← Chapters

အခန်း ၇၁

Vol. 8 Ch. 71

အခန်း ၇၁

Vol. 8 Ch. 71

အခန်း (၇၁) - ပန့်ကန့် တစ်ယောက် အလကား အရိုက်ခံလိုက်ရတာလား

ယီကျုံးဟိုင် တစ်ယောက် ရင်ထဲ၌ မွန်းကျပ်ကျပ် ဖြစ်နေသည်နှင့် အိမ်နောက်ဖေး ခြံဝင်းရှိ လုံလောင်ထိုက် အဘွားအိုလုံ၏ အိမ်ဆီသို့ ခြေဦးလှည့် လာခဲ့သည်။ သူ့နည်းတူ လုံလောင်ထိုက်သည်လည်း သားသမီး အရင်းအချာ မရှိဘဲ အစိုးရ ထောက်ပံ့ကြေး ဖြင့်သာ ရပ်တည်နေရသူ ဖြစ်ရာ ဘဝတူ ဖြစ်သော သူတို့နှစ်ဦးကြားတွင် ပြောစရာ ဆိုစရာ အကြောင်းအရာများစွာ ရှိလေသည်။

ထို့အပြင် ခြံဝင်းအတွင်းရှိ အိမ်နီးနားချင်းများ အလယ်တွင် သက်ကြီးရွယ်အိုများကို ရိုသေပြုစု တတ်သည့် စံပြပုဂ္ဂိုလ် တစ်ဦးအဖြစ် နေရာယူလိုခြင်းနှင့် မိမိကိုယ်တိုင် အိုမင်းမစွမ်း ဖြစ်လာချိန်တွင် ပြုစုစောင့်ရှောက်မည့်သူ အသင့်ရှိစေရန် ရည်ရွယ်ချက်များဖြင့် သူသည် လုံလောင်ထိုက်ကို အထူးတလည် ဂရုတစိုက်ရှိလှသည်။ သူမ၏ စားသောက် နေထိုင်ရေးကိုလည်း မကြာခဏဆိုသလို ကူညီဆောင်ရွက် ပေးတတ်သည်။

ဤသို့သော လုပ်ရပ်များကပင် သူ့ကို လူကြီးသူမများကို ရိုသေပြီး ကလေးသူငယ်များကို ချစ်ခင်တတ်သည့် ကိုယ်ကျင့်တရား ပြည့်ဝသော စံပြပုဂ္ဂိုလ်တစ်ဦး ဟူသည့် ပုံရိပ်ကို ပီပြင်စေခဲ့သည်။ ဤခြံဝင်းကြီး၏ ယီတာ့ယဲ့ နေရာကို ရရှိလာခြင်းမှာလည်း ဤအကြောင်းရင်းများစွာ ပါဝင်နေလေသည်။

ယခု သူ လုံလောင်ထိုက်ဆီသို့ လာရခြင်းမှာလည်း ရင်ထဲမှ အပူမီးများကို ရင်ဖွင့်ချင်ရုံ သာမက သူမထံမှ အကြံဉာဏ်ကောင်း တစ်ခုခုများ ရနိုင်မလား ဟူသော မျှော်လင့်ချက်ကြောင့်ပင် ဖြစ်သည်။

အထူးသဖြင့် ယန်ချုံး၏ လူမှုဘဝ အခြေအနေက တစ်နေ့တခြား တိုးတက် ကောင်းမွန်လာပြီး ခြံဝင်းအတွင်း သူ၏ သြဇာအာဏာနှင့် အဆင့်အတန်း နေ့စဉ်နှင့်အမျှ မြင့်မားလာနေသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံနေရချိန်တွင် သူ့နေရာကို တစ်နေ့ ဖယ်ရှားခံရတော့မည် ဟူသော အန္တရာယ် အငွေ့အသက်ကို စိုးထိတ်စွာ ခံစားနေရလေသည်။

လုံလောင်ထိုက်က သူပြောသည့် စကားများကို အတော်အတန်ကြာ နားထောင်ပြီးနောက် ခေါင်းကို ခါယမ်းကာ သက်ပြင်းတစ်ချက် ချရင်း ပြောလိုက်သည်။

