အခန်း (၃၁-၃၂)
Vol. 4 Ch. 31-32
အခန်း(၃၁)
တံခါးပိတ်ပြီးနောက် အကြီးအကဲဇန်းက ပြုံးလိုက်ပြီး ချင်ယန်ကို ပြောလိုက်သည်။
"ချင်ယန်... မင်းက ချီစွမ်းအင်ကို ကောင်းကောင်း ထိန်းချုပ်နိုင်တာပဲ"
အပေါ်ယံကြည့်လျှင် အညိုရောင်ဝတ်စုံဖြင့် ပိန်ပါးပါး ခန္ဓာကိုယ်ရှိသည့် အကြီးအကဲဇန်းသည် သာမန်အဘိုးအို တစ်ဦးဟုသာ ထင်မှတ်ရသည်။
သို့သော် ထိုအဘိုးအိုသည် လွန်စွာ စွမ်းအားကြီးမားသူ ဖြစ်၏။
ကံကြမ္မာစက်ဝိုင်းကို လှည့်ရာတွင် မသိမသာ လှည့်စားခဲ့သော ချင်ယန်၏ လုပ်ဆောင်ချက်သည် ရင့်ကျက်သော အတွေ့အကြုံနှင့် ကြီးမားသော ဗဟုသုတများစွာ ရှိသည့် အကြီးအကဲဇန်း၏ မျက်လုံးများကို ဖုံးကွယ်နိုင်ခြင်း မရှိခဲ့ချေ။
"အကြီးအကဲ... ကျွန်တော် စည်းကမ်းမဖောက်ခဲ့ဘူး မဟုတ်လား"
ချင်ယန် အကြောင်းမဲ့ မေးမြန်းလိုက်ခြင်း မဟုတ်ပေ။
အဓိက စိုးရိမ်နေသည့် အချက်မှာ ဒုတိယ သိုင်းဝိညာဉ် ဖြစ်သည့် တုန်ခါခြင်းစွမ်းအားကို အသုံးပြုခဲ့၍ သူ၏ လျှို့ဝှက်ချက် ပေါ်ပေါက်သွားမည်ကို စိုးရိမ်သောကြောင့်ပင်။
"ဟားဟား.. မင်းက စည်းကမ်းဖောက်ခဲ့ရင်တောင် ငါက လေခွဲသိုင်းကို မင်းဆီ ပေးမှာပါ"
အကြီးအကဲဇန်းက ရယ်၍ ပြောလိုက်သည်။
"မင်းက တကယ်ကို ရှားပါးတဲ့ ပါရမီရှင် တစ်ယောက်ပဲ.. ငါ့အမြင်တော့ အိမ်ရှေ့စံ အသစ်ထက်တောင် မင်းက ပိုသာတယ်.. ဝေရှန်းခွန်နဲ့ တိုက်ပွဲမှာ ငါကြားဝင်ပြီး ဟန့်တားတော့မလို့ပဲ.. ဒါပေမဲ့ မထင်မှတ်ဘဲ မင်းက အဆင့်ငါး သိုင်းခန္ဓာနယ်ပယ်ကို တက်ရောက်သွားခဲ့တယ်... တကယ်ကို အံ့အားသင့်စရာပဲ"
ချင်ယန်က ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။
"အကြီးအကဲရဲ့ ကြင်နာမှု အတွက် ကျေးဇူးတင်ပါတယ်"
အကြီးအကဲဇန်းသည် ရှေ့ကနေ ဦးဆောင် လျှောက်နေရာမှ ရုတ်တရက် ရပ်တန့်လိုက်ပြီး နောက်သို့လှည့်၍ လေးနက်သော အမူအရာဖြင့် မေးလိုက်သည်။
"မင်းခမည်းတော်ရဲ့ အကြောင်းကို မင်း ဘယ်လောက်သိထားလဲ"
ချင်ယန် မျက်မှောင်ကြုတ်လိုက်သည်။
"အဖေက ကျင့်စဉ်ဖောက်ပြန်သွားတယ်လို့ကြားတယ်.. အဲဒါ တကယ်ပဲလား"
အကြီးအကဲဇန်း အံ့အားသင့်ဟန်ဖြင့် မေးလိုက်သည်။
"မင်းကို ဘယ်သူပြောပြတာလဲ"
"ချင်တာရန်"
သူက စင်မြင့်ပေါ်တွင် ချင်တာရန် ပြောခဲ့သည့် အကြောင်းအရာများကို ပြန်ပြောပြလိုက်သည်။
ချင်ယန်၏ စကားဆုံးလျှင် အကြီးအကဲဇန်းသည် ဒေါသထွက်စွာဖြင့် ဆုံးမစကား ပြောခဲ့သည်။
"ချင်အမတ်ကြီးက ထီးနန်းကို သိမ်းပိုက်ချင်နေတဲ့လူပဲ... သူ့ကို နန်းမြို့တော်နဲ့ ဝေးကွာတဲ့ နယ်စပ်ဆီ ဘာကြောင့် ပို့ထားတာလို့ မင်းထင်လဲ... သူ့သားရဲ့ အလိမ်အညာ စကားတွေကို လွယ်လွယ်နဲ့ မယုံကြည်သင့်ဘူး.. ချင်ယန် မင်း ရင့်ကျက်မှဖြစ်မယ်"
ချင်ယန်က ခေါင်းညိတ်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ကျွန်တော် ဂရုစိုက်ပါ့မယ်.. နောက်ဆို ပိုဂရုစိုက်ပါ့မယ်"
အကြီးအကဲဇန်းက ရှည်လျားစွာ ရှင်းပြလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မင်းရဲ့ ခမည်းတော် ဧကရာဇ်က သိုင်းတာအိုနယ်ပယ်ကို တက်ရောက်ဖို့ ကြိုးစားရင်း ကျင့်စဥ်ဖောက်ပြန်သွားခဲ့တယ်... သူ့ရဲ့ ဒဏ်ရာကို ကုသဖို့ တိတ်တဆိတ် ထွက်ခွာသွားခဲ့တယ်... အင်ပါယာနန်းတော်မှာ သူ မရှိတာကြာပြီ"
