← Chapters

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း(၃၅)

နှစ်ရက် ကုန်ဆုံးသွားခဲ့သည်။

ဧည့်ခန်းအတွင်းရှိ ရန်ရှီးယုသည် ပျော်ရွှင်ဟန်ဖြင့် ရောက်လာသော ချင်ယန်ကို မြင်လိုက်ရ၏။

သူမ၏ မျက်နှာတွင်လည်း တောက်ပသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ရန်ရှီးယုက ဆေဘာဓားကို ယူကြည့်လိုက်ပြီးနောက် အံ့အားသင့်စွာ ပြောလိုက်သည်။

"ငါမှန်းထားတာထက် အများကြီး ပိုကောင်းတာပဲ... ဒီပေါ်မှာရှိတဲ့ မူလစုစည်းမှု ပုံစံတွေက အရမ်း ကောင်းမွန်နေပြီး အတွင်းအားကို အပြည့်အဝ စုပ်ယူနိုင်တယ်"

ရန်ရှီးယုက အတွင်းအားများကို ဆေဘာဓား အတွင်းသို့ ပို့ဆောင်လိုက်သည်။

ဓားသွား တစ်လျှောက်တွင် ထက်ရှသော စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာခဲ့၏။

သူမ လက်ထဲမှ ဆေဘာဓား၏ စွမ်းအားသည် ချင်ယန်အသုံးပြုစဉ်ကထက် စွမ်းအား ပိုမို သာလွန်နေခဲ့သည်။

ဆေဘာဓား၏ ထက်ရှမှုသည် သာမန်သံတုံး တစ်တုံးကို ရွှံ့တုံးတစ်တုံးပမာ လှီးဖြတ်နိုင်စွမ်း ရှိနေခဲ့ပြီ ဖြစ်သည်။

ယင်းသို့ဖြစ်ရခြင်းမှာ သူမ၏ ချီစွမ်းအင်သက်ရောက်မှုက ချင်ယန်ထက် အဆပေါင်းများစွာ သာလွန်နေခြင်းကြောင့်ပင်။

ချင်ယန်က သူမ၏ စွမ်းအားများကို အားကျနေမိသည်။

ဆေဘာဓား အတွင်းသို့ သူ၏စွမ်းအားများကို စီးဆင်းစေမှုတွင် အခက်အခဲ အချို့ ရှိနေခဲ့သည်။

ရန်ရှီးယု ချီးကျူးလိုက်မိသည်။

"ချီစွမ်းအင်စီးဆင်းမှုက အရမ်းညင်သာတာပဲ.. ငါအရင်က မြင်ဖူးခဲ့တဲ့ စိတ်ဝိညာဉ်တစ်ပိုင်း လက်နက်တွေထက်တောင် ဒါကအများကြီး ပိုကောင်းနေတယ်... ဒီဆေဘာဓားကို မင်းကောင်းကောင်း အသုံးပြုနိုင်တယ်... လာခဲ့... လေခွဲသိုင်းပညာကို ငါစရှင်းပြမယ်... မင်းသေသေချာချာ ဂရုစိုက် နားထောင်ပါ"

ချင်ယန်က ထိုင်လိုက်ပြီး ရန်ရှီးယု၏ သင်ကြားမှုကို အာရုံစိုက်၍ နားထောင်နေလိုက်သည်။

လေခွဲသိုင်းပညာတွင် သိုင်းကွက်ခြောက်မျိုး ပါဝင်နေပြီး ၎င်းတို့မှာ လေခွဲလက်သီး၊ လှိုင်းဖျက်လက်သီး၊ တောင်ခွဲလက်သီး၊ မြေခွဲလက်သီး၊ မြစ်ခွဲလက်သီး၊ အလင်းလက်သီးတို့ ဖြစ်ကြသည်။

သိုင်းကွက်ခြောက်မျိုး၏ ရွေ့လျားမှု အတွက် ချီစွမ်းအင်များကို ချောမွေ့စွာ အသုံးပြုနိုင်လျှင် အခြေခံ အဆင့်သို့ ရောက်ရှိသည်ဟု သတ်မှတ်နိုင်၏။

အကယ်၍ အတွင်းအားကိုပါ ပေါင်းစပ် အသုံးပြုနိုင်လျှင် အသေးစားအောင်မြင်မှုဟု သတ်မှတ်၏။

အတွင်းစွမ်းအင် အကုန်လုံးဖြင့် အသုံးပြုနိုင်ချိန်တွင် လေခွဲသိုင်းကို အထူးကျွမ်းကျင်သူတစ်ဦး ဖြစ်လာပေလိမ့်မည်။

"အဆင့်ခြောက် သိုင်းခန္ဓာနယ်ပယ်ကို ရောက်သွားရင် မင်းရဲ့စွမ်းအင်တွေက ပိုမို ကျစ်လစ်ခိုင်မာလာပြီ... အဲဒီအခါ အဆင့်ခြောက် သိုင်းခန္ဓာနယ်ပယ် အစွမ်းနဲ့ အနည်းဆုံးတော့ တစ်ကွက်လောက်ကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တဲ့အထိ အသုံးပြုနိုင်လာလိမ့်မယ်"

ရန်ရှီးယု၏ အစီအစဉ်သည် ပထမနှစ် ကျောင်းသား စစ်ဆေးပွဲမတိုင်ခင် ချင်ယန် အနေဖြင့် အခြေခံအဆင့်ကို ကျွမ်းကျင်စွာ တတ်မြောက်စေရန် ဖြစ်သည်။

ရက်အနည်းငယ် ကုန်လွန်သွားခဲ့သည်။

ရန်ရှီးယုသည် ချင်ယန်၏ လေခွဲသိုင်းပညာ လေ့ကျင့်မှုကို ဆက်လက် ညွှန်ကြားပေးနေခဲ့သည်။

ချင်ယန်သည် သူမ၏ တစ်ဦးတည်းသော ကျောင်းသား ဖြစ်ရာ ချင်ယန်၏ သင်ကြားမှုအပေါ် သူမ၏ အာရုံကို အပြည့်အဝ စိုက်ထုတ်ထားနိုင်ခဲ့သည်။

ထိုအကြောင်းကြောင့်ပင် ချင်ယန်၏ တိုးတက်နှုန်းမှာ အလွန်မြန်ဆန်နေခြင်း ဖြစ်၏။

ရက်အနည်းငယ်အတွင်း ချင်ယန်သည် လေခွဲသိုင်း၏ သိုင်းကွက် ခြောက်မျိုးကို အမှားအယွင်းမရှိ ပြုလုပ်လာနိုင်ခဲ့သည်။

