အခန်း (၁၁၃-၁၁၄)
Vol. 11 Ch. 113-114
အခန်း - (၁၁၃) ကျားနီရှီ၏ သေဆုံးခြင်း
ကျားနီရှီသည် သားရေနှင့် ငှက်မွေးများဖြင့် တန်ဆာဆင်ထားသော ဝတ်ရုံကို ဝတ်ဆင်ကာ သားရဲအရိုးလှံကို ကိုင်စွဲလျှက် စင်မြင့်ထက်သို့ တိတ်ဆိတ်စွာ လျှောက်လှမ်းသွားခဲ့သည်။ သူ့တစ်ကိုယ်လုံးရှိ အရှိန်အဝါက အခြေတည်အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ တောက်ပသော နံနက်ခင်းနေရောင်ခြည်က သူ၏ခန္ဓာကိုယ်ပေါ်သို့ ရွှေရောင်အလင်းတန်းများကို ဖြန်းပက်နေခဲ့ပြီး သူ့အား ဤကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရစေသည်။
စင်မြင့်အောက်တွင်မူ အဆုံးအစမရှိသော ယွဲ့တောင်မျိုးနွယ်စုဝင်များဖြင့် ပြည့်နှက်နေခဲ့ပြီး ယုံကြည်သက်ဝင်မှုအပြည့်ဖြင့် တည်ငြိမ်စွာ ဒူးထောက်နေကြကာ လူတိုင်း၏ မျက်ဝန်းအတွင်း၌ မျှော်လင့်ချက်အလင်းရောင်များဖြင့် ပြည့်နှက်နေခဲ့သည်။ ယွဲ့တောင်မျိုးနွယ်စုများ၏ ကစဉ့်ကလျားနှင့် ပရမ်းပတာဖြစ်နေခဲ့သော နှစ်ပေါင်းတစ်ရာသည် မကြာမီပင် ပြီးဆုံးတော့မည်ဖြစ်ကာ ဤဘုရင်ကြီးက ၎င်းတို့အတွက် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပေးတော့မည်ဟု ယုံကြည်နေကြပေသည်။
စင်မြင့်အောက်ရှိ လူများ၏ ပူလောင်ပြင်းပြသော စိတ်လှုပ်ရှားမှုများနှင့် မတူညီဘဲ ကျားနီရှီ၏ မျက်ဝန်းအတွင်း၌မူ လှောင်ပြောင်ခြင်းနှင့် ရွံရှာခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။ သူသည် စင်မြင့်ထက်၌ တောင့်တင်းစွာရပ်ကာ အောက်ခြေတွင် ဒူးထောက်နေကြသော ယွဲ့တောင်မျိုးနွယ်ဝင်များကို အေးစက်စွာဖြင့် စိုက်ကြည့်နေခဲ့သည်။
“ကျားနီရှီ… အချိန်ကျပြီ”
သူ့ဘေးနားရှိ ဝတ်ရုံနက်ကို ဝတ်ဆင်ထားကာ သားရဲခေါင်း ကျိုင်းတုတ်ကို မြှောက်ကိုင်ထားသည့် နတ်ဆရာအိုကြီးက အက်ရှရှလေသံဖြင့် ပြောလိုက်သည်။ ထိုနတ်ဆရာအိုကြီး၏ အရှိန်အဝါသည် အံ့သြဖွယ်ကောင်းစွာပင် အခြေတည်အဆင့် အထွဋ်အထိပ်သို့ ရောက်ရှိနေခဲ့သည်။ ထိုအက်ရှရှအသံက ကျားနီရှီ၏ နားစည်ထဲသို့ ပျံ့လွင့်လာခဲ့သည်။
“အချိန်ဆွဲမနေနဲ့တော့… မင်း အေးအေးဆေးဆေး သေဆုံးသွားသရွေ့ ငါတို့ မင်းရဲ့လူတွေကို ထိခိုက်အောင် မလုပ်ဘူး။”
နတ်ဆရာအိုကြီး၏ အမူအရာက အကူအညီမဲ့နေပုံရပြီး စိတ်ထဲတွင်မူ သူ့အား တောင်အောက်သို့ တွန်းပို့ခဲ့ကြသော ဂိုဏ်းတူညီအစ်ကိုများအားလုံးကို ကျိန်ဆဲနေခဲ့သည်။
“ဒီတော့ ကျားနီရှီက တစ်ခုခု မူမမှန်ဘူးဆိုတာကို စောစောကတည်းက ရိပ်မိထားတာကိုး။ သူတို့အချင်းချင်း ဘောလီဘောပုတ်နေကြတာ မထူးဆန်းတော့ဘူး…။ ငါက နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်စဉ်ဝင်နေတော့ ဒါတွေကို မသိဘဲ အမှတ်ယူလို့ကောင်းတဲ့အလုပ်လို့ ထင်နေခဲ့တာ!”
“သူ့ကို စိတ်လိုလက်ရ ယဇ်ကောင်အဖြစ် လက်ခံဖို့ အတင်းအကျပ် ဖိအားပေးရတာက တကယ့်ကို မလွယ်ကူလှဘူး။ ဒီကောင့်မှာ သားသမီးလည်းမရှိ၊ ဇနီးမယားလည်း မရှိဘူး။ သူဂရုစိုက်တဲ့ တစ်ခုတည်းသောအရာက ဒီသိန်းဂဏန်းမကတဲ့ ယွဲ့တောင်ပြည်သူတွေပဲ။ ဒါကိုသုံးပြီးတော့ပဲ သူ့ကို ခြိမ်းခြောက်လို့ ရတော့တယ်။ အကယ်၍သာ ဒီယဇ်ပုလ္လင်ထက်ကို သူကိုယ်တိုင် လိုလိုလားလား တက်လာဖို့ မလိုအပ်ခဲ့ရင် ငါတို့ ဘာလို့ အပိုစကားတွေ ပြောနေရဦးမှာလဲ။ သူ့ကို တိုက်ရိုက် ကြိုးတုပ်ပြီး ပစ်တင်လိုက်ရုံပေါ့။”
ကျားနီရှီသည် သူ့အား အထင်သေးစက်ဆုပ်စွာဖြင့် တစ်ချက် ကြည့်လိုက်ပြီး လှံရှည်ကို တင်းတင်းဆုပ်ကိုင်ကာ တဖြည်းဖြည်းချင်း ရှေ့သို့တိုးလာခဲ့သည်။ အနီဖျော့ဖျော့ အလင်းတန်းများက စင်မြင့်ထက်ရှိ ပုံစံကွက်များကြားမှ စီးဆင်းလာခဲ့ပြီ ဖြစ်သည်။ သူက ရုတ်တရက် မေးလိုက်သည်။
“အဖိုးကြီး၊ ကျုပ် ခင်ဗျားကို မေးပါရစေဦး။ ခင်ဗျား ပြည်သူတွေကို ကျွေးမွေးဖူးသလား ဒါမှမဟုတ် စစ်တပ်ကိုရော အုပ်ချုပ်ဖူးသလား။”
နတ်ဆရာအိုကြီးသည် ကျားနီရှီ၏ မျက်နှာထက်က အလွန်အမင်း စက်ဆုပ်ရွံရှာသော အမူအရာကိုကြည့်ပြီး လွန်ခဲ့သော ရက်အနည်းငယ်တုန်းက သိန်းသန်းမကသော ယွဲ့တောင်မျိုးနွယ်ဝင်များဖြင့် ခြိမ်းခြောက်ခဲ့စဉ်က ရှိခဲ့သည့် မတတ်သာမှုနှင့် မခွဲနိုင်မခွာရက်ဖြစ်မှုများ လုံးဝ မရှိတော့သည်ကို မြင်တွေ့လိုက်ရသည်။ နတ်ဆရာအိုကြီး၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားခဲ့ပြီး တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များ ထောင်ထသွားခဲ့သည်။ သူက သတိပေးလိုက်သည်။
“ကျားနီရှီ! မင်း သိန်းသန်းမကတဲ့ ယွဲ့တောင်မျိုးနွယ်ဝင်တွေကို ပစ်ပယ်ပြီး စိတ်လိုက်မာန်ပါ မလုပ်စမ်းနဲ့!”
ကျားနီရှီက ဟားတိုက်ရယ်မောလိုက်ပြီး ဒေါသကြောင့် ဆံပင်များ ထောင်ထသွားကာ အေးစက်စွာဖြင့် ပြောလိုက်သည်။
“စစ်တပ်ဆိုတာ ငါ့ရဲ့ ဓားလှံလက်နက်ပဲ။ ပြည်သူဆိုတာ ငါ့ရဲ့ ရထားလုံးပဲ။ လူသားက ပစ္စည်းကိရိယာတွေအတွက်နဲ့ အသေခံရမယ့် သဘောတရား ဘယ်မှာရှိလို့လဲကွ!”
