အခန်း ၇၂
Vol. 8 Ch. 72
အခန်း (၇၂) - ဒီမင်္ဂလာကိစ္စကို ခဏစောင့်ကြရအောင်
ယီကျုံးဟိုင်က ဆိုသသည်။
“ငါတို့သားအဖ နှစ်ယောက်က ယဉ်ကျေးတဲ့ သူတွေလေ။ သူလို လူကြမ်းတစ်ယောက်နဲ့ သွားရန်ဖြစ်လို့ ရမလား။ ဒါပေမဲ့ ငါတို့ကိုယ်တိုင် မချနိုင်ရင်တောင် တခြားလူကို လွှတ်ပြီး သူ့ကို ပညာပေးခိုင်းလို့ရတာပဲ”
ထိုသို့ဆိုရင်း ကျားတုန်းရွှီး၏ နားပါးသို့ ကပ်၍ တိုးတိုးတိတ်တိတ် တစ်စုံတစ်ရာကို ပြောကြားလိုက်လေသည်။
ကျားတုန်းရွှီးသည် ထိုစကားကို ကြားသိရလျှင် မျက်နှာအထက်၌ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည့် အရိပ်အယောင်များ ထင်ဟပ်လာကာ ခေါင်းကို တဆတ်ဆတ် ညိတ်ရင်း ပြောသည်။
“ဆရာပြောတာ မှန်တယ်။ သူ့ကို ဒီလိုမျိုး သေသေချာချာ ပညာပေးရမယ်။ သူ့လက် ဒါမှမဟုတ် ခြေထောက် တစ်ချောင်းကို ချိုးပစ်နိုင်ရင် အကောင်းဆုံးပဲ။ နောက်ဆို ငါတို့သားအဖကို ဘယ်လို ရန်စရဲသေးလဲ ကြည့်ရသေးတာပေါ့”
ထိုသို့ ပြောဆိုပြီးနောက် ချက်ချင်းပင် မျက်မှောင် ကုပ်သွားပြန်ကာ မေးမြန်းလိုက်ပြန်သည်။
“ဒါပေမဲ့ ဆရာ... ဖုန်းဝူလို လူမျိုးက ငွေမြင်ရင် မျက်စိ ကျယ်တတ်တဲ့သူ ဆိုတော့ အကျိုးအမြတ် မရှိဘဲ ငါတို့အတွက် ဝင်လုပ်ပေးပါ့မလား”
ယီကျုံးဟိုင်က ဆိုလိုက်သည်။
“ဆရာက အစောကြီးကတည်းက ပြင်ဆင်ထားပြီးသားပါ”
ဤသို့ ဆိုရင်းဖြင့် အိတ်ကပ်အတွင်းမှ ငွေ ယွမ် နှစ်ဆယ်ကို ထုတ်ယူကာ ကမ်းပေးပြီး အမိန့်ပေးလိုက်လေသည်။
“မင်း အခုပဲ ဖုန်းဝူဆီသွားလိုက်...”
....................................
