အခန်း (၃၃-၃၄)
Vol. 4 Ch. 33-34
အခန်း(၃၃)
ချင်ယန်သည် ခေါင်းကုတ်လိုက်မိသည်။
ထို့နောက် ပြုံးလိုက်ပြီး
"ဆရာမ... ကျွန်တော် လျှို့ဝှက် မထားတော့ပါဘူး.. တစ်ချိန်က ကျွန်တော့်ရဲ့ သက်တော်စောင့် အမကြီးက မှော်စာလုံးရေးနည်း အချို့ကို သင်ပေးခဲ့တယ်.. အခု ကျွန်တော် အဲဒါတွေကို လေ့ကျင့်ကြည့်မလို့ပါ"
ရန်ရှီးယုက လျှို့ဝှက်ချက်ကို သိပြီးနောက် ချင်ယန်၏ ခရမ်းရောင် သလင်းကျောက်ပြားများကို ယူလိုက်သည်။
"မင်းက မှော်စာလုံး ပညာရပ်ကို ရထားတာ တကယ် ကောင်းတယ်.. မင်းအတွက် လိုအပ်တဲ့ပစ္စည်းတွေ ငါအခုပဲ သွားဝယ်ပေးမယ်"
ချင်ယန်က ရန်ရှီးယု ထွက်ခွာသွားသည်ကို စောင့်ကြည့်လိုက်ပြီး သူ၏ အခန်းသို့ ပြန်ကာ ထူးဆန်းသော ပုံစံများ ရေးသားထားသော ဝါးပြားလေးကို ထုတ်ယူလိုက်သည်။
ဝါးပြားလေး၏ မျက်နှာပြင် တစ်ဖက်တွင် မှော်စာလုံး သုံးဆယ့်ခြောက်မျိုးကို ရေးသားထား၏။
သူသာ မှော်စာလုံး အစီအရင်များကို လက်တွေ့လေ့ကျင့်မည် ဆိုလျှင် အချိန်ကာလ တစ်ခု အရောက်တွင် ဝါးပြားလေးတွင် ပါဝင်သော ပညာရပ်များကို ကျွမ်းကျင်စွာ ရေးသားလာနိုင်ပေလိမ့်မည်။
ချင်ယန်က သူ၏လက်ထဲတွင် ကိုင်ထားသော ရှေးဟောင်းမှော်စာလုံး ပုံစံများကို သေချာစွာ ကြည့်၍ နှိုင်းဆချင့်ချိန်နေမိသည်။
ထို့နောက် သူ့ဘာသာ ရေရွတ်လိုက်၏။
"ငါဖတ်ထားတဲ့ စာအုပ်တွေထက်ကို ဒီမှော်စာလုံးတွေက ပိုပြီး ရှုပ်ထွေးနက်နဲနေတာပဲ... ပြီးတော့ စွမ်းအားလည်း အရမ်းကြီးတယ်... ဝေရှန်းခွန်ရဲ့ အပြာရောင်ဓားပေါ်က စာလုံးတွေက ရိုးရှင်းတဲ့ မှော်စာလုံးလေးတွေပဲ... ဒါကြောင့်လည်း ကျိုးလွယ် ပျက်လွယ်တာပေါ့.. ဝေရှန်းခွန်က တကယ်ပဲ အဲဒီဓားကို သူ့ရဲ့ သက်စောင့်ပစ္စည်းလို သဘောထားနေတာ ဆိုတော့ အဲဒီ စိတ်ဝိညာဉ် အသုံးအဆောင် ပစ္စည်းကို ပြုလုပ်တဲ့ ဆရာဝေက ဘယ်အဆင့်များလဲ"
အချိန်နှစ်နာရီ ကုန်ဆုံးသွားပြီးနောက် ရန်ရှီးယုသည် စာရွက်တစ်ထပ်နှင့်အတူ ချင်ယန် ရှိရာသို့ ရောက်လာခဲ့သည်။
"သလင်းကျောက်ပြား ငါးဆယ်ဖိုးကို စာရွက်တစ်ရာ ရတယ်.. ရေးထွင်းဓားကိုတော့ သလင်းကျောက်ပြား ငါးထောင် ပေးရတယ်"
ရန်ရှီးယုက ပစ္စည်းများကို ချင်ယန် ရှေ့ရှိ စားပွဲပေါ်သို့ တင်လိုက်ပြီး သံသယဖြစ်ဟန်ဖြင့် မေးလိုက်သည်။
"ညွှန်ကြားပြသမဲ့သူ မရှိဘဲ မင်း လုပ်နိုင်ပါ့မလား"
"အရင်ဆုံး ကြိုးစားကြည့်ရမှာပေါ့"
ချင်ယန်က အဆောင်စာရွက်များနှင့် ဓားကို စားပွဲပေါ်တွင် နေရာတကျ ထားလိုက်သည်။
ဓားပေါ်တွင် အစီအရင် မှော်စာလုံးများ ရေးထွင်းရန် အတွက် ကြေးနီကလောင်တံကို စိတ်စွမ်းအားနှင့် ပေါင်းစပ် အသုံးပြုရမည် ဖြစ်သည်။
ဓားဦးချွန် နေရာသည် လွန်စွာ သေးငယ်ပေရာ သေးငယ်သောအစက်လေးများသာ ချနိုင်ပေလိမ့်မည်။
ဓားဦးချွန်မှ အေးစိမ့်သော အလင်းတန်းများက မျက်စိကျိန်းလောက်အောင် ဝင်းလက် တောက်ပနေခဲ့၏။
ဓားရိုးသည် လုံးဝန်းသော ပုံသဏ္ဌာန် ရှိပြီး ထူးခြားသော မှော်စာလုံးများ လွယ်ကူစွာ ရေးထွင်းနိုင်ရန် အတွက် သွေးဝိဉာဉ်စွမ်းအင်များကို စုပ်ယူရပေလိမ့်မည်။
"ကလောင်တံကို သုံးပြီး အဆောင်စာရွက် ပေါ်မှာ မှော်အစီအရင်ကို ဖန်တီး ရေးဆွဲတာ အကောင်းဆုံးပဲ"
ရန်ရှီးယု ပြောလိုက်ခြင်း ဖြစ်သည်။
သူက မှော်စာလုံးပညာရပ်ကို မကျွမ်းကျင်သော်လည်း ဗဟုသုတ အနည်းငယ်တော့ ရှိသည်။
"အဲဒီနည်းလမ်းက ကောင်းတယ် ဆိုပေမဲ့ စိတ်တန်ခိုး စွမ်းအင်ကို စမ်းသပ်ဖို့နဲ့ လေ့ကျင့်ဖို့လောက်ပဲ အသုံးဝင်တယ်.. ကျွန်တော့်ရဲ့ နောက်ဆုံးပန်းတိုင်က လက်နက်တွေကို သန့်စင်ဖို့ပဲ... ဒါကြောင့် ကျွန်တော်က ဓားကို အသုံးပြုပြီး စာလုံးရေးထွင်းဖို့ စွမ်းအင်တွေကို ထုတ်ဖော်ပြီး အကောင်းဆုံး စတင်မယ်"
