← Chapters

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း(၃၇)

ဒင်ရှန်ချန်းသည် ချင်ယန်ကို ခေါ်ဆောင်ကာ တောအုပ်အတွင်း ဖြတ်သန်း၍ နတ်ဆိုးသားရဲများကို ရှာဖွေခဲ့သည်။

ဒင်ရှန်ချန်း၏ အမဲလိုက် အတွေ့အကြုံသည် အလွန်များပြားပေရာ ချင်ယန်ပင် တုန်လှုပ်ခဲ့ရသည်။

အဘယ့်ကြောင့်ဆိုသော် အချိန် အနည်းငယ်အတွင်း သူတို့သည် သံချပ်ကာ ဝက်ဝံတစ်ကောင်ကို တွေ့ခဲ့ခြင်းကြောင့်ပင်။

ထိုသံချပ်ကာဝက်ဝံသည် အဆင့်လေး နတ်ဆိုးသားရဲ ဖြစ်ပြီး အလွန်ခိုင်မာသော သံချပ်ကာ တစ်ခုက တစ်ကိုယ်လုံးကို ကာကွယ်ပေးထားသည်။

ယင်းကြောင့် သံချပ်ကာဝက်ဝံ သားရဲကို ရင်ဆိုင်တိုက်ခိုက်ရန် မလွယ်ကူချေ။

သို့သော် ချင်ယန်က တိုက်ခိုက်ခဲ့သည်။

ဝက်ဝံတွင် မိုးကောင်းကင်၏ လက်ဆောင်ဖြစ်သော ခုခံနိုင်သည့် အကာအကွယ်ကြောင့် အခြားအဆင့်တူ သားရဲကြီးများထက် သတ်ဖြတ်ရန် ပိုမို ခက်ခဲသော်လည်း လှုပ်ရှားနိုင်စွမ်းကမူ လွန်စွာ နှေးကွေးလေးလံ၏။

ဆန့်ကျင်ဘက်အားဖြင့် ချင်ယန်သည် အလွန်လျင်မြန်စွာ လှုပ်ရှားနိုင်ခဲ့သည်။

ချင်ယန်သည် ကိုယ်ဖော့ပညာ အစွမ်းဖြင့် ဝက်ဝံ၏ ပတ်ပတ်လည်ကို အလင်းမီးတောက် လက်သီးကို အသုံးပြု၍ အဆက်မပြတ် ထိုးနှက်ခဲ့သည်။

အလွန်ပူပြင်းသော မီးချီစွမ်းအင်များကို စမ်းချောင်းငယ်လေးများ ပမာ ဝက်ဝံ၏ ကိုယ်တွင်းသို့ ပို့ဆောင်ပေးခဲ့၍ သူ၏ စွမ်းအင်များပင် လျော့ပါးလာခဲ့သည်။

သို့သော် အချိန်အနည်းငယ် အကြာတွင် ကိုယ်တွင်းသို့ ဝင်လာသော မီးချီစွမ်းအင်များပ အတွင်းကလီစာများကို လောင်ကျွမ်းဖျက်ဆီးခဲ့၍ သံချပ်ကာ ဝက်ဝံကြီး လဲကျ သေဆုံးသွားခဲ့သည်။

ဤတိုက်ပွဲသည် ဒင်ရှန်ချန်း၏ လမ်းညွှန်မှုအတိုင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်၏။

"မင်းက တိမ်မီးတောက်ခြေလှမ်းနဲ့ ချီစွမ်းအင် အသုံးပြုတာကို အရမ်း ထူးချွန်နေပြီ... မင်းထက်စောပြီး ကျောင်းကိုရောက်ခဲ့တဲ့ ကျောင်းသားကြီးတွေတောင် အဆင့်ငါး သိုင်းခန္ဓာနယ်ပယ် ရောက်နေပေမဲ့ မင်းလောက် အစွမ်းမထက်ဘူး... ဒါပေမဲ့ မင်းက ဒီသေးငယ်တဲ့ အောင်မြင်မှုနဲ့ မလုံလောက်သေးဘူး"

"ဆရာ... ကျေးဇူးပြုပြီး ညွှန်ပြပေးပါ"

ချင်ယန် ချက်ချင်းပင် တောင်းဆိုလိုက်သည်။

"မင်းရဲ့ တိုက်ခိုက်မှုက ပြင်းထန်ပြီး မင်းရဲ့ ကိုယ်ဖော့ပညာက လုံလောက်မှု အသင့်အတင့် ရှိတယ်... ဒါပေမဲ့ မင်းက အဲဒီနှစ်မျိုးကို ပေါင်းစပ် အသုံးမပြုနိုင်သေးဘူး... ခြေလှမ်းကွက်တွေက လျင်မြန်တဲ့ အရှိန်အဟုန်ကို ထုတ်ဖော်နိုင်တယ်.. လျင်မြန်တဲ့ အရှိန်အဟုန်က အားအဟုန်ကို တိုးတက်စေနိုင်တယ်... မင်းက အဲဒီ စွမ်းအားတွေကို ပေါင်းစပ် အသုံးပြုနိုင်ခဲ့ရင် မင်းရဲ့သိုင်းစွမ်းအားက ပိုမြင့်မားလာလိမ့်မယ်"

ထိုသို့ ရှင်းပြပြီးနောက် ဒင်ရှန်ချန်းက သူ၏ နည်းလမ်းကို လက်တွေ့ပြသခဲ့သည်။

သူ၏ လက်ဝါးမှ ထွက်ပေါ်လာသော အားလှိုင်းသည် သစ်ပင်တစ်ပင်၏ ပင်စည်မှ အစိတ်အပိုင်း တစ်ခုကို ချိုးဖဲ့လိုက်သည်။

ချင်ယန်က အသက်တစ်ရှိုက်စာ အချိန်အတွင်း ချီစွမ်းအင်ကို အသုံးပြုလိုက်သည်။

သူ၏ ကိုယ်ဖော့ပညာနှင့် အခြား ပညာရပ်တစ်ခုကို တပြေးညီ ပေါင်းစပ်လိုက်သည်။

ခြေလှမ်းကွက်၏ အကူအညီဖြင့် ချင်ယန်သည် သစ်ပင်ကြီးတစ်ပင်၏ ပင်စည်ကို ချိုးဖဲ့နိုင်ခဲ့၏။

ထိုအခြေအနေကို မြင်လျှင် ချင်ယန်သည် ချက်ချင်း နားလည်သဘောပေါက်သွားပြီး ကျေးဇူးတင်စွာ ပြောလိုက်သည်။

"အခုလို သင်ကြားပေးတဲ့ အတွက် အရမ်းကျေးဇူးတင်ပါတယ် ဆရာ"

