← Chapters

အခန်း ၇၆

Vol. 8 Ch. 76

အခန်း ၇၆

Vol. 8 Ch. 76

အခန်း (၇၆) - သံကြိတ်စက်

စက်ရုံအလုပ်ရုံမှူး တွမ်တာကန်းသည် လူတစ်ဦးနှင့် အားပါးတရ စကားလက်ဆုံ ကျနေသည်ကို ယီကျုံးဟိုင် လှမ်းမြင်လိုက်ရသည်။ တစ်ဦးကို တစ်ဦး အားရပါးရ ပြောဆိုနေကြသည့် ထိုမြင်ကွင်းတွင် ပါဝင်နေသူမှာ ယီကျုံးဟိုင်အတွက် စိမ်းသက်လှသူ မဟုတ်ပေ။ သူနှင့် ကျားတုန်းရွှီတို့၏ မျက်မှောင်ကျုံ့စရာ အဆူးအငြောင့် ဖြစ်နေသော ယန်ချုံးပင် ဖြစ်တော့သည်။ ပစ္စည်းဝယ်ယူရေးမှူး တစ်ဦးဖြစ်သည့် ယန်ချုံးသည် အပြင်ထွက်၍ ပစ္စည်း ရှာဖွေရမည့်အစား မိမိတို့၏ စက်ပြင်အလုပ်ရုံသို့ အဘယ်ကြောင့် ရောက်ရှိနေသနည်းဟု ယီကျုံးဟိုင် စဉ်းစား၍ မရနိုင်အောင် ဖြစ်ရလေသည်။

ယီကျုံးဟိုင်၏ စိတ်ထဲ၌ဝယ် မေးခွန်းပေါင်းများစွာ ပျံဝဲနေသော်လည်း နှုတ်ဆိတ်နေရန်သာ ဆုံးဖြတ်လိုက်သည်။ ဘာမျှ မမြင်လိုက်သည့်အလား ဟန်ဆောင်ကာ နားနေခန်းသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားပြီး အလုပ်လုပ်ရန် လိုအပ်သည့် ကိရိယာ တန်ဆာပလာများကိုသာ ပြင်ဆင်နေလိုက်တော့သည်။

ကျားတုန်းရွှီကမူ တိုးတိုးတိတ်တိတ် ရေရွတ် ကျိန်ဆဲလိုက်သည်။

“ဒီကောင် ဘယ်လောက်တောင် ကဲနိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့”

ဤသို့ တိုးတိုးရေရွတ် ကျိန်ဆဲရင်း နားနေခန်းထဲသို့ လိုက်ဝင်ရန် ပြင်ဆင်လိုက်စဉ် အလုပ်ရုံမှူး တွမ်တာကန်းက ရုတ်တရက် ခေါင်းမော့ကြည့်ရာမှ သူ့ကို မြင်သွားပြီး လှမ်း၍ ခေါ်လိုက်လေသည်။

“ကျားတုန်းရွှီ...”

ကျားတုန်းရွှီလည်း လန့်ဖျန့်သွားကာ မနှောင့်နှေးရဲဘဲ အမြန်လျှောက်သွားပြီး မေးလိုက်သည်။

“အလုပ်ရုံမှူး... ကျွန်တော့်ကို ခေါ်တာလား”

တွမ်တာကန်းက ပြုံးစိစိဖြင့် ဆိုလေသည်။

“ကျားတုန်းရွှီ... မင်းနဲ့ ဆရာယီတို့က ယန်ချုံးနဲ့ တစ်ခြံထဲ အတူနေကြတာဆို ဟုတ်လား”

ကျားတုန်းရွှီက ခေါင်းညိတ်ပြလိုက်သည်။ ယန်ချုံးကမူ ပြုံးရယ်လျက် ဝင်ပြောလိုက်သည်။

“အလုပ်ရုံမှူးတွမ်... ကျွန်တော်နဲ့ တုန်းရွှီက တစ်ခြံတည်း နေရုံတင် မကဘူး။ နံရံချင်းကပ် အိမ်နီးချင်းတွေ။ ကျွန်တော် သံမဏိစက်ရုံမှာ အလုပ်လုပ်ဖြစ်တာလည်း ဒီတုန်းရွှီကြောင့်ပါပဲ”

