← Chapters

အခန်း ၁၁၂

Vol. 12 Ch. 112

အခန်း ၁၁၂

Vol. 12 Ch. 112

အခန်း ၁၁၂

"ဒီနေ့တော့ တကယ့်ကို ပင်ပန်းတဲ့နေ့ပဲ။ တစ်ပတ်လောက်တော့ သေလူလို အိပ်စက်ပြီး နားရတော့မယ်"

ဒွန်ဟိုဂိုဏ်း၏ ဧည့်ရိပ်သာသို့ ပြန်ရောက်လာသော ဂျင်ဆိုဟွန်းသည် ကုတင်ပေါ်သို့ ပစ်လှဲလိုက်သည်။ ဟီဘေသို့ ရောက်ရှိချိန်မှစ၍ အလုပ်များစွာနှင့် လှုပ်ရှားနေခဲ့ရသဖြင့် သူသည် ခဏတာ ကောင်းကောင်း အနားယူရန် စီစဉ်ထားခဲ့ခြင်းပင်။

သို့သော် တံခါးပွင့်လာပြီး ယူအူဆွန်းက နှုတ်ခမ်းကို ဆူရင်း ဝင်လာသည်။

"အမ်... အဖွဲ့ခေါင်းဆောင်"

"ဟင်"

ဂျင်ဆိုဟွန်းသည် ခေါင်းကိုသာ မော့ကာ ယူအူဆွန်းကို ကြည့်လိုက်သည်။

"ဘာလဲ"

"အဲဒါ... ကျွန်တော် ခုနကတည်းက ပြောမလို့ပါ..."

ယူအူဆွန်း၏ စကားထစ်နေပုံကြောင့် မကောင်းသော အရိပ်လက္ခဏာတစ်ခုကို ခံစားမိလိုက်သော ဂျင်ဆိုဟွန်းက ဖြည်းညင်းစွာ ထိုင်လိုက်သည်။

"ဘာဖြစ်လို့လဲ"

"တာအိုကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီး ရောက်လာလို့ပါ"

"ဘုရားရေ"

အကျပ်အတည်းတစ်ခုကို ခံစားမိလိုက်သော ဂျင်ဆိုဟွန်း အခန်းထဲမှ ထွက်ခွာရန် ပြင်လိုက်စဉ် ယူအူဆွန်း၏ နောက်ကွယ်မှ ဂွမ်မြောင်က ခေါင်းကို ပြူထွက်လာသည်။

"ဒီလောက် အရေးတကြီးနဲ့ ဘယ်ကို သွားမလို့လဲ"

ဂျင်ဆိုဟွန်း၏ ခန္ဓာကိုယ်မှာ ရပ်တန့်သွားသည်။

"တာအိုကျောင်းအုပ်ကြီးရဲ့ စကားကို နောက်ထပ် ပြန်မဖြေဖို့ ဆုံးဖြတ်လိုက်တာလား တတိယအဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် ဂျင်ဆိုဟွန်း"

"ဟားဟား... ဒီအထိ ဘာကိစ္စနဲ့ ရောက်လာတာလဲခင်ဗျ"

"ဘာလို့လဲဆိုတာကို မင်းက မေးနေသေးလား ကျွန်တော်တို့ရဲ့ ဂုဏ်ယူရတဲ့ အပြာရောင်နဂါး တာအိုကျောင်းရဲ့ တာဝန်ရှိသူတွေက သူတို့ရဲ့ တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်နေရဲ့လားဆိုတာ စစ်ဆေးဖို့လေ"

ယူအူဆွန်းကို ကျော်ဖြတ်၍ အခန်းထဲသို့ ဝင်လာသော ဂွမ်မြောင်သည် ကုလားထိုင်ပေါ်တွင် သဘာဝအတိုင်း ထိုင်လိုက်သည်။

"ထိုင်"

ဂွမ်မြောင်၏ အမိန့်ပေးချက်ကြောင့် ဂျင်ဆိုဟွန်းမှာ သက်ပြင်းချကာ ထိုင်လိုက်သည်။

"ကောင်းပြီ။ အဖွဲ့ခေါင်းဆောင်အနေနဲ့ မင်းကို ပေးအပ်ထားတဲ့ တာဝန်ရဲ့ ရလဒ်တွေကို ပြောပြစမ်း"

"ကျွန်တော်... အကြမ်းဖျင်း... ဖြေရှင်းလိုက်ပါပြီ"

"အကြမ်းဖျင်း ဖြေရှင်းပြီးရင် ပြီးတာပဲလေ။ ဒီလို မသေချာမရေရာတဲ့ အဖြေက ဘာလဲ"

"လုပ်ငန်းစဉ်က နည်းနည်း ကြာသွားပေမဲ့... ဖျန်ဖြေပေးဖို့ ကြိုးစားတာ အောင်မြင်ခဲ့ပါတယ်"

"မင်း အောင်မြင်ခဲ့တယ်"

"ဟုတ်ကဲ့"