"ငါ မသင်ပေးလည်း မင်းရဲ့ မြင့်မားတဲ့ နားလည်နိုင်စွမ်းနဲ့ဆို ဒါကို အလွယ်တကူ အသုံးချနိုင်မှာ သေချာပါတယ်"

ဒင်ရှန်ချန်း ပြုံး၍ ပြောလိုက်သည်။

"ကဲ... နတ်ဆိုးသားရဲတွေကို ဆက်ရှာကြစို့"

ချင်ယန်သည် နှစ်ရက်အတွင်း ဒင်ရှန်ချန်း၏ ဦးဆောင်မှုဖြင့် နတ်ဆိုးသားရဲ ငါးကောင်ကို အမဲလိုက် သတ်ဖြတ်ခဲ့သည်။

သူက အဆင့်ငါး နတ်ဆိုးသားရဲတစ်ကောင်နှင့် အဆင့်လေး နတ်ဆိုးသားရဲ လေးကောင်ကို သတ်ဖြတ်နိုင်ခဲ့၏။

ဤရလဒ်က အလွန်ကောင်းမွန်ကြောင်း တွက်ဆနိုင်သည်။

သားရဲအားလုံးကို ချင်ယန် တစ်ဦးတည်းသာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

"ဒီဧရိယာက တော်တော် လုံခြုံတယ်လို့ ယူဆလို့ရတယ်... ငါတို့ ဒီထက်ပိုပြီး ဝေးဝေးသွားခဲ့ရင်တော့ အဆင့်ခြောက် သားရဲတွေ ရှိတဲ့နေရာဆီ ရောက်သွားလိမ့်မယ်"

ဒင်ရှန်ချန်းက သစ်ပင်ကြီး တစ်ပင်အောက်တွင် အနားယူနေရာမှ ပြောလိုက်သည်။

"ဆရာဒင်... ဒီတိမ်နဂါး တောင်တန်းကြီးရဲ့ အတွင်းပိုင်းနက်ရှိုင်းတဲ့ နေရာက အသန်မာဆုံးနဲ့ စွမ်းအားအမြင့်ဆုံး နတ်ဆိုးသားရဲက ဘယ်အဆင့် ရှိလဲ"

သူက ဤတောင်တန်းကြီး အတွင်းရှိ သားရဲများ အကြောင်းကို မသိခဲ့ပေ။

ဒင်ရှန်ချန်း၏ ကျွမ်းကျင်မှုအရ သိနိုင်မည်ဟု ယူဆ၍ မေးလိုက်ခြင်း ဖြစ်သည်။

"တိမ်နဂါး တောင်တန်းကြီးက ရှန်ချင်အင်ပါယာထက် အဆပေါင်းများစွာ ပိုမိုကြီးမားတယ်.. အိမ်နီးချင်းအင်ပါယာ နှစ်ခုကို တိမ်နဂါး တောင်တန်းကြီးက ဆက်သွယ်ပေးထားတယ်... ဒီလို ကြီးမားကျယ်ဝန်းတဲ့ တိမ်နဂါးတောင်တန်းကြီး အတွင်းမှာ ကောင်းကင်ပစ္စည်း အမျိုးမျိုးနဲ့ ရှားပါး ရတနာတွေ အများအပြား ရှိတယ်... ဒီဒေသမှာရှိတဲ့ နတ်ဆိုးသားရဲတွေက အဲဒီရှားပါး ပစ္စည်းတွေကို စားသုံးပြီး အဆက်မပြတ် ဆင့်ကဲ ဖွံ့ဖြိုးနေကြတယ်"

ဒင်ရှန်ချန်းက စကားကို ရပ်လိုက်ပြီး အချိန်အတန်ကြာမှ ဆက်ပြောလိုက်ပြန်သည်။

"ဒီနယ်မြေအတွင်းမှာ စွမ်းအားအမြင့်ဆုံးသားရဲက စိတ်ဝိညာဥ်အဆင့် သားရဲကြီးတွေပဲ"

"စိတ်ဝိညာဥ် အဆင့် သားရဲလား"

ချင်ယန် တုန်လှုပ်စွာ ရေရွတ်လိုက်သည်။

"နတ်ဆိုးရဲ့ မျိုးဆက်သွေးဖြစ်တဲ့ ဒီသားရဲတွေမှာလည်း သိုင်းပညာရှင်တွေလိုပဲ အဆင့်တွေ ခွဲထားတယ်... တချို့ဆိုရင် သိုင်းတာအိုနယ်ပယ်နဲ့ အဆင့်တူလောက် ရှိတယ်"

ဒင်ရှန်ချန်း ပြုံးလိုက်ပြီး ရှေ့ဆက်၍ ပြောလိုက်သည်။

"ဒါတွေ အားလုံးက ဒဏ္ဍာရီတစ်ခုပဲ... တိုတို ပြောရရင်တော့ တိမ်နဂါး တောင်တန်းကြီးက အရမ်းကို လျှို့ဝှက်ဆန်းကြယ်ပြီး ပဟေဠိတွေနဲ့ ပြည့်နေတယ်"

တချို့အကြောင်းအရာများကို ဒင်ရှန်ချန်းပင် မသိချေ။

သူက သဘောကျစွာ ရယ်နေရာမှ မျက်နှာကွက်ခနဲ ပျက်သွားခဲ့သည်။

"ဆရာဒင်... ဘာမှားနေလို့လဲ"

ဒင်ရှန်ချန်း၏ မျက်နှာအမူအရာကို တွေ့လိုက်သော ချင်ယန်က ထိတ်လန့်စွာ မေးမြန်းလိုက်မိသည်။

"တစ်ခုခုတော့ မှားနေပြီ.. ဒီနေရာက အမြန်ဆုံး သွားကြမယ်"

ဒင်ရှန်ချန်းက ထိုင်နေရာမှ အလျင်အမြန် ခုန်ထလိုက်သည်။

ထို့နောက် ခြေနှစ်လှမ်း လျှောက်ပြီးချိန်တွင် အားကောင်းသော အရှိန်အဝါ တစ်ခုသည် အရိပ်တစ်ခု ပမာ လျင်မြန်စွာဖြင့် ဒင်ရှန်ချန်း ထံသို့ ဝင်ရောက်လာခဲ့သည်။

ချင်ယန်က ဒင်ရှန်ချန်း၏ ထွက်ခွာရန် အလောတကြီးပြောဆိုမှုကြောင့် သတိထားနေခဲ့သော်လည်း ထိုအရှိန်အဝါ၏ ဖိနှိပ်မှုကြောင့် အသက်ရှုမဝသလို ခံစားလိုက်ရ၏။

