အခန်း ၁၁၅
Vol. 12 Ch. 115
အခန်း ၁၁၅
ချွန်ယဲရန်း၏ အပြာရောင် မျက်ဝန်းများက သူမ၏ လက်ကောက်ဝတ်များတွင် တပ်ဆင်ထားသည့် သံခြေချင်းများနှင့် ၎င်းတို့ကို ဆက်သွယ်ထားသည့် သံကြိုးများကို ကြည့်လိုက်သည်။
သူမ၏ အရေးကြီးသော အချက်အချာနေရာများကို ကျွမ်းကျင်လိမ္မာစွာ ဖိနှိပ်ထားသည့် သံခြေချင်းများ၊ ခြေကျင်းဝတ်များနှင့် လည်ပင်းတွင်လည်း ထိုသံခြေချင်းများပင် ဝတ်ဆင်ထားရသည်။
ပြီးတော့ အခန်းထဲမှာ ပြည့်နှက်နေတဲ့ အဆိပ်ငွေ့တွေကြောင့် ငါ့ရဲ့ အတွင်းအားတွေ ပြန်မကောင်းလာဘူး။
ခုတင်တစ်လုံးသာ ရှိသော ဤအခန်းငယ်လေးထဲသို့ သူမ ရောက်ရှိလာသည်မှာ တစ်ပတ်ပင် ရှိသွားပြီဖြစ်သည်။ သို့သော်လည်း ချွန်ယဲရန်းသည် မည်သည့် အားအင်ကိုမျှ အသုံးမပြုနိုင်သေးပေ။
ကျွီ…..
တံခါးပွင့်လာပြီး မိန်းကလေးငယ်များ နှစ်ဖက်တွင် ခြံရံလျက် ဘဲ့ဆော ပေါ်လာသည်။ သူမသည် ပေါ့ပါးသော ခြေလှမ်းများဖြင့် လျှောက်လာပြီး ချွန်ယဲရန်းကို ငုံ့ကြည့်လိုက်သည်။
"ရှင်ကတော့ တကယ့်ကို ကမ္ဘာမှာ အသည်းအသန်ဆုံး စိတ်ရှည်နိုင်သူပဲ။ တစ်ပတ်လုံးလုံး ထမင်းတစ်လုပ်မစား၊ ရေတစ်စက်မသောက်ဘဲ နေနိုင်တာ တကယ့်ကို အံ့ဩစရာပါပဲ ဟုတ်တယ်မလား"
ဘဲ့ဆော ပြောသည့်အတိုင်းပင် အေးစက်နေသော အစားအသောက်နှင့် ရေခွက်တစ်ခုကို ချွန်ယဲရန်း၏ ရှေ့တွင် ချပေးလိုက်သည်။
တစ်ပတ်တာ အစာရှောင်ထားခဲ့ရကာ ရေတစ်စက်မျှ မသောက်သုံးခဲ့ရသော်လည်း ချွန်ယဲရန်း၏ မျက်ဝန်းတို့မှာမူ တောက်ပလျက်ပင် ရှိနေသည်။
သူမ၏ မလျှော့သောဇွဲကို မြင်ပြီး ထူးဆန်းသော ခံစားချက်ကို ရရှိလိုက်သော ဘဲ့ဆောကပြုံးလျက် ပြောလိုက်သည်။
"တကယ်ပါပဲ အဖြူရောင်လနတ်ဘုရားရဲ့ သမီးဆိုတော့လည်း မတူပါလား"
"..."
ချွန်ယဲရန်းသည် စကားတစ်ခွန်းမျှ မဆိုပေ။ ဘဲ့ဆောသည် ချွန်ယဲရန်း၏ ဆံပင်များကို လက်ချောင်းထိပ်များဖြင့် ပွတ်သပ်လိုက်ပြီးမှ ပြောသည်။
"စိတ်ဝင်စားစရာပဲ။ မင်းရဲ့ ဆန္ဒက ဘယ်လောက်အထိ ခံနိုင်ရည်ရှိမလဲဆိုတာ..."