ကျားတုန်းရွှီ အံ့ဩသွားစဉ် တွမ်တာကန်းကလည်း သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ဟင်... ဟုတ်လို့လား။ မင်း စက်ရုံထဲ ဝင်လာနိုင်တာက စက်ရုံအတွက် ဝက်သား ရှာပေးနိုင်လို့ မဟုတ်ဘူးလား။ အခု အားလုံး နေ့တိုင်း စားနေရတဲ့ ဝက်သား၊ ယုန်သား၊ ကြက်သားတွေက မင်း တောင်ပေါ်မှာ သွားအမဲလိုက်လာတာတွေချည်းပဲလို့ ငါ ကြားထားတာ”

ယန်ချုံးက ရယ်မောလျက် ပြောသည်။

“ဟုတ်ပါတယ်။ ကျွန်တော် ဆိုလိုတာက ကျွန်တော်တို့ ခြံထဲက လူတွေ အတော်များများက ဒီသံမဏိစက်ရုံမှာ အလုပ်လုပ်ကြတာလေ။ အဲဒီတုန်းက တောဝက် ပစ်ရလာတော့ သံမဏိစက်ရုံကိုပဲ ပြေးသတိရမိတာနဲ့ လာပို့ရင်း ကိုယ့်ကိုကိုယ်ပါ စက်ရုံထဲ ပို့လိုက်သလို ဖြစ်သွားပြီး အလုပ်ရသွားတာပါပဲ”

တွမ်တာကန်းက ဟားဟားတဟဲဟဲ ရယ်မောရင်း ဆိုသည်။

“မင်းကလည်း စကားတတ်လိုက်တာကွာ။ ဒါဆို တုန်းရွှီနဲ့ မင်းနဲ့ အိမ်နီးချင်း ဖြစ်နေတာ ကံကောင်းတာပေါ့။ မဟုတ်ရင် ငါတို့စက်ရုံက အလုပ်သမားတွေ တောဝက်သား စားရဖို့ နေနေသာသာ ပါးစပ် အရသာတောင် သိရမှာ မဟုတ်ဘူး”

ယန်ချုံးက ပြောလိုက်သည်။

“အဲဒီတုန်းက ကျွန်တော်က အပြင်မှာ အထုပ်အပိုးထမ်းတဲ့ အလုပ်လုပ်နေရတာ။ တုန်းရွှီ တစ်ယောက် သံမဏိစက်ရုံမှာ ဆရာယီဆီကနေ စက်ပြင် ပညာတွေ သင်ခွင့်ရနေတာကို ကြည့်ပြီး တစ်နေ့လုံး အားကျနေခဲ့ရတာ။ အခုတော့ စက်ရုံကို ရောက်လာပြီဆိုတော့ ဆရာယီနဲ့ တုန်းရွှီတို့ ဘယ်လို အလုပ်လုပ်လဲဆိုတာ တကယ်ကို လေ့လာကြည့်ချင်မိတယ်”

တွမ်တာကန်းက ပြန်ပြောသည်။

“မင်းကလည်း နောက်မနေပါနဲ့ကွာ။ မင်းလို ပစ္စည်းဝယ်ယူရေးမှူး… စက်ရုံမှူးရှေ့မှာ မျက်နှာပန်း လှနေတဲ့လူက ငါတို့ ဖစ်တာ အလုပ်ရုံက အလုပ်သမားတွေကို အားကျစရာလား”

ယန်ချုံးက လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“အလုပ်ရုံမှူးတွမ်... ကျွန်တော် တကယ် ပြောတာပါ။ နောက်နေတာ မဟုတ်ပါဘူး။ စက်ပြင် အလုပ်လုပ်တဲ့ သူတွေကို ကျွန်တော် အမြဲတမ်း အားကျခဲ့တာ။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့က နည်းပညာပိုင်းဆိုင်ရာ အလုပ်ကြမ်းသမားတွေ ဖြစ်ပြီး စက်ရုံမှာ ဂုဏ်ယူစရာ အကောင်းဆုံး အလုပ်အကိုင်တွေလေ။ နောက်နောင် အခွင့်အရေးရရင် ကျွန်တော် ဒီစက်ပြင် အလုပ်ရုံမှာ တကယ် အလုပ်လာ ဆင်းချင်တယ်။ အဲဒီကျရင် အလုပ်ရုံမှူးတွမ်က ကျွန်တော့်ကို ဖျင်းလှချည်လား ဆိုပြီး မငြင်းလိုက်နဲ့ဦးနော်”

