အခန်း (၁၁၅-၁၁၆)
Vol. 11 Ch. 115-116
အခန်း - (၁၁၅) မြေခွေးနတ်ဆိုး၏ လျှို့ဝှက်သတင်း
လီထုန်ယာသည် မြေခွေးကြီး၏ မကျေမနပ်ဖြစ်နေသော မျက်နှာထားကို ကြည့်ရင်း စိတ်ကူးတစ်ခု ရလာခဲ့သည်။ သူသည် သိုလှောင်အိတ်ကို ခပ်ဖွဖွ ပုတ်လိုက်ပြီး ဝိညာဉ်ဆန်တစ်အိတ်ကို ထုတ်ယူကာ ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
“မြေခွေးကြီး ဒါကို တစ်ချက်ကြည့်လိုက်စမ်းပါဦး။”
မြေခွေးကြီး၏ ရဲရဲနီသော အမွှေးအမျှင်များ လှုပ်ရှားသွားပြီး ခေါင်းငုံ့၍ နမ်းရှုံ့ကြည့်လိုက်ကာ မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်ပြီး ထစ်ငေါ့စွာဖြင့် ပြောလိုက်သည်။
“မွှေးလိုက်တာ… ဒါက ဝိညာဉ်စပါး၊ ဝိညာဉ်ဆန် တစ်ခုခုပဲ ဖြစ်ရမယ်။ ဒါမျိုးကို ဒီတောင်ထဲမှာ တွေ့ရခဲတယ်။ မင်းတို့ အင်မော်တယ်ကျင့်ကြံသူတွေ ဒါကို စားရတာ ကြိုက်တယ်လို့ ကြားဖူးတယ်!”
“အကယ်၍ မင်း… ငါ့ကို တစ်ခုခု ခိုင်းချင်တာဆိုရင် ကျင်း ၁၈၀ လောက် မရှိရင်တော့ ငါ လှုပ်ရှားမှာ မဟုတ်ဘူး!”
လီထုန်ယာက တိုးညှင်းစွာ ရယ်မောလိုက်ပြီး စိတ်ထဲတွင် တွက်ချက်ကြည့်လိုက်သည်။ ကျင်း ၁၈၀ ဆိုသည်မှာ ဝိညာဉ်ကျောက်တုံး တစ်တုံးစာမျှသာ ရှိသဖြင့် အကယ်၍ ချီကျင့်ကြံခြင်းအဆင့် ရှိသူတစ်ဦး၏ အကူအညီနှင့် လဲလှယ်နိုင်မည်ဆိုလျှင် အဆမတန် အကျိုးရှိမည်ဖြစ်သည်။ ထို့ကြောင့် သူသည် ချက်ချင်းပင် သံသယဝင်သွားခဲ့ပြီး ပြုံးကာ ပြောလိုက်သည်။
“ကျုပ်မေးခွန်းလေးတွေကို ဖြေပေးနိုင်ရင် ဒီဝိညာဉ်ဆန်အိတ်က ခင်ဗျားအတွက်ပဲ။”
မြေခွေးကြီးက ခေါင်းမော့လိုက်ပြီး အလျှင်အမြန်ပင် လက်ခံလိုက်သည်။ လီထုန်ယာက ဝိညာဉ်ဆန်အိတ်ကို ၎င်းထံပစ်ပေးလိုက်ပြီး မေးမြန်းလိုက်သည်။
“နတ်ဆိုးစစ်သူကြီးရဲ့ အသေးစိတ်အခြေအနေကို ခင်ဗျား သိလား။”
“သေချာပေါက် သိတာပေါ့။”
မြေခွေးကြီးက အော်ဟစ်လိုက်ပြီး စိတ်အားထက်သန်စွာဖြင့် ရှင်းပြလိုက်သည်။
“အဲဒီတောဝက်နတ်ဆိုးက အခြေတည်အဆင့်ရှိပြီး သူ့ရဲ့လက်အောက်မှာ ချီကျင့်ကြံခြင်းအဆင့် နတ်ဆိုးငယ်လေး ရှစ်ကောင် ရှိတယ်။ သူတို့က သူ့အတွက် ဝိညာဉ်ပစ္စည်းတွေကို လိုက်လံစုဆောင်းပေးကြပြီး တောင်ဘက် လီနှစ်ရာအကွာက နတ်ဆိုးဂူထဲမှာ နေထိုင်ကြတယ်။ ဒီနယ်မြေတစ်ဝိုက်မှာ ချီကျင့်ကြံခြင်းအဆင့်အထိ ကျင့်ကြံအောင်မြင်ထားတဲ့ နတ်ဆိုးသတ္တဝါတွေအားလုံး ဖမ်းဆီးခြင်းခံရပြီး နဖူးအလယ်မှာ ချိတ်တံဆိပ်တစ်ခု ခတ်နှိပ်ခံရပြီးမှ နယ်မြေကိုစောင့်ကြပ်ဖို့ ပြန်လွှတ်ခံကြရတာ။”
မြေခွေးကြီးသည် ထိုစကားဆုံးသည်နှင့် ဆန်အိတ်ကို နမ်းရှုံ့ကြည့်ကာ ခေါင်းမော့၍ လီထုန်ယာကို သတိကြီးစွာဖြင့် စိုက်ကြည့်သည်။ ထို့နောက် ၎င်းသည် စကားပြောဆိုရာတွင်လည်း ပိုမို၍ အဆင်ချောလာကာ မေးလိုက်သည်။
“ဒီလောက်ကောင်းတဲ့ ကိစ္စမျိုး ရှိသေးတာလား။ မင်း ဒီထဲမှာ အဆိပ်ခတ်ထားတာတော့ မဟုတ်ပါဘူးနော်။”
စိတ်ဝင်တစား နားထောင်နေသော လီထုန်ယာက ကပျာကယာ မေးလိုက်သည်။
“ချိတ်တံဆိပ် ခတ်နှိပ်တာက ဘာအသုံးဝင်လို့လဲ။ ခင်ဗျားလည်း အဲဒီတောဝက်နတ်ဆိုးရဲ့ ချိတ်တံဆိပ် ခတ်နှိပ်တာ ခံထားရတာလား။”
“ဟမ့်!”
မြေခွေးကြီးက မကျေမနပ်ဖြင့် ခေါင်းမော့ကာ အော်ဟစ်လိုက်သည်။
“တလီတောင်ပေါ်မှာရှိတဲ့ ဂူခြောက်ခုထဲက ဂူသခင်တစ်ယောက်က ငါတို့မြေခွေးနတ်ဆိုးတွေရဲ့ ဘိုးဘေးကြီးပဲ။ အဲဒီတောဝက်နတ်ဆိုးက ငါ့ရဲ့ဝိညာဉ်စွမ်းအားကို ဘယ်မှာ ယူရဲမှာလဲ။ အဲဒါက သေခြင်းတရားကို ဖိတ်ခေါ်တာပဲ။”
“ဒီဝိညာဉ်စွမ်းအားကို ပြောရရင်တော့”
မြေခွေးနတ်ဆိုးက သက်ပြင်းတစ်ချက် ချလိုက်ပြီး စိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်သည်။
“ငါတို့လို နတ်ဆိုးသတ္တဝါတွေက နေနဲ့လရဲ့အဆီအနှစ်ကို စုပ်ယူကြပြီးတော့ ချက္ကရာခြောက်ခုကို စုစည်းဖွဲ့တည်ပြီးတဲ့နောက် ဝိညာဉ်စွမ်းအားအရိပ်အယောင်တစ်ခု ငါတို့မျက်ခုံးကြားမှာ ပေါ်လာလိမ့်မယ်။ အဲဒါသာ ပျက်စီးသွားခဲ့ရင် ငါတို့ရဲ့ကျင့်ကြံခြင်းတွေ အဆမတန် ဆုတ်ယုတ်သွားမှာဖြစ်ပြီး အဆီအနှစ်စွမ်းအင်တွေလည်း ပြိုကွဲသွားလိမ့်မယ်။ အဲဒါက အဲဒီတောဝက်နတ်ဆိုးရဲ့ လက်ထဲမှာ အားနည်းချက်တစ်ခု ဆုပ်ကိုင်ခံထားရတာပါပဲ…”
“ဒီလိုကိုး။”
လီထုန်ယာက စိတ်ထဲတွင် ထိုနတ်ဆိုးသတ္တဝါ၏ နည်းလမ်းများအပေါ် အနည်းငယ် နားလည်သွားခဲ့ပြီး ခေါင်းညိတ်လိုက်သည်။ သူသည် ထိုမြေခွေးကြီးက ဝိညာဉ်ဆန်အိတ်ကို လှည့်ပတ်နေသည်ကိုကြည့်ရင်း တိုးညှင်းစွာ မေးလိုက်သည်။
“ဒီနယ်မြေတစ်ဝိုက်မှာ ဖမ်းဆီးခြင်းမခံရသေးတဲ့ ချီကျင့်ကြံခြင်းအဆင့် နတ်ဆိုးသတ္တဝါ ဘယ်နှကောင်ရှိလဲ ခင်ဗျား သိသလား။”
“ဒီနယ်မြေတစ်ဝိုက်မှာ ခြောက်ကောင် ရှိသေးတယ်။ သူတို့ရဲ့ တည်နေရာကို သိချင်ရင်တော့ ဝိညာဉ်ဆန်နဲ့ လာလဲရမယ်!”