ထိုင်ရာမှ ထလိုက်သော ဘဲ့ဆောသည် သူမ၏ ကျောခိုင်း၍
"ဧည့်သည်တစ်ယောက် ရောက်လာလိမ့်မယ်။ မိန်းကလေးချွန်လည်း ပျော်ရွှင်စရာအချိန်လေး ရပါစေလို့ ဆုတောင်းပါတယ်"
အဓိပ္ပာယ်ပါသော စကားကို ချန်ရစ်ခဲ့ပြီး ဘဲ့ဆောသည် အခန်းထဲမှ ထွက်သွားသည်။ ထို့နောက် တိတ်ဆိတ်ခြင်းတို့ ပြန်လည်ရောက်ရှိလာပြန်သည်။ သို့သော်လည်း ဤတစ်ကြိမ်တွင်မူ ကြာကြာမခံပေ။ ဘဲ့ဆော ပြောသည့်အတိုင်း ချွန်ယဲရန်းထံသို့ ဧည့်သည် ရောက်ရှိလာခဲ့သည်။
တံခါးပွင့်လာချိန်တွင် ပေါ်လာသူမှာ သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်နေသည်။ အရပ်အမောင်းမှာ သာမန်မျှသာ ဖြစ်သော်လည်း သိုင်းပညာ သင်ကြားထားသူပမာ တစ်ကိုယ်လုံးမှ အားအင်တို့ လျှံကျနေသည်။ ခန္ဓာကိုယ် တောင့်တင်းသော ထိုအမျိုးသားသည် မေးစေ့မှ မုတ်ဆိတ်မွှေးကို ပွတ်သပ်ရင်း ချီးကျူးလိုက်သည်။
"ကောလဟာလတွေက လွန်လွန်ကဲကဲ ပြောနေတာပဲလို့ ထင်ခဲ့ပေမဲ့ ကိုယ်တိုင် မျက်မြင်တွေ့ရတော့ အံ့ဩမိတာမလွဲပါဘူး"
ထိုအမျိုးသားသည် ချွန်ယဲရန်းဆီသို့ တိုးကပ်သွားပြီး သူမကို အပေါ်အောက် နှေးကွေးစွာ ကြည့်လိုက်သည်။
"ဘယ်နေရာက ကြည့်ကြည့် စုံလင်နေတာပဲ။ အမျိုးသမီးတွေကို အများကြီး ပွေ့ဖက်ခဲ့ဖူးပေမဲ့ မင်းလောက် လှပတဲ့ မိန်းမမျိုးကိုတော့ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ"
"ဘယ်ဟွာဂိတ်ကို အမျိုးသားတွေအတွက် တားမြစ်ထားတဲ့နေရာလို့ ထင်ခဲ့တာ မဟုတ်ဘူးပဲ"
"အို….အသံလေးကအစ ကောင်းလွန်းတာပဲ"
သူမ၏ အေးစက်သော အမူအရာနှင့် စိတ်ခံစားမှု ကင်းမဲ့သော အသံတို့က ထိုအမျိုးသား၏ နှလုံးသားကို ပို၍ ရုန်းကြွစေသည်။
"ကျွန်တော်ကတော့ ထူးခြားတဲ့သူပါ"
အမျိုးသားသည် ချွန်ယဲရန်း၏ ရှေ့တွင် ထိုင်ချလိုက်ပြီး ခါးတွင် ချိတ်ထားသော အရက်ပုလင်းကို ထုတ်ယူကာ လက်ထဲတွင် ကိုင်ထားသည်။
"ဒီ ဘယ်ဟွာဂိတ်ကြီးဆီကို တစ်ပတ်ကို အမျိုးသမီး ၅၀ နီးပါး ရောက်လာကြတယ်။ အစကတော့ ဂန်စုတစ်ဝိုက်က အမျိုးသမီးတွေပဲ လာကြတာ အခုတော့ ကောလဟာလတွေကို ကြားပြီး ဗဟိုလွင်ပြင် အနှံ့အပြားကနေ လာကြတော့တာပဲ"
အရက်ပုလင်းအဖုံးကို ဖွင့်လိုက်သော ထိုအမျိုးသားသည် ပန်းကန်လုံးထဲသို့ အရက်ကို ငှဲ့ကာ ချွန်ယဲရန်းကို ကမ်းပေးလိုက်သည်။
"သောက်မလား"
"..."
"အရသာရှိတဲ့ အရက်ပါ နှမြောစရာပဲ"
ပန်းကန်လုံးထဲမှ အရက်ကို မော့သောက်လိုက်သော ထိုအမျိုးသားက ရယ်မောလိုက်သည်။
"အကြံဉာဏ်တစ်ခုလောက် ပေးရစေ။ ခင်ဗျား ကြုံတွေ့ရတော့မယ့် အရာတွေကို စိတ်ကြည်လင်နေချိန်မှာ ခံနိုင်ဖို့ နည်းနည်း ခက်ခဲလိမ့်မယ်။ ဒါကြောင့် အရက်လေး ဘာလေး သောက်ထားတာ ပိုကောင်းမယ် မထင်ဘူးလား"
"..."