ယခင်က ချင်ယန်သည် ဖခင်ဖြစ်သူကို အပြစ်တင်နေမိခဲ့သည်။
ယခု သိလိုက်ရသည်မှာ သူ၏ အဖေသည် အလွန်ကြီးမားသော အခက်အခဲနှင့် ကြုံတွေ့နေရသဖြင့် သူ့ကို ကာကွယ် မပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
ဤဖြစ်ရပ်က သူ၏ စိတ်ခံစားမှုကို ရှုပ်ထွေးသွားစေခဲ့သည်။
"ကောင်းပြီ... အခု အများကြီး စဉ်းစားမနေနဲ့တော့.. မင်းရဲ့ ခွန်အား သန်မာလာဖို့ကိုပဲ အာရုံစိုက်ထား.. ဟွာလင်းဝုကျောင်းမှာ မိဖုရားကြီးရဲ့ လူတွေ အများကြီး ရှိနေတယ် ဆိုပေမဲ့ ငါ ရှိနေသ၍ မင်းသူတို့ကို ကြောက်စရာမလိုဘူး"
အကြီးအကဲဇန်းက စင်္ကြန်လမ်းအဆုံးရှိ ရွှေရောင်ခြင်္သေ့ ရုပ်ပုံများ ထွင်းထုထားသော တံခါးကို ဖွင့်လိုက်သည်။
"ကောင်းကင်ခြင်္သေ့ ရေကန်ထဲကို မင်းဝင်နိုင်ပြီ.. မှတ်ထားဖို့က ဆေးရည်တွေကို နည်းနည်းချင်းစီပဲ စုပ်ယူပါ... စုပ်ယူမှုများသွားတာနဲ့ ချက်ချင်း ထွက်လာခဲ့ပါ.. အရဲစွန့်ပြီး အတင်း မကြိုးစားပါနဲ့"
ကျောက်တုံးခန်းမ အတွင်းရှိ ကောင်းကင်ခြင်္သေ့ ရေကန်သည် ရိုးရှင်းသော သဘာဝရေကန် တစ်ခုနှင့် တူညီ၏။
ချင်ယန်က ရေကန်နှင့် အပြင်ဘက်မှ တန်ဆာဆင်ထားသော အဖိုးတန် ပစ္စည်းများကို နှိုင်းယှဉ်၍ စူးစမ်းလေ့လာနေခဲ့သည်။
အတွင်းပိုင်းက ကြီးမားခြင်း မရှိချေ။
မှေးမှိန်နေသော နံရံများသည် အဖြူရောင် မီးအလင်းရောင်ကြောင့် တောက်ပနေခဲ့၏။
အခန်းအလယ်တွင် နှစ်မီတာခန့် ကျယ်သော ရေအိုင်ငယ် တစ်ခု ရှိနေသည်။
ရေအိုင်အတွင်းမှ ရေများသည် သွေးရောင် တောက်ပနေပြီး ဆူပွက်နေကာ အမြုပ်လေးများပင် ပလုံစီထနေသည်ကို တွေ့ရ၏။
"အပြင်ကနေ ငါ မင်းကို စောင့်နေမယ်"
အကြီးအကဲဇန်းက ချင်ယန်၏ ပုခုံးကိုပုတ်၍ ပြောလိုက်သည်။
"မှတ်ထားပါ... မင်းမရတော့ဘူးဆို အပြင်ကို မြန်မြန် ပြန်ထွက်လာခဲ့ရမယ်"
ချင်ယန် ခေါင်းညိတ်ပြလိုက်သည်။
သူ၏စိတ်ထဲတွင် ကြောက်ရွံ့ခြင်းမရှိဘဲ စိတ်လှုပ်ရှားနေမိသည်။
အခန်းတံခါး ပိတ်သွားသည်နှင့် ချင်ယန်သည် အဝတ်အစားများကို အလျင်အမြန် ချွတ်ကာ ကောင်းကင်ခြင်္သေ့ရေကန် အတွင်းသို့ ဆင်းသက်လိုက်သည်။
ရေကန်အတွင်းရှိ ရေများသည် ရေနွေး ကဲ့သို့ ပူလောင်နေသဖြင့် ညည်းညူမိလိုက်သည်။
သူက ချီများကို လှည့်ပတ်လိုက်ပြီး ခန္ဓာကိုယ် အနှံ့အပြားသို့ ပို့ဆောင်လိုက်မှ ပူလောင်သော ဝေဒနာ သက်သာသွား၏။
"ကောင်းကင်ခြင်္သေ့ရေကို ဘယ်လို ပြုလုပ်ထားသလဲ မသိဘူး"
ချင်ယန်က အနီရောင်ရေများကို လက်ခုပ်ဖြင့် ခပ်၍ ကြည့်လိုက်သည်။
ရုတ်တရက် အလွန်ပူပြင်းသော စွမ်းအင်လှိုင်း တစ်ခုသည် သူ၏ကိုယ်တွင်းသို့ လျင်မြန်စွာ တိုးဝင်လာခဲ့ပြီး သူ၏ အရေပြား၊ အသားနှင့် အရိုးများ အတွင်းသို့ စိမ့်ဝင်လာခဲ့သည်။
အလွန်ပင် မယုံကြည်နိုင်လောက်သည့် ခံစားချက် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"ဆရာမ ပြောခဲ့ဖူးတာက ကောင်းကင်ခြင်္သေ့ ရေကန်မှာ ငါ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးမှာရှိတဲ့ သွေးကြော အားလုံးကို ဖွင့်ဖို့ ကြိုးစားရမယ်တဲ့"
လူတစ်ဦး၏ ကိုယ်အတွင်း၌ သွေးကြော များစွာ ရှိသည်။
ထိုသွေးကြောများက ချီစွမ်းအင်များ စီးဆင်းရန် အတွက် လမ်းကြောင်းများစွာကို ဟန်ချက်ညီအောင် ထိန်းညှိပေးကြ၏။
တချို့ သွေးကြောများကမူ အကြောင်းအရာ တချို့ကြောင့် ပိတ်ဆို့နေတတ်သည်။