ချင်ယန်က မျက်လုံးများကို မှိတ်လိုက်ပြီး လွန်ခဲ့သောရက်များအတွင်း မှော်စာလုံး လေ့ကျင့်ခဲ့သည့် သူ၏ မှတ်ဉာဏ်များကို ပြန်လည် နှိုးဆွလိုက်သည်။
ယခင်က စုတ်တံကို အသုံးပြု၍ စာရွက်များပေါ်တွင် အကြိမ်ပေါင်းများစွာ ရေးဆွဲခဲ့ပြီးပြီ ဖြစ်သည်။
ထို့ကြောင့် ယခု သူ၏ သွေးဝိဉာဉ်စွမ်းအင်ကို ထုတ်ဖော်၍ ရေးဆွဲရပေမည်။
ချင်ယန်သည် သူ၏ စိတ်တန်ခိုးစွမ်းအားနှင့် ချီစွမ်းအင်များကို ပေါင်းစပ်၍ သွေးဝိညာဉ်စွမ်းအင် အတွင်းသို့ ပို့ဆောင်လိုက်သည်။
သွေးဝိညာဉ်စွမ်းအင် သိပ်သည်းလာလျှင် ဓားဦးချွန် ပေါ်တွင် မှော်စာလုံး အစီအရင်များကို ရေးသားရန် သွေးစွမ်းအင်များ ရရှိလာပေလိမ့်မည်။
ရန်ရှီးယုသည် ဘေးတွင်ရပ်၍ သူမ၏ လက်နှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ထားနေမိသည်။
သူမ၏ မျက်လုံးများက ချင်ယန်၏ လှုပ်ရှားမှုမှန်သမျှကို မလွတ်တမ်း စောင့်ကြည့်နေခဲ့၏။
သူမကို ကြည့်ရသည်မှာ သိချင်စိတ် ပြင်းပြနေသော ကလေးငယ် တစ်ဦး ကဲ့သို့ ချင်ယန်၏ လုပ်ဆောင်မှုများကို စပ်စုနေသလိုပင်။
ချင်ယန်က သူမ၏ အမူအရာကို မြင်လျှင် ပျော်ရွှင်ကြည်နူးမိတော့သည်။
အမြဲလိုလို အေးတိအေးစက်နှင့် စည်းကမ်းကြီးသော ဆရာမရန်သည် သူ၏ ဘေးတွင် ယခုကဲ့သို့ ချစ်စဖွယ်ကောင်းသော အမူအရာနှင့် စပ်စုနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
ချင်ယန် မျက်မှောင်ကြုတ်ကာ အာရုံစူးစိုက်လိုက်သည်။
သူ၏စိတ်ကို ထိန်းချုပ်၍ သွေးသားစွမ်းအင်နှင့် စိတ်တန်ခိုးစွမ်းအင်များကို သူ၏ ဒန်တျန်အတွင်းသို့ ပို့ဆောင်လိုက်ပြီး အတွင်းအားများနှင့် ဆက်သွယ်လိုက်သည်။
သူ၏ ကိုယ်တွင်းရှိ သွေးကြောများ အားလုံး ပွင့်ခဲ့ပြီ ဖြစ်၍ သူ၏ သွေးဝိဉာဉ်စွမ်းအင်ကို ချောမွေ့စွာပင် သိပ်သည်း ကျစ်လစ်စေနိုင်ခဲ့သည်။
အချိန်တော်ကြာပြီးနောက် ချင်ယန်သည် ဓားကို မြဲမြံစွာ ကိုင်၍ စာလုံးများ စတင်ရေးထွင်းရန် ကြိုးစားလိုက်၏။
သွေးနီရောင် ရေစက် တစ်စက်သည် ဓား၏ ထိပ်ဖျားမှ စိမ့်ထွက်လာခဲ့သည်။
သေချာစွာ လေ့လာကြည့်လျှင် ထိုအရာသည် အနီရောင်ရေစက် မဟုတ်ဘဲ အနီရောင် သွေးစက်တစ်ခုသာ ဖြစ်သည်။
မြင်နေရသော ထိုသွေးစက်တွင် သန့်စင်သော စွမ်းအားများ ပါဝင်နေ၏။
ရန်ရှီးယု၏ လှပသော မျက်နှာတွင် အံ့အားသင့်ဟန်များ ပေါ်နေခဲ့သည်။
"ဒါကို ဘယ်လိုလုပ်လိုက်တာလဲ.. ဒါက သွေးဝိညာဉ်စွမ်းအားပဲ... မှော်စာလုံး အစီအရင်ဆရာရဲ့ သင်ပြမှု မပါဘဲ သွေးချီစွမ်းအင်ကို ထုတ်ဖော်ဖို့က အရမ်းခက်ခဲတယ်.. စိတ်တန်ခိုးစွမ်းအားနဲ့ အတွင်းအားကိုလည်း ပေါင်းစည်းရသေးတယ်... သင်ပေးတဲ့ ဆရာရှိတာတောင် မင်းလို လုပ်နိုင်ဖို့ မဖြစ်နိုင်သလောက်ပဲ... မင်းက ဒီပညာရပ်ကို အားလုံး လေ့ကျင့်ထားပြီးပြီလား"
ချင်ယန်က ပြုံးလိုက်ပြီး ခေါင်းခါယမ်းလိုက်သည်။
ထို့နောက်
"ကျွန်တော့်ရဲ့ သွေးဝိညာဉ်စွမ်းအားကို ဘယ်လိုကျစ်လစ်ခိုင်မာအောင် လုပ်ရမလဲ ကျွန်တော် မသိဘူး... ကျွန်တော့်ရဲ့ လုပ်ဆောင်ချက် အောင်မြင်တာက ခဏလေးပဲ... အဲဒီပညာရပ်ကို ကျွန်တော် လုံးဝ မကျွမ်းကျင်သေးဘူး... ဆရာမကြည့်လေ... သွေးဝိညာဉ်စွမ်းအားက ဓားထဲ ပြန်ဝင်သွားခဲ့ပြီ... အဲဒါက လုံးဝ မတည်ငြိမ်သေးတဲ့ လက္ခဏာပဲ"
ရန်ရှီးယုသည် ဓါးရိုးကို ဆုပ်ကိုင်ထားသော ချင်ယန်၏ လက်သည် မရပ်မနား တုန်ခါလာသည်ကို တွေ့လိုက်ရ၏။
သွေးဝိညာဉ်စွမ်းအင်ကို ရေရှည် မထိန်းချုပ်နိုင်လျှင် အဆောင်စာရွက် ပေါ်တွင် မှော်စာလုံး အစီအရင် သင်္ကေတများကို ရေးဆွဲရန် ဖြစ်နိုင်မည် မဟုတ်ချေ။