ဒင်ရှန်ချန်းသည် သူ့ထံသို့ ဝင်လာသည့် အရိပ်မည်းကြီးကို လက်သီးဖြင့် ထိုးလိုက်သော်လည်း သူ၏ တိုက်ခိုက်မှုက လွဲချော်သွားခဲ့သည်။

"ဒါ အလျင်မြန်ဆုံး အရိပ်လူဝံပဲ... အဆင့်ခုနှစ် နတ်ဆိုးသားရဲ ဖြစ်တဲ့အပြင် အရမ်းကို လျင်မြန်တယ်... မြန်မြန် သွားကြစို့"

ဒင်ရှန်ချန်း၏ မျက်နှာက လေးနက်နေခဲ့သည်။

ချင်ယန်က အနက်ရောင်အစက် တစ်ခု ဖြတ်သန်းသွားသည်ကိုသာ မြင်ခဲ့ရသည်။

သူက ထိုသားရဲ၏ ပုံသဏ္ဍာန်ကိုပင် မသိလိုက်ရပေ။

သားရဲ၏ မြန်ဆန်မှုသည် အံ့ဖွယ်သူရဲပင်တည်း။

ချင်ယန်သည် ခြေတစ်လှမ်း ရွှေ့လိုက်ရာ ကြမ်းကြုတ်သော အားလှိုင်း တစ်ခုသည် သူ့ထံသို့ ဝင်ရောက်လာခဲ့သည်။

ချင်ယန်၏ စိတ်ထဲတွင် သေခြင်းတရားနှင့် လွန်စွာ နီးကပ်လာသည်ဟု ထင်မြင်မိကာ စိတ်နှလုံး တုန်ယင်လာခဲ့သည်။

ဒင်ရှန်ချန်းသည် မိုးခြိမ်းသံပမာ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ချီစွမ်းအင် လှိုင်းလုံး တစ်ခုကို ထုတ်ဖော်၍ ချင်ယန်ထံသို့ ပို့လွှတ်လိုက်သည်။

ဒင်ရှန်ချန်း၏ ချီစွမ်းအင် ထိမှန်သွားသော ချင်ယန်သည် အဝေးသို့ လွင့်ထွက်သွားခဲ့ရာ အရိပ်လူဝံ၏ ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ခိုက်မှုကနေ လွတ်မြောက်သွားခဲ့ရသည်။

ချင်ယန်ကို လွဲချော်သွားခဲ့သော အရိပ်လူဝံ၏ အားလှိုင်းသည် အလွန်ကြီးမားသော သစ်ပင်ကြီး အချို့ကို ထိမှန်သွားကာ သစ်ပင်များကို ပြင်းထန်စွာ တုန်ခါသွားစေခဲ့သည်။

ထိုအဖြစ်ကြောင့် အရိပ်လူဝံသည် အလွန်ဒေါသ ဖြစ်သွားခဲ့ပြီး ဒင်ရှန်ချန်းကို ခုန်ဝင်တိုက်ခိုက်လိုက်သည်။

"ဆရာဒင်.."

"မြန်မြန်သွားတော့... မင်းထွက်သွားတာ ငါ့ကို ကူညီတာပဲ"

ဒင်ရှန်ချန်းက အော်ဟစ်လိုက်ပြီး အရိပ်လူဝံကို တိုက်ခိုက်နေခဲ့သည်။

သူက ဒင်ရှန်ချန်းကို ပစ်ထားခဲ့ရပါမည်လော။

ချင်ယန်က မီးမှော်စာလိပ် နှစ်ခုကို ချက်ချင်း ထုတ်ယူ၍ အော်ပြောလိုက်သည်။

"ဆရာဒင်... ကျွန်တော့်မှာ မီးစွမ်းအင် မှော်စာလိပ် နှစ်ခုရှိတယ်... ဒါကို အသုံးပြုလို့ရမလား"

ထိုအချိန်တွင် ဒင်ရှန်ချန်းသည် အရိပ်လူဝံ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရနေခဲ့ချေပြီ။

သို့သော် သူက ခိုင်မာစွာပင် ရပ်တည်နေခဲ့သည်။

"မီးစွမ်းအင်မှော်စာလိပ်ကို ကျော်ပစ်လိုက်"

ဆရာဒင်၏ ရည်ရွယ်ချက်က လျင်မြန်သော အရိပ်လူဝံ၏ လှုပ်ရှားမှုကို ထိန်းချုပ်ရန် ဖြစ်ကြောင်း ချင်ယန် သဘောပေါက်လိုက်၏။

အလွန် မြန်ဆန်သော အရိပ်လူဝံကို ထိမှန်အောင် ပစ်ရန် ခက်ခဲသော်လည်း သူ၏ ဘေးပတ်ပတ်လည်သို့ မှော်စာလိပ်များ ပစ်လွှတ်ရန် လွယ်ကူသည် မဟုတ်ပါလား။

ချင်ယန်က အဝေးသို့ ထွက်ပြေးသွားခြင်း မရှိသည်ကို တွေ့ရလျှင် ဒင်ရှန်ချန်း လွန်စွာ သဘောကျမိသည်။

ချင်ယန်တွင် အရိပ်လူဝံကို ခုခံနိုင်စွမ်း မရှိကြောင်း သူသိထား၏။

ယခုကဲ့သို့ သေရေးရှင်ရေး အခြေအနေမျိုးတွင် တစ်ကိုယ်ကောင်းဆန်ကာ ထွက်မသွားခဲ့ချေ။

သူက အခြားလူများကဲ့သို့ သေဆုံးမည်ကို ကြောက်ရွံ့မှုမရှိပေ။

ချန်ယန်၏ သစ္စာတရားကို အလေးထားမှုက ထင်ရှားစွာ ပေါ်လွင်နေခဲ့၏။

"ဆရာဒင်... ကျွန်တော့်ရဲ့ မီးစွမ်းအင် မှော်စာလိပ်တွေက ဆရာ ထင်ထားတာထက် ပိုပြင်းထန်တယ်.. ဆရာ သေချာ ကာကွယ်ထားမှဖြစ်မယ်"

ချင်ယန်က စကားဆုံးသည်နှင့် မီးစွမ်းအင် မှော်စာလိပ် အချို့ကို ထပ်မံ ထုတ်ယူလိုက်ပြီး သူ၏ ချီစွမ်းအင်များကို ထည့်သွင်း ပေါင်းစပ်လိုက်သည်။

ထို့နောက် မှော်စာလိပ်များကို ပစ်လွှတ်လိုက်ရာ ကျောက်ခဲတုံးလေးများ ပမာ အရှိန်ပြင်းစွာ ပစ်လွင့်သွားခဲ့၏။

မှော်အစီအရင်တစ်ခု ဖြစ်သော မီးစွမ်းအင် မှော်စာလိပ်များ ပေါက်ကွဲသွားပြီးနောက် မီးတောက်မီးလျှံများသည် ပတ်ဝန်းကျင် တစ်ခုလုံး ဖုံးလွှမ်းသွားခဲ့သည်။

