← Chapters

အခန်း ၇၉

Vol. 8 Ch. 79

အခန်း ၇၉

Vol. 8 Ch. 79

အခန်း (၇၉) - ယီကျုံးဟိုင် အိပ်မက်ဆိုး မက်ခြင်း

ကျားတုန်းရွှီ သေဆုံးသွားခြင်းက သံမဏိစက်ရုံကြီး တစ်ခုလုံးကို ဂယက်ရိုက်ခတ် သွားစေခဲ့သည်။ သို့သော်ငြားလည်း လူအများ၏ ပါးစပ်ဖျားတွင် ရေပန်းစားနေသည့် အဓိက အကြောင်းအရာမှာ သူ ငယ်ငယ်ရွယ်ရွယ်နှင့် ကွယ်လွန်သွားခြင်းအတွက် နှမြောတသဖြစ်ခြင်း မဟုတ်ဘဲ စက်ပြင် အလုပ်ရုံကြီးအတွက်မူ ကြီးမားလှသော ဝန်ထုပ်ဝန်ပိုး တစ်ခု နောက်ဆုံးတော့ လျော့ပါးသွားလေပြီ ဟူသော အချက်သာ ဖြစ်ပေသည်။

စက်ရုံအတွင်းသို့ ဝင်ရောက်လုပ်ကိုင် လာသည်မှာ နှစ်ကာလ ကြာညောင်းခဲ့ပြီ ဖြစ်သော်လည်း မည်မည်ရရ တတ်ကျွမ်းခြင်း မရှိသည့်အပြင် သာမန် ထောင့်မှန် သံပိုက်ငယ် တစ်ခုကို ဖြတ်တောက်ရာမှ မိမိအသက်ကိုပါ ပေးဆပ်လိုက်ရသည် ဆိုသောကိစ္စမှာ ကြားရသူတိုင်းအတွက် ဟားတိုက်စရာပင် ဖြစ်နေတော့သည်။ ဤသို့သော လူစားမျိုးမှာ နိုင်ငံပိုင် စက်ရုံကဲ့သို့ အလုပ်အကိုင် ခိုင်မာလှသည့် နေရာမျိုးတွင်သာ တွယ်ကပ် လုပ်ကိုင်နိုင်ခြင်း ဖြစ်ပြီး အခြားနေရာတွင်သာ ဆိုလျှင် စောစောစီးစီးပင် မောင်းထုတ်ခံရမည်မှာ မြေကြီးလက်ခတ် မလွဲပေ။

ယခုမူကား စက်ရုံအတွက် မည်သည့် အကျိုးကျေးဇူးကိုမျှ မပြုခဲ့သည့်အပြင် သေဆုံးသွားသည့်တိုင် စက်ရုံထံမှ လျော်ကြေးငွေ အမြောက်အမြားကို လိမ်လည်တောင်းခံ သွားခဲ့သေးသည်။ ယွမ် ငါးရာဆိုသော ပမာဏမှာ နည်းလှသည် မဟုတ်။ အလုပ်သမား နှစ်ဦးစာအတွက် ပေးအပ်ရမည့် နစ်နာကြေးနှင့်ပင် ညီမျှနေလေသည်။

အခြားသူများက ဤကိစ္စကို ဟာသ တစ်ပုဒ်သဖွယ် သဘောထားကြသော်လည်း စက်ရုံမှူးယန်အတွက်မူ ခေါင်းခဲစရာပင်။ ကျားကျန်းရှီးက ဤသို့သော နမူနာဆိုးကြီးကို လမ်းခင်းပြသွားခဲ့ပြီ ဖြစ်ရာ နောင်တစ်ချိန် စက်ရုံအတွင်း အလားတူ မတော်တဆမှုများ ထပ်မံ ဖြစ်ပွားလာပါက လျော်ကြေးပေးရမည့် ကိစ္စမှာ အတော်လေး အကျပ်ရိုက်ရတော့မည့် အနေအထားဖြစ်သည်။

