အခန်း (၃၉-၄၀)
Vol. 4 Ch. 39-40
အခန်း(၃၉)
ကွီဟီနှင့် ဒင်ရှန်ချန်းတို့ နှစ်ဦးသည် ပျံသန်းရောက်ရှိလာသူကို မြင်လိုက်ချိန်တွင် အလွန်တရာ အံ့အားသင့်သွားကြသည်။
နှစ်ဦးစလုံးသည် ရောက်လာသူက ချင်ယန် ဖြစ်နေမည်ဟု မမျှော်လင့်ခဲ့ချေ။
"ချင်ယန်... မင်းထွက်မသွားသေးဘူးလား"
ဒင်ရှန်ချန်း အံ့အားသင့်စွာ မေးလိုက်မိသည်။
ကွီဟီက ချင်ယန်တစ်ယောက် ကြမ္မာဆိုး ကြုံတွေ့နေပြီဟု ယုံကြည်ထားခဲ့သလို ဒင်ရှန်ချန်းကလည်း ချင်ယန် လွတ်မြောက်သွားခဲ့ပြီဟု ယုံကြည်ထားခဲ့သည်။
ချင်ယန်က ရောက်လာသည်နှင့် ဆေဘာဓားကို ဝှေ့ယမ်းကာ လေခွဲသိုင်းကို အသုံးပြုလိုက်တော့သည်။
သူက သိုင်းကွက် ထုတ်ဖော်ရာတွင် အဆင့်မြင့်ရုံသာမက ရွေ့လျားမှုများလည်း ကျွမ်းကျင်ပိုင်နိုင်နေသည်။
ဆေဘာဓားချီများသည် လျှပ်တစ်ပြက်အတွင်း မိုးကြိုးပစ်ချလိုက်သည့်နှယ် ကွီဟီကို ဖုံးလွှမ်းလာခဲ့သည်။
"ရွှပ်... ရွှပ်... ရွှပ်..."
ဓားသွားတစ်လျှောက်တွင် ထက်ရှသော ချီစွမ်းအင်များ စီးဆင်းနေပြီး ကွီဟီ၏ တစ်ကိုယ်လုံးကို အလွှာလိုက် ခုတ်ပိုင်းနေကြသည်။
သူမ၏ ကိုယ်တွင် သွေးများ ရွှဲစိုသွားခဲ့သည်။
အလွန် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းပင်။
"နင်... နင်မသေသေးဘူးလား... သူတို့ ဘာဖြစ်ကုန်ကြပြီလဲ"
ကွီဟီ စူးရှစွာ အော်ဟစ်လိုက်သည်။
"ကျုပ်မသေရင် သူတို့သေလို့ပေါ့... တခြား ဘာဖြစ်နိုင်ဦးမှာလဲ"
ချင်ယန်က ကွီဟီ၏ ဘေးသို့ ရောက်ရှိသွားပြီး ဓားဖြင့် ထပ်မံ ခုတ်လိုက်သည်။
ကွီဟီသည် အဆင့်ခုနစ် သိုင်းခန္ဓာနယ်ပယ် ဖြစ်သော်လည်း ပြင်းထန်သော ဒဏ်ရာကြောင့် ချင်ယန် ခုတ်ပိုင်းလိုက်သော ဓားချက်ကို အသည်းအသန် ရှောင်တိမ်းလိုက်ရသည်။
ချင်ယန်သည် ကျော်ကြားသော မိသားစုကြီးများ၏ မျိုးဆက်များနှင့် တပည့်များ ပါဝင်သော အဖွဲ့ကြီးကို သတ်ခဲ့ခြင်းဖြစ်လျှင် သူမကိုလည်း သတ်မည် ဖြစ်သည်။
သူမ ကြောက်ရွံ့စိတ်များ အမှန်တကယ် ဝင်လာခဲ့၏။
"မိန်းမယုတ်ကြီး... ဒီနေ့ မိုးကောင်းကင်ရဲ့ကိုယ်စား ငါ တရား စီရင်မယ်"
စကားဆုံးသည်နှင့် ချင်ယန်က လေခွဲဓားသိုင်းကို အသုံးပြုလိုက်သည်။
ဆေဘာဓား၏ စွမ်းအင်များသည် လေထုကို ထိုးခွဲသွားခဲ့သည်။
သူတို့နှစ်ဦး၏ အကွာအဝေးသည် အလွန် နီးကပ်နေခဲ့ရာ ကွီဟီသည် ရှောင်တိမ်းရန် နည်းလမ်း မရှိတော့ချေ။
သို့သော် သူမသည် အဆင့်ခုနစ် သိုင်းခန္ဓာနယ်ပယ် ဖြစ်၍ ကြောက်ရွံ့မှုမရှိဘဲ သူမ၏ ချီစွမ်းအင်များဖြင့် အကာအကွယ်အလွှာ တစ်ခု ပြုလုပ်လိုက်သည်။
"ဘန်း"
ချင်ယန်၏ ဓားချက်သည် ပြင်းထန်သော အကာအကွယ် တစ်ခုး တားဆီးခြင်းခံရကာ နောက်ပြန်ကန်သွားခဲ့သည်။
"ဟွန့်.. ဒီအစွမ်းအစလောက်နဲ့ ငါ့ကို သတ်ချင်တာလား"
ကွီဟီ၏ သရော်သံ ထွက်လာခဲ့သည်။
ချင်ယန်၏ မျက်နှာက အေးစက်တင်းမာသွားပြီး ဆေဘာဓားကို ကိုင်ထားသော လက်သည် စတင်၍ တုန်ခါလာခဲ့သည်။
ကွီဟီက ချင်ယန်၏ လက်တုန်ခါနေခြင်းကို မြင်နေရသော်လည်း ချင်ယန်၏ လက်တွင် ဒဏ်ရာ တစ်ခုခု ရှိနေသည်ဟုသာ တွေးလိုက်မိသည်။
ချင်ယန်၏ ဓားချက်က သူမ၏ ချီအကာအကွယ် အလွှာကို ထိုးဖောက်နိုင်စွမ်းမရှိဟု တွေးမိပါ အထင်သေးနေခဲ့၏။
