အခန်း ၇၅
Vol. 8 Ch. 75
အခန်း (၇၅) - ယန် မျိုးရိုးနဲ့ကောင် ဒီကို ဘာလာလုပ်တာလဲ
မျက်နှာချင်းဆိုင် အိမ်မှ ယီကျုံးဟိုင်သည်လည်း ယခုအချိန်တွင် ရင်တမမဖြင့် ယန်ချုံး ပြန်လာမည့် အချိန်ကို စောင့်ဆိုင်းလျက်ရှိသည်။ လူမိုက်များ၏ လက်ချက်ဖြင့် ဗျာပါဒ ဆင်းရဲခြင်းသို့ ရောက်ရမည့် ယန်ချုံး၏ သနားစဖွယ် ပုံစံကို သူ အလွန်ပင် မြင်တွေ့ချင်နေမိ၏။
သို့သော် သူသည် ကျားတုန်းရွှီထက်တော့ အကဲသာ၊ အကင်းပါးသူ ဖြစ်ပေသည်။ ရင်ထဲတွင် မီးတောက်မတတ် စိတ်လောဆော်နေသော်လည်း မျက်နှာပြင်တွင်မူ မည်သည့် အရိပ်အယောင်မျှ မပြဘဲ ခြံဝင်းအတွင်းသို့သာ အခါအားလျော်စွာ မသိမသာ မျက်စိကစားကြည့်နေလေသည်။ ယန်ချုံး စက်ဘီးစီး၍ ထွက်ခွာသွားသည့် အချိန်မှစ၍ သူ ခြံဝင်းအတွင်းသို့ လှမ်းမြော် ကြည့်မိသည်မှာ အကြိမ်တစ်ရာ မကတော့ချေ။
ယီတာ့မားကပင် တစ်စုံတစ်ခု မှားယွင်းနေပြီဟု ရိပ်မိလာပြီး မေးမြန်းလိုက်သည်။
“လောင်ယီ... ရှင် ဒီနေ့ ဘာဖြစ်နေတာလဲဟင်။ ဘာလို့ လည်ပင်းကိုပဲ တောက်လျှောက် လှည့်နေရတာလဲ”
ယီကျုံးဟိုင်က စိတ်မရှည်သယောင်ဖြင့် ဗလုံးဗထွေး ပြန်လည် ဖြေကြားလိုက်၏။
“ဘာမှ မဖြစ်ပါဘူးကွာ… နေ့လယ်က အိပ်တာ ဇက်ကြောလွဲသွားလို့။ အဲဒါကြောင့် လည်ပင်းလေး လှည့်ပြီး လေ့ကျင့်ခန်း လုပ်နေတာ”
ထိုစကားကို ကြားရလျှင် ယီတာ့မားသည် အနားသို့ အပြေးအလွှား ရောက်ရှိလာပြီး ပြောဆိုလေသည်။
“ဇက်ကြောလွဲသွားတာလား… အဲဒါဆိုရင် လျှောက်မလုပ်နဲ့လေ။ သေချာထိုင်… ကျွန်မ ရှင့်လည်ပင်းကို နှိပ်ပေးမယ်”
သို့သော် နှိပ်နယ်ပေးခြင်း မပြုရသေးမှီမှာပင် ယီကျုံးဟိုင်သည် ချက်ချင်း မတ်တတ်ထရပ်လိုက်ပြီး တံခါးဝဆီသို့ သုတ်ခြေတင် လျှောက်လှမ်းသွားခဲ့သည်။
ယီတာ့မားလည်း အံ့အားသင့်သွားရကာ ကန့်ကွက် အော်ဟစ်လိုက်မိသည်။
“ဒီအဘိုးကြီးတော့လေ... ကျွန်မက လည်ပင်း နှိပ်ပေးမလို့ ပြင်နေတာကို ဘာလို့ ထသွားရတာလဲ”
ယီကျုံးဟိုင်ကမူ ပြန်လည်တုံ့ပြန်ခြင်း မရှိတော့ဘဲ ခြံဝင်းအတွင်းသို့ စက်ဘီးတွန်းကာ ဝင်ရောက်လာသော ယန်ချုံးအား အံ့ဩမှင်သက်စွာဖြင့် စူးစိုက် ကြည့်ရှုမိလေသည်။
