← Chapters

အခန်း ၇၄

Vol. 8 Ch. 74

အခန်း ၇၄

Vol. 8 Ch. 74

အခန်း (၇၄) - ချင်ဟွိုင်ရူ… နင် ကိုယ်ဝန် ထပ်ရနေပြန်ပြီ

ယန်ချုံးသည် လူမိုက်လက်ထဲမှ ဓားမကြီးကို လုယူလိုက်ပြီးနောက် သတိမဝင်သေးသော ဖုန်းဝူကို ဆွဲဖမ်းကာ သူ၏ ရှေ့သို့ တိုက်ရိုက် ဆွဲခေါ်လာခဲ့သည်။

ထို့နောက် ဓားမကြီးကို သူ၏ လည်ပင်းပေါ်သို့ တိုက်ရိုက် တင်လိုက်သည်။

ဖုန်းဝူမှာ ချက်ချင်းပင် မျက်နှာဖြူလျော့သွားပြီး ကြောက်လန့်တကြားဖြင့် ချွေးစေးများပါ ထွက်လာခဲ့သည်။

“မ...မလုပ်ပါနဲ့...”

အလွန်အမင်း ကြောက်လန့်သွားသဖြင့် စကားများပင် ထစ်အ ကုန်သည်။

အခြားလူမိုက်များလည်း ကြောင်အ သွားကြသည်။ သူတို့သည် ပုံမှန်အားဖြင့် ရန်ဖြစ်လေ့ ရှိကြသော်လည်း များသောအားဖြင့် လူအင်အားသုံးကာ အနိုင်ကျင့်တတ်ကြပြီး တစ်ဖက်လူကို ခြောက်လှန့်ကာ ငွေညှစ်ရုံသာ လုပ်လေ့ရှိသည်။

ဓားမကြီး ပါလာသော်လည်း လူကို ခြောက်လှန့်ရန်သာ သုံးခြင်းဖြစ်သည်။ တကယ်တမ်း လူကို ခုတ်ရမည်ဆိုလျှင် သူတို့တွင် ထိုသို့လုပ်ရဲသော သတ္တိ မရှိကြပေ။

ယခုမူ ထိုဓားမကြီးက မိမိ၏ လည်ပင်းပေါ်သို့ ရောက်နေသဖြင့် ဖုန်းဝူမှာ ကြောက်လန့်တကြား ချွေးများပင် ကျလာခဲ့သည်။

ကျန်လူများမှာလည်း တစ်ယောက်ချင်းစီ ခြေထောက်များ တုန်ယင်နေကြပြီး လှည့်ပြေးရန် ပြင်လိုက်ချိန်တွင် ကျောက်ရှောင်ယီနှင့် ကျောက်ရှောင်အာတို့ နှစ်ယောက်က ဘယ်နေရာမှ ထွက်လာမှန်းမသိ ပေါ်လာကာ သူတို့ကို အလယ်တွင် ပိတ်ဆို့ထားလိုက်သည်။

ယန်ချုံးက နှာမှုတ်လိုက်ပြီး မေးသည်။

“ဘာကို မလုပ်ရမှာလဲ။ မင်းက ငါ့လက်တစ်ဖက်ကို လိုချင်နေတာ မဟုတ်ဘူးလား။ အခုကျမှ ဘာလို့ မလိုချင်တော့တာလဲ”

ဖုန်းဝူက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလေသည်။

“အဲဒါက... အဲဒါက နောက်... နောက်ပြောင်တာပါ။ ခင်ဗျားက ဘယ်လိုလုပ်ပြီး အ... အတည်မှတ်သွားရတာလဲ”

“နောက်ပြောင်တယ် ဟုတ်လား။ ငါက မင်းတို့နဲ့ နောက်ပြောင်နေဖို့ စိတ်မဝင်စားဘူး”

ယန်ချုံးက ပြောလိုက်ပြီး ဓားမကြီးကို ဖုန်းဝူ၏ လည်ပင်းမှ ဖယ်ကာ သူ၏ ညာဘက် လက်မောင်းပေါ်တင်ပြီး ဖြည်းညှင်းစွာ အောက်သို့ ပွတ်ဆွဲချလိုက်ရင်း မေးလိုက်လေသည်။

“ပြောစမ်း… ဘယ်ဘက်ကို လိုချင်တာလဲ ဒါမှ မဟုတ် ညာဘက်ကို လိုချင်တာလား”

