုလှောင်အိတ်အတွင်း၌ ဖုန်တက်ခံထားရုံသာ ရှိတော့သည်။
“အိမ်မှာလည်း မဟာအစီအရင်ကို မခင်းကျင်းရသေးဘူးဆိုတော့ အရင်ဆုံး ငါပဲ ဆောင်ထားလိုက်ပါမယ်လေ။”
လီထုန်ယာသည် လှံရှည်ကို ဂရုတစိုက် သိမ်းဆည်းထားလိုက်ပြီးနောက် ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူလိုက်သည်။
ဤကျောက်စိမ်းပေလွှာသည် သာမန်ပေလွှာများနှင့် မတူဘဲ ပေလွှာတစ်ခုလုံး ခရမ်းရောင်သန်းနေခဲ့သည်။ ထိတွေ့ကြည့်လိုက်လျှင် အေးစက်ကာ ခိုင်ခန့်မှုကလည်း တွေးထင်ထားသည်ထက် များစွာ ကျော်လွန်နေခဲ့သည်။ လီထုန်ယာသည် အစွမ်းကုန် အားစိုက်ထုတ်မည်ဆိုလျှင်ပင် ၎င်းပေလွှာအား အနည်းငယ်မျှပင် ထိခိုက်စေနိုင်မည်မဟုတ်ဟု ယုံကြည်မိသည်။
“ကျန်းယွင်ရဲ့ ပြောပြချက်အရဆိုရင် ဒါက လင်းယွီဂိတ် ပျက်စီးသွားပြီးနောက် ပျောက်ဆုံးသွားခဲ့တဲ့ ‘မြစ်တောင်သုတ္တန်’ ပဲ ဖြစ်ရမယ်။ ဒါက ဘယ်လိုကျင့်စဉ်မျိုး ဖြစ်မလဲမသိဘူး။”
ဤကျောက်စိမ်းပေလွှာကို မန္တန်ကိုသုံးကာ ချိတ်ပိတ်ထားခဲ့သည်။ သူသည် ဝိညာဉ်အာရုံဖြင့် ထိတွေ့ကြည့်ရန် ကြိုးစားလိုက်သော်လည်း သံနံရံကြီးကို ဝင်ဆောင့်မိသည့်အလား ခံစားလိုက်ရသည်။ လီထုန်ယာသည် ရွေးချယ်စရာမရှိတော့ဘဲ နောင်တစ်ချိန်တွင် ၎င်းနှင့်ပတ်သက်သော သတင်းအချက်အလက်များ ပိုမိုစုဆောင်းနိုင်သည်အထိ စောင့်ဆိုင်းရန်သာ ဆုံးဖြတ်လိုက်ရတော့သည်။
အရှေ့ခြံဝင်းဆီသို့ သူ လှမ်းဝင်လိုက်သောအခါ လီရွှမ်ရွှမ်က သစ်သားပေလွှာတစ်ခုကို အာရုံစိုက်ဖတ်ရှုနေသည်ကို မြင်တွေ့လိုက်ရသည်။ လီထုန်ယာက သူ့ဘေးနားတွင် ညင်သာစွာ ထိုင်ချလိုက်ပြီး တိုးညှင်းစွာ မေးလိုက်သည်။
“အိမ်မှာ အခြေအနေ ဘယ်လိုလဲ”
“ကောင်းပါတယ်”
လီရွှမ်ရွှမ်က ခေါင်းညိတ်ကာ ရှင်းပြလိုက်သည်။
“ယွဲ့တောင်က ဒုက္ခသည်အရေအတွက်က လူပေါင်း ၁၂၀၀ အထိ ဖြစ်သွားပါပြီ။ ရွာထဲမှာ နဂိုကတည်းက ရှိနေတဲ့ ယွဲ့တောင်လူမျိုးတွေနဲ့ ပေါင်းလိုက်ရင် အရေအတွက် ၅၀၀၀ ကျော်သွားပါပြီ။”
“ကျွန်တော်တို့ အုပ်ချုပ်မှုအောက်မှာ ရွာသားအရေအတွက် သုံးသောင်းအထိ ရှိလာခဲ့ပါပြီ။ လီကျင်းမြို့ တစ်ခုတည်းမှာတင် လူဦးရေ တစ်သောင်းလောက် နေထိုင်ကြပါတယ်။ လီမိသားစုဝင် ၈၀၀ ကျော် ရှိပြီး ယဲ့မိသားစုဝင်က ၃၀၀၀ ကျော် ရှိပါတယ်။”