အဝါရောင် ဝတ်စုံဝတ်ထားသော ရန်ရှီးယု၏ အမူအရာက လေးနက် တည်ကြည်နေ၏။

အစဉ်အမြဲ အေးစက်တင်းမာနေသော သူမ၏မျက်နှာသည် ဆွဲဆောင်မှု အားကောင်းစွာ လှပနေသည်။

ရန်ရှီးယု၏ လက်ထဲတွင် သစ်သားဓား တစ်လက်ကို ကိုင်ဆောင်ထားပြီး တိုက်ပွဲဝင် သူရဲကောင်း တစ်ဦး၏ အငွေ့အသက်များ ထုတ်ဖော်နေခဲ့သည်။

ရန်ရှီးယုသည် ချင်ယန်၏ လေ့ကျင့်မှုတွင် ကူညီနေခြင်းဖြစ်သည်။

သူမ၏ ဓားကို ဝှေ့ယမ်းမှုကြောင့် ထွက်ပေါ်လာသော လေလှိုင်းများသည် ဝါးရွက်များကို ခြံဝင်းအပြင်သို့ လွင့်ထွက်သွားစေခဲ့သည်။

အနက်ရောင်ဝတ်စုံဝတ် ချင်ယန်၏ ငယ်ရွယ်ခန့်ညားသော မျက်နှာတွင် စိတ်ဓာတ်ကြံ့ခိုင်သူ ဖြစ်ကြောင်း ပေါ်လွင်နေ၏။

ချင်ယန်၏ တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲစိုနေပြီး သူ၏ ခြေလှမ်းများက အနည်းငယ် ရှုပ်ထွေးနေသည်။

ချင်ယန်၏ လက်ထဲမှ ကြီးမားသော ဆေဘာဓားသည် ရန်ရှီးယု၏ ဓားချက်များကို အချိန်တိုင်း ခက်ခဲစွာ ချေဖျက်နေရသည်။

ရန်ရှီးယုသည် ထိုအခြေအနေကို မြင်လျှင် လုံလောက်ပြီဖြစ်ကြောင်း သိ၍ ညင်သာစွာ အော်ပြောလိုက်သည်။

"ကောင်းပြီ... ဒီနေ့အတွက် လေ့ကျင့်မှု အဆုံးသတ်ရအောင်... လေခွဲသိုင်းကွက် ခြောက်မျိုးကို မင်းသင်ယူနိုင်ခဲ့ပြီ... ဒီလို အဆင့်မြင့် စိတ်ဝိညာဉ်အဆင့် သိုင်းပညာကို သင်ယူတာက ပုံမှန်အတိုင်းဆို နှစ်ဝက်လောက် သင်ယူမှ တတ်မြောက်နိုင်မှာ... ဒါပေမဲ့ မင်းက ရက်အနည်းငယ်နဲ့ တတ်မြောက်သွားခဲ့တယ်"

ရန်ရှီးယု ထိုအကြောင်းကို တွေးမိလျှင် အလွန် အံ့အားသင့်မိသည်။

ဆက်လက်၍ သူမက ပြောလိုက်၏။

"မနက်ဖြန်ဆို မင်းတို့ရဲ့ စာမေးပွဲ စစ်ဆေးမှု စတင်ပြီ... ပြိုင်ပွဲမှာ ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို အသုံးပြုပြီး မင်းရဲ့ သိုင်းပညာကို တိုးတက်အောင် ကြိုးစားပါ"

ချင်ယန် ခေါင်းညိတ်လိုက်သည်။

ကျန်ရက်များတွင် သူက မီးစွမ်းအင် မှော်စာလိပ် ဆယ်ခုကျော်ခန့် ထပ်မံ ပြုလုပ်ခဲ့၏။

စစ်ဆေးမှုအတွင်း အကာအကွယ် အဖြစ် အသုံးပြုရန် ဖြစ်သည်။

ချင်ယန်တွင် ဆန်းကြယ်သော စိတ်ဝိညာဉ် သိုလှောင်ပစ္စည်းတစ်ခု ရှိနေခဲ့သော်လည်း ထိုအရာကို ရန်ရှီးယု မမြင်ဖူးချေ။

သို့သော် ထိုပစ္စည်းကို သူ၏ သက်တော်စောင့်မှ ပေးခဲ့သည်ဟု ချင်ယန် ပြောပြထားခဲ့သည်။

ရန်ရှီးယုအနေဖြင့် ထိုကိစ္စကို စစ်ဆေးရန် အကြောင်းမရှိချေ။

နောက်တစ်နေ့နံနက်တွင် ချင်ယန် စောစီးစွာ နိုးနေခဲ့သည်။

အဖြူရောင် ကိုယ်ကျပ်အင်္ကျီ ဝတ်ဆင်ထားသော ချင်ယန်သည် ရဲစွမ်းသတ္တိရှိသော သူရဲကောင်းတစ်ဦး၏ ပုံစံနှင့် တူနေခဲ့သည်။

ယနေ့သည် တိုက်ပွဲမြေပြင်သို့ ဝင်ရမည် ဖြစ်သောကြောင့် ယခုကဲ့သို့ ငယ်ရွယ်သော စစ်ဗိုလ်ချုပ် တစ်ဦးပမာ ဝတ်ဆင်ထားခြင်းပင်။

ချင်ယန်သည် သူ၏ အခြေခံအုတ်မြစ် ခိုင်မာစေရန်အတွက် ကောင်းကင်မှ ဖြာကျလာမည့် နေကိုးစင်း၏ ရွှေဝါရောင်အလင်းများကို စောင့်မျှော်နေ၏။

သူက နေ့စဉ်မပျက် နံနက်ခင်းတိုင်း နေရောင်ခြည်တွင် ပါဝင်သော ဝိညာဉ်စွမ်းအင်ကိုးမျိုးကို သူ၏ ကိုယ်တွင်းသို့ စုပ်ယူလေ့ရှိသည်။

ရန်ရှီးယု အိမ်အပြင်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူမက ရိုးရှင်းသော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။

သို့သော် သူမ၏ ကိုယ်မှ ထွက်ပေါ်နေသော သတ်ဖြတ်ခြင်းစွမ်းအင် ပါသည့် အော်ရာ အရှိန်အဝါသည် မသိသူတစ်ဦး အဖို့ လူသတ်သမား တစ်ဦးဟု ထင်မြင် ယူဆသွားနိုင်ပေသည်။

ချင်ယန်က ဖွင့်ထားသော ပြတင်းပေါက်မှ တစ်ဆင့် ဝါးတောလေးအတွင်း၌ ရန်ရှီးယုကို လှမ်းမြင်လိုက်လျှင် ထိုင်နေရာမှ ခုန်ထလိုက်ပြီး အိမ်အပြင်သို့ ထွက်လာခဲ့သည်။

မကြာမီ သူတို့ နှစ်ဦးသည် ဟွာလင်းဝုကျောင်း၏ အပြင်ဘက်ရှိ ခမ်းနားသော အဝင်ဝသို့ ရောက်ရှိလာခဲ့သည်။

လမ်းမဘေးရှိ ကျယ်ဝန်းသော မြေကွက်လပ် တစ်ခုတွင် ပထမနှစ် ကျောင်းသား များစွာ ရောက်ရှိနေကြသည်။

