← Chapters

အခန်း ၁၁၃

Vol. 12 Ch. 113

အခန်း ၁၁၃

Vol. 12 Ch. 113

အခန်း ၁၁၃

မြင်းစီးထားသော လူခြောက်ယောက်က ပင်မလမ်းမကြီးကို အရှိန်ပြင်းစွာဖြင့် ဖြတ်ကျော်သွားကြသည်။

မြင်းစီးတတ်ခြင်း မရှိသော သိုင်းသမား ခြောက်ယောက်ထဲတွင် ဂျင်ဆိုဟွန်း တစ်ယောက်သာ ဂွမ်မြောင်နှင့်အတူ တွဲစီးလာရသည်။

ကကြိုးကို တင်းတင်းဆုပ်ကိုင်ထားသော ဂျင်ဆိုဟွန်းက မေးလိုက်သည်။

“ဘယ်ဟွာဂိတ်ဆိုတာ... ဘယ်လိုနေရာမျိုးလဲဗျ...”

“ရိုးရိုးရှင်းရှင်း ပြောရရင်တော့... ဘာမှ အစအန ရှာမရတဲ့ နေရာမျိုးပဲ...”

“ဘာမှ... ရှာမရဘူး ဟုတ်လား...”

“ဟုတ်တယ်...

ပထမအဖွဲ့ရဲ့ မူလတာဝန်က ဂန်စုဒေသမှာ အမျိုးသမီးတွေ ဇတ်တိုက်ပျောက်ဆုံးနေတဲ့ ကိစ္စကို စုံစမ်းဖို့လေ။ ပျောက်ဆုံးတဲ့သူတွေက အမျိုးသမီးတွေ ဖြစ်နေတာမို့လို့ အမျိုးသမီးတွေချည်းပဲ သီးသန့်ဖွဲ့စည်းထားတဲ့ ပထမအဖွဲ့ကို စေလွှတ်လိုက်တာပေါ့...”

ပထမအဖွဲ့ကတော့ စီစဉ်ထားတဲ့အတိုင်း ဂန်စုဒေသထဲ ခြေဆန့်ပြီး ပျောက်ဆုံးနေတဲ့ အမျိုးသမီးတွေနောက်ကို စုံစမ်းထောက်လှမ်းခဲ့ကြတာပေါ့။ ဒါပေမဲ့ အဲဒီလို လိုက်ရင်းပြုရင်းနဲ့မှ ဘယ်ဟွာဂိတ်ဆိုတဲ့ နေရာတစ်ခု ရှိနေမှန်း မမျှော်လင့်ဘဲ သိလိုက်ရတယ်...

ပြီးတော့မှ... ပျောက်ဆုံးသွားတဲ့သူတွေကို နောက်ဆုံး တွေ့ခဲ့ရတဲ့နေရာက အဲဒီ ဘယ်ဟွာဂိတ် ဖြစ်နေမှန်း သူတို့ ရိပ်မိသွားကြတာ...

အခြေအနေက ပထမအဖွဲ့အတွက် ဘယ်ဟွာဂိတ်ထဲ ဇွတ်တိုးပြီး စုံစမ်းဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ဘူးလေ။ ဒါပေမဲ့... ထဲထဲဝင်ဝင် သွားပြီး မကြာခင်မှာပဲ... ပထမအဖွဲ့ဝင် သိုင်းပညာရှင်တွေအားလုံး အစအနပျောက်ပြီး တစ်ယောက်မကျန် ပျောက်ဆုံးသွားခဲ့ရတော့တာပဲ...။

“ပထမအဖွဲ့ ပျောက်သွားတာ... အခုဆို သုံးပတ်တောင် ရှိသွားပြီ...

ပျောက်ချင်းမလှ ပျောက်သွားပြီး ဒီလောက်အထိ အချိန်ကြာသွားပြီဆိုရင်တော့... ပုံမှန်ဆိုရင်တော့... သူတို့အားလုံး...”

ဂွမ်မြောင်၏ စကားသံမှာ ပုံမှန်အတိုင်းမဟုတ်ဘဲ တိတ်ဆိတ်သွားသော်လည်း သူဆိုလိုရင်းကို ဂျင်ဆိုဟွန်း အပြည့်အဝ နားလည်လိုက်သည်။

"ကျွန်တော်တို့မှာ အချိန်သိပ်မရှိဘူး"

"အဲဒါကြောင့်ပဲ ငါတို့ အမြန်ဆုံး သွားရမယ်"

"ဒါပေမဲ့ ဘယ်ဟွာဂိတ်အကြောင်း ဘာလို့ ဘာမှ မသိရတာလဲ သူတောင်းစားဂိုဏ်းက အစ်ကိုကြီးတွေလည်း မသိဘူးလား"

"ဘယ်ဟွာဂိတ်ဆိုတာ သီးသန့်နေတတ်လွန်းတဲ့ စီချွမ်တန်ဂိုဏ်းထက်တောင် ပိုပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာမျိုး။ ပြတင်းပေါက်တွေလည်း မရှိဘူး၊ ကြွက်တွေလောက်ပဲ ဝင်ထွက်နိုင်တဲ့ ရေလမ်းကြောင်းငယ်လေးတွေ ဒါမှမဟုတ် မီးခိုးတိုင်လေးတွေပဲ ရှိတာ"