မြေခွေးကြီးက ညစ်ကျယ်ကျယ်ဖြင့် မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။ လီထုန်ယာက ရယ်မောကာ မေးလိုက်သည်။
“မြေခွေးကြီး ခင်ဗျား သက်တမ်းဘယ်လောက်ကြာအောင် ရှင်သန်ခဲ့ပြီးပြီလဲ။”
“နှစ်ပေါင်း ၃၀၀ လောက်ပေါ့။”
မြေခွေးကြီးက သစ်ပင်ကြီး၏ အမြစ်ပေါ်တွင်မှီကာ ပြန်ဖြေလိုက်သည်။
“အစောပိုင်း အနှစ် ၆၀ ကတော့ ဝေဝေဝါးဝါးပါပဲ။ အနှစ် ၆၀ ကျော်မှ ပဉ္စမမြောက်ချက္ကရာကို ကျင့်ကြံအောင်မြင်ခဲ့ပြီး မှတ်ဉာဏ်အချို့ ရှိလာခဲ့တာ။ နောက်ပိုင်း အသက် ၂၇၇ နှစ်ကျမှ ဗိုက်ထဲမှာ ဝိညာဉ်ချီတစ်လုပ်စာကို စုစည်းနိုင်ခဲ့ပြီး ချီကျင့်ကြံခြင်းအဆင့်ကို ဖောက်ထွက်နိုင်ခဲ့တယ်။ အဲဒီအချိန်ကျမှပဲ လူသားတွေလို ဉာဏ်ရည်မျိုးရှိလာခဲ့တာ။ ပြီးတော့ တစ်ကိုယ်တည်း နောက်ထပ် အနှစ် ၁၀၀ ကျင့်ကြံအားထုတ်ခဲ့လို့ အခုမှ ချီကျင့်ကြံခြင်းရဲ့ ပဉ္စမမြောက်ကောင်းကင်ဘုံအလွှာကို ရောက်လာခဲ့တာ။”
“နှစ်လေးရာနီးပါး ရှိပြီပေါ့!”
လီထုန်ယာက အားကျစွာဖြင့် တိုးညှင်းစွာ ရေရွတ်လိုက်သည်။
“ခင်ဗျားတို့ နတ်ဆိုးသတ္တဝါတွေက တကယ်ပဲ အသက်ရှည်ကြတာပဲ။ ကျုပ်တို့လို ချီကျင့်ကြံခြင်းအဆင့်ကို ရောက်နေတဲ့သူတွေတောင် သက်တမ်းက အနှစ် ၂၀၀ လောက်ပဲရှိတာ။”
“ဒါက ဘာအားကျစရာ ရှိလို့လဲ!”
မြေခွေးကြီးက စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လိုက်သည်။
“ငါတို့ မြေခွေးအနွယ်ဝင်တွေက ချီကျင့်ကြံခြင်းအဆင့် ရောက်နေရင်တောင် သက်တမ်းက အနှစ် ၅၀၀ ပဲရှိပြီး ငါလည်း သက်တမ်းက မကျန်တော့သလောက် ဖြစ်နေပြီ။ ငါ့မှာ ဉာဏ်ရည်ရှိလာခဲ့တာ အနှစ် ၁၀၀ လောက်ပဲ ရှိသေးတယ်။ အစောပိုင်း နှစ်ရာချီကတော့ ဘာမှ မသိနားမလည်ခဲ့ဘူး။ မင်းတို့ အင်မော်တယ်ကျင့်ကြံသူတွေကမှ သာသေးတယ်!”
လီထုန်ယာက ခေါင်းညိတ်လိုက်သည်။ ထို့နောက် ရုတ်တရက် စိတ်ကူးတစ်ခု ရလာခဲ့ကာ သူက လေးနက်စွာဖြင့် မေးလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ လောက်တုန်းက မြောက်ဘက်တောင်ခြေရင်းမှာ တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့တယ်။ ခင်ဗျား တစ်ခုခုများ မှတ်မိသေးလား။”
“တိုက်ပွဲကြီးလား”
ထိုမြေခွေးကြီးသည် ခဏမျှ ငြိမ်သက်သွားခဲ့ပြီးနောက် တိုးညှင်းစွာဖြင့် ပြန်ဖြေလိုက်သည်။
“တကယ်ပဲ တိုက်ပွဲကြီးတစ်ခု ရှိခဲ့ဖူးပုံရတယ်…”
“အဲဒီညတုန်းက ငါ ဂူထဲမှာ ခွေနေခဲ့တာ။ ပြီးတော့ ကမ္ဘာမြေကြီးက အဆက်မပြတ် တုန်ခါနေခဲ့တယ်။ အဲဒီအင်မော်တယ်ကျင့်ကြံသူတွေရဲ့ အသံတွေက မိုးခြိမ်းသံလိုပဲ။ တစ်ခုခုကို လွှဲပေးဖို့ပြောနေကြတာ…”
လီထုန်ယာ၏ စိုးရိမ်ပူပန်နေသော မျက်နှာထားကို မြင်လိုက်ရသောအခါ မြေခွေးကြီးသည် အနည်းငယ် စကားထစ်စွာဖြင့် ရေရွတ်လိုက်သည်။
“ဘာလဲဆိုတော့… လျှို့… လျှို့ဝှက်အမိန့်တော်လို့ ထင်တာပဲ။ အဲဒီတုန်းက ငါက ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့် နတ်ဆိုးငယ်လေးတစ်ကောင်အဖြစ်ပဲ ရှိသေးတာမို့လို့ ဘယ်လိုလုပ်ပြီး… ဒီလောက်များပြားတဲ့ အရာတွေကို မှတ်မိနိုင်ပါ့မလဲ…”
လီထုန်ယာသည် ဂရုတစိုက်ဖြင့် အတန်ကြာ ထပ်မံမေးမြန်းခဲ့သော်လည်း အသုံးဝင်သည့် မည်သည့်အရာကိုမျှ မေး၍မရတော့သဖြင့် လက်လျှော့လိုက်ရတော့သည်။ သူသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းလိုက်ရာ ထိုမြေခွေးမိစ္ဆာက အနည်းငယ် အားနာသွားဟန်ဖြင့် ခေါင်းငုံ့ကာ ပြောလိုက်သည်။
“မြောက်ဘက်တောင်ခြေရင်းနဲ့ ပတ်သက်ပြီး ငါ ကောလာဟလ တစ်ခုတော့ ကြားဖူးတယ်။”
လီထုန်ယာက စိတ်ဝင်တစားဖြင့် ခေါင်းမော့ကြည့်လိုက်သောအခါ မြေခွေးကြီး ပါးစပ်ဟ၍ ပြောသည်။
“ငါ တစ်ခါက လမ်းကြုံဖြတ်သွားတဲ့ မြေခွေးညီနောင်တစ်ကောင်ဆီကနေ ဂူထဲက ဘိုးဘေးအိုကြီးရဲ့ ကိစ္စကို ကြားဖူးတယ်။ သူမ အသက် ၃၀၀ ကျော်လောက် အရွယ်တုန်းက ဒီမြောက်ဘက်တောင်ခြေရင်းမှာ အစာရှာဖွေစားသောက်ခဲ့တယ်တဲ့။ တစ်ရက်မှာ သူမ သစ်ခေါင်းထဲမှာ အိပ်မောကျနေတုန်း ဆံပင်အဖြူနဲ့ အင်မော်တယ်ကျင့်ကြံသူတစ်ယောက်က ရုတ်တရက် သူမကို သစ်ခေါင်းထဲကနေ ဆွဲထုတ်လိုက်သတဲ့။”
“အဲဒီဆံပင်အဖြူနဲ့ အင်မော်တယ်ကျင့်ကြံသူရဲ့ ကျင့်ကြံခြင်းအဆင့်က နက်ရှိုင်းလွန်းလှပြီး ခန့်မှန်းရခက်လှတယ်တဲ့။ သူက ‘မြေခွေးလေး၊ မင်း လူသားစားဖူးသလား’ လို့ မေးခဲ့တယ်တဲ့။”