ပထမနှစ် ကျောင်းသား အားလုံး ဤစစ်ဆေးမှုတွင် ပါဝင်ရမည် ဖြစ်ပြီး သတ်မှတ်ပေးထားသော နေရာတွင် ရုန့်ရင်းသော နတ်ဆိုးသားရဲများကို အမဲလိုက်ရပေမည်။

လမ်းတစ်လျှောက်တွင် ရန်ရှီးယုသည် ချင်ယန်ကို ပထမနှစ် ကျောင်းသားများထဲ၌ ပင်ကိုစွမ်းရည် ပါရမီ မြင့်မားသူများ ရှိနေပြီး အဆင့်ငါး သိုင်းခန္ဓာနယ်ပယ် အဆင့်များ ပါဝင်နေသည်ကို ပြောပြခဲ့သည်။

ထိုကျောင်းသားများကြားတွင် ဂျန်မိသားစု၏ မျိုးဆက် ဖြစ်သည့် အသံလှိုင်း သိုင်းဝိညာဉ် နိုးထခဲ့သူလည်း ပါဝင်နေ၏။

"ဒီစစ်ဆေးမှု အတွင်း နတ်ဆိုးသားရဲတွေကို ပိုသတ်နိုင်တဲ့အခန်းက ဆုအများကြီး ရရှိမယ်... ဒါက အရမ်းကို အန္တရာယ်ကြီးမားတဲ့ အတွက် နတ်ဆိုးသားရဲတွေကို အမဲလိုက်ခြင်းနဲ့ သတ်ဖြတ်ခြင်းကို စနစ်တကျ ပြုလုပ်ကြပါ... မင်းတို့ရဲ့ဆရာတွေ ပေးတဲ့ အမိန့်ကို နားထောင်ပါ... ကိုယ့်ကိုယ်ကိုယ် အထင်မကြီးကြနဲ့... မင်းတို့ သေသွားလိမ့်မယ်"

အကြီးအကဲဇန်းက တင်းမာခက်ထန်စွာ ပြောလိုက်သည်။

ထို့နောက် ထပ်မံ၍

"ငါလည်းပဲ မင်းတို့နဲ့အတူ လိုက်ပါမှာဖြစ်တယ်"

အကြီးအကဲဇန်းက အဆင့်ကိုး သိုင်းခန္ဓာနယ်ပယ် ဖြစ်သော်လည်း ကောလဟာလများအရ သိုင်းတာအိုနယ်ပယ်သိူ့ပင် ရောက်နေပြီဟု ဆိုကြ၏။

လူအများက ထိုကောလဟာလကို ယုံကြည်ကြသည်။

ယခုခရီးစဉ်တွင် အကြီးအကဲဇန်း လိုက်ပါမည် ဖြစ်၍ ကျောင်းသားများသည် စိုးရိမ်ပူပန်မှု မရှိကြပေ။

သူတို့အဖွဲ့၏ ခရီးစဉ်အတွက် မြင်းများနှင့် မြင်းလှည်းများကို အသုံးပြုမည် ဖြစ်သည်။

ခရီးဝေး သွားရောက်မည် ဖြစ်၍ ထိုသို့ စီစဉ်ထားဟန် တူ၏။

နေမင်း၏ တောက်ပသော ရွှေရောင်အလင်းတန်းများသည် တန်ဖိုးကြီးမားသော အလုံပိတ် မြင်းလှည်းတစ်စီးပေါ်သို့ ကျရောက်နေခဲ့သည်။

ထိုမြင်းလှည်းကို မည်သည့် စွမ်းအားကြီးပုဂ္ဂိုလ် အတွက် စီစဉ်ထားပါသနည်း။

ရုတ်တရက် မြင်းလှည်း ဆယ်စီးကျော်ခန့် ဒုန်းစိုင်းမောင်းနှင်လာသည်ကို တွေ့လိုက်ကြရပြီး ကွီဟီထံမှ အံ့အားသင့်စွာ ရေရွတ်သံ ထွက်ပေါ်လာခဲ့သည်။

"ဒါ ဆရာဝေရဲ့ မြင်းလှည်းတွေပဲ"

"အစ်ကိုခွန်ရဲ့ဒဏ်ရာ ပျောက်ကင်းသွားပြီ"

ယန်ယွန်က ထိုသို့ ရေရွတ်လိုက်ပြီး ချင်ယန်ရှိရာသို့ ကြည့်ကာ ကြုံးဝါးလိုက်သည်။

"နင်စောင့်နေပါ"

တခဏအတွင်း မြင်းလှည်းများ ရောက်ရှိလာကာ ဟွာလင်းဝုကျောင်း၏ ဝင်ပေါက်ရှေ့တွင် ရပ်တန့်သွားခဲ့သည်။

ဟွာလင်းဝုကျောင်း၏ ဆရာအချို့နှင့် အဆင့်ငါး သိုင်းခန္ဓာနယ်ပယ် ကျောင်းသား ဆယ်ဦးခန့်သည် ရောက်ရှိလာသော အလုံပိတ် မြင်းလှည်းရှိရာသို့ ဦးညွှတ်၍ ရိုသေလေးစားစွာ အော်ဟစ်လိုက်ကြသည်။

"ဆရာဝေကို ကြိုဆိုပါတယ်"

ရွှေရောင်ပိုးသားဝတ်စုံကို ဝတ်ဆင်ထားသော လေးထောင့်စပ်စပ် မျက်နှာနှင့် သက်လတ်ပိုင်းလူ တစ်ဦးသည် အဖိုးတန် မြင်းလှည်းအတွင်းကနေ ထွက်ပေါ်လာခဲ့သည်။

မျက်ခုံးမွှေး ခပ်ပါးပါးရှိသော သူ၏ မျက်နှာသွင်ပြင်သည် ခက်ထန်တင်းမာနေခဲ့၏။

ထိုလူ၏ နောက်ကနေ အပြာရောင်ဝတ်စုံ ဝတ်ထားသည့် ဝေရှန်းခွန် ထွက်လာခဲ့သည်။

ဝေရှန်းခွန်သည် ချင်ယန်ကြောင့် ဒဏ်ရာရရှိခဲ့ပြီးနောက်တွင် သူ၏အိမ်သို့ ပြန်၍ ဒဏ်ရာကုသခဲ့သည်။

ယခုအချိန်တွင် သူ၏ သွင်ပြင်လက္ခဏာသည် လွန်စွာကောင်းမွန်နေခဲ့သည်။

သူ၏ ဒဏ်ရာ အရှင်းပျောက်ကင်းသွားဟန် တူ၏။

သူ့ဖခင်သည် နာမည်ကျော် အဆင့်မြင့် မှော်အစီအရင်ပညာရှင် ဖြစ်၍ ရှားပါးသော အဖိုးတန်ဆေးများ အလျှံပယ် ရှိနေသောကြောင့် သူ၏ ဒဏ်ရာများ လျင်မြန်စွာ ပျောက်ကင်းကာ ခွန်အားများ ပြန်လည် ပြည့်ဝလာခဲ့ခြင်း ဖြစ်သည်။