"ပျက်စီးစမ်း"
ချင်ယန်၏ တုန်ခါခြင်း ယွမ်မျိုးစေ့မှ စွမ်းအင်များသည် ဆေဘာဓား အတွင်းသို့ စီးဝင်သွားခဲ့သည်။
ချင်ယန်က အရက်စက်ဆုံး ဓားကွက် ဖြစ်သည့် တောင်ခွဲဓားကွက်ကို ထုတ်ဖော်လိုက်သည်။
ပြင်းထန်သော တုန်ခါမှု စွမ်းအင်လှိုင်းများ ပါဝင်သော ဆေဘာဓားသည် ကွီဟီ၏ အကာအကွယ် အလွှာကို ထိုးဖောက်သွားပြီး ကွီဟီ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့သည်။
ထိုခဏဝယ် ပြင်းထန်သော တုန်ခါမှု စွမ်းအင်လှိုင်း တစ်ခု၏ ဖိနှိပ်ခြင်းကို ခံစားလိုက်ရပြီး ကွီဟီ တုန်လှုပ် ခြောက်ခြားသွားခဲ့သည်။
ဆေဘာဓားသည် ကွီဟီကို ရက်ရက်စက်စက် သတ်သွားခဲ့ချေပြီ။
ကွီဟီ၏မျက်နှာတွင် ခါးသီးသော ခံစားချက်ကို ခံစားခဲ့ရကြောင်း ပေါ်လွင်နေခဲ့၏။
သူ၏ အကြည့်တွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။
အဆင့်ခုနစ် သိုင်းခန္ဓာနယ်ပယ်ဖြစ်သည့် ကွီဟီသည် အဆင့်ငါး သိုင်းခန္ဓာနယ်ပယ် ဖြစ်သော ဆယ့်ငါးနှစ် အရွယ် ကလေးတစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
သူက သေဆုံးခါနီး၌ပင် မငြိမ်းချမ်းနိုင်ခဲ့ပေ။
ချင်ယန်က အလယ်အလတ် အဆင့် မိုးကြိုးမှော်စာလိပ် နှစ်ခုနှင့် အကောင်းဆုံး မူလစွမ်းအင် ဆေးတစ်လုံးကို ကွီဟီ၏ ကိုယ်မှ ရှာတွေ့ခဲ့သည်။
သူမ၏ စိတ်စွမ်းအင် တံဆိပ် ခပ်နှိပ်ထားသည့် သိုလှောင်အိတ်ကိုမူ ချင်ယန် မဖွင့်နိုင်ခဲ့ပေ။
ချင်ယန်က ဒင်ရှန်ချန်းကို ကြည့်ကာ မေးလိုက်သည်။
"ဆရာဒင်... အခြေအနေကောင်းရဲ့လား"
ဒင်ရှန်ချန်းက ချင်ယန်၏ လေခွဲသိုင်းပညာ ကျွမ်းကျင်မှုကို အံ့အားသင့်နေမိသည်။
သို့သော် တုန်ခါမှု သိုင်းဝိညာဉ်၏ စွမ်းအင် အသုံးပြုခဲ့ခြင်းကို ဒင်ရှန်ချန်း မသိလိုက်ပေ။
"ငါမသေနိုင်ပါဘူး... အေးဆေးပါ"
ဒင်ရှန်ချန်းက ဆေးအချို့ကို သောက်လိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
သဏ္ဍာန်ခြောက်မျိုး လေခွဲသိုင်းသည် စိတ်ဝိညာဉ် အဆင့် သိုင်းပညာရပ်များတွင် အကောင်းဆုံး သိုင်းပညာတစ်ခု ဖြစ်သည်။
ချင်ယန်သည် ထိုသိုင်းပညာကို ချီစွမ်းအင်ဖြင့် ကျွမ်းကျင်စွာ အသုံးပြုနိုင်နေခဲ့၏။
လေခွဲသိုင်းကျမ်းကို ချင်ယန် ရရှိခဲ့သည်မှာ ရက်အနည်းငယ်သာ ကြာမြင့်သေးသည်။
လေ့ကျင့်ချိန် ရက်ပိုင်းမျှနှင့် ဤမျှအထိ ကျွမ်းကျင်နေသည်မှာ ဒင်ရှန်ချန်းကို တုန်လှုပ်သွားစေခဲ့သည်။
"ဆရာဒင်... သံမဏိကျားက မသေသေးဘူး"
ချင်ယန်က လဲကျနေသော သံမဏိကျားကို ကြည့်၍ ပြောလိုက်သည်။
သံမဏိကျား၏ ပိန်လိုက်ဖောင်းလိုက် ဖြစ်နေသော ဗိုက်သည် အသက်ကို ခဲယဉ်းစွာ ရှူနေရကြောင်း သိသာနေ၏။
"သံမဏိကျားက လက်ဦးမှု မယူခဲ့လို့ ကွီဟီက ကြောက်ကြောက်လန့်လန့်နဲ့ မိုးကြိုးမှော်စာလိပ်ကို ပစ်နိုင်ခဲ့တာပဒ"
ဒင်ရှန်ချန်းမှ အသံတိုးတိုးဖြင့် ဆက်ပြောလိုက်ပြန်သည်။
"တချို့ နတ်ဆိုးသားရဲတွေက လူတွေရဲ့ သဘာဝကို နားလည်ကြပြီး လူသားတွေကို အကြောင်းမဲ့ မတိုက်ခိုက်ကြဘူး... ချင်ယန်... ဒီဆေးကို သံမဏိကျားရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေ အပေါ် ဖြူးပေးလိုက်ပါ... ကံကောင်းရင် သူအသက်ရှင်နိုင်ပါတယ်"