“အဲဒီအချိန်တုန်းက မြောက်ဘက်တောင်ခြေရင်းမှာ တိုက်ပွဲကြီး ကြုံတွေ့ပြီးခါစဖြစ်လို့ လူသူကင်းမဲ့နေတုန်းပဲ။ ဒီတော့ ဘိုးဘေးအိုကြီးက ‘တစ်ခါမှ မစားဖူးပါဘူး’ လို့ ပြန်ပြောခဲ့တယ်တဲ့။”
မြေခွေးကြီးက စိတ်ပါလက်ပါ ပြောဆိုနေခဲ့သလို လီထုန်ယာကလည်း စိတ်ဝင်တစား နားထောင်နေခဲ့သည်။ မြေခွေးကြီးသည် အသံများကိုပင် တူညီအောင် အတုခိုးပြောဆိုခဲ့သည်။ အင်မော်တယ်ကျင့်ကြံသူ၏ အသံက ထူးခြားဆန်းကြယ်ပြီး မြေခွေး၏ အသံမှာမူ ထစ်ထစ်ငေါ့ငေါ့ ဖြစ်သည်။ လီထုန်ယာသည် သူ့အတွက် လက်ခုပ်ပင် တီးပေးချင်စိတ်များ ပေါ်ပေါက်လာခဲ့ရသည်။
“ဆံပင်အဖြူနဲ့ အင်မော်တယ်ကျင့်ကြံသူက ပြောတယ်။ ‘ဒီတောင်အောက်မှာ ရွာသားတစ်စု ရှိတယ်။ သူတို့ကို ငါ့အစား သေသေချာချာ စောင့်ကြည့်ပေးပြီး သူတို့ကို နှစ်ပေါင်း ၂၀၀ လောက် ကာကွယ်ပေးထားမယ်ဆိုရင် ငါ မင်းကို ကံကောင်းမှုကြီးတစ်ခု အပ်နှင်းမယ်။’”
“ဘိုးဘေးအိုကြီးက ထပ်ခါထပ်ခါ ခေါင်းညိတ်ပြလိုက်တော့ အဲဒီဆံပင်ဖြူ အင်မော်တယ်ကျင့်ကြံသူက သူမရဲ့ မျက်ခုံးနှစ်ခုကြားကို တစ်ချက်တို့ထိပြီး ကံကောင်းမှုကြီးကို ပေးထားခဲ့ပြီးတော့ လေဟုန်စီးပြီး ထွက်ခွာသွားခဲ့တယ်တဲ့။”
လီထုန်ယာက ကပျာကယာ မေးမြန်းလိုက်သည်။
“ဘယ်လို ကံကောင်းမှုမျိုးတဲ့လဲ”
“ငါ ဘယ်လိုလုပ် သိမှာလဲ”
မြေခွေးကြီးက မျက်လုံးလှန်ပြလိုက်ပြီး ဆက်လက်၍ ပြောလိုက်သည်။
“ဒါကြောင့်မို့လည်း ငါတို့ တလီတောင်တန်းက မြေခွေးမျိုးနွယ်စုတွေဟာ လူသားကို လုံးဝမစားကြတာ။ နှစ်ပေါင်း ၂၀၀ က ကျော်လွန်သွားခဲ့ပြီ ဆိုပေမဲ့ ဘိုးဘေးအိုကြီးဟာ တလီတောင်တန်းက နတ်ဆိုးသတ္တဝါတွေ အားလုံးကို ကန့်သတ်ထားတုန်းပဲ။ ပြီးခဲ့တဲ့ နှစ်နည်းနည်းလောက်တုန်းက ငှက်ကြီးတစ်ကောင် တောင်အောက်မှာ လူသားကို စားမိလို့ ဘိုးဘေးအိုကြီးက ဒေါသထွက်သွားပြီး တောင်အပြင်ဘက်ကို မောင်းထုတ်ပစ်လိုက်တယ်။ ပြီးတော့ တလီတောင်တန်းရဲ့ လီပေါင်းထောင်ချီ ပတ်ပတ်လည်အတွင်းကို ချဉ်းကပ်ခွင့်မပြုတော့ဘူး။ မဟုတ်ရင် သူ့ကို အရှင်လတ်လတ် ဝါးမြိုပစ်မယ်လို့ ဆိုတယ်။”
“အော်”
လီထုန်ယာက ခေါင်းညိတ်လိုက်ပြီး စိတ်ထဲတွင် တိတ်တဆိတ် တွေးတောလိုက်မိသည်။
“ငါတို့ လီမိသားစုကလည်း ဒီမြောက်ဘက်တောင်ခြေရင်းမှာ နှစ်ပေါင်း ၃၀၀ တိုင်တိုင် လယ်ယာစိုက်ပျိုးလာခဲ့ကြတာ။ မိသားစုရဲ့ ဘယ်ဘိုးဘေးတွေထဲမှာမှ အင်မော်တယ်ကျင့်ကြံသူ ရှိဖူးတယ်ဆိုတာ တစ်ခါမှ မကြားဖူးပါဘူး။ ဒီဇာတ်လမ်းက အမှန် ဟုတ်၊ မဟုတ် မပြောနိုင်ဘူး။ လောလောဆယ်တော့ ဒီအတိုင်းပဲ နားထောင်ထားလိုက်တာပေါ့။”
လီထုန်ယာက မြေခွေးကြီးကို လှမ်းကြည့်ကာ မေးလိုက်သည်။
“တာအိုရောင်းရင်းမှာ နာမည် ရှိသလား။”
မြေခွေးကြီးက နှုတ်ခမ်းကိုမဲ့ကာ ပြောလိုက်သည်။
“ငါက ဒီပညောင်ပင်ကြီးအောက်မှာ တစ်နှစ်ပတ်လုံး အမြဲတမ်း နေထိုင်တာမို့ သူတို့က ငါ့ကို ‘ညောင်ဖြူမြေခွေး’ လို့ ခေါ်ကြတယ်။ မျိုးရိုးနာမည်ကို ပြောရရင်တော့ ငါတို့ နတ်ဆိုးသတ္တဝါတွေက အဲဒါကို ဂရုမစိုက်ကြပါဘူး။”
လီထုန်ယာက ခေါင်းညိတ်လိုက်ပြီးနောက် ရိုသေစွာ လက်သီးဆုပ်အရိုအသေပေးကာ ပြောလိုက်သည်။
“ကျုပ်နာမည်က လီထုန်ယာပါ။ ဒီနေ့စကားဝိုင်းကနေ အများကြီးသင်ယူခဲ့ရတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။ နောက်ထပ် လနည်းနည်းလောက်ကြာရင် တာအိုရောင်းရင်းဆီ နောက်တစ်ခေါက် လာလည်ပါဦးမယ်။”
လီထုန်ယာက လေဟုန်စီး၍ ထွက်ခွာသွားသည်ကို ကြည့်ပြီး မြေခွေးကြီးသည် သက်ပြင်းအရှည်ကြီး ချလိုက်ကာ ဘုန်းခနဲ မြေပြင်ပေါ်သို့ ထိုင်ချလိုက်သည်။ ထို့နောက် ဝိညာဉ်ဆန်တစ်စေ့ကို ယူကာ ပါးစပ်အတွင်းသို့ ထည့်လိုက်ပြီး သတိကြီးစွာဖြင့် လျှာဖြင့်ယက်ကြည့်လိုက်ကာ သူ့ဘာသာသူ ရေရွတ်လိုက်သည်။
“တကယ့်ကို မွှေးတာပဲ…”
xxxxxxxxxx
လီရွှမ်ရွှမ် မိသားစုခေါင်းဆောင်ရာထူးကို ဆက်ခံခဲ့ပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်နှစ် ကုန်လွန်သွားခဲ့ပြီဖြစ်သည်။ လီမိသားစု၏ ပင်မမျိုးနွယ်ရှိ လူများ၏ကိုယ်ပေါ်တွင် စျာပနဝတ်စုံဖြူများကို ဝတ်ဆင်ထားကြဆဲ ဖြစ်သော်လည်း လီရွှမ်ရွှမ်က မိသားစုကို စီမံအုပ်ချုပ်သည့် နေ့ရက်များကို တဖြည်းည်း ကျင့်သားရလာခဲ့ကြပြီ ဖြစ်သည်။