ထိုနေရာရှိ လူအုပ်ကြီးကို ကြည့်နေရာမှ ဆရာဝေ၏ အကြည့်သည် ချင်ယန် ထံတွင် ရပ်တန့်သွားခဲ့သည်။

ထို့နောက် အမှုမထားဟန်ဖြင့် ရေရွတ်လိုက်၏။

"ခွန်အာ... မင်းက အဆင့်ခြောက် သိုင်းခန္ဓာနယ်ပယ်ကို ရောက်နေပြီ... မင်းရဲ့ အနာဂတ်အတွက် ကျောင်းထဲမှာ ကျန်နေတဲ့ စာရင်းတွေကို ရှင်းသင့်တယ်"

ဝေရှန်းခွန်သည် ဒဏ်ရာ ပြင်းထန်စွာရပြီးနောက်တွင် အဆင့်ခြောက် သိုင်းခန္ဓာနယ်ပယ်သို့ အမှန်တကယ် တက်လှမ်းနိုင်ခဲ့သည်။

လူအုပ်ကြီးအတွင်းမှ ကျောင်းသား အချို့သည် အားကျစိတ်၊ မနာလိုစိတ်များဖြင့် ဝေရှန်းခွန် ထံသို့ သွားရောက်ကာ ဝမ်းသာဂုဏ်ယူကြောင်း ပြောနေခဲ့သည်။

"ဆရာဝေ... ကျွန်တော်တို့ အားလုံး သူ့ကို အချိန်မီ မရပ်တန့်နိုင်ခဲ့လို့ သခင်လေး ဝေရှန်းခွန် ဒဏ်ရာ အပြင်းအထန် ရခဲ့တာပါ"

ဆရာတစ်ဦးက မိမိကိုယ်မိမိ အပြစ်တင်ဟန်ဖြင့် ပြောနေခဲ့သည်။

ကျောင်းသား အတော်များများသည် ချက်ချင်းပင် ချင်ယန်ကို ကြည့်လိုက်ကြသည်။

ယင်းက မြင့်မားသော မှော်အစီအရင် ပညာရှင်တစ်ဦး၏ အဆင့်အတန်းပေလော။

ချင်ယန်က သူ့ထံသို့ ကြီးမားသော ဖိအားတစ်ခု ကျရောက်လာပြီ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။

ဆရာဝေ၏ အဆင့်အတန်းက ထိုမျှ မြင့်မားနေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ဟွာလင်းဝုကျောင်းရှိ လူအများစုသည် ဆရာဝေကို လွန်စွာ ရိုသေလေးစားမှန်း သိသာထင်ရှားနေခဲ့၏။

ဟွာလင်းဝုကျောင်းမှ ဆရာအများစုသည် အဆင့်ခုနစ် သို့မဟုတ် အဆင့်ရှစ် သိုင်းခန္ဓာနယ်ပယ်များ ဖြစ်ကြသည်။

သို့သော်လည်း ထိုသူများသည် ကြီးကျယ်ခမ်းနားသော ဝေချင်ဝမ် ရှေ့၌ အလွန်နှိမ့်ချ၍ ရှိနေကြ၏။

"ဆရာဝေ.. ဒီနေ့က ကျုပ်တို့ရဲ့ ပထမနှစ် ကျောင်းသားတွေကို စစ်ဆေး စမ်းသပ်မှု စတင်တဲ့နေ့ပဲ... ဒါကြောင့် ကျုပ်တို့ ခရီးထွက်ရဦးမယ်... ဧည့်ဝတ်မကျေသလို ဖြစ်သွားရင် ခွင့်လွှတ်ပါ"

အကြီးအကဲဇန်းက ပြောလိုက်သည်။

ဆရာဝေက အားရပါးရ အော်ရယ်၍ ပြောလိုက်သည်။

"အကြီးအကဲဇန်းရဲ့ ကျင့်ကြံမှုက အရမ်း တိုးတက်နေပုံပဲ... သိုင်းတာအို နယ်ပယ်အဆင့်ကို ရောက်နေပြီလို့ ကြားသိရတယ်... ကျွန်တော်က ဟွာလင်းဝုကျောင်းမှာ ရက်အနည်းငယ် တည်းခိုပြီး မှော်အစီအရင် ပါရမီရှိသူ တစ်ဦးလောက် ရှာချင်လို့ပါ

သူ၏ ကိုယ်မှ ခြောက်ခြားဖွယ် အော်ရာ တစ်ခု ထွက်ပေါ်လာခဲ့ရာ ကျောင်းသားများစွာသည် အသက်ရှူမဝသလို ခံစားလိုက်ရ၏။

ဆရာဝေက သူ၏ အော်ရာကို ပြန်ရုတ်သိမ်းလိုက်ပြီး အလုံပိတ် မြင်းလှည်း အတွင်းသို့ ဝင်ကာ ဟွာလင်းဝုကျောင်း အတွင်းသို့ ထွက်ခွာသွားခဲ့သည်။

"သွားကြစို့.. ပထမနှစ် ကျောင်းသားတွေကို အတွေ့အကြုံရရှိစေမဲ့ သင်ကြားမှု စတင်ပြီ.. မင်းတို့အားလုံး ငါ့အနားက မခွာဘဲ လိုက်ခဲ့ကြပါ"

ဟွာလင်းဝုကျောင်းသည် တိမ်နဂါး တောင်တန်းကြီး၏ အပြင်ဘက်၊ ရေစီးကြမ်းသော တိမ်နဂါးမြစ်ကြီး၏ ဘေးတွင် တည်ရှိနေခြင်း ဖြစ်သည်။

ယခု သူတို့အဖွဲ့သည် တိမ်နဂါးမြစ် တစ်လျှောက် ခရီးနှင်ကာ တိမ်နဂါး တောင်တန်းကြီးသို့ ဦးတည် သွားရောက်ကြပေမည်။

အခန်း(၃၅) ပြီး၏

အခန်း(၃၆)

တိမ်နဂါးတောင်တန်းကြီးအတွင်း မြူခိုးမြူငွေ့များက လှိုင်းလုံးကြီးများပမာ ဖုံးအုပ်ထားသော အန္တရာယ်ကြီးမားသည့် တောင်ထွတ် ထောင်ပေါင်း များစွာ ရှိသည်။

တောင်တန်းကြီး အတွင်း ဖုံးကွယ်နေသည့် လျှို့ဝှက်ချက်များ အလွန်များပြားစွာ ရှိနေကြ၏။

တောင်တန်းကြီး အတွင်းရှိ တောအုပ်များသည် ကျယ်ပြောသော ပင်လယ်ပြင်ကြီး တစ်ခု ကဲ့သို့ တည်ရှိနေသည်။