“ကျုံးဟိုင်ရယ်... မင်းကတော့ တုံးလိုက်တာကွာ။ အခု လက်တွေ့ဖြစ်နေတဲ့ အခြေအနေကို သေသေချာချာ မမြင်သေးဘူးလား။ အခုချိန်ထိ မင်းက အဲဒီကလေးကို ဖိနှိပ်ထားချင်နေတုန်းပဲ။ ဒါပေမဲ့ မင်း ဖိနှိပ်ထားလို့ ရသေးလို့လား။ မရတော့ဘူးလေကွယ်။ သူက အခု အရည်အချင်းတွေ အများကြီး ရှိနေပြီ။ စက်ရုံမှူးကတောင် သူ့ကို အဖိုးတန် ရတနာတစ်ပါးလို သဘောထားနေတာ။ သူ့ကို သွားအုပ်ချုပ်ဖို့ မစဉ်းစားပါနဲ့တော့”

ယီကျုံးဟိုင်က ချက်ချင်းပင် တုံ့ပြန်လိုက်သည်။

“သူ အခု အရည်အချင်း ရှိနေတယ် ဆိုတာကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဒီခြံဝင်းထဲမှာ ကျွန်တော်က ယီတာ့ယဲ့ ဖြစ်နေတုန်းပဲလေ။ ဒီခြံဝင်းကို ကျွန်တော်ပဲ စီမံအုပ်ချုပ် ရမှာပေါ့။ သူက ကျွန်တော်နဲ့ အကြိမ်ကြိမ် ထိပ်တိုက် ရင်ဆိုင်နေတယ်။ ဒီလိုသာဆိုရင် ဘယ်သူက ကျွန်တော့်ကို ဂရုစိုက်တော့မှာလဲ။ ပြီးတော့ သူက လူကြီးသူမတွေကို နည်းနည်းလေးမှ မရိုသေဘူး။ နောက်ဆိုရင် ဒီခြံဝင်းရဲ့ အလေ့အထတွေကို သူက ဖျက်ဆီးပစ်လိမ့်မယ်။ အဲဒီအခါကျရင် ရှေ့လျှောက် ကျွန်တော်တို့ကို ဘယ်သူက လုပ်ကျွေးပြုစုတော့မှာလဲ”

လုံလောင်ထိုက်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ဆိုသည်။

“မင်းပြောတဲ့ လူကြီးသူမကို မရိုသေဘူးဆိုတာ သူက ကျားကျန်းရှစ်ကို ရိုက်လိုက်တာကို ပြောတာမလား။ ငါ့အမြင်ပြောရရင်တော့ အဲဒီ ကျားကျန်းရှစ်က အရိုက်ခံရဖို့ တန်တယ်။ အစားမက်ပြီး အလုပ် မလုပ်တဲ့အပြင် ပါးစပ်ကလည်း အဲဒီလောက် ယုတ်မာနေတာ သူများ ရိုက်တာကတောင် ပေါ့သေးတယ်။ ကျုံးဟိုင်ရယ်... သူ့သား ကျားတုန်းရွှီကို မင်းကို လုပ်ကျွေးပြုစု ခိုင်းချင်နေတာ ငါသိပါတယ်။ ဒါပေမဲ့ မင်းကိုယ်တိုင်လည်း သေချာကြည့်ဦးလေ… အဲဒါက ပြဿနာကင်းတဲ့ လူစားမျိုး ဟုတ်လို့လား”

“အဲဒီ ကျားတုန်းရွှီကို သေချာကြည့်စမ်းပါ။ အစားမက်ပြီး အလုပ် မလုပ်တဲ့အပြင် ဝက်တစ်ကောင်လိုလည်း တုံးအ သေးတယ်။ သူ့ကို မင်းအတွက် အိုစာမင်းစာ လုပ်ကျွေးခိုင်းမလို့လား။ ငါကြည့်ရတာ မင်းကသာ သူ့ကို ပြန်လုပ်ကျွေးရမဲ့ ပုံပဲ”

ယီကျုံးဟိုင်မှာ သက်ပြင်း ရှည်ကြီးကိုသာ ချလိုက်မိသည်။

“အစတုန်းက ကျွန်တော် လူအကဲခတ် မှားသွားခဲ့တာကိုး။ ဒါပေမဲ့လည်း တခြားနည်းလမ်းမှ မရှိတာ။ ဒီခြံဝင်းထဲက လူငယ်တွေကို လက်ချိုးရေကြည့်ရင်ရော သင့်တော်တဲ့လူက ဘယ်နှစ်ယောက်များ ရှိလို့လဲ”