ပုံမှန်အားဖြင့် ပိတ်ဆို့နေသည့် သွေးကြောကို ရှာဖွေတွေ့ရှိရန် အလွန်တရာ ခက်ခဲပြီ အာရုံခံ၍ မရကြပေ။
သို့သော် ချင်ယန်သည် များပြားသော ချီစွမ်းအင်များက သူ၏ ကိုယ်တွင်းသို့ ဝင်လာပြီး အလွန်လျင်မြန်သော အရှိန်ဖြင့် တစ်ကိုယ်လုံး၏ နေရာအနှံ့သို့ စိမ့်ဝင်နေချိန်တွင် ပိတ်ဆို့နေသော သွေးကြောများကို တွေ့လိုက်ရတော့သည်။
ပိတ်ဆို့နေသော သွေးကြောများ ဖွင့်လိုက်ပြီးနောက်တွင် ချီစွမ်းအင်များသည် ခန္ဓာကိုယ် အနှံ့အပြားသို့ ပိုမို လျင်မြန်စွာ စိမ့်ဝင်လာပြီး အရေပြား၊ အသားနှင့် အရိုးများကို အားအင်များ ပြည့်ဝစေကာ အလွန် ကောင်းမွန်သော ခံစားချက်ကို ရရှိစေခဲ့သည်။
သူ၏ ခန္ဓာကိုယ် သာမက သိုင်းဝိညာဉ်နှင့် စိတ်ဝိညာဉ်များပါ ပိုမို သန်မာလာသလို ခံစားနေရ၏။
သိုင်းခန္ဓာနယ်ပယ်၏ နောက်ဆုံးအဆင့်၌ ထိုအရာသည် အလွန်အရေးကြီးသည်။
သို့မှသာ မဟာတာအို၏ စွမ်းအားများကို ခံစားနိုင်မည် ဖြစ်ပြီး သိုင်းတာအို နယ်ပယ်သို့ တက်လှမ်းနိုင်မည် ဖြစ်၏။
ဤနည်းအတိုင်း ဖြည်းဖြည်းချင်း အာရုံခံကာ ဖွင့်လှစ်ရမည် ဖြစ်သည်။
အကြောင်းရင်းမှာ အားအပြည့်သုံး၍ သွေးကြောများကို အလောတကြီး ဖွင့်လိုက်မည်ဆိုလျှင် သွေးကြောများ ဒဏ်ရာရရှိကာ အဆင့်တက်ရန် နှေးကွေးသွားပေလိမ့်မည်။
"နာကျင်မှု မရှိတော့ဘူး.. ဒီခံစားချက်က အရမ်းကောင်းတာပဲ"
ချင်ယန်က ပူနွေးသော အရည်များကို ဖြည်းဖြည်းမှန်မှန် စုပ်ယူနေရာမှ ရေရွတ်လိုက်သည်။
ဤရေကန်ကနေ လူအများ ပြောနေကြသကဲ့သို့ မည်သည့်ဝေဒနာကိုမှ ခံစားရခြင်းမရှိချေ။
နွေးထွေးသော စီးကြောင်းများက ကိုယ်အတွင်းသို့ ဝင်ရောက်၍ သူ၏ ခန္ဓာကိုယ်ရှိ အစိတ်အပိုင်း အားလုံးသို့ စိမ့်ဝင်ပျံ့နှံ့ကာ အဆက်မပြတ် စီးဆင်းနေခဲ့သည်။
ထိုနွေးထွေးမှုသည် သူ၏ စိတ်ခံစားချက်ကို ပိုမို တက်ကြွလာစေပြီး အလွန် သက်သောင့်သက်သာ ဖြစ်စေကာ သူ၏ ဘဝတစ်လျှောက် အပျော်ရွှင်ဆုံး စိတ်ခံစားမှုကို ပေးစွမ်းနေခဲ့၏။
"ဒီစီးဆင်းမှုအရ ငါ့ရဲ့ သွေးကြော အားလုံးကို သေချာပေါက် အချိတ်အဆက် လုပ်နိုင်ခဲ့ပြီပဲ"
ထူးခြားချက် တစ်ခုမှာ သူ၏ အသားနှင့် အရိုးများ သန်စွမ်း၍ အညစ်အကြေး ကင်းစင်လာပြီးနောက်တွင် ရေကန်အတွင်းရှိ သွေးသား စွမ်းအင်များကို ကြည်လင်ပြတ်သားစွာ အာရုံခံနိုင်လာခြင်း ဖြစ်သည်။
မှော်စာလုံး အစီအရင် ပြုလုပ်သူ တစ်ဦးဖြစ်ရန် ချင်ယန်အတွက် မြင့်မားသော ရုပ်ပိုင်းဆိုင်ရာ စွမ်းရည် လိုအပ်၏။
ချင်ယန်က စာအုပ်များကို ဖတ်ရှုပြီးနောက် သိခဲ့ရသည်မှာ စိတ်ဝိညာဉ် မှော်စာလုံးများ ရေးထွင်းရန် အတွက် သူ့တွင် လုံလောက်သော သွေးသားစွမ်းအင် မရှိခြင်းပင်။
ရုပ်ပိုင်းဆိုင်ရာ ခွန်အား၊ စိတ်တန်ခိုးစွမ်းအားနှင့် ကိုယ်တွင်း ချီ စွမ်းအားများကို အတူတကွ ပေါင်းစပ်၍ သူ၏ သွေးဝိဉာဉ်ကို ပုံဖော်ရပေမည်။
ထို့နောက် ၎င်းတို့ကို သိပ်သည်း ကျစ်လစ်စေပြီး ပြုလုပ်လိုသည့် လက်နက်ပေါ်တွင် မှော်စာလုံး အစီအရင်များကို ရေးထွင်းရမည် ဖြစ်သည်။
မှော်အစီအရင် ရေးဆွဲခြင်းသည် လွန်စွာ ခက်ခဲရှုပ်ထွေး၏။။
"ငါ့ရဲ့ အတွင်းအားတွေကို ကျစ်လစ်ခိုင်မာအောင် အရင် လုပ်ရမယ်.. ဒါမှ ဒီက ထွက်ခွာပြီးရင် မှော်အစီအရင်တွေကို ငါစပြီး ရေးဆွဲနိုင်လိမ့်မယ်"