"ဟားဟားဟား စကားမပြောသေးဘူးပေါ့။ အဲဒါကို ကျွန်တော် အရမ်းသဘောကျတယ်"
ထိုအမျိုးသားသည် ပုလင်းထဲမှ အရက်ကို ထပ်သောက်လိုက်ပြီးမှ
"ဒီလောက်များတဲ့ အမျိုးသမီးတွေကို ကျွေးမွေးစောင့်ရှောက်ဖို့ စရိတ်တွေက ဘယ်ကလာတာလဲဆိုတာ သိချင်မိလား"
ချွန်ယဲရန်းသည် ယခုထိ စကားမပြန်သော်လည်း ထိုအမျိုးသားက ဂရုမစိုက်ဘဲ ဆက်ပြောသည်။
"အကုန်လုံးက... ဒီလို မိုက်မဲတဲ့ မိန်းမသားတွေကြောင့် ရလာတာလေ ဟားဟားဟား"
အမျိုးသားသည် အေးစက်နေသော အစားအစာကို စားရင်း သဘောကျစွာ ရယ်မောသည်။
"ရုပ်ဆိုးတဲ့သူတွေကိုတော့ အစေခံအဖြစ် ရောင်းစားတယ်။ အားနည်းချက် များတဲ့သူတွေကိုတော့ ဒီ ဘယ်ဟွာဂိတ်မှာ အလုပ်ခိုင်းတယ်။ အရည်အချင်းရှိတဲ့သူတွေကိုတော့ ပြည့်တန်ဆာအိမ်တွေဆီ ရောင်းစားလိုက်တာပဲ"
လောဘဖြင့် တောက်ပြောင်နေသော အမျိုးသား၏ မျက်လုံးများက ချွန်ယဲရန်းကို တည့်တည့်စိုက်ကြည့်နေသည်။
"လှပတဲ့ မျက်နှာပိုင်ရှင်တွေကိုတော့ လိုချင်တဲ့သူတွေဆီ ရောင်းစားတယ်။ ဒီလောကမှာ အမျိုးမျိုးသော အရသာကို ကြိုက်တဲ့ ကောင်တွေ အများကြီးပဲ။ ဒါကြောင့်လည်း ကျွန်တော်တို့မှာ ဒီလို မိန်းမသားတွေ အများကြီး လိုအပ်တာပေါ့။ ပြီးတော့ ပိုပြီး ရယ်စရာကောင်းတာက ကိုယ့်ခြေထောက်နဲ့ကိုယ် ဒီ ဘယ်ဟွာဂိတ်ဆီ လာပြီးတော့ သူတို့ကို ရောင်းစားတော့မယ်ဆိုတာ မသိတဲ့ မိုက်မဲတဲ့ မိန်းမတွေပဲ"
"လူကုန်ကူးမှုလား"
"ဟုတ်တယ် လူကုန်ကူးမှု ဘယ်ဟွာဂိတ်က လောကကြီးထဲက လောဘကြီးတဲ့သူတွေရဲ့ အရသာနဲ့ ကိုက်ညီတဲ့ မိန်းမတွေကို ရွေးထုတ်ပြီး ဈေးကောင်းပေး ရောင်းစားတာ။ သူတို့ရဲ့ နာမည်နဲ့ အထောက်အထားတွေကို ပြောင်းပြီးတော့ပေါ့။ ပိုရယ်စရာကောင်းတာက သူတို့က ကိုယ့်ခြေထောက်နဲ့ကိုယ် ထွက်ပြေးလာကြတာဆိုတော့ ဘယ်အာဏာပိုင်ကိုမှလည်း တိုင်လို့မရ၊ အိမ်ကိုလည်း ပြန်လို့မရဘူး။ ဘာလို့လဲ ကိုယ့်အခြေအနေကို ရှက်လို့လေ"
ယခုအခါ ထိုအမျိုးသား၏ မျက်နှာမှာ ရုပ်ဆိုးစွာ တွန့်လိမ်နေသည်။ ချွန်ယဲရန်းက သူ့ကို ငရဲမှလာသော ငတ်မွတ်နေသည့် ပြိတ္တာကောင်တစ်ကောင်အဖြစ် မြင်နေရသည်။
"တကယ်လို့... ဒီလောကမှာ နတ်ဆိုးဆိုတာ တကယ်သာ ရှိခဲ့မယ်ဆိုရင်... အခုအရှေ့က အမျိုးသားနဲ့ပဲ တူနေမှာ..."
အရက်ပုလင်းကို အကုန်သောက်လိုက်သော အမျိုးသားသည် ပုလင်းကို လွှင့်ပစ်ကာ ထိုင်ရာမှ ထ၍ ခါးကို လက်ထောက်လိုက်သည်။
"ငါ့နာမည်က ဂျန်းဂျာအစ်ပဲ။ ငါ့နာမည်နဲ့ မျက်နှာကို ကောင်းကောင်း မှတ်ထားလိုက်။ ဒီကိုယ်ခန္ဓာက..."
ဂျန်းဂျာအစ်သည် ချွန်ယဲရန်း၏ မျက်နှာကို နီးကပ်စွာ တိုးကပ်လိုက်သည်။
"မင်းကို ပထမဆုံး ပွေ့ဖက်မယ့် အမျိုးသား ဖြစ်လာလိမ့်မယ်"
ချွန်ယဲရန်းသည် လူသတ်ချင်သည့်အထိ စူးရဲသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သောအခါ ဂျန်းဂျာအစ်မှာ ပို၍ပင် ကျေနပ်သွားသည်။
"ဒီအချိန်လေးကို ငါ အကြိုက်ဆုံးပဲ။ လှပတဲ့ ပန်းပွင့်လေးတစ်ပွင့်ကို ငါ့လက်နဲ့ကိုယ်တိုင် ချိုးဖျက်လိုက်ရမယ့် ဒီအချိန်လေးကိုလေ"
ဂျန်းဂျာအစ်၏ လက်က ချွန်ယဲရန်း၏ မျက်နှာကို ဖမ်းဆုပ်တော့မည့်အချိန်တွင်…
ထပ် ထပ် ထပ်
ပိတ်ထားသော တံခါးကို တစ်စုံတစ်ယောက် လာခေါက်သည်။
"ဘာကိစ္စလဲ"
စိတ်လှုပ်ရှားနေသော ဂျန်းဂျာအစ်က ဒေါသတကြီးဖြင့် တံခါးဆီသို့ ချဉ်းကပ်သွားသည်။
"ဘယ်သူလဲကွ ငါ့ကို လာမနှောင့်ယှက်နဲ့လို့ ပြောထားသားပဲ..."
