အခန်း ၁၁၇
Vol. 12 Ch. 117
အခန်း ၁၁၇
"သွေးအေးသေမင်းတမန် သေဆုံးသွားပြီ။ အရည်အသွေးမြင့် သံရိုင်းတွေ မြှုပ်နှံထားတဲ့ ဒွန်ဟိုတောင်က ဟီဘေပန်မျိုးနွယ်စုလက်ထဲ ရောက်သွားပြီပေါ့"
"လုံးဝကြီး ရောက်သွားတာတော့ မဟုတ်ပါဘူး။ ကြီးကြပ်မှု အပိုင်းလောက်ပါပဲ..."
"ဒီမိုက်မဲတဲ့ကောင် ပန်မျိုးနွယ်စုက အရေးအကြီးဆုံး ဦးစားပေးအခွင့်အရေးကို ပိုင်ဆိုင်ထားတာလေ အဲဒါကို ရောက်မသွားဘူးလို့ မင်းက ပြောနေတာလား"
"တောင်းပန်ပါတယ်"
"ပိတ်လိုက်စမ်း မင်းလို အရည်အချင်းမရှိတဲ့ကောင်အတွက် ဒီမဟာမိတ်အဖွဲ့ထဲမှာ နေရာမရှိဘူး။ ငါ့မျက်စိရှေ့ကနေ ဖယ်သွားစမ်း"
"တစ်…တစ်ကြိမ်လောက်ပဲ အခွင့်အရေးပေးပါဦး..."
မူယုံဆီမှာ ဒုတိယအခွင့်အရေးဆိုတာ မရှိချေ။
သူလိုချင်တာက အခွင့်အရေးတောင်းနေသည့်သူ မဟုတ်ဘဲ ရလဒ်ကောင်းများ ယူလာပေးနိုင်သည့်သူသာ ဖြစ်သည်။
ဒွန်ဟိုတောင် သံရိုင်းသိုက်ကို တာဝန်ယူရသည့် မဟာဗျူဟာမှူးမှာ မူယုံ၏ ရုံးခန်းထဲမှ အတင်းအကျပ် ဆွဲထုတ်ခြင်း ခံလိုက်ရသည်။ သူသည် မကြာခင်မှာပင် အသံတိတ် သတ်ဖြတ်ခြင်းခံရပြီး ဘယ်သူမှ မသိတဲ့နေရာတစ်ခုမှာ စွန့်ပစ်ခံရလိမ့်မည်။
သို့သော်လည်း လုပ်ဖော်ကိုင်ဖက် မဟာဗျူဟာမှူး ဖြစ်သူ၏ အကြည့်မှာမူ ငြိမ်သက်နေသည်။
"ဒီတစ်ခေါက်လည်း ဂျင်ဆိုဟွန်းပဲ။ အန်းဟွီက ဂျင်ဆိုဟွန်း၊ ဂွီကျိုးက ဂျင်ဆိုဟွန်း၊ ပြီးတော့ ဟီဘေက ဂျင်ဆိုဟွန်း... ဒီနာမည်ကိုပဲ ငါ ထပ်ကြားနေရဦးမှာလား"
"ဂန်စုကနေ သတင်းရောက်လာတယ် အကြီးအကဲ"
"နောက်ထပ်လား ဟားဟားဟား"
မူယုံသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီးမှ
"ဒီတစ်ခါ ဘာဖြစ်ပြန်တာလဲ"
"ဂန်စုမှာ လူကုန်ကူးမှုတွေ လုပ်နေတဲ့ ဘယ်ဟွာဂိတ် ပြိုလဲသွားပြီတဲ့"
"ဘယ်ဟွာဂိတ်လား... အဲဒီနေရာက ပန်းတစ်ထောင် လျှပ်စီးအမြောက်တွေကို မိုးရွာချသလို ပစ်မခတ်မချင်း ဘယ်တော့မှ အောင်နိုင်မှာမဟုတ်တဲ့ သဘာဝခံတပ်တစ်ခုလို့ ကြားဖူးတာပဲ။ ကျွတ် ဒါဆို ဘယ်လိုလုပ် အောင်နိုင်သွားတာလဲ"
"ကျွန်တော်တို့ သိသလောက်တော့... ဂျင်ဆိုဟွန်းက မိန်းကလေးအသွင်ဆောင်ပြီး ခိုးဝင်သွားတာတဲ့"
