← Chapters

အခန်း ၈၀

Vol. 8 Ch. 80

အခန်း ၈၀

Vol. 8 Ch. 80

အခန်း (၈၀) - နင်က တခြားယောက်ျားတွေကို မြူဆွယ်နေပြန်ပြီလား

ယီကျုံးဟိုင်သည် လမ်းတစ်လျှောက်ရှိ လူများ၏ အံ့သြနေသော အကြည့်များကို ဂရုမစိုက်ဘဲ စက်ရုံထဲသို့ ကမန်းကတန်း ရောက်လာကာ အလုပ်ရုံထဲသို့ တန်းသွားလေသည်။

သူသည် အဝတ်အစားတောင် မလဲနိုင်ဘဲ ကျားတုန်းရွှီ မတော်တဆဖြစ်ခဲ့သည့် ကြိတ်စက်ဆီသို့ တန်းသွားလိုက်သည်။

ကျားတုန်းရွှီ မတော်တဆ ဖြစ်ပြီးကတည်းက ထိုကြိတ်စက်သည် လူတိုင်း၏ အမြင်တွင် နိမိတ်မကောင်းသော အရာတစ်ခု ဖြစ်လာခဲ့သည်။ မည်သူမျှ ထိုနေရာတွင် အလုပ်မလုပ်ချင်ကြသလို ကွဲအက်နေသော ကြိတ်စက်ပြားကိုပင် လာမလဲရဲကြပေ။

ယီကျုံးဟိုင် အနားရောက်သွားချိန်တွင် ကျားတုန်းရွှီ ကြိတ်စက်ပြား စင်မှန်ပြီး တစ်ကိုယ်လုံး သွေးသံရဲရဲဖြင့် လဲကျသွားခဲ့သည့် ထိုနေ့က မြင်ကွင်းသည် သူ၏ မျက်စိရှေ့၌ ပြန်ပေါ်လာသကဲ့သို့ ခံစားလိုက်ရသည်။

သူ ခေါင်းမူးသွားပြီး ဘေးနားရှိ စက်ကို လက်ဖြင့် အမြန် လှမ်းကိုင်လိုက်မှသာ မလဲဘဲ ရပ်နိုင်သွားသည်။

မျက်စိကို အတော်အတန်ကြာ မှိတ်ထားပြီးနောက် ဖြည်းညှင်းစွာ ပြန်ဖွင့်ကာ ကြိတ်စက်ရှေ့တွင် ဆောင့်ကြောင့်ထိုင်၍ သေချာစွာ အကဲခတ်ကြည့်လိုက်ရာ ကြိတ်စက်ပြား ကျိုးပဲ့နေသည့် အရာသည် ပုံမှန်မဟုတ်ကြောင်း နောက်ဆုံးတွင် သူ တွေ့ရှိသွားသည်။

သို့သော် မည်သို့ ပုံမှန်မဟုတ်သနည်း ဆိုသည်ကိုမူ သူ သေချာ မပြောတတ်ပေ။ သူ့ခေါင်းထဲတွင် မြင်ကွင်းတစ်ခုသာ အကြိမ်ကြိမ် ပေါ်လာနေသည်။

တစ်စုံတစ်ယောက်သည် သူ့လိုမျိုး ဤနေရာတွင် ဆောင့်ကြောင့်ထိုင်ကာ ထိုကြိတ်စက်ပြားကို သတိမပြုမိနိုင်သော အက်ကွဲကြောင်းလေး တစ်ခုဖြစ်သွားအောင် လက်ဖြင့် ချိုးဖဲ့ခဲ့သည် ဟူသော မြင်ကွင်းပင်ဖြစ်သည်။

ဤကြိတ်စက်ပြား၏ မာကျောမှုနှင့် ကြံ့ခိုင်မှုသည် အလွန် မြင့်မားသောကြောင့် ဤမြင်ကွင်းသည် ဖြစ်နိုင်ခြေ မရှိဟု ယီကျုံးဟိုင် ခံစားရသည်။ ပလာယာဖြင့်ပင် အက်ကွဲကြောင်း ဖြစ်အောင် လုပ်ရန် မလွယ်ကူလှပေ။ လူ့လက်ဖြင့် ဆိုလျှင်တော့ ဆိုဖွယ်ရာ မရှိတော့ချေ။

