← Chapters

ချိပ်ပိတ်နယ်မြေ၏ ကျောက်စိမ်းပြား

Vol. 97 Ch. 1333

ချိပ်ပိတ်နယ်မြေ၏ ကျောက်စိမ်းပြား

Vol. 97 Ch. 1333

တာအိုပညာရှင်ရေသည် ဝမ်လင်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သော အနှစ်သာရသုံးခုကြောင့် သူ့စဉ်းစားဉာဏ်လွတ်လုနီးပါး လန့်နေမိပေသည်။ သူ့မျက်လုံးများလည်း ပြူးထွက်နေ၏။ ဝမ်လင်း၏ အနှစ်သာရသုံးခုမှာ သူ စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေ၏။ သူသည် ဝမ်လင်းသာ အသက်ရှင်သွားခဲ့ပြီး လာမည့်နှစ်ပေါင်းတစ်ထောင်အတွင်း တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့ပါက မည်မျှဖျက်စီးနိုင်သောစွမ်းအားကို ပိုင်ဆိုင်မည်အား တွေးပင် မတွေးဝံ့ပေ။

“သူသာ တတိယအဆင့်ကို ရောက်လာတာနဲ့ နှစ်ပေါင်းသောင်းချီ နေထိုင်ခဲ့တဲ့ နိဗ္ဗာနလေဟာနယ်အဆင့်ကျင့်ကြံသူတွေကို ရင်ဆိုင်နိုင်တဲ့အစွမ်း ရလာလိမ့်မယ်။ တကယ်တော့ သူတို့အားလုံးဟာ သူနဲ့ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး။ ကောင်းကင်ဘုံကိုဖိဆန်တဲ့ပုံရိပ်ဟာ ကောင်းကင်ဘုံကိုတောင် မနာလို ဖြစ်စေမယ့် အရာမျိုးပဲ။ သူဟာ လုံးဝ ထွက်ပေါ်မလာသင့်ဘူး။ ငါ သူ့ကို သတ်ရမယ်။ သူ့ကို သတ်ကိုသတ်ရမယ်။ ငါ မသတ်နိုင်ခဲ့ရင် ငါ့အတွက် အနာဂတ်မှာ ဘုံပျောက်ပြီ…”

ထိုအခိုက်အတန့်တွင် တာအိုပညာရှင်ရေသည် အနှစ်သာရသုံးခုမှာ ဝမ်လင်း၏အကန့်အသတ် မဟုတ်သည်ကို သိမနေပါ။

ဝမ်လင်းသည် သူ့အသက်ကို စတေးကာ သူ့ပထမဆုံးအနှစ်သာရ သေခြင်းရှင်ခြင်းအနှစ်သာရကို နားလည်ခဲ့၏။ သူသည် သူ့ရှေးဟောင်းနတ်ဘုရားကြယ်များကို ဖျက်စီးကာ ဒုတိယ ကံကြမ္မာအနှစ်သာရကို နားလည်ခဲ့၏။ သူက သူ့ဥပဒေသကြယ်ကို ဖျက်စီးစေပြီး တတိယမြောက်အနှစ်သာရ အမှန်နှင့်အမှားကို နားလည်ခဲ့ပေသည်။

သို့ရာတွင် သူ့ခန္ဓာကိုယ်အတွင်း၌ ဟင်္သာငှက်မီး ရှိနေသေးသည် မဟုတ်လား။

ထိုဟင်္သာငှက်မီးသည် ဆင့်ကဲတိုးတက်မှု သုံးကြိမ်ကို ဖြတ်ကျော်ပြီးခဲ့ပြီး ဖြစ်သည်။ တစ်ကြိမ်စီတိုင်းသည် မီးအပေါ် သူ့နားလည်မှုကို များစွာ တိုးတက်စေခဲ့၏။ တတိယကြိမ်မြောက် ဟင်္သာငှက်နိုးထခြင်းက ဝမ်လင်း၏ အံမခန်းမီးအစွမ်းကို ကြောက်မက်ဖွယ်အဆင့်သို့ ရောက်လာစေခဲ့သည်။