ဂွမ်မြောင်သည် သူ၏ လက်ညှိုးဖြင့် စားပွဲကို ခေါက်လိုက်သည်။

"မင်းကို ဖျန်ဖြေခိုင်းလိုက်တာကို မင်းက ဂိုဏ်းတွေကြားမှာ စစ်ပွဲတစ်ခု ဖြစ်အောင် လုပ်လိုက်တာလေ။ ပြီးတော့ အဲဒါကို အောင်မြင်တယ်လို့ ခေါ်နေတာလား"

"အို"

ဂျင်ဆိုဟွန်းမှာ လန့်သွားသည်။ သူ အမှားလုပ်မိထားသဖြင့် ဂျင်ဆိုဟွန်း၏ မျက်လုံးများမှာ အလုပ်ရှုပ်စွာ လှုပ်ရှားနေသည်။

"ဒါပေမဲ့... မိစ္ဆာလမ်းစဉ် မဟာမိတ်အဖွဲ့ရဲ့ အရုပ် ဖြစ်နေတဲ့ ဆာဆောင်ဂိုဏ်းကို မင်း မောင်းထုတ်လိုက်နိုင်ပြီး ဟီဘေမှာ ငြိမ်းချမ်းရေး ဆောင်ကြဉ်းပေးနိုင်ခဲ့တာမို့ ဒါကို ကျရှုံးတယ်လို့တော့ ငါ မပြောနိုင်ပါဘူး"

"ဟုတ်ပါတယ်ခင်ဗျာ"

ဂျင်ဆိုဟွန်း၏ ပခုံးများမှာ ဂုဏ်ယူစွာဖြင့် မတ်မတ်ဖြစ်သွားသည်။

"ဒါပေမဲ့ မာန်မတက်နဲ့ဦး။ ဒီတစ်ခါ စစ်ပွဲက ဟီဘေပန်မျိုးနွယ်စုရဲ့ အကူအညီနဲ့ အလွယ်တကူ ပြီးသွားတာ မင်းသာ အမှားတစ်ခုခု လုပ်မိခဲ့ရင် လူအများကြီး သေဆုံးသွားလိမ့်မယ်"

ဂျင်ဆိုဟွန်း၏ ပခုံးများမှာ ပြန်၍ အောက်စိုက်သွားသည်။ တစ်ခဏချင်းစီ ပြောင်းလဲနေသော ဂျင်ဆိုဟွန်း၏ အမူအရာကို ကြည့်ရသည်မှာ အတော်ပင် ရယ်စရာကောင်းလှသည်။

"သွေးအေးသေမင်းတမန်က ဘာဖြစ်သွားလဲ"

"သူ သေသွားပါပြီ"

"သူ သေတာလား ဒါမှမဟုတ် မင်း သတ်လိုက်တာလား"

ဂွမ်မြောင်နှင့် ဂျင်ဆိုဟွန်းတို့၏ မျက်လုံးများ စားပွဲခုံအထက်တွင် ထိပ်တိုက်ဆုံတွေ့သွားသည်။ မည်သို့ပင် လိမ်ညာရန် ကြိုးစားစေကာမူ အမှန်တရားကို သိသွားလိမ့်မည် ဖြစ်သည့်အတွက် ဂျင်ဆိုဟွန်းမှာ အကုန်လုံးကို ရိုးသားစွာ ဝန်ခံလိုက်သည်။

သွေးအေးသေမင်းတမန်ကို စွန့်ပစ်ထားသော လယ်တောအိမ်သို့ ဆွဲခေါ်ခဲ့ပုံမှအစ၊ သူ့ကို တိုက်ခိုက်ပြီး အနိုင်ယူခဲ့သည့်အထိပင်။

ဂျင်ဆိုဟွန်းသည် တတ်နိုင်သမျှ တိုတိုနှင့် ပြတ်ပြတ်သားသား ရှင်းပြလိုက်သည်။ ဂွမ်မြောင်သည်လည်း စကားများကို အရသာခံကာ နားထောင်နေသကဲ့သို့ ခေါင်းညိတ်သည်။

"အန္တရာယ်များခဲ့လား"

"မများခဲ့ပါဘူး"

မာန်တက်သလို သို့မဟုတ် အထက်စီးဆန်သလို ကြားရနိုင်သည့် အဖြေဖြစ်သော်လည်း ဂွမ်မြောင်မှာ ထိုသို့ မထင်ခဲ့ပေ။

ဂျင်ဆိုဟွန်းက မာန်တက်တဲ့ကောင် မဟုတ်ဘူး။ သူက ဘာမှ မဖုံးကွယ်ဘဲ ရိုးသားသူပါ။ ဒီကောင် အန္တရာယ်မရှိဘူးလို့ ခံစားခဲ့ရတယ်ဆိုတာက သူ့အတွက် တကယ်ကို ခြိမ်းခြောက်မှု မရှိခဲ့လို့ပဲ ဖြစ်ရမယ်။