မီးလှိုင်းလုံးကြီးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ထိုဧရိယာ တစ်ခွင်လုံး ချက်ချင်းလောင်ကျွမ်းကာ မီးပင်လယ်ကြီး အဖြစ် ပြောင်းလဲသွား၏။

ခရမ်းရွှေရောင် သိုင်းဝိညာဉ်ကို ပိုင်ဆိုင်သော ချင်ယန်သည် မီးလှိုင်းလုံးကြီးများကို ချီစွမ်းအင်များဖြင့် ကာကွယ်ထားပြီး ဒင်ရှန်ချန်းကို လိုက်ရှာနေခဲ့သည်။

သူက မီးပင်လယ်အတွင်းသို့ လှမ်းကြည့်ရင်း မေးလိုက်သည်ါ

"ဆရာဒင်... အခြေအနေဘယ်လိုရှိလဲ"

"အေးဆေးပဲ"

ဒင်ရှန်ချန်း၏ အသံက တောင်ပူစာ တစ်ခု ပမာဏခန့်ရှိသော အရိပ်လူဝံကြီး၏ နောက်မှ ထွက်ပေါ်လာခဲ့သည်။

သူ၏ မျက်နှာကို မမြင်ရသော်လည်း အသံကမူ အံ့သြ တုန်လှုပ်နေကြောင်း ပေါ်လွင်နေခဲ့သည်။

"ဒီမီးစွမ်းအင်မှော်စာလိပ်က မထင်ထားလောက်အောင် စွမ်းအားကြီးနေပါလား... ဒါက ဆရာမရန် ပေးထားတာလား"

ဒင်ရှန်ချန်းက အံ့အားသင့်စွာ ပြောလိုက်ပြီး အော်ရယ်လိုက်သည်။

ထို့နောက် ဆက်ပြောလိုက်၏။

"ဆရာမရန်က မင်းကို တကယ် ဂရုစိုက်တာပဲ.. ဒါကြောင့် အခုလို အားကောင်းတဲ့ အကာအကွယ်ပစ္စည်းတွေကို ပေးထားခဲ့တာပေါ့"

ချင်ယန်၏ မီးစွမ်းအင် မှော်စာလိပ်သည် အလွန်လျင်မြန်သော အရိပ်လူဝံကို အနှောင့်အယှက် ကြီးမားစွာ ဖြစ်စေခဲ့သည်။

ထို့ကြောင့်သာ ဒင်ရှန်ချန်းသည် ထိုသားရဲကြီးကို သတ်ရန် အခွင့်အရေး ရရှိခဲ့ခြင်းပင်။

ဒင်ရှန်ချန်းက ရယ်နေရာမှ ရပ်လိုက်ပြီး ပါးစပ်မှ သွေးများကို အန်ထုတ့လိုက်သည်။

သူက မျက်မှောင်ကြုတ်လိုက်ပြီး မြေပေါ်သို့ ထိုင်ချလိုက်သည်။

"ငါခဏလောက် အနားယူမှ ရမယ်... ငါတို့ရဲ့ ပတ်ပတ်လည်မှာ မီးတွေလောင်နေတော့ ဒီနေရာက လတ်တလောတော့ အန္တရာယ်မရှိလောက်ဘူး"

ချင်ယန် ခေါင်းညိတ်လိုက်ပြီး အရိပ်လူဝံ အသေကောင်ကြီးကို ကြည့်လိုက်သည်။

"အမ်.. အရိပ်လူဝံရဲ့လည်ပင်းမှာ အနက်ရောင် စက်ဝိုင်းကွင်းတစ်ခု ရှိနေပါလား"

ချင်ယန်က ထိုအရာကို လက်ဖြင့် ကိုင်ကြည့်လိုက်ရာ အမှန်တကယ်ပင် လည်ပတ်တစ်ခု ဖြစ်နေခဲ့သည်။

"ဒါက... အင်ပါယာသားရဲ အမှတ်အသားကွင်းပဲ"

ဒင်ရှန်ချန်း မျက်နှာပျက်သွားသည်။

"ဒီအရိပ်လူဝံမှာ ပိုင်ရှင်ရှိတယ်... ဘယ်သူဖြစ်နိုင်မလဲ"

ချင်ယန် ထိုစကားကိုကြားလျှင် ချက်ချင်း နားလည်သွားခဲ့သည်။

တစ်စုံတစ်ယောက်က သူတို့ကိုသတ်ရန် အရိပ်လူဝံကို ဤနေရာသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ရပေမည်။

"ဆရာဝေ"

ဒင်ရှန်ချန်းက ခြောက်ကပ်ကပ် ရေရွတ်လိုက်သည်။

သူက အတန်ကြာမှ ဆက်၍ ပြောလိုက်သည်။

"ဒီသားရဲလည်ပတ်က အရမ်းတန်ဖိုးကြီးတဲ့ ပစ္စည်းဖြစ်တဲ့အပြင် ထူးခြားချက်တစ်ခုက အဆင့်ခုနှစ် သားရဲတွေကို ထိန်းချုပ်ထားနိုင်တာပဲ... ဒါကြောင့်လည်း တန်ဖိုးကြီးမားတာပေါ့... ငါသိသလောက် ဆိုရင် လတ်တလောမှာ မင်းနဲ့ ရန်ငြိုးရှိတာ ဆရာဝေပဲ ရှိတယ်... ငါကလွဲပြီး အခြား တစ်ဦးကို ငါစဉ်းစားလို့မရဘူး"

ချင်ယန်က ဝေရှန်းခွန်ကို ဒဏ်ရာရစေခဲ့သည့် အပြင် ဆရာဝေ ပြုလုပ်ထားသော စိတ်ဝိညာဉ်ဓားကိုပါ ချိုးခဲ့သူ ဖြစ်သည်။

ယင်းကို ဆရာဝေ အနေဖြင့် အာဃာတ မထားဘဲ နေမည်မဟုတ်ချေ။

ဒင်ရှန်ချန်းသည်လည်း ချက်ချင်းပင် ဆရာဝေကို တွေးလိုက်မိသည်။

"ထင်ထားတဲ့အတိုင်း ဟွာလင်းဝုကျောင်းကနေ အပြင်ကို တစ်ကြိမ် ထွက်တာနဲ့ သူတို့တွေ လှုပ်ရှားလိုက်တာပဲ"

ချင်ယန် ဒေါသတကြီး ရေရွတ်လိုက်သည်။

ရုတ်တရက် သူတို့နှစ်ဦး၏ ပတ်ပတ်လည်မှ လောင်နေသော မီးတောက်များကြားတွင် လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာပြီး လူဆယ်ယောက်ကျော် ရောက်ရှိလာခဲ့သည်။