မူလကမူ စက်ရုံမှူးယန်သည် ဤကိစ္စကို သိရှိထားသည့် တာဝန်ခံတိုင်းအား သတင်း မပေါက်ကြားစေရန်နှင့် ဝမ်းဗိုက်အတွင်း၌သာ မြိုသိပ်ထားကြရန် တင်းကျပ်စွာ မှာကြားထားခဲ့သည်။ သို့သော်လည်း မည်သူကများ နှုတ်မစောင့်စည်းဘဲ ဖောက်သည်ချလိုက်သည် မသိ။ ယခုအခါတွင်မူ သံမဏိစက်ရုံနှင့် ရပ်ကွက်အတွင်းရှိ လူအများအားလုံး သိရှိသွားကြပြီ ဖြစ်သည်။

ထို့ပြင် ကျားတုန်းရွှီ၏ သေဆုံးမှုကြောင့် စက်ပြင် အလုပ်ရုံ၏ ယခုနှစ်အတွက် ချီးမြှင့်မည့် ဘေးကင်းလုံခြုံရေး ဆုကြေးငွေပါ ဖြတ်တောက်ခြင်း ခံလိုက်ရလေသည်။ အထူးသဖြင့် အလုပ်ရုံမှူး တွမ်တာကန်းမှာ လစာ တစ်ဆင့်ပါ လျှော့ချခံလိုက်ရသဖြင့် အလုပ်ဆင်းသည့် ရက်ဆက်တိုက် မျက်နှာကြီး မည်းမှောင်နေကာ တွေ့သမျှ လူတိုင်းကို အော်ငေါက်နေတော့သည်။

“မင်းတို့ကောင်တွေ အလုပ်လုပ်ရင် ဂရုစိုက်ကြစမ်း။ ဘေးကင်းရေးကို သတိထားကြ။ ဘယ်ကောင်ကများ ကျားတုန်းရွှီလိုမျိုး စောစောစီးစီး လစ်သွားဦးမယ်ဆိုရင် သူ့ဘိုးဘေးတွေကို ငါကိုယ်တိုင် သွားနှုတ်ဆက်ပစ်မယ်”

ကျားတုန်းရွှီ၏ ဆရာဖြစ်သူ ယီကျုံးဟိုင်မှာလည်း အမှုတွဲအဖြစ် သတ်မှတ်ခံရကာ လစာထက်ဝက်ခန့် ဒဏ်ရိုက်ခံလိုက်ရသည်။

သို့သော် ယီကျုံးဟိုင် အလေးအနက်ထားဆုံးမှာ လစာထက်ဝက် လျော့ပါးသွားခြင်း မဟုတ်ပေ။ သူ အစိုးရိမ်ဆုံးမှာ နှစ်ပေါင်းများစွာ အချိန်ယူ ပြုစုပျိုးထောင်ခဲ့ရသည့် သူ၏ အိုစာမင်းစာကို ကျွေးမွေးစောင့်ရှောက်မည့်သူ ကွယ်လွန်သွားခြင်းပင် ဖြစ်သည်။ နောင်တစ်ချိန် သူ အိုမင်းမစွမ်း ဖြစ်လာသောအခါ မည်သူ့ကို အားကိုးရပါမည်နည်း။

လွန်ခဲ့သော နှစ်များအတွင်း ကျားမိသားစု၏ မျက်နှာသာ ရစေရန်အတွက် မည်သည့် ကိစ္စမျိုးတွင်မဆို သူတို့ဘက်သို့သာ မျက်နှာလိုက်ခဲ့မိသဖြင့် ခြံဝင်းအတွင်းရှိ လူအတော်များများ၏ အငြိုအငြင်ကိုပင် ခံခဲ့ရပြီးပြီ ဖြစ်သည်။ ယခုမှ အိုစာမင်းစာ ကျွေးမွေးမည့်သူ အသစ်တစ်ဦးကို ရှာဖွေရန် ဆိုသည်မှာ လွယ်ကူပါမည်လား။