"မိန်းကလေးအသွင်ဆောင်တာ မိန်းကလေးအသွင်ဆောင်တာ ဟားဟားဟား"
ရုံးခန်းစားပွဲကို လက်ဖြင့် ပုတ်ခတ်ရယ်မောနေသော မူယုံက ရုတ်တရက် ရယ်သံရပ်တန့်သွားကာ သူ၏ အကြည့်များမှာ အေးစက်စက်နှင့် နက်ရှိုင်းသွားသည်။
"အဲဒီကောင်စုတ်လေး လှုပ်ရှားလိုက်တိုင်း မိစ္ဆာဂိုဏ်းရဲ့ ကြီးမားတဲ့ ရည်မှန်းချက်တွေ ဝေးကွာသွားသလိုမျိုး ညစ်ပတ်တဲ့ ခံစားချက်မျိုး ခံစားရတယ်။ နာမည်မဲ့တဲအိမ်ကရော ဘာသံမှ မကြားရဘူးလား"
"တဲအိမ်အကြီးအကဲကိုယ်တိုင် လှုပ်ရှားလိုက်ပြီလို့ ကြားပါတယ်"
"ဒီလူအိုကြီး နောက်ဆုံးတော့ ကိုယ်တိုင် လှုပ်ရှားလာပြီပေါ့။ အခြေအနေရဲ့ ပြင်းထန်မှုကို နောက်ဆုံးတော့ သဘောပေါက်သွားပြီပေါ့"
"ဟုတ်ပါတယ်"
နာမည်မဲ့တဲအိမ်အကြီးအကဲသတ်ဖို့ ပျက်ကွက်ခဲ့ဖူးသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်မှာ အဖြူရောင်လနန်းတော်၏ အရှင်သခင် ချွန်ယူဆင်ပင်။
သူသည် ဗဟိုလွင်ပြင်၏ ထိပ်တန်းသိုင်းသမား ငါးဦးထဲတွင် ထိပ်ဆုံး၌ ရှိသူဖြစ်သည်။ ကောင်းကင်အောက်မှာ နံပါတ်တစ်လို့ ခေါ်ဝေါ်လျှင်ပင် မထူးဆန်းသော ပုဂ္ဂိုလ်ဖြစ်သည်။
သို့သော် မူယုံသည် ချွန်ယူဆင်ထက် ဂျင်ဆိုဟွန်းကို ပို၍ စိုးရိမ်နေသည်။
မာဆောင်ဝန်ဆိုတဲ့ ကောင်စုတ်လေးက အကြောင်းမဲ့ ဂျင်ဆိုဟွန်းကို ဒီလောက်ထိ စွဲလမ်းနေမှာ မဟုတ်ဘူး။
ဂျင်ဆိုဟွန်း ပြသခဲ့သည့် လမ်းကြောင်းမှာ ထူးခြားလွန်းသည်။ သူ့၏ တိုးတက်နှုန်းနှင့် ခွန်အားမှာ ပုံမှန်မဟုတ်ပေ။ ကောင်းကင်ဘုံက နောက်ပြောင်နေသကဲ့သို့ပင်။
"ဆောလ်ဖျောင်း"
"ဟုတ်ကဲ့ အကြီးအကဲ"
"အသုံးဝင်မယ့် ကောင်စုတ်လေးတွေကို စုစည်းလိုက်"
"နားလည်ပါပြီ"
"ပစ်မှတ်က... ရှန်ရှီးက ဂျင်မိသားစုပဲ"
"ဂျင်ဆိုဟွန်းကို အပြင်ထွက်လာအောင် ဆွဲထုတ်ဖို့ သုံးမလို့လား"
"ဟုတ်တယ်။ ဂျင်ဆိုဟွန်းရဲ့ အလားအလာ မပုံမှန်ဘူးဆိုတာ သိုင်းလောက မဟာမိတ်အဖွဲ့လည်း သိမှာပါ။ သူတို့ရဲ့ ခံတပ်ထဲကနေ ထွက်လာအောင် သူ့အိမ်ကို တိုက်ခိုက်ရမယ်။ ပြီးတော့ အဲဒီကောင်စုတ်လေး အပြင်ထွက်လာတဲ့အခါမှာ..."