"ဆရာမဟီ"

ရောက်လာသူမှာ ဆရာမ ကွီဟီ ခေါင်းဆောင်သော အဖွဲ့ဖြစ်သည်။

ဒင်ရှန်ချန်းက ပြုံး၍ နှုတ်ဆက်လိုက်သော်လည်း စိတ်ထဲတွင်မူ ကျိတ်၍ စိုးရိမ်နေမိ၏။

အခန်း(၃၇) ပြီး၏

အခန်း(၃၈)

"လေးစားစရာပဲ.. နင်တို့ တကယ်ပဲ အရိပ်လူဝံကို သတ်ခဲ့တယ်ပေါ့.. ဒင်မျိုးရိုးကပါ နင်နဲ့ အတူ ဒုက္ခတွင်းထဲကို တိုးဝင်ခဲ့တာပဲ... ဒီအရိပ်လူဝံရဲ့ ပိုင်ရှင်ကို မင်းတို့ သိကြရဲ့လား"

ကွီဟီ ကောက်ကျစ်စွာ ပြုံးလိုက်ပြီး အခြား ကျောင်းသားများအား ချင်ယန်ကို ဝိုင်းထားရန် လက်ဝှေ့ယမ်းကာ အချက်ပြလိုက်သည်။

"ခင်ဗျား ဘာလုပ်ချင်တာလဲ"

ဒင်ရှန်ချန်းသည် ကွီဟီ၏ လှုပ်ရှားမှုကို မြင်လျှင် တစ်စုံတစ်ခုကို ခန့်မှန်းမိလိုက်သည်။

"မင်းတို့ သတ်လိုက်တာ ဆရာဝေရဲ့ အရိပ်လူဝံပဲ... ဒီအကြောင်းကို ဆရာဝေ သိသွားရင် မင်းတို့ သေချာပေါက် သေမှာပဲ"

ကွီဟီက စပ်ဖြဲဖြဲ မျက်နှာဖြင့် ယုတ်မာစွာ ကြည့်လိုက်သည်။

ချင်ယန်က လက်သီးနှစ်ဖက်ကို ခပ်တင်းတင်း ဆုပ်ထား၏။

သူ၏ အမူအရာက အေးစက် တင်းမာနေပြီး မျက်လုံးများတွင် သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသည်။

"ချင်ယန်... မြန်မြန်ထွက်ပြေးတော့"

ဒင်ရှန်ချန်းက ချင်ယန်ကို ထွက်ပြေးရန် သတိပေးလိုက်သည်။

သူက အတွင်းအားများကို စုစည်းလိုက်ပြီး ကျားတစ်ကောင်ကဲ့သို့ ကွီဟီကို ဆတ်ခနဲ ခုန်အုပ်လိုက်သည်။

ကွီဟီက သူမ ထံသို့ ဒင်ရှန်ချန်း ခုန်အုပ်လိုက်သည်ကို မြင်တွေ့လိုက်ရလျှင် မီးတောက်မီးလျှံများကို ထုတ်ဖော်ကာ လေထဲသို့ ခုန်တက်၍ ဆီးကြို တိုက်ခိုက်လိုက်သည်။

ချင်ယန် မည်ကဲ့သို့ ပြေးရပါမည်နည်း။

သူ့ကို ဝိုင်းထားသော ကျောင်းသားက ဆယ်ယောက်ကျော်ခန့် ရှိနေသည် မဟုတ်ပါလား။

"ချင်ယန်... လူလိမ်လူရှုပ်... မင်းက ကျောင်းသားသစ်တွေထဲမှာ နာမည်ကြီးချင်တယ်ပေါ့... ဒါတင်မကသေးဘဲ အစ်ကိုခွန်အပေါ် အပြစ် ကျူးလွန်ခဲ့တယ်... အရင်ကလည်း မိဖုရားကြီးကို စော်ကားပုတ်ခတ်ခဲ့တယ်... မင်း သေသင့်နေပြီ"

"မင်းက နတ်ဆိုးပညာကို ကျင့်ပြီး ခွန်အားကြီးလာတာကို ရန်ရှီးယုက ကာကွယ်ပေးထားတယ်... မကောင်းဆိုးဝါး... ဒီနေ့ ငါတို့လက်က ပြေးမလွတ်နိုင်တော့ဘူး"

"မင်းက အဆင့်ငါး သိုင်းခန္ဓာနယ်ပယ် ဖြစ်နေလည်း သေမှာပဲ... အဆင့်လေး သိုင်းခန္ဓာနယ်ပယ် ဆယ်ယောက်ကျော်က မင်းကို ဝိုင်းသတ်ရင် မင်းသေရမှာမုချပဲ"

"ဟားဟားဟား... ဒင်မျိုးရိုးက တော်တော် ရူးသွပ်တာပဲ... သူ့ကို ထွက်ပြေးသွားနိုင်မယ်လို့ ထင်နေတဲ့ပုံပဲ"

"ငါတို့ သူ့ကို သတ်လိုက်ရင် မိဖုရားကြီးက သလင်းကျောက်ပြား သန်းနဲ့ချီပြီး ဆုချလိမ့်မယ်.. ငါတို့အတွက် စိတ်ဝိညာဉ်ပစ္စည်း အကောင်းစားတွေ ဝယ်လို့ရပြီ... ဟားဟား... အမြန်ဆုံး လှုပ်ရှားလိုက်ကြစို့"

"ဒါငါ့အတွက် ဒုတိယအကြိမ် လူသတ်ခြင်းပဲ... ငါက မင်းတို့ထက် အတွေ့အကြုံပိုများတယ်... ငါအရင် လှုပ်ရှားမယ်"

ထိုစကားကို အပြာရောင်ဝတ်စုံ ဝတ်ထားသော လူငယ်တစ်ဦးက အလျင်အမြန် ကန့်ကွက်လိုက်သည်။

"ငါတို့အားလုံး ပူးပေါင်းတိုက်ခိုက်မှဖြစ်မယ်.. သူက တစ်ယောက်ချင်း ဆိုရင် အစ်ကိုခွန်ကိုတောင် အနိုင်ယူထားတာ မေ့နေပြီလား"

"ကောင်းပြီလေ... ပူးပေါင်း တိုက်ခိုက်ကြမယ်"

"တိုက်ကြစို့"

"သူ့ကိုသတ်"

ကျောင်းသားအဖွဲ့သည် ချင်ယန်၏ ပတ်ပတ်လည်မှ နေ၍ မောက်မာစွာ ပြောဆိုနေကြသည်။

သူတို့၏ မျက်လုံးများတွင် ရန်လိုစိတ်များ ပေါ်လွင်နေကြ၏။

သူတို့က ချင်ယန်ကို သတ်ရန် အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။