ချင်ယန်အဖို့ ယန်စွမ်းအင်ကိုးပါး နတ်ဘုရားစိတ်အာရုံကို ပိုင်ဆိုင်နေသည့်တိုင် အင်အား နည်းပါးနေသေးသည်။
ထို့ပြင် သူ့တွင်ရှိသော သိုင်းဝိညာဉ်နှစ်ခုနှင့် ယွမ်မျိုးစေ့ နှစ်ခု တို့ကို မြှင့်တင်ရန် သူ့အနေဖြင့် ပိုမို ကြိုးစားရပေမည်။
အကြီးအကဲဇန်းက ကျောက်တုံးခန်းမ၏ တံခါး အပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့သည်။
တစ်ရက် ကုန်ဆုံးသွားသော်လည်း ချင်ယန် ထွက်မလာခဲ့ချေ။
ယင်းကြောင့် သူက ကျိတ်၍ စိုးရိမ်လာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူ၏ ခန့်မှန်းချက်အရ ထွက်လာသင့်ပြီ ဖြစ်သောကြောင့်ပင်။
မည်သို့ပင်ဖြစ်စေ သူက ဆက်လက် စောင့်ဆိုင်းနေခဲ့၏။
မသိလိုက် မသိဘာသာဖြင့်ပင် ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့သည်။
"ခုနှစ်ရက်တောင် ရှိပြီ"
တံခါးအပြင်ရှိ အကြီးအကဲဇန်း၏ မျက်နှာတွင် စိုးရိမ်သော အမူအရာများ ပေါ်နေခဲ့သည်။
"အခြားလူတွေဆို ကောင်းကင်ခြင်္သေ့ရေကန်ထဲမှာ နှစ်ရက်၊ သုံးရက်က အလွန်ဆုံးပဲ... ချင်ယန်က ခုနှစ်ရက်တောင် ရှိပြီ.. ခုထိ ထွက်မလာသေးဘူး... ဘာအန္တရာယ်များ ဖြစ်နေပြီလဲ မသိဘူး"
မနက်ဖြန်မှ ထူးခြားမလာလျှင် သူ၏ စိတ်စွမ်းအားကို အသုံးပြုကာ ချင်ယန်၏ အသက်စွမ်းအားကို စုံစမ်းစစ်ဆေးရပေတော့မည်။
ချင်ယန်က မည်သည့်အတွက်ကြောင့် ဤမျှအထိ ကြာမြင့်စွာ နေနိုင်ပါသနည်း။
"အကြီးအကဲ... ဆရာမရန် နောက်တစ်ခေါက် ရောက်လာပြန်ပြီ"
ဝတ်စုံနက်ကို ဝတ်ဆင်ထားသော အကြီးအကဲ တစ်ဦး ရောက်လာပြီး သတင်းပို့လိုက်သည်။
"သူက ချင်ယန် အတွက် အရမ်းစိတ်ပူနေပြီး အကြီးအကဲကို တွေ့ချင်နေတယ်"
"သူ့ကို ခေါ်ခဲ့လိုက်ပါ"
"ဟုတ်ကဲ့"
ထိုအကြီးအကဲ ထွက်သွားပြီးနောက် လျင်မြန်စွာပင် ရန်ရှီးယု ရောက်လာခဲ့သည်။
"အကြီးအကဲ... ချင်ယန်က အထဲမှာ ရှိနေတုန်းလား"
ခုနှစ်ရက်ကြာပြီးနောက်တွင် သူမ အလွန်အမင်း စိတ်ပူလာခဲ့သည်။
အကြီးအကဲဇန်းက ခေါင်းညိတ်လိုက်၏။
"ဆရာမရန်... ချင်ယန်က အကောင်းဆုံး လုပ်နိုင်မှာပါ... သူက ဉာဏ်ကောင်းပြီး သန်စွမ်းတဲ့ လူငယ်တစ်ဦးပဲ မဟုတ်လား.. ဒါနဲ့ မင်းရောက်လာတာ အတော်ပဲ.. ငါ့ကို ကူညီပြီး ချင်ယန်ကို ဒီနေရာမှာ စောင့်ပေးပါ.. ငါ တခြား လုပ်စရာ ရှိတာတွေ လုပ်လိုက်ဦးမယ်.. ဂရုစိုက်ပါ"
"ကောင်းပါပြီ"
ရန်ရှီးယုက စိတ်စွမ်းအားကို အသုံးပြု၍ စစ်ဆေးကြည့်လိုက်သည်။
ချင်ယန်၏ သန်မာသော အသက် အရှိန်အဝါကို အာရုံခံမိလျှင် စိုးရိမ်ပူပန်မှုများ ချက်ချင်းပင် လျော့ပါးသွားပြီး သက်ပြင်းချလိုက်သည်။
အခန်း(၃၁) ပြီး၏
အခန်း(၃၂)
ရန်ရှီးယုသည် အကြီးအကဲဇန်း၏ တာဝန်ကို လွှဲပြောင်းယူ၍ တံခါးအပြင်မှ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့သည်။
သူမက ချင်ယန်၏ အသက်အရှိန်အဝါကို အာရုံစိုက်၍ အမြဲမပြတ် သတိထား စောင့်ကြည့်ခဲ့သည်။
ကောင်းကင်ခြင်္သေ့ရေကန်၌ ရက်ပေါင်းများစွာ စိမ်နေနိုင်သည့် ဖြစ်ရပ်သည် ချင်ယန်တွင် ကြီးမားသောပါရမီ ရှိကြောင်း ပေါ်လွင်နေခဲ့၏။
ဤအဖြစ်အပျက်က သူမကို ကျိတ်၍ အားရကျေနပ်စေခဲ့သလို အံ့အားလည်း သင့်စေခဲ့သည်။
နောက်ထပ် သုံးရက် ကုန်ဆုံးသွားခဲ့၏။
ကောင်းကင်ခြင်္သေ့ရေကန်ကို ချင်ယန် အသုံးပြုနေသည်မှာ စုစုပေါင်း ဆယ်ရက် ရှိလာခဲ့ပြီ ဖြစ်သည်။
