← Chapters

အခန်း ၇၈

Vol. 8 Ch. 78

အခန်း ၇၈

Vol. 8 Ch. 78

အခန်း (၇၈) - ကျားကျန်းရှစ်၏ စစ်ပွဲ

ဆေးရုံသို့ အချိန်မှီ ပို့ဆောင်နိုင်ခဲ့ခြင်း မရှိတော့ပေ။ ကြိတ်စက်၏ ဓားပြားသည် ကျားတုန်းရွှီ၏ ရင်ဘတ်တည့်တည့်သို့ နက်ရှိုင်းစွာ စိုက်ဝင်သွားခဲ့သောကြောင့် ဆေးရုံသို့မရောက်မှီ လမ်းခရီး၌ပင် အသက်ငွေ့ငွေ့ ကင်းစင် သွားခဲ့ရရှာသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးနှင့် ကြိတ်စက် ဘေးပတ်ဝန်းကျင် တစ်ဝိုက်တွင် သွေးရည်တို့သည် ရဲရဲနီလျက် စွန်းထင်းနေခဲ့သည်။

အသက်စွန့်သွားရှာပြီ ဖြစ်သော ကျားတုန်းရွှီ၏ မျက်လုံးအစုံမှာ ပြူးကျယ်လျက်ရှိပြီး သူ၏ မကျေမချမ်း ဖြစ်ရသော နိဂုံးကို မီးမောင်းထိုးပြနေသကဲ့သို့ ရှိချေသည်။ ဤမြင်ကွင်းကို ရှုစားနေရသော ဘေးပတ်ဝန်းကျင်ရှိ အလုပ်သမားများနှင့် အလုပ်ရုံ တာဝန်ခံ တွမ်တာကန်းတို့မှာ ကြက်သီးမွေးညင်း ထလောက်အောင် ထိတ်လန့်တုန်လှုပ် နေကြတော့သည်။

“ဆရာယီ... ခင်ဗျားပဲ ကြည့်ပါဦး။ ကျားတုန်းရွှီရဲ့ မိသားစုကို ဘယ်လိုများ သွားအကြောင်းကြားရမလဲ”

တွမ်တာကန်းက ယီကျုံးဟိုင်ကို ဘေးတစ်ဖက်သို့ ခေါ်ထုတ်ကာ စိတ်မသက်မသာဖြင့် မေးလိုက်သည်။

ယီကျုံးဟိုင်၏ မျက်နှာသည် သွေးဆုတ်ဖြူလျော့နေပြီး အတော်အတန် ကြာသည်အထိ စကားတစ်ခွန်းမျှ မဟနိုင်အောင် ဖြစ်နေခဲ့သည်။ အလုပ်ရုံမှသည် ဆေးရုံအရောက် လမ်းတစ်လျှောက်လုံး သူသည် အသက်မပါသော ရုပ်သေးရုပ် တစ်ရုပ်ပမာ ဖြစ်နေခဲ့သည်။ သေဆုံးသွားသူမှာ ကျားတုန်းရွှီ မဟုတ်ဘဲ သူကိုယ်တိုင်သာ ဖြစ်နေသကဲ့သို့ နက်ရှိုင်းသော တုန်လှုပ်မှုကို ခံစားနေရသည်။

ကျားတုန်းရွှီဟူသည် သူ၏ အနာဂတ်အတွက် နှစ်ပေါင်းများစွာ အားထုတ် ပျိုးထောင်ခဲ့ရသော အားကိုးရာပင် ဖြစ်သည်။ သူ အိုမင်းမစွမ်း ဖြစ်လာချိန်တွင် ပြုစုစောင့်ရှောက် ပေးမည့်သူအဖြစ် ရွေးချယ်ကာ စိတ်ရော၊ လူရော၊ ငွေကြေးပါ မချွေမတာ ရင်းနှီးမြှုပ်နှံခဲ့ရသည်မှာ မည်မျှ ရှိမည်ကိုပင် မှန်းဆ၍ မရနိုင်တော့ချေ။ နောင်တစ်ချိန်တွင် ကျားတုန်းရွှီက သူ့ကို လုပ်ကျွေးပြုစုပြီး နာရေးကိစ္စများကိုပါ တာဝန်ယူပေးလိမ့်မည် ဟူ၍သာ သူ တစ်ထစ်ချ မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။