ဂျင်ဆိုဟွန်းလက်ထဲမှ ကကြိုးကို လုယူလိုက်သော ဂွမ်မြောင်က မြင်း၏ ဖင်ကို အားကုန်ကန်လိုက်သည်။

"ကြားတာထက် မြင်တာက ပိုပြီး ယုံကြည်ရတယ်။ မင်း ကိုယ်တိုင်ပဲ တွေ့လိုက်ပါ။ ဒါဆို မင်း သိလိမ့်မယ်"

ဂွမ်မြောင် ပြောသည့်အတိုင်းပင်။ တစ်ရက်တည်းဖြင့် နားချိန်မရှိဘဲ ခရီးနှင်ခဲ့ကြသော လူငါးဦးသည် ဘယ်ဟွာဂိတ် တည်ရှိရာ ချောက်ကမ်းပါးဒေသသို့ ရောက်ရှိလာကြသည်။ ဂန်စုဒေသသည် စီချွမ်နှင့် ချင်းဟိုင်ကဲ့သို့ပင် အနောက်တိုင်းဒေသများနှင့် ဗဟိုလွင်ပြင်ကို ဆက်သွယ်ပေးသည့် လမ်းကြောင်းတစ်ခု ဖြစ်ပြီး အတိတ်က မင်ဂိုဏ်းများ ဗဟိုလွင်ပြင်ကို ကျူးကျော်ရန် သိမ်းပိုက်ခဲ့ရသည့် မဟာဗျူဟာမြောက် နေရာတစ်ခုဖြစ်သည်။

စွန့်ပစ်ထားသော ခံတပ်ဟောင်းများမှာ ဂန်စုတွင် နေရာတိုင်း၌ ရှိနေသည်။ ထိုစွန့်ပစ်ထားသော ခံတပ်နေရာတွင် အသစ်ပေါ်ပေါက်လာသည့် နေရာမှာ ဘယ်ဟွာဂိတ်ပင်။

"ဝါး... အကုန်လုံး ဖြူဖွေးနေတာပဲ"

ဘယ်ဟွာဂိတ်သို့ ရောက်ရှိလာသော လူငါးဦးသည် မြင်းပေါ်မှ ဆင်းကာ ခမ်းနားလှသော ဘယ်ဟွာဂိတ်၏ ပုံပန်းသဏ္ဌာန်ကို ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိကြသည်။

အထူးသဖြင့် ဂန်စုတွင် အခြေစိုက်သည့် ဂေါင်တုန်းဂိုဏ်းမှ တပည့် အွန်းဘန်မှာ ပို၍ပင် အံ့အားသင့်နေသည်။

"ကျွန်တော် ငယ်ငယ်က ဘယ်ဟွာဂိတ်အကြောင်း ကြားဖူးပေမဲ့ အခုလို ကိုယ်တိုင် မျက်မြင်တွေ့ရတာ ပထမဆုံးအကြိမ်ပဲ"

"ဟုတ်မှာပါ။ ဘယ်ဟွာဂိတ်အကြောင်း ကြားဖူးသမျှက တစ်ဆင့်စကား တစ်ဆင့်နားတွေချည်းပဲ အတွင်းထဲကို ဘယ်သူမှ မမြင်ဖူးတော့ တချို့ဆိုရင် ဒီလိုနေရာ ရှိတာကိုတောင် မယုံကြဘူးလေ"

ဂွမ်မြောင်၏ ရှင်းပြချက်ကို နားထောင်နေသော ဂျင်ဆိုဟွန်းသည် ဘယ်ဟွာဂိတ်၏ ဝင်ပေါက်သို့ ချဉ်းကပ်သွားသည်။ သံမဏိဖြင့် ခိုင်ခံ့အောင်လုပ်ထားသည့် ကြီးမားသော သစ်သားတံခါးကြီးက ဝင်ပေါက်ကို ပိတ်ဆို့ထားသည်။

ထပ် ထပ် ထပ်……

လက်သီးဖြင့် တံခါးကို ခေါက်ကြည့်လိုက်သော ဂျင်ဆိုဟွန်းမှာ အနည်းငယ် အံ့အားသင့်သွားသည်။

"အထူကြီးကတော့ ဟာသမဟုတ်ဘူးနော်"

"ဘယ်ဟွာဂိတ်ဆိုတာ ဘယ်တော့မှ မကျဆုံးခဲ့ဖူးတဲ့ ခံတပ်တစ်ခုပဲ။ ဘယ်ဟွာဂိတ်အကြောင်း ပြောပြတဲ့ တစ်ခုတည်းသော ဒဏ္ဍာရီအရဆိုရင် ခွင့်ပြုချက်မရှိဘဲ ဝင်လာတဲ့သူတွေကို ထောင်ချောက်ပေါင်း ရာနဲ့ချီက အသက်ကို ခြိမ်းခြောက်နေတာ။ အလင်းယောင် ဖန်တီးမှုပေါင်း ဒုနဲ့ဒေးက လှည့်စားနေလိမ့်မယ်။ ဒါပေမဲ့ အဲဒီအရာအားလုံးကို ကျော်ဖြတ်နိုင်ခဲ့ရင်တော့... ဘယ်ဟွာဂိတ်တစ်ခုလုံးကို ဖုံးလွှမ်းထားတဲ့ လှပတဲ့ ပန်းဥယျာဉ်ကို မြင်ရလိမ့်မယ်တဲ့"