သူသည် ဤယုတ္တိမတန်သော မြင်ကွင်းကို မေ့ဖျောက်ရန် ကြိုးစားသော်လည်း ဖျောက်ဖျက်၍ မရဘဲ သူ၏ ခေါင်းထဲတွင် စွဲထင်နေသည်။

တကယ်ပဲ ဒီကြိတ်စက်ပြားကို တစ်ယောက်ယောက်က တမင်တကာ လက်နဲ့ ချိုးဖဲ့ခဲ့တာလား။

ယီကျုံးဟိုင် ထပ်မံ၍ ခေါင်းမူးသွားပြန်သည်။ သူသည် ကျားတုန်းရွှီ သေဆုံးသွားခြင်းအတွက် ဝမ်းနည်းနေခြင်း မဟုတ်ပေ။

ကျားတုန်းရွှီ သေဆုံးမှုကြောင့် သူ ထိတ်လန့်နေခြင်း ဖြစ်သည်။

နောက်တစ်ယောက် အလှည့်ကျလာမည်က သူများဖြစ်နေမည်လားဟု သူကြောက်လန့်နေသည်။

သူ ခန့်မှန်းထားသလိုသာ တကယ်ဖြစ်နေမည် ဆိုလျှင် ထိုအရာသည် လုပ်ငန်းခွင် မတော်တဆမှု မဟုတ်တော့ဘဲ စနစ်တကျ ကြံစည်ထားသည့် လူသတ်မှု တစ်ခုသာ ဖြစ်ပေလိမ့်မည်။

ထို့ပြင် ကျားတုန်းရွှီကို သတ်မည့်သူသည်လည်း အခြားသူ ဖြစ်မည် မဟုတ်ပေ။

အကယ်၍ ထိုသူသာ တကယ်ဖြစ်နေခဲ့လျှင် ထိုသူ၏ နောက်ထပ် ကလဲ့စားချေမည့် ပစ်မှတ်မှာ သူကိုယ်တိုင် ဖြစ်လာနိုင်ခြေ အလွန်များသည်။

ယီကျုံးဟိုင် ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်ရက် လဲကျသွားသည်။ ချွေးစေးများ ပျံထွက်လာပြီး ကိုယ်ပေါ်ရှိ အဝတ်အစားများပင် ရွှဲနစ်သွားသည်ဟု ခံစားလိုက်ရသည်။

ယီကျုံးဟိုင် ဤနေရာတွင် ထိတ်လန့်နေချိန်၌ ယန်ချုံးမှာမူ ယန်ပုကွေ့၏ ညည်းတွားသံများကို နားထောင်နေရသည်။

ယန်ပုကွေ့က ညည်းတွားလေသည်။

“ချုံးဇစ်... ငါ့ကို ကြည့်ရတာ လွယ်မဲ့ပုံ ပေါက်နေလို့လား။ ငါတစ်ယောက်တည်းရဲ့ လစာနဲ့ မိသားစု တစ်စုလုံးကို ကျွေးမွေးနေရတာ။ အဲဒီကြားထဲကနေ ချွေတာ စုဆောင်းထားတဲ့ ငွေ ၅၀၀ ကို ထုတ်ပြီး သူ့အတွက် အလုပ်ဝယ်ပေးခဲ့ရတာ။ အခုတော့ ကြည့်လေ... ကလေးတွေအတွက် အသားလေး နည်းနည်း ချန်ထားပေးမိတာကိုပဲ သူတို့က ငါ့ကို ကပ်စေးနှဲတယ်။ အမျိုးစပ်လို့ မကောင်းတဲ့လူ ဆိုပြီး ပြောကြတယ်။ သူတို့ပြောတာကို ထားလိုက်ပါတော့။ ယန်ကျဲချန် ဒီကလေးကလည်း ငါ့ကို နားမလည်ပေးဘူး။ ငါသာ ဒီလောက် မချွေတာ၊ ဒီလောက် တွက်ချက်ပြီး မသုံးရင် သူတို့ မောင်နှမတွေ အခုချိန်ထိ အသက်ရှင်နိုင်ပါ့မလား ဆိုတာကို သူ မစဉ်းစားဘူး။ သူ ယန်ကျဲချန် အစိုးရစက်ရုံမှာ အလုပ်ဝင်လုပ်နိုင်ပါ့မလား”