ဆယ်ရက် ပြည့်ပြီးနောက်တွင် ချင်ယန်သည် ကောင်းကင်ခြင်္သေ့ရေကန်ကနေ ထွက်လာခဲ့သည်။
သူက ရေကန်ကို လှည့်ကြည့်လိုက်၏။
ရေက မူလအတိုင်း သွေးနီရောင်သာ ဖြစ်သည်။
သို့သော် ယခုချိန် စစ်ဆေးကြည့်လျှင်မူ ထိုရေများသည် အလွန်တရာ သန့်စင်နေပေလိမ့်မည်။
"အံ့ဩဖို့ကောင်းတယ်... ရက်တွေဘယ်လောက်ကြာခဲ့ပြီလဲ မသိဘူး.. ငါတကယ် အိပ်ပျော်သွားတာပဲ"
နွေးထွေးသော ရေများသည် လွန်စွာ သက်သောင့်သက်သာ ဖြစ်စေပြီး သူ့ကို အပူအပင်ကင်းစွာ အိပ်ပျော်စေခဲ့သည်။
ကောင်းကင်ခြင်္သေ့ရေကန် အတွင်း၌ ဆယ်ရက်လုံးလုံး အိပ်ပျော်နေသည်ဟု ပြောလျှင် ယုံကြည်သူ မည်သူမျှ ရှိမည် မဟုတ်ချေ။
လူတိုင်းက ကောင်းကင်ခြင်္သေ့ရေကန်ကို ကြောက်ရွံ့ထိတ်လန့်ဖွယ် ကောင်းသည်ဟု သိမှတ်ထားကြသည် မဟုတ်ပါလား။
ဟွာလင်းဝုကျောင်း၏ သမိုင်းတွင် အချို့ကျောင်းသားများသည် ရေကန်အတွင်းရှိ ရေများ၏ ဒုက္ခကို ခံနိုင်ရည်မရှိခဲ့ကြပေ။
၎င်းတို့၏ အရိုးများပင် အရည်ပျော်မတတ် ဖြစ်ခဲ့ကြရ၏။
ချင်ယန်က သူ၏ အဝတ်အစားများကို ယူ၍ ဝတ်ဆင်ရန် ပြင်လိုက်သည်။
ရုတ်တရက် သူ၏ ဘယ်ဘက်လက်မောင်းပေါ်တွင် များပြားသော ခရမ်းရွှေရောင် မျဉ်းကွေးများ၊ ကောက်ကြောင်းများ ရှိနေသည်ကို မြင်လိုက်ရ၏။
ထို့ပြင် သူမြင်တွေ့လိုက်ရသည့် ကောက်ကြောင်းများသည် သူနှင့် အလွန်ရင်းနှီးသော ခံစားချက်ကို ဖြစ်ပေါ်စေခဲ့သည်။
ထိုကောက်ကြောင်းများကို သေချာစွာ ကြည့်ရှုလိုက်သည့်အခါဝယ် ချင်ယန်၏ နှုတ်ကနေ တုန်လှုပ်စွာ အော်ဟစ်လိုက်မိသည်။
"ဒါက ကောင်းကင်ခြင်္သေ့ရဲ့ အမှတ်အသား သင်္ကေတလား"
မည်သည့်အတွက်ကြောင့် ရင်းနှီးနေသည်ကို အထွေအထူး စဉ်းစားနေရန် မလိုပေ။
အကြောင်းရင်းမှာ စင်္ကြန်လမ်းတစ်လျှောက်ရှိ ကြမ်းပြင်နှင့် နံရံများပေါ်တွင် အလားတူ ကောင်းကင်ခြင်္သေ့ရုပ်ပုံ သင်္ကေတများ မရေမတွက်နိုင်အောင် ရှိနေခဲ့၍ပင်။
"ရေကန်ထဲမှာ အိပ်ပျော်သွားလို့ ဒီလို ဖြစ်လာတာများလား.. ကောင်းကင်ခြင်္သေ့ အမှတ်အသား ဖြစ်လာပေမဲ့ ရုပ်ဆိုးမသွားလို့ တော်သေးရဲ့"
ချင်ယန်က သူ၏ လက်အရေပြား ပေါ်တွင် ဖြစ်ပေါ်လာသော တက်တူး အမှတ်အသားကို အာရုံခံ၍ စမ်းသပ်ကြည့်လိုက်သည်။
ချင်ယန် အတော်လေး ပဟေဠိဖြစ်နေခဲ့သည်။
မည်သည့်အရာကိုမှ သူမသိရချေ။
သက်ရောက်မှု အနည်းငယ်မျှပင် ကောင်းကင်ခြင်္သေ့အမှတ်အသား တက်တူးကနေ မပြသခဲ့ချေ။
"ဘာပဲဖြစ်ဖြစ် ဒါကို သူများတွေ တွေ့ခဲ့ရင်လည်း ငါ့ဘာသာ ဆွဲထားတာလို့ ပြောလိုက်မယ်"
ချင်ယန် ထိုကိစ္စအတွက် စိုးရိမ်မှုမရှိချေ။
အခြားလူများကို အမှန်အတိုင်း သူပြောခဲ့လျှင်ပင် သူ့ကို မကောင်းဆိုးဝါးဟုသာ ထင်မြင်ကြပေလိမ့်မည်။
ထိုအမှတ်အသားတက်တူးက နတ်ဆိုးပညာရပ် တစ်ခုခုကို လေ့ကျင့်ထား၍ ဖြစ်လာသည်ဟု ပြောကြပေလိမ့်မည်။
ချင်ယန်က ဆယ်ရက်လုံးလုံး ကောင်းကင်ခြင်္သေ့ရေကန်အတွင်း သူ အိပ်စက်နေခဲ့သည့် အကြောင်းရင်းကို လုံးဝမသိခဲ့ချေ။
အဝတ်အစားများကို ဝတ်ဆင်ပြီးနောက် ချင်ယန်သည် ကောင်းကင်ခြင်္သေ့ရေကန်မှ ရရှိခဲ့သည့် အကျိုးရလဒ်များကို စစ်ဆေးလိုက်သည်။
သူ၏ ချီစွမ်းအင်များကို ထိန်းချုပ်၍ အလွန် လျင်မြန်စွာ လှည့်ပတ်လိုက်သည်။
ချီစွမ်းအင်များသည် ချက်ချင်းပင် သူ၏ ကိုယ်တွင်းရှိ သွေးကြောနှင့် အရိုးများ ထဲသို့ အတားအဆီးမဲ့စွာ ဖြတ်ကျော်စီးဆင်းသွားခဲ့သည်။