ထိုအချက်ကသာ အံ့အားသင့်စရာကောင်းသည်။ သွေးအေးသေမင်းတမန်မှာ မိစ္ဆာလမ်းစဉ် မဟာမိတ်အဖွဲ့မှ ထိပ်တန်းသိုင်းသမား တစ်ယောက်ဖြစ်ပြီး သူ၏ ထူးခြားသော မြူခိုးများကြောင့် ကိုင်တွယ်ရ အလွန်ခက်ခဲသူ တစ်ယောက် ဖြစ်သည်။

ဂွမ်မြောင်ကိုယ်တိုင်ပင်လျှင် သွေးအေးသေမင်းတမန်ကို တိုက်ခိုက် အနိုင်ယူနိုင်မည်ဟု အာမခံနိုင်မည် မဟုတ်ပေ။ သို့သော် ဂျင်ဆိုဟွန်းမှာ ထိုသို့သော သိုင်းသမားနှင့် တိုက်ခိုက်ရာတွင်ပင် အကျပ်အတည်း မကြုံခဲ့ရပေ။

ဆိုလိုသည်မှာ ဂျင်ဆိုဟွန်းက သူ့ကို အပြတ်အသတ် အနိုင်ယူခဲ့ခြင်းပင်။

အကြီးအကဲဂူ ပြောသလိုပဲ ဂျင်ဆိုဟွန်းရဲ့ စွမ်းအားက ပုံမှန်မဟုတ်ဘူး။

အရင်က တပည့် မရှိခဲ့ဖူးသော ကန်ချွန်းက သူ့ကို တပည့်ခံခဲ့ခြင်းမှာ တိုက်ဆိုင်မှု မဟုတ်ပေ။ သူသည် ဂျင်ဆိုဟွန်း၏ အရည်အချင်းကို စောစီးစွာကတည်းက သိရှိခဲ့ပြီး တပည့်အဖြစ် လက်ခံခဲ့ခြင်းပင်။

ပြီးတော့ ခြောက်နှစ်တာ သင်ကြားပေးမှုက သူက ရည်ရွယ်ချက်ရှိရှိနဲ့ အချိန်တိုအတွင်း သင်ပေးခဲ့တာ မဟုတ်ဘဲ သင်ပေးစရာ ဘာမှ မကျန်တော့လို့ ဖြစ်မယ်။

ဂွမ်မြောင် ထင်သည့်အတိုင်း ဂျင်ဆိုဟွန်းသည် ခြောက်နှစ်အတွင်း ကန်ချွန်း၏ ပညာရပ်များကို သင်ယူပြီးဆုံးခဲ့ပါက သူသည် စိတ်ကူးယဉ်၍ မရနိုင်လောက်အောင် ထက်မြက်သည့် ပါရမီရှင် တစ်ယောက် ဖြစ်ပေလိမ့်မည်။

တကယ်လို့များ... သူက တရားမျှတသော သိုင်းလောကအတွက် မျှော်လင့်ချက်တွေ ယူဆောင်လာပေးနိုင်မလား…

"ခလော..ခလော..."

တရားမျှတသော သိုင်းလောက၏ နံပါတ်တစ် ပါရမီရှင်မှာ အိပ်ပျော်သွားပြီ ဖြစ်သည်။ ကုလားထိုင်နောက်မှီတွင် အိပ်ပျော်နေသော ဂျင်ဆိုဟွန်းကို ကြည့်နေသည့် ဂွမ်မြောင်ပင်လျှင် ဆုံးရှုံးမှုတစ်စုံတစ်ရာကို ခံစားလိုက်ရသည်။

"ဒီလောက် ပျင်းရိတဲ့ကောင်က သိုင်းလောကသမိုင်းမှာ နံပါတ်တစ် ပါရမီရှင် ဖြစ်နေနိုင်တာလဲ"

သူသည် ပြီးခဲ့သော နှစ်များအတွက်ပင် မကျေမနပ် ဖြစ်မိသည်။ ဂွမ်မြောင်သည် တိတ်တဆိတ် ထိုင်ခုံမှ ထလိုက်ပြီး တံခါးဝတွင် မနေတတ်မထိုင်တတ် ဖြစ်နေသော ယူအူဆွန်းထံသို့ လျှောက်သွားကာ ပြောလိုက်သည်။

"မနက်ဖြန် မွန်းတည့်ချိန်မှာ ပြန်ကြမယ်။ မင်းရဲ့ အဖွဲ့ခေါင်းဆောင်ကို ပြောလိုက်"

"ဟုတ်ကဲ့"

ဧည့်ရိပ်သာမှ ထွက်ခွာသွားသော ဂွမ်မြောင်ထံသို့ သူတောင်းစား အုပ်စုတစ်ခု ရောက်လာသည်။ သူတို့ထဲမှ အသက်အကြီးဆုံး သူတောင်းစားက ရယ်မောရင်း ပြောလိုက်သည်။

"တကယ်တမ်း ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ကျွန်တော် ခန့်မှန်းလို့တောင် မရဘူး"

"အလောင်းကို ရှာတွေ့ခဲ့လား"

