← Chapters

အနှစ်သာရသုံးခု

Vol. 97 Ch. 1332

အနှစ်သာရသုံးခု

Vol. 97 Ch. 1332

လက်ချောင်း ပေါ်လာသည်မှာ အလွန်ရုတ်ချည်းဆန်လှ၏။ တာအိုပညာရှင်ရေ၏ တဖက်လူ၏ကိုယ်ပွား သေဆုံးသွားခဲ့ပြီ ဟူသော အတွေးလည်း ဖျက်စီးခံလိုက်ရတော့သည်။ သူ့စိတ်သည် ခုနစ်ရောင်စုံလက်သည်းထံမှ ရူးသွပ်ခြင်း၏ သက်ရောက်မှုကို ခံလိုက်ရသည်။

ထိုလေပြင်းလက်ချောင်းသည် အချိန်ကိုက် ပေါ်လာခြင်းပင်။ ခုနစ်ရောင်စုံလက်သည်းကြောင့် တာအိုပညာရှင် ခုခံမှုမဲ့နေချိန်တွင် ပေါ်လာသည် မဟုတ်လား။

တာအိုပညာရှင်ရေ၏အမူအရာသည် အကြီးအကျယ်ပြောင်းလဲကာ သူ့နောက်ဆုတ်သည့် အမြန်နှုန်းမှာ အကန့်အသတ်ထိ ရောက်လာ၏။ သို့သော် ခုထိ သူ မရှောင်နိုင်သေးပေ။ သူ့ရှေ့ရှိ ပေါ်လာသော အရိပ်များက ရှောင်နိုင်ရန် ကြိုးစား၏။ သို့သော် ၎င်းတို့မှာ ရုတ်တရက် ပျက်စီးသွားသည်။

လေပြင်းလက်ချောင်းကြောင့် အရိပ်များ ဖျက်စီးခံလိုက်ရချိန်တွင် လောက၌ တုန်ဟည်းသံတို့ မြည်ဟည်း၏။ နောက်ဆုံးတွင် ထိုလက်ချောင်းက ထိုးထွက်ဝင်ရောက်ကာ တာအိုပညာရှင်ရေ၏မျက်ခုံးနှစ်ခုကြားမှ ခုနစ်ရောင်စုံလက်သည်းကို ဖိနှိပ်ချသည်။

ဖော်ပြနိုင်စွမ်းကင်းမဲ့သော အစွမ်းထက်အားတစ်ခုသည် တဟုန်ထိုး ထွက်ပေါ်လာပြီး တာအိုပညာရှင်ရေကို အလန့်တကြား အော်ဟစ်စေသည်။ ခုနစ်ရောင်စုံလက်သည်းက ခပ်ကြမ်းကြမ်း စိုက်ဝင်လာသည်။ ၎င်းက ငါးလက်မ အနက်ထိ ထိုးဖောက်သွားသည်။

သည်လက်သည်းမှာ ခုနစ်လက်မသာ ရှည်လျား၏။ ခုချိန်တွင် တာအိုပညာရှင်ရေ၏ ဦးခေါင်းခွံထဲတွင် ငါးလက်မခန့် ခပ်နက်နက် စိုက်ဝင်နေခဲ့ပေပြီ။ ကျန်သည့် နှစ်လက်မလောက်သာ ထပ်ဝင်ရောက်ပါက တာအိုပညာရှင်ရေသည် ဒဏ်ရာအပြင်းအထန် ရရှိသွားပေမည်။

ထိုလက်သည်းသည် သူ့မျက်ခုံးနှစ်ခုကြားသို့ စိုက်ဝင်ခြင်းကြောင့်တည်း။ ၎င်းနေရာမှာ ကျင့်ကြံသူများအတွက် အားနည်းချက် ဖြစ်သည်။ ဝမ်လင်း ထိုးစိုက်ခြင်း ခံခဲ့ရသော ပုခုံးနေရာနှင့် မတူပေ။