ယန်ချုံးသည် စက်ဘီးကို တည်ငြိမ်စွာ တွန်းလာခဲ့ရာ ဝတ်ဆင်ထားသော အဝတ်အစားများမှာလည်း သန့်ရှင်းသပ်ရပ်လျက် ရှိပြီး လူရိုက်ခံထားရသည့် အရိပ်အယောင်လေးမျှပင် လုံးဝ မတွေ့ရချေ။ သူ၏ လက်ခြေ၊ အင်္ဂါအစိတ်အပိုင်းများမှာလည်း အကောင်းပကတိအတိုင်း ရှိနေဆဲပင်။ စက်ဘီး လက်ကိုင်တွင်မူ အတော်ပင် ထွားကျိုင်းလှသော ငါးတစ်ကောင်ကို ချိတ်ဆွဲထားသေးရာ ကြည့်ရသည်မှာ နှစ်ကျင်း၊ သုံးကျင်း ၁ ကီလိုဂရမ်ကျော်ခန့်မျှ ရှိမည်ဟု ခန့်မှန်းရသည်။
ပြင်ပမှ ယခုတင် ပြန်လည် ရောက်ရှိလာသော အာတာ့မားက ထိုမြင်ကွင်းကို မြင်တွေ့သွားပြီး အံ့သြတကြီး မေးမြန်းလိုက်သည်။
“အို... ချုံးဇီ ငါးသွား မျှားပြန်ပြီလား။ ဒီလောက်ကြီးတဲ့ ငါးကြီးကိုတောင် ရလာပါလား”
ယန်ချုံးက ခပ်ပြုံးပြုံးဖြင့် ပြန်ပြောလိုက်၏။
“ဘယ်ကသာ အာတာ့မားရယ်... ဒီနေ့ ကံကောင်းချင်တော့ ပန်းခြံထဲ လမ်းလျှောက်နေတုန်း ဒီငါးက ရေထဲကနေ ရုတ်တရက် ခုန်ထွက်လာပြီး ကျွန်တော့်ခြေဖမိုးပေါ် ကွက်တိ လာကျတာနဲ့ ကောက်လာခဲ့တာ”
“ဒီလောက်တောင် ကံကောင်းရလား… ချုံးဇီ မင်းကံကတော့ တကယ့်ကို ကောင်းလွန်းပါတယ်။ ဒီငါးကပဲ အသက်မရှင်ချင်တော့လို့ သူ့ဘာသာ သေလမ်းလာရှာပြီး မင်းရှေ့ ရောက်လာတာများလား”
အာတာ့မားက အားကျ စိတ်ပျက်သည့် လေသံဖြင့် ဆိုလေသည်။
ယန်ချုံးက ဦးခေါင်းကို လှည့်၍ ကျားမိသားစုအိမ်ဘက်သို့ တစ်ချက် ဝေ့ကြည့်ရင်း ပြောဆိုလိုက်သည်။
“ဟုတ်ပါရဲ့... ဒီငါးက အသက်ဆက် မရှင်ချင်တော့ဘဲ သူ့ဘာသာ သေလမ်း လာရှာနေတဲ့ ပုံပါပဲ”
ကျားမိသားစု၏ တံခါးခန်းဆီး နောက်ကွယ်တွင်မူ ပြန်လည် ရောက်ရှိလာသော ယန်ချုံးကို ကြည့်ရှုရင်း ကျားကျန်းရှစ်နှင့် ကျားတုန်းရွှီတို့ သားအမိ နှစ်ယောက်စလုံး၏ မျက်နှာပေါ်တွင် အံ့သြထိတ်လန့်မှုများ အထင်းသား ပေါ်လွင်နေလေသည်။
“တုန်းရွှီ... ဘယ်လိုဖြစ်ရတာလဲ။ ယန်မျိုးရိုးနဲ့ ဟောဒီ ခွေးသူတောင်းစားလေးက ဘယ်လိုလုပ် အကောင်းပကတိအတိုင်း ပြန်ရောက်လာရတာလဲ။ ဘာမှ မဖြစ်ထားတဲ့ ပုံပါလား”
ကျားကျန်းရှစ်က မယုံကြည်နိုင်စွာ ညည်းတွားလိုက်သည်။