လီထုန်ယာက လီရွှမ်ရွှမ်လက်ထဲရှိ သစ်သားပေလွှာကို တစ်ချက် ဖျတ်ခနဲကြည့်လိုက်ပြီး အတွေးထဲနစ်မြောသွားပြီးနောက် ပြောလိုက်သည်။
“ဒီလောက် လူအရေအတွက်နဲ့ဆိုရင် လာမယ့်နှစ်မှာ ဝိညာဉ်အပေါက်ပါတဲ့သူတွေလည်း များများစားစား ရှိလာလိမ့်မယ်။ မင်း သေသေချာချာ စောင့်ကြည့်ထားဖို့ လိုလိမ့်မယ်။ ဒီယွဲ့တောင်သားတွေကို ကွယ်ရာမှာ ဘာပြဿနာမှ ရှာခွင့်မပေးနဲ့။”
“ကျွန်တော် နားလည်ပါတယ်။”
လီရွှမ်ရွှမ်က အလေးအနက် ခေါင်းညိတ်ကာ ရှင်းပြလိုက်သည်။
“ကျွန်တော် ယွဲ့တောင်မျိုးနွယ်အချင်းချင်း အိမ်ထောင်ပြုတာကို ပိတ်ပင်တားဆီးဖို့ အမိန့်ထုတ်ပြန်ထားပြီးပါပြီ။ အမျိုးသမီးတွေက ရွာသားတွေနဲ့ လက်ထပ်ရမှာဖြစ်ပြီး အမျိုးသားတွေကတော့ လယ်သမားအိမ်တွေမှာ အိမ်ပါသမက်အဖြစ် ဝင်ရောက်ရမှာပါ။ ယွဲ့တောင်သားတွေမှာ မျိုးရိုးနာမည် ခွဲခြားမှု မရှိတာမို့ သူတို့က မျိုးရိုးနာမည် ပြောင်းလဲရတာအပေါ် ကြီးကြီးမားမား ဆန့်ကျင်တာမျိုး မရှိကြပါဘူး။ မျိုးဆက် ၂ ဆက်၊ ၃ ဆက်လောက်ဆိုရင် ယွဲ့တောင်သားတွေနဲ့ ရွာသားတွေအကြား ကွဲပြားမှု ရှိတော့မှာ မဟုတ်ပါဘူး။”
“ကောင်းတယ်”
လီထုန်ယာက တိုးညှင်းစွာ ရယ်မောလိုက်ပြီး စကားလမ်းကြောင်းလွှဲကာ စနောက်လိုက်သည်။
“မင်းမှာ ကိုယ်လုပ်တော် ၆ ယောက် ရှိတယ်လို့ ငါကြားထားတယ် ဟုတ်လား။”
လီရွှမ်ရွှမ်သည် ချက်ချင်းပင် ဆွံ့အသွားခဲ့ပြီး အိုးတိုးအမ်းတမ်းဖြင့် ခေါင်းညိတ်ပြကာ ကပျာကယာ ဆင်ခြေပေးလိုက်သည်။
“ဒါတွေအားလုံးက လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ကိစ္စတွေပါ။ တတိယဦးလေးက ကျွန်တော့်အတွက် စီစဉ်ပေးခဲ့တာပါ…”
“မျိုးဆက်တွေ ပွားများတာက ကောင်းတဲ့ကိစ္စပါပဲ။ ပင်မမျိုးနွယ်ရဲ့ လူဦးရေက နည်းလွန်းနေသေးတယ်။”
လီထုန်ယာက ခေါင်းညိတ်ကာ ပြုံးပြီးပြောလိုက်သည်။
“ဒါပေမဲ့ မိန်းမကိစ္စတွေထဲမှာ နစ်မြောနေပြီးတော့ ကျင့်ကြံခြင်းကို ထိခိုက်တာမျိုးတော့ မဖြစ်စေနဲ့။”