"တွေ့ပါတယ်။ သွေးအေးသေမင်းတမန်လို့ ယူဆရတဲ့ အလောင်းတစ်လောင်းနဲ့ ကျန်တဲ့ အလောင်းကိုးလောင်းပါ"

စုံစမ်းရေး အစီရင်ခံစာကို လက်ခံရရှိလိုက်သော ဂွမ်မြောင်သည် အလောင်းများ၏ သေဆုံးရသည့် အကြောင်းရင်းကို ကြည့်လိုက်သည်။

"အလောင်းကိုးလောင်းမှာ ပါးလွှာပြီး ထက်မြက်တဲ့ဓားနဲ့ ထိုးထားတဲ့ ဒဏ်ရာတွေ ရှိနေတယ်။ တစ်ချက်တည်းနဲ့ အသက်ပျောက်သွားပုံပဲ။ ပြီးတော့ သွေးအေးသေမင်းတမန်လို့ ယူဆရတဲ့အလောင်းကတော့ ခန္ဓာကိုယ်ရဲ့ သုံးပုံတစ်ပုံလောက် ပျက်စီးနေတယ်..."

"နောက်ပြီး အလောင်းတွေ မြှုပ်ထားတဲ့ တွင်းနားက တဲအိမ်မှာလည်း အပေါက်တစ်ပေါက် ရှိနေသေးတယ်။ အဲဒါက မကြာခင်ကမှ ဖြစ်သွားတဲ့ပုံပေါက်တယ်။ အလောင်းတွေမှာ ရှိတဲ့ ထိုးသွင်းဒဏ်ရာတွေနဲ့ အတိအကျတူနေတာပဲ"

"ဒါက ဘာကို ဆိုလိုတာလဲ"

"ဖြစ်နိုင်တာက အဲဒီကိုးယောက်ကို တဲအိမ်ထဲမှာပဲ ဓားပျံနဲ့ တစ်ယောက်ချင်းစီ လိုက်သတ်သွားတာ ဖြစ်မယ်။ အိုးထဲက ကြွက်တွေကို လေးနဲ့ ပစ်သတ်သလိုမျိုးပေါ့"

"အင်း..."

"ပြီးတော့ သွေးအေးသေမင်းတမန်ကတော့... သူ ဘယ်လိုသေသွားလဲဆိုတာတောင် ကျွန်တော် ခန့်မှန်းလို့ မရဘူး"

"မဟုတ်ဘူး ငါတော့ သိပြီထင်တယ်"

"ဘာကိုလဲ"

သူတောင်းစားသည် ဂွမ်မြောင် လက်ညှိုးထိုးပြသည့် နေရာသို့ အကြည့်ရောက်သွားသည်။ ထိုနေရာမှာ ဒွန်ဟိုဂိုဏ်း၏ ပင်မတံခါး ရှိသည့် နေရာဖြစ်သည်။

"စဉ်းစားကြည့်တော့... ဒွန်ဟိုဂိုဏ်းရဲ့ ပင်မတံခါးက မရှိတော့ဘူးနော် ဟုန်ဂျုံဂိုဏ်းက လုပ်လိုက်တာလား"

"မဟုတ်ဘူး။ ဂျင်ဆိုဟွန်း လက်ချက်ပဲ ဖြစ်ရမယ်"

ပေါက်ကွဲတတ်သော ဓားပျံ၏ပိုင်ရှင်မှာ ဂွမ်မြောင်ကို တစ်လလုံးလုံး အိပ်မပျော်အောင် လုပ်ခဲ့သည့် ပေါက်ကွဲမှု၏ ပိုင်ရှင်ပင်။

"ဌာနခွဲချုပ်ကြီး"

"ပြော"

"လောလောဆယ်တော့ ဂျင်ဆိုဟွန်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ခဏရပ်ထားပေးပါ"

"ရပ်ထားမယ် သတင်းတွေကို ပိတ်ပင်ခိုင်းတာလား"

"အတိအကျပါပဲ"

"အကြောင်းရင်းကို သိခွင့်ရှိမလား"

"လောကကြီးက ဂျင်ဆိုဟွန်းအကြောင်း မသိသေးတာ ပိုကောင်းပါတယ်။ လောကကြီးက သူ့ကို လက်ခံလာဖို့အတွက်ဆိုရင် အဲဒီကောင်လေးက..."