ကျားတုန်းရွှီသည်လည်း ကြက်သေ သေနေမိပြီး ပြောသည်။
“အေးလေ... သူက ဘာလို့ ဘာမှ မဖြစ်ရတာလဲ။ ဖုန်းဝူက ရင်ဘတ် စည်တီးပြီး ကျွန်တော့်ကို ကတိပေးထားတာ။ ဒီကောင်လေးကို သေသေချာချာ ပညာပေးမယ်။ သူ့လက်တစ်ဖက်ကိုပါ ဖြုတ်ပစ်မယ်ဆိုပြီး ပြောထားတာ။ အခု ကြည့်ရတာ ဘာတစ်ခုမှ လျော့မသွားပါလား။ ဒါမှ မဟုတ် ဖုန်းဝူ အဲဒီကောင်က ပိုက်ဆံသာယူပြီး အလုပ် မလုပ်ပေးတာများလား။ မဖြစ်သေးပါဘူး... ဖုန်းဝူဆီသွားပြီး မေးကြည့်မှရမယ်”
ကျားတုန်းရွှီက ထိုသို့ ပြောဆိုရင်း ယန်ချုံး အိမ်ထဲသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ခြံဝင်းအတွင်းမှ တိတ်တဆိတ် အမြန် ထွက်ခွာလာခဲ့ပြီး လမ်းမပေါ်တွင် ဖုန်းဝူကို လိုက်လံ ရှာဖွေလေတော့သည်။
သို့သော် လမ်းတကာ လှည့်၍ အခေါက်ခေါက် အခါခါ ရှာဖွေ စုံစမ်းသော်လည်း ဖုန်းဝူ၏ အရိပ်အယောင်ကိုမျှ မတွေ့ရချေ။ ဖုန်းဝူ ပုံမှန် ကျင်လည် ကျက်စားရာ နေရာအားလုံးကိုလည်း နှံ့စပ်အောင် ရှာဖွေခဲ့သလို သူနှင့်အတူ အမြဲ တွဲဖက် သွားလာတတ်သည့် လူမိုက်အချို့ကိုပါ လိုက်လံ ရှာဖွေခဲ့သော်လည်း သူတို့အားလုံးသည် လူ့လောကကြီးထဲမှ အစအနဖျောက် ပျောက်ကွယ်သွားသည့်အလား မည်သူ့ကိုမျှ မတွေ့ရှိရတော့ပေ။
………………………………..
“ဆရာ... ဖုန်းဝူ အဲဒီကောင်က သေချာပေါက် ကျွန်တော့်ဆီက ပိုက်ဆံယူပြီး အလုပ်မလုပ်ဘဲ ပုန်းနေတာပဲ ဖြစ်ရမယ်။ ဒီကောင် အလုပ်လုပ်တာ သောက်ရမ်း အောက်တန်းကျတာပဲ။ ကျွန်တော်ရဲ့ ယွမ်ဆယ်တန်လေး နှမြောစရာကောင်းလိုက်တာ... အဲဒီပိုက်ဆံနဲ့ဆို အသားဟင်း အကြိမ်တော်တော်များများ စားလို့ရတယ်”
ကျားတုန်းရွှီက မကျေမနပ် ကျိန်ဆဲရင်း ပြောဆိုလေသည်။
ထိုစကားကို ကြားရလျှင် ယီကျုံးဟိုင်က မျက်မှောင်ကျုံ့လျက် မေးခွန်းထုတ်လိုက်သည်။
“ဆယ်ယွမ် ဟုတ်လား... ငါ မင်းကို ယွမ်နှစ်ဆယ် ပေးလိုက်တာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ဆယ်ယွမ်ဖြစ်သွားတာလဲ”
ထိုအခါမှ ကျားတုန်းရွှီသည် မိမိ စကားလွန်သွားမိမှန်း သတိပြုမိလိုက်သဖြင့် ချက်ချင်းပင် ဆင်ခြေပေးကာ တုန်လှုပ်စွာနှင့် ဖြေရှင်းချက်ပေးလေသည်။