သည်လိုသေရေးရှင်ရေး အခြေအနေတွင် တာအိုပညာရှင်ရေ၏မျက်နှာမှာ ဖြူရောသွား၏။ သူ့မျက်လုံးထဲတွင် ကြောက်ရွှံ့မှုတို့ ပြည့်နှက်လာသည်။ သူသည် ခုနစ်ရောင်စုံလက်သည်း၏ စွမ်းအားကို ကောင်းကောင်းကြီး သိထားသူ မဟုတ်လား။ သည်လက်သည်းမျိုး (၉၄)ချောင်း သူ့ဆရာ ထိုးစိုက်ခြင်းခံခဲ့ရချိန်၌ ပြင်းထန်စွာနာကျင်မှု ခံစားခဲ့ရပုံကို တာအိုပညာရှင်ရေသည် ဘယ်တော့မှ မေ့နိုင်လိမ့်မည် မဟုတ်ပေ။

“ဆရာ…ငါ့ကို ကယ်ပါ…” တာအိုပညာရှင်ရေသည် နောက်ဆုတ်၏။ သို့သော် လက်ချောင်းက အတင်းလိုက်လာကာ တွန်းဝင်သည်။ တာအိုပညာရှင်ရေသည် အလန့်တကြား အော်ဟစ်နေရင်း သူ့ခန္ဓာကိုယ်အတွင်းမှ အစွမ်းထက်အားတစ်ခု ထွက်ပေါ်လာသည်။ ထိုအားသည် တာအိုပညာရှင်ရေ၏ ညာလက်နောက်ဘက်တွင် သိပ်သည်းလာပြီး အဆောင်တစ်ခုအဖြစ် ပြောင်းလဲသည်။

ထိုအဆောင် ပေါ်လာချိန်တွင် ရွှေရောင်အလင်းတစ်ခု လင်းလက်ကာ ပျံ့နှံ့လာ၏။ ခုနစ်ရောင်စုံလက်သည်းကို ဖိတွန်းနေသော လက်ချောင်းသည် ထိုရွှေရောင်အလင်း၏ ထိမှန်ခြင်း ခံရကာ ပျောက်ကွယ်သွားသည်။

“ချိပ်ပိတ်နယ်မြေရဲ့ အရှင်။ အတိတ်တုန်းက ဒီကျေးကျွန်ဟာ သင့်ကို အများကြီး ကူညီပေးခဲ့တယ်လို့ သင် ပြောခဲ့ဖူးတယ်။ ဒါ့ကြောင့် သင်ဟာ သူ့ဘဝကို သုံးကြိမ်တိုင် ကာကွယ်ပေးစေမယ့် အဆောင်တစ်ခုကို လက်ဆောင်ပေးခဲ့တယ်။ သူဟာ သင့်ကို သစ္စာဖောက်ခဲ့တဲ့အချိန်တုန်းက သင် သူ့ကို သတ်နိုင်မယ့် အခွင့်အရေး နှစ်ခါတိတိ ရရှိခဲ့တယ်။ ဒါပေမဲ့ သင်ဟာ သူ့ကို လွှတ်ပေးခဲ့ပြီး ဒီအဆောင်ရဲ့ နှစ်ခါအသုံးဝင်မှုကို အချည်းနှီး ဖြစ်စေခဲ့တယ်။ အဆုံးသပ်မှာ သင် သေဆုံးခဲ့ရတယ်။ အခု နှစ်ပေါင်းထောင်သောင်းချီ ကုန်လွန်လာပြီးတဲ့နောက်မှာလည်း ဒီအဆောင်ရဲ့ တတိယအကြိမ် အသုံးဝင်မှုကို အသုံးပြုလာခဲ့ပြီ။ သင်ဟာ သင့်ကို သစ္စာဖောက်ခဲ့တဲ့ ဒီကျေးကျွန်ကို အခုထိ ကာကွယ်ပေးနေခဲ့တာပဲ…”