ချင်ယန် ကူကယ်ရာမဲ့စွာ ခံစားလိုက်ရသည်။
သူ၏ သွေးဝိညာဉ်စွမ်းအင်များစွာကို ဖြုန်းတီးပစ်ခဲ့မိချေပြီ။
"ဒါကို ကျွမ်းကျင်ဖို့က အချိန်တစ်ခု ပေးမှရမယ်.. ကျွန်တော့်ရဲ့ အခန်းဆီ ပြန်ပြီး လေ့ကျင့်လိုက်ဦးမယ်"
ရန်ရှီးယုသည် အားပေးသော အကြည့်ဖြင့် ကြည့်လိုက်ပြီး ချင်ယန်၏ ခေါင်းကို လက်ဖြင့် ပွတ်လိုက်သည်။
ထို့နောက် ပြုံးလိုက်ပြီး
"ခက်ခဲတဲ့အလုပ် ဆိုပေမဲ့ မင်းရဲ့ နားလည်နိုင်စွမ်းနဲ့ သေချာပေါက် အောင်မြင်မှာပါ... ဒီရက်အတွင်း လေခွဲသိုင်းပညာရပ်ကို ငါဖတ်ထားပြီးတော့ မင်း နားလည်အောင် မှတ်ချက်တွေ ရေးပေးထားမယ်... ဒါမှ မင်း လေ့ကျင့်တဲ့အခါ လွယ်ကူလိမ့်မယ်"
"ကျေးဇူးတင်ပါတယ် ဆရာမ"
ထို့နောက် ချင်ယန်သည် အခန်းသို့ပြန်၍ မှော်စာလုံးပညာရပ်ကို လေ့ကျင့်နေခဲ့သည်။
အခန်းအတွင်း၌ ချင်ယန်သည် သူ၏ သွေးဝိညာဉ်စွမ်းအားများကို ဓားသွား အတွင်း ပို့ဆောင်နေ၏။
သို့သော် သူ၏ လက်သည် တုန်ခါလာပြန်သည်။
ထိုအရာ၏ အဓိက အကြောင်းပြချက်သည် ပမာဏကြီးမားသော သွေးဝိညာဉ်စွမ်းအင်ကို ဓားသွားအတွင်း မထည့်သွင်းနိုင်ခြင်းကြောင့် ဖြစ်သည်။
ယင်းကြောင့် တည်ငြိမ်အောင်ပြုလုပ်ရန် လွန်စွာ ခက်ခဲနေခြင်း ဆိုလည်းမမှားပေ။
ချင်ယန်က ချင့်ချိန်တွေးဆနေခဲ့၏။
[ဒါကိုလုပ်ဖို့ သွေးဝိညာဉ်စွမ်းအင် အရမ်းသန်မာဖို့ လိုတာများလား.. ငါ့ရဲ့ အတွင်းအားက မီးသဘာဝ စွမ်းအင်ကိုပဲ ကျစ်လစ်ခိုင်မာစေတယ်... တုန်ခါမှုကို ခိုင်မာအောင် မပြုလုပ်နိုင်သေးဘူး]
ချင်ယန်သည် အဆင့်ငါး သိုင်းခန္ဓာနယ်ပယ် အတွင်းသို့ ရောက်ရှိပြီးနောက် တုန်ခါခြင်း ယွမ်မျိုးစေ့သည် ပိုမို နက်နဲကာ ကြောက်ရွံ့ဖွယ် ကောင်းလာခဲ့သည်။
ထိုစွမ်းရည်ကို ညင်သာစွာ အသုံးပြုရန် မဖြစ်နိုင်သေးချေ။
နာရီပေါင်းများစွာ ကြိုးစားပြီးနောက် ချင်ယန် အကြောင်းရင်း တစ်ခုကို တွေ့လိုက်ရတော့သည်။
ယင်းကြောင့် သွေးဝိညာဉ်စွမ်းအင်ကို တည်ငြိမ်စေရန် မလုပ်နိုင်ခြင်း ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် သွေးသားစွမ်းအင်၊ စိတ်တန်ခိုးစွမ်းအင်နှင့် အတွင်းအား တို့ကို ပေါင်းစည်းရာတွင် ပမာဏတူညီစွာ အသုံးမပြုနိုင်ခြင်းကြောင့်ပင်။
ထိုအချက်ကို တွေ့ရှိပြီးနောက် ချင်ယန်သည် စတင်ကာ တစ်ကြိမ်ပြီး တစ်ကြိမ် ကြိုးစားတော့သည်။
အချိန်များစွာ ကြာမြင့်ပြီးနောက် ချင်ယန်သည် အနေအထားတစ်ခုသို့ ရောက်ရှိသွားခဲ့၏။
ချင်ယန်သည် မတူညီသော စွမ်းအင် သုံးမျိုးကို တူညီသော ပမာဏ တစ်ခုဖြင့် ပေါင်းစည်းလာနိုင်ခဲ့သည်။
ယင်းအချိန်တွင် ကောင်းကင်၌ ကြယ်များပင် တောက်ပစွာ လင်းလက်နေခဲ့ချေပြီ။
"ငါ အနားယူဖို့ လိုနေပြီ... ငါ့ရဲ့ သွေးဝိညာဉ်စွမ်းအင်ကို ကျစ်လစ်ခိုင်မာအောင် လုပ်တာနဲ့တင် ခြေကုန်လက်ပန်း ကျသွားပြီ"
ချင်ယန်သည် ခက်ခဲသော အနေအထား တစ်ခုထိ ရောက်ရှိအောင် လေ့ကျင့်နိုင်ခဲ့၍ ပျော်ရွှင်နေခဲ့သည်။
သူက အိပ်ရာပေါ်သို့ ခုန်တက်လိုက်ပြီး အိပ်စက်လိုက်တော့သည်။
ချင်ယန်သည် အိပ်စက်နေစဉ် အတွင်း၌ပင် ယန်စွမ်းအင်ကိုးပါး ပုလဲလုံးများမှ ဝိဉာဉ်စွမ်းအင် ကိုးမျိုးကို စုပ်ယူနေပေရာ သူ၏ ကုန်ဆုံးသွားသော ဝိညာဉ်စွမ်းအင်များသည် လျင်မြန်စွာ ပြန်လည် ပြည့်ဝလာခဲ့သည်။
အမြဲလိုလိုပင် ရန်ရှီးယုသည် နံနက်စောစော ထ၍ အစားအသောက်များကို စီစဉ်မြဲ ဖြစ်သည်။
သို့သော် ချင်ယန် အတွက်မူ နံနက် အစောပိုင်း၌ ကျရောက်သည့် နေရောင်ခြည်များတွင် ပါဝင်သော ဝိညာဉ်စွမ်းအင် ကိုးမျိုးက သူ၏ ဝိညာဉ်စွမ်းအင်များကို မြင့်တက်စေပြီး သူ၏ ကျင့်ကြံမှုကို ကူညီနေခြင်းသည် ပို၍ စိတ်လှုပ်ရှားဖွယ် ဖြစ်နေခဲ့သည်။