ဤစကား တစ်ခွန်းကြောင့် ဖုန်းဝူ၏ ထွက်နေသော ချွေးများမှာ ဆီးအဖြစ်သို့ တိုက်ရိုက် ပြောင်းသွားကာ ဘောင်းဘီခွကြားမှ တစ်ဆင့် မြေကြီးပေါ်သို့ စီးကျသွားတော့သည်။

“ဘယ်... မဟုတ်ဘူး... ညာ... မဟုတ်ဘူး မဟုတ်ဘူး။ အစ်ကိုကြီး… သခင်ကြီး… သခင်ကြီး… နှစ်ဖက်စလုံး မလိုချင်ပါဘူး။ ဘာမှကို မလိုချင်ပါဘူး...”

ဖုန်းဝူမှာ အလွန် ကြောက်လန့်သွားပြီး စကားများပင် ကမောက်ကမ ဖြစ်ကုန်သည်။

“နှစ်ဖက်စလုံး မလိုချင်ဘူးလား”

ယန်ချုံးက မျက်မှောင်ကျုံ့လိုက်သည်။

“ဒါဆိုလည်း အကုန်လုံး ခုတ်ချလိုက်မယ်”

ဖုန်းဝူ၏ ခြေထောက်များ ခွေယိုင်သွားပြီး မြေကြီးပေါ်သို့ ပြိုကျမတတ် ဖြစ်သွားသော်လည်း ယန်ချုံး၏ အခြားလက်တစ်ဖက်က သူ့ကို ဆွဲမထားလိုက်သည်။

“မ... မဟုတ်ပါဘူး သခင်ကြီး။ နှစ်ဖက်စလုံး မလိုချင်တာ မဟုတ်ပါဘူး။ နှစ်ဖက်စလုံး လိုချင်ပါတယ်... ဘယ်ဖက်ကိုမှ မခုတ်ပါနဲ့...”

“ဘယ်ဖက်ကိုမှ မခုတ်ရဘူးလား။ အဲဒါတော့ မရဘူးလေ”

ယန်ချုံးက ခေါင်းခါရင်း ပြောသည်။

“ငါက ပါးစပ်နဲ့ပဲ အာလူးဖုတ်နေတယ်လို့ တခြားလူတွေ ထင်သွားကြလိမ့်မယ်။ မင်းပြောစမ်း… ငါက စကားပြောပြီး တည်တဲ့ လူမျိုး မဟုတ်ဘူးလို့ ထင်နေတာလား”

ဖုန်းဝူမှာ ငိုလုမတတ် ဖြစ်နေပြီ။

‘အစ်ကိုကြီးရယ်… စောစောက လက်ခုတ်မယ်လို့ ပြောတာ ခင်ဗျားမှ မဟုတ်တာ ကျွန်တော်ပြောတာလေ။ ဘယ်လိုလုပ်ပြီး ခင်ဗျားစကား မတည်တာနဲ့ သွားပတ်သက် နေရတာလဲ’

ယန်ချုံးသည် သူ၏ လက်မောင်း တစ်ဖက်ကို ဖမ်းဆွဲကာ ရှေ့သို့ ဆွဲယူလိုက်ပြီးနောက် ဓားမကြီးကို အပေါ်သို့ မြှောက်လိုက်သည်။

“ပြောစမ်း…”

ဖုန်းဝူမှာ ကြောက်လန့်တကြား မျက်စိများ မှိတ်ထားလိုက်သည်။

“သခင်ကြီး... ဘာ... ဘာကို ပြောရမှာလဲဟင်”

ယန်ချုံးက နှာမှုတ်လိုက်သည်။

“ဘာကို ပြောရမလဲ ဟုတ်လား။ မင်းတို့ကို ဘယ်သူက လွှတ်လိုက်တာလဲ ဆိုတာ ပြောစမ်း…”

ဖုန်းဝူ အနည်းငယ် တွေဝေသွားချိန်တွင် ယန်ချုံး၏ လက်က အောက်သို့ ကျဆင်းလာသည်။

“ကျားတုန်းရွှီပါ။ ခင်ဗျားတို့ခြံထဲက ကျားတုန်းရွှီပါ”

ဖုန်းဝူက ကြောက်လန့်တကြား မျက်စိမှိတ်ပြီး အော်ပြောလိုက်သည်။

ကျားတုန်းရွှီ…

ယန်ချုံး၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

‘မဆိုးဘူးပဲ ကျားတုန်းရွှီ… မူလက မင်းလို အမှိုက်ကောင်ကို ဂရုစိုက်ဖို့ ပျင်းနေတာ မင်းကိုယ်မင်း သေလမ်း လာရှာလိမ့်မယ်လို့ မထင်ထားဘူး’

“သခင်ကြီး… ကျားတုန်းရွှီပါပဲ။ သူက ကျွန်တော့်ကို ဆယ် ယွမ် ပေးပြီး သူ့အတွက် အမုန်း ဖြေပေးဖို့ ခိုင်းတာပါ။ ပိုက်ဆံ... ပိုက်ဆံက ဒီမှာရှိပါသေးတယ်...”