တွမ်တာကန်းက တဟားဟား တဟဲဟဲ ရယ်မောလိုက်ပြီး ဆိုသည်။

“မင်းက ငါတို့စက်ပြင်ဆရာတွေကို ဒီလောက်တောင် မြှောက်ပေးနေမှတော့ ငါက လက်မခံဘဲ နေပါ့မလားကွ။ ကဲ... ငါ ဒီစကားကို ဒီမှာတင် အတည်ပြောလိုက်မယ်။ ဝယ်ယူရေးမှူးကြီး ယန်ချုံး တစ်ယောက် ပစ္စည်းဝယ်ရတာ ငြီးငွေ့လာလို့ ငါတို့ ဖစ်တာ အလုပ်ရုံမှာ ဘဝကို လာမြည်းစမ်းချင်တယ် ဆိုရင် စက်ရုံမှူးက သဘောမတူတာမျိုး မရှိသရွေ့ ငါ တွမ်တာကန်းက အချိန်မရွေး ကြိုဆိုတယ်ကွာ”

ကျားတုန်းရွှီသည် ထိုစကားများကို ကြားရသည်မှာ နား မချမ်းသာစရာ ပို၍ ကောင်းလာလေသည်။ စက်ပြင် ကဲ့သို့သော နည်းပညာအလုပ်ကို အားကျပါသည် ဟူသော စကားမှာ အဓိပ္ပာယ် မရှိလှပေ။ စက်ပြင်ဆရာများက နေ့စဉ် အသားစားနေရ၍လော။ ထိုကောင်သည် မိမိရှေ့မှောက်သို့ လာရောက်ကာ တမင်သက်သက် ကြွားဝါပြသနေခြင်း ဖြစ်သည်မှာ ထင်ရှားလွန်းလှသည်။ ထို့ကြောင့် သူ ဆက်လက် နားမထောင်လိုတော့ဘဲ ကြားဖြတ်ပြောလိုက်သည်။

“အလုပ်ရုံမှူးတွမ်... ဘာကိစ္စမှ မရှိတော့ဘူးဆိုရင် ကျွန်တော် အဝတ်သွားလဲပြီး အလုပ်လုပ်တော့မယ်”

တွမ်တာကန်းက လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းပြလိုက်ပြီး ဆိုသည်။

“အေးအေး... သွားလဲချေတော့”

ကျားတုန်းရွှီ ထွက်ခွာသွားသည်ကို ယန်ချုံးက အကဲခတ်ကြည့်ရှု ပြီးနောက် တွမ်တာကန်း ဘက်သို့ လှည့်ကာ မေးလိုက်သည်။

“အလုပ်ရုံမှူးတွမ်... ဒီနေ့ စက်ပြင် အလုပ်ရုံကို ရောက်လာတဲ့ အခွင့်အရေးလေး ရှိတုန်း တုန်းရွှီနဲ့ ဆရာယီတို့ ဘယ်လို အလုပ်လုပ်လဲဆိုတာ ကျွန်တော့်ကို လိုက်ကြည့်ခွင့်ပေးလို့ ရမလား”

တွမ်တာကန်းက ပွင့်ပွင့်လင်းလင်းပင် ပြန်ပြောသည်။

“ရမလား မရဘူးလား ဆိုတာ ရှိသေးလို့လားကွ။ လာ... ဝယ်ယူရေးမှူးကြီးယန်သာ မအားတာ မဟုတ်ရင် ငါကိုယ်တိုင် လိုက်ပြပေးမယ်”

လက်ရှိအချိန်တွင် တွမ်တာကန်းသည် စိတ်လက်ပေါ့ပါး ကြည်လင်လျက် ရှိနေသည်။ ယနေ့ နံနက်ပိုင်း အလုပ်ခွင်သို့ လာရောက်စဉ် စက်ရုံဝင်ပေါက်၌ ယန်ချုံးနှင့် ဆုံတွေ့ခဲ့ခြင်းကြောင့် ဖြစ်သည်။ မူလက သူတို့နှစ်ဦးကြား ဆက်ဆံရေးမှာ ထွေထွေထူးထူး ရင်းနှီးလှသည် မဟုတ်ပေ။ သို့သော် ယန်ချုံးသည် စက်ရုံအတွင်း၌ ရေပန်း အစားဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေပြီး စက်ရုံအတွက် အဓိက အခက်အခဲဖြစ်သော အသားငါး ရရှိရေးကို ဖြေရှင်းပေးနိုင်ခဲ့သူ ဖြစ်ကြောင်း တွမ်တာကန်း သိရှိထားပြီးသား ဖြစ်သည်။ စက်ရုံမှူးယန် ကိုယ်တိုင်ပင်လျှင် အစည်းအဝေး၌ ယန်ချုံး၏ နာမည်ကို အထူးတလည် ထည့်သွင်း ချီးကျူးခဲ့ရုံမက စက်ရုံ တစ်ရုံလုံးအနေဖြင့် စံနမူနာယူရန်ပင် တိုက်တွန်းခဲ့ဖူးသည်။