နောက်တစ်နေ့သို့ ရောက်သော် ယန်ကျဲချန်၏ စေ့စပ်ကြောင်းလမ်းမည့် နေ့ရက်ထူးဖြစ်ရာ သူ၏ ချစ်သူ ယွီလိနှင့် မိသားစုဝင်များ လာရောက်ကြမည် ဖြစ်သည်။ ယန်ကျဲချန်သည် စိတ်လှုပ်ရှား ရင်ခုန်လွန်း လှသဖြင့် နံနက် အစောပိုင်းကတည်းက အိပ်ရာမှ ထကာ ဖခင်ဖြစ်သူ ယန်ပုကွေ့အား ယုန်သားဟင်းကို အမြန်ဆုံး ပြင်ဆင်ချက်ပြုတ်ရန် အလျင်စလို တိုက်တွန်းနှိုးဆော် နေတော့၏။
ယနေ့သည် တနင်္ဂနွေနေ့ ဖြစ်သည့်အတွက် ခြံဝင်းအတွင်းရှိ လူအများစုမှာလည်း အလုပ်နားရသကဲ့သို့ ယန်ပုကွေ့သည်လည်း ကျောင်းတော်သို့ သွားရောက်ရန် မလိုပေ။ ထို့ကြောင့် သူသည် မနက်အာရုဏ် မတက်မှီကတည်းက ယုန်ကို အရေခွံခွာ… ဝမ်းဗိုက်ခွဲ၍ လက်မခန့် အတုံးငယ်လေးများ ဖြစ်အောင် စနစ်တကျ တုံးတစ်လိုက်လေသည်။ ယင်းနောက် ယန်ပုကွေ့သည် တွက်ကပ်စွဲလမ်း တတ်သော အလေ့အထအတိုင်း ယုန်သား တစ်ဝက်ခန့်ကို တမင်တကာ ဖယ်ချန်ထားလိုက်၏။
ဤမျှ ကြီးမားလှသော တောယုန် တစ်ကောင်လုံးကို ဧည့်ခံပွဲ တစ်ခုတည်းအတွက် အကုန်အစင် သုံးစွဲပစ်ရမည်ကို နှမြောတသ ဖြစ်မိပုံရသည်။ အနည်းငယ် ချန်လှပ်ထားမှသာ မိသားစုဝင် အားလုံး စုံစုံလင်လင်ဖြင့် အာသာပြေ မြည်းစမ်း ရပေဦးမည်။ ထို့ပြင် ထိုတောကြက်ကြီးကိုလည်း ယန်ပုကွေ့သည် တိတ်တဆိတ် အသားအချို့ ဖယ်ချန်ထားလိုက်သေးသည်။
ဤခေတ်ကာလ အခါသမယ၌ မည်သည့် မိသားစုမဆို လူနေမှု အဆင့်အတန်းချင်း တူညီကြသည်သာ ဖြစ်သည်။ ထမင်းဝိုင်းတွင် အသားဟင်း တစ်ခွက် ပါဝင်ရုံမျှဖြင့်ပင် အလွန်တရာ အဖိုးတန်လှပေပြီ။ ယခုမူ အသားဟင်း နှစ်ခွက်အထိ ပြင်ဆင်ထားသဖြင့် အမျိုးသမီးဘက်မှ မိသားစုအနေဖြင့် အပြစ်ဆိုဖွယ်ရာ အကြောင်းမရှိနိုင်တော့ဟု တွေးတောကာ ယန်ပုကွေ့သည် မိမိ၏ အမြော်အမြင်ကြီးမှုကို အတော်လေး သဘောကျ ကျေနပ်နေမိသည်။
အဒေါ်သုံး စန်းတာ့မား မှာလည်း အလုပ်များလျက် ရှိသည်။ သူမသည် (အရှေ့မှာ သားလို့ ပြောထားပါတယ်)သမီးအငယ်ဆုံး ယန်ကျဲတိအား ဆံပင် အလှဖြီး သင်ပေးနေရုံမျှမက ဧည့်သည်တော်များအတွက် ပန်းကန်ခွက်ယောက်နှင့် တူများကို လှည့်လည် ငှားရမ်းရန် အတွက်ပါ ပျာပျာသလဲ ဖြစ်နေရရှာသည်။