ယန်ချုံးက ပြုံးလျက် ပြောလိုက်သည်။

“ဦးလေးသုံး... ခင်ဗျားလည်း စိတ်မဆိုးပါနဲ့။ ကျဲချန်က စိတ်လောနေလို့ပါ။ မင်္ဂလာကိစ္စက အတည်ဖြစ်တော့မဲ့ ဆဲဆဲမှာ ရုတ်တရက် အပြောင်းအလဲ ဖြစ်သွားတော့ ဘယ်သူမဆို စိတ်ပူမှာပဲလေ။ ဒါပေမဲ့ ဘယ်လောက်ပဲ စိတ်လောလော ခင်ဗျားကိုတော့ ဒေါသလာ မပုံချသင့်ဘူးပေါ့။ သူ့ကောင်မလေးကို သေချာ ပြန်ချော့ခိုင်းလိုက်ပါ။ အခု အလုပ်လည်း ရနေပြီ ဆိုတော့ ရှေ့လျှောက် ကောင်းစားဖို့ပဲ ရှိတော့တာ။ ကောင်မလေးကလည်း ဒီအတိုင်းကြီး ဆက်ပြီး သဘောထား တင်းမာနေမှာ မဟုတ်ပါဘူး”

ယန်ပုကွေ့က ခေါင်းညိတ်ကာ ဆိုလေသည်။

“ငါလည်း အကြီးကောင်ကို အဲဒီလိုပဲ ပြောပြပါတယ်။ ဒါပေမဲ့ သူ့အပြောအရတော့ ယွီလိက ဒီရက်ပိုင်း သူ့ကို လုံးဝ အတွေ့မခံဘူးတဲ့… ချော့ချင်ရင်တောင် ချော့လို့ မရဘူး ဖြစ်နေတာ။ ဟူး... ကြည့်ရတာ ရုပ်ရည်လေး သနားကမားနဲ့ ကောင်မလေးက ဘာလို့များ ဒီလောက်တောင် ခေါင်းမာနေရတာလဲကွာ”

ယန်ချုံးသည် ယန်ပုကွေ့၏ စကားများသော ညည်းတွားသံများကို နားထောင်နေရင်း မျက်လုံးကမူ ရေကန်ရှေ့ရှိ ချင်ဟွိုင်ရူ ဆီသို့ ရောက်နေသည်။

ချင်ဟွိုင်ရူသည် ထိုနေရာတွင် အဝတ်လျှော်နေသည်။ ကျားတုန်းရွှီ သေဆုံးခြင်းသည် သူမအပေါ် သက်ရောက်မှု သိပ်မရှိလှပေ။

သူမသည် ကျားတုန်းရွှီ သေဆုံးသွားသည့် နေ့ကသာ အလုပ်မလုပ်ဘဲ ရှောင်တန်းကို ပိုက်ကာ အချိန်အတော်ကြာ ငေးမောနေခဲ့ခြင်း ဖြစ်သည်။

ဒုတိယနေ့တွင် ကျားတုန်းရွှီကို မြေမြှုပ်ပြီးသည်နှင့် သူမသည် ယခင်ကလိုပင် အဝတ်လျှော်၊ ထမင်းဟင်းချက်၊ အိမ်မှုကိစ္စ လုပ်ရင်း ကလေးထိန်းသည့် အလုပ်များကို ဆက်လုပ်နေခဲ့သည်။