အတိတ်ကာလကမူ လမ်းကြုံဆုံတွေ့လျှင် နှုတ်ဆက်ရုံမျှသာ ရှိခဲ့သော်လည်း ယနေ့တွင်မူ ယန်ချုံးက သူ့ထံသို့ အရင်ဦးစွာ လာရောက် နှုတ်ဆက်ခဲ့သည်။ စကားစပ်မိမှသာ မိမိ၏ အလုပ်ရုံသို့ အသစ်ရောက်ရှိလာသော အလုပ်သမားဖြစ်သူ ယန်ကျဲချန်သည် ယန်ချုံး၏ ကူညီစောင်မမှုကြောင့် ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရှိလိုက်ရခြင်း ဖြစ်သည်။

စောစောပိုင်းက လူသူကင်းဝေးရာ လမ်းထောင့် တစ်ခု၌ ယန်ချုံးက သူ့အိတ်ကပ်ထဲသို့ စီးကရက် တစ်ဘူး တိုးတိုးတိတ်တိတ် ထိုးထည့်ပေးရင်း ပြောခဲ့သည့် စကားများကို ပြန်လည် ကြားယောင်မိသည်။

“အလုပ်ရုံမှူးတွမ်... ကျဲချန်နဲ့ ကျွန်တော်က တစ်ခြံတည်း နေတာ။ ဆက်ဆံရေးကလည်း အတော်လေး ကောင်းပါတယ်။ နောက်နောင် သူ့ကို နည်းနည်းပါးပါးလောက် စောင့်ရှောက်ပေးပါဦး။ ဒါနဲ့... မနေ့က ကျွန်တော် တောကြက်တွေ နည်းနည်း ပိုရလာတာနဲ့ အိမ်မှာ နှစ်ကောင် ချန်ထားမိတယ်။ အလုပ်ဆင်းရင် ခင်ဗျားအိမ်ကို တစ်ကောင် သွားပို့ပေးမလို့။ အစ်မကိုပါ အရသာလေး မြည်းကြည့်ခိုင်းလိုက်ပါဦး”

ဤမျှ လူမှုရေး နားလည်တတ်မြောက်လှသည့် သူမျိုးကို မည်သူက မလိုလားဘဲ နေပါမည်နည်း။ အသေးအဖွဲ မျှသာဖြစ်သော ဤတောင်းဆိုချက်ကို တွမ်တာကန်းအနေဖြင့် ငြင်းပယ်ရန် အကြောင်း မရှိခဲ့ပေ။ ထို့ကြောင့် လက်ဝှေ့ယမ်းပြလျက် ခေါ်ဆောင်သွားတော့သည်။

“လာ... ငါ လိုက်ပြမယ်”

စင်စစ် စက်ပြင်တပ်ဆင်ရေး လုပ်ငန်း၏ သဘော သဘာဝမှာ ကျယ်ပြန့် နက်ရှိုင်းလှသည်။ အဓိကအားဖြင့် စက်ယန္တရားများကို ပြုပြင်မွမ်းမံခြင်း… ချိန်ညှိခြင်းနှင့် တပ်ဆင်ခြင်း တို့အတွက် လက်သုံး ကိရိယာများနှင့် စက်ပစ္စည်းများကို အချိုးကျ အသုံးပြုရခြင်း ဖြစ်သည်။ ယင်းလုပ်ငန်းတွင် ပွတ်တိုက်ခြင်း၊ တံစဉ်းတိုက်ခြင်း၊ အပေါက်ဖောက်ခြင်း၊ သံချည်ရစ်ဖော်ခြင်း၊ အစိတ်အပိုင်းများ စနစ်တကျ တပ်ဆင်ခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း စသည့် လုပ်ငန်းစဉ် ပေါင်းများစွာ ပါဝင်နေသည်။ သာမန်လူများ ထင်မှတ်ထားကြသကဲ့သို့ ပလာယာ တစ်ချောင်းကို ကိုင်စွဲကာ ဟိုခေါက်ဒီခေါက် လုပ်ရုံမျှဖြင့် ပြီးစီးနိုင်သော ရိုးရှင်းသည့် အလုပ်မျိုး လုံးဝ မဟုတ်ပေ။