လီထုန်ယာသည် တောင်ပေါ်သို့ ပြန်ရောက်လာသည့် အချိန်အများစုတွင် တံခါးပိတ် ကျင့်ကြံခြင်း၌သာ အချိန်ကုန်လွန်စေခဲ့ပြီး လီရွှမ်ဖုန်းကမူ နတ်ဆိုးများကို သတ်ဖြတ်ခြင်းနှင့် ကျင့်ကြံခြင်း၌သာ မြှုပ်နှံထားခဲ့သည်။ လီရွှမ်ရွှမ်သည် လီမိသားစု၏ နာမည်ခံသာမက အစစ်အမှန် စီမံအုပ်ချုပ်သူပါ ဖြစ်လာခဲ့ပြီဖြစ်သည်။ သူသည် အသက် ၂၀ ကျော်မျှသာ ရှိသေးသော်လည်း လုပ်ငန်းဆောင်တာများကို သတိကြီးစွာ ဆောင်ရွက်ကာ အိမ်တွင်းအရေးကိစ္စအဝဝကို စနစ်တကျ စီမံထားခဲ့သည်။
လီရွှမ်ရွှမ်သည် ပင်မခြံဝင်း၏ ခေါင်းဆောင်နေရာတွင် ထိုင်နေခဲ့ပြီး သူ့ဘေးနားတွင် လီရှဲ့ဝမ်က မတ်တတ်ရပ်နေခဲ့သည်။ သူက ပြုံးလျှက် အောက်ရှိ ချန်တုန်းဟယ်ကို လှမ်းကြည့်ရင်း တိုးညှင်းစွာ မေးမြန်းလိုက်သည်။
“မင်းဆုံးဖြတ်ချက်ချပြီးပြီလား”
ချန်တုန်းဟယ်က မျက်မှောင်ကြုတ်လိုက်ပြီး ရိုသေစွာ လက်သီးဆုပ်ကာ လေးနက်စွာဖြင့် ပြောလိုက်သည်။
“မိသားစုထဲကို သားသမက်အဖြစ် ဝင်ရောက်ရမယ့်ကိစ္စက အလွန်အမင်း အရေးကြီးလှတာမို့ ကျွန်တော် တုန်းဟယ်အနေနဲ့ အလွယ်တကူ ဆုံးဖြတ်ချက် မချရဲပါဘူး။ အိမ်ပြန်ပြီး အဖေ့ကို မေးမြန်းပြီးမှပဲ ဆက်ပြီး ဆွေးနွေးလို့ ရပါမယ်။”
လီရွှမ်ရွှမ်က လက်ဖက်ရည်ခွက်ကို ချထားလိုက်ပြီး ညင်သာစွာဖြင့် ပြောလိုက်သည်။
“ဒီလိုပဲ ဖြစ်သင့်တာပေါ့။ တုန်းဟယ် ဘာမှစိုးရိမ်ပူပန် မနေပါနဲ့။ ဒါက မိသားစုရဲ့ စည်းမျဉ်းစည်းကမ်းပဲ။ လီမိသားစုရဲ့ ပင်မမျိုးနွယ်က လူတွေသာ ‘မြစ်ပေါင်းစည်းချီကျင့်စဉ်’ ကို ကျင့်ကြံခွင့်ရှိတယ်။ ဒါက ငါကိုယ်တိုင် ဒုတိယဦးလေးကို အကြိမ်ကြိမ်အဖန်ဖန် တောင်းပန်ပြီးမှ ရခဲ့တဲ့ အခွင့်အရေးပဲ…”
ချန်တုန်းဟယ်က ကပျာကယာ ခေါင်းညိတ်ကာ ထပ်ထပ်ခါခါ ဦးညွတ်ကျေးဇူးတင်စကားဆိုပြီး လက်သီးဆုပ် အရိုအသေပေးကာ ထွက်ခွာသွားခဲ့သည်။ လီရှဲ့ဝမ်က အစေခံများကို စားပွဲခုံပေါ်ရှိ လက်ဖက်ရည်ကို ရုပ်သိမ်းခိုင်းလိုက်ပြီးနောက် ရိုသေစွာ ပြောလိုက်သည်။
“မိသားစုခေါင်းဆောင် ရွှမ်ဖုန်းလည်း အသက် ၁၄ နှစ် ရှိပြီဆိုတော့ အိမ်ထောင်ပြုဖို့ ကိစ္စကို စီစဉ်ရမယ့် အချိန်အခါ ရောက်ရှိနေပါပြီ။”
“အမှန်ပဲ”
လီရွှမ်ရွှမ်က အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး လက်ထဲက သစ်သားပေလွှာကို ဖြန့်ခင်းကာ အနည်းငယ် တွက်ချက်ကြည့်ပြီး မေးလိုက်သည်။
“ဒီလထဲမှာ ဒုတိယဦးလေး တောင်အောက်ကို အဆောင်စာရွက် ဘယ်နှခု ပို့ပေးခဲ့လဲ။”
“မိသားစုခေါင်းဆောင်ကို သတင်းပို့ပါတယ်။ ငါးခု ပါ။”
“အိမ်မှာရှိတဲ့ အဆောင်မှင်နဲ့ အဆောင်စက္ကူတွေလည်း ကုန်လုနီးပါး ဖြစ်နေပြီ။ ဒီလထဲမှာ ရွှမ်ဖုန်းကို စျေးဆီ တစ်ခေါက် သွားခိုင်းရမယ်။”
လီရွှမ်ရွှမ်က ညွှန်ကြားလိုက်သည်။ ကလန်အတွင်းရှိ လူအင်အားက တဖြည်းည်း ပိုမိုများပြားလာခဲ့သည်နှင့်အမျှ နယ်မြေအတွင်းရှိ ဝိညာဉ်လယ်ကွင်းများမှာလည်း အခြေခံအားဖြင့် အပြည့်အဝ စိုက်ပျိုးပြီးစီးသွားခဲ့ပြီဖြစ်သည်။ နှစ်စဉ် စိမ်းပြာရေအိုင်ဂိုဏ်းသို့ အခွန်ဆက်သခြင်းနှင့် အိမ်တွင်းရှိ ကျင့်ကြံသူများကို ထောက်ပံ့ခြင်းအပြင် ပိုလျှံမှုများ ရှိနေဆဲ ဖြစ်သည်။
“အခွန်ဘဏ္ဍာတွေကိုဖယ်လိုက်ရင် ငါတို့မှာ နှစ်စဉ် ဝိညာဉ်ဆန် ကျင်း ၃၀၀ လောက် ကျန်နေတုန်းပဲ။ ပင်မမျိုးနွယ် ကျင့်ကြံသူတွေရဲ့ နှစ်စဉ်ရိက္ခာဝေစုက ၁၀ ကျင်း၊ အရံမျိုးနွယ်အတွက်က ၅ ကျင်း၊ မျိုးနွယ်ခွဲတွေအတွက်က ၁ ကျင်း ဆိုတော့ စုစုပေါင်း ၈၆ ကျင်း ကုန်ကျတယ်။ ဒီတော့ ငါတို့အတွက် ဝိညာဉ်ကျောက်တုံး နှစ်တုံး ကျန်နိုင်ပါသေးတယ်။”
မူလက လီမိသားစုတွင် ဤမျှများပြားလှသော မိသားစုဝင် ကျင့်ကြံသူများ မရှိခဲ့သော်လည်း ယခုအခါ ရွာလေးရွာအတွင်းရှိ ဝိညာဉ်အပေါက် ပါသောသူများကို အိမ်ထောင်ပြုစေခြင်း သို့မဟုတ် သားသမက်အဖြစ် ဝင်ရောက်စေခြင်း စသည့် နည်းလမ်းမျိုးစုံဖြင့် လီမိသားစုအတွင်းသို့ ပေါင်းစပ်ဝင်ရောက်လာခဲ့ကြပြီး အများစုမှာ အရံမျိုးနွယ် ကျင့်ကြံသူများ ဖြစ်လာကြသောကြောင့် ဤကဲ့သို့ ဝိညာဉ်ဆန်များ ချီးမြှင့်ခြင်းများ ရှိလာခဲ့ခြင်း ဖြစ်သည်။
“ဒုတိယဦးလေးက တစ်နှစ်ကို အဆောင်စာရွက်က ၆၀ ဝန်းကျင် ရေးဆွဲနိုင်ပြီး ရောင်းရတဲ့ငွေက ဝိညာဉ်ကျောက်တုံး ၂၀ ဝန်းကျင်ရမယ်။ ကုန်ကျစရိတ်တွေ ဖယ်လိုက်ရင် ဝိညာဉ်ကျောက်တုံး နှစ်တုံး၊ သုံးတုံးလောက် အမြတ်ရနိုင်တယ်။ ရွှမ်ဖုန်းနဲ့ တုန်းဟယ်တို့ တောင်ထဲဝင်ပြီး သတ်ဖြတ်ရရှိတဲ့ နတ်ဆိုးသတ္တဝါတွေကို ပေါင်းစပ်လိုက်ရင် တစ်နှစ်လုံးရဲ့ ဝင်ငွေက ဝိညာဉ်ကျောက်တုံး ၇ တုံးလောက် ရှိမယ်။ အကြမ်းအားဖြင့် ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့် ဓမ္မလက်နက်တစ်ခုရဲ့ တန်ဖိုးလောက်ရှိတယ်။”