“ငါဟာ သင့်ရဲ့ ကျင့်ကြံမှုကို လေးစားပါတယ်။ ဒါပေမဲ့ သင့်ရဲ့ နည်းလမ်းတွေကိုတော့ ရှုံ့ချတယ်…” ရှေးဟောင်းအသံတစ်ခုသည် ထိုကဲ့သို့ ဆိုကာ သက်ပြင်းချ၍ ပျောက်ကွယ်သွားတော့သည်။

တာအိုပညာရှင်ရေသည် ချွေးများဖြင့် ရွှဲနစ်နေ၏။ သည်အခိုက်အတန့်တွင် သူ့မျက်ခုံးနှစ်ခုကြားမှ နာကျင်မှုကို တောင့်ခံထားရ၏။ သူသည် ကြောက်နေမိသည်။ သူသည် ရှုံ့တွကာ ကောင်းကင်ထက်သို့ အော်ဟစ်လိုက်လေ၏။

“ဆရာ…ကျေးဇူးပဲ။ သင်ဟာ ငါ့ကို ကာကွယ်ပေးခဲ့ပြန်ပြီ။ ဒါပေမဲ့ သင်သေရမယ်။ သင် သေရမယ်…” တာအိုပညာရှင်ရေသည် ခုနစ်ရောင်စုံလက်သည်း၏ ရူးသွပ်မှုဖြင့် ခြုံလွှမ်းထားတာ ခံနေရသည်။ သို့သော် သူက ၎င်းကို သူ့အစွမ်းထက်ကျင့်ကြံမှုဖြင့် ဖိနှိပ်ထားနိုင်သည်။ သို့ရာတွင် ထိုရူးသွပ်မှုက သူ့စိတ်နေစိတ်ထားကို ပြောင်းလဲလာစေ၏။ မဟုတ်ပါက သူ့ကျင့်ကြံမှုအဆင့်၊သူ့အသက်အရွယ်ဖြင့် သူသည် ယခုလိုမျိုး ပြောနေမည် မဟုတ်ပေ။

“ဒီလက်သည်းက အလုံးစုံ စိုက်ဝင်တာ မရှိသေးသ၍ ငါ ဒီပုရွတ်ဆိတ်ကို သတ်လိုက်နိုင်တာနဲ့ ဒီလက်သည်းကို ပြန်ထုတ်ဖို့ ငါ တံခါးပိတ်ကျင့်ကြံရမယ်…”

တာအိုပညာရှင်ရေ၏မျက်လုံးသည် တလက်လက် ဖြစ်သွားသည်။ သူသည် အချိန်ဆွဲမနေတော့ဘဲ ဝမ်လင်းထံ ဝင်ရောက်လာသည်။

ဝမ်လင်းက မျက်လုံးဖွင့်လျက်ပင်။ သူသည် သူ့ကိုယ်သူ သေဆုံးခြင်းအပေါ် လျှောက်လှမ်းနေရပြီး ဖြစ်ပျက်သမျှကို ကြည့်နေ၏။ သူက တာအိုပညာရှင်ရေ သူ့ထံ တိုးဝင်လာသည်ကို တွေ့မြင်ရသည့်အခါတွင်လည်း သူ့မျက်လုံးထဲတွင် ကြောက်လန့်မှုတို့ ရှိမနေပေ။ထိုအစား အကြွင်းမဲ့ တည်ငြိမ်နေ၏။

“သေခြင်းနဲ့ရှင်ခြင်း၊ ကံကြမ္မာအကြောင်းနဲ့ အကျိုး။ အမှန်နဲ့အမှား။ ဒါတွေအားလုံးဟာ ဆန့်ကျင်ဘက် တည်ရှိမှုတွေပဲ။ ရှင်ပြီးရင် သေရမှာပဲ။ ငါက ရှင်သန်ခြင်း (ဝါ) အသက်ဓာတ် လက်သီးချက်ကို အသုံးပြုခဲ့ပြီးပြီး။ ဒါပေမဲ့ ငါ့ရဲ့ သေဆုံးခြင်းတွေကိုတော့ ပေါက်ကွဲစေနိုင်တုန်းပဲ။ ငါတို့ အတူ သေကြတာပေါ့…”