“ဆရာရယ်... ကျွန်တော်က ဒီလူမိုက်တွေဟာ ယုံရတာ မဟုတ်ဘူးလို့ ထင်လို့လေ။ သူတို့ကို ယွမ်နှစ်ဆယ်ပေးတာက များလွန်းတယ်။ ဆယ်ယွမ်ဆိုတာလည်း နည်းတဲ့ ပိုက်ဆံမှ မဟုတ်တာ။ ဆရာပဲကြည့်လေ... ကံကောင်းလို့ အကုန် မပေးလိုက်တာ။ မဟုတ်ရင် ဒီယွမ်နှစ်ဆယ်လုံး ရေစုန်မျောသွားပြီပေါ့”
ယီကျုံးဟိုင်က ဒေါသတကြီးဖြင့် ခေါင်းကို ဆတ်ခနဲ လှည့်ကာ ထွက်ခွာသွားခဲ့သည်။
ကျားတုန်းရွှီမှာမူ ထိုယွမ်ဆယ်တန်ကို နှမြောတသဖြစ်လျက် ကျန်ရစ်ခဲ့ကာ ကြံစည်ရင်း ညဉ့်နက် သန်းခေါင်တိုင်အောင် ဆက်လက် ရှာဖွေလေတော့သည်။
“ငါ့ဆယ်ယွမ်လေးတော့ နှမြောစရာ ကောင်းလိုက်တာ။ မဖြစ်ဘူး... ဒီလူမိုက်တွေကို ဒီလို အလကားသက်သက် အလိမ်ခံလို့ မဖြစ်ဘူး။ ငါ သူ့ဆီက ပြန်တောင်းရမယ်။ ပြီးတော့ ဘာလို့ ပိုက်ဆံသာ ယူပြီး အလုပ်မလုပ်ပေးတာလဲ ဆိုတာကိုပါ မေးရမယ်”
လုံ့လရှိသူတို့အဖို့ အရာထင်သည်ဟု ဆိုရမည် ဖြစ်ရာ ညသန်းခေါင်ကျော်အထိ ဇွဲနပဲဖြင့် လိုက်လံရှာဖွေ ပြီးနောက် ကျားတုန်းရွှီသည် ဖုန်းဝူနှင့် အတူတွဲဖက် သွားလာတတ်သည့် လူမိုက်တစ်ဦးကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိ သွားခဲ့သည်။
ကျားတုန်းရွှီက ထိုလူမိုက်၏ လက်မောင်းကို ဆတ်ခနဲ ဆွဲဖမ်းပြီး ခက်ထန်စွာ မေးမြန်းလိုက်သည်။
“စစ်ဆန်းအာ... မင်း ပုန်းမနေနဲ့ မင်းကို ငါ မြင်ပြီးပြီ။ ပြောစမ်း... ဖုန်းဝူ ဘယ်သွားလဲ။ မင်းတို့တွေ အလုပ်လုပ်တာ ဘယ်လိုလုပ်တာလဲ ဟမ်။ ငါ့ပိုက်ဆံကိုလည်း ယူသေးတယ်။ ပြီးတော့ ယန်မျိုးရိုးနဲ့ကောင်ရဲ့ လက်တစ်ဖက်ကို ဖြုတ်ပစ်မယ်ဆိုပြီး ရင်ဘတ် စည်တီး ကတိပေးသေးတယ်။ အခုတော့ ဘာဖြစ်လဲ... အဲဒီ ယန်မျိုးရိုးနဲ့ကောင်က အကောင်းပကတိအတိုင်း ပြန်ရောက်လာပြီး မင်းတို့ကကျတော့ ပုန်းနေကြတယ်။ မင်းတို့တွေ ငါ့ပိုက်ဆံကို လိမ်စားချင်လို့လား။ ပြောစမ်း... ဖုန်းဝူ ဘယ်မှာ သွားပုန်းနေလဲ”
စစ်ဆန်းအာ၏ မျက်နှာသည် သွေးဆုတ်ဖြူလျော် သွားပြီး တုန်လှုပ် ချောက်ချားစွာ တုံ့ပြန်လိုက်သည်။
“မင်း ငါ့အစ်ကိုကြီး ဝူကောကို သွားမရှာပါနဲ့တော့ကွာ။ ပြောရမှာတောင် အားနာဖို့ကောင်းတယ်။ မင်းခိုင်းတဲ့ အလုပ်က ဘာအလုပ်ကြီးလဲ။ ဆယ်ယွမ်လေး ပေးရုံနဲ့ ငါတို့အသက်ကို သေတွင်းထဲ သွားပို့ခိုင်းတာလား”