တံခါးပွင့်သွားသောအခါ အမျိုးသားနှစ်ဦးက ဂျန်းဂျာအစ်၏ ရှေ့မှောက်သို့ လဲကျလာသည်။ ထိုသူနှစ်ဦးမှာ ဂျန်းဂျာအစ် လုံခြုံရေးအဖြစ် ခေါ်လာသည့် ပထမတန်းစား သိုင်းသမားများ ဖြစ်နေသည်။
"ဒ…ဒါက..."
အံ့အားသင့်သွားသော ဂျန်းဂျာအစ်က သူ၏ ခါးဆီသို့ လက်ရောက်သွားသည်။
အို
စောင့်ရှောက်သူများကို ယုံကြည်ပြီး ဓားအစား အရက်ပုလင်းသာ ယူလာမိကြောင်း နောက်ကျမှ သတိရလိုက်သော ဂျန်းဂျာအစ်က ထိတ်လန့်တုန်လှုပ်စွာဖြင့် ရှေ့ကို စိုက်ကြည့်လိုက်သည်။
ထိုနေရာတွင် ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသော အမျိုးသမီးတစ်ယောက် ရပ်နေကာ အရပ်မြင့်မြင့်ဖြင့် အလွန်လှပသော ရုပ်သွင်ကို ပိုင်ဆိုင်ထားသူဖြစ်သည်။
"မင်းက ဘာကောင်မလဲ မင်းလို မိန်းမမျိုးကို တစ်ခါမှ မမြင်ဖူးဘူး"
"ကျွန်တော်လည်း ခင်ဗျားကို တစ်ခါမှ မမြင်ဖူးဘူး"
"ဒါပေမဲ့ မင်းအသံက ဘာလို့ အဲဒီလို ဖြစ်နေတာလဲ"
ဂျန်းဂျာအစ်ရှေ့တွင် ပေါ်လာသော ထိုအမျိုးသမီးက သူ့ကို တစ်ချက်ကြည့်ပြီး အခန်းထဲရှိ ချွန်ယဲရန်းကို တစ်ချက်ကြည့်သည်။
ခဏအကြာတွင် ထိုအမျိုးသမီး၏ ပါးစပ်မှ ထူထဲပြီး နက်ရှိုင်းသော ယောက်ျားအသံတစ်ခု ထွက်ပေါ်လာသည်။
"အထဲမှာရှိတဲ့ မိန်းကလေးကို ခင်ဗျား ဘာလုပ်လိုက်တာလဲ"
"ပါးစပ်ပိတ်ပြီး ငါမေးတာကို ဖြေစမ်း"
"ခင်ဗျားပဲ ပါးစပ်ပိတ်ပြီး ကျွန်တော်မေးတာကို ဖြေရမှာ"
ဝူး
ထိုအမျိုးသမီး၏ ဆံပင်များ လေထဲသို့ လွင့်တက်သွားသည်။
တစ်ချိန်တည်းမှာပင် ဂျန်းဂျာအစ်သည် သူ၏ဘဝတွင် တစ်ခါမျှ မကြုံဖူးသော ဖိအားကြောင့် ဒူးနှစ်ဖက်စလုံး မြေပြင်ပေါ်သို့ ပစ်လဲကျသွားသည်။
လေးလံလှသော လေထုက ဂျန်းဂျာအစ်၏ ခန္ဓာကိုယ်ကို ဖိထားလိုက်ခြင်းပင်။
သိုင်းပညာရှင်တစ်ယောက်ပဲ ပြီးတော့ အဆင့်မြင့် သိုင်းပညာရှင်တစ်ယောက်….
ဂျန်းဂျာအစ်၏ ဦးနှောက်က အမြန်ဆုံး လည်ပတ်သွားသည်။ ဤနေရာမှာ မှားဖြေမိလျှင် ချက်ချင်း သေရလိမ့်မည်။
"ဘာမှ... ဘာမှ မလုပ်ရသေးဘူး"
"သေးဘူး"
"အဲ…အဲဒါက ကျွန်တော် ဆိုလိုတာ မဟုတ်ဘူး..."
ထိုအမျိုးသမီးသည် ဂျန်းဂျာအစ်၏ ဗိုက်ကို အားကုန်ကန်လိုက်သည်။
ဖတ်
ထိုအသံနှင့်အတူ လွင့်စင်သွားသော ဂျန်းဂျာအစ်က နံရံတွင် စိုက်ဝင်သွားပြီး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာသည်။
"အွတ်..."