လက်ချိုးရေတွက် ကြည့်မည်ဆိုလျှင် ဤခြံဝင်းကြီးအတွင်း၌ မိဘမဲ့ လူငယ်ဆို၍ လက်တစ်ဆုပ်စာမျှသာ ရှိတော့သည်။

ရွှီတာ့မောက်မှာ အဖေရော အမေပါ သက်ရှိထင်ရှား ရှိနေသေးသည်။ ဤခြံဝင်းထဲတွင် မနေထိုင်သည်သာ ရှိ၍ သူ့အတွက်တော့ တွေးတောနေရန် အကြောင်းမရှိပေ။

ရှာကျူးမှာ မိခင် မရှိတော့သော်လည်း ဖခင်ဖြစ်သူ ဟယ်တာ့ချင်းမှာ မုဆိုးမ တစ်ဦးနှင့် ထွက်ပြေးသွားခြင်းသာ ဖြစ်ပြီး သေဆုံးသွားခြင်း မဟုတ်ရာ တစ်နေ့နေ့တွင် ပြန်ရောက်လာနိုင်ချေ ရှိသေးသည်။ ထို့ပြင် ဟယ်တာ့ချင်း ထွက်ပြေးစဉ်က ရှာကျူးတို့ မောင်နှမအား စောင့်ရှောက်ပေးရန် သူ့ကို အပ်နှံခဲ့ပြီး လစဉ် ငွေကြေးအချို့လည်း ပေးပို့ခဲ့သည်။ သို့သော် ထိုငွေများအားလုံးကို သူက ဖုံးကွယ်ထားခဲ့လေသည်။ ထိုမျှမက သူ စောင့်ရှောက်ထားသည့် ရှာကျူးဆိုသည်မှာလည်း ချင်ဟွိုင်ရူ၏ ညှို့ငင်ဖမ်းစားမှုအောက်တွင် အရူးအမူးဖြစ်ကာ စုဆောင်းထားသမျှ ငွေကြေးအားလုံးကို ချင်ဟွိုင်ရူထံသို့သာ ပုံအောပေးနေခဲ့ပြီး မိမိ၏ ညီမအရင်းကိုပင် ဂရုမစိုက်နိုင်တော့သည့် အခြေအနေ ဖြစ်နေသည်။ ထို့ကြောင့် ရှာကျူးကိုလည်း မျှော်လင့်၍ မရနိုင်ပေ။ ကျန်ရစ်သူဆို၍ မိဘနှစ်ပါးစလုံး ကင်းမဲ့နေသည့် ယန်ချုံး တစ်ဦးတည်းသာ ရှိတော့သည်။

ယန်ချုံးကိုပင် မိမိ၏ အိုစာမင်းစာအား ကျွေးမွေးစောင့်ရှောက်ခိုင်းရမည်လား။

ဤအကြံမှာ မဆိုးလှဟု ဆိုရမည်။ သူ့တွင် ဖခင်ရော မိခင်ပါ မရှိတော့သည့်အပြင် လူကလည်း ဉာဏ်ရည်ထက်မြက်ကာ ကြိုးစားပမ်းစား ရှိလှသည်။ လင်မယား နှစ်ဦးစလုံးမှာလည်း အလုပ်အကိုင် ကိုယ်စီရှိကြရာ သူ့ကို ကျွေးမွေးပြုစုရန်အတွက် လုံးဝ ဝန်ထုပ်ဝန်ပိုးဖြစ်မည် မဟုတ်ပေ။ သို့တိုင်အောင် ယီကျုံးဟိုင်မှာ ဤအိပ်မက်မျိုးကို မက်ပင် မမက်ရဲချေ။