သို့သော် ဤကဲ့သို့သော နေ့ရက်များသည် သိပ်ကြာကြာခံမည်ဟု မထင်ရပေ။ ရက်အနည်းငယ် ကြာလျှင် သူမ ပို၍ အလုပ်များ လာပေလိမ့်မည်။

အကြောင်းမှာ ကျားတုန်းရွှီ သေဆုံးသွားသဖြင့် ဤမိသားစုကို ထောက်ပံပေးနေတဲ့ တစ်ခုတည်းသော ဝင်ငွေပေါက် ရပ်တန့်သွားသောကြောင့် ဖြစ်သည်။ စက်ရုံက လစဉ် လူနေမှုစရိတ် ၁၀ ယွမ် ထောက်ပံ့ပေးမည် ဖြစ်သော်လည်း အစားအလွန် မက်လှသော ပန့်ကန့်နှင့် ကျားကျန်းရှစ်တို့အတွက် ထို ၁၀ ယွမ်လေးက တစ်လခံရန်ပင် မဖြစ်နိုင်ပေ။

ထို့အပြင် ထို ၁၀ ယွမ်ထဲမှပင် ကျားကျန်းရှစ်အတွက် အသက်ကြီးလာလျှင် သုံးရန် စုငွေအဖြစ် ဖယ်ပေးရသေးသည်ဟု ကြားရသည်။

စက်ရုံက ကျားတုန်းရွှီအတွက် ပေးသော နစ်နာကြေး ယွမ် ၅၀၀ ကိုမူ ကျားကျန်းရှစ်က သူမ၏ အိတ်ကပ်ထဲသို့ အကုန် ထည့်ထားလိုက်ပြီး ချင်ဟွိုင်ရူမှာ အရိပ်အယောင်မျှပင် မမြင်လိုက်ရပေ။

ဗိုက်ထဲတွင် ရှောင်ဟွိုင်လေးကို ကိုယ်ဝန်လွယ်ထားရသည့်အချိန် ဖြစ်နေသောကြောင့် ဤမိန်းမသည် အတော်လေး သနားစရာကောင်းသည်ဟု ယန်ချုံး စိတ်ထဲတွင် တွေးလိုက်မိသည်။

သို့သော်လည်း ကျားတုန်းရွှီ သေဆုံးခြင်းသည် အစောနှင့် အနှောင်း ဖြစ်လာမည့် ကိစ္စသာ ဖြစ်သည်။ ဇာတ်လမ်းတွဲထဲက အချိန်ဇယားအရလည်း ဟွိုင်လေး မမွေးခင်မှာပင် ကျားတုန်းရွှီ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဤကိစ္စတွင် မိမိကိုယ်ကို အပြစ်တင်စရာ မရှိပေ။ မိမိသာ မရှိလျှင်လည်း သူသည် ဤအချိန်တွင် အလားတူပင် သေဆုံးသွားမည်သာ ဖြစ်သည်။

ယန်ချုံး ဤသို့ တွေးနေဆဲမှာပင် မြောက်ဘက် အခန်းထဲမှ ရှာကျူး ထွက်လာသည်။ သူသည် သွားတိုက်ရန် ပြင်နေစဉ် ချင်ဟွိုင်ရူ အဝတ်လျှော်နေသည်ကို မြင်သွားသည်။

ရှာကျူးက သနားကြင်နာစွာဖြင့် ပြောလိုက်သည်။

“အမယ်လေး အစ်မချင်ရယ်... ဒီလောက်ချမ်းတဲ့ ရာသီကြီးကို မနက်စောစောစီးစီး အဝတ်တွေ လျှော်နေရတာလား။ အအေးပတ်သွားရင် ဘယ်လိုလုပ်မလဲ။ ခင်ဗျားမှာ ကိုယ်ဝန်ကြီးနဲ့လေ”

ချင်ဟွိုင်ရူ စကားပြန် မပြောရသေးမှီ ကျားကျန်းရှစ် အိမ်ထဲမှ ထွက်လာကာ အော်ပြောလိုက်သည်။