ထိုခေတ်အခါက အိမ်ထောင်စုတိုင်း၏ ပန်းကန်ခွက်ယောက်နှင့် တူများမှာ မိသားစု လူဦးရေအတိုင်း ကွက်တိသာ ရှိတတ်ကြပြီး ပိုလျှံပါကလည်း တစ်ခုစ နှစ်ခုစမျှသာ ရှိတတ်သည်။ ရုတ်တရက် လူလေးငါးဦးခန့် တိုးပွားလာပါက အသုံးအဆောင်များ လုံလောက်မည် မဟုတ်ချေ။ အစဉ်သဖြင့် စေ့စပ်တွက်ချက်တတ်သော ယန်ပုကွေ့အဖို့ နေရာအပိုယူမည့် ပန်းကန်နှင့် တူများကို အပိုအလျှံ အများအပြား ဝယ်ယူစုဆောင်း ထားရန်မှာ ပို၍ပင် မတွေးဝံ့စရာ ဖြစ်ပေသည်။
သို့ရာတွင် ခြံဝင်းအတွင်းရှိ အိမ်နီးနားချင်းများမှာ တစ်ဦးနှင့်တစ်ဦး ရိုင်းပင်း ကူညီလိုစိတ် ရှိကြပေသည်။ မည်သည့်အိမ်တွင်မဆို မင်္ဂလာအခါသမယနှင့် ကြုံတွေ့ရတတ်သည် မဟုတ်ပါလော။ ယခုလည်း သံမဏိစက်ရုံမှ စားဖိုမှူးကြီး ရှာကျူးသည် သူ၏ ထုံးစံအတိုင်း မနက်စောစောကတည်းက ရောက်ရှိလာပြီး ဟင်းသီးဟင်းရွက်များ လှီးဖြတ်ကာ ဟင်းချက်ရန် ကူညီပေးနေသည်။ ယနေ့ ယွီမိသားစုအား တည်ခင်းဧည့်ခံမည့် ထမင်းဝိုင်း၏ ကံကြမ္မာမှာ သူ့လက်ရာမွန်ပေါ်၌သာ လုံးလုံးလျားလျား မူတည်နေတော့၏။
ခြံဝင်းအတွင်းရှိ အခြားသူများကလည်း မီးမွှေးခြင်း၊ ဟင်းရွက်ဆေးခြင်း စသည့် ဝေယျာဝစ္စ အသေးအဖွဲများကို ဝိုင်းဝန်းကူညီ ပေးကြသည်။ အိမ်နီးနားချင်းများက စန်းတာ့မား တစ်ယောက် ကံထူးလိုက်ပုံများ သားဖြစ်သူကလည်း အလုပ်အကိုင် အတည်တကျ ရရှိသွားပြီ ဖြစ်သလို မကြာမီမှာလည်း ချွေးမ ချောချောလေးကို အိမ်ပေါ် ခေါ်တင်ရတော့မည်ဟု ဝိုင်းဝန်း ချီးမွမ်းကြရာ စန်းတာ့မားမှာ ပီတိလွန်ကဲကာ မျက်နှာတစ်ခုလုံး နီမြန်းလျက် ရှိတော့သည်။
မင်္ဂလာမောင်နှင်လောင်း ဖြစ်သော ယန်ကျဲချန်မှာမူ ငြိမ်သက်စွာ မထိုင်နိုင်ဘဲ ခြံဝင်း တံခါးဝသို့ အခါခါ ပြေးထွက်ကာ ယွီလိ၏ အရိပ်အယောင်ကို မျှော်လင့်တကြီး လည်တစ်ဆန့်ဆန့်ဖြင့် စောင့်ကြို ကြည့်ရှုနေမိရှာသည်။