"အရမ်းကောင်းတယ်.. ငါ့ရဲ့ သွေးကြော အားလုံး ပွင့်သွားခဲ့ပြီ"
ချင်ယန် အားရဝမ်းသာ ရယ်လိုက်မိသည်။
သူ၏ သွေးကြော အားလုံးက သန့်ရှင်းစင်ကြယ်နေပြီး ချီစွမ်းအင်များ လွယ်ကူချောမွေ့စွာ စီးဆင်းနေခဲ့သည်။
ချီစွမ်းအင်များသည် စိတ်စွမ်းအားနှင့် ညွှန်ပြလိုက်သည့် နေရာမှန်သမျှကို ရောက်ရှိနေခဲ့၏။
ကောင်းကင်ခြင်္သေ့တွန်းကန်အားရေနှင့် ပေါင်းစပ်ပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်သည် အလွန် ကြံ့ခိုင် သန်စွမ်းလာခဲ့ခြင်း ဆိုလည်းမမှားပေ။
"တိမ်မီးတောက်ခြေလှမ်းကို ငါချက်ချင်း အသုံးပြုနိုင်ပြီ"
ထိုခဏဝယ် ကိုယ်ဖော့ပညာကို အသုံးပြုရန်အတွက် သူ၏ ချီစွမ်းအင်များ ချက်ချင်း လှည့်ပတ်လာနိုင်သည်ကို တွေ့လိုက်ရသည်။
ထိုမျှသာမက သူ့ကို အလွန်အမင်း စိတ်လှုပ်ရှားစေသည့်အရာမှာ သူ၏ ယွမ်မျိုးစေ့က အလွန် လျင်မြန်စွာ လှည့်ပတ်နိုင်ပြီး စွမ်းအင်များကို မြန်ဆန်စွာ ထုတ်လွှတ်ပေးနေခြင်း ဖြစ်သည်။
"ဒါက အတွင်းစိတ် တန်ခိုးစွမ်းရည်လား.. ငါတကယ်ပဲ စိတ်တန်ခိုးစွမ်းအားကို ထိန်းချုပ်ခိုင်းစေနိုင်တာလား"
ချင်ယန်သည် ယခုဖြစ်စဉ်နှင့် အစောပိုင်းက ရန်ရှီးယု၏ သင်ကြားမှုများကို ချင့်ချိန်ကြည့်လိုက်သည်။
အတွင်းစိတ်စွမ်းအား ပျိုးထောင်နိုင်ခြင်းသည် ဆန်းကြယ်သော မှော်စာလုံးများ ရေးဆွဲခြင်းနှင့် မှော်စာလုံးလမ်းစဥ်ကို လေ့လာလိုက်စားနိုင်ပြီ ဟူသော အဓိပ္ပာယ်ပင်။
ကောင်းကင်ခြင်္သေ့ရေကန်၏ တံခါး အပြင်ဘက်တွင် ရန်ရှီးယု စောင့်နေခဲ့သည်။
သူမ၏ လှပသော မျက်နှာတွင် ပူပန်သောကများ ပြည့်နေပေ၏။
ရုတ်တရက် ကောင်းကင်ခြင်္သေ့ရေကန်၏ အခန်းတံခါး ပွင့်လာခဲ့သည်။
ချင်ယန်ကို မြင်ရသည်နှင့် စွမ်းအင်များဖြင့် ပြည့်ဝနေကြောင်း သိနိုင်၏။
သူလျှောက်လှမ်းလာသည်နှင့် လေထုအတွင်း မွှေးကြိုင်သော ရနံ့များ လွှမ်းခြုံလာခဲ့သည်။
တံခါးပွင့်လာသည်ကို မြင်လိုက်ရလျှင် ရန်ရှီးယု လျင်မြန်စွာ လျှောက်လှမ်းလာခဲ့သည်။
သူမက ရိုးရှင်းသော အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း အလှတရား လျော့ကျမသွားခဲ့ချေ။
အကြီးအကဲဇန်းက သူ့ကို စောင့်ဆိုင်းနေမည်ဟု ချင်ယန် ထင်ထားခဲ့၏။
သို့သော် သူတွေ့လိုက်ရသည်မှာ ရန်ရှီးယု ဖြစ်နေခဲ့သည်။
သူ အရမ်း ပျော်သွားခဲ့သည်။
ချင်ယန်က ပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ်၍ မေးလိုက်သည်။
"ဆရာမ.. ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ.. အကြီးအကဲရော ဘယ်မှာလဲ"
"မင်း... အဆင်ပြေရဲ့လား"
ရန်ရှီးယုက မျက်မှောင်ကြုတ်လိုက်ပြီး စိုးရိမ်သောလေသံဖြင့် မေးလိုက်သည်။
"ကျွန်တော် အဆင်ပြေပါတယ်.. စိတ်တန်ခိုးစွမ်းအားကိုတောင် ထိန်းချုပ်နိုင်ခဲ့ပြီ"
ထို့နောက် ချင်ယန်သည် သူ၏ လက်ဖဝါးကနေ အပ်ချည်မျှင်အရွယ် မှေးမှိန်သော ခရမ်းရွှေရောင် အမျှင်တန်းများကို ထုတ်ဖော်ပြသလိုက်သည်။
ရန်ရှီးယုသည် ထိုအရာကို မြင်လိုက်သည်နှင့် စိတ်စွမ်းအင်ကြိုးများ ဖြစ်သည်ကို သိလိုက်၏။
သူမ၏ နှလုံးသားသည် စိတ်လှုပ်ရှားမှုကြောင့် ခုန်ပေါက်နေခဲ့သည်။
စိတ်တန်ခိုးစွမ်းအား ထိန်းချုပ်နိုင်ခြင်းသည် သေးငယ်သောကိစ္စ မဟုတ်ချေ။