နာကျင်မှုကြောင့် ရုန်းကန်နေသော ဂျန်းဂျာအစ်သည် သတိလစ်သွားသည့်အလား ခေါင်းငိုက်စိုက်ကျသွားသည်။ ထိုအတောအတွင်း အမျိုးသမီးသည် အခန်းထဲသို့ အလျင်အမြန် ဝင်သွားပြီး ချွန်ယဲရန်း၏ ရှေ့တွင် ဒူးထောက်လိုက်သည်။
"မိန်းကလေးချွန် အဆင်ပြေရဲ့လား အို အခြေအနေကတော့ တကယ့်ကို..."
"ဒီအသံ... လူငယ်သူရဲကောင်းဂျင်လား"
"ဟုတ်ကဲ့ မှန်ပါတယ်"
"ဒါပေမဲ့ ရှင်က..."
"တစ်စုံတစ်ရာ အကြောင်းရင်း ရှိလို့ပါ။ အရင်ဆုံး ဒါတွေကို ဖြုတ်ပေးမယ်"
"သတိထားပါ။ ဒီအခန်းထဲမှာ အဆိပ်ငွေ့တွေ ရှိနေတယ်။ အတွင်းအား ပျက်စီးစေတဲ့ အဆိပ်ငွေ့ပုံပဲ..."
အဆိပ်ငွေ့များဖြင့် ပြည့်နှက်နေသော အခန်းထဲတွင်ပင် ဂျင်ဆိုဟွန်းက လွတ်လပ်စွာ လှုပ်ရှားနေသည်။
"ပြီးပြီ"
ချွန်ယဲရန်း အံ့အားသင့်နေစဉ်မှာပင် ဂျင်ဆိုဟွန်းက သူမ၏ လက်ခြေတို့ကို ချည်နှောင်ထားသော သံခြေချင်းများကို အားလုံး ဆွဲဖြုတ်လိုက်ပြီဖြစ်သည်။ ယခု ကျန်ရှိနေသည်မှာ ချွန်ယဲရန်း၏ လည်ပင်းတွင် ရှိသော သံကြိုးသာ ဖြစ်သည်။
ဂျင်ဆိုဟွန်းက လည်ပင်းကို ထိရန် တွေဝေနေချိန်တွင် ချွန်ယဲရန်းက ပြောသည်။
"ရပါတယ် လုပ်ပါ"
"အာ တောင်းပန်ပါတယ်"
ဂျင်ဆိုဟွန်းသည် သူမ၏ အရေပြားကို မထိမိအောင် အထူးဂရုစိုက်၍ လက်ကို တင်ကာ သံကြိုးကို ဆွဲဖြုတ်လိုက်သည်။ နောက်ဆုံးတွင် လွတ်လပ်ခွင့် ရသွားသော ချွန်ယဲရန်းက ထိုင်လိုက်သည်။
သို့သော် တစ်ပတ်တာ အစာမစား၊ ရေမသောက်ခဲ့ရသဖြင့် ခေါင်းမူးပြီး ယိုင်နဲ့သွားသည်။ အံ့အားသင့်သွားသော ဂျင်ဆိုဟွန်းက ချွန်ယဲရန်းကို အမြန် ထိန်းလိုက်သည်။
"အဆင်ပြေရဲ့လား"
"ကျွန်မ... အဆင်ပြေပါတယ်"
ချွန်ယဲရန်းသည် ကိုယ့်ဘာသာ ထရန် ကြိုးစားသော်လည်း ခန္ဓာကိုယ်က မလိုက်လျောပေ။ အစာငတ်မွတ်မှုနှင့် စုပုံနေသော အဆိပ်များကြောင့် သူမ၏ ခန္ဓာကိုယ်မှာ ပုံမှန် မဟုတ်တော့ပါ။ ချွန်ယဲရန်း ယိုင်နဲ့ပြီး လမ်းမလျှောက်နိုင်သည့်အခါ ဂျင်ဆိုဟွန်းသည် သူမကို ကျောပိုးပေးရန်မှလွဲပြီး တခြားနည်းလမ်း မရှိတော့ပေ။
"ဒီပေါ် တက်လိုက်ပါ"
"တက်ရမယ်"
"အခုလောလောဆယ် ဒီနည်းလမ်းပဲ ရှိတော့တယ်။ မြန်မြန် တက်ပါ"
တွေဝေနေသော ချွန်ယဲရန်းသည် ဤအတိုင်းဆိုလျှင် ဂျင်ဆိုဟွန်းလည်း လှုပ်ရှားနိုင်တော့မည် မဟုတ်ကြောင်း ရိပ်မိကာ သူ့ကျောပေါ်သို့ ကိုယ်ကို မှီလိုက်သည်။
"ကျေးဇူးပြုပြီး... စောင့်ရှောက်ပေးပါ"
"ဟုတ်ကဲ့"
ဂျင်ဆိုဟွန်း၏ ကျယ်ပြန့်သော ကျောပြင်ပေါ်တွင် ရှိနေသည့် ချွန်ယဲရန်းသည် ထူးဆန်းသော ခံစားချက်ကို ရရှိသည်။ သူမသည် တစ်စုံတစ်ယောက်၏ ကျောပေါ်တွင် ပထမဆုံးအကြိမ် ပိုးခံရခြင်းပင်။ အမှန်မှာ သူမသည် တစ်စုံတစ်ယောက်ကို ဘယ်သောအခါမျှ အားကိုးခဲ့ဖူးသူ မဟုတ်ပေ။