အကယ်၍ ယန်ချုံးသာ ပြင်ပတွင် ကုန်ထမ်းသည့် အလုပ်သမားဘဝဖြင့် ရှိနေသေးပါက သူ၏ လက်ဝယ်ရှိ သံမဏိစက်ရုံ အလုပ်ဝင်ခွင့် ခွဲတမ်းလေးကို အကျိုးအမြတ် အနည်းငယ်နှင့် ယန်ချုံးအား ပေးအပ်လိုက်ခြင်းဖြင့် အဆင်ပြေနိုင်ကောင်း ပြေနိုင်မည် ဖြစ်သည်။ သို့သော် ယခုအခါ လူသိရှင်ကြား ဖြစ်နေသည့်အတိုင်း သူတို့လင်မယား နှစ်ဦးစလုံးမှာ သံမဏိစက်ရုံ၏ အလုပ်သမားများ ဖြစ်နေကြပြီလေ။ ထို့ပြင် အနာဂတ်တွင် တာဝန်ခံအဆင့် ခံစားခွင့်များကိုပါ ရရှိလာမည့်သူများ ဖြစ်ရာ သူ၏ ဤအသုံးမဝင်လှသော အလုပ်ဝင်ခွင့် ခွဲတမ်းလေးမှာ သူတို့အတွက် မည်သို့မျှ ဆွဲဆောင်မှု ရှိမည် မဟုတ်ပေ။

ဤသည်သာမက လွန်ခဲ့သော ရက်ပိုင်းအတွင်းကပင် ကျားမိသားစုကြောင့် ယန်ချုံးအပေါ် ပြစ်မှားမိထားပြီးပြီ ဖြစ်ရာ ယန်ချုံးအနေဖြင့် သူ့ကို မည်ကဲ့သို့သော အကြောင်းပြချက်နှင့် ပြန်လည်ပြုစု ကျွေးမွေးပါမည်နည်း။

နေပါဦး... ယန်ချုံး...

ယီကျုံးဟိုင်၏ ရင်ထဲတွင် တစ်စုံတစ်ခု လွဲမှားနေသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။

အတိတ်ကို ပြန်လည်တွေးတော ကြည့်မိသောအခါ ကျားတုန်းရွှီ သေဆုံးသွားသည့် နံနက်ခင်းက ယန်ချုံး တစ်ယောက် သူတို့၏ စက်ပြင် အလုပ်ရုံသို့ ထူးထူးဆန်းဆန်း ရောက်ရှိလာခဲ့ခြင်းကို ရုတ်ခြည်း သတိရသွားသည်။

ထိုလူငယ်လေးသည် ပုံမှန်အားဖြင့် အလုပ်ရုံဘက်သို့ လုံးဝ လာရောက်လေ့ရှိသူ မဟုတ်ပေ။ စောစောလည်း မလာ… နောက်ကျမှလည်း မလာဘဲ ထိုနေ့ကျမှ အချိန်ကိုက်ကြီး ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် သူ ထွက်သွားပြီးသည်နှင့် တစ်ပြိုင်နက် ကျားတုန်းရွှီ အဖြစ်ဆိုးနှင့် ကြုံရတော့သည် မဟုတ်ပါလား။

ဤသည်မှာ တိုက်ဆိုင်မှု သက်သက်သာ ဖြစ်လေမည်လား။

ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခုက ခေါင်းထဲသို့ ရုတ်တရက် ဝင်ရောက်လာရာ ယီကျုံးဟိုင် တစ်ယောက် မတတ်နိုင်စွာဖြင့် ကြက်သီးမွေးညင်းများပင် ထသွားရတော့သည်။ ဤမျှ မကသေး ထိုအဖြစ်အပျက် မတိုင်မှီ တစ်ရက်က ယန်ချုံးအား ပညာပေးရန် ဖုန်းဝူကို ငှားရမ်းစေခိုင်းခဲ့ပြီး ကျားတုန်းရွှီအား ငွေနှစ်ဆယ် ပေးအပ်ခဲ့သည်ကိုပါ ဆက်တိုက်ဆိုသလို သတိရသွားမိသည်။ ရလဒ်ကား ယန်ချုံး တစ်ယောက် အကောင်းပကတိအတိုင်း အိမ်ပြန်ရောက်လာခဲ့သော်လည်း ဖုန်းဝူမှာမူ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ခြင်းပင်။