“ငါကြည့်ရတာ ကျူးဇီက သူ့ထက် အများကြီး ပိုသင့်တော်တယ်။ ကျူးဇီဆိုတဲ့ ကလေးက တစ်ခါတလေ နည်းနည်း ခေါင်းမာတတ်ပေမဲ့ စိတ်ထားကလေးကတော့ ဖြူစင်တယ်။ ပြီးတော့ ဉာဏ်လည်း ကောင်းတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဟင်းချက်ပညာ တော်လွန်းလို့ မင်းတို့စက်ရုံက ထမင်းစားဆောင်မှာ စားဖိုမှူးကြီးတောင် ဖြစ်နေပြီပဲ။ အဲဒီ ကျားတုန်းရွှီထက် အများကြီး ပိုမသာဘူးလား။ ဒါ့အပြင် ကျူးဇီမှာ အခု အဖေလည်း မရှိတော့ဘူး။ ကျားကျန်းရှစ်လို အရှက်မရှိတဲ့ အမေမျိုး လာရှုပ်တာလည်း မခံရဘူးလေ။ ငါတို့ကို လုပ်ကျွေးပြုစုဖို့ ဆိုတာ ကွက်တိပဲ မဟုတ်ဘူးလား”

လုံလောင်ထိုက်က ဆိုသည်။

“အဘွားရယ်...”

ယီကျုံးဟိုင်က စကားဖြတ်ပြောလိုက်သည်။

“ခင်ဗျား မေ့နေပြီလား… ကျူးဇီမှာ အဖေမရှိတာ မဟုတ်ဘူး။ သူ့အဖေ ဟယ်တာ့ချင်းက မုဆိုးမ တစ်ယောက်နောက် လိုက်ပြေးသွားရုံပဲလေ။ အဲဒီ ဟယ်တာ့ချင်းက မုဆိုးမ တစ်ယောက်နဲ့ တစ်သက်လုံး ပေါင်းနိုင်ပါ့မလား။ သူတို့လည်း အသက်တွေ ကြီးနေကြပြီ။ သားသမီးလည်း ထပ်မွေးနိုင်မှာ မဟုတ်တော့ဘူး။ အိုမင်းမစွမ်း ဖြစ်လာတဲ့ အချိန်ကျရင် သူက သေချာပေါက် ပြန်လာမှာပဲ။ အဲဒီအချိန်ကျရင် ကျွန်တော့် ကြိုးပမ်းမှုတွေ အကုန်လုံး သဲထဲရေသွန်သလို အချည်းနှီး ဖြစ်သွားမှာပေါ့”

လုံလောင်ထိုက်က စိတ်မရှည်စွာဖြင့် ပြောသည်။

“မင်းကတော့ တွေးတာတွေ များလွန်းပါတယ်။ ကျူးဇီဆိုတဲ့ ကလေးက ရိုးသားပါတယ်။ ဟယ်တာ့ချင်း ပြန်လာခဲ့ရင်တောင် သူက ငါတို့ကို ပစ်ထားမှာ မဟုတ်ပါဘူး”

ယီကျုံးဟိုင်က လက်ကို ဝှေ့ယမ်းပြလိုက်ကာ ပြန်ပြောသည်။

“ထားလိုက်ပါတော့… ကျူးဇီ အကြောင်း မပြောနဲ့တော့။ အဘွားအို... အခု ကျွန်တော့်ရင်ထဲမှာ ဒီဒေါသကို မျိုသိပ်ထားလို့ မရဘူးဖြစ်နေတယ်။ ဒီဒေါသထွက်အောင် တစ်ခုခု လုပ်မှ ရမယ်”

“ဒေါသထွက်အောင် လုပ်မယ်။ ဟိုဘက်က မင်းကို နည်းနည်းလေးတောင်မှ မကြောက်ဘူးလေ။ မင်းရဲ့ ယီတာ့ယဲ့ဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း မျက်စိထဲ ထည့်ထားတာ မဟုတ်ဘူး။ မင်းက ဘယ်လိုလုပ်ပြီး အခဲကျေအောင် လုပ်မှာလဲ။ စက်ရုံမှာဆို ပိုလို့တောင် မဖြစ်နိုင်သေးဘူး။ အခု သူက စက်ရုံမှူးရဲ့ အယုံကြည်ရဆုံး လူယုံ ဖြစ်နေပြီလို့ ကြားတယ်။ မင်း သွားထိလို့ရမဲ့ လူစားမျိုး ပိုပြီး မဟုတ်တော့ဘူး”