ယခုမူကား သူကိုယ်တိုင် အသက်ရှင်လျက် ရှိနေသေးသော်ငြား ကျားတုန်းရွှီက ရှေ့ပြေးကာ ကွယ်လွန်သွားခဲ့ချေပြီ။ သူ၏ နှစ်ပေါင်းများစွာ စိုက်ထုတ်ခဲ့သမျှသော ငွေကြေးနှင့် အားထုတ်မှုများ အားလုံး သဲထဲရေသွန် ဖြစ်ခဲ့ရလေပြီ။ နောင်အနာဂတ်၌ သူ မည်သို့ ဆက်လက် ရပ်တည်ရမည်ကို ယီကျုံးဟိုင် စဉ်းစားရဲနိုင်စွမ်းပင် မရှိတော့ချေ။

ထိုကျားတုန်းရွှီသည် အဘယ်ကြောင့် ဤမျှလောက် ကံဆိုးမိုးမှောင် ကျရသနည်း။ သံထောင့်တန်း တစ်ခု ဖြတ်ရုံမျှနှင့် ကိုယ့်အသက်ပါ စတေးလိုက်ရသည်အထိ ဖြစ်ရသလား။ ယင်းမှာ အလုပ်သင် တစ်ယောက်ပင် လွယ်ကူစွာ လုပ်ဆောင်နိုင်သော အလုပ်တစ်ခုမျှသာ ဖြစ်ပါလျက် အဘယ်ကြောင့် သူ့လက်ထဲရောက်မှ အသက်နုတ်မည့် ကြိုးကွင်း ဖြစ်သွားရသနည်း။ ထို့ပြင် ထိုကြိတ်စက် ဓားပြားသည် အကောင်းပကတိ ရှိနေပါလျက်နှင့် အဘယ်ကြောင့် ရုတ်တရက် ကျိုးပဲ့သွားရသနည်း။ ကျားတုန်းရွှီသည် တကယ်ပင် ဤမျှလောက် ကံဆိုးလွန်းနေခဲ့သလော။ ယီကျုံးဟိုင်၏ စိတ်အစဉ်၌ တွေးတော၍ မရနိုင်အောင် ဗျာများနေခဲ့သည်။

တွမ်တာကန်းက သူ စကားမပြောဘဲ ငြိမ်သက်နေသည်ကို မြင်သောအခါ ကျားတုန်းရွှီအတွက် ဝမ်းနည်းနေသည်ဟုသာ ယူဆလိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်ကာ ပြောသည်။

“ဟူး... ဆရာယီ သေသွားတဲ့သူလည်း ပြန်ရှင်လာနိုင်တာ မဟုတ်ဘူးလေ။ ခင်ဗျားလည်း သိပ်ဝမ်းမနည်းပါနဲ့တော့။ အခု အရေးကြီးဆုံးက မိသားစုကို အကြောင်းကြားပြီး နာရေးကိစ္စ ပြင်ဆင်ဖို့ပဲ။ စက်ရုံက လူကြီးတွေလည်း ခဏနေရင် ချက်ချင်း ရောက်လာတော့မှာ။ မိသားစုကို အရင် အကြောင်းကြားပြီးမှ နစ်နာကြေးကိစ္စ ညှိနှိုင်းရမယ်”

ယီကျုံးဟိုင်က ကြောင်တောင်တောင်ဖြင့် ခေါင်းညိတ်ပြကာ ဆိုလေသည်။

“ယန်ကျဲချန်ကိုပဲ သွားပြောခိုင်းလိုက်ပါကွာ… သူက လမ်း ကျွမ်းတယ်”

………………………….