ချင်ယန်၏ အမူအရာကမူ အေးစက်နေခဲ့၏။

သူ၏ တောက်ပနေသော မျက်ဝန်းတွင် ဒေါသစိတ် ၃၀ ရာခိုင်နှုန်းနှင့် လူသတ်ချင်စိတ် ၇၀ ရာခိုင်နှုန်း ပါရှိနေသည်။

မိမိကိုသတ်ရန် လူဆယ်ယောက်ကျော်ခန့် ဝိုင်းထားသည်ကိုပင် ချင်ယန်သည် စိတ်လှုပ်ရှားဟန် မရှိဘဲ လွန်စွာ တည်ငြိမ်နေခဲ့၏။

ထို့ပြင် အရေးမစိုက်သည့်ဟန်ဖြင့် ဝင့်ကြွားစွာ ရပ်နေခဲ့သည်။

လူဆယ်ဦးကျော်သည် တဖြည်းဖြည်း ချဉ်းကပ်လာကြသည်။

ချင်ယန် စိတ်အာရုံကို စုစည်းနေခဲ့သည်။

ထို့နောက် သိုလှောင်ခန်းအတွင်းမှ ဆေဘာဓားကို လျင်မြန်စွာ ထုတ်ယူလိုက်သည်။

သူ၏လက်ထဲတွင် တစ္ဆေတစ်ကောင် ပမာ ပေါ်လာသော ဆေဘာဓား၏ မှော်စာလုံးအစီအရင်များ အတွင်းသို့ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း စွမ်းအင်များကို စီးဆင်းစေလိုက်သည်။

စိတ်ဝိညာဉ်ပစ္စည်း ဖြစ်သော ဆေဘာဓား၏ အလေးချိန်သည် ဂျင်တစ်ရာကျော် ဖြစ်လာခဲ့၏။

"လေခွဲဓားကွက်"

ချင်ယန် ဆေဘာဓားကို လွှဲ၍ ခုတ်ချလိုက်သည်။

သူ၏ ဓားမှ ထွက်ပေါ်လာသော လေလှိုင်းများသည် လူငယ်သုံးယောက်ထံ တဟုန်ထိုး ဝင်ရောက်သွားခဲ့သည်။

"ဟူး"

ဆေဘာဓား၏ ဓားသွားမှ အေးစက်သော အလင်းရောင်တစ်ခု တောက်ပသွားပြီး လေထုအတွင်း သွေးများ ပန်းထွက်လာသည်ကို မြင်လိုက်ကြရသည်။

ချင်ယန်၏လက် လှုပ်ရှားသွားသည်နှင့် ရှေ့ဆုံးမှ ပြေးဝင်လာသော လူသုံးယောက်၏ ခါးများ ထက်ပိုင်းပြတ်သွားခဲ့သည်။

ချင်ယန်ကို တိုက်ခိုက်ရန် ပြေးဝင်လာသော ကျောင်းသားများ၏ ခြေထောက်များသည် မြေကြီးပေါ်တွင် သံမှိုစွဲထားသကဲ့သို့ တုံ့ခနဲ ရပ်တန့်သွားကြ၏။

"လှိုင်းဖြတ်ဓားကွက်"

ချင်ယန် တုံ့ဆိုင်းနေခြင်းမရှိဘဲ ထိုသူများထံသို့ ပျံသန်းသွားကာ ဆေဘာဓားဖြင့် အလျားလိုက် ခုတ်ပိုင်းလိုက်သည်။

ဆေဘာဓားမှ ဖြစ်ပေါ်လာသော အားလှိုင်းများသည် လေထုကိုပင် အစိတ်စိတ် အမွှာမွှာ ကွဲထွက်သွားစေခဲ့သည်။

မျက်စိတစ်မှိတ် အတွင်း ကျောင်းသား အများအပြားသည် ဆေဘာဓား၏ စွမ်းအားကြောင့် သနားစဖွယ် သေဆုံးသွားကြတော့သည်။

"ချင်ယန်.. မင်း.. မင်း လူတွေကို သတ်ပစ်တယ်"

ကျောင်းသားတစ်ယောက်က တုန်လှုပ်စွာ ရေရွတ်လိုက်သည်။

"မင်းတို့က ငါ့ကို သတ်ခွင့်ရှိတယ်ပေါ့လေ... ငါကရော... လူမဟုတ်လို့လား"

ချင်ယန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

ဆေဘာဓားမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုကျောင်းသားကို ထိမှန်သွားခဲ့သည်။

ချင်ယန်၏ အနီးတစ်ဝိုက်ရှိ သစ်ပင်များ ကျိုးပြတ်သွားပြီး ဧရိယာတစ်ခုလုံး လေပူများ ဖုံးလွှမ်းနေခဲ့၏။

ကျန်ရှိနေသော ကျောင်းသားများသည် အေးစိမ့်သောခံစားချက်ကို ခံစားနေရသည်။

ထိုအေးစက်သည့် ခံစားချက်သည် သူတို့၏ ဦးခေါင်းမှ ခြေဖျားထိတိုင် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားခဲ့သည်။

ချင်ယန်သည် သိုင်းခန္ဓာနယ်ပယ်၏ အဆင့်ငါး ဖြစ်၏။

သို့သော် လေခွဲသိုင်း၏ အစောပိုင်းအဆင့်ကို အောင်မြင်ခဲ့ပြီး အတွင်းအားဖြင့် ကျွမ်းကျင်စွာ ပေါင်းစပ် အသုံးပြုနိုင်နေပြီ ဖြစ်သည်။

"ဒါက နတ်ဆိုးပညာရပ်ပဲ... မင်းက လူမဟုတ်ဘူး... မကောင်းဆိုးဝါးပဲ... မင်း အလှည့်ကျရင်လည်း ရက်ရက်စက်စက်နဲ့ သေရလိမ့်မယ်"

ကျောင်းသား တစ်ယောက်က တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်ပြီး နောက်လှည့်ကာ ထွက်ပြေးသွားခဲ့သည်။

အခြားကျောင်းသားများသည်လည်း သူ့ထက်ငါ အပြိုင်အဆိုင် ထွက်ပြေးနေရာမှ ကြောက်ရွံ့စွာဖြင့် ကွီဟီကို အော်ဟစ် အကူအညီ တောင်းနေကြ၏။

ချင်ယန်သည် လေထဲသို့ ပေါ့ပါးစွာ ခုန်တက်သွားပြီး ဆေဘာဓားကို လှပစွာ ဝှေ့ယမ်းလိုက်၏။

လေခွဲသိုင်း၏ သိုင်းကွက်ခြောက်မျိုးသည် ထွက်ပြေးနေကြသူများ၏ နောက်သို့ လိုက်ပါသွားခဲ့သည်။