မီးမန္တာန်အားလုံးသည် သူ့ကို နာခံရပေမည်။

မီးမန္တာန်ကျင့်ကြံသူတစ်ယောက်သာ ဖြစ်နေပါက ဝမ်လင်းသည် သူ့လက်ကို ဝေ့ယမ်းကာ တစ်ဖက်လူ၏ မီးကို တောက်လောင်စေပြီး သတ်ပစ်နိုင်၏။ မီးမန္တာန်ကို မကျင့်ကြံသူများ ဖြစ်နေခဲ့လျှင်ပင် ဝမ်လင်းသည် သူတို့၏ဒေါသကို အသုံးပြုကာ သေသည့်အထိ လောင်ကျွမ်းပစ်နိုင်သည်။

သည်လောကတွင် အစွမ်းထက်ဆုံးမီးမှာ ဒေါသမီးတောက် ဖြစ်၏။ လူတိုင်းတွင် ထိုမီးတောက် ရှိကာ မမြင်နိုင်ပေ။ သို့သော် ၎င်းမီးတောက် စတင်လောင်ကျွမ်းသည်နှင့် သင်သည် ဆုပ်ကိုင်မထားနိုင်တော့ဘဲ သင်ကိုယ်တိုင်ရော လိုက်ပါ သေဆုံးရပေလိမ့်မည်။

ဒေါသမီးတောက်၏ အထက်တွင် မြေကမ္ဘာပျက်စီးစေနိုင်သော အစွမ်းရှိသည့် လောင်ကျွမ်းမီးတောက် ရှိသေး၏။ ထိုလောင်ကျွမ်းမီးတောက်က သူ့ဟာသူ ကျွမ်းလောင်ပြီး အံ့မခန်းစွမ်းအားကို ဖြစ်ပေါ်စေနိုင်သည်။

သို့ရာတွင် လောင်ကျွမ်းမီးတောက်၏အထက်တွင် တာအိုမီးဟူ၍ ရှိ၏။ ဝမ်လင်းသာ ထိုနယ်ပယ်အဆင့်သို့ ရောက်နိုင်ခဲ့ပါက သူသည် အခြားလူ၏နယ်ပယ်ကို တိုက်ရိုက် လောင်ကျွမ်းပစ်နိုင်ပေလိမ့်မည်။ ယင်းမှာ မန္တာန်တစ်ခု၊စွမ်းရည်တစ်ခု မဟုတ်တော့ပေ။ တာအိုမန္တာန်နှင့် အလွန်နီးစပ်သော အရာတစ်ခုသာ ဖြစ်သည်။

ဝမ်လင်း၏မီးအပေါ်နားလည်မှုက သေခြင်းရှင်ခြင်း၊ကံကြမ္မာ၊အမှန်နှင့်အမှားတို့အပေါ် နားလည်မှုနှင့် သိပ်မကွာလှပါ။ ယင်းသုံးခုက အနှစ်သာရများကို မွေးဖွားစေနိုင်မှတော့ မီးသည်လည်း အနှစ်သာရတစ်ခုကို မွေးဖွားပေးမည်မှာ သဘာဝ ကျသည်။

သို့ရာတွင် ထိုအနှစ်သာရသည် အလွန်ကွယ်ဝှက်လျက် ရှိပြီး တာအိုပညာရှင်ရေသည် ၎င်းကို သတိမပြုမိပေ။ ထိုသို့ဖြစ်ရခြင်းသည် သူ့ကျင့်ကြံမှုအဆင့်ကြောင့်ပင်။

စိတ်ဝိညာဉ်လေဟာနယ်အဆင့်ရှိ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်သာ ဖြစ်နေပါက တတိယအဆင့်ကျင့်ကြံသူအားလုံးကို တုန်လှုပ်သွားစေနိုင်သော ဝမ်လင်း၏ စတုတ္ထမြောက်အနှစ်သာရကို တွေ့မြင်နိုင်မည် ဖြစ်၏။