"သူက နားလည်ရခက်တဲ့ တည်ရှိမှုတစ်ခု ဖြစ်နေလို့ပေါ့လေ။ တာအိုကျောင်းအုပ်ကြီး ပြောတဲ့အတိုင်းပဲ ကျွန်တော် ခဏရပ်ထားပေးပါ့မယ်။ ဒါပေမဲ့ ကြာကြာတော့ မခံနိုင်ဘူး။ သိုင်းပညာရှင်ဂျင်ဆိုတာ ဖုံးကွယ်ထားလို့ရတဲ့ အရည်အချင်း မဟုတ်ဘူး ရေကန်ထဲမှာ အိပ်ပျော်နေတဲ့ နဂါးတစ်ကောင်ပါ။ သူ ကြီးထွားလာတာနဲ့အမျှ နဂါးရဲ့အကြေးခွံတွေက ရေကန်ထဲကနေ ပေါ်လာမှာပဲ"

ဌာနခွဲချုပ်ကြီးက လက်နှစ်ဖက်ကို နောက်ပစ်ကာ အသံအေးအေးဖြင့် ဆက်ပြောသည်။

"အဲဒီအချိန် ရောက်လာတဲ့အခါ... တစ်ကမ္ဘာလုံးက သိုင်းပညာရှင်ဂျင်အကြောင်း သိသွားလိမ့်မယ်"

"အဲဒီအချိန်ကျရင်တော့ ငါ တားချင်ရင်တောင် တားနိုင်တော့မှာ မဟုတ်ဘူး။ အဲဒီအချိန် မရောက်ခင်အထိတော့ သူ့ကို ငါ ပွေ့ဖက်ထားနိုင်ဖို့ပဲ မျှော်လင့်ရမှာပေါ့"

…..

"အစ်ကို အခုပဲ ထွက်သွားတော့မလို့လား"

"ငါလည်း မသွားချင်ပါဘူးကွာ"

"ဒါဆို မသွားနဲ့လေ"

"မင်း အဲဒီအဘိုးကြီးကို သွားပြောလေ။ မင်းရဲ့အစ်ကိုကို ဒီမှာပဲ နေခွင့်ပြုဖို့ပေါ့"

ဟန်မွန်း ခေါင်းလှည့်ကြည့်လိုက်သည်။ ထိုနေရာတွင် စိတ်အနှောင့်အယှက်ဖြစ်နေသော မျက်နှာဖြင့် ဂွမ်မြောင် ရပ်နေသည်။

ဟန်မွန်းသည် သူ့ကို မြင်လိုက်ရသဖြင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်ကာ ခေါင်းငုံ့၍ အရိုအသေပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်။ သွားတော့မယ်"

"သံယောဇဉ်မရှိတဲ့ကောင်"

ဂျင်ဆိုဟွန်းသည် ဟန်မွန်း၏ ခေါင်းကို နှစ်ချက်၊ သုံးချက် ပုတ်ပေးပြီးနောက် လှည့်ထွက်သွားသည်။

"ဟွမ်းဂူ နေကောင်းလား စားကောင်းသောက်ကောင်းနဲ့ နားရက်တွေ ရပါစေဦး။ မင်းတောင် နည်းနည်း ဖောင်းလာတယ်နော်"

မူး…..

ဟွမ်းဂူသည် ပျော်ရွှင်သလို ခေါင်းဖြင့် ပွတ်သပ်လိုက်ရာ ဂျင်ဆိုဟွန်းကလည်း ဟွမ်းဂူ၏ ပါးပြင်ကို ပွတ်သပ်ပေးလိုက်သည်။

"နောက်ထပ် ဝလာဦးမယ်ဆိုရင်တော့..."

တစ်စုံတစ်ခုကို ကြောက်ရွံ့သွားဟန်ရှိသော ဟွမ်းဂူက အလျင်အမြန် လှည့်ထွက်သွားသည်။ ထိုကြောင့် ဂျင်ဆိုဟွန်းသည် နွားလှည်းပေါ်သို့ သက်သောင့်သက်သာ တက်လိုက်ပြီး အသစ်ခင်းထားသော ကောက်ရိုးများပေါ်တွင် လှဲအိပ်လိုက်သည်။

"တကယ်ပဲ ဒီနွားလှည်းနဲ့ပဲ စီးသွားမလို့လား"

"ဟုတ်ကဲ့။ ဟွမ်းဂူနဲ့ ကျွန်တော်က အသက်နဲ့ ကိုယ်ခန္ဓာကို ပေးဆပ်ပြီး အတူတူ ဖြတ်သန်းခဲ့တဲ့ ရဲဘော်တွေပါ။ ကျွန်တော်တို့ကို ခွဲလို့ မရဘူး"

နွားလှည်းပေါ်က ဆင်းမည်မဟုတ်ကြောင်း ဂျင်ဆိုဟွန်းက ခိုင်မာစွာ ကြေညာလိုက်သောအခါ ဂွမ်မြောင်က သက်ပြင်းတစ်ချက်ချကာ လှည့်ထွက်သွားသည်။

"သွားကြစို့"

အွန်းဘန်၊ ဆန်ဆွတ်နှင့် ပန်အိုဂျောင်တို့လည်း နွားလှည်းပေါ်သို့ တက်လိုက်ကြသည်။ ယူအူဆွန်းက ကြိမ်လုံးဖြင့် ဖင်ကို ရိုက်ပေးလိုက်သောအခါ ဟွမ်းဂူက ပျော်ရွှင်စွာ အော်မြည်ရင်း ဖြည်းဖြည်းချင်း ရှေ့သို့ ရွေ့လျားသွားသည်။