ယန်ကျဲချန်သည် စက်ဘီးကို ကပျာကယာ နင်းလာခဲ့ပြီး အိမ်ရာဝင်းအတွင်းသို့ ရောက်သည်နှင့် တစ်ပြိုင်နက် အသံကုန်ဟစ်အော်တော့သည်။

“ကျားတာ့မား... ချင်ဟွိုင်ရူ... ဆေးရုံကို အမြန် သွားကြည့်ကြဦး။ အစ်ကိုတုန်းရွှီ အခြေအနေ မကောင်းတော့ဘူး”

ဝင်းထဲတွင် အဝတ်လျှော်နေသော ချင်ဟွိုင်ရူမှာ ထိုစကားကို ကြားကြားချင်းပင် လက်ထဲမှ အဝတ်ရိုက်တုတ်မှာ ဖုန်းကနဲ မြေကြီးပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ သူမ၏ မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူလျော့သွားကာ ယန်ကျဲချန်အား တုန်ယင်သော အသံဖြင့် မေးလိုက်သည်။

“ကျဲချန်... နင်... နင် ဘာပြောလိုက်တာလဲ”

ထိုစဉ် ကျားကျန်းရှစ်က အိမ်ထဲမှ ထွက်လာပြီး ကြိမ်းဝါးလေသည်။

“ယန်အကြီးကောင်… နင် လျှောက်မပြောနဲ့။ ငါတို့ တုန်းရွှီက စက်ရုံမှာ ကောင်းကောင်းမွန်မွန် အလုပ်လုပ်နေတာကို နင် ဘာတွေ လျှောက်အော်နေတာလဲ။ နောက်တစ်ခါ ထပ်လျှောက်ပြောရင် နင့်ပါးစပ်ကို ဆွဲဖြဲပစ်မယ် စောင့်ကြည့်လိုက်”

စန်းတာ့မားလည်း အလန့်တကြား ထွက်လာကာ ယန်ကျဲချန်ကို အပြစ်တင်တော့သည်။

“ကျဲချန်… လျှောက်မပြောနဲ့ကွယ်။ ဒါက နောက်စရာ စကားမို့လို့လား”

ယန်ကျဲချန်က ကတ်ကတ်လန် အော်ပြောလိုက်သည်။

“အမေ... ကျွန်တော် လျှောက်ပြောတာ မဟုတ်ဘူး။ ကျားတုန်းရွှီက စက်ရုံမှာ အလုပ်လုပ်ရင်း ကြိတ်စက် ဓားပြား ထိမှန်သွားလို့ တာဝန်ခံတွမ်က ကျွန်တော့်ကို မိသားစုဆီ လာအကြောင်းကြားခိုင်းတာ”

သူ၏ စကားပင် မဆုံးသေးမှီမှာပင် ယီတာ့မား၏ အော်သံကို ကြားလိုက်ရသည်။

“ဟယ်... ဟွိုင်ရူ နင် ဘာဖြစ်တာလဲ”

လှည့်ကြည့်လိုက်သောအခါ ချင်ဟွိုင်ရူ တစ်ယောက် မျက်လုံးလန်ကာ မြေကြီးပေါ်သို့ ပျော့ခွေလဲကျ သွားလေပြီ။ ဝင်းထဲရှိ လူများအားလုံး အပြေးအလွှား ရောက်လာကြပြီး နှာခေါင်းအောက်ရှိ အသက်ကယ်မှတ်ကို နှိပ်သူက နှိပ် ရေအေးပက်သူက ပက်နှင့် အလုပ်ရှုပ်သွားကြသည်။ အတော်အတန်ကြာမှသာ ချင်ဟွိုင်ရူ မျက်လုံးပွင့်လာပြီး မေးရှာသည်။

“ကျဲချန်... နင်... နင်ပြောတာတွေက တကယ်ပဲလား”

ယန်ကျဲချန်က ထပ်ပြောရန် ပြင်နေစဉ် စန်းတာ့မားက ချက်ချင်း ဝင်ပြောလိုက်သည်။

“တကယ်လား… မဟုတ်ဘူးလား ဆိုတာ ဆေးရုံရောက်ရင် သိရမှာပဲ။ ဟွိုင်ရူ... ကျားတာ့မား... အရင်ဆုံး ဆေးရုံကို အမြန် သွားကြည့်ကြတာ ပိုကောင်းမယ်”