"ပန်းတွေ အများကြီး ရှိမှာပဲ။ ဘာပဲဖြစ်ဖြစ် ပထမအဖွဲ့က ဒီထဲမှာ ရှိနေတာ... ဘယ်လို ဝင်ကြမလဲ"

"အဲဒါကို သိရင် ငါ ကြာကြာကတည်းက ဝင်သွားပြီပေါ့"

ဂျင်ဆိုဟွန်းသည် လည်ပင်းကို ကုတ်လိုက်သည်။

"နည်းလမ်း မရှိဘူးလား"

ဂွမ်မြောင်၏ မေးခွန်းကြောင့် ဂျင်ဆိုဟွန်းသည် ဘယ်ဟွာဂိတ် တစ်ဝိုက်ကို ဝေ့ဝဲကြည့်လိုက်သည်။ သူ့ကို စောင့်မျှော်နေသော အဖွဲ့ဝင်များ၏ မျက်နှာများမှာလည်း မျှော်လင့်ချက်ဖြင့် ပြည့်နှက်နေသည်။

လူငယ်သူရဲကောင်းဂျင်ဆိုရင် တစ်ခုခု လုပ်နိုင်မှာပါ။

အဖွဲ့ခေါင်းဆောင်

လူငယ်သူရဲကောင်းဂျင်က ပန်မျိုးနွယ်စုတောင် အသိအမှတ်ပြုထားတဲ့ ထိပ်တန်းသိုင်းသမားဆိုတော့ နည်းလမ်းတစ်ခုခုတော့ ရှိမှာပဲ

အဖွဲ့ဝင်များနှင့် ဂွမ်မြောင်၏ မျှော်လင့်ချက်ကို လက်ခံရရှိထားသော ဂျင်ဆိုဟွန်းမှာ ပခုံးတွန့်လိုက်သည်။

"ကျွန်တော်လည်း မသိဘူး"

သူတို့၏ မျှော်လင့်ချက်များမှာ စိတ်ပျက်စရာအဖြစ် ပြောင်းလဲသွားပြီး အဖွဲ့ဝင်များ၏ မျက်နှာများမှာ မှေးမှိန်သွားသည်။ သူတို့အတွက် ဂျင်ဆိုဟွန်းဆိုသည်မှာ နားလည်ရခက်ပြီး လျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှုတစ်ခု ဖြစ်သည်။

အံ့မခန်း သိုင်းစွမ်းရည်နှင့် နက်နဲလှသော အတွေးအခေါ်များပင်။

အဖွဲ့ဝင် လေးဦးလုံးက ဂျင်ဆိုဟွန်း၏ ပျင်းရိမှုမှာ သူ၏ အရည်အချင်းကို ဖုံးကွယ်ထားခြင်းသာ ဖြစ်သည်ဟုပင် ထင်မှတ်နေကြသည်။ သို့သော်လည်း ဂျင်ဆိုဟွန်းက နည်းလမ်းမရှိဘူးဟု ပြောနေသည်။

ယခုအခါ အဖွဲ့ဝင်များ၏ အကြည့်မှာ ဂွမ်မြောင်ထံသို့ ရောက်ရှိသွားသည်။ ကျန်ရှိနေသော တစ်ခုတည်းသော မျှော်လင့်ချက်မှာ ဂွမ်မြောင် ဖြစ်သည်။ စဉ်းစားခန်း ဝင်နေသော ဂွမ်မြောင်မှာ ခေါင်းညိတ်လိုက်သည်။

"မတတ်နိုင်ဘူး။ အဲဒီနည်းလမ်းကို သုံးချင်တာ မဟုတ်ပေမဲ့... မင်းတို့က နည်းလမ်းမရှိဘူး ပြောနေတော့ နောက်ဆုံးနည်းလမ်းကို သုံးဖို့ပဲ ရှိတော့တယ်"

"အာ နည်းလမ်း ရှိတာလား ဒါဆိုရင် စောစောကတည်းက ပြောပါတော့။ ဘာနည်းလမ်းလဲ"

ဂျင်ဆိုဟွန်းမှာ မျက်တောင်ခတ်ရင်း ဂွမ်မြောင်ကို ကြည့်လိုက်သည်။ ခဏအကြာတွင် ဂွမ်မြောင်သည် သိုင်းပညာရှင်များအားလုံးကို ခေါ်ဆောင်ကာ ဘယ်ဟွာဂိတ်နှင့် ဝေးရာသို့ သွားလိုက်သည်။ ထို့နောက် သူ၏ လက်နှစ်ဖက်ကို ဂျင်ဆိုဟွန်း၏ ပခုံးပေါ်တွင် တင်လိုက်သည်။