နံနက်စာစားပြီးနောက် ချင်ယန်က သူ၏အခန်းသို့ ပြန်၍ မှော်စာလုံးပုံစံများကို ဆက်လက်လေ့ကျင့်နေခဲ့သည်။
"ဒီနေ့ သေချာပေါက် ငါအောင်မြင်လိမ့်မယ်"
မကြာမီ ချင်ယန်သည် ပမာဏအနည်းငယ် ရှိသော သွေးဝိညာဉ်စွမ်းအင်များကို ဓားသွားပေါ်တွင် စုစည်းနိုင်ခဲ့သည်။
သူ၏လက်သည် တည်ငြိမ်နေခဲ့ချေပြီ။
"ကောင်းပြီ... မှော်စာလုံး စရေးကြည့်မယ်"
ချင်ယန်သည် ကျေနပ်အားရစွာဖြင့် ဓားကို ကိုင်ထားကာ အဆောင်စာရွက် ပေါ်တွင် မှော်စာလုံး အစီအရင်ကို ဂရုတစိုက် စတင် ရေးသားခဲ့သည်။
ဓား၏ ထိပ်ဖျားသည် အဆောင်စာရွက်ကို လုံးဝ မထိချေ။
ဓားဖျားပေါ်ရှိ သွေးဝိညာဉ်စွမ်းအင် အစက်ကို အသုံးပြု၍ အဆောင်စာရွက် ပေါ်တွင် ရေးသားရမည် ဖြစ်သည်။
ချင်ယန်သည် စုတ်တံကို အသုံးပြု၍ မှော်စာလုံးများကို အဆောင်စာရွက် ပေါ်တွင် လွယ်ကူစွာ ရေးဆွဲရန် စဉ်းစားထား၏။
"မီးမှော်စာလုံး"
ထိုအစီအရင်တွင် ပင်ကိုသဘာဝစွမ်းရည် ပါဝင်သည်။
သူက အမှောင်လိုင်း ရေးဆွဲနည်းကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
ချင်ယန်သည် စာအုပ်များမှ ဖတ်ရှူထားသည့် အရာများကို ပြန်လည်ဘစဉ်းစားလိုက်သည်။
အမှောင်လိုင်း ရေးသားနည်း ဟူသည် အစီအရင်များကို ပေါ်လွင်ခြင်း မရှိစေရန် ရေးဆွဲခြင်း ဖြစ်သည်။
လူအများ ရှေ့တွင် သူ ရေးထွင်းခဲ့လျှင်ပင် သူ၏ မှော်အစီအရင်ကို မည်သူမှ တုပနိုင်မည် မဟုတ်ပေ။
"အမှောင်လိုင်း ရေးသားမှု အပိုင်းက အရမ်းရှုပ်ထွေးတယ်... ဒါပေမဲ့ အရာအားလုံးရဲ့ အချက်အချာ ဖြစ်တဲ့အပြင် အခက်ခဲဆုံး အပိုင်းပဲ"
ချင်ယန်သည် အမှောင်လိုင်း ရေးဆွဲခြင်း အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။
သူကြည့်နေစဉ် အတွင်းမှာပင် အဆောင်စာရွက် ပေါ်မှ မှော်စာလုံး အစီအရင်သည် မှေးမှိန် ပျောက်ကွယ်သွားခဲ့သည်။
ချင်ယန်သည် နောက်တစ်ခုကို ထပ်မံ၍ စတင် ရေးဆွဲလိုက်သည်။
တောက်ပသော ကောက်ကြောင်းများသည် အတန်အသင့် လှပနေခဲ့၏။
ယေဘုယျ ပြောရလျှင် ထိုအရာသည် ပန်းချီကားချပ်နှင့် ခပ်ဆင်ဆင် တူသည်။
ချင်ယန် ရေးဆွဲထညးသော တောက်ပသော ကောက်ကြောင်းသည် မီးတောက် အစီအရင် တစ်ခု ဖြစ်သည်။
ယင်းက အလွန်ထက်ရှသော ခြိမ်းခြောက်မှုကို ပေးစွမ်းနေ၏။
ချင်ယန်၏ အမူအရာက တည်ကြည်လေးနက်နေခဲ့သည်။
သူ့တွင် ကူညီသူ မရှိခဲ့သော်လည်း စိုးရိမ်မှု မရှိခဲ့ချေ။
သူ၏ စိတ်အာရုံက မှော်စာလုံး ရေးသားခြင်းကိုသာ စူးစိုက်နေခဲ့သည်။
ချင်ယန်၏ ရေးဆွဲမှုက ပြီးဆုံးသွားခဲ့သည်။
ယခင်က သူ၏ ရေးဆွဲမှုသည် အသက်မပါသကဲ့သို့ ဖြစ်ခဲ့၏။
ယခုအခါတွင်မူ အဆောင်စာရွက်ပေါ်မှ မှော်စာလုံးသည် သွေးဝိညာဉ် စွမ်းအားကြောင့် ရုပ်လုံးကြွကာ အသက်ဝင်နေခဲ့သည်။
အခန်း(၃၃) ပြီး၏
အခန်း(၃၄)
"ငါအောင်မြင်သွားခဲ့ပြီ... ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘာမှ စဉ်းစားဖို့မလိုဘူး... ငါက ဒီပညာရပ်မှာ အရမ်းကို ပါရမီပါတာပဲ ဖြစ်မယ်"
ချင်ယန်တွင် ကူညီသူ မရှိခဲ့သော်လည်း သူ၏ လက်ကောက်ဝတ် အတွင်း၌ တည်ရှိနေသော ယန်စွမ်းအင်ကိုးပါးပုလဲစေ့များကို တွေ့ရှိခဲ့ခြင်းက သူ့ဘဝကို အပြောင်းအလဲ တစ်ခု ဖြစ်လာစေခဲ့သည်။
ချင်ယန် စဉ်းစားနေရာမှ တီးတိုး ရေရွတ်လိုက်သည်။
"ယန်စွမ်းအင်ကိုးပါး ပုလဲစေ့တွေကို ဖြတ်ကျော် စီးဆင်းလာတဲ့ ဝိညာဉ်စွမ်းအင် ကိုးမျိုးက ငါ့ရဲ့စိတ်စွမ်းအင်ကို ကျစ်လစ်ခိုင်မာစေပြီး ပညာရပ်တွေ အပေါ်မှာ နားလည် သိမြင်နိုင်စွမ်း တိုးတက်စေတာများလား"
ယန်စွမ်းအင်ကိုးပါး နတ်ဘုရားစိတ်အာရုံသည် သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းကာ ပုန်းကွယ်နေခြင်း ဖြစ်သည်။