အနှစ်သာရလေးခု။ ယင်းအနှစ်သာရ အရေအတွက်မှာ အုပ်စိုးသူ၊ချင်းလင်တို့၏ အနှစ်သာရထက် ပိုများနေ၏။ ချိပ်ပိတ်နယ်မြေအရှင်ထက်လည်း ပိုများနေ၏။ ချိပ်ပိတ်နယ်မြေနှင့်ပြင်ပနယ်မြေတို့ရှိ ဉာဏ်အလင်းရခဲ့သော မည်သည့်ကျင့်ကြံသူထက်မဆို ပိုများနေ၏။ အုပ်စိုးသူသာ ထိုအကြောင်းကို သိခဲ့ပါက သူသည် မည်မျှပင် ပေးဆပ်ရပါစေ ဝမ်လင်းကို တပည့်တစ်ယောက်အဖြစ် ခေါ်ဆောင်ဖို့အတွက် လုပ်ဆောင်ပေလိမ့်မည်။

တာအိုပညာရှင်ရေသာ ထိုအကြောင်းကို သိခဲ့ပါက ပို၍ပို၍ တုန်လှုပ်မိပေလိမ့်မည်။ သူ့အတွက် ဝမ်လင်းသည် ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ အစစ်အမှန်အုပ်ချုပ်သူတစ်ယောက်၊အစစ်အမှန် ရှေးဟောင်းကောင်းကင်ဘုံသားတစ်ယောက်၊ ဒဏ္ဌာရီလာစတုတ္ထအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာတော့မည့် မျိုးစေ့တစ်စေ့ကဲ့သို့ပင်။

သို့ရာတွင် အနှစ်သာရလေးခုမှာ ဝမ်လင်း၏အကန့်အသတ် မဟုတ်သေးပါ။

ဝမ်လင်း၏ခန္ဓာကိုယ်အတွင်းရှိ မီးအနှစ်သာရအောက်တွင် သူ့နောက်ဆုံးအနှစ်သာရ၊ ငါးခုမြောက်အနှစ်သာရ မိုးကြိုး ရှိနေသေးသည်။

မိုးကြိုး။

ကောင်းကင်ဘုံမိုးကြိုးအနှစ်သာရ။

ဝမ်လင်းသည် ရှေးဟောင်းမိုးကြိုးနဂါး၏ မူလစိတ်ဝိညာဉ်တစ်ဝက်ကို ဝါးမြိုခဲ့ပြီး နှစ်ပေါင်းတစ်ထောင်ကြာ သူ့မူလစိတ်ဝိညာဉ်အဖြစ် ပြောင်းလဲစေခဲ့သည်။ သူသည် ရှေးဟောင်းပျံ့ကြဲမိုးကြိုးကလန်၏ မိုးကြိုးကိုလည်း စုပ်ယူခဲ့သည်။ ထိုအဖြစ်ကြောင့် သူ့ကိုယ်ပိုင်မိုးကြိုးကို အမိန့်ပေးနိုင်ခွင့် ရလာခဲ့သည်။

ထို့နောက် သူသည် ဉာဏ်အလင်း ရရှိခဲ့ပြီး မတူညီသောမိုးကြိုးအမျိုးအစားကိုးခုကို ဝါးမြိုခဲ့ကာ မိုးကြိုးတို့၏အရှင် ဖြစ်လာကာ သူ့မိုးကြိုးတာအိုကို ပြည့်စုံစေခဲ့သည်။

အခြားလူများသည် ကောင်းကင်ဘုံ၏ အလိုကျ ပြုမူ ဆောင်ရွက်ကျ၏။ သို့သော် ဝမ်လင်းကမူ သူ့ကိုယ်ပိုင်ဆန္ဒအတိုင်းသာ လုပ်ဆောင်လေ့ ရှိသူ ဖြစ်သည်။

သူ့ခန္ဓာကိုယ်ထဲ၌ အနှစ်သာရနှစ်ခုသည် နက်ရှိုင်းစွာ ဖုံးကွယ်လို့နေ၏။ တာအိုပညာရှင်သည် ၎င်းတို့ကို မထောက်လှမ်းမိချေ။ သူသာ ဝမ်လင်းထံ၌ အနှစ်သာရငါးခုတိတိ ပိုင်ဆိုင်ကြောင်း သိခဲ့ပါက သူ မည်ကဲ့သို့ တုန်လှုပ်သည့်အမူအရာ ဖြစ်သွားမည်နည်း။