နွေးလိုက်တာ။
ဂျင်ဆိုဟွန်း၏ ကျောပြင်မှ ရရှိလာသော နွေးထွေးမှုကြောင့် ချွန်ယဲရန်း၏ ပါးပြင်များမှာ သူမပင် မသိလိုက်ဘဲ နီရဲသွားသည်။
"ဒီကောင်ကို ဘာလုပ်ကြမလဲ"
ချွန်ယဲရန်းကို ပိုးထားသော ဂျင်ဆိုဟွန်းက သတိလစ်နေသည့် ဂျန်းဂျာအစ်ဘေးသို့ ချဉ်းကပ်သွားသည်။
"သတ်ပစ်ချင်ပေမဲ့... သူက အရေးကြီးတဲ့ သက်သေတစ်ယောက် ဖြစ်နေဦးမှာ။ သူ့ကို ခေါ်သွားရမယ်"
ချွန်ယဲရန်း၏ အေးဆေးတည်ငြိမ်သော အသိဉာဏ်က အမှန်ပင် ချီးကျူးဖွယ်ကောင်းလှသည်။ ဂျန်းဂျာအစ်၏ ယုတ်မာမှုများကို ထည့်တွက်ကြည့်လျှင် သူ့ကို သတ်ပစ်လိုက်ခြင်းက ပို၍သင့်တော်သော်လည်း သူသည် အရေးကြီးသော သက်သေတစ်ယောက် ဖြစ်နေသည်။
အတည်ပြုပြီးနောက် ဂျင်ဆိုဟွန်းသည် ခဏမျှ စဉ်းစားကာ လက်ချောင်းလေးများကို တောက်လိုက်သည်။
"ဒီအတိုင်းဆိုရင်တော့ သူ့ကို ခေါ်သွားလို့ရပြီ"
"ငွေဒင်္ဂါး ငါးဆယ်ပဲလား ဟား ဒါတော့ လွန်တာပေါ့ ဒီကုန်စည်က အဆင့်မြင့်မားတဲ့အရာလို့ ကျွန်မ ပြောပြီးသားနော်။ မြင့်မြတ်တဲ့ မိသားစုကနေ အလိုလိုက် ပျိုးထောင်ထားတဲ့ မိန်းကလေးငယ်တစ်ယောက်လေ"
"ဒါပေမဲ့ အဲဒီအကြောင်းကြောင့်ပဲ သူ့မိသားစုက တောမီးလို လိုက်ရှာနေကြတာ မဟုတ်လား မိဘတွေတောင် မှတ်မိနိုင်တော့မှာ မဟုတ်တဲ့အထိ သူ့မျက်နှာကို ပြင်ပေးရတာ ဘယ်လောက်တောင် ကုန်ကျစရိတ် ကြီးသလဲဆိုတာ သိရဲ့လား"
"ကျွတ်"
ဘဲ့ဆောက စိတ်ပျက်လက်ပျက်ဖြင့် မျက်နှာရှုံ့မဲ့လိုက်စဉ် သူမ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ထိပ်ပြောင်ကြီးက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
"ဟားဟား တစ်ယောက်နဲ့တစ်ယောက် ဒီလောက်ထိ မျက်နှာပျက်နေဖို့ လိုလို့လား ကျွန်တော်တို့ဘက်ကလည်း ဘယ်ဟွာဂိတ် မပါဘဲ မဖြစ်သလို ဘယ်ဟွာဂိတ်ဘက်ကလည်း ကျွန်တော်တို့ မပါဘဲ မဖြစ်ဘူး မဟုတ်လား"
"ဟူး။ ကောင်းပြီ။ အဲဒီအခြေအနေနဲ့ပဲ ဒီတစ်ခေါက်တော့ ခွင့်လွှတ်ပေးလိုက်မယ်"
"အွတ်... အွတ်... အွတ်"
သူတို့နှစ်ယောက်ဘေးတွင် ဒူးထောက်နေသော အမျိုးသမီးငယ်လေးသည် ပါးစပ်ကို အဝတ်စဖြင့် ပိတ်ထားခြင်းခံထားရရင်း အကူအညီတောင်းနေသည်။ သို့သော် ဘဲ့ဆောနှင့် ထိုအမျိုးသားတို့မှာ သူမကို လုံးဝ ဂရုမစိုက်ကြပေ။
ထိုထက်မက ထိပ်ပြောင်ကြီးသည် ငိုနေသော အမျိုးသမီးကို လောဘဇောတိုက်ကာ ပြုံးပြလိုက်သည်။
"စိတ်မပူပါနဲ့။ ခင်ဗျားကို လိုချင်တဲ့လူက အသက် ခုနစ်ဆယ်ကျော်ပြီ ဒါပေမဲ့ သူက တကယ့်ကို သန်မာတဲ့သူပါ"
"အွတ်... အွတ်..."