ထိုကိစ္စများနှင့် ဆက်စပ်တွေးတော ကြည့်လိုက်မိသောအခါ ယီကျုံးဟိုင် တစ်ယောက် ပိုမို၍ပင် ကြက်သီးတဖြန်းဖြန်း ထသွားရကာ ကျားတုန်းရွှီ၏ တစ္ဆေဝိညာဉ်ကြီးမှာ သူ၏ အခန်းထဲတွင် လွင့်မျောနေသကဲ့သို့ အမြဲတစေ ခံစားနေရတော့သည်။ ညဘက် အိပ်ရာဝင်လိုက်သည်နှင့် တစ်ကိုယ်လုံး သွေးများ ပေကျံနေသည့် ကျားတုန်းရွှီက သူ၏ ရှေ့တွင် လာရပ်ကာ ငိုယိုပြောဆိုနေသည်ကို အိပ်မက် မက်တော့သည်။

“ဆရာ... ကျွန်တော် သေရတာ အရမ်းကို မတရားဘူး။ အားလုံး ဆရာ့ကြောင့်ပဲ... ငွေပေးပြီး ယန်ချုံးကို ပညာပေးခိုင်းခဲ့လို့လေ။ အခုတော့ ယန်ချုံးက အကောင်းကြီး… ကျွန်တော်ကတော့ သေသွားပြီ။ ဆရာ... ဆရာ့ကို ကျွန်တော် လုံးဝ ခွင့်မလွှတ်ဘူး”

ထိုသို့ပြောဆိုရင်း သူ၏ လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ယီကျုံးဟိုင်၏ လည်ပင်းကို လာရောက် ညှစ်လေတော့သည်။

ယီကျုံးဟိုင် တစ်ယောက် အသံကုန်ဟစ်၍ အကူအညီ တောင်းချင်သော်လည်း ပါးစပ်ကြီးသာ ဟနေပြီး မည်သည့် အသံမျှ ထွက်ပေါ် မလာခဲ့ပေ။ သူသည် ကြောက်လန့်တကြားဖြင့် အစွမ်းကုန် ရုန်းကန်နေသော်ငြားလည်း လက်ခြေများမှာ ကြိုးဖြင့် တုပ်နှောင်ခံထားရသကဲ့သို့ လှုပ်ရှား၍ပင် မရနိုင်ခဲ့ချေ။ နောက်ဆုံးတွင် အစွမ်းကုန်အားယူ၍ ရုတ်တရက် အားစိုက်ရုန်းကန် လိုက်မှသာ ခုတင်ပေါ်မှ ဝုန်းခနဲ ထထိုင်မိသွားတော့သည်။ ထိုအချိန်ကျမှပင် ရုတ်တရက် လန့်နိုးလာခဲ့ပြီး သူ အိပ်မက်ဆိုး မက်နေခြင်း ဖြစ်ကြောင်း သိလိုက်ရတော့သည်။

ဘေးနားရှိ ဇနီးဖြစ်သူ ယီတာ့မားမှာလည်း လန့်နိုးသွားကာ မီးခလုတ်ကို ကပျာကယာ ဆွဲဖွင့်လိုက်သည်။

“အဘိုးကြီး… ညသန်းခေါင်ကြီး ဘာတွေ ထအော်နေတာလဲ”

ထိုသို့ပြောရင်း သူ့ကို တစ်ချက် လှမ်းကြည့်လိုက်ကာ အံ့သြတကြီးဖြင့် မေးလိုက်သည်။

“ရှင့်ခေါင်းမှာလည်း ချွေးတွေ အများကြီးပဲ။ ဘယ်လိုဖြစ်တာလဲ”

ယီကျုံးဟိုင်မှာမူ ပါးစပ်ကြီးဟကာ အသက်ကို လုရှူနေရပြီး ကြောက်စိတ် မပြေသေးသဖြင့် အတော်အတန် ကြာသည်အထိ စကားတစ်ခွန်းမျှပင် မဟနိုင်ခဲ့ပေ။