ယီတာ့မားကလည်း နှိုးဆော်လေသည်။

“ဟုတ်တယ် အရင်ဆုံး ဆေးရုံကိုပဲ အရင်သွားရအောင်”

ထို့ကြောင့် ချင်ဟွိုင်ရူလည်း အဝတ်လျှော်ရန် ကိစ္စကို ဂရုမစိုက်နိုင်တော့ဘဲ အဝတ်လျှော်ဇလုံကိုပင် မသိမ်းဆည်းနိုင်တော့ဘဲ ကျားကျန်းရှစ်ကို တွဲကာ နှစ်ယောက်သား ဆေးရုံဆီသို့ အပြေးအလွှား ထွက်ခွာသွားကြတော့သည်။

…………………………………

ဆေးရုံသို့ရောက်၍ မြင်ကွင်းကို ကြည့်လိုက်ရုံမျှဖြင့် ချင်ဟွိုင်ရူ တစ်ယောက် နောက်တစ်ကြိမ် သတိလစ် မေ့မြောသွားခဲ့ပြန်သည်။

သို့သော် ကျားကျန်းရှစ်ကမူ အတော်ပင် ကြံ့ကြံ့ခံနိုင်စွမ်း ရှိလှသည်။ သူမသည် တွမ်တာကန်းကို အတင်းဆွဲကိုင်ကာ အော်ဟစ်ငိုယိုတော့သည်။

“နင်က တုန်းရွှီရဲ့ အလုပ်ရုံ တာဝန်ခံလား။ ငါ့သားက ဘာလို့ ဒီလိုဖြစ်သွားရတာလဲ။ ငါတို့ ကျားမိသားစုမှာ ဒီသားတစ်ယောက်ပဲ ရှိတာလေ။ သူ သေသွားတော့ ငါ့ကို ဘယ်သူက လုပ်ကျွေးတော့မလဲ။ ငါဘာမှ မသိဘူး။ ငါ့သားက အလကားသက်သက် အသေမခံနိုင်ဘူး။ နင်တို့ နစ်နာကြေးပေးရမယ်။ ပြီးတော့ ငါ့အိုနာစာအတွက်ပါ တာဝန်ယူရမယ်”

တွမ်တာကန်းလည်း ခေါင်းနားပန်း ကြီးသွားကာ ဆိုသည်။

“ကျားတာ့မား... စိတ်ချပါ။ တုန်းရွှီက စက်ရုံမှာ အလုပ်လုပ်ရင်း အက်ဆီးဒင့် ဖြစ်တာမို့ စက်ရုံဘက်က ပစ်ထားမှာ မဟုတ်ပါဘူး”

ကျားကျန်းရှစ်က ပို၍ အတင့်ရဲလာကာ ပြောလိုက်သည်။

“ဘယ်လို တာဝန်ယူမှာလဲ။ ငါပြောမယ်... ငွေနည်းရင်တော့ ငါ သဘောမတူဘူးနော်။ ငါ့အိမ်မှာက အိုတဲ့လူက အို… ငယ်တဲ့လူက ငယ်နဲ့ အားလုံးက တုန်းရွှီရဲ့ အလုပ်ကရတဲ့ လစာနဲ့ပဲ အသက်မွေးနေရတာ။ ပြီးတော့ ငါ့အိုနာစာအတွက်လည်း နင်တို့ လျှော့ပေးလို့ မရဘူး”

တွမ်တာကန်းက ယန်စက်ရုံမှူးကို အမြန် လှည့်ကြည့်လိုက်ရာ ယန်စက်ရုံမှူးက ဝင်ပြောလေသည်။

“အဘွား... စိတ်ချပါ။ စက်ရုံက အလုပ်သမားတွေနဲ့ မိသားစုဝင်တွေကို မတရား မလုပ်ပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တိကျတဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ နစ်နာကြေး စံနှုန်းတွေ ရှိပြီးသားမို့ ကျွန်တော်တို့ စံနှုန်းအတိုင်း နစ်နာကြေး ပေးမှာပါ”