မည်မျှအထိ အဖန်ဖန် မျှော်ကြည့်မိသည်မသိ… နံနက် တစ်ဆယ့်တစ်နာရီခန့် အချိန်သို့ ရောက်ရှိမှသာလျှင် ယွီမိသားစုသည် ဖြည်းညင်းစွာ ရောက်ရှိလာကြလေသည်။
ယန်ကျဲချန်၏ ရည်ရွယ်သူ မိန်းကလေးမှာ မည်မျှအထိ ရုပ်ရည်တင့်တယ်သည်ကို မြင်တွေ့လိုကြသဖြင့် ခြံဝင်းအတွင်းရှိ လူအပေါင်းတို့သည် အလယ်ခြံဝင်း တံခါးဝအနီးသို့ စုရုံးလာကြ၏။ ယန်ရှောင်ကျွမ်းနှင့် ဟယ်ယွီရွှေတို့သည်လည်း လူအုပ်ကြီး၏ နောက်ကွယ်မှနေ၍ ခြေဖျားထောက်ကာ လည်ပင်း တဆန့်ဆန့်ဖြင့် အကဲခတ်ကြည့်ရှုနေကြသည်။
ယွီမိသားစုမှ လူဦးရေ လေးဦး ရောက်ရှိလာကြရာ ယွီလိ၏ မိဘနှစ်ပါးအပြင် ညီမငယ်ဖြစ်သူ ယွီဟိုင်ထန်လည်း အတူတကွ လိုက်ပါလာခဲ့သည်။
ယွီဟိုင်ထန်နှင့် ဟယ်ယွီရွှေတို့သည် ယခင်က အတန်းဖော်များ ဖြစ်ကြသော်လည်း သူမသည် ဟယ်ယွီရွှေထက် နှစ်နှစ်ခန့် ကြီးသဖြင့် အလုပ်ခွင်သို့ပင် ဝင်ရောက်နေပြီ ဖြစ်သည်။ သူမသည် သံမဏိစက်ရုံ၏ အသံလွှင့်ခန်း၌ တာဝန် ထမ်းဆောင်နေသူ ဖြစ်သောကြောင့် ဤခြံဝင်းအတွင်း၌ ရင်းနှီးကျွမ်းဝင်သူ အများအပြား ရှိလေသည်။ ခြံဝင်းအတွင်းသို့ ခြေချမိသည်နှင့် အလုပ်များနေသော ရှာကျူးကို လှမ်းမြင်လိုက်ရသဖြင့် နှုတ်ဆက်လိုက်လေသည်။
“ဆရာဟယ်... ရှင်လည်း ဒီခြံဝင်းထဲမှာ နေတာကိုး။ ယွီရွှေရော... သူ ကျောင်းပိတ်ပြီလား။ သူ့ကို မတွေ့ရတာ ခြောက်လလောက်တောင် ရှိပြီ။ သူ့ကို တော်တော်သတိရနေတာ”
ရှာကျူးသည် အံ့အားသင့် သွားဟန်ဖြင့် မေးလိုက်သည်။
“ဟိုင်ထန်ပါလား… မင်းက ဘယ်လိုလုပ် ရောက်လာတာလဲ”
ထိုသို့ မေးမြန်းရင်း သူမ၏ ဘေး၌ ရှိနေသော ယွီလိကို လှမ်းကြည့်ကာ ဆိုလိုက်သည်။
“သြော်... မင်းအစ်မက ကျဲချန်ရဲ့ ချစ်သူကိုး။ အမယ်လေး... စောစောကတည်းက မပြောဘူး”
ထို့နောက် အလယ်ခြံဝင်း တံခါးဘက်သို့ လက်ညှိုး ထိုးပြလျက် ပြောလိုက်၏။
“ဟော... ဟိုမှာ ယွီရွှေလေ။ ကျောင်းပိတ်တာ နှစ်ရက်ပဲ ရှိသေးလို့ အိမ်မှာပဲ နေနေတာ”
အခြားတစ်ဖက်မှ ဟယ်ယွီရွှေကလည်း အလျင်အမြန် လက်လှမ်းပြလျက် လှမ်းခေါ်လိုက်လေသည်။
“ဟိုင်ထန်... ငါ ဒီမှာလေ”