ဖုန်းဝူက ပြောရင်း သူ၏ အိတ်ကပ်ထဲမှ ဆယ် ယွမ်ကို ထုတ်ကာ အပေါ်သို့ မြှောက်ပြလိုက်သည်။

ယန်ချုံးက နှာမှုတ်လိုက်သည်။

“သူများပေးတာကို မင်းဘာသာမင်း ယူထားပေါ့။ ငါ့ကို ဘာလုပ်ဖို့ ပေးတာလဲ။ ဒါပေမဲ့ မင်းက သူများဆီက ပိုက်ဆံယူထားပြီးမှတော့ သူ့အတွက် အလုပ်လုပ်ပေးရမှာ မဟုတ်ဘူးလား။ အဲဒီလိုမှ မဟုတ်ရင် နောက်ပိုင်း ဘယ်သူက မင်းကို အလုပ်လာအပ်တော့မလဲ”

ဖုန်းဝူမှာ ကြောင်သွားပြီး ယန်ချုံးကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ သူ၏ စကားက ဘာကို ဆိုလိုမှန်း နားမလည်ပေ။

ယန်ချုံးသည် သူနှင့် စကား ဆက်ပြောနေရန် စိတ်မရှည်တော့ဘဲ ဖုန်းဝူ၏ ညာလက်ကို စောစောက သူထိုင်နေသည့် ကျောက်တုံးပေါ်သို့ ဖိချလိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်သည်။

ဖုန်းဝူ၏ စူးရှသော အော်ဟစ်သံနှင့်အတူ သွေးများ ပန်းထွက်သွားပြီးနောက် ဖုန်းဝူမှာ လက်ချောင်းတစ်ဆစ် ပြတ်ထွက်သွားသော ညာဘက်လက်ကို အုပ်ကိုင်ကာ မြေကြီးပေါ်တွင် လူးလှိမ့်နေတော့သည်။

အခြားလူမိုက်များမှာလည်း အလွန် ကြောက်လန့်သွားကြပြီး မြေကြီးပေါ်သို့ ဒူးထောက်ကျသွားကြသည်။

ယန်ချုံးက နှာမှုတ်လိုက်ကာ ဓားမကြီးကို လွှင့်ပစ်လိုက်ပြီး ပြောလိုက်သည်။

“ဘာကြည့်နေတာလဲ။ သူ့ကို ခေါ်သွားပြီး ဆေးခန်းသွားပြလိုက်။ မှတ်ထား… ဒီနေ့က မင်းတို့ကို ပညာပေးလိုက်တာပဲ။ နောက်ပိုင်း လူဆိုးဘဝကနေ လမ်းမှန်ပေါ် ပြန်လျှောက်ကြ။ နောက်တစ်ခါ မင်းတို့ ဒီလိုအလုပ်မျိုး ထပ်လုပ်နေတာကို ငါမြင်ရင် လက်ချောင်း တစ်ချောင်းတည်းနဲ့ ပြီးမှာ မဟုတ်ဘူး”

သူက ပြောရင်း လက်ကို ဝှေ့ယမ်းပြလိုက်ရာ လူမိုက်အုပ်စုမှာ အသက်ပြင်းပြင်းပင် မရှူရဲကြဘဲ နာကျင်လွန်း၍ သတိလစ်မတတ် ဖြစ်နေသော ဖုန်းဝူကို အမြန် သွားတွဲကာ လစ်ပြေးကြတော့သည်။

ဘေးနားရှိ ကျောက်ရှောင်ယီနှင့် ကျောက်ရှောင်အာ ညီအစ်ကို နှစ်ယောက်မှာလည်း မှင်သက်စွာ ကြည့်နေကြသည်။ ထိုအခါမှသာ မိမိတို့၏ အစ်ကိုကြီးမှာ မည်မျှ ရက်စက်ပြတ်သားကြောင်း သူတို့ သိလိုက်ရသည်။ စောစောက သူ့အတွက် စိတ်ပူပေးခဲ့ရသည်မှာ အလကားပင်။