“ငါဟာ ငါ့အထွတ်အထိပ်တိုက်ခိုက်မှုအတွက် ငါ့ရှေးဟောင်းနတ်ဘုရားကြယ်အားလုံးကို ပျက်စီးစေခဲ့တယ်…”

“ငါဟာ အဆုံးမဲ့မူလစွမ်းအင်တွေအတွက် ငါ့ဥပဒေသကြယ်ကို ဖျက်စီးနိုင်တယ်…”

ဝမ်လင်းသည် တစ်စုံတစ်ခုကို ဉာဏ်အလင်းရလာဟန် တူ၏။ သူ့မျက်လုံးထဲမှ ထူးဆန်းသောအလင်းတစ်ခု ပေါ်လာသည်။ သူ့ပတ်လည်ရှိ သေဆုံးခြင်းအော်ရာသည် ရုတ်တရက် ဝဲကတော့တစ်ခု ဖြစ်လာသည်။ ထိုဝဲကတော့သည် လောကကို ဖျက်စီးနိုင်၏။ ယင်နှင့်ယန်ကို ချိုးဖျက်နိုင်၏။ ပြန်လည်မွေးဖွားခြင်းကို တစစီဖြစ်စေနိုင်၏။ မထင်မှတ်စွာဖြင့် ထိုဝဲကတော့အတွင်းမှ အနှစ်သာရ အရိပ်အယောင် ထွက်ပေါ်လာနေသည်။

ဤကား အနှစ်သာရ ဖြစ်၏။ ၎င်းအနှစ်သာရသည် တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာရန်အတွက် အရေးကြီးဆုံးလည်း ဖြစ်သည်။

ဝမ်လင်းသည် ထိုအနှစ်သာရနှင့် မစိမ်းပေ။ သူသည် အရင်တုန်းက သည်လိုအနှစ်သာရအချို့ကို ပိုင်ဆိုင်ခဲ့ဖူးသည်။ သို့ရာတွင် သူသည် ၎င်းကို တိုက်ပွဲစာလိပ်များကနေသာ ရရှိခဲ့ခြင်း ဖြစ်၍ သူ့ကိုယ်ပိုင် အနှစ်သာရ မဟုတ်ပေ။ အပြင်အားတစ်ခုသာ ဖြစ်ခဲ့သည်။

ယခုလို သေခြင်းရှင်ခြင်းအခိုက်အတန့်တွင် ဝမ်လင်းသည် သေခြင်းရှင်ခြင်းနှင့် ပတ်သတ်၍ ဉာဏ်အလင်း ရလာခဲ့သည်။ သူ့သေဆုံးခြင်းအော်ရာ ပေါက်ကွဲလာချိန်၌ သူသည် သူ့ကိုယ်ပိုင် သေခြင်းရှင်ခြင်းအနှစ်သာရကို နားလည်သွားခဲ့သည်။

ထိုအနှစ်သာရသည် အလွန်သေးငယ်လှသည် ဆိုရင်ပင် ယင်းက တတိယအဆင့်ကို ဖွင့်လှစ်နိုင်ရန် တံခါးတစ်ချပ်ဟု ဆိုလိုပေ၏။

တာအိုပညာရှင်ရေသည် ချွေးသီးချွေးပေါက် ကျနေပေပြီ။ သူ့မျက်လုံးထဲရှိ ရူးသွပ်မှု အတော်လေး လျော့ကျသွားပြီး တုန်လှုပ်မှု အစားထိုး ဝင်ရောက်လာသည်။