ဆေဘာဓားမှ ထွက်ပေါ်နေသော ချီစွမ်းအင်များသည် လွန်စွာ ရက်စက်ကြမ်းကြုတ်လှ၏။

တခဏအတွင်း ပြေးလွှားနေကြသော လူငယ်များထံကနေ စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာကာ သွေးများ ပန်းထွက်လာခဲ့ကြသည်။

မသေခင် အတွင်း သူတို့၏မျက်နှာပေါ်တွင် ကြောက်ရွံ့ခြင်းနှင့် နောင်တရခြင်းများ ပေါ်လွင်နေကြ၏။

ချင်ယန်ကို သူတို့၏ ဝိုင်းဝန်း တိုက်ခိုက်မှုသည် နောင်တရစရာ ဖြစ်ခဲ့ရသည်။

ထိုကျောင်းသားများသည် အတန်းတူဖြစ်သော ချင်ယန်ကို တိုက်ခိုက်ရန် အားထုတ်ခဲ့ကြသူများ ဖြစ်သည်။

သူတို့သည် ရှန်ချင်အင်ပါယာ၏ အရေးပါသော မိသားစုကြီးများမှ ဆင်းသက်လာကြသူများ ဖြစ်ပြီး ချင်ယန်ကို သတ်နိုင်ခဲ့လျှင် ဆုလဒ်များစွာ ပေးမည် ဟူသော မိဖုရားကြီး၏ ကမ်းလှမ်းချက်ကို ရရှိခဲ့ကြသူများလည်း ဖြစ်သည်။

သူတို့အတွက် အခွင့်အရေးရရှိပြီဟု ထင်မှတ်ထားကြသော်လည်း သူတို့၏ အသက်များသာ ဆုံးရှုံးသွားခဲ့ကြသည်။

"မင်းတို့ရဲ့ အကျိုးစီးပွား အတွက် ငါ့ကို သတ်ချင်ကြတယ်... ဒါကြောင့် မင်းတို့ရဲ့ အဆုံးသတ်ကို ရောက်ခဲ့တာပဲ... မင်းတို့က သူခိုးဓားပြထက် ရွံစရာ ပိုကောင်းတယ်... အနာဂတ်မှာ မင်းတို့ ကြီးပြင်းလာချိန် ရောက်ရင် အပြစ်မဲ့တဲ့ လူတွေ အများကြီးကို သတ်ကြလိမ့်မယ်.. ဒါကြောင့် မင်းတို့ကို ငါသတ်ဖို့ ဆုံးဖြတ်ခဲ့တာပဲ"

ချင်ယန်သည် မီးစွမ်းအင် မှော်စာလိပ်နှစ်ခုကို ထုတ်ယူလိုက်ပြီး တိုက်ပွဲမြေပြင် တစ်ခုလုံးကို မီးရှို့၍ ရှင်းလင်းလိုက်သည်။

ပေါက်ကွဲသံကြီး ထွက်ပေါ်လာချိန်တွင် ချင်ယန်သည် အဝေးသို့ ရောက်နေပြီ ဖြစ်သည်။

ဒင်ရှန်ချန်းသည် အစောပိုင်းက အရိပ်လူဝံကြောင့် ဒဏ်ရာရထားခဲ့၍ ကွီဟီနှင့် တိုက်ခိုက်ရာတွင် ဖိအားပေးခြင်းကို ခံနေခဲ့ရသည်။

ချင်ယန်က သူတို့ တိုက်ခိုက်နေသည့် နေရာသို့ အလျင်အမြန် ပြေးလာခဲ့သည်။

ထိုခဏဝယ် ကွီဟီ၏ အေးစက်သောဓားသည် ဒင်ရှန်ချန်း၏ ကိုယ်ပေါ်သို့ ထိုးစိုက်သွားသည်ကို မြင်လိုက်ရ၏။

"ကွီဟီ... ဟွာလင်းဝုကျောင်းရဲ့ ဆရာတစ်ဦးကို မင်းလက်နဲ့ သတ်ရဲတယ်ပေါ့... မင်းရူးနေပြီလား"

ဒင်ရှန်ချန်း ဒေါသဖြင့် အော်ဟစ်လိုက်သည်။

"သိပ်ရယ်စရာ ကောင်းနေတာပဲ... ငါနဲ့ ဆရာဝေရဲ့ ခင်မင်ရင်းနှီးမှုကို နင်မသိဘူးလား"

ကွီဟီက ရယ်လိုက်ပြီး ဓားကို ဆွဲနှုတ်၍ ဒင်ရှန်ချန်း၏ ဗိုက်ကို ကန်လိုက်သည်။

ဒင်ရှန်ချန်းသည် လွင့်ထွက်သွားကာ သစ်ပင်တစ်ပင်နှင့် တိုက်မိသွားခဲ့သည်။

"ဆရာဝေရဲ့ ခွေးလုပ်ရတာ ပျော်နေလား... သူ့စိတ်ထဲမှာ မင်းက တန်ဖိုးမရှိတဲ့ လူတစ်ယောက်ပဲ"

ဒင်ရှန်ချန်းက ပါးစပ်မှ သွေးများကို အန်ထုတ်လိုက်သော်လည်း ကွီဟီကို လှောင်ပြောင်လိုက်သည်။

"နင်စိတ်ပူဖို့ မလိုပါဘူး.. ပထမတော့ နင် ညင်ညင်သာသာနဲ့ အသက်ထွက်အောင် ငါလုပ်ပေးမလို့ပဲ... အခုတော့ ရက်ရက်စက်စက် ညဥ်းဆဲပြီးမှပဲ သတ်တော့မယ်"

ကွီဟီ၏ အသံတွင် ရက်စက်မှုများဖြင့် ပြည့်နေခဲ့သည်။

သူမက ခပ်လှမ်းလှမ်းသို့ လျှောက်သွားပြီး အပ်ချောင်းလေးများကို ထုတ်ယူလိုက်သည်။

အပ်များ၏ ထိပ်ဖျားသည် ခရမ်းရောင်များ တောက်ပနေခဲ့သည်။

အဆိပ်လူးထားသော အပ်များ ဖြစ်ကြောင်း သိသာနေ၏။

ချင်ယန်က ခပ်ဝေးဝေးတွင် ပုန်းနေရင်း မီးစွမ်းအင်မှော်စာလိပ်များကို အလျင်အမြန် ထုတ်ယူလိုက်သည်။

မှော်စာလိပ်များကို ကွီဟီ ထံသို့ ပစ်လွှတ်ခါနီး၌ ချင်ယန်သည် သားရဲ တစ်ကောင်၏ မာန်ဖီသံကို ကြားလိုက်ရသည်။