ချင်ယန်၏ အဓိကပန်းတိုင်မှာ လက်ရှိ သိုင်းခန္ဓာနယ်ပယ်ကို အဆင့်မြှင့်တင်၍ သဘာဝခန္ဓာကိုယ်အဖြစ် ပျိုးထောင်ရန် ဖြစ်သည်။
သို့မှသာ သိုင်းတာအို နယ်ပယ်သို့ အဆင့်တက်နိုင်ပြီး စိတ်ဝိညာဉ်ကို စတင် လေ့ကျင့်နိုင်ပေမည်။
ထိုသို့သော အဆင့်ကို ရောက်မှသာ အလွန် အားကောင်းသော စိတ်စွမ်းအားကို ပိုင်ဆိုင်ပေလိမ့်မည်။
"ဆရာမ.. ကျွန်တော့်ရဲ့ မီးစွမ်းအင် မှော်စာလိပ်ကို ကြည့်ပါဦး"
ချင်ယန်က သူပြုလုပ်ထားသော မီးစွမ်းအင်မှော်စာလိပ်ကို ယူဆောင်ကာ အခန်းအပြင်သို့ ထွက်လာခဲ့သည်။
သူ၏ ထူးချွန်မှုအပေါ် လှပသော ဆရာမ၏ ချီးကျူးမှုကို ခံယူလို၍ အော်ဟစ်နေခြင်း ဖြစ်သည်။
ထိုအချိန်တွင် ရန်ရှီးယုသည် လေခွဲသိုင်းကျမ်းကို အလွန် စိတ်ဝင်စားစွာ ဖတ်ရှုနေခဲ့သည်။
သူမက စာအုပ်ကို ဖတ်ရှုနေသော်လည်း ချင်ယန်၏ အော်သံနှင့် လှုပ်ရှားမှုများကို သိနေခဲ့၏။
"ဘယ်လောက်ထိ တိုးတက်လာပြီလဲ"
ရန်ရှီးယုက ညင်သာစွာ ပြောလိုက်သော်လည်း သူမ၏ လှပသော မျက်လုံးများကမူ လေခွဲသိုင်းကျမ်းကိုသာ ကြည့်နေခဲ့သည်။
"ဆရာမ... မီးဓာတ်စွမ်းအင် မှော်စာလိပ်ကို ကျွန်တော် အောင်မြင်သွားပြီ... စွမ်းအား ဘယ်လောက် ရှိလဲ ဆိုတာတော့ ကျွန်တော် မသိဘူး"
ချင်ယန်က သူ၏ လက်ထဲတွင် ကိုင်ထားသော မှော်စာလိပ်ကို ပြကာ ပြောလိုက်သည်။
ရန်ရှီးယုက ခုံပေါ်တွင် ထိုင်နေရာမှ ချင်ယန်၏ စကားကြောင့် ချက်ချင်းပင် ထခုန်မိမတတ် ဖြစ်သွားခဲ့၏။
သူမက ချင်ယန်၏ လက်ထဲတွင် ကိုင်ထားသော မှော်စာလိပ်ကို ယူလိုက်သည်။
"အားပါးပါး... ရှုပ်ထွေးနက်နဲတဲ့ မှော်အစီအရင်... ဒါပထမဆုံးအကြိမ် ငါမြင်ဖူးတဲ့ မီးစွမ်းအင် မှော်စာလိပ်ပဲ... ဒီမှော်စာလုံးအစီအရင်တွေကို သင်ပေးခဲ့တဲ့ မင်းရဲ့ သက်တော်စောင့်က အရမ်းကို ရှားပါးတဲ့ ပါရမီရှင်တစ်ဦး ဖြစ်လိမ့်မယ်... သူက မင်းရဲ့ ပင်ကိုပါရမီကို သတိထားမိလို့ မင်းရဲ့ အနာဂတ်အတွက် ကြိုတင်စဉ်းစားပြီး သင်ပေးခဲ့တာပဲ... မှော်အစီအရင်တွေကို အဆင့်နိမ့်၊ အလယ်အလတ်နဲ့ အဆင့်မြင့် ဆိုပြီး ခွဲခြားထားတယ်"
(နောက်ပိုင်းတွင် ထိုသုံးဆင့်ထက် ပိုမြင့်သော အဆင့်များ ထပ်မံ ပါလာပေမည်)
"ကျွန်တော် မသိဘူး"
ချင်ယန် အမှန်တကယ်ပင် ထိုသတ်မှတ်ချက်များကို မသိခဲ့ချေ။
ဝါးပြားလေးပေါ်တွင် သုံးဆယ့်ခြောက်မျိုးသော မှော်စာလုံးများ၏ အမည်ကိုပင် ရေးသားထားခြင်း မရှိပေ။
"မှော်စာလိပ်ရဲ့ စွမ်းအားကို စမ်းသပ်ကြည့်ရအောင်"
ရန်ရှီးယုမှ ဆက်လက်၍
"မင်းရဲ့ ပင်ကိုစွမ်းရည်အရ မှော်စာလုံး အစီအရင်တွေကို ဒီထက် ပိုလုပ်နိုင်မှာပါ... ဆရာ မရှိဘဲ ကိုယ်ပိုင်နည်းလမ်းနဲ့ မီးစွမ်းအင် မှော်စာလိပ်ကို ဖန်တီးနိုင်ခဲ့တယ်... ဒီမှော်စာလိပ်ရဲ့စွမ်းအား ဘယ်လောက်ရှိလဲ စမ်းကြည့်ရအောင်.. အခြား မှော်စာလိပ်တွေရဲ့ စွမ်းအားကိုတော့ ငါမြင်ဖူးတယ်"
မှော်စာလိပ် အပေါ်တွင် ထားရှိသော ရန်ရှီးယု၏ မျှော်လင့်ချက်က လွန်စွာ သန့်ရှင်းသည်။
ချင်ယန်အနေဖြင့် ဤကဲ့သို့ ဖန်တီးနိုင်ခြင်းသည် အသက်ငယ်ငယ်နှင့် အဆင့်မြင့် မှော်အစီအရင် ပညာရှင် တစ်ဦး ဖြစ်လာမည့် အဓိပ္ပာယ်ပင်။
ရန်ရှီးယုနှင့် ချင်ယန် တို့သည် ကျောက်တုံးများဖြင့် တည်ဆောက်ထားသော သိုင်းလေ့ကျင့်ရေး ခန်းမ တစ်ခုသို့ သွားရောက်လိုက်ကြသည်။
ရန်ရှီးယုသည် သူမ၏ စိတ်စွမ်းအားကို အသုံးပြု၍ မီးစွမ်းအင် မှော်စာလိပ်ကို အဝေးသို့ ပစ်လွှတ်ကာ တောက်လောင်စေလိုက်သည်။
ရန်ရှီးယုသည် မှော်စာလိပ်ကို မပစ်လွှတ်မီတွင် သူမ၏ ချီစွမ်းအင်များဖြင့် အကာအကွယ်အလွှာ တစ်ခုကို အလျင်အမြန် ဖန်တီး၍ ကာကွယ်ထားလိုက်သည်။
"ဝုန်း..."