"ဒါ တကယ်လား"
ချင်ယန်သည် အစိမ်းရောင် တောက်ပနေသော အမှုန့်များ အပြည့် ပါသည့် ဘူးကို ယူလိုက်သည်။
"ငါက နှစ်ပေါင်း သုံးဆယ်ကျော် နတ်ဆိုးသားရဲတွေအကြောင်းကို လေ့လာခဲ့တော့ သူတို့ရဲ့အကြောင်းကို အားလုံး သိတယ်... ဒီသံမဏိကျားမှာ အသိဉာဏ် ရှိတယ်ဆိုတာ ငါအာမခံတယ်... မင်းဘာမှ မစိုးရိမ်နဲ့"
ဒင်ရှန်ချန်း သက်ပြင်းချ၍ ပြောလိုက်သည်။
"မင်းအတွက် သတ်ဖို့ မလိုအပ်ရင် မသတ်ပါနဲ့... ဒီလေ့ကျင့်ရေးမှာ ငါတို့က ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေကို သတ်သင့်ပေမဲ့ ဒီလို ဉာဏ်ရည်မြင့်မားတဲ့ သားရဲတွေကိုတော့ မသတ်သင့်ဘူးလေ"
ချင်ယန်က သံမဏိကျားကြီး၏ ဘေးသို့ သွားကာ ဆေးမှုန့်များကို ဂရုတစိုက် ဖြူးပေးလိုက်သည်။
ဒင်ရှန်ချန်း၏ ဒဏ်ရာများကလည်း အနည်းငယ် ကောင်းမွန်လာခဲ့သည်။
ဒင်ရှန်ချန်းသည် ကွီဟီ၏ အလောင်းကို အရိပ်လူဝံ ရှိရာသို့ ယူဆောင်သွားပြီး မီးစွမ်းအင် မှော်စာလိပ်ဖြင့် လောင်ကျွမ်းစေလိုက်သည်။
"ဒီကျောင်းသားတွေလည်း သေသင့်တယ်.. သူတို့ရဲ့ နှလုံးသားတွေက ညစ်ထေးနေတယ်"
ဒင်ရှန်ချန်းက ချင်ယန်၏ လုပ်ရပ်ကို ထောက်ခံလိုက်သည်။
"သူတို့ရဲ့ အကျိုးစီးပွားအတွက် အခြားလူကို ဒုက္ခပေးသင့်လားလို့ သူတို့ကို ကျွန်တော် ပြောခဲ့သေးတယ်"
ထို့နောက်တွင်မူ ချင်ယန်၏ အကူအညီဖြင့် ဒင်ရှန်ချန်းတို့ ပြန်လာခဲ့ကြသည်။
"သံမဏိကျားက တိမ်နဂါးတောင်တန်းကြီးရဲ့ အတွင်းပိုင်းမှာ နေတာ... ဘယ်လို အရေးကြီးတဲ့ အခြေအနေကြောင့် အပြင်ဘက်ကို ထွက်လာတာလဲ မသိဘူး"
ဒင်ရှန်ချန်း ထိုဖြစ်ရပ်အပေါ် စိတ်ရှုပ်နေခဲ့သည်။
"ဘာအကြောင်းရှိလို့ သံမဏိကျားက အပြင်ထွက်လာတာလဲ"
ချင်ယန် မေးခွန်းထုတ်လိုက်သည်။
ဒင်ရှန်ချန်း၏မျက်နှာက တည်ကြည်လေးနက်နေပြီး ခေတ္တမျှ စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။
"သဘာဝ ဘေးအန္တရာယ်ကို ရှောင်လာတာဖြစ်မယ်.. တိမ်နဂါးတောင်တန်းကြီး အတွင်းမှာ ကပ်ဘေးအချို့ ကျရောက်တော့မယ် ထင်တယ်"
နေ့တစ်ဝက် ကုန်ဆုံးချိန်တွင် ချင်ယန်နှင့် ဒင်ရှန်ချန်းတို့ နှစ်ဦးသည် အကြီးအကဲဇန်း စောင့်နေသော နေရာသို့ ပြန်လည် ရောက်ရှိလာခဲ့ကြသည်။
"ဘယ်လိုဖြစ်လာကြတာလဲ... ဒဏ်ရာ တော်တော်ဆိုးတာပဲ"
အကြီးအကဲဇန်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"နတ်ဆိုးသားရဲတစ်ကောင်ကြောင့် ရခဲ့တဲ့ဒဏ်ရာပါ"
ဒင်ရှန်ချန်းက စကား ခပ်တိုတိုဖြင့် အဆုံးသတ်လိုက်ပြီး မြေကြီးပေါ်သို့ ထိုင်ချလိုက်သည်။
လူများ တဖွဲဖွဲ ပြန်ရောက်လာကြသည်။
ပြန်ရောက်သည်နှင့် သူတို့၏ရလဒ်များကို စတင် ရေတွက်ကြတော့၏။
နတ်ဆိုးသားရဲများကို သတ်၍ အောင်မြင်မှုကို ရယူကြခြင်းဖြစ်သည်။
အဆင့်လေးနှင့် အဆင့်ငါး နတ်ဆိုးသားရဲကြီးများ အထိ အမှတ်များကို ရေတွက်မည် ဖြစ်သည်။
အဆင့်ငါး နတ်ဆိုးသားရဲ တစ်ကောင်သည် အဆင့်လေး နတ်ဆိုးသားရဲ ဆယ်ကောင်နှင့် အမှတ်တူညီ၏။
"အခန်းတစ်က တကယ် လေးစားစရာပဲ... သူတို့သတ်လာတာ ဆယ့်နှစ်ကောင်တောင် ရှိတယ်"