သို့သော်ငြားလည်း သည်အနှစ်သာရများအားလုံးမှာ အလွန်အမင်းအားနည်းသေးကာ အန္တရာယ် ရှိနေ၏။ တာအိုပညာရှင်ရေ၏ တိုက်ခိုက်မှု သက်ဆင်းလာပြီး သူက ဝမ်လင်းကို လုံးဝ သတ်ပစ်နိုင်ခဲ့ပါက ဝမ်လင်းသည် ခုချက်ခြင်း သေဆုံးသွားရမည်သာ ဖြစ်သည်။

သူ သေသွားသည်နှင့် ထိုအနှစ်သာရငါးခုလည်း ပျောက်ကွယ်သွားပေလိမ့်မည်။

ခုချိန်တွင် ဝမ်လင်းသည် တတိယအဆင့်ကျင့်ကြံသူတစ်ယောက်၏ ရှေ့၌ အလွန်အားနည်းလှသူသာ ဖြစ်သည်။ သို့ရာတွင် သူ့ထံ၌ အချိန်နှင့်အခွင့်အရေးသာ ရခဲ့ပါက သူသည် တတိယအဆင့်ကျင့်ကြံသူများပါ နာခံရမည့် အစွမ်းထက်တည်ရှိမှုတစ်ခု မြန်မြန်ဆန်ဆန် ဖြစ်လာပေလိမ့်မည်။

ဤအရာများအားလုံးသည် အလုံးစုံတော့ မသေချာလှပေ။ သို့သော် ဝမ်လင်းသည် တာအိုပညာရှင်ကြောင့် သေရေးရှင်ရေးကပ်ဘေးကို ရင်ဆိုင်ရသည့်အချိန်တွင် ထိုဖိအားအောက်၌ အနှစ်သာရငါးခုကို မွေးဖွားနိုင်ခဲ့၏။ အရာအားလုံးသည် ပြောင်းလဲနေသည်သာ။ ဝမ်လင်းသည်လည်း သမိုင်းတွင်အစွမ်းထက်ဆုံး ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်သည် မဟုတ်လား။

“ငါ့အတွက် သေလိုက်တော့…” တာအိုပညာရှင်ရေထံမှ ရူးသွပ်သည့်အကြည့် ထွက်ပေါ်နေ၏။ သူ့အကြည့်တွင် ကြောက်လန့်မှုနှင့်စိတ်လှုပ်ရှားမှု အရိပ်အမြွက် တွဲခိုလျက် ရှိသည်။ သူသည် သည်ကောင်းကင်ဘုံကိုဆန့်ကျင်နေသော ကျင့်ကြံသူကို သတ်ချင်နေ၏။

သူ ပစ်လွှတ်လိုက်သော ကျင့်ကြံခြင်းဂြိုဟ်ပေါ်ရှိ ရေတာအိုတပည့်ပေါင်း (၁.၅)ဘီလီယံသည် တုန်လှုပ်ဖွယ်အားကို ပေးစွမ်းကာ ဝမ်လင်းထံ သက်ဆင်းလာသည်။

ဝမ်လင်း၏မျက်လုံးက လုံးဝ တည်ငြိမ်နေ၏။ ဤအခိုက်တွင် သူသည် အရာအားလုံးကို စတေးပြီး ဖြစ်သည်။ သေသည်ဖြစ်စေ၊ရှင်သည်ဖြစ်စေ အရေးမပါတော့ပေ။ သူ မဖြက်တောက်နိုင်သောအရာဟူ၍ သူ့မိဘနှစ်ပါး၊ ဝမ်အာအပေါ်သူ့ချစ်ခြင်းနှင့် စစ်ထူ၊ချင်းရွှေတို့အပေါ် မိတ်ဆွေစိတ်တို့သာ ရှိသည်။

သူသည် ထိုခံစားချက်များကို မဖြက်တောက်ပစ်ချင်ပေ။ သူသည် သေသည့်အထိ ၎င်းခံစားမှုများကို ယူဆောင်သွားပေမည်။