ယီကျုံးဟိုင်က သွားကို ကျိတ်လျက် ခပ်ပြတ်ပြတ် ပြောလိုက်သည်။

“ဒီအမုန်းကို ဖြေဖို့ ကျွန်တော့်မှာ နည်းလမ်းရှိပါတယ်”

လုံလောင်ထိုက်က သက်ပြင်းကိုသာ မှုတ်ထုတ်လိုက်တော့သည်။

“မင်းကလေ အကုန်ကောင်းတယ်။ တစ်ခုပဲ... ခေါင်းမာပြီး အစွန်းရောက်လွန်းတယ်။ ဒီဒေါသကို ဖြေဖို့က အဲဒီလောက်တောင် အရေးကြီးနေလို့လား။ ကိုယ့်ခေါင်းကွဲ သွေးထွက်အောင် အရင်လုပ်မှ ကျေနပ်မှာလား။ မင်း နည်းနည်းပါးပါး ဆင်ခြင်ပါဦး”

သို့ရာတွင် ယီကျုံးဟိုင်၏ နားထဲသို့ မည်သည့် စကားမှ တိုးဝင် မလာတော့ချေ။ သူသည် မျက်မှောင်ကို တွန့်ချိုးထားလျက် လုံလောင်ထိုက်၏ အိမ်ထဲမှ လှမ်းထွက်လာခဲ့သည်။ မိမိအိမ်သို့ ချက်ချင်း မပြန်သေးဘဲ တံခါးဝတွင် ရပ်ကာ တစ်စုံတစ်ရာကို ခေတ္တမျှ တွေးတောချင့်ချိန် နေပြီးနောက် ကျားမိသားစု၏ တံခါးကို သွားရောက် ခေါက်လိုက်လေသည်။

တံခါးပွင့်လာချိန်တွင် ဆီးကြိုဖွင့်ပေးသူမှာ ချင်ဟွိုင်ရူ ဖြစ်လေသည်။ အိမ်တွင်း၌ကား ပစ္စည်းများ ရှုပ်ပွနေပြီး အသံများကလည်း ဆူညံပွက်လော ရိုက်နေ၏။ ပန့်ကန့်က ကြမ်းပြင်ပေါ်တွင် ဖင်ထိုင်ချကာ ငိုယိုသောင်းကျန်း နေသည်။

“မရဘူး... သား အသားစားချင်တယ်။ သား အသားမစားရတာ ရက်အတော်ကြာနေပြီ”

ထိုကဲ့သို့ အော်ဟစ်နေ၏။

ကျားတုန်းရွှီကတော့ ခုတင်ပေါ်တွင် ပက်လက်လှဲလျက် ဆေးလိပ်ဖွာကာ မျက်နှာကြက်ကိုသာ ငေးမော့ကြည့်နေလေသည်။

ကျားကျန်းရှစ်ကမူ ထိုနေရာတွင် မရပ်မနား ကျိန်ဆဲနေလေသည်။

“သေနာလေး… နေ့တိုင်း အသားတွေ စားနေတာ။ အစားလွန်ပြီး သေပါစေလား… အသားစားတာတောင် ငါတို့အိမ်ကို နည်းနည်းလေးမှ လာမပို့ဘူး။ အဲဒါကိုမှ တမင်သက်သက် အသားဟင်းကို မွှေးနေအောင် ကြော်နေသေးတယ်။ ဒါက သိသိသာသာကို ငါတို့အိမ်က ပန့်ကန့်ကို တမင်သက်သက် အားကျအောင် လုပ်နေတာပဲ”

ချင်ဟွိုင်ရူက တံခါးဖွင့်လိုက်ပြီး ယီကျုံးဟိုင်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် မှင်သက်သွားသည်။

“ယီတာ့ယဲ့… ဘယ်လိုလုပ် ရောက်လာတာလဲ”

ကျားတုန်းရွှီလည်း ခုတင်ပေါ်မှ နေ၍ ကမန်းကတန်း ထထိုင်လိုက်ပြီး မေးလိုက်သည်။

“ဆရာ… ဘယ်လိုလုပ် ရောက်လာတာလဲ”

ယီကျုံးဟိုင်က အိမ်ထဲရှိ အခြေအနေကို မျက်မှောင်ကျုံ့၍ အကဲခတ်လိုက် ပြီးနောက် အထဲသို့ ဆက်မဝင်တော့ချေ။