"ဒီလိုစွမ်းဆောင်နိုင်တာ အသံလှိုင်း သိုင်းဝိညာဉ်ရှိတဲ့ ဂျန်လန်က အဆင့်ငါး သိုင်းခန္ဓာနယ်ပယ်ကို ရောက်သွားတာကြောင့်လေ... သူက အရမ်း သန်မာတယ်"
"ဒီပြိုင်ဆိုင်မှုက ဒေါသထွက်စရာကောင်းတယ်... ဂျန်လန်က စိတ်ဝိညာဉ်သွေးကြော လေးခုနဲ့ မိသားစုရဲ့ မျိုးဆက်သွေးအရ ဒဏ္ဍာရီလာ သိုင်းဝိညာဥ်ကို ပိုင်ဆိုင်ထားတယ်... ဒီအချက်တွေက သူ့ကို အဆင့်ငါး သိုင်းခန္ဓာနယ်ပယ်ကို အစောကြီးရောက်စေခဲ့တာ ပုံမှန်ဖြစ်ရပ် တစ်ခုပဲ... ဒါပေမဲ့ ချင်ယန် ဆိုတဲ့ ငနဲက စိတ်ဝိညာဥ် သွေးကြောတစ်ခုတည်းနဲ့ အဆင့်ငါး သိုင်းခန္ဓာနယ်ပယ်ကို ဘယ်လိုကြောင့် ရောက်သွားတာလဲ"
မခံမရပ်နိုင် ဖြစ်နေကြသော ကျောင်းသားများက တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။
ကျောင်းသားများက အခန်းတစ်၏ ရလဒ်ကို အားကျနေခဲ့ပြီး အခန်းတစ်က ပထမနေရာ ရယူမည်ဟု မှန်းဆထားကြသည်။
အခန်းတစ်ကို ဦးဆောင်ခဲ့သည့် ဆရာမှာ ရန်ရှီးယု ဖြစ်သည်။
အကယ်၍ ရန်ရှီးယုသာ ချင်ယန်ကို ဦးဆောင်ခဲ့လျှင် ပထမနေရာကို ချင်ယန် သိမ်းပိုက်သွားပေလိမ့်မည်။
ပထမတစ်ကြိမ်တွင် ချင်ယန်သည် ဆုအားလုံးကို တစ်ဦးတည်း သိမ်းပိုက်ခဲ့သည်။
ယင်းကြောင့် ရန်ရှီးယုက အမှန်တကယ် ထက်မြက်သော ဆရာမ ဖြစ်သည်ဟု ကျောင်းသားအားလုံး လက်ခံထားကြ၏။
မိဖုရားကြီး၏ ဟန့်တားနှောက်ယှက်မှုကြောင့် ရန်ရှီးယုသည် ချင်ယန် တစ်ဦးတည်းကို သင်ကြားခဲ့ရသည်။
ထိုဖြစ်ရပ်သည် ကျောင်းသားများစွာကို အလွန်အမင်း ဒေါသထွက်စေခဲ့သည်။
သူတို့အတွက် မိဖုရားကြီးသည် ဆိုးရွားသော လုပ်ရပ်ကို ယူဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
လတ်တလောတွင် ဒင်ရှန်ချန်းသည် အခန်းကိုးကို ဦးဆောင်ခဲ့သည်။
ပြန်ရောက်မလာသေးသော ကွီဟီသည် အခန်းသုံးကို ဦးဆောင်နေ၏။
သူတို့နှစ်ဦး၏ ရလဒ်များက မည်သို့ ရှိမည်နည်း။
"ဆရာဒင်တောင် ဒဏ်ရာရခဲ့တာ... ချင်ယန်လည်း ဒုက္ခတွေ့မှာ သေချာတယ်"
"ဆရာဒင်ရဲ့စွမ်းအားက ဆရာတွေထဲမှာ နိမ့်ကျတယ်... အခုလည်း ဒဏ်ရာရခဲ့တယ်... သူက ချင်ယန်ကို အားကိုးခဲ့ရမှာ သေချာသလောက်ပဲ"
"ဒါကြောင့် သူ့အခန်းကနေ ငါပြောင်းခဲ့တာပေါ့.. ဆရာမရန်ရဲ့ ကျောင်းသား ဖြစ်ဖို့ ငါမျှော်လင့်နေမိတာ"
ကျောင်းသားများက စတင်၍ ချင်ယန်ကို ကဲ့ရဲ့ရှုံ့ချကြတော့သည်။
နတ်ဆိုးသားရဲများ၏ အလောင်းများသည် ဒင်ရှန်ချန်းနှင့်အတူ ရှိနေခဲ့၏။
ဒင်ရှန်ချန်းသည် စွမ်းအားနိမ့်ကျသော်လည်း နတ်ဆိုးသားရဲများ၏ သဘာဝကို နက်နက်နဲနဲ နားလည်ထားသည်။
နတ်ဆိုးသားရဲများ အပေါ် နားလည်သည့် သူ၏ အတွေ့အကြုံအရ အဆင့်ရှစ် သို့မဟုတ် အဆင့်ကိုး သားရဲကြီးများနှင့် ဆုံတွေ့ခဲ့လျှင်ပင် အလွယ်တကူ ဒဏ်ရာမရနိုင်ပေ။
ထို့ကြောင့်ပင် ဆရာဒင် ဒဏ်ရာရရှိနေသည်ကို ဆရာအားလုံး အံ့အားသင့်နေခဲ့ကြသည်။
ဆရာတစ်ဦးက ချင်ယန်၏ အနီးသို့ လျှောက်လာပြီး ခက်ထန်သော လေသံဖြင့် မေးလိုက်သည်။
"ချင်ယန်... ဘယ်လိုကြောင့် ဆရာဒင်က ဒဏ်ရာရခဲ့တာလဲ"
"မင်းက ဆရာဒင် အနောက်ကို ဝင်ပုန်းနေလို့ ဆရာဒင်က မင်းကို ကာကွယ်ရင်း ဒဏ်ရာရခဲ့တာပဲ ဖြစ်ရမယ်"
အခြားဆရာတစ်ဦးက ခနဲ့လိုက်သည်။
အခန်း(၃၉) ပြီး၏
အခန်း(၄၀)