နွားလှည်းကို ကြည့်ရင်း ဟန်ဆိုအွန်းက ကျေးဇူးစကား ပြောလိုက်သည်။

ဂျူဟျောလ်၏ အကြည့်မှာ ရှုပ်ထွေးနေသည်။ သူ ပျော်ရမလား ဝမ်းနည်းရမလား မသိတော့ပေ။

ကောင်းတာပဲ။

ဘာမှမရှိသော တောင်အောက်တွင် သတ္တုတွင်းတစ်ခု တူးဖော်ရန် ကြီးမားသော ကုန်ကျစရိတ်ကို ခန့်မှန်းထားခဲ့သည်။ သို့သော် အရည်အသွေးမြင့် သံရိုင်းများ ရောင်းချရသည့် ကော်မရှင်ခမှာလည်း မသေးလှပေ။

အကယ်၍ သိုလှောင်ထားသော ပမာဏက မျှော်မှန်းထားသည်ထက် ပိုများပါက ကော်မရှင်ခမှာ ပိုများလာမည်ပင်။ ရိုးရှင်းစွာ တွက်ချက်ကြည့်လျှင် သုံးလအတွင်း ကုန်ကျစရိတ်အားလုံးကို ပြန်ကာမိပြီး အမြတ်ပါ ကျန်နိုင်သဖြင့် ရေရှည်မှာ အမြတ်ပင်။

ထို့ပြင် အကယ်၍ မိစ္ဆာလမ်းစဉ် မဟာမိတ်အဖွဲ့က နောက်ကွယ်မှာ ရှိနေကြောင်း နောက်ပိုင်းမှသာ သိခဲ့ရပါက ဟုန်ဂျုံဂိုဏ်းမှာ အခက်အခဲနှင့် တွေ့ရပေလိမ့်မည်။

ဂျင်ဆိုဟွန်းနဲ့သာ မတွေ့ခဲ့ရင် ဒါက တကယ့်ကို ဘေးဒုက္ခတစ်ခု ဖြစ်လိမ့်မယ်။

သူ၏ ပြိုင်ဘက်မှာ ဟီဘေတစ်ခွင်ကို တစ်ညချင်းဖြင့် အုပ်စိုးခဲ့သော ဆာဆောင်ဂိုဏ်းကို ဖျက်ဆီးခဲ့သူဖြစ်သည်။ ဟုန်ဂျုံဂိုဏ်းအတွက် ငြိမ်းချမ်းရေးကို ဤနည်းလမ်းဖြင့် ရရှိခြင်းက ပို၍ အမြတ်ထွက်သည်။

"အဖေ"

အတွေးလွန်နေသော ဂျူဟျောလ်သည် လာရောက်တွေ့ဆုံသော ဂျူဂီလ်ယွန်းကို နှုတ်ဆက်လိုက်သည်။

"ဂီလ်ယွန်း"

"လူငယ်သူရဲကောင်းဂျင် ဘယ်မှာလဲ"

လာလာချင်း ဂျင်ဆိုဟွန်းကို ရှာနေသော ဂျူဂီလ်ယွန်းကို မြင်ရသောအခါ ဂျူဟျောလ်၏ ရင်ထဲတွင် ပို၍ ရှုပ်ထွေးသွားသည်။

"သူ ထွက်သွားခဲ့ပြီ။ ဒါနဲ့ မင်းက ဘာလို့ နောက်ကျနေတာလဲ"

"အဲဒီကောင် ဂျူဂီလ်တေးကို ရှင်းနေရလို့ နောက်ကျသွားတာ။ အဲဒီကောင်က နောက်ဆုံးအထိတောင် အသုံးမဝင်ဘူး"

အသက်ရှူမဝ ဖြစ်နေသော ဂျူဂီလ်ယွန်းက ဂျင်ဆိုဟွန်း ထွက်သွားသော လမ်းကို ဗလာမျက်လုံးဖြင့် ကြည့်နေစဉ် ဂျူဟျောလ်က သတိထား၍ ပြောလိုက်သည်။

"ငါ သိုင်းလောက မဟာမိတ်အဖွဲ့မှာ ရာထူးတစ်ခု လိုက်ရှာကြည့်ဦးမယ်။ သူကလည်း မဟာမိတ်အဖွဲ့ဝင်ပဲဆိုတော့ မင်း သူ့ကို ပြန်တွေ့နိုင်ပါလိမ့်မယ်"

စကားမပြောဘဲ ဂျင်ဆိုဟွန်း၏ လစ်လပ်နေသော နေရာကို ကြည့်နေသော ဂျူဂီလ်ယွန်းက ခေါင်းခါလိုက်သည်။

"ရပါတယ်။ သူက ကျွန်မနဲ့ မသက်ဆိုင်တဲ့သူပါ"

သူမ စိတ်သက်သာရာ ရသွားကာ သူမမှာ လုပ်စရာတွေ အများကြီး ကျန်နေသေးသည်။

"ဒွန်ဟိုတောင်မှာ သတ္တုတွင်း ဆောက်တဲ့ ကိစ္စကို ကျွန်မကို တာဝန်ပေးမလား"

….