ဤစကားများကို ကြားလိုက်ရသောအခါ နတ်ဆရာအိုကြီးသည် ချက်ချင်းပင် တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်း သိလိုက်သည်။ ကျားနီရှီ၏ ခန္ဓာကိုယ်အတွင်းရှိ မန္နာစွမ်းအင်များ တိုးပွားလာခဲ့ပြီး သူ၏ ဆန်းကြယ်အသွင် ချက္ကရာကိုပင် ချေမှုန်းဖျက်ဆီးတော့မည့် ခံစားချက်မျိုးကို ခံစားလိုက်ရသဖြင့် တကြော်ကြော် အော်ခေါ်လိုက်တော့သည်။
“ဆရာ!”
ကောင်းကင်ယံသည် ရုတ်တရက် မည်းမှောင်သွားခဲ့သည်။ ကြုံလှီလှသော လက်ကြီးတစ်ဖက်သည် လေဟာနယ်ကို ဖြတ်ကျော်လျှက် ရောက်ရှိလာခဲ့ပြီး ကျားနီရှီ၏ ခန္ဓာကိုယ်အတွင်းရှိ ထူးဆန်းလှသော ပြောင်းလဲမှုများကို ဖိနှိပ်ရန် ကြိုးပမ်းလိုက်သည်။ သို့သော် အရှေ့ဘက်အရပ်ဆီမှ ဆန်းကြယ်သော အလင်းတန်းတစ်ခု ပျံသန်းလာခဲ့ပြီး ထိုလက်ကြီးကို တည့်တည့်မတ်မတ် ရိုက်ခတ်လိုက်ကာ ခဏအကြာမျှ တားဆီးပေးလိုက်သည်။
ချောက်…
ကျားနီရှီ၏ ခန္ဓာကိုယ်အတွင်းရှိ ချက္ကရာခြောက်ခုစလုံးသည် ချောက်ခနဲအသံနှင့်အတူ ကြေမွပျက်စီးသွားခဲ့သည်။ သူ့ကိုယ်တွင်း၌ တည်ဆောက်ထားခဲ့သော မဟာတာအို၏ အခြေခံအုတ်မြစ်သည် ဝုန်းခနဲ ပေါက်ကွဲသွားခဲ့တော့သည်။ ရဲရဲနီသော သွေးအလင်းတန်းများ တရဟော ပေါက်ကွဲထွက်လာခဲ့ပြီး ထိုနတ်ဆရာအိုကြီးကို အလွန်အမင်း မျက်နှာပျက်ယွင်းသွားစေခဲ့တော့သည်။
နာကျင်မှုသည် သူ၏နှလုံးသားထဲသို့ ဝင်ရောက်လာခဲ့ပြီး ကျားနီရှီသည် ပါးစပ်ထဲတွင် သူ့သွေး၏အရသာကို မြည်းစမ်းလိုက်ရသည်။
သူသည် အနောက်ဘက်သဲကန္တာရထဲသို့ ခရီးနှင်ခဲ့စဉ်က လပေါင်းများစွာ ဝိုင်းရံပိတ်ဆို့မှုကို ခံခဲ့ရပြီး သေလုနီးပါးဖြစ်ခဲ့ရသော စိတ်ပျက်အားငယ်ဖွယ် နေ့ရက်များကို ပြန်လည်သတိရမိလိုက်သည်။ ထိုနေရာတွင် ယွဲ့တောင်အမျိုးသမီးတစ်ဦးသည် အစာငတ်ပြတ်ပြီး သေဆုံးသွားခဲ့သော သားဖြစ်သူ၏ အသားများကို ခုတ်ထစ်ပြီးနှပ်ထားကာ အကြိမ်ကြိမ်အခါခါ ချက်ပြုတ်ပြီး အခြောက်လှန်းထားခဲ့သည်။ ထိုအချိန်က သူမပြုလုပ်ထားခဲ့သော အသားခြောက်များသည် မမျှော်လင့်ထားဘဲ ချိုမြိန်ပြီး အရသာရှိနေခဲ့သည်။
(Note. တကယ်တော့ ဒီအပေါ်က စာနှစ်ပုဒ်က တရုတ် (raw) မှာ မပါပါဘူး။ မပါဘူးဆိုတာက ဆင်ဆာဘာညာကြောင့် ဖြုတ်လိုက်ရပုံပေါ်ပါတယ်။ ဒါပေမယ့် အင်္ဂလိပ်ဘာသာပြန်မှာ ပါတာရော ဒီစာပုဒ်မပါရင် အောက်က ‘အမျိုးသမီး’ ဆိုတာက ဘယ်သူ့ကို ပြောနေတာမှန်း မသိဘဲနေမှာကြောင့်ရော ထည့်ပေးလိုက်ပါတယ်။)
“မင်းဘာလိုချင်လဲ အမျိုးသမီး”
ကျားနီရှီသည် ချပ်ဝတ်တန်ဆာများကို ချွတ်ပစ်လိုက်ပြီး သူမအား တည်ငြိမ်စွာ မေးလိုက်သည်။
“ဘုရင်ကြီး အသက်ရှင်နေဖို့ပါ။”
သူမက ပြန်ဖြေလိုက်သည်။
အတိတ်အာရုံများက ရုတ်တရက်ပင် ပြီးဆုံးသွားခဲ့သည်။ ဤယွဲ့တောင်မျိုးနွယ်ဝင်တို့၏ ဘုရင်ကြီးသည် သောင်းဂဏန်းမကသော ယွဲ့တောင်လူမျိုးများ၏ ရှေ့မှောက်၌ပင် ကောင်းကင်အပြည့် အသွေးအသားများအဖြစ် ပေါက်ကွဲထွက်သွားခဲ့သည်။ ရဲရဲနီနေသော သွေးစက်များက စင်မြင့်ကြီးတစ်ခုလုံးကို နီရဲသွားစေခဲ့တော့သည်။
ကျားနီရှီ၏ ညိုမှိုင်းသော မျက်လုံးအိမ်သည် ပေဆယ်ဂဏန်းမက ဝေးကွာလှသောအရပ်ဆီသို့ လွင့်စင်သွားခဲ့ပြီး ခုန်ကာ စင်မြင့်အောက်သို့ ကျဆင်းသွားခဲ့ပြီး ဒူးထောက်နေသော ယွဲ့တောင်အမျိုးသမီးတစ်ဦး၏ ရှေ့မှောက်သို့ လူးလိမ့်ကာ ရောက်လာခဲ့သည်။
ကျောပေါ်၌ ကလေးကို ချီပိုးထားသော ထိုယွဲ့တောင်အမျိုးသမီးသည် မြွေကိုက်ခံရသည့်အလား ဝုန်းခနဲ ခုန်ထလိုက်မိသည်။ ထို့နောက် တုန်တုန်ရင်ရင်ဖြင့် ထိုညိုမှိုင်းလှသည့် မျက်လုံးအိမ်ကို ကောက်ယူလိုက်ကာ သူမ၏ မျက်နှာက ဖြူလိုက်ပြာလိုက် ဖြစ်နေခဲ့တော့သည်။ သူမသည် အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်ကာ သွေးတစ်လုတ်ကို အတင်းအကျပ် အန်ထုတ်လိုက်ရတော့သည်။
ကမ္ဘာမြေကြီးတစ်ခုလုံးသည် ချက်ချင်းပင် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ကြီးမားလှသော ထိတ်လန့်ခြောက်ခြားမှုကြီးက အောက်ခြေရှိ စစ်သည်များနှင့် ပြည်သူများကို စကားတစ်ခွန်းမျှ မဟနိုင်လောက်အောင် ဖိနှိပ်ထားခဲ့သည်။ ကောင်းကင်ယံထက်တွင် တိမ်တိုက်မည်းများနှင့် လျှပ်စီးများ အလျှင်အမြန်ပင် စုဝေးလာခဲ့ပြီး လေပြင်းများက နေရာအနှံ့ကို တိုက်ခတ်သွားခဲ့သည်။
“ဘယ်သူလဲ…”
ရေရွတ်သံတစ်ခုသည် နတ်ဆရာအိုကြီး၏ နားစည်ကို ရိုက်ခတ်လာခဲ့သည်။ သူသည် တုန်တုန်ယင်ယင်ဖြင့် မြေပြင်ပေါ်၌ ဒူးထောက်လိုက်ရသည်။ သူ၏ အခြေတည်အထွဋ်အထိပ်အဆင့်ရှိသော ကျင့်ကြံခြင်းအဆင့်က မည်သည့်လုံခြုံမှုကိုမျှ ယူဆောင်မပေးနိုင်တော့ပေ။ နတ်ဆရာအိုကြီး၏ နှလုံးသားတစ်ခုလုံးတွင် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်သွားခဲ့ရသည်။
“ဒါက မိတ်ဆွေဟောင်းတစ်ယောက် မဟုတ်ဘူး… ဒါက အသစ်တက်လာတဲ့ ခရမ်းရောင်စံအိမ်တော်အဆင့်ပဲ… ဘယ်သူလဲ!”