ယင်းမှာ အဆင့်ခြောက် သိုင်းခန္ဓာနယ်ပယ်၏ အလယ်အလတ် အဆင့်သို့ ရောက်ရှိခြင်းနှင့် တူညီ၏။
[ မွန်းစတားပဲ... ဘယ်လို လူထူးလူဆန်းပါလိမ့်]
အဆုံးသတ်တွင် ရန်ရှီးယုက စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နိုင်ခဲ့သည်။
သူမက မချိပြုံး ပြုံးလိုက်ပြီး နူးညံ့သောလေသံဖြင့် ပြောလိုက်၏။
"မင်းက ရေကန်ထဲမှာ ဆယ်ရက်နေခဲ့တာ ခံရတဲ့ဝေဒနာကို မကြောက်ဘူးလား.. ကောင်းကင်ခြင်္သေ့ တွန်းကန်အားရေက ချော်ရည်ပူတွေလိုပဲ... လူတိုင်း တစ်ရက်ထက် ပိုပြီး မနေနိုင်ကြဘူး"
ယခုတစ်ကြိမ် အံ့အားသင့်သွားသူမှာ ချင်ယန် ဖြစ်သည်။
"ဆယ်ရက်တောင် ကြာသွားလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ခဲ့ပါဘူး.. အဲ့ဒါက နာကျင်စေလို့လား.. ကျွန်တော်တော့ ဘာမှမခံစားရဘူး... အဲဒီရေက တော်တော်ကို သက်သောင့်သက်သာ ဖြစ်လွန်းလို့ ရေကန်ထဲမှာ အိပ်ပျော်သွားခဲ့တယ်"
[သက်သောင့် သက်သာဖြစ်လွန်းပြီး အိပ်ပျော်သွားတယ်လား]
ထိုတခဏဝယ် ရန်ရှီးယု မူးမေ့မတတ် ဖြစ်သွားသည်။
သူမက အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ပြန်ကြစို့.. ပြီးမှဆက်ပြောမယ်"
ရန်ရှီးယုသည် ချင်ယန်ကို ခေါ်ဆောင်ကာ မြင့်မြတ်သော ကောင်းကင်ခြင်္သေ့ ပရဝုဏ်မှ အလျင်အမြန် ထွက်ခွာလာခဲ့သည်။
ဤဆယ်ရက်အတွင်း ကောင်းကင်ခြင်္သေ့ သိုင်းပြိုင်ပွဲအတွင်း ချင်ယန်၏ အံ့မခန်းပါရမီနှင့် အားလုံးကို ကျော်ဖြတ်အနိုင်ယူသွားသော ဖြစ်ရပ်သည် ရှနိချင်အင်ပါယာ တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
ကောင်းကင်ခြင်္သေ့ ရေကန်တွင် ဆယ်ရက်ကြာ စိမ်ခဲ့သော ကိစ္စသည်လည်း အခြားသူများကို အလွန်ကြီးမားသော ခြောက်ခြားမှု ဖြစ်လာကြပေလိမ့်မည်။
ဟွာလင်းဝုကျောင်းရှိ လူများစွာသည် တိတ်တဆိတ် စောင့်ကြည့်နေကြသည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် ချင်ယန်နှင့် မိတ်ဖွဲ့ချင်သောကြောင့် ဖြစ်သည်။
သို့သော် မိဖုရားကြီး၏ အမြင်တွင် ချင်ယန်သည် ဆူးညှောင့်ခလုတ်တစ်ခု ဖြစ်နေခဲ့၏။
ချင်ယန်သည် ဝေရှန်းခွန်နှင့်လည်း ကြီးမားသော ရန်ငြိုးရန်စ ရှိသေး၏။
ယင်းကြောင့် ဤကာလအတွင်း ချင်ယန်နှင့် မိတ်ဆွေ ဖွဲ့ခဲ့လျှင် မိဖုရားကြီးနှင့် ဝေရှန်းခွန် တို့ကို အတိုက်အခံ လုပ်သလို ဖြစ်သွားပေလိမ့်မည်။
ထို့ပြင် ချင်ယန်သည် ဝေရှန်းခွန်ကို ဒဏ်ရာရစေရုံသာမက ဆရာဝေ ပြုလုပ်ထားသော စိတ်ဝိညာဉ်ဓားကိုလည်း ချိုးခဲ့သည်။
ဆရာဝေက ဤဖြစ်ရပ်ကို လျစ်လျူရှုထားမည်မဟုတ်ချေ။
အားလုံး၏ စိတ်ထဲတွင် တူညီစွာ တွေးနေကြသည်မှာ ချင်ယန်သည် မသေရုံတမယ် ရိုက်နှက်ခံရပြီး ဟွာလင်းဝုကျောင်းမှ ထွက်ခွာရမည် ဟူ၍ပင်။
ဟွာလင်းဝုကျောင်း၏ တိတ်ဆိတ်ငြိမ်သက်၍ သာယာလှပသော ဝါးတောလေး အတွင်း၌ ချင်ယန်သည် ကျောက်သား စားပွဲကြီး တစ်ခုဘေးတွင် ထိုင်နေခဲ့သည်။
ချင်ယန်က လက်ဖဝါးကနေ ပြင်းထန်သော စိတ်တန်ခိုးစွမ်းအားများကို ထုတ်ဖော်နေခဲ့ပြီး ရန်ရှီးယုက ချင်ယန်၏ စိတ်စွမ်းအားကို စစ်ဆေးနေခဲ့၏။
"ဆရာမ.. ဘာကြောင့် ကျွန်တော်က ကောင်းကင်ခြင်္သေ့ရေကန်မှာ ဆယ်ရက်တောင် နေနိုင်ခဲ့တာလဲ"
ချင်ယန်က မယုံကြည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
ရန်ရှီးယုက ရှင်းပြလိုက်၏။