လီရွှမ်ရွှမ်က ကပျာကယာ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကျွန်တော် မကြာသေးခင်က ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်ရဲ့ ပဉ္စမအဆင့်ဖြစ်တဲ့ ကျောက်စိမ်းမြို့တော်ချက္ကရာအစွန်းနားကို ထိတွေ့မိတယ်လို့ ခံစားရတယ်။ မကြာခင်မှာ အဆင့်တက်ဖို့ တံခါးပိတ် ကျင့်စဉ်ဝင်နိုင်တော့မှာပါ။”
လီထုန်ယာက ထရပ်လိုက်ပြီး ပြတင်းပေါက်ကနေတဆင့် အပြင်ဘက်ရှိ ဝင်လုဆဲဆဲ နေလုံးကြီးကို ငေးကြည့်ရင်း လေးနက်သောလေသံဖြင့် မေးလိုက်သည်။
“လုနဲ့ အန်းကလန်တွေဆီကို လွှတ်ထားတဲ့သူတွေဆီကကော ဘာကြားသေးလဲ။”
“သူတို့တွေ သတင်း ပြန်ပို့ထားကြပါတယ်။ လုကလန်နဲ့ အန်းကလန်ရဲ့ အုပ်ချုပ်မှုအောက်မှာ လူပေါင်း နှစ်သောင်းကျော်စီ ရှိကြပါတယ်။ မိသားစုတစ်ခုက ဟွာကျိုးတောင်ကို သိမ်းပိုက်ထားသလို အခြားမိသားစု တစ်ခုကတော့ ဟွာချန်တောင်ကို ပိုင်ဆိုင်ထားပါတယ်…”
လီထုန်ယာသည် လီရွှမ်ရွှမ်က ထိုကလန်နှစ်ခု၏ အသေးစိတ်သတင်းများကို တင်ပြပြီးသွားသည်အထိ နားထောင်လိုက်ပြီးမှ ပြောလိုက်သည်။
“အခု ငါတို့ရဲ့ အုပ်ချုပ်မှုအောက်က ရွာသားတွေမှာ ထပ်ပြီး တိုးချဲ့စိုက်ပျိုးစရာ မြေလွတ်မြေရိုင်း မရှိတော့သလို လူဦးရေတိုးတက်မှုကလည်း အဆုံးသတ်ကို ရောက်နေပြီ။ ဒီကလန်နှစ်ခုကို အရင်ဆုံး သေသေချာချာ စောင့်ကြည့်ထားပြီး အခွင့်အရေးကို စောင့်ဆိုင်းကြတာပေါ့။”
“ဟုတ်ကဲ့။”
လီရွှမ်ရွှမ်က ပြန်ဖြေလိုက်သည်။ ထို့နောက် ခဏအကြာမျှ အတွေးထဲနစ်မြောသွားခဲ့ပြီး အားတင်းကာ ပြောလိုက်သည်။
“နောက်ထပ် ကိစ္စတစ်ခု ရှိပါသေးတယ်။”
လီထုန်ယာက မျက်မှောင်ကြုတ်လိုက်ပြီး လေးနက်စွာဖြင့် မေးလိုက်သည်။
“ဘာလဲ”
“ကျွန်တော် ကြည့်ရသလောက် တုန်းဟယ်က ကျင်းထျန်းအပေါ် စိတ်ဝင်စားနေပုံရပါတယ်။”
“တုန်းဟယ်လား”
လီထုန်ယာသည် အလေးအနက် တွေးတောလိုက်ကာ သူ့မျက်နှာပေါ်တွင် ဝမ်းနည်းပူဆွေးမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့ပြီး ပြန်ဖြေလိုက်သည်။
“တုန်းဟယ်ရဲ့ ပါရမီက မဆိုးသလို စိတ်နေသဘောထားလည်း ဖြောင့်မတ်ပါတယ်။ ဒါပေမဲ့ ရှန်းဖျင်ကွယ်လွန်သွားတာ မကြာသေးတာမို့ မင်္ဂလာကိစ္စကို ဆွေးနွေးဖို့ မသင့်တော်သေးဘူး။ မင်း ကျင်းထျန်းကို စိတ်ဝင်စားနေတဲ့သူ ရှိ၊ မရှိ အရင်မေးကြည့်ဦး။ ပြီးမှပဲ ထပ်ပြီး ဆွေးနွေးကြတာပေါ့။”
xxxxxxxxxx