အိမ်တွင်စုဆောင်းထားခဲ့သော ဝိညာဉ်ကျောက်တုံး အရေအတွက်မှာ ၇၀ ကျော်ခန့် ရှိပေသည်။ လီမိသားစုသည် လီကျင်းတောင်တွင် မဟာအစီအရင်တစ်ခုကို ခင်းကျင်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် စုဆောင်းနေခဲ့ခြင်း ဖြစ်ရာ ဝိညာဉ်ကျောက်တုံး တစ်တုံး တိုးပွားလာတိုင်း လီရွှမ်ရွှမ်အား စိတ်ထဲတွင် ကြည်နူးဝမ်းမြောက်စေပေသည်။
အခန်း - (၁၁၆) မဟာမိတ်ဖွဲ့ခြင်း
“နောက်ထပ် နှစ်နည်းနည်းကြာရင် စီရင်စုထဲကို သွားပြီး အခွန်ဆက်သရတော့မှာဖြစ်သလို ငါတို့လီမိသားစုမှာ ချီကျင့်ကြံခြင်းအဆင့်ရှိနေတဲ့ အကြောင်းကိုလည်း အစီရင်ခံရမယ်။ အဲဒီအချိန်ကျရင် ဝိညာဉ်ကျောက်တုံး ၁၀၀ လောက် စုဆောင်းထားနိုင်ရင် အကောင်းဆုံးပဲ။ ဒါမှ အစီအရင်ကို ခင်းကျင်းခိုင်းဖို့ အစီအရင်ဆရာကို ပင့်ဖိတ်နိုင်မှာ။”
လီရွှမ်ဖုန်းသည် လွန်ခဲ့သော ရက်အနည်းငယ်က ထပ်မံ၍ တံခါးပိတ် ကျင့်စဉ်ဝင်သွားခဲ့ပြီ ဖြစ်သည်။ ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်၏ အထွဋ်အထိပ် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အတွက် ချီကျင့်ကြံခြင်းအဆင့်သည် ယခုအခါ သူနှင့် အလှမ်းမဝေးတော့ပေ။ လီထုန်ယာသည် လီရွှမ်ဖုန်း ချီကျင့်ကြံခြင်းအဆင့်သို့ အဆင့်တက်နိုင်ရန်အတွက် ‘ရွှေရောင်ဓားသွား အစစ်အမှန်ကျင့်စဉ်’ နှင့် ‘ရွှေရောင်ကျောက်သားထက်ရှချီ’ ကို ပေးအပ်ခဲ့သည်။
ကျီမိသားစု၏ ‘ရွှေရောင်ဓားသွား အစစ်အမှန်ကျင့်စဉ်’ သည်လည်း အဆင့်သုံးကျင့်စဉ်ဖြစ်ပြီး ‘မြစ်ပေါင်းစည်းချီကျင့်စဉ်’ ထက် နိမ့်ပါးခြင်း မရှိချေ။ ထို့အပြင် လီရွှမ်ဖုန်း၏ လေးအတတ်ပညာနှင့် ပိုမိုကိုက်ညီသဖြင့် နောက်တစ်ကြိမ် အခွန်ဆက်သချိန်တွင် လီရွှမ်ဖုန်းအနေဖြင့် လီမိသားစုကို ကိုယ်စားပြု၍ တိမ်သရဖူတောင်ထွဋ်ဆီသို့ သွားရောက်နိုင်ရန်ဟူသော မျှော်လင့်ချက်ဖြင့် လီထုန်ယာက သူ့အား အဆင့်တက်နိုင်ရန် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် လီထုန်ယာသည် ချီကျင့်ကြံခြင်းအဆင့်သို့ အဆင့်တက်နိုင်ခဲ့သော်လည်း ‘သမုဒ္ဒရာအနက်ပိုင်းထဲက ဝေလငါးကြီး’ အဆောင်က သူ့ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားချိန်တွင် ဆင့်ကဲဆင့်ကဲ အဆင့်တက်ခဲ့သဖြင့် ချီကျင့်ကြံခြင်းအဆင့်၏ ပဉ္စမမြောက်ကောင်းကင်ဘုံအလွှာသို့ ရောက်ရှိသွားခဲ့သည်။ သူ၏ ကျင့်ကြံမှုအရှိန်က အမှန်ပင် တုန်လှုပ်စရာကောင်းနေပေသည်။ နောက်ဆုံးအကြိမ် အခွန်သွားရောက်ဆက်သစဉ်က ဝိညာဉ်သန္ဓေသား ဖွဲ့တည်ခြင်းအဆင့်၏ အထွဋ်အထိပ်တွင်သာ ရှိသေးသည်ဖြစ်ရာ သူသည် မကောင်းသော အကြံအစည်ရှိသူများ၏ အာရုံစိုက်မှုကို ခံရမည်မှာ မလွဲဧကန် ဖြစ်ပေသည်။
ထို့ပြင် လီထုန်ယာသည် သတိကြီးသူတစ်ဦး ဖြစ်ရာ ဤကဲ့သို့သော စွန့်စားမှုမျိုးကို မပြုလုပ်ချင်ပေ။ ပြောရမည်ဆိုလျှင် အသက် ၁၅ နှစ်အရွယ် လီရွှမ်ဖုန်းအနေဖြင့် ချီကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိခြင်းနေမှာလည်း အလားတူ ထိတ်လန့်စရာကောင်းမည်သာ ဖြစ်ပေသည်။ သို့သော် လီထုန်ယာကဲ့သို့ အစောပိုင်း အနှစ် ၃၀ လုံးလုံးတွင် တရွေ့ရွေ့ ကျင့်ကြံခဲ့ပြီးမှ ငါးနှစ်အတွင်း ချီကျင့်ကြံခြင်းအဆင့်၏ ပဉ္စမမြောက်ကောင်းကင်ဘုံအလွှာသို့ ရောက်ရှိသွားခြင်းမှာမူ ဦးနှောက်တစ်ခြမ်းပျက်နေသူ တစ်ဦးသည်ပင်လျှင် ပြဿနာရှိနေမှန်း အလွယ်တကူ သိရှိနိုင်ပေသည်။
“ဒုတိယဦးလေး တံခါးပိတ်ကျင့်ကြံနေတာလား။”
လီရွှမ်ရွှမ်က မေးမြန်းလိုက်ရာ လီရှဲ့ဝမ်က ပြန်ဖြေလိုက်သည်။
“ကလန်ဦးလေးက ကျင့်စဉ်အခြေခံ ခိုင်မာအောင် လုပ်ဖို့အတွက်လို့ပြောပြီး တံခါးပိတ်ကျင့်စဉ် ဝင်သွားတာ ရက်နည်းနည်း ကြာပါပြီ။”
လီရွှမ်ရွှမ်သည် မိသားစုကိစ္စများကို စနစ်တကျ စီမံပြီးနောက် ထရန် ပြင်လိုက်စဉ် တံခါးအပြင်မှ ကလန်စစ်သည်တစ်ဦး အလောတကြီး ဝင်ရောက်လာခဲ့ပြီး ရိုသေစွာဖြင့် တင်ပြလာခဲ့သည်။