"ကောင်းကင်ခြင်္သေ့ရေကို အထူးတွန်းကန်အားရေနဲ့ ကောင်းကင်ခြင်္သေ့သွေးကို ပေါင်းစပ်ပြီး ပြုလုပ်ထားတယ်.. အဲဒီရေမှာ အရည်အသွေးမြင့်မားတဲ့ မီးဓာတ် လွန်ကဲစွာ ပါဝင်နေတယ်... ဖြစ်နိုင်တာက.. မင်းက ခရမ်းရွှေမီးတောက်သိုင်းဝိညာဉ် ပိုင်ဆိုင်သူ ဖြစ်လို့ နာကျင်မှုကို မခံစားရတာ ဖြစ်လောက်တယ်"
ချင်ယန်က ထိုရှင်းပြချက်ကို လက်ခံသည်။
"ဆရာမ... သိုင်းပြိုင်ပွဲနေ့တုန်းက တစ်ခုခု လုပ်နေသလိုပဲ...ဘာတွေလုပ်နေတာလဲ"
ရန်ရှီးယု၏ မျက်နှာက အလိုမကျဟန်ဖြင့် တင်းမာသွားခဲ့၏။
"အဲဒီအကြောင်းပြောရရင် ငါ့ကို လူတချို့က အဝေးတစ်နေရာဆီ ရွှေ့ပြောင်းပစ်ချင်နေကြတယ်.. တိတိကျကျ ပြောရရင် မင်းရဲ့အဝေးမှာ ငါ့ကို နေစေချင်နေတာပဲ"
ချင်ယန် ချက်ချင်း နားလည်သွားခဲ့သည်။
ယင်းက မိဖုရားကြီးနှင့် အပေါင်းအပါ တစ်သိုက်၏ အစီအစဉ်သာ ဖြစ်ရပေမည်။
ယခင်ကပင် အကြီးအကဲဇန်း အရိပ်အမြွက် ပြောခဲ့သည်။
ရန်ရှီးယုက ဒေါသထွက်လာဟန်ဖြင့် နှာခေါင်းရှုံ့လိုက်၏။
"ဟွာလင်းဝုကျောင်းကို ဝင်လာတဲ့ တစ်လဝန်းကျင်မှာ ကျောင်းသားသစ်တွေကို အတွေ့အကြုံ ရရှိစေဖို့ တစ်နေရာကို သွားခိုင်းရတယ်... ကောင်းကင်ခြင်္သေ့ သိုင်းပြိုင်ပွဲရက်မှာ ကျောင်းအုပ်ကြီးနဲ့ ငါသွားတွေ့ခဲ့တယ်... ငါ့အခန်းက အပြင်ကို မသွားရဖို့ သူ့ရဲ့ သဘောတူချက်ကို သွားယူခဲ့တယ်"
"ဝမ်းနည်းစရာတစ်ခုက ငါတို့တွေ ထဲမှာကို အဖွဲ့တွေ ကွဲနေတာပဲ... အကြီးအကဲ နှစ်ယောက်က ဒီကိစ္စကို အပြင်းအထန် ကန့်ကွက်ခဲ့တယ်... သူတို့ ပြောတာက မင်းအနေနဲ့ အကျိုးအမြတ်တွေ အများကြီးရခဲ့တာ ဖြစ်လို့ အပြင်ကို ထွက်ပြီး မင်းရဲ့ ခွန်အားကို စစ်ဆေးသင့်တယ်တဲ့.. မင်းက အခြားအခန်း တစ်ခုနဲ့ ပူးပေါင်းပြီး ထွက်ခွာလို့ရတယ်လို့ ပြောသေးတယ်"
ချင်ယန် အပြင်ထွက်ရမည်ဟု ကြားလိုက်ရသည်။
ထိုအခြေအနေကို သူမျှော်လင့်ထားပြီးသား ဖြစ်၏။
"ကျွန်တော် မသွားခင် ရက်ဘယ်လောက်ကျန်သေးလဲ?"
ရန်ရှီးယုက ရေတစ်ခွက်ကို ငှဲ့ကာ ချင်ယန်ကို ပေးလိုက်သည်။
"နောက်ဆယ်ရက်ဆို ဆရာတွေနဲ့ အတူ ထွက်ခွာရမယ်... အဲဒီနေရာရဲ့ လုံခြုံမှုကို အာမခံချက်အချို့ ရှိတယ်.. အရမ်းကြီးလည်း စိတ်မပူပါနဲ့.. အဲဒီအချိန်ရောက်ရင် မင်းရဲ့ဘေးမှာ ငါလည်း ရှိနေမှာပါ"
ချင်ယန် ခေါင်းညိတ်လိုက်သည်။
"ဆရာမ... ကျွန်တော့်ကို ကူညီပြီး အဆောင်စာရွက်အနည်းငယ် ဝယ်ပေးနိုင်မလား.. ပြီးတော့ ရေးထွင်းဓား တစ်ချောင်းလဲ ဝယ်မယ်"
ချင်ယန်က ခရမ်းရောင် သလင်းကျောက်ပြား ဆယ်ခုကို ထုတ်ယူလိုက်သည်။
ထိုပမာဏသည် သလင်းကျောက်ပြား တစ်သောင်းနှင့် တူညီပြီး အဆောင်စာရွက် များစွာ ဝယ်ယူရန် လုံလောက်၏။
မှော်စာလုံးအစီအရင် ရေးသားခြင်း၏ ပထမအဆင့်တွင် အဆောင်စာရွက် ပေါ်၌ စိတ်ဝိညာဉ်စာလုံးများ ရေးဆွဲခြင်းဖြင့် ကျွမ်းကျင်အောင် လေ့ကျင့်ရမည် ဖြစ်သည်။
ထို့နောက် စာလုံးများကို အပြည့်အဝ ရေးသားလာနိုင်ပေလိမ့်မည်။
အဆောင်စာရွက်တွင် နတ်ဆိုးသားရဲသွေးနှင့် ဝိညာဉ်အရည်များ စိမ့်ဝင်နေ၏။
ထူးခြားသော မှော်အစီအရင်ကို အဆောင်စာရွက် ပေါ်၌ ရေးဆွဲနိုင်လျှင် သီးသန့် သက်ရောက်မှုများကို ဖြစ်ပေါ်စေနိုင်ပေလိမ့်မည်။
ရန်ရှီးယုသည် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
"မင်းက အဆောင်စာရွက်တွေ ဘာလို့ ဝယ်ချင်ရတာလဲ"
အခန်း(၃၂) ပြီး၏