ညရောက်လာခဲ့ပြီဖြစ်ကာ အေးမြသော လရောင်က ကျောက်ခင်းလမ်းပေါ်သို့ ညင်သာစွာ ကျရောက်နေခဲ့သည်။ တောင်တန်းကြားက လေညင်းများကလည်း အလွန်ပင် စိတ်ကို ကြည်လင်လန်းဆန်းစေသည်။
လီကျင်းထျန်းသည် ဖယောင်းတိုင်မီးကို ထွန်းညှိကာ ဤရက်ပိုင်းအတွင်း ရေးသားပြီးစီးသွားခဲ့သော မှတ်တမ်းများကို ဂရုတစိုက် ဖတ်ရှုနေစဉ် တံခါးအပြင်ဘက်ဆီမှ ညင်သာသော တံခါးခေါက်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ တံခါးဝတွင် စောင့်ကြပ်နေသော ကလန်စစ်သည်တစ်ဦးက သတင်းပို့လိုက်သည်။
“သခင်မလေး မိသားစုခေါင်းဆောင်က သခင်မလေးကို ပင်မခြံဝင်းဆီကို လာခဲ့ဖို့ ခေါ်ခိုင်းလိုက်ပါတယ်။”
လီကျင်းထျန်းသည် ခဏတာမျှ ကြောင်အမ်းသွားခဲ့ပြီးမှ ဤစစ်သည်ပြောသော ‘မိသားစုခေါင်းဆောင်’ ဆိုသည်မှာ လီရွှမ်ရွှမ်ကို ရည်ညွှန်းခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။ သူမသည် စားပွဲခုံပေါ်ရှိ ဖယောင်းတိုင်မီးကို ငြိမ်းသတ်လိုက်ပြီး ညင်သာသော လေသံဖြင့် ပြန်ဖြေလိုက်သည်။
“နားလည်ပြီ”
လီကျင်းထျန်းသည် ပစ္စည်းများကို သိမ်းဆည်းကာ တံခါးကို ညင်သာစွာ ဖွင့်လိုက်သည်။ ထိုအခါ သူမသည် အနည်းငယ် ထိတ်လန့်သွားခဲ့ရပြီး မျက်စိရှေ့ရှိ လူငယ်ကို စိုက်ကြည့်ရင်း မျက်ခုံးပင့်ကာ ပြောလိုက်မိသည်။
“တုန်းဟယ်လား”
ချန်တုန်းဟယ်သည် အနည်းငယ် အိုးတိုးအမ်းတမ်းဖြင့် ခေါင်းညိတ်ပြလိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။
“ကျင်းထျန်း၊ မိသားစုခေါင်းဆောင်က မင်းကို လာခေါ်ခိုင်းလို့ပါ။”
လီကျင်းထျန်းသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိပြီး စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
“နင့်ကို ဘာလို့ ဒီလောက်အထိ အလုပ်ရှုပ်ခံပြီး လာခိုင်းရတာလဲ။ မိသားစုခေါင်းဆောင်က ဘာကိစ္စလဲဆိုတာ ပြောသေးလား။”
ချန်တုန်းဟယ်က အံကြိတ်လိုက်ပြီး လက်နှစ်ဖက်စလုံးကို တင်းတင်းဆုပ်ထားကာ ထစ်ငေါ့စွာဖြင့် ရှင်းပြလိုက်သည်။
“ငါ… မင်း… အာ! မိသားစုခေါင်းဆောင်က ငါ့ကို မေးတယ်။ မင်းနဲ့… အိမ်ထောင်ဖက်အဖြစ် လက်တွဲချင်သလားတဲ့…”