“ဒီကောင်လေးဟာ တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာဖို့အတွက် အလားအလာ ရှိလာပြီ။ သူဟာ သူ့ကိုယ်ပိုင်အနှစ်သာရကို တကယ် နားလည်ခဲ့တာပဲ။ ဒီကမ္ဘာမှာ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေ ရှိတယ်။ ဒါပေမဲ့ တတိယအဆင့်ကျင့်ကြံသူတွေဟာ အလွန်အမင်း ရှားပါးလှတယ်။ ဒီကောင်လေး…ဒီကောင်လေးဟာ အမှန်တကယ် ဒီအမှတ်ကို ရောက်ရှိလာနိုင်ခဲ့တာပဲ။ အချိန်လုံလုံလောက်လောက်သာ ပေးခဲ့ရင် သူဟာ လာမယ့်နှစ်တစ်ထောင်အတွင်း တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာမှာ ငါ စိုးရွှံ့မိတယ်…”

တာအိုပညာရှင်ရေ၏အမူအရာသည် သုန်မှုန်နေ၏။ သို့သော် ဝမ်လင်းကို သတ်မည့် သူ့ဆုံးဖြတ်ချက်သည် ပိုအားကောင်းလာတော့သည်။

“သူ သေကို သေရမယ်…” တာအိုပညာရှင်ရေသည် ဝမ်လင်းထံ တိုးဝင်လာ၏။ သူ့ညာလက်ကို ပင့်မြှောက်သည်။ သူ့ရှေ့တွင် ဧရာမကျင့်ကြံခြင်းဂြိုဟ်တစ်ခု ပေါ်လာသည်။ သူက ထိုကျင့်ကြံခြင်းဂြိုဟ်၏ စွမ်းအားကို အသုံးပြုကာ ဝမ်လင်းကို ချေမွပစ်ရန် ပြင်သည်။

ဝမ်လင်း ပတ်လည်ရှိ သေဆုံးခြင်းအော်ရာသည် အရူးအမူး လှည့်ပတ်သည်။ သေခြင်းရှင်ခြင်းအနှစ်သာရသည် ကြီးထွားလာ၏။ ၎င်းသည် ဖြည်းနှေးသော်လည်း အမှန်တကယ် ဖြစ်၏။ ကြည့်ရသည်မှာ ၎င်းသည် သေဆုံးခြင်းဝဲကတော့ကနေ ချိုးဖျက်လာကာ လောကတွင် ပေါ်ပေါက်လာတော့မည့်ဟု ထင်မှတ်ရသည်။

ချက်ခြင်းပင် တော်ဝင်ရှေးဟောင်းနတ်ဘုရားကြယ်များအားလုံး တစစီ ဖြစ်သွား၏။

ကြယ်များ ဖျက်စီးခြင်း။

ကြယ်ခြောက်လုံးလုံး ပေါက်ကွဲ၏။ သည်အခိုက်အတ့်တွင် သေဆုံးခြင်းအော်ရာ ဝဲကတော့အပြင်ဘက်တွင် ပိုမိုကြီးမားသော ဝဲကတော့တစ်ခု ပေါ်ပေါက်လာ၏။ ထိုဝဲကတော့သည် အံ့မခန်းရှေးဟောင်းနတ်ဘုရားအော်ရာနှင့် ပြည့်နှက်နေသည်။ နောက်ထပ်အဆီအနှစ်တစ်ခုသည် ယင်းဝဲကတော့အတွင်းမှ ထွက်ပေါ်လာသည်။

ထိုအဆီအနှစ်သည် ကံကြမ္မာနယ်ပယ်အတွင်း၌ ပြီးပြည့်စုံခြင်းကနေ မွေးဖွားလာခဲ့ခြင်းပင်။

ရှေးဟောင်းနတ်ဘုရားကြယ် တစစီဖြစ်သွားခြင်းသည် ကံကြမ္မာ၏ လုပ်ဆောင်မှုသာ ဖြစ်သည်။ ကြယ်များ ပျက်စီးသွားခြင်းမရှိပါက စွမ်းအား မည်သို့ ရှိနိုင်ပါ့မည်နည်း။ ပျက်စီးခြင်းနှင့် စွမ်းအားသည် ကံမ္မ ဖြစ်၏။ သေခြင်းရှင်ခြင်းအခိုက်အတန့်တွင် ဝမ်လင်း၏ ကြယ်များပျက်စီးခြင်းက သူ့ကို ဒုတိယမြောက်အနှစ်သာရအား နားလည်လာစေသည်။