တောအုပ်အတွင်း၌ အမျိုးအစား များစွာသော နတ်ဆိုးသားရဲများ နေထိုင်ကြပြီး ၎င်းတို့ အားလုံးသည် အလွန်အန္တရာယ်ကြီးမား၍ လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေကြ၏။

တိမ်နဂါးတောင်တန်းကြီး၏ အခြားနေရာဒေသ အသီးသီးထက် ရှန်ချင်အင်ပါယာနှင့် ထိစပ်နေသော နေရာသည် ပိုမိုအန္တရာယ်ကြီးမားကာ လျှို့ဝှက်နက်နဲမှုများ ရှိနေသည်။

ဒဏ္ဍာရီအရ တိမ်နဂါးတောင်တန်း၏ အခြားတစ်ဖက်တွင် အလွန် ကြီးမားကျယ်ပြန့်သော ကုန်းမြေဧရိယာ ရှိသည်။

ဟွာလင်းဝုကျောင်းတော်သည် တောင်တန်းကြီး၏ ဒီဘက်ခြမ်းတွင် တည်ဆောက်ထားခြင်း ဖြစ်သည်။

ကြီးမားသော မြစ်ကြီးမှ ထွက်ပေါ်လာသော လှိုင်းလုံးကြီးများ၏ အရှိန်ကြောင့် လေထုပင် ဖရိုဖရဲနှင့် မတည်မငြိမ် ဖြစ်နေခဲ့သည်။

ချင်ယန်က ရန်ရှီးယု၏ နံဘေးမှ တည်ငြိမ်သော ခြေလှမ်းများဖြင့် လိုက်ပါလာခဲ့သည်။

သူက အပြေးအလွှား သွားနေကြသော အုပ်စုကြီး တစ်ခု၏ နောက်မှ လိုက်ပါလျက် တောင်အတွင်း၌ ပေါက်ရောက်နေသော သစ်တောကြီး၏ အစပ်သို့ ရောက်လာခဲ့သည်။

နေ့တစ်ဝက် ကုန်ဆုံးပြီးနောက်တွင် သူတို့သည် တောင်ထွတ်များစွာကို ဖြတ်ကျော်ကာ တိမ်နဂါးတောင်တန်းကြီး အတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။

သူတို့သည် တိမ်နဂါးတောင်တန်းကြီး၏ အပြင်ဘက်နယ်ပယ်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။

ဤနေရာတွင် လျှို့ဝှက်အန္တရာယ် အလွန်များပြားစွာ ရှိနေပြီး သူတို့ အလွန်အမင်း သတိထားနေခဲ့ကြသည်။

အကြီးအကဲဇန်း ဦးဆောင်သော ကျောင်းသားများနှင့် ဆရာများသည် တောအုပ်အတွင်းရှိ မြေကွက်လပ် တစ်ခုတွင် ရပ်နားလိုက်ကြသည်။

ထို့နောက် အကြီးအကဲဇန်းက ကျောင်းသားများကို ပြောလိုက်သည်။

"ခဏနေရင် မင်းတို့ရဲ့ ဆရာတွေ လိုက်ပါပြီး မင်းတို့နဲ့ နတ်ဆိုးသားရဲတွေရဲ့ တိုက်ပွဲကို စောင့်ကြပ်ပေးလိမ့်မယ်.. ဒီဟာက မင်းတို့ရဲ့ တိုက်ပွဲစွမ်းရည် ကျွမ်းကျင်ဖို့နဲ့ နတ်ဆိုးသားရဲတွေရဲ့ ခွန်အားကို နားလည်လာဖို့ပဲ... အခြေခံ အတွေ့အကြုံ သင်ယူမှုကို အချိန်သုံးရက် သတ်မှတ်ထားတယ်... ဒီသုံးရက်အတွင်း နတ်ဆိုးသားရဲတွေကို ပိုသတ်နိုင်တဲ့ အခန်းက ဆုရလိမ့်မယ်"

"အကြီးအကဲ.. နောက်ကွယ်ကနေ ဆရာက လျှို့ဝှက် ကူညီနေခဲ့ရင် တရားမျှတပါ့မလား"

ယန်ယွန်က ထိုသို့ပြောလိုက်ပြီး ရန်ရှီးယုကို ဖျတ်ခနဲ ကြည့်လိုက်သည်။

အဆင့်ကိုး သိုင်းခန္ဓာနယ်ပယ်ဖြစ်သော ရန်ရှီးယုသည် ဤနေရာသို့ ရောက်ရှိနေသော ဆရာများအနက် စွမ်းအား အကောင်းဆုံး ဖြစ်သည်။

သူမသာ ချင်ယန်ကို ကူညီခဲ့လျှင် ချင်ယန်သည် အငြင်းပွားဖွယ်မရှိ ထင်ရှားစွာ အနိုင်ရသွားပေလိမ့်မည်။

"မင်းက ဆရာတွေကို မယုံကြည်တာလား"

အကြီးအကဲဇန်း၏ မျက်နှာက သုန်မှုန်သွားပြီး လေသံက အေးစက်သွားခဲ့သည်။

"ကျွန်မတို့က သူတို့ကို မယုံလို့ မဟုတ်ဘူး... ဒါပေမဲ့ ဆရာမရန်နဲ့ ချင်ယန်တို့က လူနှစ်ဦးတည်း ရှိတာပါ... သူတို့သာ လိမ်ခဲ့ရင် ဘယ်သူမှ မသိနိုင်ဘူးလေ"

အကြီးအကဲဇန်း ဒေါသထွက်နေသည်ကို မြင်နေရ၍ ယန်ယွန် မဝံ့မရဲဖြစ်ကာ အသံခပ်တိုးတိုးဖြင့် ပြောလိုက်သည်။

အခြား ကျောင်းသားများနှင့် ဆရာအချို့သည်လည်း ထိုစကားကို ထောက်ခံလိုက်ကြသည်။

ကွီဟီက ကွဲအက်သောအသံဖြင့် ​ပြောလိုက်သည်။

"ဆရာမရန်က ချင်ယန်ကို အရမ်းတန်ဖိုးထားတာ... ဒါကြောင့် ကျွန်မတို့က သူ့ကို မယုံနိုင်ပါဘူး"

အကြီးအကဲဇန်းက တခဏမျှ စဉ်းစားလိုက်ပြီးမှ ပြန်ဖြေလိုက်သည်။

"ကောင်းပြီ... ဒါဆို ငါအခု ဆရာတွေကို မဲနှိုက်ပေးပြီး မဲကျတဲ့အခန်းကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ယူခိုင်းမယ်"

ထိုအကြံအစည်ကို ချက်ချင်းပင် အကောင်အထည်ဖော်လိုက်သည်။

ရန်ရှီးယုက အနည်းငယ်မှပင် စိုးရိမ်ပူပန်ခြင်း မရှိချေ။

စဉ်းစားကြည့်လိုက်လျှင် ချင်ယန်၏ သန်မာမှုနှင့် မီးစွမ်းအင်မှော်စာလိပ်များသည် ချင်ယန်၏ လုံခြုံရေး အတွက် လုံလောက်ရုံသာမက ပိုလျှံနေသည်။