မီးစွမ်းအင် မှော်စာလိပ် ပေါက်ကွဲသွားခဲ့ပြီး ရုန့်ရင်းသော မီးလှိုင်းလုံးကြီး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ရန်ရှီးယု ဖန်တီးထားသော ချီစွမ်းအင် အကာအကွယ် နေရာမှလွဲ၍ ကျောက်တုံးခန်းမကြီး တစ်ခုလုံး မီးများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
မှော်စာလိပ်မှ ထွက်ပေါ်လာသော မီးတောက်သည် လွန်စွာပူပြင်းနေခဲ့သည်။
တခဏအတွင်း သူမ၏ အကာအကွယ် ပျက်စီးသွားတော့မည်ကို သိရှိသော ရန်ရှီးယုသည် ချင်ယန်၏ လက်ကို ဆွဲ၍ တံခါးပေါက်မှ တစ်ဆင့် ပြင်ပသို့ ခုန်ထွက်လိုက်သည်။
တောက်လောင်နေသော မီးသည် တခဏအတွင်းမှာပင် အရှိန်လျော့ကျလာပြီး ငြိမ်းသွားခဲ့သည်။
အခန်းအပြင်သို့ ရောက်လျှင် ရန်ရှီးယုသည် အသက်ပြင်းပြင်းရှူလိုက်ပြီး အံ့အားသင့်စွာ ပြောလိုက်သည်။
"ဒီမီးစွမ်းအင် မှော်စာလိပ်က တကယ်ကို ပြင်းထန်လွန်းတယ်... အစွမ်းထက်တဲ့ သိုင်းပညာရှင်တွေရဲ့ အားကောင်းတဲ့ အကာအကွယ် တချို့က လွဲရင် လူတော်တော်များများက ဒီမှော်စာလိပ်ရဲ့ စွမ်းအားကို မကာကွယ်နိုင်ဘဲ မီးလောင်သေဆုံးသွားလိမ့်မယ်... မင်းအသုံးပြုတဲ့ အခါမှာလည်း မင်းကို ပြန်ပြီး မလောင်ကျွမ်းဖို့ သေချာ ဂရုစိုက်မှဖြစ်မယ်"
"ဆရာမ... ဒီလို မီးစွမ်းအင် မှော်စာလိပ်မျိုးကို ရောင်းလို့ရလား"
ချင်ယန်သည် အနာဂတ်ကာလတွင် သလင်းကျောက်ပြားများစွာ လိုအပ်မည် ဖြစ်၍ မေးလိုက်ခြင်း ဖြစ်သည်။
"ရောင်းနိုင်တာပေါ့.. မင်းရဲ့ အနာဂတ်မှာ သလင်းကျောက်ပြား မရှိမှာကို စိုးရိမ်စရာ မလိုတော့ဘူး"
ရန်ရှီးယု တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
သို့သော် သူမ၏ ရင်ထဲတွင်မူ ကသောင်းကနင်းဖြင့် အီလည်လည် ခံစားနေရသည်။
ချင်ယန်သည် သင်ကြားပြသသူ မရှိဘဲ နှစ်ရက်အတွင်း၌ ယခုကဲ့သို့ စွမ်းအင် ကြီးမားသော မှော်စာလိပ်ကို ပြုလုပ်နိုင်ခဲ့သည်။
ထို့ပြင် သူ၏ အသက်သည် ဆယ့်ငါးနှစ်သာ ရှိသေး၏။
ဆက်လက်၍ သင်ယူသွားမည် ဆိုလျှင် မှော်အစီအရင်များကို ပိုမို ကျွမ်းကျင်လာပြီး နာမည်ကျော်ကြား ထင်ရှားသူ တစ်ဦး ဖြစ်လာပေလိမ့်မည်။
ထိုအချိန်သို့ရောက်လျှင် လူများစွာသည် အောက်ကျို့ခံကာ အကူအညီများ တောင်းခံကြပေလိမ့်မည်။
ယင်းနောက် သြဇာအာဏာ လွန်စွာ ကြီးမားသူ တစ်ဦး ဖြစ်လာပေလိမ့်မည်။
"အခုအချိန်မှာတော့ မီးစွမ်းအင် မှော်စာလိပ် တချို့ကို အကာအကွယ် အနေနဲ့ မင်းအသုံးပြုလို့ရတယ်.. မင်းပြုလုပ်ထားတဲ့ မီးစွမ်းအင် မှော်စာလိပ်က အရမ်းကို စွမ်းအားကြီးတယ်... ဒါကို မင်းရဲ့ အပြင်ထွက် လေ့ကျင့်မှု ကာလအတွင်းမှာ အသုံးပြုနိုင်တယ်"
ရန်ရှီးယုသည် နောက်ပိုင်း ကာလများအတွက် စဉ်းစားပြီးနောက် ရင်မောစွာ သက်ပြင်းချလိုက်မိသည်။
ကျောက်တုံးခန်းမ အတွင်းမှ မီးစွမ်းအင် မှော်စာလိပ်၏ ပေါက်ကွဲမှုကြောင့် သူမ၏ ရင်ထဲတွင် ယခုတိုင် ကြောက်ရွံ့တုန်လှုပ်နေခဲ့သည်။
ချင်ယန်၏ အနာဂတ်သည် လွန်စွာ တောက်ပနေမည်ကို သူမသိရှိနေ၍ ပိုမို စိတ်လေးနေမိခြင်း ဆိုလည်းမမှားပေ။
ချင်ယန်သည် အမှန်တကယ် အံ့အားသင့်ဖွယ်ကောင်းသည့် မှော်အစီအရင် ပညာရှင် တစ်ဦး ဖြစ်လာပေလိမ့်မည်။
"ဆရာမ... သဏ္ဌာန်ခြောက်မျိုး လေခွဲသိုင်းကျမ်းကို ဘယ်အထိ ဖတ်ပြီးပြီလဲ"
"မင်းလေ့ကျင့်တဲ့အခါမှာ ဂရုစိုက်ရမယ်... ငါ့အမြင် ပြောရရင် သဏ္ဌာန်ခြောက်မျိုး လေခွဲသိုင်းကျမ်းရဲ့ စွမ်းအားတွေ ထုတ်ဖော် အသုံးပြုဖို့ အတွက် လက်နက်ကောင်း တစ်ခု လိုတယ်"