မိုးခြန်းသံပမာ ပြင်းထန်လှသော ဒေါသတကြီး ဟိန်းဟောက်သံက နတ်ဆရာအိုကြီး၏ နားစည်ထဲတွင် ပေါက်ကွဲထွက်သွားခဲ့သည်။ စင်မြင့်ထက်ရှိ ချီကျင့်ကြံခြင်းအဆင့် ယွဲ့တောင်မျိုးနွယ်ဝင်များသည် ချက်ချင်းပင် အသားစများအဖြစ် ပေါက်ကွဲသွားခဲ့ကြသည်။ ရွှံ့နှင့်အုတ်များဖြင့် ဆောက်လုပ်ထားသော စင်မြင့်ကြီးသည် ဝုန်းခနဲအသံနှင့်အတူ ပြိုကျပျက်စီးသွားခဲ့သည်။ ရွှံ့နှင့် သဲများ တရဟောကျဆင်းလာခဲ့ပြီး ထူထပ်လှသော မြေသင်းရနံ့က ချက်ချင်းပင် မဟာကျွဲ့ထင်တစ်ခွင်လုံး ပျံ့နှံ့သွားခဲ့တော့သည်။
“ဘယ်သူက သူ့ကျင့်ကြံခြင်းကို ဖျက်ဆီးပြီး ခန္ဓာကိုယ်ကို ဖေါက်ခွဲဖို့ သင်ပေးခဲ့တာလဲကွ! ဘယ်သူလဲ!”
အနက်ရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အသက်လတ်ပိုင်းအရွယ် လူတစ်ဦး လေဟာနယ်တွင် ရပ်နေခဲ့သည်။ တစ်ကိုယ်လုံး ဖုန်မှုန့်များ ပေကျံကာ စုတ်ပြတ်သတ်စွာဖြင့် ဒူးထောက်နေခဲ့သော နတ်ဆရာအိုကြီးသည် ထိုအသက်လတ်ပိုင်းအရွယ်လူက လက်ကိုမြှောက်ထားပြီး မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်နေသည်ကို မြင်တွေ့လိုက်ရသည်။
“တစ်ယောက်ယောက်က ငါ့အပေါ် ဒီလောက်ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်စေခဲ့တာ… ဘယ်လောက်ကြာခဲ့ပြီလဲ!”
ခမ်းနားထည်ဝါလှသော အရှိန်အဝါကြီးသည် အရပ်မျက်နှာအနှံ့သို့ ဖုံးလွှမ်းသွားခဲ့သည်။ မဟာကျွဲ့ထင်အတွင်းရှိ ယွဲ့တောင်မျိုးနွယ်ဝင်များအားလုံး တုန်ယင်သွားခဲ့ကြသည်။
“ဆရာ! အဲဒါက ဂမ္ဘီရအလင်းမန္တန်ပါ… မိစ္ဆာဂိတ်ရဲ့လက်ချက် ဖြစ်နိုင်ချေများပါတယ်!”
နတ်ဆရာအိုကြီး၏ ကျောထဲတွင် အေးစိမ့်သွားခဲ့သည်။ သူက ထစ်ငေါ့စွာဖြင့် ပြန်လည်ဖြေကြားလိုက်ရာ ထိုအသက်လတ်ပိုင်းအရွယ် ခရမ်းရောင်စံအိမ်တော်အဆင့် ကျင့်ကြံသူက အေးစက်စွာ ပြောလိုက်သည်။
“ရေကန်ပြာမိစ္ဆာဂိတ်… အတိတ်တုန်းက ဒီအဘိုးကြီး လောကထိပ်ဆုံးမှာ ရပ်တည်နေခဲ့တုန်းက သူတို့ဆိုတာ ပျက်စီးယိုယွင်းနေတဲ့ တောင်ဂိတ်လေးကို စောင့်ကြပ်နေရတဲ့ ဂိုဏ်းငယ်လေးတစ်ခုပဲ ရှိသေးတာ။ အခုတော့ ငါ့ကို လာပြီးစော်ကားရဲတယ်ပေါ့ ဟုတ်လား!”
ထိုစကားဆုံးသွားသည်နှင့် သူသည် အပျက်အစီးများ၏အပေါ်မှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ နတ်ဆရာအိုကြီးသည် အတန်ကြာ ဆက်လက်ဒူးထောက်နေခဲ့ပြီးမှ တိတ်တဆိတ် ခေါင်းမော့ကြည့်ရဲတော့သည်။ သူသည် ထိုအသက်လတ်ပိုင်းအရွယ်လူက ထွက်ခွာသွားခဲ့ပြီမှာ ကြာပြီဖြစ်ကြောင်း တွေ့လိုက်ရမှသာ လွန်းပျံယာဉ်ကို စီးနင်းကာ ထွက်ခွာသွားခဲ့တော့သည်။
ကျန်ရစ်ခဲ့သော သောင်းဂဏန်းမကသော ယွဲ့တောင်မျိုးနွယ်ဝင်များသည် မြေပြင်ပေါ်တွင် ဝပ်စင်းကာ တိုးညှင်းစွာဖြင့် ငိုကြွေးနေခဲ့ကြသည်။ ထောင်သောင်းမကသော အမွှေးတိုင်ငွေ့များသည် မီးခိုးဖျော့ရောင် နာကျည်းချီများအဖြစ် ပြောင်းလဲသွားခဲ့ပြီး မဟာကျွဲ့ထင်၏ ကောင်းကင်ယံထက်တွင် လွင့်မျောနေခဲ့တော့သည်။
“ဘုရင်ကြီး…”
မြေပြင်ပေါ်ရှိ ယွဲ့တောင်မျိုးနွယ်ဝင်များသည် ထိုညိုမှိုင်းသော မျက်လုံးအိမ်ကို ဝိုင်းရံကာ ဒူးထောက်ငိုကြွေးနေကြစဉ် အဝေးမှ ဆူညံသော အတောင်ပံခတ်သံများ သူတို့ဆီသို့ တဖြည်းဖြည်းချင်း ချဉ်းကပ်လာခဲ့သည်။
“ကျိုင်းကောင်တွေ! ကျိုင်းကောင်တွေ!”
မြို့ရိုးထက်ရှိ စစ်သည်များက ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ အဝေးတွင် ဒီရေများ တက်လာသကဲ့သို့ မီးခိုးနက်ရောင် ကျိုင်းကောင်များ တရဟော တိုးဝင်လာခဲ့ကြပြီး ဆူညံသံများက ကမ္ဘာမြေတုန်ဟီးမတတ် ထွက်ပေါ်နေခဲ့သည်။ ထိုကျိုင်းကောင်များသည် မဟာကျွဲ့ထင်၏ ကောင်းကင်ထက်၌ လွတ်လပ်စွာ ပျံသန်းကာ မိုးခေါင်ရေရှားမှုနှင့် ဘေးဒုက္ခကြီးကြောင့် စုစည်းနေခဲ့သော နာကျည်းချီများကို စုပ်ယူဝါးမြိုလိုက်ကြတော့သည်။
ဝီ…
ကျိုင်းကောင်များသည် လူများ၏ ခန္ဓာကိုယ်ပေါ်သို့ ဝင်ဆောင့်မိကြသဖြင့် နာကျင်မှုကို ခံစားလိုက်ကြရသည်။ ထိုသည်က နာကျင်ရုံမျှသာ ဖြစ်သော်လည်း ယွဲ့တောင်သားများသည် ဆူညံစွာ အော်ဟစ်ငိုကြွေးကြကာ တစ်ဦးကိုတစ်ဦး တိုးဝှေ့နင်းမိကြသဖြင့် မဟာကျွဲ့ထင်တစ်ခုလုံးသည် တခဏချင်းပင် လောကငရဲအလား ဖြစ်သွားခဲ့ရတော့သည်။
“ဘုရင်ကြီး”
အရှိန်အဟုန်ပြင်းလှသော လူဒီရေလှိုင်းကြီးက အလျှင်အမြန် စုဆောင်းလာနေသည်ကို မြင်လျှင် ကလေးကို ကျောပိုးထားသော အမျိုးသမီးသည် ကပျာကယာပင် ကောင်လေးကို အမြင့်သို့ မြှောက်လိုက်ပြီး ရှိသမျှအင်အား အားလုံးကိုသုံးကာ ခပ်နိမ့်နိမ့် ကျောက်တုံးကြီးပေါ်သို့ အားကုန်ပစ်တင်ပေးလိုက်သည်။ သူမသည်ကား ချက်ချင်းပင် လူပင်လယ်ကြီးထဲတွင် နစ်မြုပ်ပျောက်ကွယ်သွားခဲ့ရပြီး မြေပြင်ပေါ်တွင် အသားစများနှင့် အရိုးစအကျိုးအပဲ့များအဖြစ် ပြောင်းလဲသွားခဲ့ရရှာတော့သည်။
ကောင်းကင်အနှံ့ လွှမ်းခြုံထားသော ကျိုင်းကောင်များ၏ အတောင်ပံခတ်သံများကြားထဲ၌ ရွှေရောင်ဝင်းပနေသော နံနက်ခင်းနေရောင်ခြည်သည် မည်းမှောင်နေသော တိမ်တိုက်များ၏ ဖုံးကွယ်ခြင်းကို ခံလိုက်ရပြီး မြောက်ဘက်တောင်ခြေရင်း တစ်ခုလုံးသည် နက်ရှိုင်းလှသော အမှောင်ထုထဲသို့ နောက်တစ်ကြိမ် ပြန်လည်ကျရောက်သွားခဲ့တော့သည်။
xxxxxxxxxx
လေထုထဲတွင် စိုစွတ်သော ရေငွေ့များ ပျံ့နှံ့သွားခဲ့ပြီး မြို့ရွာအသီးသီးတွင် ရွှင်မြူးဝမ်းမြောက်လှသော ရယ်မောသံများဖြင့် ပြည့်နှက်နေခဲ့သည်။ ရွာသားများသည် ဆီးအိုးမှသည် စည်ပိုင်းကြီးများအထိ အရွယ်အစားမျိုးစုံရှိသော ပုံးများကို ထုတ်လာခဲ့ကြပြီး သည်းထန်စွာ ရွာသွန်းလာတော့မည့်မိုးကို စိတ်အားထက်သန်စွာဖြင့် စောင့်ဆိုင်းနေကြတော့သည်။
“နောက်ဆုံးတော့ မိုးရွာပြီ!”
