← Chapters

အခန်း ၇၇

Vol. 8 Ch. 77

အခန်း ၇၇

Vol. 8 Ch. 77

အခန်း (၇၇) - ကျားတုန်းရွှီ ဇာတ်သိမ်းခြင်း

ယန်ချုံးသည် ထိုစက်ရှိရာသို့ လျှောက်သွားလိုက်ပြီး ကျောက်ဖြတ်စက်အား ခေါင်းတစ်ချက် စောင်းကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

“အလုပ်ရုံမှူးတွမ်... ဒီကျောက်ဖြတ်စက်ကို ပုံမှန်ဆို ဘာတွေအတွက် သုံးတာလဲ”

တွမ်တာကန်းက ခေါင်းကို ရမ်းခါလိုက်ရင်း ညည်းညူသံဖြင့် ဆိုလေသည်။

“ဪ... ပုံမှန်ဆို သံပိုက်တို့… သံချောင်းတို့ ဖြတ်ဖို့လောက်ပဲ သုံးတာပါ။ ပြီးတော့ သံဂဟေဆော်လို့ ထွက်လာတဲ့ အဖုအထစ်တွေကို ချောမွတ်သွားအောင် ပွတ်တိုက်ရတာပေါ့ကွာ။ တခြားကိစ္စ ဘာမှ သုံးလို့ မရဘူး။ သုံးလို့ ရရင်တောင်မှ သူ့ကို ပေးမလုပ်ရဲပါဘူးကွာ။ မင်း မသိလို့ပါ… မင်းရဲ့ အိမ်နီးချင်းက ပျင်းလည်း ပျင်းသလို အလည်း အပါတယ်။ ဘယ်အလုပ်ကိုမှ ဖြစ်မြောက်အောင် မလုပ်နိုင်တဲ့အပြင် အမြဲတမ်း ပြဿနာရှာပြီး အမှားလုပ်တတ်လွန်းလို့ကွာ... ဟူး...”

ယန်ချုံးမှာ စူးစမ်းလိုစိတ် ပြင်းပြသွားကာ ခါးကို ကိုင်းညွတ်၍ ကျောက်ဖြတ်စက်အား လက်ဖြင့် စမ်းသပ်ထိတွေ့ ကြည့်လိုက်သည်။

“မဖြစ်နိုင်တာ။ ကျွန်တော် ကြည့်ရသလောက်တော့ တုန်းရွှီက ပုံမှန်ဆို ခြံဝင်းထဲမှာ တော်တော်လေး လည်လည်ဝယ်ဝယ် ရှိသားပဲ။ ဒီလောက်အထိတော့ မအလောက်ပါဘူး။ ဒီကျောက်ဖြတ်စက်က ကြည့်ရတာလည်း ရိုးရိုးလေးပါ။ ဘာနည်းပညာပိုင်းမှ သိပ်လိုအပ်တာလည်း မဟုတ်ဘဲနဲ့ တုန်းရွှီက ဒါလေးတောင် မကိုင်တွယ်တတ် လောက်အောင်အထိတော့ မဖြစ်နိုင်ပါဘူး”

“လူတစ်ယောက်နဲ့ တစ်ယောက်မှ မတူတာကွ။ တချို့လူတွေက ထုံအ တာတင် မကဘူး။ အဓိကက အလုပ်လုပ်ရင် သေချာ ဂရုတစိုက် မလုပ်တာ။ အဲဒီလို လူမျိုးနဲ့သာ တွေ့ရင်တော့ ဘယ်သူပဲ သူ့ခေါင်းဆောင် ဖြစ်နေပါစေ ရှစ်ဘဝစာလောက် ကံဆိုးတာပဲ”

တွမ်တာကန်းက ဖြေသည်။

ယန်ချုံးက ခါးကို ပြန်မတ်လိုက်ပြီး ပြောသည်။

“ဒါဆိုရင်တော့လည်း မတတ်နိုင်ဘူးပေါ့။ အလုပ်ရုံမှူးတွမ်လည်း စိတ်အေးအေးသာ ထားပါ။ တစ်နေ့ကျရင် သူကိုယ်တိုင်ပဲ ဒီမှာ ဆက်မလုပ်တော့ဘဲ နေမှာပါ”