"မင်း ဝင်သွားရမယ်"

"...ကျွန်တော်လား ဘယ်လိုလုပ်ပြီးတော့"

ဂွမ်မြောင်မှာ ငြိမ်သက်နေသည်။ သူသည် ဂျင်ဆိုဟွန်းကိုသာ တောက်လောင်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ အပြောမခံနိုင်လောက်အောင် မကောင်းသော အရိပ်လက္ခဏာကို ခံစားမိလိုက်သော ဂျင်ဆိုဟွန်းသည် မသိလိုက်ဘဲ နောက်သို့ ဆုတ်ရန် ကြိုးစားလိုက်သည်။ သို့သော် ဂွမ်မြောင်၏ လက်က ဂျင်ဆိုဟွန်းကို လွတ်မပေးချေ။

"မဟုတ်... မဟုတ်လောက်ပါဘူး ဟုတ်လား"

"မင်း တွေးနေတာ မှန်တယ် ဂျင်ဆိုဟွန်း"

ဂွမ်မြောင်က အားမာန်ပါပါဖြင့် ပြောလိုက်သည်။

"မိန်းကလေးတစ်ယောက် အဖြစ် ပုံဖျက်လာခဲ့ပါ"

ငါ... ဒီလောက်အထိ လုပ်ရမှာလား

ဘယ်ဟွာဂိတ်ထဲသို့ ဝင်ရောက်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

…

တိုတောင်းသော အတိတ်ကို ပြန်ပြောင်းတွေးတောခြင်းမှ ထွက်လာသည့် ဂျင်ဆိုဟွန်းက သက်ပြင်းတစ်ချက် ချလိုက်သည်။

"နှုတ်ခမ်းကို လှုပ်မနေနဲ့လေ။ မိတ်ကပ်တွေ ပျက်ကုန်တော့မယ်"

"ရှင်က ဘယ်လိုလုပ်ပြီး အရေပြားက ကျွန်မတို့ထက် ပိုကောင်းနေရတာလဲ"

"ရှင်ရဲ့ မျက်လုံးတွေက တကယ့်ကို ကြီးမားတာပဲ နှာတံကလည်း ဓားသွားလိုပဲ စူးရှတယ်။ ဘာအပြစ်အနာအဆာမှ မရှိဘူး"

ဂျင်ဆိုဟွန်းကို ဝန်းရံထားသော အမျိုးသမီး ငါးဦးသည် စိတ်လှုပ်ရှားနေသော မျက်နှာများဖြင့် မိတ်ကပ်ကို အစွမ်းကုန် လိမ်းခြယ်ပေးနေကြကာ သူတို့၏ အကြောင်းအရာမှာ ဂျင်ဆိုဟွန်း ဖြစ်သည်။

နဖူးမှစ၍ မေးဖျားအထိ မိတ်ကပ်မှုန့် မလိမ်းခင်ကတည်းက ဖြူဖွေးသော အသားအရေနှင့် ကြည်လင်သော ရုပ်သွင်က မိတ်ကပ်အနည်းငယ် လိမ်းခြယ်လိုက်ရုံနှင့် ဂျင်ဆိုဟွန်းသည် ရုပ်ရည်ချောမောသော လူငယ်လေးမှ လှပသော မိန်းကလေးငယ်လေးအဖြစ် ပြောင်းလဲသွားသည်။

"နောက်ဆုံးအနေနဲ့..."

သူတို့သည် ရှုပ်ပွနေသော ဆံပင်များကို ဖြည်၍ သေသပ်စွာ ဖြီးသင်ကာ ဂရုတစိုက် ပြင်ဆင်ပေးကြသည်။ ဆံပင်အချို့ကို ကျစ်ဆံမြီး ကျစ်၍ ပုံသွင်းပေးပြီး ကျန်အပိုင်းကို သဘာဝအတိုင်း လျှောချထားသည်။

မိတ်ကပ်နှင့် အလှပြင်ဆင်မှု ပြီးဆုံးသွားသောအခါ အမျိုးသမီး ငါးဦးသည် နောက်သို့ ဆုတ်ကာ အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်ကြသည်။

"ဝါး..."

"သူမက ကျွန်မတို့ထက် ပိုလှနေပြီ"

"သူမက ကျွန်မတို့ အားလုံးထက်တောင် ပိုလှဦးမယ်"

"ဂုဏ်သိက္ခာ ထိခိုက်လိုက်တာ။ ယောက်ျားလေးတစ်ယောက်က မိန်းကလေးတွေထက် ပိုလှနေတယ်ဆိုတော့"

မိန်းကလေးအဖြစ် မိတ်ကပ်လိမ်းခြယ် ပြင်ဆင်မှု ပြီးဆုံးသွားသော ဂျင်ဆိုဟွန်းမှာ စကားလုံးတို့ဖြင့် ဖော်ပြလို့မရနိုင်လောက်အောင် လှပသော အလှပဂေးတစ်ယောက် ဖြစ်နေသည်။