အလုပ်ရုံအတွင်းဝယ် တွင်ခုံ၊ ဖောက်စက်နှင့် သံကြိတ်စက် စသည့် လုပ်ငန်းသုံး စက်ကိရိယာကြီးများ စီစီရီရီ ရှိနေကြသည်။ ဤစက်ကိရိယာများကို ကိုင်တွယ် မောင်းနှင်ရာတွင်လည်း လုပ်သားများ၏ ကျွမ်းကျင်မှု အဆင့်အတန်းအလိုက် သတ်မှတ် ကန့်သတ်ချက်များ ရှိလေသည်။ တွင်ခုံနှင့် ဖောက်စက်ကဲ့သို့သော စက်ကြီးများကို ကိုင်တွယ်ရန်အတွက် ကျွမ်းကျင်မှုအဆင့် မြင့်မားရန် လိုအပ်သဖြင့် အဆင့် (၁) နှင့် အဆင့် (၂) ရှိသော အလုပ်သမားသစ်များကို မောင်းနှင်ခွင့် မပြုထားပေ။ သူတို့အနေဖြင့် လက်သုံး ကိရိယာအချို့ကို သုံးစွဲ၍ တံစဉ်းတိုက်ခြင်း သို့မဟုတ် နည်းပညာ လိုအပ်ချက် သိပ်မမြင့်မားလှသော သံကြိတ်စက် ကဲ့သို့သော ပစ္စည်းများကိုသာ ကိုင်တွယ်ခွင့် ရရှိကြသည်။

တွမ်တာကန်းက တွင်ခုံကို လက်ညှိုးထိုးပြရင်း ရှင်းပြသည်။

“မြင်လား... ဒီစက်က ဆိုဗီယက် ရုရှားတွေဆီကနေ ဝယ်ထားတာ။ ယွမ် သောင်းဂဏန်းလောက်အထိ ပေးရတယ်။ စစ်ကျိုချန်မြို့ ပေကျင်းတစ်မြို့လုံးက နိုင်ငံပိုင် စက်ရုံတွေထဲမှာတောင် ဒီလို စက်မျိုးက လက်ချိုးရေလို့ ရတယ်ကွ။ ငါတို့ စက်ရုံရဲ့ ရတနာလေးပေါ့”

ယန်ချုံးလည်း စိတ်ဝင်တစားဖြင့် အနားသို့ ကပ်သွားကာ မေးလိုက်သည်။

“ဒီစက်က ဒီလောက်တောင် အဖိုးတန်နေတာဆိုတော့ သာမန်လူတွေ ကိုင်ခွင့် မရှိဘူးမလား”

တွမ်တာကန်းက ခေါင်းညိတ်ပြပြီး

“ဟုတ်တယ်... ဒီလို အဖိုးတန် ပစ္စည်းမျိုးကို ဆရာယီနဲ့ ဆရာလျို တို့လို အဆင့် (၈) ကျွမ်းကျင်လုပ်သားတွေပဲ ကိုင်ခွင့်ရှိတာ။ ဪ... နည်းပညာဌာနက နည်းပညာရှင်တွေလည်း ပါတာပေါ့လေ။ မတတ်နိုင်ဘူးလေကွာ… ယွမ် သောင်းဂဏန်းတန်တဲ့ ပစ္စည်းဆိုတော့ တော်ရုံတန်ရုံ ပျက်သွားရင်တောင် ပြင်နိုင်တဲ့လူက မရှိဘူး။ ဆိုဗီယက် ရုရှားက လူတွေကို ဖိတ်ပြီး လာပြင်ခိုင်းရတာ။ တစ်ခါပြင်ရင် ငွေအများကြီး ကုန်တာကွ”

ယန်ချုံးက တကျွတ်ကျွတ် စုပ်သပ်လိုက်ပြီး ဆိုသည်။

“ဒါဆိုရင်တော့ ကျွန်တော် လျှောက်မကိုင်တာပဲ အကောင်းဆုံးပါ။ တစ်ခုခုများ ပျက်သွားရင် တရားခံ ဖြစ်သွားလိမ့်မယ်။ အဲဒီ တာဝန်ကို ကျွန်တော် မယူရဲဘူး”