ထို့ကြောင့် ရန်ရှီးယုသည် ဒေါသထွက်စရာ အကြောင်းမရှိပေ။

မဲနှိုက်ပြီးနောက် ရန်ရှီးယုက အခြားအခန်း တစ်ခုကို ဦးဆောင်ရမည် ဖြစ်သည်။

ချင်ယန်ကို ဦးဆောင်ညွှန်ကြားပေးရန် အရပ်မြင့်မြင့် ပိန်ပိန်ပါးပါး အသွင်အပြင် ရှိသည့် လူလတ်ပိုင်းတစ်ဦးမှ တာဝန်ယူမည် ဖြစ်သည်။

ထိုလူက အခန်းငါး၏ ဆရာ ဖြစ်ပြီး သူ၏ အမည်မှာ ဒင်ရှန်ချန်း ဖြစ်သည်။

ဆရာဒင်သည် အဆင့်ခုနစ် သိုင်းခန္ဓာနယ်ပယ်၏ အခြေခံအဆင့်သို့ ရောက်ရှိနေသူလည်း ဖြစ်သည်။

ဒင်ရှန်ချန်း၏ လေးထောင့်စပ်စပ် မျက်နှာတွင် ပြူးကျယ်သော မျက်လုံးအစုံနှင့် ထူထဲသော မျက်ခုံးမွှေးများ ရှိနေသည်။

သူ့ကို အကဲခတ် ကြည့်လိုက်လျှင် မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးတစ်ခု ရှိနေပြီး အလွန် ရိုးသားသူ တစ်ဦးမှန်း ပေါ်လွင်နေ၏။

သို့သော် ဒင်ရှန်ချန်း၏ ရုပ်ရည်သည် လူမိုက်တစ်ဦးနှင့် တူနေသည်ဟု ချင်ယန် သုံးသပ်မိသည်။

"ဒီဧရိယာအတွင်းမှာရှိတဲ့ အသန်မာဆုံးနဲ့ အကြီးဆုံး သားရဲက အဆင့်ခြောက်သားရဲ ဖြစ်ပြီး သူတို့က အဆင့်ခြောက် သိုင်းခန္ဓာနယ်ပယ်နဲ့ အဆင့်တူညီတယ်... ဆရာတွေက သူတို့ကို အလွယ်တကူ ရှင်းပစ်နိုင်တယ်... အဆင့်ခုနစ် သားရဲ ရောက်လာခဲ့ရင်တောင် မင်းတို့အနေနဲ့ ကြောက်စရာ မလိုဘူး... မင်းတို့က ဆရာတွေရဲ့ စွမ်းအားကို ယုံကြည်ရမဲ့ အပြင် ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်စိတ် ရှိရမယ်"

အကြီးအကဲဇန်း၏ စွမ်းအားပြည့်ဝသော အသံသည် လူတိုင်း၏ စိတ်ဓာတ်များကို တက်ကြွစေခဲ့သည်။

"ငါ ဒီနေရာကနေ မင်းတို့ပြန်လာတာကို စောင့်နေမယ်... အားလုံးပဲ ရလဒ်ကောင်းတွေ ပိုင်ဆိုင်နိုင်ကြပါစေ"

"စထွက်မယ်"

ဆရာများသည် ချက်ချင်းပင် ကျောင်းသားများကို ဦးဆောင်၍ တောအုပ် အတွင်းသို့ ဝင်သွားကြသည်။

"ချင်ယန်... မင်းဘာမှ စိတ်မပူနဲ့... ငါက နတ်ဆိုးသားရဲနဲ့ ပတ်သက်ပြီး အတွေ့အကြုံများတယ်"

ချင်ယန်ကို ကြည့်ပြီး ဒင်ရှန်ချန်းမှ ပြုံး၍ ပြောလိုက်သည်။

"ဒီလိုဆိုရင် ဆရာဒင်ကို ဒုက္ခပေးရတော့မယ်"

ချင်ယန်က ချင်တာရန်နှင့် တစ်ကြိမ် အလိမ်ခံခဲ့ရ၍ လူစိမ်းများ အပေါ် အလွန် သတိထားနေခဲ့သည်။

ချင်ယန်တို့ နှစ်ဦးသည် တောအုပ်အတွင်း၌ နာရီ အနည်းငယ် ပြေးလွှားလာခဲ့ကြသည်။

ဒင်ရှန်ချန်းသည် ရုတ်တရက် ရပ်တန့်လိုက်ကာ တစ်စုံတစ်ခုကို ရှာတွေ့လိုက်ဟန်ဖြင့် ခပ်တိုးတိုး ပြောလိုက်သည်။

"ဒီနေရာမှာ နတ်ဆိုးသားရဲ တစ်ကောင်ရဲ့ အရှိန်အဝါ ရှိနေတယ်"

သူက မြေပြင်ကို ဂရုတစိုက် အကဲခတ်လိုက်ရာ တခဏအတွင်း နတ်ဆိုးသားရဲ၏ ခြေရာကို ရှာတွေ့လိုက်သည်။

"ခြေရာတွေအရ ဒါက အရမ်းကြီးမားတဲ့ ဆူးချွန်ကြက်ဆင်ပဲ... ဒီသားရဲက မီးတောက်တွေကို မှုတ်ထုတ်နိုင်စွမ်း ရှိတဲ့ အပြင် သူ့ရဲ့အတောင်တွေကို ခတ်ပြီး ဆူးချွန်တွေနဲ့ တိုက်ခိုက်နိုင်တယ်"

ထိုအချိန်တိုအတွင်း ချင်ယန်နှင့် ဒင်ရှန်ချန်း တို့သည် ဂရုတစိုက် လျှောက်လှမ်းနေကြသည်။

သူတို့က သတိလက်လွတ် မနေခဲ့ကြပေ။

ဒင်ရှန်ချန်းသည် အတွေ့အကြုံရင့် ဆရာတစ်ဦး ဖြစ်သည်။

သူသည် ခရီးစဉ် တစ်လျှောက်လုံး နတ်ဆိုးသားရဲများ၏ အကြောင်းကို ချင်ယန်အား ဗဟုသုတရစေရန်နှင့် အသိပညာတိုးပွားစေရန် ပြောပြခဲ့သည်။

ထို့ပြင် နတ်ဆိုးသားရဲများနှင့် ပတ်သက်သည့် သူ၏ အတွေ့အကြုံများကိုလည်း ပြောပြခဲ့၏။

ယင်း အချက်အလက်များသည် ချင်ယန်အတွက် ကြီးမားသော အကျိုးကျေးဇူးကို ရစေခဲ့သည်။

ချင်ယန်သည် ခပ်သွက်သွက် လျှောက်နေရာမှ ရုတ်တရက် ရပ်တန့်လိုက်ပြီး ဒင်ရှန်ချန်းကို ကြည့်ကာ ပြောလိုက်သည်။