ကံကြမ္မာအနှစ်သာရ။

“ဒါ…ဒါက…” တာအိုပညာရှင်ရေ၏အမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားသည်။ ဝမ်လင်း၏သေခြင်းရှင်ခြင်း အနှစ်သာရက သူ့ကို တုန်လှုပ်စေခဲ့ပြီး ဖြစ်သည်။ ခုချိန်တွင် သူ့စိတ်နှလုံးထဲတွင် လှိုင်းထန်နေပေပြီ။

“ဒုတိယအနှစ်သာရ တကယ် ရှိနေတာပဲ။ အနှစ်သာရတစ်ခုတည်းနဲ့တောင် တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာဖို့ လုံလောက်နေပြီ။ အနှစ်သာရ နှစ်ခုဆိုတာ အလွန်တရာ ရှားပါးလွန်းလှတယ်။ အုပ်စိုးသူတို့၊ချင်းလင်တို့လို လူမျိုးနဲ့ တခြားအံ့ချီးဖွယ်ပါရမီရှိတဲ့ သူတွေသာ အနှစ်သာရနှစ်ခုနဲ့ တာအိုထဲ ဝင်ရောက်နိုင်ပြီး တတိယအဆင့်ကို ရောက်ရှိနိုင်တာ။ ဒီကောင်လေးသာ တတိယအဆင့်ကို ဝင်ရောက်သွားတာနဲ့ ငါဟာ သူ့ပြိုင်ဘက် မဟုတ်တော့ဘူး။ ငါ့အတွက် ထွက်ပြေးဖို့ပဲ ရွေးချယ်ရတော့မှာ…”

တာအိုပညာရှင်ရေသည် အနှစ်သာရနှစ်ခု ပိုင်ဆိုင်သူဟူ၍ အုပ်စိုးသူနှင့်ချင်းလင်တို့ကိုသာ တွေ့ခဲ့ဖူးပေ၏။

သည်နှစ်ယောက်မှာ အလွန်အမင်းအစွမ်းထက်ကြသူများ ဖြစ်ပြီး တာအိုပညာရှင်ရေသည် သူတို့ကို ဘယ်လိုမှ မယှဉ်နိုင်ပေ။ သို့ရာတွင် ခုချိန်၌ သူသည် အနှစ်သာရနှစ်ခု တတိယမြောက်လူကို တွေ့မြင်လိုက်ရပေပြီ။ သည်အခိုက်အတန့်၌ သူသည် ဝမ်လင်းကို တပည့်အဖြစ် လက်ခံရန်ပင် စိတ်ကူးမိသွားသည်။

သို့သော် ထိုစိတ်ကူးကို သူ့ဟာသူ ချက်ခြင်း ပယ်ဖျက်လိုက်၏။

“ဒီကောင်လေးဟာ ငါ့ကို အရိုးထဲကနေကို မုန်းတီးနေတာ။ ဒါပေမဲ့ သူ့အရည်အချင်းကတော့ အတော်လေးကို ရှားပါးလွန်းတယ်။ အတွင်းနယ်မြေ(ချိပ်ပိတ်နယ်မြေ)နဲ့ ပြင်ပနယ်မြေမှာရော ဒီလိုအရည်အချင်းမျိုး ရှိတဲ့သူဟာ နှစ်ပေါင်းသောင်းချီမှာ တစ်ယောက်ပဲ ရှိနိုင်လောက်တယ်။ ဒီလိုလူမျိုးဟာ ငါ့လက်နဲ့ သေရတော့မယ်။ ဒါဟာ ငါ့ကို အတော်လေး ပျော်ရွှင်စေမှာ သေချာတယ်…။ ဟားဟား…ဒီလိုပါရမီအရည်အချင်းရှိတဲ့သူကို ငါ သတ်ပစ်ရတော့မှာပါလား…”