ဒင်ရှန်ချန်းက မျက်လုံးများကို မှိတ်ထားပြီး အနားယူနေရာမှ ပြောလိုက်သည်။
"ငါက ချီလင်မျိုးနွယ် သံမဏိကျားတစ်ကောင်နဲ့ တွေ့ခဲ့တယ် ကံကောင်းလို့သာ အသက်မသေခဲ့တာပဲ.. ငါ့ရဲ့ဒဏ်ရာတွေက ချင်ယန်နဲ့ ဘာမှ မဆိုင်ဘူး"
အကြီးအကဲဇန်းက မျက်မှောင်ကြုတ်သွားခဲ့သည်။
"ငါလည်း အဆင့်ရှစ် မှော်သားရဲ တစ်ကောင် ပျံသန်းသွားတာကို တွေ့လိုက်တယ်... တိမ်နဂါးတောင်တန်းကြီးရဲ့ အတွင်းဘက်မှာ မကောင်းတာ တစ်ခုခု ဖြစ်တော့မယ်နဲ့ တူတယ်"
ရန်ရှီးယုက ဘေးဘက်သို့ တည်ငြိမ်စွာ ကြည့်လိုက်မိသည်။
သူမက မသင်္ကာဖွယ်ရာ တစ်ခုကိုမျှ မတွေ့ရပေ။
"ဒီလိုဖြစ်သွားလို့ ချင်ယန်က ဘာရလဒ်မှ မရှိတာလား"
ထိုဆရာက လှောင်ပြောင်ကာ ပြောလိုက်သည်။
ယင်းသို့ ပြုမူနေခြင်းမှာ ထိုဆရာ ဦးဆောင်သော အခန်း၏ ရလဒ်မှာ အညံ့ဆုံး ဖြစ်နေခြင်းကြောင့်ပင်။
ချင်ယန်သာ ကျရှုံးခဲ့လျှင် သူ၏အခန်းသည် အောက်ဆုံး မဟုတ်တော့ချေ။
"မဟုတ်ဘူး"
ဒင်ရှန်ချန်းသည် မတ်တပ် ထရပ်လိုက်ပြီး သူ၏သိုလှောင်အိတ် အတွင်းမှ သေဆုံးနေသော နတ်ဆိုးသားရဲ ငါးကောင်ကို ထုတ်ယူလိုက်သည်။
"ဆူးချွန်ကြက်ဆင်က အဆင့်ငါး နတ်ဆိုးသားရဲ... ကျန်တဲ့ သားရဲလေးကောင်က အဆင့်လေး နတ်ဆိုးသားရဲတွေ"
ဒင်ရှန်ချန်းသည် ထိုဆရာကို စိုက်ကြည့်၍ ပြောလိုက်သည်။
"ဒါတွေ အကုန်လုံးကို ချင်ယန် တစ်ဦးတည်း သတ်ခဲ့တာ... ကျုပ်က နတ်ဆိုးသားရဲတွေကို ခြေရာခံ ရှာဖွေပေးပြီး ဘေးကနေ လိုအပ်တာကိုပဲ ပြောပြခဲ့တယ်"
အကြီးအကဲဇန်းက သားရဲအသေကောင်များကို လာရောက်ကြည့်ရှု စစ်ဆေးလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။
"နတ်ဆိုးသားရဲတွေရဲ့ ကိုယ်ပေါ်မှာ အလင်းမီးတောက် လက်သီးသိုင်းနဲ့ ထိုးနှက်ထားတဲ့ လက္ခဏာတွေကို တွေ့ရတယ်.. သူ့ရဲ့အလင်းမီးတောက် လက်သီးက အဆင့်တစ်ခုကို ရောက်နေခဲ့ပြီ"
ကျောင်းသားများ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
ချင်ယန်က အဆင့်ငါး နတ်ဆိုးသားရဲကြီးကို လက်ဗလာဖြင့် သတ်ခဲ့သည်။
ထိုစွမ်းအားသည် အဆင့်လေး သိုင်းခန္ဓာနယ်ပယ် ကျောင်းသားများ အတွက် စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်သော အခြေအနေ ဖြစ်သည်။
ကျောင်းသား အများစုသည် ချင်ယန်ကို အားကျစိတ်၊ မနာလိုစိတ်များဖြင့် ကြည့်နေမိကြသည်။
ချင်ယန်ကို လှောင်ပြောင်နှိမ့်ချခဲ့သော ဆရာသည်ပင် အာစေးမိသလို ဆွံ့အသွားခဲ့သည်။
ကျောင်းသားများ အံကြိတ်နေမိကြသည်။
အဘယ့်ကြောင့်ဆိုသော် ပထမနေရာကို ချင်ယန်ရရှိရန် သေချာနေသောကြောင့်ပင်။
"ငါတို့တွေ အခန်းသုံးကို စောင့်ရဦးမယ်"
ရန်ရှီးယုက ချင်ယန်အား နှစ်လိုမှုရှိစွာ ပြုံးပြလိုက်သည်။
ချင်ယန်နှင့် ဒင်ရှန်ချန်းတို့ နှစ်ဦးသာ အခန်းသုံးမှ လူများသည် ဘယ်သောအခါမှ ပြန်လာတော့မည် မဟုတ်မှန်း သိထားခဲ့ကြသည်။
ချင်ယန်က သူတို့အားလုံးကို သတ်ခဲ့၏။
ဒင်ရှန်ချန်းသည် ထိုကိစ္စကို ပြန်တွေးမိတိုင်း စိတ်လှုပ်ရှားနေမိသည်။
ယနေ့ညတွင် လူအားလုံး ရွက်ဖျင်တဲလေးများဖြင့် အိပ်စက်ကာ အခန်းသုံးမှ အဖွဲ့သားများကို စောင့်ဆိုင်းနေခဲ့ကြသည်။
"အကြီးအကဲဇန်း.. သူတို့ ပြန်မလာခဲ့ရင်..."