“ချင်ဟွိုင်ရူ... နင့်ယောက်ျား သေတာတောင် နှစ်ရက်ပဲ ရှိသေးတယ်။ အရိုးတောင် မဆွေးသေးဘူး... နင်က အခုကတည်းက တခြားယောက်ျားတွေကို မြူဆွယ်နေပြီလား”

ရှာကျူး၏ မျက်နှာ ရှုံ့မဲ့သွားပြီးနောက် ကိုယ်ကိုလှည့်ကာ အခန်းထဲသို့ ပြန်ဝင်သွားလေသည်။

ချင်ဟွိုင်ရူ၏ မျက်နှာမှာ ဖြူလျော့သွားပြီး မျက်ရည်များ ဝဲတက်လာသော်လည်း မည်သို့မျှ ပြန်မပြောဘဲ ခေါင်းငုံ့ကာ အဝတ်များကိုသာ အားစိုက်၍ ပွတ်လျှော်နေလိုက်သည်။

ကျားကျန်းရှစ်က ဖရဲစေ့ကို ကိုက်စားရင်း နှာခေါင်းရှုံ့ကာ ဆိုလေသည်။

“ဟွန့်... ငါတို့ ကျားမိသားစုရဲ့ တံခါးကို ဝင်လာပြီးမှတော့ ငါတို့ ကျားမိသားစုလူပဲ ဖြစ်ရမယ်။ သရဲဖြစ်သွားရင်တောင် ဒီအိမ်တံခါးကနေ ထွက်သွားဖို့ မစဉ်းစားနဲ့”

ထိုသို့ပြောရင်း ပန့်ကန့်၏ ခေါင်းလေးကို ပွတ်သပ်ကာ ပြောသည်။

“လိမ္မာတယ် ပန့်ကန့်... လာ အိမ်ပြန်ပြီး ထမင်းစားရအောင်။ အသားစားမယ်လေ”

ပန့်ကန့်လေးက ဝမ်းသာအားရ လက်ခုပ်တီးလျက် အော်လေသည်။

“ဟေး... အသားစားရတော့မယ်။ ပျော်လိုက်တာ”

ယန်ချုံး ခေါင်းခါလိုက်ပြီး အခန်းထဲပြန်ဝင်ကာ ထမင်းစားလိုက်သည်။ ထို့နောက် ယွီရှို့နှင့်အတူ စက်ဘီးတွန်းကာ အလုပ်သွားရန် ပြင်လေသည်။

အိမ်အပြင်သို့ ရောက်သည်နှင့် ရွှီတာ့မောက်က အနောက်မှနေ၍ စက်ဘီးတွန်းလျက် လိုက်လာကာ လှမ်းခေါ်သည်။

“ချုံးဇစ်... ငါ့ကိုစောင့်ဦး။ အတူတူသွားမယ်”

ရွှီတာ့မောက်က ယှဉ်လျက် စက်ဘီးစီးလာရင်း ပြုံးကာ မေးလိုက်သည်။

“ဒါနဲ့ ချုံးဇစ်... ဒီရက်ပိုင်း ညဘက်တွေမှာ စစ်ကားတစ်စီးက မင်းကို အမြဲလာခေါ်တာ တွေ့တယ်။ ဘာကိစ္စရှိလို့လဲ။ ကားပေါ်မှာက မိန်းမချောလေး တစ်ယောက်လို့လည်း ထင်တယ်။ ရှို့အာ သဝန်တိုမှာ မကြောက်ဘူးလား”

ယွီရှို့က ပြုံးလျက် ဝင်ပြောသည်။

“ဘာလို့ သဝန်တိုရမှာလဲ။ သူက ကလေးလေးပဲ ရှိသေးတာ။ ကလေးတစ်ယောက်ကို သဝန်တိုစရာလား။ ပြီးတော့ အစ်ကိုချုံးက အဲဒီလိုလူမျိုး မဟုတ်ပါဘူး။ သူက လူနာ သွားကြည့်ပေးတာပါ”