“အစ်ကိုချုံး…သူတို့ပြောသွားတဲ့ ကျားတုန်းရွှီဆိုတာ ဘယ်သူလဲ။ သူ့ကို ဘယ်လို ပညာပေးဖို့ စဉ်းစားထားလဲ”

ကျောက်ရှောင်အာက မေးလိုက်သည်။

ယန်ချုံးက လက်ခါပြလိုက်သည်။

“ဒါကို မင်းတို့ ဂရုစိုက်စရာ မလိုဘူး။ ဒီကိစ္စကို မင်းတို့ တစ်ခါမှ မကြားဖူးသလို… ဘာမှ မသိသလိုပဲ နေလိုက်ကြ”

ကျောက်ရှောင်ယီက ခေါင်းတစ်ဆက်ဆက် ညိတ်ကာ မနေ့က တောကောင်သားများ ရောင်းရသည့်ငွေကို အမြန် ထုတ်ပေးလိုက်သည်။

“အစ်ကိုချုံး… ဒါက မနေ့က ရောင်းရတဲ့ ပိုက်ဆံပါ”

ယန်ချုံးက မေးလိုက်သည်။

“မင်းတို့ရဲ့ ဝေစုရော နှုတ်ပြီးပြီလား”

“နှုတ်ပြီးပါပြီ အစ်ကိုချုံး”

ယန်ချုံးက ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ… မင်းတို့ ပစ္စည်းသွားရောင်းကြတော့”

ထိုသို့ပြောပြီးနောက် သူက စက်ဘီးစီးကာ ထွက်သွားသည်။ သူ၏ အရိပ်အယောင် ပျောက်ကွယ်သွားသည်ကို မြင်မှသာ ကျောက်ညီအစ်ကို နှစ်ယောက်လည်း သက်ပြင်းရှည်ကြီးကို ချလိုက်နိုင်တော့သည်။

“အစ်ကို… ဒီနေ့မှပဲ အစ်ကိုချုံးက ဒီလောက် ရက်စက်မှန်း သိရတော့တယ်။ လူတစ်ယောက်ရဲ့ လက်ချောင်းကို ဖြတ်ပစ်တာတောင် မျက်တောင် တစ်ချက် မခတ်ဘူး”

ကျောက်ရှောင်အာက ကြောက်လန့်တကြားဖြင့် ပြောသည်။

“စောစောက ငါကြည့်နေရင်းနဲ့တောင် ရင်တုန်ပန်းတုန် ဖြစ်ရတယ်”

“ဟုတ်ပါ့… ဟိုလူမိုက်တွေဆို အစ်ကိုကြီးရှေ့မှာ ကြောက်လန့်ပြီး ဒူးထောက်သွားကြတာ မင်း မတွေ့လိုက်ဘူးလား”

“မင်းအထင် ဟိုဖုန်းဝူက လက်ချောင်း တစ်ချောင်း ပြတ်သွားတာကို ရဲသွားတိုင်မှာလား”

“တိုင်ရမှာလား… သူက မအဘူးကွ။ သွားတိုင်လိုက်ရင် ကိုယ့်ဒုက္ခ ကိုယ်ရှာသလို ဖြစ်သွားမှာပေါ့”

“ထားလိုက်တော့… ဆက်မပြောနဲ့တော့ မြန်မြန် သွားကြစို့”

ဤအချိန်တွင် ပြဿနာကို နောက်ကွယ်မှ ကြိုးကိုင်သူဖြစ်သည့် ကျားတုန်းရွှီမှာ သူ၏ အခန်းထဲတွင် ထိုင်ကာ ဖရဲစေ့ကို အေးအေးလူလူ ကိုက်နေလေသည်။

ဖရဲစေ့ ကိုက်ရင်း တစ်ဖက်မှလည်း ဖုန်းဝူ၏ ပညာပေးခြင်းကို ခံလိုက်ရမည့် ယန်ချုံး၏ သနားစရာ အခြေအနေကို စိတ်ကူးယဉ်နေသည်။