အခန်းသုံး၏ တာဝန်ခံဆရာက မေးလိုက်သည်။
"ကျုပ်မသိသေးဘူး... နောက်နေ့ အထိ စောင့်ကြည့်လို့မှ သူတို့ ပြန်မလာခဲ့ရင် ခင်ဗျား ကျောင်းကို အရင်ပြန်နှင့်လိုက်ပါ... ကျုပ် သူတို့ကို လိုက်ရှာရလိမ့်မယ်"
အကြီးအကဲဇန်း၏ အမူအရာက အနည်းငယ် ခက်ထန်နေသည်။
နောက်တစ်နေ့နံနက်တွင် အကြီးအကဲဇန်းသည် ပထမနှစ်ကျောင်းသားများအတွက် အတွေ့အကြုံရရန် ပြုလုပ်သော လေ့ကျင့်ရေး ပြိုင်ပွဲ၌ အခန်းကိုးမှ အနိုင်ရရှိကြောင်း ကြေညာခဲ့သည်။
ထိုပထမနေရာ အတွက် ပေးအပ်သော ဆုလဒ်မှာ "ယန်ကိုးပါး ဝိညာဉ် သိုလှောင်မျှော်စင်"တွင် ဆယ်ရက်တာ လေ့ကျင့်ခွင့် ရရှိခြင်း ဖြစ်သည်။
ယန်ကိုးပါး ဝိညာဉ်သိုလှောင် မျှော်စင်သည် အမြင့်ဆုံး အထွတ်အထိပ်တွင် တည်ရှိသည်။
ထိုနေရာ၌ ဝိညာဉ်စွမ်းအင်များကို စုပ်ယူ၍ ဆယ်ရက် လေ့ကျင့်မှုသည် အခြားနေရာများ၌ တစ်နှစ်ကျော်၊ နှစ်နှစ်ခန့် လေ့ကျင့်မှုနှင့် ရလဒ် တူညီ၏။
"အကြီးအကဲ.. ယန်ကိုးပါး ဝိညာဉ်သိုလှောင်မျှော်စင်ကို တစ်နှစ်မှ တစ်ကြိမ်ဖွင့်တာ ဖြစ်လို့ လူဆယ်ယောက်ကျော် ဝင်လေ့ကျင့်လို့လည်း ပြဿနာမရှိဘူး... ချင်ယန်တစ်ဦးတည်း လေ့ကျင့်မယ်ဆိုရင် အလဟဿ ဖြစ်ကုန်လိမ့်မယ်"
ထိုစကားကို ပြောသူမှာ အခန်းတစ်၏ ဆရာဖြစ်ပြီး ချင်ယန်အပေါ် မကျေမနပ် ဖြစ်နေမှန်း ထင်ရှားနေခဲ့သည်။
အခြားဆရာများကလည်း ထိုအဆိုပြုချက်ကို ထောက်ခံခဲ့ကြသည်။
ထိုဆရာသည် ဆရာဝေနှင့် ဆက်ဆံရေး ကောင်းမွန်သူ ဖြစ်ကြောင်း ချင်ယန် သတိရလိုက်မိသည်။
ယင်းအချိန်တွင် ရန်ရှီးယုထံမှ ခနဲ့တဲ့တဲ့ စကားသံ ထွက်ပေါ်လာခဲ့သည်။
"ချင်ယန်က နတ်ဆိုးသားရဲအများကြီးကို သူ့လက်နဲ့ သတ်ခဲ့တယ်... ဘာကြောင့် ယန်ကိုးပါး ဝိညာဉ်သိုလှောင် မျှော်စင်ကို တစ်ဦးတည်း အသုံးမပြုနိုင်ရမှာလဲ"
"သူ့ရဲ့ ကံက အရမ်းကောင်းနေလို့ ဖြစ်မှာပေါ့.. သူ့ရဲ့.သိုင်းခန္ဓာအဆင့် တိုးတက်အောင် ရှင်က လျှို့ဝှက် ကူညီခဲ့လို့သာ သူအဆင့်တက်တာ မြန်သွားတာ ဖြစ်ရမယ်"
ယန်ယွန်၏ အသံက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
ယန်ယွန်သည် ယန်မိသားစု၏ နောက်ခံရှိပြီး ဆရာဝေ၏ သားနှင့် စေ့စပ်ထားသူလည်း ဖြစ်သည်။
ထို့အပြင် ဟွာလင်းဝုကျောင်းသို့ ဆရာဝေ ရောက်ရှိနေခဲ့၍ ရန်ရှီးယုကို ယခုလို အတိုက်အခံ ပြောရဲခြင်း ဆိုလည်းမမှားပေ။
"နင့်နဲ့ စေ့စပ်ထားတဲ့ကောင်က အဆင့်ငါး သိုင်းခန္ဓာနယ်ပယ်ကို ရောက်တာ အချိန်ကြာနေပြီ... ဒါပေမဲ့ ငါ့ကို ရှုံးခဲ့တယ်... ဒီကိစ္စမှာ နင့်အကောင်က ငါ့လို အမှိုက်လောက်တောင် အသုံးမကျတာ ထင်ရှားနေတာပဲ... ဒါက မင်းအတွက် လက်ခံဖို့ ခက်ခဲနေမှာ ငါသိပါတယ်"
ချင်ယန်က ထိုသို့ပြောပြီးနောက် အူလှိုက်သည်းလှိုက် အော်ရယ်လိုက်သည်။