"လေပူအချို့ရဲ့ အကြွင်းအကျန်ကို ကျွန်တော် ခံစားမိတယ်"

ချင်ယန်သည် ခရမ်းရွှေ မီးတောက်သိုင်းဝိညာဉ် ပိုင်ဆိုင်သူဖြစ်ရာ မီးနှင့် သက်ဆိုင်သမျှ အရာအားလုံး အပေါ်တွင် အလွန်အမင်း ခံစား သိရှိနိုင်ခဲ့သည်။

"ဆူးချွန်ကြက်ဆင်ရဲ့ အကြောင်းကို ငါမင်းကို ပြောပြခဲ့တယ်လေ... ဟုတ်တယ်မလား"

ဒင်ရှန်ချန်းက သူ၏ အသံကို နှိမ့်လိုက်ပြီး ဆက်ပြောလိုက်သည်။

"ဒီသားရဲက ဒီအနီးအနား တစ်ဝိုက်မှာ အစာရှာနေတာ ဖြစ်မယ်... အပူလှိုင်းနောက်ကို မင်းလိုက်သွားရင် သူ့ကို တွေ့လိမ့်မယ်"

"ကောင်းပြီ"

ချင်ယန်က ပို၍ သတိရှိစွာဖြင့် တိမ်မီးတောက်ခြေလှမ်းကို ထုတ်ဖော်လိုက်ပြီး တိမ်စိုင်များ ကဲ့သို့ ရွေ့လျားလိုက်သည်။

ချင်ယန်သည် အသံတစ်ချက်မျှ မထွက်စေဘဲ အားနည်းသော လေပူတန်း နောက်သို့ လိုက်ပါသွားခဲ့သည်။

မွန်းတည့်ချိန် ဖြစ်၍ နေလုံးကြီးသည် ကောင်းကင်ယံ၌ မြင့်မားစွာ တည်ရှိနေသည်။

တောအုပ်ကြီး တစ်ခုလုံးသည် ရှေးဟောင်းသစ်ပင်ကြီးများဖြင့် စိမ်းလန်း စိုပြေနေပြီး အရိပ်ကောင်းစွာ ရရှိနေခဲ့၏။

အေးမြသော လေပြေလေညှင်းများ တိုက်ခတ်မှုနှင့်အတူ အချိန်များ တရွေ့ရွေ့ စီးဆင်းသွားခဲ့သည်။

ယခုအခါ လေပူစီးကြောင်း တစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"ဂီး... ဂဲ... "

လေပူစီးကြောင်း၏ နောက်မှပါလာသော ကြက်ဆင်တစ်ကောင်၏ စူးရှသော အော်ဟစ်သံသည် အသည်းခိုက်လောက်စွာပင် နားအတွင်းသို့ တိုးဝင်လာခဲ့သည်။

"သူလာတာ အရမ်းမြန်တာပဲ"

ဆူးချွမ်ကြက်ဆင်၏ တိုက်ခိုက်မှုကို ချင်ယန် သတိရှိစွာဖြင့် အလျင်အမြန် ရှောင်တိမ်းနိုင်ခဲ့သည်။

ဝင်ရောက်လာသည့် အရာဝတ္ထုသည် ဓားမြောင်များနှင့် တူသော ဆူးချွန်များ ဖြစ်နေခဲ့သည်။

ချွန်ထက်သော ဆူးချွန်များသည် ကြီးမားသော သစ်ပင်ကြီးတစ်ပင် အတွင်းသို့ ထိုးဖောက် ဝင်ရောက်သွားပြီးနောက် အတွင်း၌ ပေါက်ကွဲသွားကာ မီးများ တောက်လောင်လာခဲ့သည်။

မီးအရှိန်သည် သစ်ပင်ကြီးကနေ မီတာအနည်းငယ်အထိ ပျံ့လွင့်နေ၏။

"ဝုန်း"

သစ်ပင်ကြီးက မြေကြီးပေါ်သို့ ပြိုလဲသွားသည်။

ချင်ယန်က တုန်လှုပ် ခြောက်ခြားဖွယ်ရာ ထိုအဖြစ်အပျက်ကို ကြည့်ရှုနေခဲ့သည်။

သူသာ ဓားကို အသုံးပြုခဲ့လျှင် အခွင့်အရေး ရရှိနိုင်ချေ မြင့်မားလာပြီး ထိုသားရဲကြီးကို အစိတ်စိတ်အမွှာမွှာ ဖြစ်သည်အထိ ပြုလုပ်နိုင်ပေလိမ့်မည်။

ထက်ရှသော ဓားရှည်တစ်ချောင်း ပုံသဏ္ဌာန် အားလှိုင်းတစ်ခုသည် ဆူးချွန်ကြက်ဆင် ထံမှ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

ထိုကြီးမားသော ဆူးချွန်ကြက်ဆင်ကြီးသည် တစ်မီတာကျော်ခန့် ရှည်လျားသည်။

ဤနေရာသို့ ချင်ယန် ရောက်ရှိခဲ့ခြင်းသည် ထိုသားရဲကြီးနှင့် တိုက်ခိုက်ရန် ဖြစ်သည်။

နတ်ဆိုးသားရဲ ဆူးချွန်ကြက်ဆင်ကြီးသည် ပြင်းထန်သောအပူငွေ့များ တထောင်းထောင်း ထနေသည့် အတောင်နှစ်ဖက်ကို ကြီးမားသော ရင်အုပ်ကြီး ပေါ်သို့ တဘန်းဘန်း အသံမြည်အောင် ရိုက်ချလိုက်ပြီး သူ၏ ကိုယ်မှ ကြီးမားသော စွမ်းအားများကို ဖော်ထုတ်ပြသလိုက်သည်။

"ဂီး... ဂဲ... "

ကြက်ဆင်သားရဲကြီး ထံမှ ထွက်ပေါ်လာသည့် ဓားရှည်သဏ္ဌာန် အားလှိုင်း၏ ရွေ့လျားနှုန်းသည် အလွန်တရာ မြန်ဆန်နေခဲ့၏။

ထိုမျှနှင့် ကျေနပ်ပုံမရသည့် သားရဲကြီးသည် သူ၏ တောင်ပံများကို အဆက်မပြတ် လှုပ်ခတ်လိုက်ပြီး ထိတ်လန့်ခြောက်ခြားဖွယ် ဓားရှည်လှိုင်းများကို ပေါက်ကွဲထွက်ပေါ်စေခဲ့သည်။

"ဒါက အဆင့်ငါး ဓားရှည်ဆူးချွန်ကြက်ဆင်ကြီးပဲ... ဒီသားရဲကြီးရဲ့ ခြေသည်းနဲ့ တောင်ပံ အပါအဝင် သူ့အသွေးအသားတွေက အစ ဖော်ပြနေတာက သိပ်မကြာခင်ကမှ သူအဆင့်တက်ထားတယ် ဆိုတာပဲ"