“ဟင်း.. ယန်မျိုးနွယ်ကောင် ဒီတစ်ခါ ခြံထဲမှာ မင်း ဆက်ပြီး ရမ်းကားရဲသေးလား။ ငါ ကျားတုန်းရွှီကို ဆက်ပြီး ဆန့်ကျင်ရဲသေးလား ဆိုတာ ကြည့်ကြသေးတာပေါ့”

သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ကျားကျန်းရှစ်က နှာမှုတ်လိုက်သည်။

“နောက်ပိုင်း သူ အသားစားတိုင်း ငါတို့အိမ်ကို လာမပို့ဘဲ နေရဲသေးလား ကြည့်ရသေးတာပေါ့။ အေး မနက်ဖြန် သူ့အိမ်က အသားဟင်းနံ့ရရင် ပန့်ကန့်ကို သူ့အိမ်လွှတ်ပြီး အသားသွားတောင်းခိုင်းရမယ်။ သူ ပေး… မပေး ကြည့်ကြတာပေါ့”

မီးဖိုချောင်ထဲတွင် ထမင်းချက်နေသော ချင်ဟွိုင်ရူသည် သူတို့နှစ်ယောက်၏ စကားသံများကို ကြားသောအခါ စိတ်ထဲတွင် မေးခွန်းများ ပြည့်နှက်သွားသည်။

“တုန်းရွှီ၊ အမေ... ရှင်တို့နှစ်ယောက် ဘာတွေ ပြောနေကြတာလဲ။ ဘေးအိမ်ကို ဘာသွားလုပ်ပြန်ပြီလဲ”

ကျားကျန်းရှစ်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။

“နင့်အလုပ် နင်လုပ်စမ်းပါ။ မဆိုင်တဲ့ ကိစ္စတွေကို ဝင် မစပ်စုစမ်းနဲ့”

ချင်ဟွိုင်ရူက နှုတ်ခမ်းကို တွန့်ပြီး စိတ်ထဲမှ တွေးလိုက်သည်။

‘ရှင်တို့နှစ်ယောက်ရဲ့ ပြဿနာတွေကို ဂရုစိုက်ဖို့တောင် ပျင်းသေးတယ်။ ရှင်တို့ဘာသာ အလကားနေရင်း ပြဿနာရှာပြီး နောက်ဆုံးကျ အကျိုးအမြတ် မရဘဲ ကိုယ်တိုင်ပဲ နစ်နာသွားမှာကို စိုးရိမ်လို့ပါ’

ထိုသို့ တွေးနေစဉ်မှာပင် ရုတ်တရက် ပျို့တက်လာပြီး အန်ချင်သလို ခံစားလိုက်ရသဖြင့် မီးဖိုချောင်ထဲမှ အမြန် ပြေးထွက်လာကာ တံခါးအနောက်တွင် ရပ်လျက် ပျို့အန်နေသော်လည်း ဘာမှတော့ ထွက်မလာခဲ့ပေ။

ကျားတုန်းရွှီနှင့် ကျားကျန်းရှစ်တို့က သူမကို အံ့ဩတကြီး ကြည့်လိုက်ကြသည်။

“ချင်ဟွိုင်ရူ… နင် ထမင်းမချက်ဘဲ အဲဒီမှာ ဘာလုပ်နေတာလဲ။ တစ်မိသားစုလုံး ထမင်းစားဖို့ စောင့်နေကြတာ နင်မသိဘူးလား”

ချင်ဟွိုင်ရူမှာ ဆက်လက် ပျို့အန်နေပြီး စကားမပြောနိုင်ခဲ့ပေ။

ကျားကျန်းရှစ်သည် တစ်စုံတစ်ရာကို ရိပ်မိသွားပုံရသည်။

“ချင်ဟွိုင်ရူ… နင် ကိုယ်ဝန် ထပ်ရနေပြန်ပြီ မဟုတ်လား။ ငါ နင့်ကို ပြောထားမယ်။ ဒီတစ်ခါတော့ ငါတို့ ကျားမိသားစု မျိုးဆက် ပြန့်ပွားဖို့အတွက် ယောကျ်ားလေး မွေးပေးရမယ်နော်။ ငါတို့ ကျားမိသားစုက အခု တုန်းရွှီတစ်ယောက်တည်း ရှိလို့ အနိုင်ကျင့် ခံနေရတာ… တကယ်လို့သာ ညီအစ်ကို နှစ်ယောက် ရှိမယ်ဆိုရင် ဒီခြံထဲမှာ ငါတို့ကို ဘယ်သူက အနိုင်ကျင့်ရဲမှာလဲ”

All Chapters