မူယုံ၏ လက်ချောင်းများက စားပွဲကို ကုတ်ခြစ်လိုက်သည်။
"နာမည်မဲ့ဧည့်သည်က သူ့လည်ပင်းကို ဖြတ်ပစ်လိမ့်မယ်"
"အို ကောင်းကင်ကို ဆန့်ကျင်သူပြန်ရောက်လာပြီ"
သွေးနတ်ဆိုးဂိုဏ်းမှ နောက်လိုက်များက ကြမ်းပြင်ပေါ်တွင် တစ်ပြိုင်နက် ဝပ်တွားကာ မာဆောင်ဝန်ကို ဂါရဝပြုကြသည်။ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသော မြင်ကွင်းဖြစ်သော်လည်း သူ အသားမကျနိုင်သေးပေ။
မာဆောင်ဝန်သည် နောက်လိုက်များကြားမှ ဖြတ်လျှောက်လာပြီး သူနှင့် ရင်းနှီးသော အမျိုးသားတစ်ဦးရှေ့တွင် ရပ်လိုက်သည်။
"ပြောတဲ့အတိုင်းပဲ သွေးချီစွမ်းအင်ကျောက်စိမ်းထဲမှာ ရှိတဲ့ သိုင်းသမားတွေရဲ့ သွေးကို ယူလာခဲ့ပြီ"
"ကောင်းလိုက်တာ ဒါဆိုရင် ပထမအဆင့် ပြင်ဆင်မှု ပြီးဆုံးသွားပြီ။ ဒီဘက်ကို လိုက်ခဲ့ပါ"
ငယ်ရွယ်သော နောက်လိုက်၏ နောက်တွင် လိုက်ပါသွားရင်း မာဆောင်ဝန်သည် ထုဆစ်ထားသော အနက်ရောင် ကျောက်တုံးဖြင့် ပြုလုပ်ထားသည့် ယဇ်ပလ္လင်ရှေ့တွင် ရပ်လိုက်သည်။
"ဒီမှာ ထိုင်ပေးပါ"
ဝီဂျာဆောင်ဟု အမည်ခံထားသည့် ထိုလူငယ်သည် မာဆောင်ဝန်ကို ယဇ်ပလ္လင်၏ အလယ်တွင် ထိုင်ခိုင်းလိုက်သည်။ မာဆောင်ဝန်သည် သူပြောသည့်အတိုင်း ခြေထောက်ကို ချိတ်ပြီး ထိုင်လိုက်သည်။
"အခု သွေးချီစွမ်းအင်ကျောက်စိမ်းကို ခင်ဗျားရဲ့ ဒန်ထျန်အမြင့်မှာ ကိုင်ထားပြီး မျက်လုံးကို မှိတ်လိုက်ပါ"
"ဒီအရာနဲ့ တကယ်ပဲ ပိုသန်မာလာမှာလား"
"ဟုတ်ပါတယ်။ ဒါက တံခါးဖွင့်ခြင်းရဲ့ ပထမအဆင့်ပါ။ ဒါပေမဲ့ ကောင်းကင်ကို ဆန့်ကျင်သူက သွေးချီစွမ်းအင်ကျောက်စိမ်းကို အပြည့်အဝ လက်ခံလိုက်ပြီဆိုရင်တော့... အဲဒီအခါမှာ... လောကမှာ ဘယ်သူမှ ခင်ဗျားရဲ့ ပြိုင်ဘက် မဖြစ်နိုင်တော့ဘူး"
မာဆောင်ဝန်သည် ဝီဂျာဆောင် ပြောသည့်အတိုင်း သွေးချီစွမ်းအင်ကျောက်စိမ်းကို ဒန်ထျန်နားသို့ ယူဆောင်သွားလိုက်သည်။ ထို့နောက် ရုတ်တရက် စပ်စုချင်စိတ် ပေါ်လာသည်။
"ခင်ဗျားတို့ သွေးချီစွမ်းအင်ကျောက်စိမ်းကို ဘယ်လို ဖန်တီးခဲ့တာလဲ"
"သွေးချီစွမ်းအင်ကျောက်စိမ်းကို ဖန်တီးခဲ့တာ မဟုတ်ပါဘူး သူက ရှိနှင့်ပြီးသားပါ"
"ရှိနှင့်ပြီးသား ဟုတ်လား"