ရန်ရှီးယု၏ ဆွဲဆောင်မှုရှိသော မျက်လုံးများက ရုတ်တရက် အရောင် တောက်ပလာခဲ့၏။
"ချင်ယန်... စိတ်ဝိညာဉ်လက်နက် တစ်ခုလောက် ကြိုးစားပြီး မလုပ်ချင်ဘူးလား"
"စိတ်ဝိညာဉ်လက်နက်နဲ့ အသုံးအဆောင်ပစ္စည်းတွေ လုပ်ဖို့က အရမ်းခက်ခဲတယ်... အချိန်တိုလေး အတွင်း မအောင်မြင်နိုင်ဘူး"
ချင်ယန်သည် ယခင်ကပင် မှော်စာလုံး အစီအရင်များကို လေ့ကျင့်ရေးဆွဲခဲ့ပြီးပြီ ဖြစ်သည်။
အချို့စာလုံး ပုံစံများသည် ရေးဆွဲရန် လွန်စွာ ခက်ခဲသည်ကို တွေ့ရှိခဲ့ရသည်။
စိတ်ဝိညာဉ် လက်နက်တစ်ခုကို အောင်မြင်စွာ ပြုလုပ်ရန် အတော်လေး ခက်ခဲသည့် အပြင် မာကျောသော လက်နက်ပေါ်တွင် မှော်စာလုံး အစီအရင်ကို ရေးထွင်းရလိမ့်မည် ဖြစ်သည်။
"ဟုတ်သားပဲ"
ရန်ရှီးယုက ခေါင်းညိတ်လိုက်သည်။
"အဲဒါကို ဖြည်းဖြည်းလုပ်ပါ... အလောတကြီး လုပ်စရာ မလိုဘူး... အခု မင်းရဲ့ မှော်စာလိပ်တွေနဲ့တင် လုံလောက်နေပါပြီ"
ထိုအခိုက် ချင်ယန်က အတွေးတစ်ခု ရလိုက်သည်။
"ဆရာမ... ကျွန်တော့်ကို ကူညီပြီး ရိုးရိုးဓားနှစ်ချောင်း ဝယ်ပေးပါဦး... ပထမဆုံး စိတ်ဝိညာဉ်မှော်စာလုံးအစီအရင်ကို သာမန်ဓားတွေ ပေါ်မှာ ရေးထွင်းလေ့ကျင့်တာ ပိုကောင်းမယ်.. အဲဒါက အရမ်းကြီးတော့ မခက်ခဲလောက်ပါဘူး"
ရန်ရှီးယု ခေါင်းညိတ်လိုက်၏။
"သာမန်ဓားတစ်လက် ဝယ်ပြီးရင် နောက်တစ်လက်က ပိုကောင်းတာကို ဝယ်သင့်တယ်... ရွှေပြားတစ်သောင်းတန်လောက်ပေါ့... အကယ်၍ လက်နက်ပေါ်မှာ မင်းရဲ့ မှော်စာလုံးအစီအရင် ရေးထွင်းတာ အောင်မြင်ခဲ့ရင် မင်းဝယ်ရတဲ့ ဈေးနှုန်းထက် တန်ဖိုးအများကြီး ပိုတက်သွားမယ်"
ချင်ယန်က ခေါင်းညိတ်၍ ခရမ်းရောင် သလင်းကျောက်ပြား နှစ်ဆယ်ကို ရန်ရှီးယု ထံသို့ ပေးလိုက်ပြီး သူမ၏ အကြံပေးချက်အတိုင်း ဝယ်ရန် သဘောတူလိုက်သည်။
ရန်ရှီးယုကို စောင့်ဆိုင်းနေရင်း ချင်ယန်သည် ခေါင်းခါယမ်းလိုက်မိသည်။
သူ၏ လက်ထဲတွင် ခရမ်းနုရောင် သလင်းကျောက်ပြား အရေအတွက် အနည်းငယ်သာ ကျန်ရှိတော့၏။
မှော်စာလုံးအစီအရင် လမ်းစဥ်ကို လေ့လာသင်ယူရန် အရင်းအနှီးများ ပိုမို လိုအပ်ပေလိမ့်မည်။
နာရီအနည်းငယ် ကြာပြီးနောက် ရန်ရှီးယုသည် ဆေဘာဓား နှစ်ချောင်းနှင့်အတူ ပြန်လည် ရောက်ရှိလာခဲ့သည်။
သူမ၏ လက်ထဲမှ ဆေဘာဓါးနှစ်ချောင်းကို ပြ၍ ပြောလိုက်သည်။
"ဒီဆေဘာဓားတွေကို ဝိညာဉ်သံနဲ့ ပြုလုပ်ထားတာ... ကျောင်းသား အများစုက ဒီလို လက်နက်တွေကိုပဲ အသုံးပြုကြတယ်"
"ဓားတွေပေါ်မှာ အောင်အောင်မြင်မြင်နဲ့ မှော်အစီအရင် တစ်ခု ရေးထွင်းနိုင်တာနဲ့ စိတ်ဝိညာဉ်ရတနာ တစ်ပိုင်း ဖြစ်သွားတာလား"
ချင်ယန်က လက်ထဲတွင် ကိုင်ထားသော ဆေဘာဓားနှစ်ချောင်းကို အကြိမ် အနည်းငယ် ဝှေ့ယမ်း ကစားကြည့်လိုက်သည်။
ဆေဘာဓား တစ်ချောင်းစီသည် ပေါင်တစ်ရာခန့် လေးလံသော်လည်း ချင်ယန် အလွန် ပေါ့ပါးသွက်လက်စွာ လှုပ်ရှားနိုင်ခဲ့သည်။
ရန်ရှီးယုမှ
"ဒီဓားရဲ့ပုံစံက ပါးလွှာတဲ့ အတွက် ပေါ့ပါးသွက်လက်တယ်... ဒဏ်ရာ ပြင်းပြင်းထန်ထန် ရစေနိုင်တယ်... အကယ်၍ ဝိညာဉ်သံကို ပိုအသုံးပြုခဲ့ရင် ဓားရဲ့ အလေးချိန်က ဂျင်နှစ်ရာ သုံးရာလောက် လေးသွားလိမ့်မယ်"
ချင်ယန်က ဆေဘာဓား နှစ်ချောင်းကိုယူ၍ သူ၏ အခန်းသို့ ဝင်သွားခဲ့သည်။
ရန်ရှီးယုသည် လေခွဲသိုင်းကျမ်းကိုသာ ဆက်လက် ဖတ်ရှုနေခဲ့၏။
အခန်းအတွင်း၌ ချင်ယန်သည် စိတ်ကို တည်ငြိမ်စေရန် ထိန်းချုပ်လိုက်ပြီး မှော်စာလုံးများ ရေးထွင်းရန် စတင် ကြိုးစားလိုက်သည်။