သေခြင်းတရားမီးသည် မည်သည့်ကြယ်ထက်ဆို လင်းလက်၏။ သူတို့၏နှလုံးသားအတွင်း၌ ခံစားချက်မရှိသောသူတို့၏ သေဆုံးခါနီးချိန်မှာ အထီးကျန်ကာ အေးစက်စက် ဖြစ်ပေမည်။

သို့ရာတွင် နှလုံးသားခံစားချက် ငြိတွယ်မှု ရှိသူကတော့ သေဆုံးခြင်းသည်ပင် ကြယ်တစ်ခုကဲ့သို့ လင်းလက်တောက်ပနိုင်၏။

“သင်က ငါ့ကို သတ်ချင်တယ်။ ဒီတော့ ငါတို့ အတူ သေလိုက်ကြရအောင်…”

ကျင့်ကြံခြင်းဂြိုဟ်က အပြင်းအထန် ကျဆင်းလာစဉ် ဝမ်လင်းသည် သူ့လက်နှစ်ဖက်ကို ဖြန့်ကားလိုက်၏။ ဝဲကတော့သုံးခုသည် အရူးအမူး ရွှေ့လျားကာ သူ့ခန္ဓာကိုယ်ထဲရှိ မီးနှင့်မိုးကြိုးအနှစ်သာရတို့မှာလည်း ထိုးထွက်လာကြသည်။

ထိုတိုက်ခိုက်မှုသည် သူ့အသက်စတေးကာ တိုက်ခိုက်ခဲ့သော လက်သီးချက်တစ်ရာထက် ပို၏။ နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားထက် များစွာ အစွမ်းထက်၏။ သည်တိုက်ခိုက်မှုသည် ခုမှ သူနားလည်ခါစ အနှစ်သာရများကို အသုံးပြုထားခြင်း မဟုတ်လား။ ဤတိုက်ခိုက်မျုက သူ့ဘဝတွင် အတောက်ပဆုံး တိုက်ခိုက်မှု၊ သူ့နောက်ဆုံးတိုက်ခိုက်မှုလည်း ဖြစ်လာပေမည်။

ကြယ်မြူများ ပျက်စီးလွင့်ပျောက်နေရင်း ကောင်းကင်နှင့်မြေကြီးသည် တုန်ဟည်း၏။ အဆင့်ငါးဒေသတစ်ခုလုံး တစစီပြိုပျက်ကာ အဆင့်ခြောက်ဒေသတွင်ပင် ဧရာမဟင်းလင်းပြင်အက်ကြောင်းကြီးငါးခု ပေါ်လာ၏။

အဆင့်ခုနစ်ဒေသတွင်ပင် ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ပေါ်လာခဲ့သည်။

ထိုတိုက်ခိုက်မှုသည် တတိယအဆင့်မန္တာန်နှင့် အလွန်တရာနီးစပ်၏။ ဘာမှ မကွာလှပေ။ ၎င်းက မည်သည့်နိဗ္ဗာနဖြိုခွဲခြင်းအဆင့်နှင့် စွမ်းအားထောက်တိုင် ကောင်းကင်ဘုံဒုက္ခအဆင့်ကျင့်ကြံသူကိုမဆို ဖျက်စီးပစ်ဖို့ လုံလောက်သည်။ အဇူရာနဂါးနတ်အင်ပါယာပင် သည်တိုက်ခိုက်မှုအောက် ကျရောက်ခဲ့ပါက သံသယမရှိ သေဆုံးရပေလိမ့်မည်။

ဝမ်လင်းသည် ထိုကဲ့သို့ တစ်ကြိမ်သာ တိုက်ခိုက်နိုင်၏။ အကြောင်းမှာ ယင်းတိုက်ခိုက်မှုအတွက် သူဉာဏ်အလင်းရရှိခါစ အနှစ်သာရငါးခုလုံးကို ပျက်စီးစေမည့်အတွက်ကြောင့်ပင်။ သည်အနှစ်သာရများ၏ ပျက်စီးခြင်းက သူလို့ကျင့်ကြံသူလေးကို နိဗ္ဗာနလေဟာနယ်အဆင့်ကျင့်ကြံသူတစ်ယောက်နှင့် ယှဉ်နိုင်သောတိုက်ခိုက်မှုကို ပေးစွမ်းခဲ့ပေသည်။