"ဟုတ်ပါတယ်။ သွေးချီစွမ်းအင်ကျောက်စိမ်းကို ဘယ်သူက ဖန်တီးခဲ့တာလဲ၊ ဘယ်လိုမျိုး ဖန်တီးခဲ့တာလဲဆိုတာကို ကျွန်တော်တို့လည်း မသိပါဘူး။ ကျွန်တော်တို့ သိတာကတော့ သွေးချီစွမ်းအင်ကျောက်စိမ်းကို အသုံးပြုပုံလောက်ပဲ"
ဝီဂျာဆောင်သည် မာဆောင်ဝန်၏ ရှေ့တွင် ဒူးထောက်လိုက်ပြီး စိတ်ခံစားမှု ကင်းမဲ့သော မျက်နှာဖြင့် ပြုံးပြသည်။
"သွေးချီစွမ်းအင်ကျောက်စိမ်းက ကျွန်တော်တို့ကို ရှာတွေ့တာ မဟုတ်ပါဘူး။ သူကိုယ်တိုင် ကျွန်တော်တို့ဆီ ရောက်လာတာပါ။ အဲဒီအချိန်မှာပဲ ကျွန်တော်တို့ကို မြင့်မြတ်တဲ့ တာဝန်တစ်ခုကို အပ်နှင်းခဲ့ပါတယ်"
ယခုအခါ ဝီဂျာဆောင်၏ အကြည့်တို့သည် အိပ်မက်မက်နေသကဲ့သို့ မှိုင်းညို့လာသည်။
"သွေးနတ်ဆိုးဂိုဏ်းရဲ့ နောက်လိုက်တွေမှာ တစ်ခါတလေ အိပ်မက်တွေ ရှိတတ်ကြပါတယ်။ အချို့က အတိတ်ကို၊ အချို့က ပစ္စုပ္ပန်ကို၊ အချို့က အနာဂတ်ကို အိပ်မက်မက်ကြပါတယ်"
"ဒါဆို ခင်ဗျားရော အိပ်မက်မက်သလား"
"မက်ပါတယ်။ ဂုဏ်ယူစရာကောင်းတာက ကျွန်တော်က တခြားနောက်လိုက်တွေနဲ့ မတူတဲ့ အိပ်မက်တစ်ခုကို မက်ပါတယ်"
"ဘာအိပ်မက်လဲ"
"အဲဒါကတော့... တခြားကမ္ဘာတစ်ခုရဲ့ အိပ်မက်ပါ"
"တခြားကမ္ဘာတစ်ခု ဟုတ်လား..."
"ညတိုင်း အိပ်မက်မက်တဲ့အခါ ဗဟိုလွင်ပြင်ရဲ့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ကို မြင်ရပါတယ်။ ဒါပေမဲ့ ထူးဆန်းတဲ့ အချက်တစ်ချက် ရှိနေတယ်"
ဝီဂျာဆောင်သည် လက်နှစ်ဖက်ကို ကောင်းကင်သို့ ဆန့်တန်းလိုက်သည်။
"အတိတ်ကနေ အနာဂတ်ဆီကို သွားတဲ့ လမ်းကြောင်းတွေက အဆုံးမရှိ များပြားလှပါတယ်။ ဒါပေမဲ့ အနာဂတ်ဆီကို အဆုံးမရှိ ဆန့်ထွက်နေတဲ့ အတိတ်ရဲ့ အကိုင်းအခက်တွေက... နောက်ဆုံးတော့ အနာဂတ်တစ်ခုတည်းမှာပဲ အဆုံးသတ်သွားတယ်"
မာဆောင်ဝန်နှင့် ဝီဂျာဆောင်တို့၏ အကြည့်ချင်း ဆုံသွားသည်။
"လူတစ်ယောက် ရှိတယ်။ သူက လက်ဆယ်ချောင်း မရှိပေမဲ့ ဓားဆယ်လက်ကို လွတ်လပ်စွာ ကိုင်တွယ်နိုင်တယ်၊ ဘာနဲ့မှ မမီနိုင်တဲ့ လျင်မြန်တဲ့ ခြေလှမ်းတွေ ရှိတယ်၊ ပြီးတော့ ချီစွမ်းအင်မျိုးစုံကို ထည့်သွင်းနိုင်တဲ့... ကြီးမားတဲ့ ပင်လယ်ပြင်လိုမျိုး ခန္ဓာကိုယ်ရှိတယ်"
ဝီဂျာဆောင်၏ ရှင်းပြချက်ကြောင့် မာဆောင်ဝန်၏ မျက်နှာမှာ တင်းမာသွားသည်။ သူ ပြောနေသူမှာ မည်သူဖြစ်ကြောင်း သိနေသကဲ့သို့ပင်။