တာအိုပညာရှင်ရေ၏ မျက်လုံးထဲရှိ ရူးသွပ်မှုသည် ပိုအားကောင်းလာ၏။ ကျင့်ကြံခြင်းဂြိုဟ်သည်လည်း ဝမ်လင်းထံ နီးကပ်လာခဲ့လေပြီ။

ထိုအခိုက်အတန့်တွင် ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားမှ ဥပဒေသကြယ်သည် ရုတ်တရက် ပျက်စီးသွားသည်။

ထိုပျက်စီးမှုက လောကတွင် တတိယမြောက်ဝဲကတော့တစ်ခု ပေါ်လာစေကာ ဝမ်လင်းကို ဝန်းရံသည်။ ထိုတတိယမြောက်ဝဲကတော့အတွင်း၌ အမှန်တကယ်၊ အမှန်တကယ်ကို အနှစ်သာရတစ်ခု ရှိနေပြန်သည်။

သူ့ဥပဒေသကြယ်အတွင်း၌ အမှန်နှင့်အမှားနယ်ပယ် ပါဝင်၏။ ထိုဥပဒေသစ် ပျက်စီးသွားခိုက်တွင် အမှန်နှင့်အမှားနယ်ပယ်သည် ပြီးပြည့်စုံမှုကို ရောက်ရှိသွားခြင်းတည်း။

အမှန်နှင့်အမှားအနှစ်သာရသည် ထိုဝဲကတော့ကနေ ထွက်ပေါ်လာနေသည်။ ယင်းက ဝမ်လင်း၏ တတိယမြောက်အနှစ်သာရ မည်၏။

သေခြင်းရှင်ခြင်းမှာ သူ့ပထမဆုံးအနှစ်သာရ ဖြစ်သည်။ ဒုတိယက ကံကြမ္မာ ဖြစ်၏။ အမှန်နှင့်အမှားကတော့ တတိယ ဖြစ်သည်။

ထိုအနှစ်သာရသုံးခုသည် ဝဲကတော့သုံးခုကနေ တရကြမ်း ထွက်ပေါ်လာနေသည်။ သို့ရာတွင် ၎င်းတို့မှာ အားနည်းနေဆဲ ဖြစ်ကာ ကြီးထွားလာဖို့အတွက် အချိန်အတော်ကြာပေဦးမည်။ ယင်းအနှစ်သာရတို့ အဆင့်တစ်ခု ရောက်ကာ ပြီးပြည့်စုံသွားသည်နှင့် ဝမ်လင်းသည် အနှစ်သာရသုံးခုနှင့်တာအို အတွင်းသို့ ဝင်ရောက်နိုင်မည် ဖြစ်ပြီး ကောင်းကင်တုန်လှုပ်ဖွယ်တတိယအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာပေမည်။

ထိုမြင်ကွင်းသည် တာအိုပညာရှင်ရေ၏ တိုက်ခိုက်မှုကိုပါ ရပ်တန့်သွားစေသည်။ သူသည် မျက်လုံးပြူး၊မျက်ဆန်ပြူး ဖြစ်မိနေသည်။

“မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။ အနှစ်သာရသုံးခု၊ အနှစ်သာရသုံးခု၊ ဘယ်သူကမှ အနှစ်သာရသုံးခုနဲ့ တာအိုထဲ မဝင်ရောက်နိုင်သေးဘူး။ ဒီကောင်လေးဟာ ကောင်းကင်ဘုံကို ဖိဆန်တဲ့သူပဲ။ သူသာ တတိယအဆင့်ကို ဝင်ရောက်သွားတာနဲ့ သူ ဝင်ရောက်ခါစဆိုရင်တောင် ငါ့အနေနဲ့ ထွက်ပြေးနိုင်မှာတောင် မဟုတ်တော့ဘူး…”