ယီတာ့မားက သနားကြင်နာစွာဖြင့် မျက်နှာသုတ် ပုဝါတစ်ထည်ကို ယူ၍ သူ၏ ခေါင်းမှ ချွေးများကို သုတ်ပေးလိုက်သည်။

“အဘိုးကြီး… ဒီရက်ပိုင်း ရှင် ဘယ်လိုဖြစ်နေတာလဲ။ ညဘက်ဆိုလည်း အမြဲတမ်း အိပ်မက်ဆိုးတွေ မက်နေပြီး နေ့ခင်းဘက်ဆိုလည်း စိတ်လွင့်နေသလိုပဲ။ တုန်းရွှီကတော့ သေသွားပြီလေ။ ရှင် ဆက်ပြီး ဝမ်းနည်းနေလည်း အပိုပဲပေါ့”

ယီကျုံးဟိုင်က ခေါင်းယမ်းလိုက်သည်။

“ဘာမှ မဖြစ်ပါဘူးကွာ… အိပ်ကြစို့”

နောက်တစ်နေ့ နံနက်တွင် ယီကျုံးဟိုင်သည် မနက်စောစောစီးစီး အိပ်ရာမှ ထလိုက်သည်။ မှန်ထဲသို့ တစ်ချက် စူးစိုက် ကြည့်လိုက်သောအခါ သူ၏ မျက်ကွင်းများမှာ ပန်ဒါဝက်ဝံ တစ်ကောင်ကဲ့သို့ မည်းမှောင်နေပြီး မျက်လုံးအိမ် အတွင်း၌လည်း သွေးကြောများ နီရဲနေသည်ကို တွေ့လိုက်ရလေသည်။

ယမန်နေ့ တစ်ညလုံး သူ ကောင်းစွာ အိပ်စက်ခွင့် မရခဲ့ပေ။ မျက်စိမှိတ်လိုက်သည်နှင့် ကျားတုန်းရွှီ၏ ကြောက်မက်ဖွယ် ပုံပန်းသဏ္ဌာန်ကြီးကိုသာ မြင်ယောင်နေခဲ့သည်။ ခေါင်းထဲတွင်လည်း ထိုနေ့က ကျားတုန်းရွှီ၏ ကိုယ်ခန္ဓာအတွင်းသို့ ကော်ပတ် စက်သွားကြီး စိုက်ဝင်သွားသည့် မြင်ကွင်းကိုသာ အကြိမ်ကြိမ် အခါခါ ပြန်လည် တွေးတောနေမိပြီး တွေးလေတွေးလေ ကြက်သီးထဖွယ် ကောင်းလေလေပင် ဖြစ်တော့သည်။ တွေးလေလေ ပို၍ ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလေလေဟု ခံစားနေရသည်။

ထို့ကြောင့် အိပ်ရာမှ ထပြီးသည်နှင့် မျက်နှာကို ကပျာကယာ သစ်လိုက်ကာ ထမင်းတစ်လုတ်မျှပင် မစားနိုင်တော့ဘဲ သံမဏိစက်ရုံဆီသို့ အပြေးအလွှား ထွက်သွားတော့သည်။ ယီတာ့မားက စိုးရိမ်တကြီးဖြင့် အနောက်မှနေ၍ လှမ်းအော်လိုက်သည်။

“အဘိုးကြီး… အခုမှ ခြောက်နာရီကျော်ပဲ ရှိသေးတာလေ။ အဲဒီလောက်စောစော သွားပြီး ဘာလုပ်မလို့လဲ။ တစ်ညလုံးလည်း အိပ်ရေးဝတာ မဟုတ်ဘူး။ ထမင်းတစ်လုတ်လောက် စားပြီးမှ သွားလို့ မရဘူးလား”

ယီကျုံးဟိုင်ကမူ မည်သည့် စကားကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ ခြံဝင်းအတွင်းမှ ကပျာကယာ ပြေးထွက်သွားလေတော့သည်။