လီရွှမ်ရွှမ်၏ မျက်နှာထက်က စိုးရိမ်ပူပန်မှုများသည် နောက်ဆုံးတွင် လွင့်ပြယ်သွားခဲ့ပြီ ဖြစ်သည်။ သူသည် ပြုံးရွှင်စွာဖြင့် လမ်းမထက်၌ ပြေးလွှားနေကြသော ရွာသားများကို လှမ်းကြည့်နေခဲ့သည်။ မိုးခေါင်ရေရှားမှုသည် ရှစ်လတိတိ ကြာမြင့်ခဲ့ပြီး ယခုနောက်ဆုံးတွင် မိုးရွာသွန်းခဲ့ပြီ ဖြစ်သည်။
သူ့ဘေးနားတွင် လီရွှမ်လင်သည် နှုတ်ခမ်းကို စေ့ထားကာ စကားမပြောသော်လည်း သူ့မျက်နှာထက်တွင်လည်း ဝမ်းမြောက်မှုအရိပ်အယောင်များ ရှိနေခဲ့သည်။ လက်ထဲရှိ ဓားရှည်ထက်တွင် မီးခိုးရောင် နက်ရှိုင်းဒီရေဓားအရှိန်အဝါများ တဖျတ်ဖျတ် လင်းလက်နေခဲ့သဖြင့် သိသာထင်ရှားစွာပင် ရလဒ်များ ရှိနေခဲ့ပြီ ဖြစ်သည်။
လီကျင်းထျန်းသည် စုတ်တံကို ကိုင်ထားကာ ပြုံးရွှင်စွာဖြင့် ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်နေခဲ့သည်။ မိုးစက်များသည် ကျောက်ခင်းလမ်းပေါ်သို့ တစ်စက်ပြီးတစ်စက် ကျရောက်နေခဲ့သည်။ သူမဘေးနားတွင် ချန်တုန်းဟယ်က သူမအား တိတ်တဆိတ် ငေးကြည့်နေခဲ့သည်။
“တုန်းဟယ်”
လီကျင်းထျန်းက ရုတ်တရက် လှမ်းခေါ်လိုက်သဖြင့် ချန်တုန်းဟယ်သည် ထိတ်လန့်သွားခဲ့ရပြီး မျက်နှာတစ်ခုလုံး ရဲရဲနီသွားကာ ခေါင်းငုံ့လိုက်မိသည်။ ထို့နောက် ကပျာကယာဖြင့် ပြန်ဖြေလိုက်သည်။
“ဟင်..”
“ငါ့ကို အဖေ အနောက်ဘက်မှာ ဘာကြုံတွေ့ခဲ့ခဲ့ရလဲ ပြောပြပါဦး။”
ချန်တုန်းဟယ်သည် ချက်ချင်းပင် ဝမ်းမြောက်သွားခဲ့သည်။ သူသည် သူမအား အနောက်ဘက်ဆီသို့ ချီတက်ခဲ့စဉ်က အဖြစ်အပျက်မျိုးစုံကို အသေးစိတ် စတင်ပြောပြလိုက်တော့သည်။ လီကျင်းထျန်းသည် ရံဖန်ရံခါ ခေါင်းညိတ်ရင်း ငြိမ်သက်စွာ နားထောင်နေခဲ့သည်။
သည်းထန်လှသော မိုးကြီးသည် နေရာအနှံ့တွင် ရွာသွန်းခဲ့သည်။ ရွာသားအားလုံးသည် မိုးရေထဲ၌ ပြေးလွှားကာ အောင်ပွဲခံနေကြပြီး သူတို့အားလုံး၏ မျက်နှာတွင် ပျော်ရွှင်မှုအပြုံးများဖြင့် ပြည့်နှက်နေခဲ့သည်။ လီထုန်ယာသည် လေထဲသို့ ပျံသန်းကာ တိမ်တိုက်များကြားမှနေ၍ အတန်ကြာ စိုက်ကြည့်နေခဲ့ပြီး သူ၏မျက်ခုံးများလည်း စိတ်သက်သာရာရကာ ပိုမိုပြေလျော့သွားခဲ့သည်။
“ကောင်းလိုက်တဲ့မိုး… တကယ့်ကို ကောင်းလိုက်တဲ့မိုး”
သူသည် အဝေးရှိ အနောက်ဘက်အရပ်ဆီသို့ တစ်ချက် လှမ်းကြည့်လိုက်သည်။ လူကို အသက်ရှူကြပ်စေနိုင်သော ထိုအရှိန်အဝါကြီးသည် ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သဖြင့် လီထုန်ယာက စိတ်ထဲတွင် တိတ်တဆိတ် တွေးတောလိုက်မိသည်။
“ကြည့်ရသလောက်တော့ ကျားနီရှီ အဆုံးသတ်သွားခဲ့ပြီပဲ။ ဒါပေမယ့်လည်း သတင်းတွေ ပြန်ရောက်လာတာကို စောင့်ရဦးမယ်။ အဲဒီအချိန်ကျမှပဲ ငါတို့ စိတ်သက်သာရာရပြီး သက်ပြင်းချနိုင်တော့မှာ။”
အနီးအနားတွင် ကျားနီရှီကဲ့သို့သော ရန်သူမျိုး ရှိနေခြင်းက လူကို အမြဲတမ်း အိပ်မပျော် ဖြစ်စေနိုင်ပေသည်။ ကျားနီရှီ သေဆုံးသွားသည်နှင့် ယွဲ့တောင် ၁၅ ရွာဆိုသည်မှာ ရောထွေးနေသော လူစုလူဝေးမျှသာ ရှိတော့မည် ဖြစ်သည်။ ဝူတောင်ပေါ်ရှိ ကျင့်ကြံသူများ တောင်အောက်သို့ ဆင်းမလာသရွေ့ ကျန်ရှိနေသော ချီကျင့်ကြံခြင်းအဆင့် ယွဲ့တောင်သားများအားလုံးကို ပေါင်းစပ်လိုက်ရင်ပင် သူ၏ လက်တစ်ဖက်တည်းဖြင့် တိုက်ခိုက်မှုကို ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။
“ဒါ့အပြင် သွေးယဇ်ပူဇော်တာလည်း ပြီးဆုံးသွားခဲ့ပြီဆိုတော့ ယွဲ့တောင်သားတွေထဲမှာ ချီကျင့်ကြံခြင်းအဆင့် ဘယ်နှယောက် ကျန်ရစ်ဦးမလဲ မသိနိုင်ဘူး။”
နှမြောစရာကောင်းသည်မှာ နယ်စပ်မျဉ်းများကို ယွဲ့တောင်မှ ခရမ်းရောင်စံအိမ်တော်အဆင့် ကျင့်ကြံသူနှင့် စိမ်းပြာရေအိုင်ဂိုဏ်းတို့က သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ ထိုသို့သာ မဟုတ်ခဲ့လျှင် လီထုန်ယာသည် နယ်စပ်ကို ဖြတ်ကျော်ပြီး အချို့ရွာများကို သိမ်းပိုက်လိုက်မည် ဖြစ်ပေသည်။
လီထုန်ယာသည် ခြံဝင်းအတွင်းသို့ ညင်သာစွာ ဆင်းသက်လိုက်သောအခါ လျိုရို့ရွှမ်းက ပြုံးရွှင်စွာဖြင့် ကြိုဆိုလိုက်သည်ကို မြင်တွေ့လိုက်ရသည်။ သူမက ပြောလိုက်သည်။
“ယောက်ျား ရှင်ပြန်ရောက်လာပြီပဲ”
လျိုရို့ရွှမ်းသည် ဤမျှ နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်ခဲ့သော်လည်း ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်၏ တတိယအဆင့်ကိုသာ ရောက်နိုင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ ပါရမီက မြင့်မားလှခြင်း မရှိရုံမျှမက ကျင့်စဉ်မှာလည်း အဆင့်တစ်သာရှိသော ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းကျင့်စဉ် ဖြစ်သောကြောင့် ဖြစ်သည်။ သူမသည် နှစ်ပေါင်းများစွာ တိုးတက်မှု မရှိခဲ့ဘဲ ယခုအခါ သူမ၏ နားထင်ဘေးရှိ ဆံစများတွင် ဆံပင်ဖြူများပင် ပေါ်ထွက်နေခဲ့ပြီ ဖြစ်သည်။
“အင်း”
လီထုန်ယာက ညင်သာစွာ ပြန်တုန့်ပြန်လိုက်သည်။ သူနှင့် လျိုရို့ရွှမ်းတို့သည် နှစ်ပေါင်း ၂၀ နီးပါးခန့် သံယောဇဉ် ရှိခဲ့ကြသဖြင့် တစ်ဦးကိုတစ်ဦး ကောင်းကောင်း နားလည်ကြပေသည်။ သူသည် သူမ၏ လက်ကို ဆုပ်ကိုင်လိုက်သောအခါ လျိုရို့ရွှမ်း၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုအချို့ ရှိနေသည်ကို မြင်တွေ့လိုက်ရသဖြင့် ပြုံးကာ မေးလိုက်သည်။