တွမ်တာကန်းက တဟားဟား တဟဲဟဲ ရယ်မောလိုက်ပြီး ပြောသည်။

“မင်းကလည်း အဲဒီလောက်ကြီးလည်း မဟုတ်ပါဘူးကွာ။ နှစ်ချက်လောက် ကိုင်ကြည့်ရုံနဲ့ ပျက်သွားမယ်ဆိုရင် ဘယ်လိုလုပ် အလုပ်လုပ်လို့ ရတော့မလဲ။ ဘုရားစင်ပေါ် တင်ထားလိုက်တာမှ ကောင်းဦးမှာပေါ့”

ယန်ချုံးက လက်ကာပြကာ ဆိုသည်။

“ခပ်ဝေးဝေးကနေ ကြည့်တာပဲ အကောင်းဆုံးပါ။ အဲဒါမှ စိတ်ချရမှာ”

ထိုသို့ဆိုရင်း တွမ်တာကန်း ဘက်သို့ လှည့်ကာ စကားစပ်လိုက်သည်။

“ဒါနဲ့ အလုပ်ရုံမှူးတွမ်... ကျဲချန် တို့လို အလုပ်ရုံကို အခုမှ စရောက်တဲ့ အလုပ်သမားသစ်တွေကရော ပုံမှန်ဆို ဘာတွေ လုပ်ရလဲ”

တွမ်တာကန်းက ပြန်ဖြေသည်။

“သူတို့က အခုချိန်ထိ စက်ပြင် အလုပ်တွေနဲ့ မရင်းနှီးသေးဘူးလေကွ။ စက်ကိရိယာတွေကိုလည်း သုံးခွင့် မပေးသေးဘူး။ ပလာယာတို့… ဂွတို့လို ကိရိယာ အသေးအဖွဲလောက်ပဲ ထုတ်ပေးထားတာ။ အလုပ်ကလည်း ဆရာသမားတွေဆီမှာ တောက်တိုမည်ရ လိုက်လုပ်ပေးရတဲ့ အဆင့်ပဲ ရှိပါသေးတယ်”

ထိုသို့ ရှင်းပြရင်း တွမ်တာကန်းက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းကာ ဆက်လက် ပြောဆိုလေသည်။

“သူတို့ကို ထားလိုက်ပါဦးကွာ... ဒီက ကျားတုန်းရွှီကိုပဲ ကြည့်လေ။ စက်ရုံကို ဝင်လာတာ နှစ်အတော်ကြာနေပြီ။ ကျွမ်းကျင်မှုပိုင်းကတော့ ပြောစရာ မရှိအောင်ကို ညံ့ဖျင်းလိုက်တာ။ အဘိုးကြီးယီသာ ကာကွယ် မပေးထားရင် သူ့ကို စက်ပြင် အလုပ်ရုံကနေ ကန်ထုတ်ပြီး သန့်ရှင်းရေး သွားလုပ်ခိုင်းတာ ကြာလှပေါ့”

ပြောပြောဆိုဆိုနှင့် ဘေးနားရှိ သံကြိတ်စက် တစ်ခုကို လက်ညှိုး ညွှန်ပြလိုက်ပြီး ပြောသည်။

“အခုတော့ ငါက သူ့ကို သံကြိတ်စက် တစ်လုံးပဲ ခွဲပေးထားလိုက်တယ်။ သူ့ကို ပွတ်တိုက်တာတို့… ဖြတ်တောက်တာတို့လို အလုပ်ကြမ်းလေးတွေပဲ လုပ်ခိုင်းထားတာ။ မတတ်နိုင်ဘူးလေကွာ... အဆင့် (၈) အလုပ်သမားကြီးဖြစ်တဲ့ ဆရာယီရဲ့ မျက်နှာကို ထောက်ထားရသေးတယ် မဟုတ်လား”

ယန်ချုံးက ထိုသံကြိတ်စက်ကို စိုက်ကြည့်ရင်း မှတ်ချက်ပြု လိုက်လေသည်။

“ဒါလည်း မဆိုးပါဘူး။ သီးသန့် နေရာတစ်ခု ရထားတယ်လို့ သတ်မှတ်လို့ရတာပဲ”

All Chapters