“အဲဒီလိုသာဆိုရင်တော့ ငါ ဘုရားတင် မကဘူး… နတ်ပါ ပူဇော်ရမဲ့ ကိန်းပဲ။ တစ်ခါတလေဆို အိပ်မက်ထဲမှာတောင် သူ တခြားနေရာကို ပြောင်းသွားတယ်လို့ မက်ဖူးတယ်ကွ”

စကားစမြည် ပြောဆိုနေကြစဉ်မှာပင် တစ်ဖက်မှ ယီကျုံးဟိုင်နှင့် ကျားတုန်းရွှီတို့မှာ အလုပ်ဝတ်စုံများ လဲလှယ်ပြီးနောက် ထိုနေရာသို့ လျှောက်လှမ်းလာကြသည်။ ထိုစဉ် ယန်ချုံးသည် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မိမိ၏ နဖူးကို လက်ဖြင့် ရိုက်ကာ ဆိုလေသည်။

“အချိန်တောင် မနည်းတော့ပါလား။ ဒီနေ့ ဌာနမှာ အစည်းအဝေး ရှိတာကို ကျွန်တော် လုံးဝ မေ့သွားတယ်။ အလုပ်ရုံမှူးတွမ်... ကျွန်တော် အရင်သွားတော့မယ်။ နောက်မှပဲ အေးအေးဆေးဆေး ပြန်ပြောကြတာပေါ့”

ထို့နောက် အသံကို တိုးတိတ်စွာ နှိမ့်ချလိုက်ပြီး ပြောသည်။

“ညနေ အလုပ်ဆင်းရင် ပစ္စည်းကို အစ်ကို့ဆီ ပေးလိုက်မယ်။ အိမ်ပြန်ယူသွားပြီး မရီးနဲ့ တူလေးတွေကို ချက်ကျွေးလိုက်ဦး။ အရသာ မြည်းကြည့်ခိုင်းလိုက်ပါဦး”

ထိုစကားကြောင့် တွမ်တာကန်း၏ မျက်နှာပေါ်တွင် ပန်းပွင့်လေး တစ်ပွင့်အလား အပြုံးပန်းများ ဝေဆာသွားတော့သည်။

“မင်းကို ပိုက်ဆံတွေ ကုန်အောင် လုပ်မိပြန်ပြီကွာ”

“ဘာစကားတွေ ပြောနေတာလဲ။ ကိုယ်တိုင် တောင်ပေါ်တက်ပြီး ဖမ်းလာတာ ပိုက်ဆံကုန်တာမှ မဟုတ်တာ။ ဒါ့အပြင် နောက်ဆိုရင်လည်း ကိုယ့်လူတွေချည်းပဲဥစ္စာ။ ယုန်တစ်ကောင် စားတာ ဘာဆန်းလို့လဲ။ ကျွန်တော် သွားပြီနော်”

စကားဆုံးသည်နှင့် ယန်ချုံးသည် အပြေးအလွှား ထွက်ခွာသွားလေတော့သည်။

တစ်ဖက်မှ လျှောက်လာကြသော ယီကျုံးဟိုင်နှင့် ကျားတုန်းရွှီတို့ ရောက်ရှိလာကြသည်။ ယီကျုံးဟိုင်က သိလိုစိတ် ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။

“အလုပ်ရုံမှူးတွမ်... ယန်ချုံးက ဒီနေ့ ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ”

“ဟင်း... ငါလည်း အခုမှ သိရတာ။ ယန်ကျဲချန် စက်ရုံထဲ အလုပ်ဝင်နိုင်အောင် သူက အလုပ်နေရာကို ဝယ်ပေးပြီး ကူညီထားတာကိုး။ အဲဒါကြောင့် သူ ဘယ်လိုလုပ်နေလဲဆိုတာ လာကြည့်တာလေ”

ယီကျုံးဟိုင်သည် ဘေးဘီဝဲယာသို့ မျက်စိကစား ကြည့်လိုက်ပြီး မေးသည်။

“ဒါဆိုလည်း ကျဲချန်ကို မတွေ့ရဘဲနဲ့ သူက ဘာလို့ ချက်ချင်း ပြန်သွားရတာလဲ”

“သူက အစည်းအဝေး တစ်ခု တက်ဖို့ ရှိသေးတယ်လေကွာ… မစောင့်နိုင်တော့လို့ သွားလိုက်တာ”

တွမ်တာကန်းက ခေါင်းကို ဟိုဘက်ဒီဘက် လှည့်ပတ်ကြည့်ရှုလိုက်ပြီး

“မင်းမပြောရင် ငါတောင် သတိမထားမိဘူး။ ယန်ကျဲချန်ရော... ဘာလို့ အခုထိ ရောက်မလာသေးတာလဲ”