“ဘာဖြစ်လို့လဲ”
“ယောက်ျား…”
လျိုရို့ရွှမ်းက မျက်လွှာချလိုက်ပြီး ပြန်ဖြေလိုက်သည်။
“ကျွန်မ ရှင့်အတွက် ကိုယ်လုပ်တော်တွေ ရွေးပေးထားပါတယ်။ အခု သူတို့အားလုံး အပြင်ဘက်မှာ စောင့်ဆိုင်းနေကြပါပြီ။”
လီထုန်ယာ ဆွံ့အသွားခဲ့ရသည်။ သူသည် ရှုပ်ထွေးနေသောမျက်နှာဖြင့် ဝင်ရောက်လာကြသော အမျိုးသမီးများကို ပြန်ရန် လက်ဝေ့ယမ်းပြလိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။
“မင်းဘာတွေတွေးနေတာလဲ”
လျိုရို့ရွှမ်းက ခပ်ဖွဖွ မျက်မှောင်ကြုံ့လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်သည်။
“ကျွန်မရဲ့ ပါရမီက မကောင်းမှန်း သိပါတယ်။ ကြည့်ရတာ ဒီတစ်ဘဝလုံး ချီကျင့်ကြံခြင်းအဆင့်ကို ရောက်နိုင်မှာ မဟုတ်လို့ ယောက်ျားရဲ့ဘေးနားမှာ အကြာကြီး အတူရှိနေပေးနိုင်မှာ မဟုတ်ဘူး။ အခုအချိန်အထိ ရွှမ်လင်တစ်ယောက်ကိုပဲ မွေးပေးနိုင်သေးတာဆိုတော့ မျိုးဆက် နည်းပါးလွန်းလို့ပါ…”
လီထုန်ယာသည် ပါးစပ်ကို ဟလိုက်သော်လည်း စကားတစ်ခွန်းမျှ ထွက်ပေါ်မလာခဲ့ချေ။ ကလန်အတွင်းရှိ ဆေးလုံးများနှင့် ဝိညာဉ်စပါးများကို ပါရမီအလိုက်သာ ခွဲဝေပေးခြင်း ဖြစ်သည်။ ရွှမ်ရွှမ်နှင့် ရွှမ်လင်တို့ အတွက်ပင် လောက်ငှခြင်း မရှိသေးသဖြင့် သဘာဝကျစွာပင် လျိုရို့ရွှမ်အပေါ် လစ်ဟင်းသွားခဲ့ရသည်။ သူမ၏ ပါရမီအရဆိုလျှင် သေဆုံးသွားသည့်အချိန်အထိ ချီကျင့်ကြံခြင်းအဆင့်သို့ အဆင့်တက်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။
“ဒါ…”
လီထုန်ယာသည် ခဲယဉ်းစွာဖြင့် စကားလုံးတစ်လုံး ညှစ်ထုတ်လိုက်ရသည်။ သူ၏မူဝါဒအရဆိုလျှင် သူ၏ဇနီးအပေါ် ဘက်လိုက်ရန်အတွက် ကလန်အတွင်းရှိ အရင်းအမြစ်များကို သုံးစွဲရန် ခဲယဉ်းလှပေသည်။ သို့သော် လျိုရို့ရွှမ်က ညင်သာစွာ ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်သည်။
“ကျွန်မက ဒီလိုပြောချင်တာ မဟုတ်ပါဘူး။”
“ကျွန်မက တိုက်ခိုက်ရာမှာ မကျွမ်းကျင်သလို ပါရမီကလည်း ညံ့ဖျင်းလှတာမို့ အကယ်၍ ချီကျင့်ကြံခြင်းအဆင့်ကို ရောက်သွားခဲ့ရင်တောင် သိပ်ပြီး အသုံးဝင်မှာ မဟုတ်ပါဘူး။ ကျွန်မက ကလန်ရဲ့ အရင်းအမြစ်တွေကို မဖြုန်းတီးရဲပါဘူး။ ယောက်ျားအနေနဲ့ မျိုးဆက်တွေ ပိုပြီးချန်ထားပေးဖို့အတွက်ပဲ မျှော်လင့်တာပါ။”
လီထုန်ယာသည် စိတ်ထဲတွင် တော်တော်လေး ထိခိုက်သွားခဲ့ရပြီး ခေါင်းခါယမ်းကာ တိုးညှင်းစွာ ပြောလိုက်သည်။
“ဒီကိစ္စကို ထပ်ပြီးပြောဖို့ မလိုတော့ဘူး။ ငါတို့က လယ်သမားမျိုးရိုးက ဆင်းသက်လာတာမို့ မိန်းမအများကြီး ယူတာမျိုးက ငါတို့ရဲ့ထုံးစံထဲမှာ မပါဘူး။”
“ရွှမ်လင်က လိမ္မာပြီး တည်ငြိမ်သလို ပုံမှန်အားဖြင့်လည်း ကြိုးစားအားထုတ်ပါတယ်။ ဒါတွေအားလုံးက မင်းရဲ့ လမ်းညွှန်မှုတွေပဲပေါ့။ ငါ မင်းကို သေသေချာချာတောင် ကျေးဇူးမတင်ရသေးဘူး။”
လျိုရို့ရွှမ်းက ဆက်လက်၍ ပြောဆိုရန် ပြင်ဆင်လိုက်သော်လည်း လီထုန်ယာက သူမ၏ ပါးစပ်ကို ပိတ်လိုက်သည်။ ထို့နောက် သူမကို ရင်ခွင်အတွင်း၌ ဖက်ထားကာ တိုးတိုးလေး ပြောလိုက်သည်။
“မင်း မျိုးဆက်တွေ ထပ်လိုချင်ရင် ငါ့ကို နောက်ထပ်တစ်ယောက် ထပ်မွေးပေးလိုက်ပေါ့။”
အခန်း - (၁၁၄) မြေခွေးကြီး
လီချုံယန် မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး လအနည်းငယ်အကြာတွင် ဖခင်ဖြစ်သူ လီချန်ဖူ ကွယ်လွန်သွားခဲ့သည်။ စျာပနအခမ်းအနားသည် အတော်လေး စည်ကားလှပြီး ပင်မမိသားစုမှလည်း လူစေလွှတ်ကာ နှစ်သိမ့်အားပေးခဲ့သည်။ လီချုံယန်သည် ဧည့်သည်တော်များကို တစ်ဦးချင်း ကျေးဇူးတင်စကားဆိုပြီးနောက် နာရေးခန်းမဆောင်အတွင်း၌ တစ်ဦးတည်းထိုင်ကာ ဖခင်၏ခေါင်းတလားကို ငေးကြည့်နေခဲ့သည်။ သူသည် အစ်ကိုဖြစ်သူများက သူ့အပေါ် အလွန်အမင်း ရိုသေလေးစားပြနေကြသဖြင့် အလွန်အမင်း စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။
လီချန်ဖူသည် အေးချမ်းစွာ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။ သူသည် လီချုံယန် ရွာသို့ ပြန်ရောက်လာသည်အထိ တောင့်ခံထားပြီးမှ အသက်ပျောက်သွားခြင်းဖြစ်ရာ လီချုံယန်အတွက် အတန်ငယ် စိတ်သက်သာရာ ရစေခဲ့သည်။ သူသည် လီချုံယန်၏လက်ကို ဆုပ်ကိုင်ထားရင်း ကုတင်ထက်၌ တိတ်ဆိတ်စွာပင် ဇီဝိန်ချုပ်သွားခဲ့သည်။
လီချုံယန်သည် အဝတ်ဖြူများဖြင့် ဖုံးလွှမ်းထားသော နာရေးခန်းမကို ငေးကြည့်ရင်း သူ့အသက် ၇ နှစ်အရွယ်တုန်းက အဖြစ်အပျက်ကို ဝိုးတိုးဝါးတား ပြန်လည်အမှတ်ရမိသည်။ ထိုစဉ်က လီချန်ဖူသည် ပင်မမိသားစုက ဝိညာဉ်အပေါက်များကို စစ်ဆေးနေကြောင်း ကြားသိခဲ့ရသောအခါ ဘာမှမပြောဘဲ သူ့ကိုပွေ့ချီကာ ချက်ချင်းထွက်လာခဲ့သည်။ သူတို့နှစ်ဦးသည် ကျောက်ခင်းလမ်းအတိုင်း အတန်ကြာ လျှောက်လှမ်းလာခဲ့ပြီးနောက် သူက ဖခင်ဖြစ်သူအား မေးလိုက်သည်။
“အဖေ၊ သားတို့ ဘယ်သွားကြမလို့လဲ”
“အင်မော်တယ်လမ်းစဉ်ကို ရှာမလို့!”