အရှေ့ဘက် ခြံဝင်းအတွင်းမှ စန်းတာ့မားက ထိုမြင်ကွင်းကို ကြည့်ကာ အံ့သြချီးကျူးစွာဖြင့် ဆိုလိုက်သည်။

“လောင်ယန်... ဟိုမှာ လောင်ယီကို ကြည့်စမ်း။ အလုပ်ကို ဘယ်လောက်တောင် တက်ကြွနေလဲ။ အခု ဘယ်နှ နာရီရှိသေးလို့လဲ။ ထမင်းတောင် မစားဘဲ အလုပ်သွားနေပြီ။ သူ အဆင့် ရှစ် အလုပ်သမား ဖြစ်တာ မဆန်းပါဘူး။ ဒီစိတ်ဓာတ်မျိုး တခြားလူတွေဆို လုပ်နိုင်မှာ မဟုတ်ဘူး”

ယန်ပုကွေ့က ခေါင်းယမ်းလိုက်သည်။

“သူလား… အကျိုးမရှိဘဲ အစောကြီးထမဲ့ လူမဟုတ်ဘူး။ အရင်တုန်းက သူ ဒီလောက် တက်ကြွတာ မင်း ဘယ်တုန်းက မြင်ဖူးလို့လဲ။ တစ်ခုခုများ ကြံစည်နေသလား မပြောတတ်ဘူး”

ထိုသို့ပြောဆိုရင်း အိမ်တွင်းသို့ လှည့်ကြည့်လိုက်ကာ မေးလိုက်သည်။

“ကျဲချန်ရော ထပြီလား။ ဟိုမှာ လောင်ယီလို အဆင့် ရှစ် အလုပ်သမားတောင် အလုပ်သွားနေပြီ။ သူက အလုပ်သင်လေး ဖြစ်ပြီးတော့ အခုထိ အိပ်ကောင်းနေတုန်းလား”

စန်းတာ့မားက သက်ပြင်းတစ်ချက် ချလိုက်သည်။

“မထသေးဘူး… အိပ်နေတုန်းပဲ။ မနေ့ညက ယွီလိဆီ ထပ်သွားသေးတယ်။ ဟိုကလည်း အရင်စကားအတိုင်းပဲ ပြောလိုက်တာပဲတဲ့... ရှင်တို့ မိသားစုက အရမ်း ကပ်စေးနှဲလွန်းတယ်။ နောက်ပိုင်း ရှင်နဲ့ အတူနေရရင် ဒုက္ခခံရဖို့ပဲ ရှိတယ်တဲ့”

ပြောရင်းဆိုရင်း ညည်းတွား ပြစ်တင်လေတော့သည်။

“အကုန် ရှင့်ကြောင့်ပဲလေ။ ပစ္စည်းတွေလည်း ဝယ်ပြီးနေပြီကို ဘာလို့ ရှာကျူးကို အကုန် ချက်မခိုင်းတာလဲ။ အများကြီး ဖယ်ချန်ထားခဲ့တယ်။ အခုတော့ ဟုတ်နေပြီ။ ပစ္စည်းတွေတော့ သက်သာသွားတယ်။ ချွေးမတော့ ထွက်ပြေးသွားပြီပေါ့”

ယန်ပုကွေ့က နှုတ်ခမ်းမဲ့လိုက်ပြီး အသံတိုးတိုးဖြင့် ပြန်လည်ခြေပလိုက်သည်။

“ဒါ ငါ့အပြစ်လို့ ပြောလို့ရမလား... ငါက ဒုတိယကောင်၊ တတိယကောင်၊ စတုတ္ထကောင်တို့လည်း မြည်းကြည့်ရအောင် နည်းနည်း ချန်ထားမယ်လို့ တွေးလိုက်မိလို့ပါ။ ပြီးတော့ အသားဟင်း နှစ်ပွဲဆိုတာကို ညံ့တယ်လို့ ပြောလို့ ရမလားကွာ။ သူတို့ကပဲ အရမ်း ချေးများနေကြတာပါ”

All Chapters