အစကတည်းက သူသည် မိခင်ဖြစ်သူ ယူဆောဟွန်း၏ အလှကို အမွေဆက်ခံထားသဖြင့် ရုပ်ရည်လှပသည်။

ပျင်းရိသော အကျင့်ကြောင့်သာ ကိုယ့်ကိုကိုယ် မပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး တကယ်တမ်း စိတ်ပါဝင်စားစွာ ပြင်ဆင်လိုက်သောအခါ ဂျင်ဂါဟွန်းနှင့် မခြားနားသော အလှတရားကို ပိုင်ဆိုင်ထားကြောင်း သက်သေပြလိုက်သည်။

"ဒါပေမဲ့ ခန္ဓာကိုယ်က ပြဿနာပဲ"

ဂျင်ဆိုဟွန်း၏ ခန္ဓာကိုယ်နှင့် တော်တော်လေး တူညီသော အမျိုးသမီး ဝတ်စုံကို ရှာဖွေရသည်မှာ သူတို့အတွက် ခက်ခဲလှသည်။ သူတို့သည် ခန္ဓာကိုယ်နှင့် အတော်အသင့် တော်မည့် စကတ်တစ်ခုကို ရှာဖွေတွေ့ရှိကာ ခန္ဓာကိုယ်ကို လုံခြုံစေရန် အင်္ကျီအရှည်ကြီးဖြင့် အုပ်ထားလိုက်သည်။

"အားလုံး ပြီးသွားပါပြီ"

ဂန်ဟာမြစ်ရှိ ပြည်တန်ဆာအိမ်မှ မိန်းမလှလေးများကို စီမံခန့်ခွဲနေသော လှပသည့် သတ်လတ်ပိုင်းအရွယ် အမျိုးသမီးက စောင့်ဆိုင်းနေသော ဂွမ်မြောင်ထံသို့ လာရောက် ပြောကြားသည်။

"အလုပ်များလိုက်တာ။ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်လောက်ဘူး"

"ပျော်ဖို့ကောင်းပါတယ်။ သူ့ရဲ့ ရုပ်ရည်က ထူးခြားလွန်းတော့ ပြင်ပေးရတာ တကယ့်ကို ပျော်စရာပဲ"

ပြည်တန်ဆာအိမ်သို့ ပထမဆုံးအကြိမ် ရောက်ဖူးသည့် ယူအူဆွန်းနှင့် အွန်းဘန်တို့က နှုတ်ခမ်းကို ဆူရင်း ထရပ်လိုက်ကြသည်။ သူတို့၏ မျက်နှာများမှာ အနည်းငယ် နီရဲနေသည်။ ဆန့်ကျင်ဘက်အားဖြင့် လူ့လောက၏ ဖျော်ဖြေရေးများကို ကျွမ်းဝင်နေသော ပန်အိုဂျောင်နှင့် ဆန်ဆွတ်တို့မှာမူ ရင်းနှီးပြီးသား ပုံစံဖြင့် ကြည့်နေကြသည်။ ဂွမ်မြောင်အပါအဝင် လူငါးဦးသည် ပိတ်ထားသော တံခါးကို စိုက်ကြည့်နေကြသည်။

"ငါ ဘာလို့ ဒီလောက်တောင် ရင်ခုန်နေရတာလဲ"

ဆန်ဆွတ်၏ ရေရွတ်သံကြောင့် အွန်းဘန်လည်း သဘောတူသလို ခေါင်းညိတ်သည်။

"ထွက်လာခဲ့"

ဂွမ်မြောင်၏ ခေါ်သံကြောင့် ပိတ်ထားသော တံခါးပွင့်လာပြီး ပြင်ဆင်မှု ပြီးဆုံးသွားသော ဂျင်ဆိုဟွန်းမှာ နောက်ဆုံးတွင် ထွက်ပေါ်လာသည်။

သူ့ကို မြင်လိုက်ရသည့်အခါ ယူအူဆွန်းမှာ လက်နှစ်ဖက်နှင့် ကိုင်ထားသော ခွက်ပင် ပြုတ်ကျသွားတော့သည်။

အွန်းဘန်နှင့် ဆန်ဆွတ်တို့မှာ ပါးစပ်အဟောင်းသားနှင့် ကြောင်ကြည့်နေမိကြသည်။ ပန်အိုဂျောင်မှာ မသိလိုက်ဘဲ အသက်ရှူမှားသွားသည်။

"အိုး…."