“အနှစ်သာရသုံးခု၊ အုပ်စိုးသူနဲ့ချင်းလင်တို့တောင် အနှစ်သာရနှစ်ခုကိုပဲ ပိုင်ဆိုင်ခဲ့ကြတာ။ ဆရာတောင် အနှစ်သာရနှစ်ခုနဲ့တစ်ဝက်ကိုပဲ ပိုင်ဆိုင်ခဲ့တာ။ သူတောင် တတိယတစ်ခုကို အမှန်တကယ် အလုံးစုံ သဘောမပေါက်နိုင်ခဲ့ဘူး။ ဒီကောင်လေးဟာ ဘယ်လိုလုပ် အနှစ်သာရသုံးခု ပိုင်ဆိုင်နေရတာလဲ။ ဒီလိုလူမျိုးဟာ ကောင်းကင်ဘုံကတောင် သူ့ကို ဖျက်စီးပစ်ချင်လိမ့်မယ်။ သူသာ တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာတာနဲ့ လေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူတွေတောင် သူ့ ပြိုင်ဘက် မဖြစ်နိုင်တော့ဘူး။သူဟာ လောကကိုပါ ဖျက်စီးပစ်နိုင်ပြီး အကြွင်းမဲ့အုပ်စိုးသူ ဖြစ်လာလိမ့်မယ်…”

“သူက ဘယ်လိုလူစားမျိုးလဲ။ သူဟာ သာမန်ကျင့်ကြံသူတစ်ယောက်တော့ မဟုတ်နိုင်ဘူး။ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ယောက် ပြန်လည်မွေးဖွားလာတာပဲ ဖြစ်ရမယ်။ ဒီလိုကျင့်ကြံသူများကသာ အနှစ်သာရသုံးခုကို ကျင့်ကြံနိုင်လိမ့်မယ်…”

“သူဟာ ဒဏ္ဌာရီလာ စတုတ္ထအဆင့် ကောင်းကင်ဘုံနင်းခြေခြင်းအဆင့် ဖြစ်ရမယ်…”

တာအိုပညာရှင်ရေသည် တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်၏။ သို့သော် သည်အခိုက်အတန့်တွင် သူသည် သူ တွေ့မြင်ရသည့်အရာများကြောင့် ကြောက်လန့်မိနေသည်။

“ငါဟာ ဒီလောက် ကြောက်မက်ဖွယ်ကောင်းတဲ့ တည်ရှိမှုကို စော်ကားမိမှတော့ ငါ သူ့ကို သတ်ပစ်မှ ဖြစ်မယ်။ မဟုတ်ရင် ငါ့အတွက် လုံးဝ နေရာရှိတော့မှာ မဟုတ်ဘူး…”

တာအိုပညာရှင်ရေ၏မျက်နှာသည် ဖြူရောသွား၏။ သူသည် အံတင်းတင်းကြိတ်ထားသည်။ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူ့စွမ်းအားသည် ပေါက်ကွဲထွက်လာ၏။ သူသည် ကျင့်ကြံခြင်းဂြိုဟ်နှင့် ပေါင်းစပ်ကာ ဝမ်လင်းထံ ရိုက်ချလာသည်။

“မင်းက စတုတ္ထအဆင့်ကောင်းကင်ဘုံချနင်းခြင်းကျင့်ကြံသူတစ်ယောက် ပြန်လည်မွေးဖွားလာတာ ဖြစ်နေရင်တောင် ငါ့အတွက် သေပေးရဦးမှာပဲ။ ဒီအဘိုးအိုဟာ ဒီလိုလူမျိုးကို သတ်ပစ်မယ်။ သေလိုက်တော့…သေလိုက်တော့…”

***

All Chapters