ဒင်ရှန်ချန်းသည်လည်း ခြောက်ခြားဖွယ် မာန်ဖီသံကြီးကို ကြားလိုက်ရ၏။

သူ၏ မျက်နှာက ပြောင်းလဲသွားပြီး အသံကျယ်ကျယ် အော်ရယ်လိုက်သည်။

"ဒါက ဘယ်လို နတ်ဆိုးသားရဲမျိုးလဲ"

ကွီဟီ၏ ခြေလှမ်းများ ရပ်တန့်သွားပြီး ရေရွတ်လိုက်မိသည်။

သူမ၏ တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများ ထလာခဲ့၏။

ထိုနက်ရှိုင်းသောအသံကြီးသည် သူမကို လွန်စွာစိုးရိမ်သောက ဖြစ်စေခဲ့သည်။

"ဒါ အဆင့်ရှစ် သံမဏိကျားပဲ... မင်း သူ့ကို မတိုက်ခိုက်နိုင်ဘူး... ဟားဟား... ငါနဲ့ အတူတူ မင်းလည်း သေချာပေါက် သေမှာပဲ"

ထိုသို့ ပြောပြီးနောက် ဒင်ရှန်ချန်းသည် ထပ်မံ၍ ရယ်လိုက်ပြန်သည်။

"ပါးစပ်ပိတ်ထားစမ်း"

ကွီဟီက ဒင်ရှန်ချန်းကို ငေါက်လိုက်ပြီး လက်ထဲတွင် ကိုင်ထားသော အပ်များဖြင့် ပစ်ရန် အသင့်ပြင်ထားလိုက်သည်။

ထိုအချိန်တွင် နွားတစ်ကောင် အရွယ်အစားခန့် ရှိသော ငွေရောင် ကျားကြီးတစ်ကောင်သည် သူမ၏ မလှမ်းမကမ်းသို့ ရောက်ရှိလာခဲ့သည်။

ကျားကြီး၏ တစ်ကိုယ်လုံးကို ငွေရောင်ချပ်ဝတ် တစ်ခုက ဖုံးအုပ် ကာကွယ်ထားပြီး တစ်ချက် ကြည့်ရုံမျှဖြင့်ပင် ထိုအရာကို ဖျက်ဆီး၍ မရနိုင်မှန်း သိနိုင်၏။

ကျားကြီး၏ နီရဲသော မျက်လုံးအစုံသည် အတော် ကြောက်ရွံ့ဖွယ်ကောင်းနေခဲ့သည်။

"သားရဲကောင်ကြီး"

ကွီဟီ ကြောက်စိတ်မွန်ကာ လက်ထဲရှိ အပ်ချောင်းများဖြင့် ပစ်ခတ်လိုက်သည်။

"ခရက်"

အပ်ချောင်းများသည် သံမဏိကျားကြီး၏ ကိုယ်ကို ထိမှန်သွားပြီးနောက် မီးပွင့်မီးဖွားများ တောက်ပသွားခဲ့သည်။

ထိုသို့ ပြုလုပ်လိုက်ခြင်းသည် သံမဏိကျားကြီး၏ ဒေါသကို ဆွလိုက်သကဲ့သို့ပင်။

"မိုးကြိုးမှော်စာလိပ် အသုံးပြုရမှာကို မင်းက သူ့ဒေါသကို ဆွပေးလိုက်တာပဲ"

ဒင်ရှန်ချန်း၏ စကားဆုံးချိန်တွင် သံမဏိကျားကြီးသည် ကွီဟီကို ခုန်အုပ်လိုက်ပြီ ဖြစ်သည်။

သံမဏိကျားကြီး၏ အံ့ဖွယ်သူရဲ အမြန်နှုန်းကြောင့် အဝေးမှ ကြည့်နေသော ချင်ယန်ပင် တုန်လှုပ်ခြောက်ခြားသွားမိသည်။

ကွီဟီ ရှောင်ချိန်ပင် မရလိုက်ချေ။

သံမဏိကျားကြီး၏ လက်သည်းများသည် သူမ၏ ပခုံးတစ်ဖက်ကို အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် ထိုးခွဲသွားခဲ့သည်။

ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးသားရဲကြီးမှ ထွက်ပေါ်လာသော စွမ်းအားများကြောင့် သူမသည် စူးစူးဝါးဝါး အော်ဟစ်ကာ ဆယ်မီတာခန့် လွင့်ထွက်သွားခဲ့သည်။

ကွီဟီ အားတင်း၍ အမြန် ပြန်ထလိုက်ပြီး မှော်စာလိပ်အချို့ကို ထုတ်ယူလိုက်သည်။

ချက်ချင်း သူမ၏ စွမ်းအားများကို အပြင်းထန်ဆုံး အသုံးပြု၍ သံမဏိကျားကြီး ထံသို့ ပစ်လွှတ်လိုက်သည်။

"ဝုန်း"

ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့် အတူ လျှပ်စီးတန်းများ လင်းလက်တောက်ပသွားကာ သံမဏိကျားကြီးသည် အဝေးသို့ လွင့်သွားသည်ကို မြင်တွေ့လိုက်ရသည်။

ကျားကြီး၏ ကိုယ်လုံးကြီးသည် သစ်ပင်ကြီး များစွာကို အရှိန်ပြင်းစွာ ဝင်ဆောင့်ပြီးနောက် မြေကြီးပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

"အဆင့်မြင့် မိုးကြိုးမှော်စာလိပ်"

ဒင်ရှန်ချန်း မယုံကြည်နိုင်စွာ ကြည့်နေမိသည်။

ကွီဟီ သေတော့မည်ဟု သူ ထင်ထားသော်လည်း သံမဏိကျားကြီးကို သတ်နိုင်ခဲ့သည်။

"ဟွန်း"

ကွီဟီ နှာခေါင်းရှုံ့လိုက်ပြီး ဒင်ရှန်ချန်း ထံသို့ ဦးတည်လိုက်သည်။

ထိုအချိန်တွင် လေတိုးသံ တစ်ချက် ထွက်ပေါ်လာပြီး တစ်စုံတစ်ယောက်က သူမကို ဝင်ရောက် တိုက်ခိုက်ခဲ့၏။

ထိုလူမှာ ချင်ယန်ပင် ဖြစ်သည်။

ကွီဟီက သံမဏိကျားကြီး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရခဲ့ပေရာ လှုပ်ရှားမှုများ နှေးကွေး လေးလံနေခဲ့သည်။

သူမကို တစ်စုံတစ်ယောက် တိုက်ခိုက်လိုက်မှန်း သိသော်လည်း ချက်ချင်း တုံ့ပြန်နိုင်စွမ်း မရှိတော့ချေ။

All Chapters