ယင်းက တောက်ပကာ အံ့အားသင့်ဖွယ် ကောင်းလွန်းသည်။

တာအိုပညာရှင်ရေ၏ မျက်လုံးထဲတွင် မည်သည့်နှေးဖင့်မှုမှ ရှိမနေတော့ပေ။ သူသည် တုန်လှုပ်ခဲ့ရ၏။ သို့သော် သူ ဝမ်လင်းကို သတ်မည်သာ။ ထိုတိုက်ခိုက်မှုကြောင့် သူ့ဒဏ်ရာကို ပိုဆိုးရွားစေခဲ့ပြီး နှစ်ပေါင်းထောင်ချီ တံခါးပိတ်ကျင့်ကြံရမည် ဆိုလျှင်ပင်၊ သူစုဆောင်းခဲ့သော တာအိုရေတပည့်ပေါင်း(၁.၅)သန်းကို ဖျက်စီးပစ်ရမည် ဆိုလျှင်ပင် သူသည် တိုက်ခိုက်ဦးမည် ဖြစ်၏။

သူသာ ခုချိန်တွင် နောက်ဆုတ်လိုက်ပါက အနာဂတ်တွင် သံသယမရှိ သေဆုံးရမည် မဟုတ်လား။ သည်နေရာတွင် ဝမ်လင်းကို သတ်နိုင်မှသာ သူ့အတွက် အဆင်ပြေပေမည်။

“သေလိုက်တော့…” တာအိုပညာရှင်ရေ၏မျက်လုံးထဲတွင် မွန်းစတားဆန်သောသတ်ဖြတ်လိုစိတ်တို့ ဖြစ်ပေါ်၏။ ကျင့်ကြံခြင်းဂြိုဟ်လည်း ဆင်းသက်လာကာ အနှစ်သာရငါးခုပါဝင်သော ဝဲကတော့နှင့် ထိမိသည်။

သို့ရာတွင် ထိုအခိုက်အတန့်လေးမှာပင် မည်သူမျှ မထင်ထားသော တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု ဖြစ်ပွားလာ၏။

သည်တိုက်ပွဲ မတိုင်ခင်တုန်းက ဝမ်လင်းသည် ရှေ့ဖြစ်ဟောသူ၏စိတ်ဝိညာဉ်နှင် ပေါင်းစပ်ကာ အနာဂတ်ကို ကြိုကြည့်ခဲ့ချိန်က သူ့အတွက် ဤကပ်ဘေးတွင် ရှင်သန်နိုင်မည့် မျှော်လင့်ချက်တစ်ခုကို တွေ့ရှိခဲ့ဖူးသည်။

ထိုအခွင့်အရေးမှာ လျိုကျင်းပျောင် ပိုင်ဆိုင်သော ကျောက်စိမ်းပြားတစ်ခုပင်။

တာအိုပညာရှင်ရေ၏ ကျင့်ကြံခြင်းဂြိုဟ်က ဝမ်လင်း၏အနှစ်သာဝဲကတော့နှင့် ထိပ်တိုက်တွေ့ခါနီးလေးတွင် ဝမ်လင်းသည် သူ့အနှစ်သာရများကို ပေါက်ကွဲစေကာ နှစ်ယောက်လုံးအတူသေကြရန် ဟန်ပြင်၏။ ထိုစဉ်မှာပင် သူ့မူလစိတ်ဝိညာဉ်နှင့် ပေါင်းစပ်ပြီး ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့နှင့်အတူ ပျောက်ကွယ်သွားခဲ့သော၊ တာအိုပညာရှင်ရေ ရှာမတွေ့ခဲ့သော ကျောက်စိမ်းပြားသည် ရုတ်တရက် ပေါ်လာတော့၏။