"သူ့ကို ခေါ်သွားလိုက်ပါ။ ဆူညံလိုက်တာ"
"ဟုတ်ကဲ့"
အမိန့်ရလိုက်သော လူနှစ်ယောက်က အမျိုးသမီးကို ဆွဲခေါ်သွားကြချိန်တွင် ထိပ်ပြောင်ကြီးက တဏှာရမ္မက်အပြည့်ဖြင့် မေးလိုက်သည်။
"ကျွန်တော်ကြားတာတော့ ခင်ဗျားဆီမှာ မူရုံမျိုးနွယ်စုရဲ့ သမီးနဲ့ ဟွာဆန်းဂိုဏ်းက အမျိုးသမီးသိုင်းသမားတစ်ယောက်လည်း ရှိတယ်ဆို"
"ဟုတ်တယ်"
"ဟဲဟဲ... ဖြစ်နိုင်ရင် အဲဒီမိန်းမသားတွေကို ကျွန်တော် တွေ့လို့ရမလား..."
ထိုလူ စကားမဆုံးခင်မှာပင် ပိတ်ထားသော တံခါးကြီး ပွင့်ထွက်သွားပြီး လူအချို့ အတင်းဝင်ရောက်လာကြသည်။ ထိုလူမှာ သူတို့၏ ပုံစံကြောင့် မျက်မှောင်ကြုတ်လိုက်သည်။
"ဘာဖြစ်တာလဲ"
"ဒုတိယအကြီးအကဲအရေးပေါ်ကိစ္စ ဖြစ်နေပါပြီ"
"အရင်ရှင်းပြစမ်း"
"တဲအိမ်အကြီးအကဲ... တဲအိမ်အကြီးအကဲက တစ်ယောက်ယောက်ရဲ့ အတင်းအဓမ္မ ခေါ်ဆောင်သွားခြင်း ခံနေရပါတယ်"
"ဘာ... ဘာ"
အံ့ဩသွားသော ထိပ်ပြောင်ကြီးသည် ထိုင်ရာမှ ရုတ်တရက် ထရပ်လိုက်သည်။
"ငါနားလည်အောင် ရှင်းပြစမ်း တဲအိမ်အကြီးအကဲက ဘာဖြစ်တာလဲ"
"ကျွန်တော်ပြောသလိုပါပဲ။ အရပ်ရှည်တဲ့ အမျိုးသမီးတစ်ယောက်က နောက်ထပ် အမျိုးသမီးတစ်ယောက်ကို ကျောပိုးထားပြီး တဲအိမ်အကြီးအကဲကို သံကြိုးနဲ့ ဆွဲခေါ်သွားတာပါ"
ဒုတိယအကြီးအကဲမှာ လက်အောက်ငယ်သား၏ စကားကို လုံးဝ နားမလည်နိုင် ဖြစ်နေသည်။ သို့သော် ပြဿနာမှာ တဲအိမ်အကြီးအကဲကိုယ်တိုင် တစ်စုံတစ်ယောက်၏ ဆွဲခေါ်ရာသို့ ပါသွားရခြင်းပင်။
"ဘာဖြစ်တာလဲ သခင်မဘဲ့ဆော"
ဒုတိယအကြီးအကဲ၏ မေးခွန်းကြောင့် ဘဲ့ဆောက စိုးရိမ်တကြီးဖြင့် သူမ၏ လက်သည်းများကို ကိုက်လိုက်သည်။
"အဲဒီကောင်လေး...မဖြစ်နိုင်တာ..."
"အဲဒီကောင်လေး"
"လွန်ခဲ့တဲ့ တစ်နာရီခွဲလောက်ကပဲ ချွန်မိသားစုရဲ့ သမီးနဲ့ တခြား မိန်းမသားတွေကို ကယ်ဖို့အတွက် မိန်းကလေးအသွင်ဆောင်တဲ့ ယောကျ်ားတစ်ယောက် ပေါ်လာခဲ့တယ်။ သူတို့ကို အတွင်းအား ပျက်စီးစေတဲ့ အဆိပ်တွေ ကျွေးပြီး အလုံပိတ်အခန်းထဲ ထည့်ပိတ်ထားတာ သေချာပါတယ်..."