"နင့်ပါးစပ်ကို ပိတ်ထားစမ်း... အနာဂတ်မှာ အစ်ကိုခွန်က မှော်အစီအရင် ကျွမ်းကျင်သူ ဖြစ်လာမှာပဲ... သူက မှော်စာလိပ် တချို့ကိုတောင် လုပ်နိုင်နေပြီ ဆိုတာ ရှင်သိရဲ့လား"
ယန်ယွန် ဒေါသစိတ်ဖြင့် မောက်မာစွာ ပြောလိုက်သည်။
သူမက ဝေရှန်းခွန်၏ အမည်တပ်၍ မှော်စာလိပ် ပြုလုပ်နိုင်ကြောင်း ပြောခဲ့ချိန်တွင် လူအုပ်ကြီးက လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။
"မှော်စာလိပ် ပြုလုပ်နိုင်တာ မဖြစ်နိုင်ဘူး... သူလုပ်နိုင်လည်းပဲ အစုတ်အပြတ်ပဲ လုပ်နိုင်လိမ့်မယ်"
ချင်ယန်၏ စကားကြောင့် လူအုပ်ကြီးအတွင်းမှ ရယ်သံများ ပေါ်ထွက်လာခဲ့သည်။
ထိုအခိုက် ဆရာတစ်ဦး၏ ပျက်ရယ်ပြုသံ ထွက်လာခဲ့၏။
"အသိပညာ နိမ့်ကျတာပဲ... မှော်စာလိပ် လုပ်တတ်တယ်ဆိုတဲ့အဓိပ္ပါယ်ကို မင်းသိလား.. ဒါက မှော်စာလုံး ရေးသားမှုကို ကျွမ်းကျင်အဆင့် ရောက်သွားပြီ ဆိုတဲ့ အဓိပ္ပါယ်ပဲ.. တချို့ဆိုရင် နှစ်ပေါင်း ဒါဇင်ချီ လေ့ကျင့်တောင် မအောင်မြင်ခဲ့ကြဘူး... သူ့လို အဆင့်ကို ရောက်ဖို့ အရမ်းကို ခက်ခဲတယ်ကွ"
ယန်ယွန်က ထိုစကားကြောင့် ပိုမို ဝံ့ကြွားဟန်များ ပေါ်လာခဲ့သည်။
"အကြီးအကဲ.. ချင်ယန်က သိုလှောင်မျှော်စင်ရဲ့ ဝိညာဉ်စွမ်းအင် အားလုံးကို မသုံးသင့်ပါဘူး... နတ်ဆိုးသားရဲတွေကို သူသတ်ခဲ့တယ် ဆိုတာ ကျွန်မတို့ အားလုံး မယုံကြည်နိုင်တာ အမှန်ပါပဲ... ကျွန်မတို့ရဲ့ ခံစားချက်ကို အကြီးအကဲ နားလည်သင့်ပါတယ်"
ယန်ယွန်က စကားကို ခဏရပ်လိုက်ပြီး ကျောင်းသားများကို အကဲခတ်လိုက်သည်။
ထို့နောက် ဆက်လက် ပြောလိုက်သည်။
"ဆရာဝေက ဆုရသူအတွက် ဟွာလင်းဝုကျောင်းမှာ ဧည့်ခံပွဲ လုပ်ပေးဖို့ စီစဉ်ထားပါတယ်... အဲဒီအချိန်ရောက်ရင် အခုလို သံသယဖြစ်စရာ ရလဒ်ကို တခြား သူတွေပါ သိကုန်လိမ့်မယ်"
"ငါ နားလည်ပြီ.. ငါ့ကို မယုံကြည်ရင် ငါနဲ့ တိုက်ခိုက်နိုင်တယ်... ငါ့ရဲ့ ကိုယ်ပိုင်စွမ်းအားကို အသုံးပြုပြီး ဆုကို ထိုက်ထိုက်တန်တန် ရခဲ့တာပဲ... ဘယ်အရာကို မင်းတို့ မယုံတာလဲ... မင်းတို့ရဲ့ ခွန်အားက ငါ့ထက် သန်မာနေလို့လား"
ချင်ယန် ပြတ်ပြတ်သားသား စိန်ခေါ်လိုက်သည်။
"မင်းပါးစပ်က ပြောတာနော်... စိတ်ဝိညာဉ် သွေးကြောတစ်ခုတည်း ရှိတဲ့သူက စိတ်ဝိဉာဉ် သွေးကြောအများကြီး ရှိတဲ့သူတွေထက် ပိုသာတယ်ဆိုတာ ငါတော့ မယုံဘူး... မင်းရဲ့ လိမ်ညာမှုတွေ မြောင်းထဲ ရောက်အောင် လုပ်ပြမယ့်သူ ဒီနေရာမှာ အများကြီး ရှိတယ်ကွ"
ချင်ယန်က သူ့ကို မယုံကြည်ဟန်ဖြင့် အော်ဟစ်နေသည့် ကျောင်းသားကို စိုက်ကြည့်လိုက်သည်။
လူအုပ်အတွင်းရှိ ထိုကျောင်းသားသည် ချင်ယန်နှင့် တိုက်ခိုက်ဝံ့ခြင်း မရှိ၍ အခြားသူများကို သွေးထိုးလှုံ့ဆော်နေခြင်းပင်။