ယွီဟိုင်ထန်သည်လည်း ချက်ချင်းပင် ပြေးသွားကာ ဟယ်ယွီရွှေ၏ လက်ကို ဆွဲကိုင်လျက် ဝမ်းသာအားရ မေးမြန်းနှုတ်ဆက် နေတော့၏။
ထိုစဉ်အတွင်း ယန်ပုကွေ့သည် ယွီမိသားစုဝင်များအား နေအိမ်အတွင်းသို့ ဖိတ်ခေါ်ရန် အလုပ်ရှုပ်လျက် ရှိသည်။ ယွီဟိုင်ထန်က ဆိုလိုက်လေသည်။
“အစ်မ... အစ်မတို့ အိမ်ထဲ အရင်ဝင်နှင့်ကြနော်။ ညီမ ယွီရွှေနဲ့အတူ သူ့အိမ်မှာ ခဏလောက် သွားဆော့လိုက်ဦးမယ်”
ထိုသို့ ပြောပြီး ယွီရွှေ၊ ယန်ရှောင်ကျွမ်းတို့နှင့်အတူ အလယ်ခြံဝင်းအတွင်းသို့ တပျော်တပါး ဝင်ရောက်သွားလေသည်။
ယန်ပုကွေ့မှာ ကြောင်အမ်းအမ်း ဖြစ်ကျန်ရစ်ရာ ယွီလိ၏ ဖခင်ဖြစ်သူက ချက်ချင်းပင် ကြားဖြတ်၍ ပြောကြားလိုက်သည်။
“ကိစ္စမရှိပါဘူး။ လူငယ်တွေ သူငယ်ချင်း အချင်းချင်းတွေ့တော့လည်း သွားပျော်ပါစေ။ သူ့ကို ဂရုမစိုက်ပါနဲ့”
“ဟုတ်ပါတယ် ဟုတ်ပါတယ်။ ကျွန်တော်တို့ အရင်အိမ်ထဲဝင်ကြတာပေါ့။ ခဏနေ ထမင်းစားတော့မှ သူ့ကို လှမ်းခေါ်လိုက်ရုံပေါ့”
သူတို့ အားလုံး နေအိမ်အတွင်းသို့ ဝင်ရောက်ကာ စကားစမြည် ပြောဆိုကြရာ ယွီဖခင်နှင့် ယွီမိခင်တို့၏ မျက်နှာအထက်၌ အတော်လေး ကျေနပ်နှစ်သိမ့်နေသည့် အရိပ်အယောင်များ ထင်ဟပ်လျက် ရှိသည်။
ယွီလိနှင့် ယန်ကျဲချန်တို့ ချစ်ကြိုက်ခဲ့ကြသည်မှာ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ရာ ယန်မိသားစု၏ အခြေအနေကို သူတို့လည်း အတိုင်းအတာ တစ်ခုအထိ သိရှိ နားလည်ထားပြီးသား ဖြစ်သည်။ ယခင်က ယန်ကျဲချန်၌ အတည်တကျ အလုပ်အကိုင် မရှိခဲ့သဖြင့် ယွီမိသားစုဘက်မှ များစွာ တွန့်ဆုတ်နေခဲ့ရပြီး သူတို့နှစ်ဦးအား လမ်းခွဲခိုင်းရန် အထိပင် ရည်ရွယ်ခဲ့ဖူးလေသည်။
သို့ရာတွင် ယခုအခါ ယန်ကျဲချန်၏ အသက်မွေးဝမ်းကျောင်း ကိစ္စမှာ ပြေလည်သွားခဲ့ပြီ ဖြစ်သည်။ သူသည် နိုင်ငံပိုင် စက်ရုံကြီးဖြစ်သော သံမဏိစက်ရုံ၌ စက်ပစ္စည်းကျွမ်းကျင် လုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်ခွင့် ရရှိထားပေပြီ။ လက်ရှိတွင် အလုပ်သင် အဆင့်မျှသာ ရှိသေးသော်လည်း နောင်တစ်ချိန် အမြဲတမ်း ဝန်ထမ်း ဖြစ်လာပြီး အဆင့် သတ်မှတ်ချက် စာမေးပွဲများကို အောင်မြင်သွားပါက လစာနှင့် ရိက္ခာမှာ အဆမတန် တိုးပွားလာမည် ဖြစ်သည်။