“မိသားစုခေါင်းဆောင်ကို သတင်းပို့ပါတယ်။ လီချွမ်းခိုရွာကနေ လူလွှတ်ပြီး သတင်းပို့လာပါတယ်။ အနောက်ဘက်ကနေ ယွဲ့တောင်သားအုပ်စုတစ်စု ကုန်စည်တွေနဲ့ ကျွန်တွေပါတဲ့ လှည်းတန်းအရှည်ကြီးနဲ့ ရောက်ရှိလာပြီး အရှေ့ပိုင်းယွဲ့တောင်က လက်အောက်ခံဖို့ လာရောက်တောင်းခံတာလို့ ပြောပါတယ်။”
“လက်အောက်ခံဖို့ ဟုတ်လား”
လီရွှမ်ရွှမ်သည် ကြောင်အသွားခဲ့ပြီး အသံထွက်ကာ ရယ်မောမိလုနီးပါး ဖြစ်သွားခဲ့သည်။ သူက အေးစက်စွာဖြင့် ပြောလိုက်သည်။
“ငါတို့နဲ့ ယွဲ့တောင်ဆိုတာက မတူညီတဲ့ မဟာအင်အားစုကြီး နှစ်ခုရဲ့ လက်အောက်ကပဲ။ သူတို့ ရွာဘယ်နှရွာကပဲ လက်အောက်ခံဖို့ လာပြောပါစေ၊ ငါတို့ လက်မခံရဲပါဘူး။ ဒါက ဘာသဘောလဲ။ ကြည့်ရတာ အဲဒီမုကျောင်းမန်က အရမ်းကို ကြောက်လန့်လွန်းလို့ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ဘူး ထင်တယ်။”
ကျားနီရှီ သေဆုံးသွားခဲ့ပြီးနောက် တစ်နှစ်အတွင်းတွင် ယွဲ့တောင်နယ်မြေ တစ်ခုလုံးသည် အင်အားစုငယ်လေးများအဖြစ် အပိုင်းပိုင်းအစစ ကွဲထွက်သွားခဲ့ကာ နေရာအနှံ့တွင် စစ်ပြေးဒုက္ခသည်များနှင့် စစ်မက်ဖြစ်ပွားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
လီရွှမ်ရွှမ် အနောက်ဘက်ဆီသို့ စေလွှတ်ထားသော သူလျှိုများဆီမှနေ၍ သတင်းရရှိထားသည်မှာ မုကျောင်းမန်သည် လီမိသားစုနှင့် နီးကပ်သော ရွာ ၆ ရွာ၊ ၇ ရွာခန့်ကို စုစည်းထားခဲ့ပြီး ယွဲ့တောင်သားတစ်သောင်းဟု ခေါ်ဝေါ်ကြောင်းနှင့် ၎င်းကို အရှေ့ပိုင်းယွဲ့တောင်ဟုလည်း ခေါ်ဆိုကြကြောင်းပင် ဖြစ်သည်။
ထိုယွဲ့တောင်သား တစ်သောင်းထဲတွင် မုကျောင်းမန် တစ်ဦးတည်းသာ ချီကျင့်ကြံခြင်းအဆင့် ရှိပေသည်။ လီထုန်ယာ၏ လက်ရှိ စွမ်းရည်ကလည်း သူ့ထက် အဆမတန် သာလွန်နေခဲ့သဖြင့် လီထုန်ယာနှင့် လီရွှမ်ရွှမ်တို့ကို အလွန်အမင်း ရဲရင့်သွားစေခဲ့ကာ နယ်စပ်ဖြတ်ကျော်ပြီး မုကျောင်းမန်ကို အနုကြမ်းစီး ခြိမ်းခြောက်ရန် အကြိမ်ပေါင်းများစွာပင် ကြံရွယ်ခဲ့ဖူးသည်။
အဘယ်ကြောင့်ဆိုသော် ဝူတောင်သည် တောင်အောက်ရှိ ယွဲ့တောင်လူမျိုးများကို တစ်ခါမျှ ထည့်သွင်းမစဉ်းစားဖူးပေ။ လီမိသားစုအနေနဲ့ ပေါ်ပေါ်ထင်ထင် နယ်မြေသိမ်းပိုက်ခြင်းမျိုး မပြုလုပ်သေးသရွေ့ အကြိမ်အများစုတွင် ဝင်ရောက်စွက်ဖက်မည် မဟုတ်ချေ။
သို့သော် ယခုအခါ ယွဲ့တောင်နယ်မြေအတွင်း၌ ကသောင်းကနင်း ဖြစ်ပွားနေခဲ့သည်။ လီထုန်ယာသည် သတိကြီးသူဖြစ်ရာ အနောက်ဘက်သို့ ချီတက်၍ မုကျောင်းမန်နှင့် ထိပ်တိုက်တွေ့ဆုံခြင်း မပြုလုပ်ခဲ့ပေ။ သူသည် သူ၏အသက်ကို အသုံးချကာ ဝူတောင်ပေါ်ရှိ လူများ၏ စိတ်နေသဘောထားကို လောင်းကြေးမထပ်ချင်ခဲ့ပေ။ သို့သော် မထင်မှတ်ထားဘဲ မုကျောင်းမန်ကိုယ်တိုင်က လူလွှတ်ပြီး တံခါးလာခေါက်ခဲ့သည်။
“အဲဒီယွဲ့တောင်အုပ်စုက နိုင်ငံရေးအရ လက်ထပ်ထိမ်းမြားမှု၊ ကုန်သွယ်မှု ဒါမှမဟုတ် အခွန်ဘဏ္ဍာဆက်သမှုတွေ ကနေတစ်ဆင့် မဟာမိတ်ဖွဲ့ဖို့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။ အပြန်အလှန်အနေနဲ့ သူတို့က တစ်ခုတည်းကိုပဲ တောင်းဆိုပါတယ်”
“ဘာကို တောင်းဆိုတာလဲ။”
လီရွှမ်ရွှမ်က ငုံ့ကြည့်ကာ မေးလိုက်သည်။ စိတ်ထဲတွင်မူ ကြိုတင်ခန့်မှန်းမိပြီးသား ဖြစ်သည်။
“လီမိသားစုရဲ့ ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူကို နယ်စပ်ဖြတ်ကျော်ပြီး တိုက်ခိုက်ခြင်းမပြုဖို့ တောင်းဆိုတာပါ။”
လီရွှမ်ရွှမ်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ပြီး ရင်ထဲတွင် ပိတ်ဆို့နေခဲ့သော စိုးရိမ်စိတ်များ ပျောက်ကွယ်သွားသည်ဟု ခံစားလိုက်ရသည်။ သူက လှောင်ပြောင်လိုက်သည်။
“အရင်တုန်းကတော့ တကယ့်ကို မောက်မာနေပြီး အခုကျတော့ နှိမ့်ချနေပါလား။ ငါတို့တွေ ကျားနီရှီရဲ့ ခြိမ်းခြောက်မှုအောက်မှာ နှစ်ပေါင်းများစွာ စိုးရိမ်ထိတ်လန့်ခဲ့ကြရတယ်။ အခုတော့ ယွဲ့တောင်သားတွေက ငါတို့မိသားစုကို ပြန်ပြီး ကြောက်ရွံ့ရမယ့်အလှည့် ရောက်လာခဲ့ပြီ။”
xxxxxxxxxx
“ဒါဆို အရှေ့ပိုင်းသားမျိုးနွယ်တွေရဲ့ ပုံစံက ဒီလိုမျိုးပေါ့”
မုယာလုသည် သူမ၏အနောက်တွင် လှည်းအပြည့် တင်ဆောင်လာသော သားရေများနှင့် ရိက္ခာကုန်စည်များကို ဦးဆောင်ကာ သတိကြီးစွာဖြင့် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ ထိုစဉ် ကလန်စစ်သည်များ အတူတကွ စုဝေးရောက်ရှိလာခဲ့ကြပြီး လှံရှည်နှင့် ဆေဘာရှည်များကို ကိုင်စွဲကာ ၎င်းတို့အား သတိကြီးစွာဖြင့် စိုက်ကြည့်နေကြသည်။
“ငါတို့က အညံ့ခံဖို့လာတာ!”