သူတို့၏ ဦးနှောက်က ဤအခြေအနေကို နားမလည်နိုင် ဖြစ်နေသည်။ သို့သော် လူတိုင်း၏ အတွေးမှာ တစ်ခုတည်းသာ ဖြစ်သည်။

အဲဒါ ဂျင်ဆိုဟွန်း ဟုတ်လို့လား။

ပြင်ဆင်မှု ပြီးဆုံးပြီးနောက် ပြန်လည်ရောက်ရှိလာသော ဂျင်ဆိုဟွန်းမှာ မည်သူမဆို ငြင်းမရနိုင်သည့် အလွန်လှပသော မိန်းကလေးတစ်ယောက် ဖြစ်နေသည်။

ဤအခြေအနေကို မကျေနပ်သည့်အလား မျက်မှောင် အနည်းငယ် ကြုတ်ထားသော အမူအရာကပင် ဆွဲဆောင်မှု ရှိနေသည်။

"ကျွန်တော်တော့ စိတ်ရှုပ်နေပြီ"

ဂျင်ဆိုဟွန်း စကားပြောပြီးမှသာ သိုင်းပညာရှင်လေးဦးသည် အောင့်ထားသော အသက်ကို ပြန်ရှူလိုက်ကြသည်။

"ဒါတော့ သောက်ကျိုးနည်းပဲ"

"ကျွန်... ကျွန်တော့်ရဲ့ နှလုံးသား..."

"အံ့ဩစရာ... လှလိုက်တာ"

"အစ်ကို အစ်ကိုက မိန်းကလေးပုံစံနဲ့တောင် ဘာအပြစ်အနာအဆာမှ မရှိပါလား"

မိန်းကလေးဝတ်စုံ ဝတ်ထားသော ဂျင်ဆိုဟွန်းကြောင့် စိတ်လှုပ်ရှားမှု ဖြစ်ပေါ်လာသော အွန်းဘန်မှာ ကိုယ့်ကိုကိုယ် နားမလည်နိုင်သလို လက်မခံနိုင် ဖြစ်နေသည်။

ဤအခြေအနေတွင် စိတ်ရှုပ်ထွေးနေသော အဖွဲ့ဝင်များကို ထားခဲ့ကာ ဂွမ်မြောင်က ကျေနပ်နေသော မျက်နှာဖြင့် ချဉ်းကပ်လာသည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ အကောင်းဆုံးပဲ။ မင်းသာ စကားမပြောဘဲ နေမယ်ဆိုရင် ဘယ်သူကများ မင်းကို ယောက်ျားလေးလို့ ထင်ပါ့မလဲ"

"အို စိတ်ရှုပ်လိုက်တာ။ မြန်မြန်ပြီးအောင် လုပ်ကြရအောင်"

တကယ်တမ်းတွင် ဂျင်ဆိုဟွန်းသည် မိန်းကလေးဝတ်စုံ ဝတ်ခြင်းနှင့် ပတ်သက်၍ ထူးခြားသော အတွေးမျိုး မရှိပေ။

သူသည် နှုတ်ခမ်းကို အနီရောင်ခြယ်ခြင်း၊ မျက်ခုံးကို မွမ်းမံခြင်းနှင့် မျက်လုံးမိတ်ကပ် အနည်းငယ် လိမ်းခြင်းတို့သာ ပြုလုပ်ထားပြီး ရုပ်ရည်မှာ အများကြီး ပြောင်းလဲသွားခြင်း မရှိပေ။ သို့သော် ထိုအရာများကြောင့် ခေါင်းနှင့် မျက်နှာတို့မှာ လေးလံနေသလို ခံစားနေရသည်။

စကတ်မှာလည်း အဆင်မပြေသလို ခေါင်းမှ ခြေဖျားအထိ ဘာတစ်ခုမှ သက်သောင့်သက်သာ မရှိလှပေ။ ဤအရာအားလုံးမှာ ဂျင်ဆိုဟွန်းနှင့် လုံးဝ မအပ်စပ်ပေ။

"ဒါဆို စီစဉ်ထားတဲ့အတိုင်း လုပ်ကြမယ်။ မင်းရဲ့ တာဝန်ကို မှတ်မိတယ်မလား"

"ဟုတ်ကဲ့။ ပထမအဖွဲ့ကို ရှာဖွေပြီး ကယ်တင်ဖို့ပါ။ ကျွန်တော် ပြန်လာခဲ့ပါ့မယ်"

အသက်မွေးဝမ်းကျောင်းတစ်လျှောက် ပထမဆုံးအကြိမ် ဝတ်ဆင်ရသည့် စကတ်ကြောင့် ခပ်ယိုင်ယိုင် လျှောက်လှမ်းနေရသော ဂျင်ဆိုဟွန်းကို ဂွမ်မြောင်က ပြောလိုက်သည်။

"ခြေလှမ်းကို ကျဉ်းကျဉ်းပဲ လျှောက်ပါ။ မင်းက ယောကျ်ားတစ်ယောက် မိန်းမဝတ်ထားတာပါလို့ တစ်ကမ္ဘာလုံးကို လိုက်ကြေညာမလို့လား"

"ကျွတ် ဒီလောက်တောင် မကျေနပ်ရင် ကိုယ်တိုင်ပဲ လုပ်ပါလား"

ခပ်တိုးတိုး ရေရွတ်နေသည့် ဂျင်ဆိုဟွန်းသည် ဂွမ်မြောင်ကို အမျိုးသမီးဝတ်စုံ ဝတ်ထားသည့် ပုံစံဖြင့် စိတ်ကူးကြည့်ကာ မျက်လုံးကို မှိတ်လိုက်သည်။