ရွှီတာမောက် အံ့သြသွားပြီး မေးလေသည်။

“ဆေးကုတယ် ဟုတ်လား။ ချုံးဇစ်... မင်းက ဘယ်တုန်းက ဆေးကုတတ်သွားတာလဲ။ ငါ ဘာလို့ မသိရတာလဲ”

ယန်ချုံးက ပြန်ဖြေလိုက်သည်။

“ဒီလိုပါပဲ... ဝါသနာအရ လျှောက်ကုကြည့်တာပါ”

ရွှီတာမောက် ခေါင်းခါလိုက်ပြီး ဆိုသည်။

“ညီအစ်ကို... မင်းကတော့ သစ္စာမရှိဘူးကွာ။ ဝါသနာအရ ဟုတ်လား... တခြားဟာတွေ ဝါသနာအရ လျှောက်လုပ်လို့ရပေမဲ့ ဆေးကုတာက လျှောက်လုပ်လို့ရတဲ့ ကိစ္စမှ မဟုတ်တာ။ လူ့အသက်နဲ့ ဆိုင်တယ်လေ။ ပြီးတော့ မင်းကို လာခေါ်တာ စစ်ကားကြီးနဲ့နော်။ မင်း ဆေးသွားကုပေးရတဲ့လူက သာမန်လူ မဖြစ်နိုင်ဘူး။ မင်းမှာသာ အရည်အချင်း တကယ် မရှိရင် သူတို့က မင်းကို ဒီအတိုင်း ဆေးလာ ကုခိုင်းပါ့မလား”

“ဒါ့အပြင် ဒီရက်ပိုင်း ငါ မင်းတို့အိမ်ရှေ့က ဖြတ်သွားတိုင်း တိုင်းရင်းဆေးနံ့တွေ အမြဲရနေတယ်။ ရှို့အာရဲ့ မျက်နှာ သွေးဆင်းရောင်ကလည်း အရင်ကထက် သိသိသာသာ ကောင်းလာပြီး ပိုကျန်းမာလာသလိုပဲ။ အထူးတလည် ပြောနေစရာ မလိုပါဘူး။ မင်း တိုင်းရင်းဆေးနဲ့ သေချာ ကုသပေးထားလို့ပဲ ဖြစ်ရမယ်”

ယန်ချုံးက ပြုံးရုံသာ ပြုံးနေပြီး ဘာမှ ပြန်မပြောပေ။

ဤရွှီတာ့မောက်သည် အတော်လေး ဉာဏ်ကောင်းပြီး အကြောင်းပြချက် ခိုင်ခိုင်လုံလုံဖြင့် ခွဲခြမ်းစိတ်ဖြာနိုင်သူ ဖြစ်သည်။

သူ စကားပြန် မပြောသည်ကို မြင်သောအခါ ရွှီတာ့မောက်က မိမိပြောသည်မှာ မှန်ကန်ကြောင်း သိလိုက်ပြီး ချက်ချင်းပင် ဆိုပြန်သည်။

“ချုံးဇစ်... မင်းကတော့ လုပ်ချလိုက်ပြန်ပြီ။ ဒီလောက် အရည်အချင်းတွေ ရှိနေတာ အစ်ကို့ကို မမေ့သင့်ဘူးလေ”

ယွီရှို့က အံ့အားသင့်သွားပြီး မေးသည်။

“အစ်ကိုတာ့မောက်... ဒီဆေးကုတဲ့ ကိစ္စကို အစ်ကိုက ဘာလုပ်မလို့လဲ။ အစ်ကိုမှ နေမကောင်းဖြစ်နေတာ မဟုတ်ဘဲ”

ရွှီတာ့မောက် ပြောချင်သော်လည်း တွန့်ဆုတ်နေပြီးနောက် ဆိုလေသည်။

“ရှို့အာ... ငါ မင်းကို မပြောဘူး။ ချုံးလေးကိုပဲ ပြောမယ်”

All Chapters