ဟွမ်းဂူသည် လက်ရှိတွင် အလွန် ခက်ခဲကြမ်းတမ်းသော ခရီးကို သွားနေရသည်။ နွားလှည်းကို ဆွဲရခြင်းမှာ ခက်ခဲသော အရာမဟုတ်ပေ။

သူ၏ ခိုင်မာသော ခြေထောက် လေးချောင်းမှာ အရွယ်ရောက်ပြီးသူ လေးယောက်တင်ထားသော နွားလှည်းကို ဆွဲရန် ပြဿနာ မရှိပေ။ ပြဿနာမှာ သူ့ကို သတ်တော့မည့်အတိုင်း စိုက်ကြည့်နေသော ထူးဆန်းသည့် အမျိုးသားဖြစ်သည်။

"မင်းက နွားတစ်ကောင်အနေနဲ့ အရမ်း နှေးလွန်းနေတယ် မဟုတ်လား"

ဂွမ်မြောင်သည် စိတ်ပျက်အားငယ်စွာဖြင့် ဟွမ်းဂူကို မျက်လုံးပြူးပြီး ကြည့်နေသည်။ အကယ်၍သာ သူ အနည်းငယ်မျှ အရှိန်မြှင့်လိုက်ပါက နောက်ကွယ်မှ ဂျင်ဆိုဟွန်း၏ အသံကို ကြားရတတ်သည်။

"ဟွမ်းဂူ။ အရှိန်တွေ မြန်လာသလိုပဲနော် ငါ ထင်ယောင်ထင်မှား ဖြစ်တာလား"

မူး... မူး...

ဟွမ်းဂူမှာ ရူးတော့မည်ပင်။ အရှိန်နှေးလျှင် ဂွမ်မြောင်က ချက်ချင်း သတ်တော့မည့်အတိုင်း စိုက်ကြည့်သည်။ အရှိန်မြန်လျှင် ဂျင်ဆိုဟွန်းက တစ်ချက်ကြည့်သည်။ တစ်ခါက သူ ခိုးပြီး အရှိန်မြှင့်လိုက်စဉ် ဓားပျံတစ်လက်က သူ့ဖင်ကို လာစိုက်ဖူးသည်။

အဲ့တုန်းက က ဘယ်လောက်တောင် နာလိုက်သလဲ…..

ဟွမ်းဂူသည် မျက်ရည်ကို အောင့်ထားရင်း ဖြည်းဖြည်းချင်း လမ်းလျှောက်ခဲ့ရသည်။ အနည်းဆုံးတော့ ဂွမ်မြောင်ကသာ သတ်တော့မည့်အတိုင်း ကြည့်ရုံသာကြည့်ပြီး တကယ် မသတ်ပေ။

ထို့နောက် ဟွမ်းဂူသည် နွားလှည်းကို ဆွဲရင်း ဟီဘေမှ ထွက်ခွာပြီး တစ်ပတ်နှင့် ငါးရက်အကြာတွင် အပြာရောင်နဂါး တာအိုကျောင်းသို့ ပြန်လည် ရောက်ရှိလာသည်။

"ပြန်ရောက်ပြီလား တာအိုကျောင်းအုပ်ကြီး"

"ဟုတ်တယ်။ ဘာပြဿနာမှ မရှိဘူးမလား"

ပုံမှန်အားဖြင့် ဘာပြဿနာမှ မရှိပါကြောင်း ခေါင်းညိတ်ဖြေလေ့ရှိသော နည်းပြများမှာ ဒီနေ့တွင် နည်းနည်း ထူးဆန်းနေသည်။ သူတို့၏ မျက်နှာကို ကြည့်ပြီး တစ်စုံတစ်ခု မှားယွင်းနေကြောင်း သဘောပေါက်လိုက်သော ဂွမ်မြောင်က ခြေလှမ်းများကို အမြန်တိုးလိုက်သည်။

"ဘာဖြစ်တာလဲ"

"အဲဒါ... ပြဿနာတစ်ခု ရှိနေလို့ပါ"

"ပြဿနာ"

"တတိယအဖွဲ့က နောက်ဆုံး ပြန်ရောက်တာပါ။ ဒါပေမဲ့ ပြန်မရောက်သေးတဲ့ အဖွဲ့တစ်ခု ရှိနေလို့ပါ"

"ဘယ်အဖွဲ့လဲ"

"ပထမအဖွဲ့ပါ"

"ပထမအဖွဲ့..."

ပထမအဖွဲ့မှာ မူရုံဆူဆူ၊ အိုဆောဟွာ၊ ဟွမ်းဆောဟွန်း၊ ဂျူဆိုမီနှင့် အဖွဲ့ခေါင်းဆောင် ချွန်ယဲရန်းတို့ ပါဝင်သည့် အဖွဲ့ဖြစ်သည်။ တာဝန်၏ ထူးခြားမှုကြောင့် အမျိုးသမီးများသာ ပါဝင်သော အဖွဲ့ဖြစ်ပြီး သူတို့ ပြန်မရောက်သေးပေ။

"သူတို့နဲ့အတူ လိုက်သွားတဲ့ နည်းပြတွေဆီကနေ ဘာသတင်းမှ မရဘူးလား"

"အဲဒါက..."