လီချန်ဖူက ရယ်မောကာ ပြောခဲ့သည်။
နောက်ပိုင်းတွင် သူတို့ ကလန်ထဲသို့ ပြန်လည်ဝင်ရောက်ကာ လီမျိုးရိုးအဖြစ် ပြန်လည်ခံယူခဲ့ပြီးနောက် ရွာသားများနှင့် ယဲ့ကလန်ဝင်များက မျက်နှာလုပ်ရန် အဆက်မပြတ် လာရောက်ခဲ့ကြသည်။ လီချန်ဖူသည် လူအကဲခတ်တော်ပြီး လုပ်နိုင်ကိုင်နိုင်စွမ်း ရှိသူလည်းဖြစ်သည်။ သူသည် လီချုံယန် ပြဿနာ မဖြစ်စေရန်အတွက် သားဖြစ်သူများကို စည်းကမ်းတကျ ထိန်းသိမ်းထားခဲ့သည့်အပြင် ကလန်အတွင်း၌လည်း လုပ်စရာအလုပ်များစွာကို ရှာဖွေလုပ်ကိုင်ခဲ့သဖြင့် ဤမျိုးရိုးခွဲလေးသည် တစ်နေ့ထက်တစ်နေ့ ပိုမိုစည်ပင်ဝေဆာလာခဲ့သည်။
တစ်ရက်တွင် လီချန်ဖူသည် သူနှင့်အတူ အရက်သောက်နေစဉ် အရက်မူးကာ တိုးညှင်းသောလေသံဖြင့် ရယ်မောကာ ပြောခဲ့ဖူးသည်။
“ငါ ငယ်ငယ်တုန်းက လယ်ကွင်းထဲမှာ ကြွက်ဝဝကြီးတွေကို ဖမ်းရင်းနဲ့ပဲ ရွာထဲမှာ ထူးချွန်ထက်မြက်တဲ့သူ သုံးယောက်ရှိမှန်း သတိထားမိခဲ့တယ်။ တစ်ယောက်က လီမုထျန်း၊ နောက်တစ်ယောက်က ချန်အားနျိုပဲ! တစ်ယောက်က ရက်စက်ပြီး တည်ငြိမ်တယ်။ အခြားတစ်ယောက်ကတော့ လိမ္မာပါးနပ်ပြီး စွမ်းဆောင်ရည်ရှိတယ်”
“...ပြီးတော့ တတိယတစ်ယောက်ကရော”
လီချုံယန်က ပြုံးရင်း မေးလိုက်သည်။
“ယဲ့ချန်ဖူပေါ့”
လီချန်ဖူသည် မူးယစ်နေသော မျက်ဝန်းများဖြင့် အားပါးတရ ကျယ်လောင်စွာ ရယ်မောလိုက်ရာ သူ့လက်ထဲရှိ အရက်ခွက်မှာ အဆက်မပြတ် လှုပ်ခါနေခဲ့သည်။
လီချုံယန်သည် အတိတ်အာရုံမှ ဖျတ်ခနဲ လန့်နိုးလာခဲ့သည်။ အခေါင်းအတွင်း၌ အေးစက်စွာ လဲလျောင်းနေသော လီချန်ဖူကို လှမ်းကြည့်လိုက်စဉ် သူ့ဆီသို့ ဟိုဟိုဒီဒီ ခုန်ပေါက်ပြေးဝင်လာသော ကလေးငယ်တစ်ဦး ရောက်ရှိလာခဲ့သည်။ ကလေး၏နဖူးပေါ်တွင် အဝတ်ဖြူစတစ်ခုကို စည်းနှောင်ထားပြီး မျက်ရည်များဖြင့် သူ့အား စိုက်ကြည့်ကာ လှမ်းခေါ်လိုက်သည်။
“ဖေဖေ!”
လီချုံယန်သည် သားငယ်လေးကို ရင်ခွင်အတွင်း၌ ပွေ့ထားရင်း တိတ်တဆိတ် ရေရွတ်လိုက်မိသည်။
“မင်းတို့မောင်နှမ ၈ ယောက်စလုံးမှာ ဝိညာဉ်အပေါက် မပါကြဘူး။ ငါတို့မျိုးရိုးစဉ်ဆက်အတွက် မျှော်လင့်ချက်တွေက ဘယ်မှာလဲ”
“အဖေတစ်ယောက်အနေနဲ့ မင်းတို့တစ်ဘဝလုံး သက်တောင့်သက်သာနဲ့ စည်းစိမ်ချမ်းသာ ခံစားရအောင်ပဲ အများဆုံးလုပ်ပေးနိုင်မှာ။ ဒါပေမယ့် မင်းတို့မှာ ဝိညာဉ်အပေါက် မရှိတဲ့အတွက် မင်းတို့က အဖေ့ထက်အရင် ထွက်သွားကြရဦးမယ် ထင်ပါရဲ့”
သူသည် ဘာမှ မသိနားမလည်သေးသော ကလေးလေးကို စိုက်ကြည့်ရင်း စကားလုံး အနည်းငယ်မျှသာ ပြောလိုက်ရုံ ရှိသေးသော်လည်း တံခါးအပြင်ဘက်ဆီမှ ကလန်စစ်သည်တစ်ဦး ဝင်လာခဲ့ပြီး ဦးညွတ်ကာ ပြောလိုက်သည်။
“ကလန်ဦးလေး၊ မိသားစုခေါင်းဆောင်က ခင်ဗျားကို ဆင့်ခေါ်လိုက်ပါတယ်”
လီချုံယန်သည် ကပျာကယာ ထရပ်လိုက်ပြီး အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်လိုက်ကာ အလောတကြီးဖြင့် လီကျင်းတောင်ပေါ်သို့ တက်သွားခဲ့သည်။ သူသည် ကျောက်ခင်းလမ်းလေးအတိုင်း ခဏအကြာ လျှောက်လှမ်းလာခဲ့စဉ် မြေပြင်ပေါ်၌ ဖြန့်ကျက်ထားသော ကြီးမားလွန်းလှသည့် အစင်းကြောင်းပါ မြွေရုပ်အလောင်းကြီးကို လှမ်းမြင်လိုက်ရသည်။
“ကြီးလိုက်တဲ့ မြွေကြီးပါလား!”
လီချုံယန်က အံ့ဩတကြီး ချီးကျူးလိုက်မိသည်။ သူသည် လီရွှမ်ရွှမ် မပြောရသေးမီမှာပင် အလိုက်သိစွာဖြင့် ကိုယ်ကိုငုံ့လိုက်ကာ ထိုနတ်ဆိုးသတ္တဝါ၏ ကိုယ်ပေါ်သို့ ဝိဉာဉ်ချီချိတ်ပိတ်ခြင်းမန္တန်ကို ခတ်နှိပ်ပေးလိုက်သည်။ လီရွှမ်ရွှမ်က ပြုံးရွှင်စွာဖြင့် မေးလိုက်သည်။
“ကလန်ဦးလေးရဲ့ ကျင့်ကြံခြင်းကကော ဘယ်လိုရှိသလဲ။”
“စိမ်းပြာအဆီအနှစ်ချက္ကရာကို စုစည်းဖွဲ့တည်နိုင်ခဲ့ပြီး ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်ရဲ့ စတုတ္ထအဆင့်ကို ရောက်နေပါပြီ”
လီချုံယန်က ရယ်မော၍ ပြောလိုက်သည်။ ဘေးနားရှိ စျာပနဝတ်စုံဖြူ ဝတ်ဆင်ထားသော လီရွှမ်ဖုန်းကမူ လေးကိုသာ သန့်ရှင်းနေခဲ့ပြီး စကားတစ်ခွန်းမျှ မဟဘဲ ရှိနေသဖြင့် ကြည့်ရသည်မှာ ကောင်းမွန်သော စိတ်ခံစားချက် မရှိကြောင်း သိသာလှပေသည်။
ထိုအချိန် အောက်ဘက်ဆီမှ တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေခဲ့သော ကလန်စစ်သည်တစ်ဦး အလောတကြီး ပြေးတက်လာခဲ့ပြီး လီရွှမ်ရွှမ်းနားဆီသို့ ကိုင်းညွတ်ကာ တိုးတိုးလေး သတင်းပို့လိုက်သည်။
“မိသားစုခေါင်းဆောင်! ယွဲ့တောင်ဆီကနေ သတင်းရောက်လာပါတယ်။ ကျားနီရှီ သေဆုံးသွားခဲ့ပါပြီ! ယွဲ့တောင်ယဇ်ပူဇော်ပွဲထက်မှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတာပါ။”
လီရွှမ်ရွှမ်က ခဏမျှ ကြောင်အမ်းသွားခဲ့ပြီးနောက် ချက်ချင်းပင် သူ့မျက်နှာပေါ်၌ ဝမ်းမြောက်မှုများ ဖြစ်ပေါ်လာခဲ့သည်။ သူက ကပျာကယာ ထရပ်လိုက်ပြီး သူတို့နှစ်ဦးဘက်သို့ လှည့်၍ ပြောလိုက်သည်။
“ကျားနီရှီ သေဆုံးသွားပြီ။ ယဇ်ပူဇော်ပွဲထက်မှာ လုပ်ကြံခံရတာ။ ငါတို့တွေလည်း စိတ်အေးလက်အေး အိပ်လို့ရပြီပေါ့! ဒါက တကယ့်ကို အောင်ပွဲခံရမယ့် ကိစ္စပဲ!”