ထိုအချက်ကြောင့် ယွီဖခင်နှင့် ယွီမိခင်တို့မှာ အလွန်ပင် ဝမ်းမြောက်ကြည်နူး နေကြသည်။ အချိန်တန်၍ သမီးနှင့် သမက်လောင်း နှစ်ဦးစလုံး အလုပ်အကိုင် အတည်တကျ ရှိလာပါက လူနေမှု အဆင့်အတန်းမှာ သိသာထင်ရှားစွာ မြင့်မားလာမည် ဖြစ်သည်။ မိမိတို့ သက်ကြီးရွယ်အို ဖြစ်လာမည့် နေ့ရက်များတွင်လည်း သမီးဖြစ်သူ၏ လုပ်ကျွေးထောက်ပံ့မှုကို စိတ်အေးချမ်းသာစွာ အားကိုးမျှော်လင့် နိုင်ပေတော့မည်။
သူတို့ ဇနီးမောင်နှံသည် စိတ်အတွင်း၌ များစွာ ကျေနပ်နှစ်သက် နေကြသော်လည်း မိမိတို့၏ သဘောထားကို ချက်ချင်းလက်ငင်း ထုတ်ဖော်ပြသခြင်း မပြုကြသေးပေ။ ယန်မိသားစုက ယနေ့ တည်ခင်းဧည့်ခံမည့် ထမင်းဝိုင်း၏ အခြေအနေကို ဦးစွာ စောင့်ကြည့်လိုကြသေးသည်။ အဘယ်ကြောင့်ဆိုသော် ယခင်က ယန်ပုကွေ့သည် အလွန်အမင်း စေးနှဲတွက်ကပ်တတ်သူ ဖြစ်ကြောင်း မိသားစု တစ်စုလုံးမှာ တစ်နှစ်ပတ်လုံး မုန်လာဥချဉ်နှင့် ပြောင်းဖူး ပေါက်စီကိုသာ မှီဝဲ စားသောက်လေ့ရှိကြောင်း ကောလဟလများ ကြားသိထားဖူးသဖြင့် သမီးဖြစ်သူ အိမ်ထောင်ကျသွားပါက ဆင်းရဲဒဏ် မခံနိုင်မည်ကို စိုးရိမ်ပူပန် နေမိသောကြောင့် ဖြစ်၏။
သို့ရာတွင် ရှာကျူး စီမံချက်ပြုတ်ထားသော ဟင်းလျာအဖြာဖြာတို့ စားပွဲထက်သို့ ရောက်ရှိလာသောအခါ၌မူ သူတို့၏ စိတ်တွင်း၌ နောက်ဆုံး ကျန်ရှိနေသော စိုးရိမ်ပူပန်မှု အစုစုတို့သည် လွင့်ပါးပျောက်ကွယ် သွားတော့သည်။
အကြောင်းမူကား ယန်မိသားစုသည် သူတို့အား ဧည့်ခံကြိုဆိုရန်အတွက် သက်သတ်လွတ်ဟင်း ခြောက်ခွက်နှင့် အသားဟင်း ပူပူနွေးနွေး နှစ်ခွက်… စုစုပေါင်း ဟင်းလျာ ရှစ်ခွက်အထိပင် ခမ်းခမ်းနားနား ပြင်ဆင်ထားသည်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသောကြောင့် ဖြစ်၏။ ထိုသက်သတ်လွတ်ဟင်း ခြောက်ခွက်မှာ မုန်လာဥနှင့် ဂေါ်ဖီထုပ်များကို ပုံစံအမျိုးမျိုး ပြောင်းလဲချက်ပြုတ် ထားခြင်းမျှသာ ဖြစ်သော်လည်း အသားဟင်း နှစ်ခွက်မှာမူ အနှစ်သာရ ပြည့်ဝလှသော အကောင်းစား ဟင်းလျာမွန်များ ဖြစ်ကြပေသည်။