“ခင်ဗျားကို ပြောဖို့ မေ့သွားလို့ အလုပ်ရုံမှူးတွမ်။ ကျွန်တော် လာတုန်းက ယန်ကျဲချန်က သူ့အတွက် ခွင့်တိုင်ပေးဖို့ ပြောလိုက်တယ်။ သူ့အိမ်မှာ ကိစ္စလေး နည်းနည်းရှိလို့ နည်းနည်း နောက်ကျမှ လာမယ်တဲ့”

ကျားတုန်းရွှီက ဝင်ပြောသည်။

တွမ်တာကန်းသည် မျက်မှောင်ကျုံ့သွားလေသည်။

‘အလုပ်ဝင်တာ ဘယ်နှစ်ရက်မှ မရှိသေးဘူး။ ခွင့်တိုင်နေရပြီလား’

ထိုကဲ့သို့ စိတ်ထဲတွင် ကြိတ်၍ တွေးတောမိကာ မြည်တွန် တောက်တီးရန် ဟန်ပြင်လိုက်သည်။ သို့ရာတွင် စောစောကမှ ယန်ချုံးသည် သူ၏ အိတ်ကပ်ထဲသို့ စီးကရက်ဗူး ထိုးထည့်ပေးခဲ့သည်ကို သတိရသွားသဖြင့် ပါးစပ်ဖျားသို့ ရောက်နေသော စကားလုံးများကို ပြန်လည် မြိုချလိုက်ရလေတော့သည်။

“ကဲ... နောက်ကျလည်း နောက်ကျပါစေတော့။ အခုမှ ရောက်ခါစ အလုပ်သမားအသစ်ပဲ။ ဘာမှလည်း မတတ်သေးတော့ နည်းနည်း နောက်ကျလည်း ဘာမှ မထိခိုက်ပါဘူးလေ။ မင်းတို့ အလုပ်စလုပ်ကြတော့”

တွမ်တာကန်းက အလုပ်တာဝန်များကို စတင်ခွဲဝေပေးတော့သည်။

“လောင်ယီ... မင်း ဒီနေ့ နည်းပညာဌာနက ပေးထားတဲ့ စက်ပစ္စည်း အပိုပစ္စည်း ဒီဇိုင်းပုံစံကို ပြန်ကြည့်လိုက်ဦး။ ဒီနေ့ အဲဒီ အပိုပစ္စည်း အနည်းငယ်ကို ထုတ်လုပ်ပြီး စမ်းသပ်ကြည့်နိုင်အောင် ကြိုးစားပေးပါ။ လောင်လျို... မင်းကတော့ နံပါတ် (၁) အလုပ်ရုံက ပို့ထားတဲ့ ပြုပြင်ထိန်းသိမ်းရမဲ့ အပိုပစ္စည်းတွေကို ကိုင်တွယ်လိုက်ဦး။ ကုန်ထုတ်လုပ်မှုကို မနှောင့်နှေးစေနဲ့နော်”

လူတိုင်းအား တာဝန်အသီးသီး ခွဲဝေပေးပြီးနောက် သူသည် ဘေးတွင် ရှိနေသော ကျားတုန်းရွှီအား လှမ်းကြည့်ကာ ဆိုလိုက်သည်။

“မင်း... ကျားတုန်းရွှီ မနေ့က ဖြတ်လို့ မပြီးသေးတဲ့ ထောင့်သံချောင်း အနည်းငယ်ကို သွားဖြတ်ချေ။ မနေ့က ဟိုဘက်က မုန့်ကျူးရင်တောင် ငါ့ဆီလာပြီး လောနေပြီ။ မင်း ဒီနေ့ မနက် အမှီ မလုပ်နိုင်ရင်တော့ နေ့လယ်စာ သွားမစားနဲ့တော့”

ကျားတုန်းရွှီက ပျင်းရိပျင်းတွဲ ဟန်ပန်ဖြင့် ပြန်ထူးလိုက်သည်။

“သိပါပြီ...”