ဒါကတော့ မဖြစ်နိုင်ဘူး။

ခေါင်းကို ခါယမ်းလိုက်ပြီးနောက် သူ့ကို အားပေးရန် ရောက်လာကြသည့် အဖွဲ့ဝင် လေးဦးကို ဂျင်ဆိုဟွန်း နှုတ်ဆက်လိုက်သည်။

"က…ကံကောင်းပါစေ"

အွန်းဘန်က တစ်စုံတစ်ခုကြောင့် စိတ်ရှုပ်ထွေးနေသည့် မျက်နှာပေးဖြင့် ပြောသည်။

"အဖွဲ့ခေါင်းဆောင် ကျွန်တော် အဖွဲ့ခေါင်းဆောင်ကို ယုံကြည်ပါတယ်"

ဆန်ဆွတ်က မျက်နှာ နီရဲလျက် အားပေးလိုက်သည်။

"ဟားဟား အစ်ကို အစ်ကိုက မိန်းကလေးဝတ်စုံနဲ့တောင် အကောင်းဆုံးပဲ"

ချီးကျူးပုံ ချီးကျူးနည်း ထူးဆန်းနေသည့် ပန်အိုဂျောင်ကပါ ထိုသို့ ပြောလာသည်။

အဖွဲ့ဝင်များ၏ စိတ်အားထက်သန်သော အားပေးစကားများကို နားထောင်ရင်း ဂျင်ဆိုဟွန်းမှာ သေလုမြောပါး ငါးမျက်လုံးများဖြင့် လျှောက်သွားသည်။

ဘာလို့ ငါပဲ…

သူ တရားမမျှတသလို ခံစားရသည်။ အဖွဲ့ခေါင်းဆောင် ဖြစ်သည့်သူကသာလျှင် မိန်းကလေးဝတ်စုံ ဝတ်ဆင်ရသည့် ဒုက္ခကို ခံစားနေရသည်။

အဖွဲ့ဝင်များမှာမူ သူ ပြန်လာသည်အထိ သက်သောင့်သက်သာ နားနေကြပေလိမ့်မည်။

ငါ့ဘဝက ဘာလို့ ဒီလိုဖြစ်သွားရတာလဲ။

ကိုယ့်ဘဝကို ကိုယ် ပြန်လည် ဆင်ခြင်ရင်း လျှောက်လှမ်းနေသော ဂျင်ဆိုဟွန်းသည် ရုတ်တရက် ယူအူဆွန်း၏ မျက်နှာကို မြင်လိုက်ရသည်။

မျက်လုံးချင်း ဆုံမိချိန်တွင် ယူအူဆွန်းက အားနာသလို ပြုံးပြသည်။

"ကျ…ကျွန်တော် စောင့်နေပါ့မယ်၊ အဖွဲ့ခေါင်းဆောင်"

ယူအူဆွန်းမှာ စိတ်လှုပ်ရှားနေသည်။ မိန်းကလေးဝတ်စုံကြောင့် လှပသွားသော ဂျင်ဆိုဟွန်းက သူ့ကို စိုက်ကြည့်နေသောကြောင့်ပင်။ ထိုအကြည့်များကြောင့် ဖိအားများ ခံစားလိုက်ရသည့် ယူအူဆွန်းသည် မသိလိုက်ဘဲ ခေါင်းငုံ့သွားသည်။

ထိုအခိုက်အတန့်တွင်….

"အိုဆွန်"

"ဟုတ်"

"မင်းလည်း လိုက်ခဲ့"

"...ဗျာ"

"ကျွန်တော်တစ်ယောက်တည်း ဒုက္ခခံလို့ မဖြစ်ဘူး"

ဘယ်ဟွာဂိတ်ရှေ့တွင် အမျိုးသမီး နှစ်ယောက် ပေါ်လာသည်။ တစ်ယောက်မှာ အင်္ကျီအရှည်ကြီးကို လုံခြုံစွာ ဝတ်ဆင်ထားပြီး အလွန်အမင်း လှပသော အမျိုးသမီးဖြစ်ပြီး နောက်တစ်ယောက်မှာမူ လက်နှစ်ဖက်ကို စုစည်းကာ အနားတွင် လိုက်ပါလာသည့် ကိုယ်လုံးကိုယ်ပေါက် သေးငယ်သူဖြစ်သည်။ ထိုအမျိုးသမီးမှာ ဆံပင်ကို ကျစ်ဆံမြီး နှစ်ဖက်ကျစ်ထားသဖြင့် ချစ်စရာကောင်းသော ရုပ်သွင်ကို ပိုင်ဆိုင်ထားသည်။

"ကျ…ကျွန်တော် ကောင်းကောင်း လုပ်နိုင်ပါ့မလား"

"အဲဒီလို အသံနဲ့တော့ မရဘူးလေ"

"အာ အာ... ဟုတ်ကဲ့"

ယူအူဆွန်းက လည်ချောင်းကို ရှင်းလိုက်သည်။

"ဒီလောက်ဆို... ရမလား"

"အင်း ကောင်းတယ်"