ကျားတုန်းရွှီက နားမလည်နိုင်စွာဖြင့် အတင်းအကျပ် ဆိုလေသည်။
“ဘာအဓိပ္ပာယ်လဲ... မင်းတို့အသက်ကို ဘယ်သူက သေတွင်းထဲ သွားပို့ခိုင်းလို့လဲ။ ဖုန်းဝူရော... သူ ဘယ်မှာ သွားပုန်းနေလဲဆိုတာ ငါ့ကိုပြောစမ်း။ သူ့ဆီက ပိုက်ဆံ သွားပြန်တောင်းရမယ်”
စစ်ဆန်းအာက ဒေါသတကြီးဖြင့် ပြောသည်။
“ငါ့အစ်ကိုကြီးကို သွားရှာဦးမလို့လား။ ကောင်းပြီလေ... ငါ မင်းကို ပြောပြမယ်။ ငါ့အစ်ကိုကြီးက အခုချိန်မှာ ရင်ထဲက ဒေါသတွေ ထွက်ပေါက်မရ ဖြစ်နေတာ။ အဲဒါကို မင်းက သွားရှာဦးမလို့လား။ အဲဒါ ကိုယ့်သေတွင်းကိုယ်တူးတာပဲ။ မင်းသာ ဉာဏ်နည်းနည်းရှိရင် ဝေးဝေးမှာ သွားရှောင်နေလိုက်။ နောက်ဆိုရင် ငါ့အစ်ကိုကြီးနဲ့ ဘယ်တော့မှ မျက်နှာချင်း မဆိုင်တာ အကောင်းဆုံးပဲ”
ထိုသို့ ပြောဆိုပြီးနောက် ကျားတုန်းရွှီ၏ လက်ကို အတင်း ရုန်းခါချကာ ထွက်ပြေးလွတ်မြောက် သွားလေတော့သည်။
ကျားတုန်းရွှီ တစ်ယောက်တည်းသာ ဘာမှန်းမသိ နားမလည်နိုင်စွာဖြင့် ကွက်လပ်၌ ရပ်တန့်ကျန်ရစ်ခဲ့ပြီး တွေးတောနေမိသည်။
“သူက ဒေါသထွက်နေတယ် ဟုတ်လား... သူက ငါ့ပိုက်ဆံကို ယူပြီး အလုပ်လည်း မလုပ်ပေးဘဲနဲ့ ငါ့ကိုတောင် ဒေါသ ပြန်ထွက်နေသေးတယ်ပေါ့။ ဟွန်း... တကယ်ကို နားလည်လို့ မရပါလား”
ညသန်းခေါင်ယံ ကျော်လွန်သည်အထိ ရှာဖွေခဲ့သော်လည်း ဖုန်းဝူကို မတွေ့ရှိခဲ့သည့်အပြင် နားမလည်နိုင်စရာ ထူးဆန်းသော ကိစ္စရပ်များနှင့်သာ ရင်ဆိုင်ခဲ့ရသဖြင့် ကျားတုန်းရွှီ အိမ်သို့ ပြန်လည် ရောက်ရှိသည့် အချိန်တွင် မိုးသောက်လုနီးပါးပင် ရှိနေပြီ ဖြစ်သည်။
အိမ်သို့ ရောက်ရှိသည်နှင့် အိပ်ရာပေါ်သို့ ကိုယ်ကို ပစ်လှဲကာ အိပ်စက်လိုက်သော်လည်း နောက်နေ့ နံနက် အိပ်မက်ကောင်းနေဆဲ အချိန်မှာပင် ချင်ဟွိုင်ရူက လာရောက် နှိုးလေတော့သည်။
“တုန်းရွှီ... အလုပ်သွားရတော့မယ်။ မြန်မြန် ထတော့လေ”
ကျားတုန်းရွှီသည် လေးလံထိုင်းမှိုင်းစွာဖြင့် ထလိုက်ပြီး အစာအာဟာရ စားသောက်ရန်ပင် ပျင်းရိငြီးငွေ့ နေမိသည်။ မျက်နှာကို ဖြစ်သလို ကောက်သစ်လိုက်ပြီး အလုပ်သွားရန် အိမ်အပြင်သို့ အထွက်တွင် တံခါးဝ၌ ယီကျုံးဟိုင်နှင့် ဆုံတွေ့လေသည်။