လီကျင်းထျန်း၏ ဗာဒံစေ့သဏ္ဍာန် မျက်ဝန်းများသည် ထိုစကားကို ကြားသောအခါ တဖြည်းဖြည်းချင်း ပြူးကျယ်သွားခဲ့ပြီး သူ့အား တည့်တည့်မတ်မတ် စိုက်ကြည့်လိုက်သည်။ သူမသည် သိသာစွာပင် အလွန်ထိတ်လန့်သွားခဲ့ရသဖြင့် သူမပါးစပ်မှ စကားလုံးတစ်လုံးသာ ထွက်ပေါ်လာခဲ့တော့သည်။
“ဟင်…”
သူတို့နှစ်ဦးသည် ခဏအကြာမျှ တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေမိခဲ့ကြသည်။ လီကျင်းထျန်းသည် သူ၏ တောက်လောင်နေသော မျက်ဝန်းများအတွင်းမှ အဖြေကို မြင်တွေ့လိုက်ရသည်။ သူမသည် ကျောက်ခင်းလမ်းပေါ်တွင် တိတ်ဆိတ်စွာ လမ်းလျှောက်နေရင်း အနည်းငယ် အသက်ရှူကြပ်လာသလို ခံစားလိုက်ရပြီး လက်နှစ်ဖက်စလုံး အေးစက်သွားခဲ့သည်။ သူမသည် မည်သည်ကို ရင်ဆိုင်ရတော့မည်ကို ကောင်းစွာ နားလည်သွားဟန်ရပေသည်။
ချန်တုန်းဟယ်သည်လည်း လီကျင်းထျန်း၏ တိတ်ဆိတ်ငြိမ်သက်မှုမှနေ၍ အခြေအနေကို နားလည်သွားခဲ့သည်။ သူ၏မျက်ဝန်းများအတွင်းမှ ထွက်ပေါ်နေသော မျှော်လင့်ချက်နှင့် လှပသော အရိပ်အယောင်များသည် မိုးရေဖြင့် လောင်းချခံလိုက်ရသော မီးတွင်းကြီးပမာ ချက်ချင်း ငြိမ်းသွားခဲ့ရပြီး အေးစက်ကာ ပြာမှုန်များ ဖရိုဖရဲဖြစ်နေသကဲ့သို့ ဖြစ်သွားခဲ့ရတော့သည်။
ချန်တုန်းဟယ်သည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ လီကျင်းထျန်းကို ပင်မခြံဝင်းဆီသို့ ပို့ဆောင်ပေးလိုက်ပြီးနောက် ခြံဝင်းတံခါးဝတွင် ဘုန်းခနဲ ထိုင်ချလိုက်ကာ ဝိုင်းစက်လှပနေသော လမင်းကြီးကို ငေးမောနေခဲ့တော့သည်။
လီကျင်းထျန်းသည် ထိတ်လန့်စိုးရိမ်မှုများဖြင့် ပင်မခြံဝင်းအတွင်းသို့ လှမ်းဝင်လာခဲ့သည်။ ပင်မထိုင်ခုံပေါ်တွင် သစ်သားပေလွှာတစ်ခုကို ကိုင်ကာ တိတ်ဆိတ်စွာ အာရုံစိုက် ဖတ်ရှုနေခဲ့သော လီရွှမ်ရွှမ် တစ်ဦးတည်းသာ ရှိနေခဲ့သည်။
ထိုနေရာရှိ ထိုင်ခုံပေါ်တွင် တည်ငြိမ်စွာ ထိုင်ရခြင်းကို အမြဲတမ်း သဘောကျနှစ်သက်သည့် လီရှန်းဖျင်နှင့် မတူဘဲ လီရွှမ်ရွှမ်သည် ထိုထိုင်ခုံကြီးပေါ်တွင် အခြားတစ်စုံတစ်ယောက်ထိုင်နေခဲ့ကာ သူ့ကို အချိန်ပြည့် စောင့်ကြည့်နေသကဲ့သို့
အချိန်အများစုတွင် ထိုင်ခုံဘေး၌သာ မတ်တတ်ရပ်နေလေ့ရှိသည်။
“ကျင်းထျန်း…”