“တုန်းရွှီ... မင်း အပြင်ထွက်ခဲ့။ မင်းကို စကားနည်းနည်းလောက် ပြောစရာရှိတယ်”

ကျားတုန်းရွှီလည်း အမြန် ဖိနပ်စီးကာ အပြင်ထွက်လာပြီး ယီကျုံးဟိုင်နှင့်အတူ ခြံဝင်း အပြင်ဘက်သို့ ထွက်လာခဲ့သည်။

“ဆရာ... အိမ်ထဲမှာ ပြောလို့ မရတဲ့ စကားများ ရှိလို့လား။ မိုးလည်း ဒီလောက် ချုပ်နေပြီကို ဘယ်သွားမလို့လဲ”

ကျားတုန်းရွှီက သတိထားကာ မေးလိုက်သည်။

ယီကျုံးဟိုင်က ဘာမှ ပြန်မပြောသေးဘဲ သူ့ကို ခေါ်ကာ ခြံဝင်းအပြင်သို့ ဆက်လျှောက်လာခဲ့သည်။ ခပ်လှမ်းလှမ်းအထိ ရောက်သွားပြီး ခြံဝင်းထဲက လူများ မမြင်နိုင်လောက်တော့သည့် နေရာရောက်မှသာ ခြေလှမ်း ရပ်လိုက်ပြီး ကြင်နာသော မျက်နှာထားဖြင့် မေးလိုက်သည်။

“တုန်းရွှီ... ဒီရက်ပိုင်း အိမ်က အခြေအနေ ဘယ်လိုနေလဲ။ အဆင်ပြေပြေ ဖြတ်သန်းလို့ ရရဲ့လား”

ကျားတုန်းရွှီက စိတ်ညစ်ညူးစွာဖြင့် ညည်းတွားလိုက်သည်။

“ဆရာရယ်... မပြောပါနဲ့တော့။ အခုနကပဲ ဆရာ မြင်ခဲ့တယ် မဟုတ်လား။ ပန့်ကန့်က နေ့တိုင်း အသားစားမယ် ဆိုပြီး ပူဆာနေတာ။ ဒါပေမဲ့ သူ့ကို အသားဝယ်ကျွေးဖို့ ကျွန်တော့်မှာ ဘယ်ငွေရှိမှာလဲ။ အခုလည်း အဲဒီမှာ ထပ်သောင်းကျန်း နေပြန်ပြီ။ ဒီလိုနဲ့တော့ နေလို့ မရတော့ဘူး”

“ဟိုတစ်ခေါက်က အလှူငွေတွေ ရခဲ့တယ် မဟုတ်ဘူးလား”

ယီကျုံးဟိုင်က မေးလိုက်သည်။

ကျားတုန်းရွှီက ဒေါသတကြီးဖြင့် ချက်ချင်း ပြန်တုံ့ပြန်သည်။

“ဆရာကတော့ တကယ် မေ့တတ်တာပဲ။ ဟိုတစ်ခေါက်က အလှူငွေတွေကို အိမ်သုံးအိမ် ခွဲဝေယူလိုက်တာလေ။ ကျွန်တော့်လက်ထဲ ရောက်လာတာက ၃၄ ယွမ်ပဲ ရှိတာ။ လက်ထဲမှာတောင် မနွေးသေးဘူး။ အဲဒီ ခွေးကောင်ကို ယွမ် ၃၀ လျော်လိုက်ရတော့ ဘယ်မှာ ငွေကျန်တော့မှာလဲ”

ယီကျုံးဟိုင်က သက်ပြင်းကို လေးလေးနက်နက် ချလိုက်ကာ ပြောသည်။

“အကုန်လုံး ယန်ချုံး အပြစ်တွေချည်းပါပဲလေ။ သူသာ မဟုတ်ရင် ပန့်ကန့်လည်း စောစောစီးစီး အသားစားရနေပြီပေါ့”