“ဘယ်လိုလဲ တုန်းရွှီ... မနေ့ညက ဖုန်းဝူကို တွေ့ခဲ့လား”
ယီကျုံးဟိုင်က ကမူးရှူးထိုး မေးမြန်းလိုက်သည်။
ကျားတုန်းရွှီက စစ်ဆန်းအာ ပြောကြားခဲ့သည့် စကားများကို တစ်ဆင့် ပြန်လည် ဖောက်သည်ချပြီး ဆိုလိုက်လေသည်။
“ဆရာ... ဒီ ဖုန်းဝူက ဘာသဘောလဲ။ ကျွန်တော့်ပိုက်ဆံကို ယူပြီး အလုပ်မလုပ်ပေးတဲ့အပြင် သူက ဒေါသထွက်နေသေးတယ်တဲ့လား”
ယီကျုံးဟိုင်က မျက်မှောင်ကျုံ့လိုက်ပြီး မေးသည်။
“စစ်ဆန်းအာက အဲဒီလို ပြောတာလား... ဒါဆို ဖုန်းဝူ တကယ်တမ်း ဘယ်မှာရှိနေလဲ ဆိုတာကိုရော သူ ပြောသွားသေးလား”
ကျားတုန်းရွှီက ခေါင်းကို အသာယမ်းလိုက်ရင်း ပြောသည်။
“ဟင့်အင်း... စစ်ဆန်းအာက ဖုန်းဝူ ဒေါသထွက်နေတယ်ဆိုတာရယ် ကျွန်တော့်ကို ပြဿနာ သွားမရှာဖို့ရယ်ပဲ ပြောပြီး ထွက်ပြေးသွားတာ”
“ဒါက ဘယ်လိုဖြစ်ရတာလဲ... ဒါက ဖုန်းဝူရဲ့ စတိုင်လ်လည်း မဟုတ်ပါဘူး။ ငါကြားဖူးသလောက်တော့ ဒီ ဖုန်းဝူက အလုပ်လုပ်တာ သေသပ်တယ်။ ပိုက်ဆံယူပြီးရင် လူတွေအတွက် အလုပ်လုပ်ပေးတတ်တာပဲ။ ဒီလိုမျိုး တစ်ခါမှ မကြားဖူးပါဘူး”
ယီကျုံးဟိုင်က မချင့်မရဲ ရေရွတ်လိုက်၏။
“ထားလိုက်ပါတော့... အလုပ်အရင် သွားရအောင်။ အလုပ်ဆင်းမှ သူ့ကို ထပ်သွားရှာမယ်။ သူ ကြွက်တွင်းထဲ ပုန်းနေရင်တောင် မရရအောင်ကို ရှာထုတ်ပစ်မယ်။ ကျွန်တော်တို့ သားအဖ နှစ်ယောက်ရဲ့ ပိုက်ဆံကို သူ ဒီလောက် လွယ်လွယ်နဲ့ လိမ်သွားလို့ မရဘူး”
ဆရာတပည့်နှစ်ဦးသည် လမ်းတလျှောက် စကားတပြောပြောဖြင့် စက်ရုံသို့ ရောက်ရှိလာကြသည်။ အလုပ်ရုံအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက် ကျားတုန်းရွှီသည် သူ့အား အံကြိတ်သည်အထိ မုန်းတီးစေသော လူသားတစ်ဦး၏ ရုပ်အဆင်းကို လှမ်း၍ မြင်တွေ့လိုက်ရလေသည်။
“ဆရာ... ယန်မျိုးရိုးနဲ့ ဒီခွေးသူတောင်းစားက ဘယ်လိုလုပ် ဒီရောက်နေတာလဲ။ သူက တောင်ပေါ်တက်ပြီး အမဲလည်း မလိုက်ဘူး။ ဈေးဝယ်လည်း မထွက်ဘဲနဲ့ ကျွန်တော်တို့ စက်ယန္တရား တပ်ဆင်ရေး အလုပ်ရုံထဲကို ဘာလာလုပ်တာလဲ”