ယုန်သားကို အတုံးငယ်လေးများ တုံး၍ မီးပြင်းပြင်းဖြင့် ကြော်လှော်ထားသော ဟင်းတစ်ခွက်နှင့် အာလူး၊ ကြက်သားတုံးများကို အနံ့မွှေးပျံ့စွာ နှပ်ထားသော ဟင်းတစ်ခွက်တို့ ဖြစ်သည်။ စားဖိုမှူးကြီး ရှာကျူး၏ လက်ရာမှာ သာမန်အဆင့်မျှ မဟုတ်ပေ။ အရောင်၊ အနံ့၊ အရသာ သုံးပါးလုံး စုံလင်စွာဖြင့် ဖန်တီးထားရာ ဟင်းပန်းကန်များကို ချလိုက်သည်နှင့် တစ်ပြိုင်နက် ယွီဖခင်နှင့် ယွီမိခင်တို့သည် တိတ်တဆိတ် အချင်းချင်း အဓိပ္ပာယ်ပါပါ အကဲခတ် ကြည့်ရှုလိုက်ကြသည်။
ဤသည်မှာ အနာဂတ် ခမည်းခမက်ဖြစ်သူသည် စိတ်သဘောထား တည်ငြိမ်ကာ ရက်ရောမှု ရှိကြောင်း ပြသနေခြင်း ဖြစ်ပြီး တပါးသူများ ပြောစကားကဲ့သို့ ကပ်စေးနှဲတတ်သူ လုံးဝ မဟုတ်ကြောင်း ထင်ရှားစေသည်။ ထို့ကြောင့် ဤမင်္ဂလာကိစ္စကို အတည်ပြု သတ်မှတ်နိုင်ပြီဟု သူတို့ တွေးတောမိကြလေသည်။
ယန်ပုကွေ့သည် ထိုဇနီးမောင်နှံ နှစ်ဦး၏ မျက်နှာရိပ် မျက်နှာကဲကို အကဲခတ်မိသည်နှင့် ယနေ့ ထမင်းဝိုင်းအတွက် အပင်ပန်းခံ ပြင်ဆင်ရကျိုးနပ်ပြီ ဖြစ်ကြောင်း သဘောပေါက်ကာ ရင်ထဲမှ အလုံးကြီး ကျသွားတော့၏။ ထို့နောက် သားဖြစ်သူ ကျဲချန်အား ယွီဟိုင်ထန်ကို ထမင်းစားပွဲသို့ လာရောက်ရန် အမြန်ဆုံး သွားရောက် ခေါ်ယူခိုင်းလိုက်လေသည်။
ယွီဟိုင်ထန်သည် အနောက်ဘက် ခြံဝင်း၌ ဟယ်ယွီရွှေနှင့် စကားဖောင်ဖွဲ့၍ ကောင်းနေခဲ့ပုံရကာ အလွန်တရာ ပြုံးရွှင်မြူးထူးသော မျက်နှာပေးဖြင့် ရောက်ရှိလာသည်။ သူမသည် ရောက်လာသည်နှင့် တစ်ပြိုင်နက် စကားဆိုလိုက်လေသည်။
“ဒီနေ့ ကြက်သားရော ယုန်သားပါ ပါတယ်လို့ ယွီရွှေ ပြောတာ ကြားတယ်။ သေချာလေး မြည်းကြည့်ရမယ်။ ဖေဖေ… မေမေ... သိကြလား။ ယွီရွှေ ပြောပြတာ... ဦးလေးယန်က ဒီထမင်းဝိုင်းအတွက် တော်တော်လေး အပင်ပန်းခံ စဉ်းစားထားတာတဲ့။ ယန်ချုံးဆီမှာ တောယုန်ကြီး တစ်ကောင်နဲ့ တောကြက်ကြီး တစ်ကောင် သွားဝယ်ခဲ့တာတဲ့။ အဲဒီ တောယုန်က ဆယ်ကျင်းလောက်တောင် ရှိပြီး တောကြက်ကလည်း ကျင်းအတော်များများ ရှိတယ်လို့ ပြောတယ်”