ကျားကျန်းရှစ်က သူ့ကို စူးစိုက်ကြည့်ရင်း မေးသည်။

“ဒါဆို ပြောစမ်းပါဦး... ငါ့သား သေသွားတဲ့အတွက် နစ်နာကြေး ဘယ်လောက်ရမှာလဲ”

ယန်စက်ရုံမှူး၏ စိတ်ထဲတွင် အနည်းငယ် အံ့အားသင့်သွားပြီး တွေးလိုက်မိသည်။

‘ဒီအဘွားကြီးက တကယ်ပဲ ကျားတုန်းရွှီရဲ့ အမေအရင်း ဟုတ်ရဲ့လား’

သားဖြစ်သူ သေဆုံးသွားသည်ကို ငိုချင်း တစ်ခွန်းမျှ မဆိုဘဲ ဤနေရာတွင် စျေး ဆွေးနွေးကာ စက်ရုံထံမှ နစ်နာကြေး ရရန်ကိုသာ အသည်းအသန် ဖြစ်နေသောကြောင့်ပင်။ သူက ဘေးနားရှိ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌကို အမြန် မျက်ရိပ်ပြလိုက်ရာ ဥက္ကဋ္ဌက ချက်ချင်း ရှင်းပြသည်။

“အဘွား... ဒီလိုပါ။ စက်ရုံနဲ့ ဝန်ကြီးဌာနရဲ့ နစ်နာကြေး စံနှုန်းတွေအရ ပြီးတော့ ရဲဘော် ကျားတုန်းရွှီရဲ့ အလုပ် အမျိုးအစားနဲ့ လုပ်သက်အရဆိုရင် သူ့အခြေအနေမျိုးက နစ်နာကြေး ယွမ်နှစ်ရာ ရမှာပါ...”

“နှစ်ရာ ဟုတ်လား”

ကျားကျန်းရှစ်က မျက်လုံးပြူးကာ အော်တော့သည်။ “

ယွမ်နှစ်ရာတည်းနဲ့ ငါ့သား တုန်းရွှီရဲ့ အသက်ကို ဝယ်မလို့လား။ မရဘူး။ အနည်းဆုံး တစ်ထောင် ပေးရမယ်”

တစ်ထောင်။

ထိုနေရာတွင် ရှိနေသော လူအားလုံး ကြောင်အမ်း သွားကြသည်။ ဤအဘွားကြီးသည် တကယ့်ကို ခြင်္သေ့ပါးစပ်ကြီး ဖြဲလိုက်ခြင်းပင် ဖြစ်သည်။ မည်သည့် စက်ရုံတွင်မဆို အလုပ်သမား သေဆုံးမှုအတွက် နစ်နာကြေး ယွမ် တစ်ထောင်အထိ ပေးရသည်မျိုး တစ်ခါမျှ မကြားဖူးခဲ့ချေ။

အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌကလည်း ကပျာကယာပင် ပြောလေသည်။

“အဘွားရယ်... အဘွားရဲ့ စိတ်ဆင်းရဲမှုကို ကျွန်တော်တို့ ကိုယ်ချင်းစာပါတယ်။ ဒါပေမဲ့ ဒီတောင်းဆိုချက်က တကယ်ကြီး မြင့်လွန်းနေလို့ ကျွန်တော်တို့ လုံးဝ...”

ဥက္ကဋ္ဌ၏ စကားပင် မဆုံးသေးမှီမှာပင် ကျားကျန်းရှစ်က မြေကြီးပေါ်သို့ ပစ်ထိုင်ချလိုက်ပြီး လက်နှစ်ဖက်ဖြင့် ပေါင်ကို တဖြောင်းဖြောင်း ရိုက်ကာ ငိုချင်းချတော့သည်။

“တုန်းရွှီရေ... နင် မျက်လုံးဖွင့်ပြီး ကြည့်ပါဦး။ နင်က စက်ရုံအတွက် အလုပ်လုပ်ရင်း အသက်ပါ ပေးခဲ့ရတာကို ဒီလူတွေက နစ်နာကြေးတောင် ကောင်းကောင်း မပေးချင်ကြဘူး။ သူတို့က နင့်အမေကို ငတ်မွတ်အောင် လုပ်မလို့… နင်ရဲ့ သားသမီး နှစ်ယောက်... မဟုတ်ဘူး။ သုံးယောက်... နင့်မိန်းမဗိုက်ထဲက ကလေးအပါအဝင် ကလေး သုံးယောက်စလုံးကို အငတ်ထားပြီး သတ်မလို့ လုပ်နေကြတာပါလား”