ထိုကျောက်စိမ်းပြားသည် ဝမ်လင်း၏ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာကာ အလွန်တောက်ပမှုကို ပေး၍ သူ့ရှေ့တွင် လွင့်မြောသည်။ ကျောက်စိမ်းပြား ပေါ်လာသည်နှင့် တာအိုပညာရှင်ရေမှာ အပြင်းအထန် တုန်ခါသွားပြီး သူ့မျက်လုံးထဲတွင် အလွန်အမင်းကြောက်ရွှံ့မှုတို့ ပြည့်နှက်သွားသည်။ သူ့မျက်နှာသည် သွေးမရှိသည့်အလား ဖြူရောသွား၏။

သူ့မန္တာန်ကြောင့် ဖြစ်ပေါ်လာခဲ့သော ကျင့်ကြံခြင်းဂြိုဟ်သည်ပင် လေထဲတွင် ရပ်တန့်သွား၏။ ရေတာအိုတပည့်ပေါင်း(၁.၅)သန်းလည်း အပြင်းအထန် တုန်ယင်ကုန်ကြသည်။

ကျောက်စိမ်းပြားထံမှ ဖော်ပြရန်မစွမ်းသာသော ဖိအားတစ်ခုသည် အရူးအတူး ထွက်ပေါ်လာကာ ကြယ်များကြား၌ ပျံ့နှံ့သည်။

“ဒါက…ဒါဟာ ဆရာပဲ။ ဆရာရဲ့ အော်ရာပဲ။ ဒီဟာက ဆရာ့ရဲ့ ကျောက်စိမ်းပြားပဲ။ ဒါဟာ ချိပ်ပိတ်နယ်မြေကျောက်စိမ်းပြားပဲ။ ဒီကျောက်စိမ်းပြားဟာ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေကနေ ဆရာ ယူဆောင်လာခဲ့တဲ့ တစ်ခုတည်းသောအရာလည်း ဖြစ်တယ်…” သူ့ဆရာ သေဆုံးသွားချိန်ကစ၍ တာအိုပညာရှင်ရေသည် အမြဲလိုလို ပူပန်နေခဲ့ရ၏။ ခုချိန်တွင် သူသည် ကျောက်စိမ်းပြားကို တွေ့မြင်လိုက်ရရာ သူ့ဆရာအပေါ် ကြောက်ရွှံ့မှုသည် ပေါက်ကွဲထွက်လာတော့၏။

ချက်ခြင်းပင် ဝမ်လင်းရှေ့ရှိ ကျောက်စိမ်းပြားက ရွှေရောင်အလင်းတစ်ခုကို ထုတ်လွှတ်လာပြီး ရုတ်တရက် လက်ချောင်းတစ်ခု ပေါ်လာသည်။ ထိုလက်ချောင်းသည် ရွှေရောင်အလင်းတန်းအဖြစ် ထိုးထွက်ကာ တာအိုပညာရှင်ရေ၏မျက်ခုံးနှစ်ခုကြားမှ ခုနစ်ရောင်စုံလက်သည်းပေါ်သို့ ခပ်ပြင်းပြင်း ဖိနှိပ်လေ၏။

၎င်း၏အမြန်နှုန်းမှာ အံ့မခန်းတည်း။ တာအိုပညာရှင်ရေသည် ခုခံဖို့ပင် မေ့သွားဟန်ရ၏။ သူ့ဆရာအပေါ် ကြောက်ရွှံ့မှုက သူ့တစ်ကိုယ်လုံးတွင် ပြည့်နှက်လို့နေသည်။

သူ မခုခံဝံ့ပေ။ သူသည် ခုခံရန်လည်း အချိန်မရပေ။ လက်ချောင်းသည် ခုနစ်ရောင်စုံလက်သည်းပေါ်သို့ ကျရောက်ကာ ကျန်သည့်နှစ်လက်မပါ တာအိုပညာရှင်ရေ၏ ဦးခေါင်းခွံထဲသို့ စိုက်ဝင်သွားတော့သည်။

ခုနစ်ရောင်စုံလက်သည်းသည် တာအိုပညာရှင်ရေ၏ခေါင်းထဲသို့ လုံးဝ နစ်မြုပ်သွားလေပြီ။

***

All Chapters