"ခင်ဗျား မကြောက်ဘူးလား အဆုံးမရှိတဲ့ ဖြစ်နိုင်ခြေတွေရှိတဲ့ ပစ္စုပ္ပန်က နောက်ဆုံးတော့ အနာဂတ်တစ်ခုတည်းမှာပဲ အဆုံးသတ်သွားမှာကိုလေ"
ဝီဂျာဆောင်က ခေါင်းမော့လိုက်သည်။
"ကျွန်တော် ကြောက်ပါတယ်။ အဆုံးမရှိ ပြန့်ကျဲနေတဲ့ ဖြစ်နိုင်ခြေတွေက နောက်ဆုံးမှာ လူတစ်ယောက်ကြောင့် အနာဂတ်တစ်ခုတည်းပဲ ကျန်ရစ်မှာကို... ညတိုင်း အဆုံးသတ်တစ်ခုဆီကို အလျင်အမြန် ရောက်သွားတဲ့ ပစ္စုပ္ပန်ကို ကျွန်တော် ကြောက်တယ်"
"ဒါဆို ခင်ဗျားက ကျွန်တော့်ကို အနာဂတ်ကနေ အတိတ်ကို ခေါ်လာခဲ့တာပေါ့"
"ဟုတ်ပါတယ်။ အတိတ်မှာဖြစ်စေ၊ ပစ္စုပ္ပန်မှာဖြစ်စေ အဲဒီလူကို အနိုင်ယူဖို့ နည်းလမ်းမရှိဘူး။ ဒါကြောင့် အနာဂတ်အားလုံးကို သိတဲ့ အနာဂတ်က လူတစ်ယောက်ကို အတိတ်ဆီ ခေါ်လာခဲ့တာ... ဖြစ်နိုင်ခြေ အဆုံးမရှိတာတွေကို လက်ထဲမှာ ဆုပ်ကိုင်ထားပြီး တစ်ယောက်တည်း ကျန်ရစ်ချင်တဲ့ အဲဒီလူကို သတ်ဖို့အတွက်ပေါ့။ ကျွန်တော် ခင်ဗျားကို ခေါ်လာတာပါ"
"ကျွန်တော် လာမယ်ဆိုတာ ခင်ဗျား သိခဲ့သလား"
"ကျွန်တော် မသိပါဘူး။ ခင်ဗျားကို ဒီနေရာကို ခေါ်လာတဲ့သူက တခြားကမ္ဘာတစ်ခုက ကျွန်တော်ပါ"
"တခြားကမ္ဘာတစ်ခုက ခင်ဗျား ဟုတ်လား"
"ဟုတ်ပါတယ်။ ခင်ဗျား သိတဲ့အတိုင်းပဲ တခြားကျွန်တော်တစ်ယောက်က အရောင်မှိန်သွားတဲ့ သွေးချီစွမ်းအင်ကျောက်စိမ်းကတစ်ဆင့် အနာဂတ်က လူတစ်ယောက်ကို အတိတ်ဆီ ခေါ်လာဖို့ ကြိုးစားခဲ့တာ အောင်မြင်ခဲ့တယ်ဆိုတာကို ကျွန်တော် သိလိုက်ရတယ်။ ပြီးတော့ ကျွန်တော်က သွေးချီစွမ်းအင်ကျောက်စိမ်းအစား သွေးကျောက်နီဓားကို မိစ္ဆာဂိုဏ်းအကြီးအကဲဆီ ပေးလိုက်တယ်၊ အဲဒီကတစ်ဆင့် ကောင်းကင်ကို ဆန့်ကျင်သူက ကျွန်တော့်ဆီ ရောက်လာခဲ့တာပါ"
ပြန်တွေးကြည့်တော့ ထိုအရာက မှန်နေသည်။
ဒီကမ္ဘာမှာ ဝီဂျာဆောင်က သွေးချီစွမ်းအင်ကျောက်စိမ်းအစား သွေးကျောက်နီဓားကို ဇူးထျန်းဆီ ပေးခဲ့ခြင်းပင်။ ဆိုလိုသည်မှာ ဤကမ္ဘာ၌ သွေးချီစွမ်းအင်ကျောက်စိမ်းမှာ မာဆောင်ဝန်ထံသို့ ဘယ်သောအခါမျှ မရောက်ရှိခဲ့ပေ။ တစ်နည်းအားဖြင့် မာဆောင်ဝန် ပြန်ရောက်လာသည့် အတိတ်မှာ သူရှိခဲ့ဖူးသည့် ကမ္ဘာ၏ အတိတ်မဟုတ်ဘဲ တခြားကမ္ဘာတစ်ခု၏ အတိတ်သာ ဖြစ်သည်။