ချင်ယန်သည် ဝေရှန်းခွန်ကိုပင် ရိုက်နှက်၍ အနိုင်ယူခဲ့သူ ဖြစ်ရာ သူတို့အနေဖြင့် ရင်ဆိုင်ဝံ့ခြင်း မရှိချေ။
"ငါမင်းနဲ့ တိုက်ခိုက်ချင်တယ်"
အရပ်မြင့်မြင့် လူငယ်တစ်ဦး ထွက်ပေါ်လာသည်။
သူ၏ ကိုယ်ပေါ်တွင် တန်ဖိုးကြီးဟန်ရသည့် ပျော့ပြောင်းသော ချပ်ဝတ် တစ်စုံကို ဝတ်ဆင်ထားပြီး မာနကြီးသည့် အမူအရာများကို သူ၏ မျက်နှာပေါ်တွင် အထင်းသား တွေ့နေရ၏။
"ဒါက အခန်းနှစ်မှာ တက်နေတဲ့ ကျန်မိသားစုက ကျန်ယုချိန် မဟုတ်လား... ဒါဆို သူက စိတ်ဝိဉာဉ် သွေးကြောငါးခု ရှိပြီး ရွှေရောင်ကျား သိုင်းဝိညာဉ်ကို ပိုင်ဆိုင်ထားသူပေါ့"
ကျောင်းသားတစ်ဦးက တီးတိုးရေရွတ်လိုက်ပြီး အားကျသော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။
"သူက အဆင့်ငါး သိုင်းခန္ဓာနယ်ပယ် အဆင့် ဖြစ်တဲ့အပြင် ရှားပါးတဲ့ တောကောင် သိုင်းဝိညာဉ်ကို ပိုင်ဆိုင်ထားတယ်"
"ယန်ယွန် ပြောစကားအရ ဝေရှန်းခွန်က တိုက်ခိုက်ရေးကို အထူးပြု လေ့ကျင့်သူ မဟုတ်ဘူး... ဒါကြောင့် ချင်ယန်ကို ရှုံးသွားတာပဲ.. ကျန်ယုချိန်က တောကောင် သိုင်းဝိညာဉ် ပိုင်ဆိုင်ပြီး တိုက်ခိုက်ရေး ကျွမ်းကျင်တော့ ချင်ယန်ကို အနိုင်ရလိမ့်မယ်"
ကျောင်းသားများ၏ ဆွေးနွေးပြောဆိုသံများ ဆူညံသွားခဲ့သည်။
"သူသေကိုယ်သေ တိုက်မှာလား"
ချင်ယန်၏ အသံက အေးစက်တင်းမာနေသည်။
"ဘယ်သူက သိုင်းပညာ ပိုသာလဲ အဖြေပေါ်တာနဲ့ ရပ်ပါ... မင်းရှုံးရင် သူတို့အခန်းကို ယန်ကိုးပါး ဝိညာဉ်သိုလှောင် မျှော်စင်ထဲကို ဝင်ခွင့်ပြုရမယ်... သူရှုံးခဲ့ရင် အခန်းနှစ်က အမဲလိုက်လို့ ရခဲ့တဲ့ နတ်ဆိုးသားရဲတွေ အကုန် မင်းရမယ်"
အကြီးအကဲဇန်းက ဆုံးဖြတ်ပေးလိုက်သည်။
"ကောင်းပြီ"
အခန်းနှစ်မှ သတ်ခဲ့သော နတ်ဆိုးသားရဲ အရေအတွက်မှာ ဆယ်ကောင် ဖြစ်သည်။
တစ်ကောင်လျှင် အနည်းဆုံး သလင်းကျောက်ပြား နှစ်ထောင် တန်ဖိုး ရှိရာ စုစုပေါင်း သလင်းကျောက်ပြား နှစ်သောင်းဖိုး ဖြစ်၏။
ကျန်ယုချိန် ကျိတ်၍ ဝမ်းသာနေခဲ့သည်။
ချင်ယန်ကို အနိုင်ရခဲ့လျှင် သူ၏ ဂုဏ်သတင်းသည် အလွန်မြင့်မားသွားပေလိမ့်မည်။
ယင်းက အနာဂတ်တွင် သူ၏ မိသားစုအတွင်း နေရာရရန် အတွက် ကြီးမားသော အထောက်အပံ့ ဖြစ်လာပေလိမ့်မည်။
"စမယ်"
အကြီးအကဲဇန်းက တိုက်ပွဲစရန် အချက်ပေးလိုက်သည်။
ကျန်ယုချိန်၏ ကျားတစ်ကောင်နှင့် တူသော သိုင်းကွက်မှ ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါများ ခြောက်ခြားဖွယ် ထွက်ပေါ်လာခဲ့သည်။
သူ၏ လက်များက ကျားလက်သည်းများအဖြစ် ပြောင်းလဲသွား၏။
"ဒါက အဆင့်နိမ့် စိတ်ဝိညာဉ်အဆင့် ကျားလက်သည်းသိုင်းပဲ"
"ချင်ယန် ဘယ်လိုရင်ဆိုင်မလဲ ဆိုတာ စိတ်ဝင်စားစရာပဲ"
ကျောင်းသားနှစ်ယောက်က အံ့အားသင့်စွာ အပြန်အလှန် ပြောဆိုနေခဲ့သည်။
အခန်း(၄၀) ပြီး၏