တွမ်တာကန်းမှာ မကျေမနပ် ဖြစ်သွားကာ သူ့အား မျက်စောင်း တစ်ချက် ထိုးလိုက်ပြီးနောက် အဆုံးသတ်လိုက်သည်။

“ကဲ... အားလုံးပဲ ကိုယ့်အလုပ် ကိုယ်စလုပ်ကြတော့”

လူစုခွဲသွားပြီးနောက် အားလုံးသည် မိမိတို့၏ အလုပ်နေရာ အသီးသီးသို့ ပြန်သွားကြကာ မိမိတို့တာဝန်များကို ကိုယ်စီ ထမ်းဆောင်ကြလေတော့သည်။ ယီကျုံးဟိုင် သည်လည်း အလုပ်ရုံ ရုံးခန်းဆီသို့ ခြေလှမ်းရွှေ့ကာ ဒီဇိုင်း ပုံစံကို ယူ၍ အပိုပစ္စည်းများ ထုတ်လုပ်နိုင်ရန် စတင် လေ့လာနေလေသည်။

ကျားတုန်းရွှီကမူ အလုပ်ကို ချက်ချင်း မစသေးချေ။ ရေခွက်ကို ပျင်းရိစွာ ကိုင်ဆောင်ရင်း ရေနွေးအိုးခန်းဆီသို့ လျှောက်သွားကာ ရေနွေးတစ်ခွက် ခပ်ယူလိုက်သည်။ ထို့နောက်မှ ကျောက်ဖြတ်စက်အရှေ့သို့ နှေးကွေး လေးလံစွာဖြင့် လျှောက်လှမ်းလာခဲ့သည်။

ကျောက်ဖြတ်စက်ရှေ့တွင်တော့ ထောင့်သံချောင်းပုံကြီး တစ်ပုံက နေရာယူထားသည်။ ၎င်းမှာ ပြုပြင်ထိန်းသိမ်းရေး အလုပ်ရုံမှ မနေ့တစ်နေ့ကမှ ပို့ဆောင်ထားခြင်း ဖြစ်ပြီး နံပါတ် (၁) အလုပ်ရုံရှိ စက်ပစ္စည်းအတွက် ဘောင်တစ်ခု ထပ်တိုးရန် ဖြစ်ကြောင်း သိရသည်။ ထိုထောင့်သံချောင်းများကို အရွယ်အစားအမျိုးမျိုး ဖြတ်တောက်ပြီးသည်နှင့် ဂဟေဆော်သည့် အလုပ်ရုံသို့ ဆက်လက် ပို့ဆောင်ရမည် ဖြစ်သည်။

တွမ်တာကန်းက ဤအလုပ်သည် နည်းပညာ သိပ်မလိုအပ်လှဟု ယူဆသဖြင့် ကျားတုန်းရွှီထံသို့ တိုက်ရိုက် လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်ငြားလည်း ထောင့်သံချောင်းများ ရောက်ရှိလာသည်မှာ နှစ်ရက်ခန့် ရှိနေပြီ ဖြစ်သော်လည်း ကျားတုန်းရွှီက ယခုထက်တိုင် အပြီး မဖြတ်ရသေးပေ။ ယမန်နေ့ ညနေပိုင်းကဆိုလျှင် ပြုပြင်ထိန်းသိမ်းရေး အလုပ်ရုံ၏ အကြီးအကဲဖြစ်သူ မုန့်ကျူးရင် ကိုယ်တိုင် တွမ်တာကန်းထံ အထူးတလည် လာရောက်ကာ စကားများ ရန်ဖြစ်ခဲ့ရသေးသည်။ ကြည့်ရသရွေ့ တွမ်တာကန်းသည်လည်း ဒေါသထွက်နေပုံရပြီး ယနေ့တွင်တော့ အရှိန်အဟုန်မြှင့်ကာ အလုပ်လုပ်ရတော့မည် ဖြစ်သည်။

ကျားတုန်းရွှီသည် ရေနှစ်ငုံခန့် သောက်လိုက်ပြီးနောက် ရေခွက်ကို ဘေးတွင် ချထားလိုက်သည်။ ထို့နောက် ကျောက်ဖြတ်စက်ကို နှိုးလိုက်ပြီး ထောင့်သံချောင်း တစ်ချောင်းကို ယူကာ စတင် ဖြတ်တောက်လေတော့သည်။