လီရွှမ်ရွှမ်သည် တစ်ချက် လှမ်းကြည့်လိုက်ရုံမျှဖြင့် လီကျင်းထျန်း၏ မျက်ဝန်းများအတွင်းမှ အဖြေကို နားလည်လိုက်သည်။ သို့သော် သူသည် ထိုင်ခုံပေါ်မှနေ၍ ညင်သာသော လေသံဖြင့် မေးလိုက်သေးသည်။
“မင်း တုန်းဟယ်ကို ဘယ်လိုထင်လဲ။”
လီကျင်းထျန်းသည် လီရွှမ်ရွှမ်၏ မျက်ဝန်းများအတွင်းမှ မျှော်လင့်ချက် အရိပ်အယောင်အချို့ကို မြင်တွေ့လိုက်ရသည်။ သူမ၏ ဤအစ်ကိုကြီးသည် အမှန်တကယ်ပင် ချန်တုန်းဟယ်ကဲ့သို့သော စွမ်းဆောင်နိုင်သူတစ်ဦးနှင့် အိမ်ထောင်ပြုစေရန် မျှော်လင့်နေခဲ့ပြီး ထိုသွေးမျိုးဆက်ကို လီမိသားစုအတွင်းသို့ စီးဝင်စေချင်ခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။
“သူ့မှာ သတ္တိ ရှိသလို ယုံကြည်အားကိုးလို့ရတယ်။ ပါရမီကလည်း ကောင်းမွန်ပြီး အသက် ၁၅နှစ် အရွယ်မှာတင် ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်ရဲ့ တတိယအဆင့်ကို ရောက်နေပြီ။ သူက ချီကျင့်ကြံခြင်းအဆင့်ကို ရောက်ဖို့ မျှော်လင့်ချက် ရှိပါတယ်။”
လီကျင်းထျန်းက တည်ငြိမ်စွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။ လီရွှမ်ရွှမ်က ခေါင်းညိတ်လိုက်ပြီး အောက်သို့ လျှောက်လှမ်းလာခဲ့ကာ တိုးညှင်းသော လေသံဖြင့် ဖျောင်းဖျပြောဆိုလိုက်သည်။
“မြို့ရွာအသီးသီးက လူငယ်တွေထဲမှာ သူ့ကို ယှဉ်နိုင်တဲ့သူ ဘယ်သူ ရှိဦးမှာလဲ။ မင်း သူနဲ့ အဝင်အထွက် အသွားအလာလုပ်ပြီး ပိုပြီး ရင်းနှီးအောင် နေထိုင်ကြည့်ပါဦး”
လီကျင်းထျန်းသည် လီရွှမ်ရွှမ်၏ နှစ်ကိုယ်ကြား စကားများကို နားထောင်ရင်း သူမစိတ်ထဲတွင် ဟာလာဟင်းလင်းဖြစ်သွားခဲ့ကာ ငေးကြောင်ကြောင်ဖြင့် အပြင်သို့ ထွက်လာခဲ့တော့သည်။
ချန်တုန်းဟယ်သည် တံခါးဝတွင် ရှိမနေခဲ့တော့ပေ။ လီကျင်းထျန်းသည် ကျောက်ခင်းလမ်းအတိုင်း အတန်ကြာ လျောက်လှမ်းလာခဲ့ပြီးနောက် ရုတ်တရက် နက်ရှိုင်းလှသော အရေးမပါမှုနှင့် မလွယ်ကူမှုတို့ကို ခံစားလိုက်ရသည်။ သူမသည် ခေါင်းမော့လိုက်ပြီး ဝိုင်းစက်တောက်ပနေသော လမင်းကြီးကို စိုက်ကြည့်ရင်း စိတ်ထဲတွင် တိတ်တဆိတ် တွေးတောမိလိုက်တော့သည်။
“ငါ့မှာလည်း ဝိညာဉ်အပေါက်တစ်ခု ရှိခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ။”