၎င်းတို့နှစ်ဦးလုံး မှင်သက်သွားခဲ့ကြသည်။ လီရွှမ်ဖုန်းက ခဏမျှ ငြိမ်သက်သွားခဲ့ပြီးနောက် အေးစက်စွာ ပြောလိုက်သည်။
“သူ့အတွက်ကတော့ သက်သက်သာသာနဲ့ ပြီးသွားတာပေါ့။”
လီချုံယန်၏ မျက်နှာက စိတ်ရှုပ်ထွေးနေဟန်ဖြင့် တိုးညှင်းစွာ ပြောလိုက်သည်။
“ကျွန်တော် ယွဲ့တောင်နယ်မြေထဲမှာ ရှိနေတုန်းက ယွဲ့တောင်ပြည်သူ အမြောက်အများနဲ့ တွေ့ခဲ့ဖူးတယ်။ အားလုံးက သူ့ကို အရမ်းချစ်ခင်လေးစားကြတာပါ။ သူက ဘယ်လိုဖြစ်ပြီး လုပ်ကြံသတ်ဖြတ် ခံရမှာလဲ။”
လီရွှမ်ရွှမ်က ခေါင်းညိတ်လိုက်ပြီး စကားစကို ဆက်ကာ သံသယဖြစ်စွာဖြင့် ပြောလိုက်သည်။
“ပြီးတော့လည်း သူ့ကျင့်ကြံခြင်းအဆင့်က အနည်းဆုံး ချီကျင့်ကြံခြင်း အထွဋ်အထိပ်အဆင့်မှာ ရှိနေတာလေ။ အခြေတည်အဆင့် ကျင့်ကြံသူသာ မလှုပ်ရှားရင် ဘယ်သူက သူ့ကို သတ်နိုင်မှာလဲ။ သံသယဖြစ်စရာတွေကတော့ အများကြီးပဲ။ ဒီကိစ္စရဲ့ နောက်ကွယ်မှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်မှုတွေ ရှိနေပုံပဲ။”
“ဒုတိယဦးလေးကရော။ ကြည့်ရသလောက် ဦးလေးတစ်ယောက်တည်းကပဲ ဒီလျှို့ဝှက်ချက်တွေကို သိနေနိုင်လိမ့်မယ်!”
လီရွှမ်ရွှမ်က ခေါင်းမော့၍ မေးလိုက်ရာ လီရွှမ်ဖုန်းက ပြန်ဖြေလိုက်သည်။
“နတ်ဆိုးတွေကို သတ်ဖို့သွားတယ်”
xxxxxxxxxx
လီထုန်ယာသည် တောင်တန်းကြားရှိ မြေကမ္ဘာသွေးကြော လမ်းကြောင်းများအတိုင်း အချိန်အတော်ကြာအောင် ရှာဖွေခဲ့ပြီးနောက် မှတ်ဉာဏ်ထဲကအတိုင်း တောင်စောင်းအောက်ခြေတစ်ခုတွင် အရွက်များ ဖြူဖွေးနေသော ပညောင်ပင်ကြီးတစ်ပင်ကို တွေ့ရှိလိုက်ရသည်။ ၎င်းသည် တောင်စောင်းထက်တွင် ထည်ဝါစွာ ရပ်တည်နေခဲ့ပြီး ဖြူဖွေးလှသော သစ်ရွက်များက အဆက်မပြတ် ကြွေကျနေခဲ့သဖြင့် မြေပြင်တစ်ခုလုံးတွင် အဖြူရောင်အကွက်များ ဖြစ်ပေါ်နေစေခဲ့သည်။
လီထုန်ယာသည် မှတ်ဉာဏ်ထဲက တည်နေရာကို ရှာတွေ့ပြီးနောက် အနီရောင်တောက်တောက် မြေခွေးကြီးတစ်ကောင် သစ်ပင်ဘေး၌ အိပ်မောကျနေသည်ကို အမှန်တကယ်ပင် မြင်တွေ့လိုက်ရတော့သည်။ သူ့ခြေလှမ်းများကို ရပ်တန့်လိုက်သည်နှင့် ထိုမြေခွေးကြီး၏ နားရွက်များ ထောင်ထသွားခဲ့ပြီး မျက်လုံးများ မပွင့်တပွင့်ဖြင့် သူ့အား စိုက်ကြည့်လိုက်တော့သည်။
လီထုန်ယာသည် ၎င်းကို ငြိမ်သက်စွာဖြင့် ခေတ္တမျှ စိုက်ကြည့်လိုက်သည်။ ဤနတ်ဆိုးသတ္တဝါ၏ ကျင့်ကြံခြင်းအဆင့်သည် ချီကျင့်ကြံခြင်းအဆင့်၏ ပဉ္စမမြောက် ကောင်းကင်ဘုံအလွှာ ဝန်းကျင်တွင် ရှိပေသည်။ သူသည် အဆောင်ချီအတွက် ယဇ်ပူဇော်ရန် သားကောင်ကို ရှာဖွေခဲ့စဉ်က ၎င်းအား မြင်တွေ့ခဲ့ဖူးခြင်းဖြစ်ပြီး ထိုစဉ်က အဝေးမှ တစ်ချက်လှမ်းကြည့်ရုံမျှဖြင့် ၎င်း၏ အရှိန်အဝါကြောင့် ထိတ်လန့်ကာ ဆုတ်ခွာခဲ့ရသည်။ ယခုအခါ သူ၏ ကျင့်ကြံခြင်းအဆင့်က မြင့်တက်လာခဲ့ပြီဖြစ်ရာ ၎င်းအား အသုံးချ၍ သူ၏ဓားသိုင်းကို စမ်းသပ်ရန် အကောင်းဆုံးအခွင့်အရေး ဖြစ်ပေသည်။
ထိုမြေခွေးကြီး၏ မျက်ဝန်းအစုံက အလွန်သက်ဝင်လှုပ်ရှားနေခဲ့သည်။ ၎င်းသည် လီထုန်ယာ၏ လက်ထဲရှိ ဓားရှည်ကို စိုက်ကြည့်ရင်း ၎င်း၏လက်ဖဝါးများကို လျှာဖြင့်ယက်လိုက်ကာ ပါးစပ်ကြီးကိုဟ၍ ထစ်ငေါ့စွာဖြင့် စကားပြောလိုက်သည်။
“ငါ… လူသားတွေကို… ဘယ်တော့မှ… မစားဖူးဘူး”
လီထုန်ယာသည် ချက်ချင်းပင် ဆွံ့အသွားခဲ့ရသည်။ သူသည် စိုးရိမ်မှုနှင့် သံသယစိတ်တို့ကြောင့် ဝိညာဉ်အာရုံဖြင့် ထိုမြေခွေးကြီးကို စစ်ဆေးကြည့်လိုက်သောအခါ ဤမြေခွေးကြီးသည် ချီကျင့်ကြံခြင်းအဆင့်၏ ပဉ္စမမြောက်ကောင်းကင်ဘုံအလွှာတွင်သာ ဖြစ်ပြီး အခြေတည်အဆင့် မဟုတ်ကြောင်း သေချာသွားခဲ့သည်။ သူသည် ဤကဲ့သို့ ဉာဏ်ရည်ဖွံ့ဖြိုးနေခဲ့ပြီး စကားပြောဆိုနိုင်သော နတ်ဆိုးသတ္တဝါမျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်သဖြင့် ခဏတာအတွင်း မည်သို့ပြန်ဖြေရမှန်း မသိတော့ဘဲ ညင်သာစွာဖြင့်သာ ပြောလိုက်ရတော့သည်။
“တာအိုရောင်းရင်း… ငါက တာအိုရောင်းရင်းနဲ့ လက်ရည်ဖလှယ်ချင်ရုံ သက်သက်ပါ။ သေရေးရှင်ရေးအထိ မဟုတ်ပါဘူး။”
ထိုမြေခွေးကြီးက ပါးစပ်အဟောင်းသား ဖြစ်နေသည်ကို မြင်လျှင် လီထုန်ယာက ရယ်မောလိုက်ပြီး လက်ကိုမြှောက်၍ ထိုမြေခွေးကြီးဆီသို့ တိုက်ရိုက် ခုတ်ချလိုက်သည်။ မြေခွေးကြီးသည် ထိုနေရာမှ ခုန်တက်လိုက်ပြီး လက်ဖဝါးကို ဆန့်ထုတ်ကာ ခုခံတားဆီးလိုက်သည်။ ခဏချင်းပင် သတ္တုအချင်းချင်း ထိခတ်သံများ မြည်ဟည်းသွားခဲ့သည်။ လူတစ်ယောက်နှင့် မြေခွေးတစ်ကောင်သည် အကွက်ပေါင်း တစ်ဒါဇင်ခန့် တိုက်ခိုက်ခဲ့ကြပြီးနောက် လီထုန်ယာ၏ စိတ်ထဲတွင် အချက်အလက်များကို နားလည်သွားခဲ့သဖြင့် သူတို့နှစ်ဦးကြား အကွာအဝေးကို ချဲ့လိုက်ကာ ဓားချီများကိုသုံး၍ တိုက်ခိုက်လိုက်တော့သည်။