စင်စစ် ဤအလုပ်မှာ နည်းပညာပိုင်းဆိုင်ရာ အရည်အချင်း တစ်စုံတစ်ရာမျှ မလိုအပ်လှချေ။ ထောင့်သံချောင်းပေါ်တွင် အရွယ်အစားအလိုက် မျဉ်းကြောင်းများ ဆွဲသားထားရန်သာ လိုအပ်ပြီး ထိုမျဉ်းကြောင်းများအတိုင်း ကျောက်ဖြတ်စက်ကို ဖိချကာ ဖြတ်တောက်လိုက်ရုံမျှသာ ဖြစ်သည်။

ကျားတုန်းရွှီကမူ ဤသို့ တွေးတောနေမိသည်။ သူသည် စက်ရုံထဲ ဝင်ရောက်လုပ်ကိုင် နေသည်မှာ နှစ်အနည်းငယ်မျှပင် ရှိနေပြီ ဖြစ်သော အလုပ်သမားဟောင်း တစ်ယောက် ဖြစ်သည်။ ထိုကဲ့သို့သော သူ့အား ယခုလို နည်းပညာ မပါသည့် အလုပ်ကို ခိုင်းစေခြင်းမှာ သူ၏ အရည်အချင်းများကို အလဟဿ ဖြုန်းတီးရာ ရောက်သည်ဟု ခံစားနေရသည်။ ထို့ပြင် ဤလုပ်ရပ်သည် သူနှင့် သူ၏ ဆရာဖြစ်သူ ယီကျုံးဟိုင်တို့၏ မျက်နှာကို လုံးဝ မထောက်ထားခြင်းပင် ဖြစ်သည်ဟုလည်း တေးမှတ်ထားလိုက်သေးသည်။

‘နောက်မှ ဆရာ့ကို တိုင်ပြောပြီး တွမ်တာကန်းကို ဆုံးမခိုင်းရမယ်။ ဒါနဲ့... ဆရာ့ကိုပါ တစ်ခါတည်း ပြောပြီး ယန်ချုံးကို ပညာပေးဖို့ လူရှာဖို့အတွက် ပိုက်ဆံ ထပ်ထုတ်ခိုင်းရဦးမယ်။ ဖုန်းဝူဆိုတဲ့ ကောင်က လုံးဝ စိတ်မချရဘူး။ ပိုက်ဆံသာ ယူသွားပြီး အလုပ် မဖြစ်ဘူး။ ဒီတစ်ခါတော့ စိတ်ချရတဲ့ လူကို သေချာရှာရမယ်။ အဲဒီကောင်ရဲ့ လက်တစ်ဖက် ဒါမှမဟုတ် ခြေထောက် တစ်ဖက်ကို ကျိုးသွားအောင် သေချာပေါက် ရိုက်ခိုင်းရမယ်။ အနည်းဆုံးတော့ အိမ်မှာ ရက်အနည်းငယ်လောက် လှဲနေရအောင်ကို လုပ်ပစ်ရမယ်’

ဒီနေ့ သူ့အရှေ့သို့ ရောက်လာပြီး ဟန်ရေးပြကာ သွားလာနေသည်ကို မြင်ရခြင်းမှာ သူ့အား လာရောက် စိန်ခေါ်နေသကဲ့သို့ ခံစားရသဖြင့် ကျားတုန်းရွှီ၏ ရင်ထဲတွင် အတော်လေး မကျေမနပ် ဖြစ်နေမိသည်။ ထိုသို့ အတွေးနယ်ချဲ့ရင်း ကျားတုန်းရွှီသည် ကျောက်ဖြတ်စက်ကို ဖိချကာ ထောင့်သံချောင်းကို စတင် ဖြတ်တောက်လိုက်သည်။ အနည်းငယ်မျှ ဖြတ်တောက်ပြီးနောက် သူ၏ စိတ်ထဲတွင် တစ်စုံတစ်ခု မူမမှန်သလို ခံစားလိုက်ရသည်။

‘ဒီနေ့ ဖြတ်ထားတဲ့ ထောင့်သံချောင်းတွေက ဘာလို့များ စောင်းနေပြီး ဖြတ်စတွေက မညီမညာ ဖြစ်နေရတာလဲ’

‘ဘာဖြစ်လို့လဲ မသိဘူး’

ကျားတုန်းရွှီက စိတ်ထဲမှ ရေရွတ်လိုက်သော်လည်း နှစ်ချောင်း၊ သုံးချောင်းခန့်သာ ကျန်တော့သည်ကို တွေ့လိုက်ရသဖြင့် စက်ကို ရပ်ကာ စစ်ဆေးရန် ပျင်းရိသွားတော့သည်။ ထို့ကြောင့် ထောင့်သံချောင်း နောက်တစ်ချောင်းကို ထပ်တင်လိုက်ပြီး ကျောက်ဖြတ်စက်ကို ထပ်မံ ဖိချလိုက်ပြန်သည်။