နည်းပြတစ်ယောက်က ဂွမ်မြောင်၏ ရှေ့သို့ ထွက်လာပြီး ဒူးတစ်ဖက်ထောက်လိုက်သည်။

"တောင်းပန်ပါတယ် တာအိုကျောင်းအုပ်ကြီး"

"တောင်းပန်နေတာထက် အခြေအနေကို ရှင်းပြစမ်း"

"ပထမအဖွဲ့ ဘယ်ဟွာဂိတ်ထဲ ဝင်သွားပြီးတဲ့နောက် သတင်းအချက်အလက် တစ်စုံတစ်ခုမှ မရတော့ပါဘူး။ တံခါးလည်း မပွင့်တော့ လုံးဝ ဝင်လို့ မရတော့ပါဘူး"

မူလတာဝန်အရဆိုပါက ယခုအချိန်ထိ သတင်းအချို့ ရရှိထားသင့်သည်။ အခြေအနေ မမှန်ကြောင်း ရိပ်မိလိုက်သော ဂွမ်မြောင်က ခြေလှမ်းများကို အမြန်တိုးလိုက်သည်။

သူ သွားနေသော နေရာမှာ ဂျင်ဆိုဟွန်းနှင့် နည်းပြတစ်ယောက် စကားများနေသည့် နေရာဖြစ်သည်။

"ဟွမ်းဂူအတွက် နေရာမရှိရင် တစ်နေရာလောက် စီစဉ်ပေးပါဦး"

"နွားတစ်ကောင်ကို တာအိုကျောင်းထဲမှာ ဘယ်လို ထားလို့ ရမှာလဲ"

"ဟွမ်းဂူက ကျွန်တော့် ရဲဘော်ပါ"

"အဓိပ္ပာယ်မရှိတာတွေ ရပ်ပြီး သူ့ကို အပြင်ထုတ်ပါ။ တာအိုကျောင်းအုပ်ကြီး"

ဂွမ်မြောင်ကို မြင်လိုက်ရသော နည်းပြက ခေါင်းငုံ့အရိုအသေပေးလိုက်ရာ ဂျင်ဆိုဟွန်းက ပြောလိုက်သည်။

"တာအိုကျောင်းအုပ်ကြီး ဟွမ်းဂူကို ကျောင်းထဲမှာ ထားခွင့် မရှိဘူးလား"

"မင်း…..နွားနားဖို့ နေရာလေး လုပ်ပေးပြီး ထားထားလိုက်"

"ကျ…ကျွန်တော်လား"

"ဟုတ်တယ်"

ဂွမ်မြောင်သည် တွေဝေနေသော နည်းပြကို ထားခဲ့ပြီး ဂျင်ဆိုဟွန်း၏ ပခုံးပေါ်တွင် လက်တင်လိုက်သည်။

"ဘာလို့ တာအိုကျောင်းအုပ်ကြီးက ကျွန်တော့် တောင်းဆိုချက်ကို ခွင့်ပြုပေးရတာလဲ..."

"မင်းရဲ့ တောင်းဆိုချက်ကို ငါ ခွင့်ပြုပေးလိုက်ပြီဆိုတော့ အခု မင်းအလှည့်ပဲ ငါ့ရဲ့ တောင်းဆိုချက်ကို ခွင့်ပြုပေးရမယ်"

"မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ ဘာတောင်းဆိုချက်လဲ"

"ဒါ အသစ် တောင်းဆိုချက်တစ်ခုပဲ။ မင်းရဲ့ အဖွဲ့သားတွေကို ခေါ်ပြီး ဂန်စုကို သွားရမယ်"

"ဂန်စု"

"ဟုတ်တယ်"

"ဘာလို့လဲ"

"ဂန်စုကို တာဝန်နဲ့ သွားတဲ့ ပထမအဖွဲ့က အခုထိ ပြန်မရောက်သေးဘူး။ ပထမအဖွဲ့ထဲမှာ မင်းနဲ့ ရင်းနှီးတဲ့ မူရုံဆူဆူ၊ အိုဆောဟွာနဲ့ ချွန်ယဲရန်းတို့ ပါနေတယ်"

ဂွမ်မြောင်သည် သူ ယခင်က မပြသခဲ့ဖူးသော အရေးတကြီး လေသံဖြင့် ပြောလိုက်သည်။

"သွားပြီးတော့ ပထမအဖွဲ့ရဲ့ အခြေအနေကို စစ်ဆေးပါ... မဟုတ်ဘူး သူတို့ကို ကယ်တင်ခဲ့ ဒါက တတိယအဖွဲ့ရဲ့ တာဝန်သစ်ပဲ"

All Chapters