“တုန်းရွှီရေ... နင် တမလွန်ကနေ သိတယ်ဆိုရင် ထွက်လာပြီး ဒီလူတွေကိုပါ တစ်ခါတည်း လာခေါ် သွားလိုက်ပါတော့ဟာ”

စက်ရုံလူကြီးများ အားလုံး မျက်နှာပျက် သွားကြသည်။ ဤအဘွားကြီးသည် တကယ့်ကို သရဲတစ္ဆေများကိုပင် တိုင်တည်နေတော့သည် မဟုတ်ပါလော။

နောက်ဆုံးတွင် ကျားကျန်းရှစ်၏ မဆုတ်မနစ်သော တိုက်ပွဲကြောင့် စက်ရုံလူကြီးများလည်း စိတ်ပျက်လက်ပျက် ဖြစ်သွားကြပြီး မတတ်သာတော့သည့်အဆုံး နစ်နာကြေးစံနှုန်းကို အတော်လေး တိုးမြှင့်ပေးလိုက်ရတော့သည်။

နာရေး ကူညီကြေးကို မူလ ယွမ် နှစ်ရာမှ ယွမ် ငါးရာအထိ သိသိသာသာ တိုးပေးလိုက်ရသည်။ ထို့အပြင် ကျားတုန်းရွှီ၏ အလုပ်နေရာကို ချင်ဟွိုင်ရူအတွက် ချန်ထားပေးရန် ကတိပြုခဲ့ရသည်။ ချင်ဟွိုင်ရူမှာ လက်ရှိတွင် ကိုယ်ဝန်ရှိနေသည့်အတွက် ကလေးမွေးဖွားပြီး နို့ပြတ်သည်အထိ စောင့်ဆိုင်းကာ အလုပ်ဝင်နိုင်ပြီး ထိုအတောအတွင်း လစဉ် အခြေခံ လူနေမှု စရိတ်အဖြစ် ယွမ် တစ်ဆယ် ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

စစ်ပွဲ တစ်ပွဲသည် ကျားကျန်းရှစ်၏ အောင်ပွဲ အပြည့်အဝဖြင့် အဆုံးသတ်သွားခဲ့ပြီး ထိုအခါမှသာ သူမသည် စိတ်ကျေနပ်သွားကာ အော်ဟစ် ငိုကြွေးတော့သည်။

“တုန်းရွှီရေ... ငါ့သားရဲ့ နင်ကတော့ မတရား သေဆုံးသွားရရှာပြီ။ နင်က ခြေပစ်လက်ပစ် ထွက်သွားတော့ ငါနဲ့ နင်ရဲ့ လိမ္မာလှတဲ့ သားလေး ပန့်ကန့်တို့ ဘယ်လို ဆက်အသက်ရှင်ရမလဲ”

“တုန်းရွှီ... နင့်မိန်းမကိုလည်း သေချာ စောင့်ကြည့်ထားဦးနော်။ သူကများ နောက်လင်ငယ်ထောင်ပြီး နင့်အမေနဲ့ နင့်သားကို ပစ်ထားခဲ့ရဲရင် နင် အောက်ကနေ တက်လာပြီး သူ့ကိုပါ တစ်ခါတည်း လာခေါ်သွားလိုက်ဟာ...”

ထိုစကားများကြောင့် အားလုံးမှာ ဆွံ့အမှင်တက် သွားကြတော့သည်။ သားဖြစ်သူ၏ ရုပ်အလောင်းပင် မအေးသေးခင်မှာပဲ ချွေးမဖြစ်သူကို ကျိန်စာတိုက်ပြီး ကန့်သတ်ချက်များ စတင် ပြုလုပ်နေပြီ မဟုတ်ပါလော။

All Chapters