ဤသို့ ဖိချလိုက်သည်နှင့် တစ်ပြိုင်နက် ကျားတုန်းရွှီ၏ ရင်ထဲတွင် ဗုန်းခနဲ တုန်လှုပ်သွားလေတော့သည်။

မကောင်းသော နိမိတ်ဆိုး တစ်ခုကို ပြင်းထန်စွာ ခံစားလိုက်ရပြီး နောက်တစ်စက္ကန့်တွင်တော့ သူသည် ထိတ်လန့်တကြားဖြင့် မျက်လုံးအစုံ ပြူးကျယ်သွားခဲ့ရသည်။

“ဒေါင်...” ဟူသော အသံကျယ်ကြီးနှင့်အတူ အရှိန်အဟုန် ပြင်းစွာဖြင့် လည်ပတ်နေသော ဖြတ်စက် ကျောက်ပြားသည် ထောင့်သံချောင်းနှင့် ထိမိရုံမျှပင် ရှိသေးသည်။ ရုတ်တရက် ဆိုသလို အစိတ်စိတ် အမြွှာမြွှာ ကွဲအက်လွင့်စင် သွားတော့သည်။ ဖြတ်စက် ကျောက်စ တစ်ခုမှာ လေထဲသို့ လွင့်စင်လာကာ ကျားတုန်းရွှီ၏ ရင်ဘတ်အတွင်းသို့ တိုက်ရိုက် စိုက်ဝင်သွားလေတော့သည်။

ကျားတုန်းရွှီမှာ အော်ဟစ်ရန်ပင် အချိန် မရလိုက်ချေ။ ဘုန်းခနဲ မြည်သံနှင့်အတူ အနောက်သို့ ပက်လက်လန် လဲကျသွားခဲ့သည်။

အဝေးတစ်နေရာ… အပြင်ဘက်မှ နေ၍ ယခုလေးတင်မှ ပြန်လည် ဝင်ရောက်လာသူ ယန်ကျဲချန်က ဤကြောက်မက်ဖွယ် မြင်ကွင်းကို ကွက်တိ မြင်တွေ့လိုက်ရသဖြင့် လျင်မြန်စွာ ပြေးလာပြီး လည်ချောင်းကွဲမတတ် အော်ဟစ်လိုက်တော့သည်။

“လူတွေ လာကြပါဦး... မြန်မြန် လာကြပါဦးဟေ့။ ကျားတုန်းရွှီ အန္တရာယ်ဖြစ်လို့ပါ။ ယီတာယဲ့... မြန်မြန်လာပါဦး။ တုန်းရွှီကို ဖြတ်စက် ကျောက်ပြား မှန်သွားပြီ”

အလုပ်ရုံထဲရှိ အလုပ်သမားများ အားလုံး ဝုန်းခနဲ ပြေးလာကြသည်။ အဝေးမှ ယီကျုံးဟိုင်သည်လည်း ထိုအသံကို ကြားလိုက်ရသဖြင့် ဆွံ့အ သွားကာ မေးလိုက်သည်။

“ဘယ်သူ ဘာတွေ အော်နေတာလဲ”

သူ ပြေးလာပြီး အရှေ့ရှိ မြင်ကွင်းကို မြင်လိုက်ရချိန်တွင်တော့ ခြေထောက် နှစ်ဖက်စလုံး ပျော့ခွေသွားပြီး စကားပင် ကောင်းကောင်း မပြောနိုင်တော့ချေ။

“ဘယ်... ဘယ်လိုဖြစ်လို့ ဒီလို ဖြစ်ရတာလဲ။ တုန်းရွှီ...”

သူ့အရှေ့ရှိ ကျားတုန်းရွှီ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ သွေးချင်းချင်း နီရဲနေပြီ ဖြစ်သည်။ သတင်းကြားပြီး ပြေးလာသော တွမ်တာကန်းကသာလျှင် အရင်ဆုံး သတိဝင်လာပြီး အသံကုန် ဟစ်အော်လိုက်တော့သည်။

“အားလုံးပဲ ဘာတွေ ရပ်ကြည့်နေကြတာလဲ။ မြန်မြန် ဆေးရုံပို့ကြလေ...”

All Chapters