ကျားတုန်းရွှီက ဒေါသတကြီးဖြင့် ဆက်ပြောသည်။

“ဟုတ်တယ်မလား။ အခု ပန့်ကန့်က နေ့တိုင်း အသားစားမယ် ပူဆာနေတော့ ကျွန်တော့်အမေက ဆရာ့ဆီမှာ အသားဝယ်ဖို့ ငွေသွားချေးခိုင်းတယ်။ ဒါပေမဲ့ ဆရာ့ဆီက ထပ်ချေးဖို့ ကျွန်တော် ဘယ်လိုလုပ် မျက်နှာပူပူနဲ့ ပါးစပ်ဟ ရမှာလဲ။ ဒါပေမဲ့ ကျွန်တော့်အမေက ပြောသေးတယ်။ မင်း ဆရာမှာ သားသမီးလည်း မရှိဘူး။ လင်မယား နှစ်ယောက်တည်းဆိုတော့ ပိုက်ဆံလည်း အများကြီး မသုံးရပါဘူးတဲ့။ ပန့်ကန့်က သူ့တပည့်ရဲ့ သားဆိုတော့ သူ့မြေးအရင်းလိုပါပဲတဲ့။ နောင်တစ်ချိန်ကျရင် သူ့ကို ပြုစုလုပ်ကျွေးပြီး သေရင်တောင် အရိုးအိုးကိုင် အသုဘပို့ပေးရမဲ့ သူမို့လို့ သူ့ပိုက်ဆံတွေကို ပန့်ကန့်ကို မသုံးခိုင်းရင် ဘယ်သူ့ကို သုံးခိုင်းရမှာလဲတဲ့လေ”

ထိုစကားကြောင့် ယီကျုံးဟိုင်၏ မျက်နှာကြွက်သားများ နှစ်ချက်ခန့် တွန့်သွားပြီးနောက် အတင်းအကျပ် ပြုံးယောင်သန်းကာ ပြောလိုက်သည်။

“မင်းအမေ ပြောတာ မှန်ပါတယ်။ ဆရာက နောင်တစ်ချိန်မှာ မင်းနဲ့ ပန့်ကန့်ကိုပဲ အားကိုးရမှာလေ။ ပိုက်ဆံရှိရင်တော့ ပန့်ကန့်ကို သုံးခိုင်းရမှာပေါ့”

ထိုသို့ပြောရင်း အိတ်ကပ်ထဲမှ ငါး ယွမ် ထုတ်ပေးလိုက်သည်။

“ဒီငွေကို မင်း ယူသွားလိုက်။ မနက်ဖြန် ပန့်ကန့်ကို အသားဝယ်ကျွေးလိုက်”

ကျားတုန်းရွှီက ဝမ်းသာအားရဖြင့် ငွေကို အမြန်လှမ်းယူ လိုက်သော်လည်း သံသယ အနည်းငယ် ရောယှက်နေသော မျက်နှာထားဖြင့် မေးလိုက်သည်။

“ဆရာ... ဆရာက ညကြီးမိုးချုပ် ကျွန်တော့်ကို အိမ်ထဲကနေ ခေါ်ထုတ်လာတာ ပန့်ကန့်အတွက် အသားဝယ်ကျွေးဖို့ ငွေပေးချင်လို့ သက်သက်ပဲလား”

ယီကျုံးဟိုင်က ဘယ်ညာသို့ ဝေ့ဝဲကြည့်လိုက်ရာ မည်သူမျှ မရှိသည်ကို သေချာစေပြီးနောက် အသံကို နှိမ့်ကာ လျှို့ဝှက်စွာ ပြောလိုက်သည်။

“တုန်းရွှီ... မင်းလက်ထဲ ရောက်လာတဲ့ အလှူငွေတွေ လွင့်စင်သွားတာကို ဒီအတိုင်း ထိုင်ကြည့်နေရတာ မင်း ဒေါသ မထွက်ဘူးလား။ ပြီးတော့ ပန့်ကန့်လေး အဲဒီလောက် အထိုးခံလိုက်ရတာကို အလကား အထိုးခံလိုက်ရုံပဲလား”

ကျားတုန်းရွှီက တံတွေးကို မြေကြီးပေါ်သို့ အားပါးတရ ထွေးချပြီး ပြန်မေးလိုက်လေသည်။

“ကျွန်တော် ဒေါသထွက်တာပေါ့။ အဲဒီ ယန်ချုံး ဆိုတဲ့ကောင်ကို သတ်တောင် သတ်ပစ်ချင်တာ။ ဒါပေမဲ့ ကျွန်တော်ကမှ သူ့ကို မနိုင်တာ။ ဘာလဲ... ဆရာ။ ဆရာက ကျွန်တော့်ကိုယ်စား လက်စားချေပေးဖို့ အစီအစဉ်ရှိလို့လား”

All Chapters