ယောကျ်ားလေးတစ်ယောက် ဖြစ်သော်လည်း ခန္ဓာကိုယ် ပိန်ပါးပြီး သိုင်းသမား တစ်ယောက်အတွက် အရပ်ပုနေခြင်းက မိန်းကလေးဝတ်စုံ ဝတ်ဆင်ရန် အကောင်းဆုံးသော အခြေအနေ ဖြစ်နေသည်။

ထို့ပြင် သူ၏ သိမ်မွေ့သော လေသံမှာလည်း ယောကျ်ားနှင့် မိန်းမ ရောထွေးနေသလို ခံစားရစေသည်။ ထို့ကြောင့် မိန်းကလေးဝတ်စုံကို အကောင်းဆုံး ဝတ်ဆင်နိုင်ခဲ့သည့် ယူအူဆွန်းသည် လှပသော မိန်းကလေးငယ်အဖြစ် ပြင်ဆင်ထားသည့် ဂျင်ဆိုဟွန်းနှင့်အတူ ဘယ်ဟွာဂိတ်ရှေ့တွင် ရပ်နေသည်။

"အခု ဘာလုပ်ကြမလဲ"

"ဘယ်သူသိမှာလဲ"

တကယ်တမ်းတွင် ဘယ်ဟွာဂိတ်အကြောင်း ဘာမျှ မသိရှိကြပေ။ သိထားသည်မှာ ဤနေရာတွင် အမျိုးသမီးများ ပျောက်ဆုံးနေသည်ဆိုသည့် အချက်တစ်ခုသာ။

ညဉ့်နက်သန်းခေါင် အချိန်သို့ ရောက်ရှိလာပြီဖြစ်သော ဘယ်ဟွာဂိတ် တံခါးဝတွင် အမျိုးသား နှစ်ယောက်မှာ ရပ်စောင့်နေရုံမှအပ တခြားရွေးချယ်စရာ မရှိတော့ပေ။

ဘယ်ဟွာဂိတ်၏ ပိတ်ထားသော တံခါးကြီး ပွင့်လာလိမ့်မည်ဟု မျှော်လင့်ရင်းပေါ့။

"စကားဝှက်များ ရှိမလား"

"ဖြစ်နိုင်မလား"

ဂျင်ဆိုဟွန်းသည် ရင်ဘတ်အတွင်းထဲတွင် တစ်စုံတစ်ခုကို ရှာဖွေလိုက်သည်။ ဝမ်းနည်းစရာကောင်းသည်မှာ သူ၏ ခန္ဓာကိုယ်ကို ဖုံးကွယ်ထားရသဖြင့် ဓားပျံကို ချန်ထားခဲ့ရသည်။

ဘာလက်နက်မှ မပါဘဲ လက်ဗလာဖြင့် ရပ်နေရသော ဂျင်ဆိုဟွန်းက လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ လိုအပ်ပါက တံခါးကို ရိုက်ချိုးကာ ဝင်ရောက်ရန်ပင် သူ စီစဉ်ထားသည်။

ဒီထက် ပိုပြီး ဆွဲဆန့်လို့ မရတော့ဘူး။

ပထမအဖွဲ့၏ အသက်အန္တရာယ်မှာ အရေးကြီးနေပြီဖြစ်သည်။

ဘယ်ဟွာဂိတ်၏ မလှုပ်မယှက် တံခါးဝင်ပေါက်ကို စိုက်ကြည့်နေသော ဂျင်ဆိုဟွန်းသည် သူ၏ လက်သီးထဲသို့ အတွင်းအားများ စုစည်းလိုက်သည်။

"အခြေအနေက ဒီလိုဖြစ်လာပြီဆိုတော့ ရိုက်ချိုးပြီးမှပဲ စဉ်းစားကြတာပေါ့..."

ဂျင်ဆိုဟွန်း လက်သီးဖြင့် ထိုးရန် ပြင်လိုက်သည့်အချိန်တွင် ဘယ်ဟွာဂိတ်၏ ပိတ်ထားသော ဝင်ပေါက်က တစ်စတစ်စ လှုပ်ရှားလာသည်။

ကျွီ…..

ကြမ်းတမ်းသော တုန်ခါသံနှင့်အတူ လူနှစ်ဦး သို့မဟုတ် သုံးဦးသာ ဝင်နိုင်သည့် နေရာလွတ်ကို ချန်ထားလျက် ကြီးမားသော သစ်သားတံခါးကြီး ရပ်တန့်သွားသည်။

ထိုနေရာလွတ်ကြားမှ မီးတိုင်ကို ကိုင်ထားသော အမျိုးသမီးတစ်ဦး ပေါ်ထွက်လာသည်။

ဦးခေါင်းမှ ခြေဖျားအထိ။

ရောင်စုံပန်းများဖြင့် အလှဆင်ထားသော အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် ထိုအမျိုးသမီးက ဖြူဖျော့နေသော မျက်နှာ၊ နှုတ်ခမ်းများဖြင့် ပြုံးပြကာ ပြောလိုက်သည်။

"ဘယ်ဟွာဂိတ်ကနေ ကြိုဆိုပါတယ်"

All Chapters