"ကျွန်တော့်ရဲ့ အခန်းကဏ္ဍက အခု တစ်ခုပဲ ရှိတော့တယ်"
"အဲဒီလူကို သတ်ဖို့အတွက် သွေးချီစွမ်းအင်ကျောက်စိမ်းကို သုံးအောင် ကူညီပေးဖို့လား"
ဝီဂျာဆောင်သည် မာဆောင်ဝန်ကို ပီတိဖြာနေသော မျက်နှာဖြင့် ပြန်ကြည့်သည်။
"ဟုတ်ပါတယ်။ အဲဒီကတစ်ဆင့် ကမ္ဘာကြီးက သူ့ရဲ့ အဆုံးမရှိတဲ့ ဖြစ်နိုင်ခြေတွေကို ပြန်ရလာမှာပါ"
"ခင်ဗျားစကားတွေက ကျွန်တော် နားမလည်နိုင်တာတွေနဲ့ ပြည့်နေတုန်းပဲ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ကျွန်တော်သာ ပိုသန်မာလာနိုင်မယ်ဆိုရင် ဘာမဆို လုပ်မှာပါ"
"ကျွန်တော် ကူညီပေးပါ့မယ်။ သွေးနတ်ဆိုးဂိုဏ်းက ခင်ဗျားကို ဘယ်သူမှ မတားဆီးနိုင်တဲ့ အချိန်တိုင်းရဲ့ နံပါတ်တစ်အဖြစ် ဖန်တီးပေးပါ့မယ်။ အခု မျက်လုံးကို မှိတ်လိုက်ပါ"
ဝီဂျာဆောင်၏ လမ်းညွှန်ချက်အတိုင်း မာဆောင်ဝန်က မျက်လုံးများကို မှိတ်လိုက်သည်။ စောင့်ဆိုင်းနေသော သွေးနတ်ဆိုးဂိုဏ်းမှ နောက်လိုက်များသည် အနားသို့ လျှောက်လာပြီး ဂါထာများကို ရွတ်ဖတ်ကြသည်။ သူတို့၏ ဂါထာသံနှင့်အတူ သွေးချီစွမ်းအင်ကျောက်စိမ်းက အလင်းများ ထွက်ပေါ်လာသည်။
"ဒါက တံခါးဖွင့်ခြင်း အခမ်းအနားရဲ့ အစပဲ"
မာဆောင်ဝန်၏ ဝမ်းဗိုက်တွင် အပေါက်တစ်ခု ပွင့်လာပြီး သွေးချီစွမ်းအင်ကျောက်စိမ်းမှာ ထိုးဝင်သွားသည်။ တစ်ကိုယ်လုံး ဆူပွက်နေသော ဆီအိုးထဲ ပစ်ချခံလိုက်ရသကဲ့သို့ နာကျင်မှုများ ခံစားရသော်လည်း မာဆောင်ဝန်သည် အံတင်းတင်းကြိတ်ကာ သည်းခံလိုက်သည်။
ခဏအကြာတွင် သွေးချီစွမ်းအင်ကျောက်စိမ်းက သူ၏ ခန္ဓာကိုယ်ထဲသို့ ရောက်သွားသည်။ တစ်ချိန်တည်းမှာပင် လူဆယ်ဂဏန်း၏ မှတ်ဉာဏ်များမှာ မာဆောင်ဝန်၏ ဦးခေါင်းထဲသို့ လည်ပတ်လာသည်။
ဒါက
အဲဒါတွေက မာဆောင်ဝန် သွေးကျောက်နီဓားဖြင့် သတ်ခဲ့ဖူးသည့် လူများ၏ မှတ်ဉာဏ်များပင်။ မာဆောင်ဝန်သည် သူတို့၏ သိုင်းပညာများကို မှတ်ဉာဏ်များမှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးဖြင့် လက်ခံလိုက်သည်။ ထို့နောက် သွေးချီစွမ်းအင်ကျောက်စိမ်း သိမ်းဆည်းထားသည့် သူတို့၏ အတွင်းအားများက မာဆောင်ဝန်၏ ဒန်ထျန်ထဲသို့ စုပ်ယူခြင်း ခံလိုက်ရသည်။
ကွီ... ကွီ...