"သောက်ကျိုးနည်း ဘာလို့ အခုမှ လာပြောတာလဲ"
"အခု ဒါတွေကို ငြင်းခုံနေချိန် မဟုတ်ဘူး အခြေအနေကို အရင်ရှင်းကြရအောင်။ တစ်ယောက်တည်းဆိုတော့ ကျွန်မပဲ ဖြေရှင်းလိုက်မယ်"
"မြန်မြန် ဖြေရှင်းစမ်း ကုန်ပစ္စည်းတွေ ထိခိုက်မှု မဖြစ်ခင်ပေါ့"
ထိုင်ရာမှ ထလိုက်သော ဘဲ့ဆောက လက်ချောင်းများကို နှစ်ခါ တောက်လိုက်ရာ အဖြူရောင် ဝတ်ရုံများ ဝတ်ဆင်ထားသော လူများ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြသည်။ အရေအတွက်မှာ နှစ်ဆယ်ခန့် ရှိသည်။
"ငါ့နောက်ကို လိုက်ခဲ့"
သိုင်းသမားများကို ခေါ်ဆောင်ကာ ဘဲ့ဆော ဦးတည်သွားသည့် နေရာတွင် ဂျင်ဆိုဟွန်းတစ်ယောက် ချွန်ယဲရန်းကို ကျောပိုးထားရင်း ဂျန်းဂျာအစ်ကို သံကြိုးဖြင့် ဆွဲခေါ်လာသည်ကို တွေ့လိုက်ရသည်။
"ရပ်လိုက်"
ဘဲ့ဆော၏ အော်သံကြောင့် ဂျန်းဂျာအစ်ကို ဆွဲခေါ်နေသည့် ဂျင်ဆိုဟွန်းက ရပ်တန့်သွားသည်။ သူ့ကို မြင်လိုက်ရသော ဘယ်ဟွာဂိတ်မှ အမျိုးသမီးများမှာ ကြောက်လန့်တကြား ဖြစ်သွားကြသည်။
"မင်းတို့ ဘာလုပ်နေကြတာလဲ"
"ဘယ်ဟွာဂိတ်က အမျိုးသားတွေအတွက် တားမြစ်ထားတဲ့နေရာ မဟုတ်ဘူးလား ယောကျ်ားတွေ ရှိမနေသင့်ဘူး မဟုတ်လား"
ဂျင်ဆိုဟွန်း၏ မေးခွန်းကြောင့် ဘဲ့ဆော၏ မျက်ခုံးများ တုန်ယင်သွားသည်။
"သူက ဘယ်ဟွာဂိတ်ရဲ့ အရေးကြီးတဲ့ ဧည့်သည်ပါ"
"အာ သိပါတယ်။ ဘယ်ဟွာဂိတ်က ဗဟိုလွင်ပြင်ကနေ ခေါ်လာတဲ့ အမျိုးသမီးတွေကို ရောင်းဝယ်ဖောက်ကားနေတာ မဟုတ်လား ဒီကောင်လေးက အကုန်ပြောပြပြီးပြီ။ မဟုတ်ဘူးလား"
"အွတ်..."
ဂျန်းဂျာအစ် ညည်းညူရင်း ရုန်းကန်နေစဉ် ဂျင်ဆိုဟွန်းက သူ့ခေါင်းပေါ်သို့ ခြေတစ်ဖက် တင်လိုက်သည်။
"မဟုတ်ဘူးလား"
ခေါင်းပေါ်မှ ဖိအားကြောင့် ဂျန်းဂျာအစ်က အရေးပေါ် အော်ဟစ်လိုက်သည်။
"ဟုတ်တယ် ဟုတ်တယ်"
"မင်းက ဘယ်သူလဲ ဘယ်ဟွာဂိတ်ကို ဘာအတွက် ရောက်လာတာလဲ"
"ကျွန်…ကျွန်တော်က ဒူယုံတဲအိမ်ရဲ့ အကြီးအကဲဂျန်းဂျာအစ်ပါ ဒီကို ရောက်လာတာက..."
ဂျန်းဂျာအစ် တွေဝေပြီး အဖြေမပေးနိုင်သည့်အခါ ဂျင်ဆိုဟွန်းက ခြေထောက်ကို အားထည့်လိုက်သည်။
ခွပ်…
ခေါင်းကွဲထွက်တော့မည့် အခြေအနေကြောင့် ဂျန်းဂျာအစ် အော်ဟစ်လိုက်သည်။
"ဘယ်ဟွာဂိတ်က အမျိုးသမီးတွေကို အရောင်းအဝယ် လုပ်ဖို့အတွက်ပါ"
သူ့အော်ဟစ်သံကြောင့် အမှန်တရားကို သိလိုက်ရသည့် ဘယ်ဟွာဂိတ်မှ အမျိုးသမီးများက ဘဲ့ဆောကို မယုံနိုင်စရာ မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။
"ဘယ်လိုလဲ"
ဂျင်ဆိုဟွန်း၏ မေးခွန်းကြောင့် ဘဲ့ဆောသည် သူမ၏ ဆံပင်များကို နောက်သို့ ပစ်လှန်လိုက်ပြီး သက်ပြင်းရှည်ကြီး ချလိုက်သည်။
"ဟူး... ဒီကောင်စုတ်လေး... မင်း ဒီအတိုင်း ငြိမ်ငြိမ်လေး ထွက်သွားလိုက်ရမှာ။ ဘယ်ဟွာဂိတ်ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်လိုက်ရင် ဘာတွေဖြစ်လာမလဲဆိုတာ မင်း သိရဲ့လား"
ဂျင်ဆိုဟွန်းက သံကြိုးကို လွှတ်ချလိုက်ကာ ကျောပိုးထားသော ချွန်ယဲရန်းကိုလည်း သတိထား၍ ချပေးလိုက်သည်။
"ကျွန်တော် သိတယ်"
ဂျင်ဆိုဟွန်း၏ ခန္ဓာကိုယ်ထဲမှ အစွမ်းထက်သော အတွင်းအားများ ရုတ်တရက် ပေါက်ကွဲကာ ထွက်လာသည်။
"ခင်ဗျားတို့အပေါ်မှာ ကျွန်တော် သနားညှာတာဖို့ အကြောင်းပြချက် မရှိတော့ဘူးဆိုတာကိုလေ"