သူမ ဘေးနားရှိ ယွဲ့တောင်စစ်သည်တစ်ဦးက ရှေ့သို့တိုး၍ လှမ်းအော်လိုက်သော်လည်း လီကလန်စစ်သည်များကမူ သူ့အား တစ်ချက်မျှ လှည့်မကြည့်ဘဲ မျက်ဝန်းအတွင်း၌ သတိထားမှုများဖြင့်သာ ပြည့်နှက်နေခဲ့သည်။
မုယာလုက ညင်သာစွာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူမ၏ ရင်ထဲတွင် အိမ်နှင့် ခွဲခွာရသည့် ဝမ်းနည်းမှုမျိုး လုံးဝမရှိဘဲ အားကျစိတ်များဖြင့်သာ ပြည့်နှက်နေခဲ့သည်။
“ဒီအရှေ့ပိုင်းသားတွေဟာ စားဝတ်နေရေး ဖူလုံပြည့်စုံကြပြီး အမူအရာကလည်း တည်ငြိမ်လှတယ်။ သူတို့ကိုယ်ပေါ်မှာ ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေကို ယွဲ့တောင်သားတွေရဲ့ မြင့်မြတ်သူတွေတောင် ဝတ်ဆင်ခွင့်မရှိကြဘူး။ လက်ထဲက ဓားလှံတွေနဲ့ ချပ်ဝတ်တန်ဆာတွေကလည်း ကောင်းမွန်ပြီး ပြည့်စုံလှတယ်။ တကယ့်ကို မယုံနိုင်စရာပဲ။”
“အခုချိန်မှာ ကျိုင်းကောင်ဘေးဒုက္ခက ယွဲ့တောင်မျိုးနွယ်စု ၁၅ ရွာလုံးကို ဖျက်ဆီးသွားတယ်။ မဟာကျွဲ့ထင်မှာတောင် ငတ်ပြတ်ပြီး သေဆုံးသွားတဲ့သူတွေ ရှိနေတာ။ တကယ့်ကို ကောင်းကင်ဘုံနဲ့ ငရဲလိုပဲ ကွာခြားလွန်းလှတယ်။”
ကလန်စစ်သည်များ ချက်ချင်း လမ်းဖယ်ပေးလိုက်ကြပြီး ဖျတ်လတ်ထက်မြက်ပုံရကာ သားရေချပ်ဝတ်ကို ဝတ်ဆင်ထားသော လူငယ်တစ်ဦး ရှေ့သို့ လျှောက်လှမ်းလာခဲ့သည်။ မုယာလုက ကပျာကယာပင် အရှေ့ပိုင်းသားတို့၏ ထုံးစံအတိုင်း လက်သီးဆုပ် အရိုအသေပေးကာ ညင်သာသောအသံဖြင့် မေးလိုက်သည်။
“ရှင်က လီမိသားစုခေါင်းဆောင်လား”
မုယာလုသည် အိမ်မှ မထွက်ခွာလာမီကတည်းက အတော်လေး ကြိုးစားအားထုတ်ခဲ့ရသည်။ သူမသည် ကိုယ်ပေါ်ရှိ ဆေးမင်ကြောင်များကို ဆေးကြောပစ်လိုက်ပြီး အရှေ့ပိုင်းသားတို့၏ အမူအရာ ယဉ်ကျေးမှုများအားလုံးကို သင်ယူခဲ့ရကာ အကြိမ်ပေါင်းများစွာ ဆဲဆိုကြိမ်းမောင်းခြင်း ခံရပြီးမှသာ ညင်သာတိုးညှင်းစွာဖြင့် စကားပြောဆိုတတ်လာခဲ့ခြင်း ဖြစ်သည်။ သူမသည် လမ်းလျှောက်ရာတွင်ပင် များစွာ စနစ်တကျ ရှိလာခဲ့ပြီ ဖြစ်သည်။
“မခံယူရဲပါဘူး။ ကျွန်တော်က လီမိသားစုရဲ့ ကလန်တာဝန်ခံ လီရှဲ့ဝမ်ပါ။ ကျေးဇူးပြုပြီး အရှေ့ကို ကြွပါ။”
လီရှဲ့ဝမ်သည် မုယာလုကို ဦးဆောင်၍ ရှေ့သို့ လျှောက်လှမ်းသွားခဲ့သည်။ သဘာဝကျစွာပင် ကလန်စစ်သည်များက ရှေ့သို့တိုးလာ၍ လက်နက်များကို သိမ်းဆည်းလိုက်ကြပြီး သူမတွင် ကျင့်စဉ်အဆင့် လုံးဝမရှိကြောင်း သေချာစေပြီးမှသာ လီရွှမ်ရွှမ်၏ ရှေ့မှောက်ဆီသို့ ဝင်ရောက်ခွင့်ပြုခဲ့သည်။
လီရွှမ်ရွှမ်က မေးစေ့ကို ပွတ်သပ်လျှက် မုယာလုကို တစ်ချက် လှမ်းကြည့်လိုက်သောအခါ သူမ၌ အရိုင်းဆန်သော အလှတရားတစ်မျိုး ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။ သူက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“အရှေ့ပိုင်းယွဲ့တောင်က လူလွှတ်လိုက်ရတဲ့ အကြောင်းရင်းက ဘာလဲ။”
မုယာလုက ကပျာကယာ ဦးညွတ်အရိုအသေပေးကာ ပြောသည်။
“ကျွန်မက မုကျောင်းမန်ရဲ့ညီမ မုယာလု ဖြစ်ပါတယ်။ လီမိသားစုခေါင်းဆောင်ကို ဂါရဝပြုပါတယ်။ ကျွန်မတို့တွေက ရှင်တို့ရဲ့ မိသားစုနဲ့ ကုန်သွယ်ခြင်း၊ အခွန်ဆက်သခြင်း၊ အိမ်ထောင်ဖက်ပြုခြင်းတွေကို ပြုလုပ်လိုပါတယ်။ လီမိသားစုအနေနဲ့ နယ်စပ်ဖြတ်ကျော်ပြီး သတ်ဖြတ်ခြင်း မပြုဖို့အတွက်ပဲ တောင်းဆိုတာပါ။”
မုယာလု၏ စကားကြောင့် ဘေးပတ်ပတ်လည်ရှိ စစ်သည်များအားလုံး ဆူညံသွားခဲ့ကြသည်။ ယွဲ့တောင်သားများသည် လွန်ခဲ့သောနှစ်ကမှ နယ်စပ်ဖြတ်ကျော် လုယက်ဖျက်ဆီးခဲ့ကြပြီး ယခုနှစ်တွင်မူ ရတနာပစ္စည်းများ လာရောက်ဆက်သ၍ မျက်နှာလုပ်နေကြပြန်သည်။ ထိုကဲ့သို့ သိသိသာသာ ကွဲပြားခြားနားမှုက အမှန်ပင် အံ့အားသင့်စရာ ကောင်းလှပေသည်။
“ကျားနီရှီ ဖမ်းဆီးသွားခဲ့တဲ့ အရှေ့ပိုင်းသားတွေကို ကျွန်မတို့ အချိန်အတော်ကြာအောင် လိုက်လံရှာဖွေခဲ့ပြီး အားလုံးကို ပြန်ခေါ်လာပေးထားပါတယ်။ လှည်းတန်းရဲ့ အနောက်မှာ ရှိနေကြပါတယ်။ ကျွန်မတို့က တကယ့်ကို စိတ်ရင်းအမှန်နဲ့ ငြိမ်းချမ်းရေး ယူချင်တာပါ! အကယ်၍ မိသားစုခေါင်းဆောင်သာ သဘောတူမယ်ဆိုရင် လီမိသားစုနဲ့ မျိုးဆက်အလိုက် လက်ထပ်ထိမ်းမြားပြီး မဟာမိတ်ပြုဖို့ ကျွန်မ မုယာလုက အစပြုသူ ဖြစ်ပါရစေ။”
မုယာလုသည် လီမိသားစုဝင်များကို အရှေ့ပိုင်းသားများဟုသာ သုံးနှုန်းခေါ်ဆိုခဲ့ရာ ပြည့်ပြည့်စုံစုံ ကြိုတင်ပြင်ဆင်ထားခဲ့ကြောင်း သိသာလှပေသည်။
မုယာလုသည် အတွင်း၌ ဖြူစင်ဝင်းပသော သစ်သီးတစ်လုံး ပါဝင််နေသည့် သစ်သားသေတ္တာတစ်လုံးကို ဆက်သလိုက်ကာ ရိုသေစွာ ပြောလိုက်သည်။
“ကျွန်မတို့ရဲ့ ဘုရင်ကြီးက ဒီသစ်သီးကို ဆက်သပြီး အတိတ်တုန်းက အရှေ့ဘက်ကို ကျူးကျော်ခဲ့တဲ့ ကိစ္စအတွက် တောင်းပန်စကား ဆိုတာပါ။ မိသားစုနှစ်ခုကြားက ရန်ငြိုးတွေ ပြေပျောက်သွားဖို့ မျှော်လင့်ပါတယ်! ဒီဝိညာဉ်သစ်သီးက ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူတွေအတွက်လည်း အကျိုးကျေးဇူး အလွန်ကြီးမားလှတာမို့ မိသားစုခေါင်းဆောင် လက်ခံပေးဖို့ မျှော်လင့်ပါတယ်။”
လီရွှမ်ရွှမ်က သူမအား တစ်ချက် လှမ်းကြည့်လိုက်သည်။ အောက်မှ လူတစ်ဦးသည် ရှေ့သို့တိုး၍ ထိုသစ်သီးကို လက်ခံယူလိုက်သည်။ ထို့နောက် လီရွှမ်ရွှမ်က လေးနက်စွာ ပြောလိုက်သည်။
“တမန်တော်အနေနဲ့ ခဏစောင့်ဆိုင်းပေးပါဦး။ ငါတို့ သေသေချာချာ ညှိနှိုင်းဆွေးနွေးရဦးမယ်။”
မုယာလုက ခေါင်းညိတ်၍ ဆုတ်ခွာသွားသည်ကို မြင်သောအခါ လီရွှမ်ရွှမ်က လီရှဲ့ဝမ်၏ နားထဲသို့ တိုးညှင်းစွာ မှာကြားလိုက်သည်။
“အရင်ဆုံး လူတွေကို သွားပြီး ကယ်ထုတ်ခိုင်းလိုက်။”
လီရွှမ်ရွှမ်သည် ထိုသို့ပြောပြီးသည်နှင့် လူများကို ခေါ်ဆောင်၍ လီကျင်းတောင်ရှိရာဆီသို့ ထွက်ခွာသွားခဲ့တော့သည်။
အောက်တွင် ကလန်စစ်သည်များက ရှေ့သို့တိုး၍ ကြိုးတုပ်ခံထားရသော အကျဉ်းသားများကို ကြိုးဖြည်ပေးလိုက်ကြသည်။ ချက်ချင်းပင် ယွဲ့တောင်စစ်သည်အချို့က ဒေါသတကြီး အော်ဟစ်ဆဲဆိုလိုက်ကြတော့သည်။
“မင်းတို့ရဲ့ ဘုရင်ကြီးက သဘောတူတယ်လို့ မပြောရသေးဘူးလေ!”