ထိုမြေခွေးနတ်ဆိုးသည် ရုတ်တရက် ရှောင်တိမ်းရန် မဖြစ်နိုင်ကြောင်း တွေ့လိုက်ရသဖြင့် ဓားချီအချို့ကို ခုခံလိုက်ပြီးနောက် ပါးစပ်မှနေ၍ မြေခွေးမီးတောက်များကို မှုတ်ထုတ်လိုက်တော့သည်။
ထိုမြေခွေးမီးတောက်များသည် ရဲရဲနီနေခဲ့ပြီး လီထုန်ယာ၏ မျက်နှာဆီသို့ အဆက်မပြတ် တိုးဝင်လာခဲ့သည်။ သူသည် ထိတ်လန့်တုန်လှုပ်သွားကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့ရသည်။ သို့သော်လည်း ထိုမြေခွေးမီးတောက်က အရိပ်ပမာ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့ပြီး လီထုန်ယာ၏ အကာအကွယ် အဆီအနှစ်စွမ်းအင်ပေါ်တွင် ကပ်ငြိကာ တရှဲရှဲ မြည်နေခဲ့တော့သည်။
လီထုန်ယာသည် အဆီအနှစ်စွမ်းအင်အများအပြားကို သုံးကာ ထိုမြေခွေးမီးတောက်ကို ငြိမ်းသတ်လိုက်သည်။ ထိုအချိန်တွင် မြေခွေးကြီးသည် လီထုန်ယာနှင့် အနီးကပ်တိုက်ခိုက်ရန် ရည်ရွယ်ကာ ခြေသည်းလက်သည်းများကို ဖြန့်ထုတ်ပြီး သူ့ဆီသို့ ခုန်အုပ်လိုက်ပြီ ဖြစ်သည်။
သို့သော် လီထုန်ယာသည် စောစောကတည်းက ဓားကိုသိမ်းဆည်း၍ စွမ်းအင်များကို စုဆောင်းထားခဲ့ပြီးဖြစ်သည်။ သူ့လက်ထဲတွင် အဖြူရောင်အလင်းတန်းများ တောက်ပလာခဲ့ပြီး လဗိမာန်ဓားချက်ကို အရှိန်အဟုန်ဖြင့် ထုတ်လွှတ်လိုက်သည်။ ဖြူဖွေးကာ အလွန်အမင်းထက်ရှလှသော ဓားအလင်းကွေးသည် ထိုမြေခွေးကြီးအား တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များ ထောင်ထသွားစေခဲ့သည်။ ၎င်းသည် အလျှင်အမြန် နောက်ဆုတ်သွားခဲ့ပြီး မြေခွေးမီးတောက် အမြောက်အများကို မှုတ်ထုတ်ပြီးမှသာ နောက်ဆုံးတွင် ထိုဓားချီကို ချေဖျက်နိုင်ခဲ့တော့သည်။
မြေခွေးကြီးသည် လဗိမာန်ဓားချက်ကို ခုခံပြီးခါစမျှသာ ရှိသေးသော်လည်း ဓားချီအချို့က မျက်စိရှေ့မှောက်သို့ ထပ်မံရောက်ရှိလာခဲ့ပြန်သဖြင့် ၎င်းက စူးစူးဝါးဝါးကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။ ၎င်းသည်သည် စကားပြောဆိုရာတွင်ပင် များစွာ ချောမွေ့သွားခဲ့ပြီး အသည်းအသန် ပြောလိုက်တော့သည်။
“မတိုက်တော့ဘူး! မတိုက်တော့ဘူး… ငါ့ရဲ့အထက်မှာ နတ်ဆိုးစစ်သူကြီး ရှိတယ်! မင်း… ငါ့ကို သတ်လို့မရဘူး!”
လီထုန်ယာ၏ဓားသည် လေထဲတွင် ရပ်တန့်သွားခဲ့သည်။ သူသည် ဤအခွင့်အရေးသုံးပြီး သတင်းအချက်အလက်အချို့ကို စုံစမ်းချင်သဖြင့် ဓားကို ဓားအိမ်အတွင်းသို့ ပြန်လည်ထည့်သွင်းလိုက်ကာ ပြုံး၍ ပြောလိုက်သည်။
“တာအိုရောင်းရင်းရဲ့ မြေခွေးမီးတောက်က တကယ့်ကို အစွမ်းထက်လှတာပဲ!”
“မင်းရဲ့ ဓားလောက် မကောင်းပါဘူး။”
ထိုမြေခွေးသည် တိုးညှင်းစွာ သက်ပြင်းတစ်ချက် ချလိုက်ပြီး လူသားကဲ့သို့သော စိတ်ပျက်လက်ပျက် အမူအရာမျိုးဖြင့် ပညောင်ပင်ကြီးအောက်တွင် ဝုန်းခနဲ ထိုင်ချလိုက်ကာ ပြောလိုက်သည်။
“မင်းက… တောင်အောက်က မိသားစုရဲ့ အင်မော်တယ်ကျင့်ကြံသူ မဟုတ်လား။ လေးကို သုံးတဲ့သူတစ်ယောက်က နတ်ဆိုးအမြောက်အများကို သတ်ဖြတ်ခဲ့တယ်။ မင်း သူ့ကို သိလား။”
လီထုန်ယာသည် မြေခွေးက လေးကိုသုံးတဲ့သူဟု ပြောလိုက်သည်နှင့် ချက်ချင်းပင် နားလည်သွားခဲ့ပြီး လက်သီးဆုပ်ကာ ပြောလိုက်သည်။
“တာအိုရောင်းရင်းရဲ့ သက်ညှာမှုအတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။ သူက ငါတို့မိသားစုထဲက လူငယ်တစ်ယောက်ပါ။”
မြေခွေးကြီးက ပါးစပ်ဟကာ ကိုယ်ပေါ်က အမွှေးအမျှင်များကို သေချာစွာ သပ်လိုက်ရင်း ပျင်းရိစွာဖြင့် ပြောလိုက်သည်။
“ဘယ်နှကောင် သေသွားတာပဲဖြစ်ဖြစ် ငါနဲ့ ဘာမှမပတ်သက်ဘူး။ ဟိုတောဝက်နတ်ဆိုးကြီးကို သွားပြီး မနှောင့်ယှက်မိဖို့ပဲ လိုတာ။ ဒီအပြင်ဘက်က နတ်ဆိုးတွေကိုတော့ မင်းတို့ စိတ်ကြိုက် သတ်ဖြတ်လို့ ရပါတယ်။”
“မေးပါရစေဦး... ဒီနတ်ဆိုးစစ်သူကြီးဆိုတာက”
လီထုန်ယာက လက်သီးဆုပ်၍ မေးမြန်းလိုက်သည်။ မြေခွေးကြီးက မတ်တတ်ရပ်လိုက်ပြီး အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်သည်။
“အဲဒါက အခြေတည်အဆင့်ရှိတဲ့ တောဝက်နတ်ဆိုးတစ်ကောင်ပဲ။ ဒီနယ်မြေတစ်ဝိုက်က နတ်ဆိုးအားလုံးကို သူပဲ အုပ်ချုပ်တာ။ အဲဒီကောင်က အင်မတန်… ဗိုလ်ကျလွန်းတယ်။ ဒါဆိုလည်းစား၊ ဟိုဟာဆိုလည်း မြိုတာတင်မကဘဲ ငါ့ကို နှစ်တိုင်း ဝိညာဉ်မျှစ်တွေ ဆက်သခိုင်းသေးတာ…”
လီထုန်ယာက ခေါင်းညိတ်လိုက်ပြီး စိတ်ထဲတွင် တိတ်တဆိတ် တွေးတောလိုက်မိသည်။
“ဒီတောင်တန်းကြားထဲမှာ တကယ်ပဲ အခြေတည်အဆင့် နတ်ဆိုးသတ္တဝါ ရှိနေတာကိုး။ တောင်ထဲကို ဇွတ်တရွတ် ဝင်မသွားခဲ့တာ တကယ်ပဲ ကံကောင်းတာပဲ! ဒီအပြင်ဘက်အနားမှာပဲ လှည့်လည်သွားလာခဲ့လို့ တော်သေးတာပေါ့။”