ဒင်ရှန်ချန်း စိုးရိမ်တကြီး သတိပေး အော်ဟစ်လိုက်သည်။

"အဲဒီဓားလှိုင်းတွေကို မင်းအထူး ဂရုစိုက်ပါ"

ထိုအခိုက်တွင် ထက်ရှသော ဓားရှည်လှိုင်း ရောက်ရှိလာခဲ့သည်။

သားရဲကြီးသည် ထက်ရှသော အခြားလှိုင်း တစ်ခုကို ပစ်လွှတ်လိုက်ပြန်၏။

ချင်ယန်၏ ကိုယ်ဖော့ပညာက လွန်စွာ နက်နဲသိမ်မွေ့နေပြီဖြစ်ရာ လွယ်ကူစွာ ရှောင်တိမ်းနိုင်ခဲ့သည်။

ထိုရှောင်တိမ်းမှုကြောင့် ဒင်ရှန်ချန်း သဘောကျသွားပြီး အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။

"အလင်းမီးတောက်လက်သီး"

ထိုအတောအတွင်း အခွင့်အရေး ရှာတွေ့သွားသော ချင်ယန်၏ အကန့်အသတ်မဲ့ စွမ်းအားများ ပါဝင်နေသည့် လက်သီးသည် သားရဲကြီး ထံသို့ ကန့်လန့်ဖြတ် ဝင်ရောက်သွားခဲ့သည်။

ရုန့်ရင်းသော ခရမ်းရွှေရောင် ချီစွမ်းအင်များသည် ချင်ယန်၏ လက်သီးမှ ထွက်ပေါ်လာပြီး ဓားရှည်စွမ်းအင်လှိုင်းများ အဆက်မပြတ် ထုတ်ဖော်နေသည့် ကြက်ဆင်သားရဲကြီး၏ ဦးခေါင်း တည့်တည့်သို့ ဝင်ရောက်သွားခဲ့သည်။

ချင်ယန်၏ လက်သီးချက် ထိမှန်သွားချိန်တွင် ကြက်ဆင်ကြီး၏ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာပြီး သူ၏ ကိုယ်က မြေပေါ်တွင် လိမ့်သွားခဲ့သည်။

ချင်ယန်၏ ချီစွမ်းအင်များ ထုတ်ဖော်ထားသော လက်သီးသည် ဦးခေါင်းတည့်တည့်သို့ အလွန်တိကျစွာ ထိမှန်သွားခဲ့သည်။

ဒင်ရှန်ချန်းသည် ထိုလက်သီးကို မြင်ခဲ့ပြီးနောက် သူ ကူညီရန် မလိုကြောင်း သိလိုက်သည့် အပြင် လက်သီး၏ အစွမ်းကို ချီးကျူးမိလိုက်သည်။

အလင်းမီးတောက် လက်သီး၏ စွမ်းအားဖြင့် တိုက်ပွဲကို အဆုံးသတ်နိုင်ခဲ့ပြီးနောက်တွင် ချင်ယန်က ဆူးချွန်ကြက်ဆင်သားရဲကြီး၏ ဘေးသို့ ပျံသန်းသွားခဲ့သည်။

သူ၏ လက်သီးတစ်စုံမှ ရုတ်တရက် အနီရောင်မီးတောက်များ ထွက်ပေါ်လာခဲ့သည်။

ချင်ယန်၏ ပြင်းထန်သော အနီရောင် သံမဏိလက်သီးသည် အဆင့် တစ်ခုသို့ ရောက်ရှိနေမှန်း ထင်ရှားနေ၏။

"ဘန်း... ဘန်း... ဘန်း... "

ချင်ယန်၏ မီးလက်သီး တစ်စုံသည် ဆူးချွန်ကြက်ဆင်ကြီး၏ ဦးခေါင်းပေါ်သို့ ပြင်းပြင်းထန်ထန် ထိမှန်နေခဲ့သည်။

လက်သီးချက်တိုင်းသည် စိတ်ခြောက်ခြားဖွယ် လှိုင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

လက်သီးချက် အချို့ ထိမှန်ခဲ့ပြီးနောက် ဆူးချွန်ကြက်ဆင်သားရဲကြီးသည် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

"ဆူးချွန်ကြက်ဆင်ကြီးကို မင်းအနိုင်ယူခဲ့ပြီ"

ဒင်ရှန်ချန်းသည် ချင်ယန်၏ အနီးသို့ လျှောက်လာပြီး အံ့အားသင့်သော လေသံဖြင့် ပြောလိုက်သည်။

"ပထမနှစ် ကျောင်းသားတွေရဲ့ အဆင့်တစ်.. မင်းရဲ့စွမ်းအားက တကယ်ကို အံ့အားသင့်စရာပဲ"

ချင်ယန်က ပြုံးလိုက်သည်။

"ဆရာဒင်... ဒီကြက်ဆင်ကြီးကို ဘယ်လိုသယ်ခဲ့ရမလဲ"

"ငါ့မှာ စိတ်ဝိညာဉ် အသုံးအဆောင်ပစ္စည်းတစ်ခု ရှိတယ်... မင်းရဲ့ ပထမဆုံး အနိုင်ရလဒ်ကို ငါထိန်းသိမ်းပေးထားမယ်"

ဒင်ရှန်ချန်းသည် ဆူးချွန်ကြက်ဆင် အသေကောင်ကြီးကို သိုလှောင်အိတ် အတွင်းသို့ ထည့်သိမ်းလိုက်သည်။

"ရှေ့ဆက်ပြီး ငါတို့ လုပ်ရမှာက ယုတ်မာတဲ့ နတ်ဆိုးသားရဲတွေကို အချိန်ရှိသရွေ့ အများကြီး သတ်ပစ်ရမယ်"

ဒင်ရှန်ချန်းက အသံကျယ်ကျယ် အော်ရယ်လိုက်သည်။

"မင်းမှာရှိတဲ့ ဒီခွန်အားမျိုးနဲ့ နတ်ဆိုးသားရဲတွေကို တစ်ယောက်တည်း သွားသတ်ရင်တောင် မင်းရဲ့ရလဒ်က အကောင်းဆုံး ဖြစ်နေမှာပဲ... နတ်ဆိုးသားရဲ အများကြီးကို မင်းသတ်ဖို့ အတွက် ငါက ခြေရာခံ ရှာဖွေပေးမယ်"

ယခုထိတိုင် ဒင်ရှန်ချန်းသည် ချင်ယန်ကို ကောင်းမွန်သည့် ထင်မြင် ယူဆချက်များကိုသာ ပေးနေခဲ့သည်။

သူက အမှန်တကယ်ပင် အလွန် စိတ်ရင်းကောင်းမွန်သူ တစ်ဦး ဖြစ်၏။

အခန်း(၃၆) ပြီး၏

All Chapters