မုယာလုက မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိပြီး ထိုလူကို တားဆီးရန် ပြင်လိုက်ရုံ ရှိသေးသော်လည်း ထိုယွဲ့တောင်သားမှာ မြေပြင်ပေါ်သို့ ရိုက်နှက်ခြင်း ခံလိုက်ရပြီး ဖြစ်ကာ မျက်နှာတစ်ခုလုံး သွေးများဖြင့် ပြည့်နှက်နေခဲ့ပြီး သွားသုံးချောင်း ကျွတ်ထွက်သွားခဲ့ပြီဖြစ်သည်။
“မင်းတို့!”
မုယာလုက ကပျာကယာပင် အခြားလူများကို တားဆီးလိုက်ပြီး ဝမ်းနည်းစွာဖြင့် ခေါင်းခါယမ်းလိုက်ကာ ယခုတစ်ခေါက်ကိစ္စ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ဤရတနာပစ္စည်းများနှင့် ကျွန်သုံ့ပန်းများကို မည်သို့မျှ ပြန်လည် ခေါ်ဆောင်သွားနိုင်တော့မည် မဟုတ်ကြောင်း စိတ်ထဲတွင် ကောင်းစွာ သိရှိလိုက်တော့သည်။
xxxxxxxxxx
လီထုန်ယာသည် တံခါးပိတ်ကျင့်ကြံနေခဲ့သည်မှာ ရက်အနည်းငယ်မျှသာ ရှိသေးသော်လည်း ဂူ၏ တံခါးဝတွင် တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သဖြင့် သူက မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိပြီး တိုးညှင်းသော လေသံဖြင့် ပြောလိုက်သည်။
“ဝင်လာခဲ့”
လီရွှမ်ရွှမ်က တံခါးကို တွန်းဖွင့်၍ ဝင်လာခဲ့ပြီး ရိုသေစွာဖြင့် တင်ပြလိုက်သည်။
“ဒုတိယဦးလေး ယွဲ့တောင်က တမန်တော်လွှတ်ပြီး စစ်ပြေငြိမ်းခွင့် တောင်းခံလာပါတယ်။”
ထိုစကားဆုံးသည်နှင့် သူက သတ်မှတ်ချက်များကို တစ်ခုချင်း ရှင်းပြလိုက်သည်။ လီထုန်ယာက သေသေချာချာ နားထောင်နေပြီးနောက် လေးနက်စွာဖြင့် ပြောလိုက်သည်။
“အခုချိန်မှာ မုကျောင်းမန်က ဓားတစ်ချက်တည်းနဲ့တင် ဖြေရှင်းလို့ရတဲ့ လူတစ်ယောက်ဖြစ်သွားပြီ။ သူက တဏှာကြီးပြီး စိတ်လိုက်မာန်ပါ လုပ်တတ်တာမို့ ရှိပြီးသားအရာတွေကိုပဲ ထိန်းသိမ်းထားနိုင်ပြီး တိုးချဲ့နိုင်စွမ်း မရှိဘူး။ သူက ဘယ်လိုမှ ကျားနီရှီကို မမီနိုင်ဘူး။ သူ့ကို ငါတို့အစား အနောက်ဘက်နယ်စပ်ကို စောင့်ကြပ်ပေးဖို့ ချန်ထားတာကလည်း မဆိုးလှပါဘူး။”
“ငါတို့တွေ သူ့ကို တကယ်ပဲ သတ်ဖြတ်ပစ်လိုက်ရင် ယွဲ့တောင်သား တစ်သောင်းဟာ ညတွင်းချင်း ပြိုကွဲသွားလိမ့်မယ်။ အဲဒါက သူတို့ကို နှစ်နည်းနည်းလောက် ပဋိပက္ခဖြစ်စေနိုင်တယ် ဆိုပေမဲ့ နောက်ထပ် ဘယ်လိုမျိုး ရက်စက်ကြမ်းကြုတ်တဲ့သူ ပေါ်ထွက်လာဦးမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။ အဲဒါထက်စာရင်တော့ ဒီကောင့်ရဲ့ အသက်ကို ချမ်းသာပေးထားတာက ပိုကောင်းပါတယ်။”
လီရွှမ်ရွှမ်က သဘောတူညီစွာဖြင့် ခေါင်းညိတ်ပြပြီး တိုးညှင်းစွာ ပြောလိုက်သည်။
“ယွဲ့တောင်တွေက လက်မှုပညာရပ်တွေကို မကျွမ်းကျင်ကြဘူး။ သူတို့ရဲ့ လက်မှုလုပ်ငန်းနဲ့ သံရည်ကျိုလုပ်ငန်းတွေက အရမ်းကို အကြမ်းဆန်လွန်းလှပါတယ်။ ယွဲ့တောင်နဲ့ ကုန်သွယ်ရေးလမ်းကြောင်း ဖွင့်လှစ်နိုင်ရင် ကျွန်တော်တို့အတွက် လယ်သမားတစ်သောင်း အလကား ရလိုက်လာတာနဲ့ အတူတူပါပဲ။”
“ဒါ့ပြင် ဒုတိယဦးလေးရဲ့ အဆောင်စာရွက်တွေကိုလည်း ဈေးနှုန်းမြင့်မြင့်နဲ့ တိုက်ရိုက် ရောင်းချလို့ ရသွားမှာ ဖြစ်လို့ ဈေးထဲအထိ သွားရောင်းပြီး ပြိုင်ဆိုင်နေဖို့ မလိုတော့ပါဘူး။ နောင်တစ်ချိန် ကျွန်တော်တို့ မိသားစုမှာ ဆေးဝါးဖော်စပ်ခြင်းနဲ့ လက်နက်သွန်းလုပ်ခြင်း အမွေအနှစ်တွေ ရှိလာတဲ့အခါကျရင် စိမ်းပြာရေအိုင်ဂိုဏ်းလိုမျိုးပဲ အရှေ့ပိုင်းယွဲ့တောင်ဆိုတဲ့ အဝင်ဝကို အသုံးချပြီး သိန်းဂဏန်းမကတဲ့ ယွဲ့တောင်ပြည်သူတွေကို ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းတွေ ရောင်းချဖို့ နယ်မြေအဖြစ် ပြောင်းလဲပစ်လို့ ရပါတယ်။”
လီထုန်ယာက မေးစေ့ကို ပွတ်သပ်ကာ လေးနက်စွာဖြင့် ပြောလိုက်သည်။
“အမှန်ပဲ။ အဲဒီမုယာလုကိုတော့ မင်းပဲ ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်လိုက်။ ပြီးတော့ အရံမျိုးနွယ်ထဲက မိန်းကလေးတစ်ယောက်ကို ရွေးချယ်ပြီး ဟိုဘက်ကို ပေးစားလိုက်ရင် ရပါပြီ။ ဟိုဘက်ကို စေလွှတ်မယ့်သူကို သေသေချာချာ ရွေးချယ်ပြီးတော့ မှာစရာရှိတာတွေ မှာကြားလိုက်ဖို့ မမေ့နဲ့။”
“နားလည်ပါပြီ”
လီရွှမ်ရွှမ်က ဦးညွတ်အရိုအသေပေးကာ နာခံလိုက်ပြီး ထွက်ခွာရန် ပြင်လိုက်စဉ် လီထုန်ယာက လှည့်၍ မေးမြန်းလိုက်သည်။
“မုကျောင်းမန်မှာ သား ဘယ်နှယောက် ရှိလဲ။”
လီရွှမ်ရွှမ်က ခဏအကြာ စဉ်းစားလိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။
“ဒါကိုတော့ သေသေချာချာ မသိရသေးပါဘူး။ ကျွန်တော် ချက်ချင်း လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်ပါမယ်။ ပြီးမှ ဒုတိယဦးလေးဆီကို ပြန်ပြီးအစီရင်ခံပါ့မယ်။”
လီထုန်ယာက ခေါင်းညိတ်ပြလိုက်ပြီး လက်ဝှေ့ယမ်းလျှက် သူ့အား ထွက်ခွာခွင့်ပြုလိုက်သည်။ ထို့နောက် သူ့ခေါင်းကိုငုံ့၍ ခဏမျှ စဉ်းစားလိုက်ပြီးနောက် စုတ်တံကို မှင်တို့၍ အဆောင်စာရွက်များကို စတင်ရေးဆွဲလေတော့သည်။