သူမ၏ စကားပင် မဆုံးသေးမှီမှာပင် မိဘနှစ်ပါး၏ မျက်နှာအမူအရာမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်သည်။ ယွီဖခင်နှင့် ယွီမိခင်တို့သည် စောစောကမျှ ကြည်လင် ဝမ်းမြောက်နေသော စိတ်အခြေအနေမှ ရုတ်ချည်းပင် စိတ်မသက်မသာ ဖြစ်သွားကြရသည်။ သူတို့သည် စားပွဲအထက်ရှိ ယုန်သားကြော် ပန်းကန်နှင့် အာလူးကြက်သားနှပ် ပန်းကန်တို့ကို လှမ်းကြည့်မိရင်း အကြောင်းရင်း တစ်စုံတစ်ရာမရှိဘဲ စောစောကလောက် မွှေးပျံ့ခြင်း မရှိတော့ သကဲ့သို့ ခံစားလိုက်ရလေသည်။
သို့ရာတွင် ယန်ပုကွေ့မှာမူ မိမိ၏ အစီအမံ အောင်မြင်လေပြီ ဟူသော ဝမ်းသာကြည်နူးမှု ရေယာဉ်ကြောတွင် နစ်မြောနေဆဲ ဖြစ်သည်။ သူသည် အနာဂတ် ခမည်းခမက်များအား တူကိုင်၍ သုံးဆောင်ကြရန် ဖိတ်မန္တကပြုရင်း ပြုံးရွှင်သော မျက်နှာထားဖြင့် နှုတ်မြွက် မေးမြန်းလိုက်၏။
“ခမည်းခမက်တို့ရေ... ကလေးနှစ်ယောက်ကလည်း တွဲလာတာ ဒီလောက်တောင် ကြာနေပြီပဲ။ နှစ်ယောက်စလုံးကလည်း သဘောတူညီကြတယ်။ အခု ကျဲချန်ရဲ့ အလုပ်ကိစ္စကလည်း အဆင်ပြေသွားပြီဆိုတော့ ဒီနေ့ပဲ သူတို့ရဲ့ မင်္ဂလာကိစ္စကို အတည်ပြု သတ်မှတ်လိုက်ကြရင် မကောင်းဘူးလား”
ယန်ကျဲချန်သည် မိမိဘဝ၏ အရေးကြီးဆုံးသော ကိစ္စရပ်ကို စတင်ပြောဆိုနေပြီ ဖြစ်ကြောင်း ကြားသိရလျှင် စိတ်လှုပ်ရှား တုန်ရင်စွာဖြင့် မျက်နှာချင်းဆိုင်ရှိ ယွီလိအား လှမ်းမျှော် ကြည့်ရှုလိုက်သည်။
ယွီလိမှာမူ ရှက်သွေးဖြန်းကာ မျက်နှာလေး နီမြန်းလျက် ခေါင်းငုံ့သွားရှာတော့၏။
ထိုခဏ၌ ယွီဖခင်ထံမှ ချောင်းဟန့်သံ တစ်ချက် ထွက်ပေါ်လာလေသည်။
“ဒီလိုပါ ဆရာယန်... ကျွန်တော် ထင်တာတော့ ကလေးတွေက ငယ်ပါသေးတယ်။ ကျဲချန်ကလည်း အခုမှ အလုပ်ခွင် ဝင်ခါစဆိုတော့ အလုပ်ပေါ်မှာပဲ အာရုံစိုက်သင့်တာပါ။ ဒါကြောင့် ဒီမင်္ဂလာကိစ္စကို ခဏလောက် ထပ်စောင့်ကြတာပေါ့။ သူတို့နှစ်ယောက်စလုံး တည်ငြိမ်သွားတော့မှပဲ ထပ်ပြောကြတာပေါ့”