ချင်ယန်၏ အစီအစဉ်မှာ ရိုးရှင်းသော အခြေခံ မှော်စာလုံး ရေးသားခြင်း နည်းလမ်းများကို အရင်ဆုံးလေ့ကျင့်ရန် ဖြစ်သည်။
မှော်စာလုံးရေးသားနည်း စာအုပ်များတွင် အခြေခံ မှော်စာလုံးများစွာ၏ မှတ်တမ်းများ ပါရှိနေ၏။
အခြေခံမှော်စာလုံး ပုံစံများစွာ အနက်မှ အကောင်းဆုံးမှော်စာလုံးများကိုလည်း ရွေးချယ်ထားခဲ့ကြသည်။
အခြေခံမှော်စာလုံးပုံစံများစွာ အနက်မှ အကောင်းဆုံးသည် မူလစုစည်းမှုပုံစံ ဖြစ်သည်။
မူလစုစည်းမှု မှော်စာလုံး အစီအရင်ကို လက်နက်ပေါ်တွင် ရေးထွင်းပြီးလျှင် လက်နက်အတွင်းသို့ အတွင်းအားများ ထည့်သွင်းကာ အသုံးပြုနိုင်ပေမည်။
တစ်နည်းအားဖြင့်ဆိုသော် လက်နက်ကို အသုံးပြုချိန်တွင် လက်နက်၏ မျက်နှာပြင်ပေါ်တွင် အတွင်းအားများဖြင့် အကာအကွယ် တစ်ခု ဖန်တီးထားနိုင်ပြီး တစ်ဖက် ရန်သူ၏ စွမ်းအင်များကို ဆုံးရှုံးစေနိုင်စွမ်း ရှိလာမည် ဖြစ်၏။
စာအုပ်များတွင် ရေးသားထားသော မှတ်တမ်းများ အရ မှော်အစီအရင် တစ်ခုကို ဓားသွားပေါ်တွင် ရေးထွင်းရပေမည်။
ထို့ပြင် ဓားသွား၏ ဘေးနှစ်ဖက်ရှိ ဓားရွက် (ဓားပြား) ပေါ်နှင့် ဓားလက်ကိုင်ရိုးတွင်ပါ ထိုမှော်အစီအရင်ကို ရေးထွင်းရ၏။
ဆိုရလျှင် ဓားတစ်ချောင်းလျှင် ပုံစံတူ မှော်စာလုံးအစီအရင် သုံးလေးခုခန့် ရေးထွင်းရန် လိုအပ်သည်။
ထို့နောက် ချင်ယန်သည် ဓားဦးချွန်ဖြင့် မှော်စာလုံး အစီအရင်များကို ရေးထွင်းနေခဲ့သည်။
"ဝိညာဉ်သံရဲ့ မျက်နှာပြင်ပေါ်မှာ မှော်စာလုံးတွေ ရေးထွင်းဖို့က စွမ်းအားတစ်ခုနဲ့ မလုံလောက်ဘူး... အနက်ရောင် သိုင်းဝိညာဉ်ရဲ့ စွမ်းအားပါမှ ဓားသွား အတွင်းကို ထိုးဖောက်နိုင်မယ်"
ချင်ယန်က မနှေးမမြန်ပင် မှော်စာလုံးများကို ရေးထွင်းနေ၏။
အခြေခံ မှော်စာလုံး အစီအရင်များသည် ခက်ခဲရှုပ်ထွေးခြင်းမရှိသည့် အပြင် လေ့ကျင့်ရေးသားခြင်း အဆင့် အတွက် ပိုမိုအဆင်ပြေစေသည်။
နှစ်ရက်တိုင်တိုင် ချင်ယန်သည် သူ၏ အခန်းတွင်သာ လေ့ကျင့်နေခဲ့သည်။
"မအောင်မြင်ပြန်ဘူး.. ငါ့ရဲ့ နှလုံးသားက မတည်ငြိမ်ဘူးပဲ... ဒီလို သေးငယ်တဲ့ အရာကိုတောင် မှားနေရင် ငါ့ရဲ့ ကြိုးစားမှုတွေ အကုန်လုံး အလဟဿ ဖြစ်ကုန်မှာပဲ"
ချင်ယန် စိတ်မချမ်းမြေ့စွာ ရေရွတ်လိုက်သည်။
သူ၏ လုပ်ဆောင်မှုသည် ပြည့်စုံလုနီးပါး ဖြစ်နေသော်လည်း အောင်မြင်ခြင်း မရှိသေးချေ။
ချင်ယန်က ပျက်စီးသွားသော ဓားကို ယူ၍ အခန်းပြင်သို့ ထွက်လာခဲ့သည်။
ရန်ရှီးယုက ချင်ယန်ကို မြင်လျှင် ချင်ယန်၏ ကြိုးစားမှု မအောင်မြင်သေးမှန်း သိလိုက်ပြီး ချင်ယန်ကို နှစ်သိမ့်လိုက်၏။
ထိုသို့နှစ်သိမ့်ခြင်းသည် ချင်ယန်၏ စိတ်ကို ပိုမို တက်ကြွလာစေခဲ့သည်။
သူက ကျန်ရှိသော ဆေဘာဓားကို ယူကာ အခန်းသို့ပြန်၍ မှော်စာလုံး အစီအရင်ကို ဆက်လက် လုပ်ဆောင်နေခဲ့သည်။
အချိန်များ ကုန်လွန်သွားပြီးနောက် ချင်ယန်သည် မူလစုစည်းမှု ပုံစံ မှော်အစီအရင် သုံးခုကို ဆေဘာဓားပေါ်တွင် ရေးထွင်းနိုင်ခဲ့သည်။
ထပ်မံ၍ နောက်တစ်ကြိမ် ရေးထွင်းလိုက်ပြန်သည်။
အောင်မြင်သွားပြီ ဖြစ်သည်။
အားလုံးပြည့်စုံစွာ ရေးထွင်းရန်အတွက် နေ့တစ်ဝက်ကျော် အချိန်ပေးခဲ့ရသည်။
ချင်ယန်သည် အမှန်တကယ်ပင် အပြည့်အစုံ အောင်မြင်သွားခဲ့ချေပြီ။
ချင်ယန်သည် ထိုဆေဘာဓားဖြင့် ပထမနှစ် ကျောင်းသားများ၏ ပြင်ပ လေ့ကျင့်မှုတွင် ပါဝင်နိုင်တော့မည် ဖြစ်သည်။
အခန်း(၃၄) ပြီး၏