ဦးခေါင်းကွဲသွားမတတ် နာကျင်မှုကို ခံစားရပြီး ဒန်ထျန်ထဲတွင် မိုးခြိမ်းသံများ ပေါက်ကွဲနေသကဲ့သို့ပင်။ သို့သော်လည်း မာဆောင်ဝန်သည် သည်းခံကာ ဇွဲရှိရှိ ကျင့်ကြံလိုက်သည်။
ထာဝရ အချိန်ကာလတစ်ခု ကုန်ဆုံးသွားသည့်အလား ခံစားရပြီးနောက် မာဆောင်ဝန်သည် ပိတ်ထားသော မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏ မျက်ဝန်းများမှ သွေးရောင်အလင်းများ စီးဆင်းနေသည်။
"သွေးနတ်ဆိုး ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်"
"သွေးနတ်ဆိုး..."
တံခါးဖွင့်ခြင်း အခမ်းအနားမှတစ်ဆင့် သွေးချီစွမ်းအင်ကျောက်စိမ်းကို လက်ခံလိုက်သော မာဆောင်ဝန်က ထူးဆန်းသော ခံစားချက်ကို ရရှိသည်။
"ကျွန်တော် အသစ်ပြန်မွေးဖွားလာသလိုပဲ"
"ခင်ဗျား အသစ်ပြန်မွေးဖွားလာတာပါ။ လူ့ခန္ဓာကိုယ်အညံ့စားကို စွန့်ပယ်ပြီး သွေးနတ်ဆိုးအဖြစ် ပြန်လည်မွေးဖွားလာတာပါ"
မာဆောင်ဝန်သည် ဦးခေါင်းထဲတွင် ရှင်းလင်းစွာ ထွင်းထုထားသည့် သိုင်းပညာရှင်အမျိုးမျိုး၏ သိုင်းကွက်များကို ပြန်လည်အောက်မေ့လိုက်သည်။ ဦးခေါင်းထဲတွင် စဉ်းစားလိုက်ရုံနှင့်ပင် သူ၏ လက်နှင့်ခြေတို့က အလိုအလျောက် လှုပ်ရှားနေသည်။
"အံ့ဩစရာပဲ။ ကျွန်တော် သူတို့ဖြစ်သွားသလိုပဲ"
"အဲဒါ သွေးချီစွမ်းအင်ကျောက်စိမ်းရဲ့ စစ်မှန်တဲ့ စွမ်းအားပါ။ သူတို့ရဲ့ သွေးကတစ်ဆင့် သူတို့ရဲ့ သိုင်းပညာနဲ့ ခွန်အားကို ရယူနိုင်တဲ့ စွမ်းအားပါ။ ဒါက သွေးနတ်ဆိုးရဲ့ စွမ်းအားပဲ"
မာဆောင်ဝန်သည် လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ လက်တစ်ဆုပ်စာနှင့်ပင် တိုင်တောင်ကို လွင့်စင်သွားအောင် လုပ်နိုင်သကဲ့သို့ စွမ်းအားကြီးမားသော ခွန်အားကို ခံစားလိုက်ရသည်။ သွေးနတ်ဆိုး၏ စွမ်းအားတွင် မူးယစ်နေသော မာဆောင်ဝန်ကို ကြည့်ရင်း ဝီဂျာဆောင်လည်း စိတ်လှုပ်ရှားနေသည်။
"နောက်ဆုံးတော့..."
သူ၏ ရည်မှန်းချက် ပြည့်ဝသွားသည့် အခိုက်အတန့် ဖြစ်သည်။ အဆုံးတစ်ခုတည်းတွင် အဆုံးသတ်သွားသည့် ဖြစ်နိုင်ခြေ အဆုံးမရှိသော အရာများက အခုဆိုလျှင် လွတ်မြောက်
နိုင်တော့မည် ဖြစ်ကာ ကမ္ဘာကြီး ပျက်စီးသွားမည်ဆိုလျှင်တောင်မှပင်။
နဂါးပြာတာအိုကျောင်းတော်၏ တစ်နေ့တာက အမြဲတမ်း ပုံမှန်အတိုင်းပင် စီးဆင်းနေသည်။ ပြောင်းလဲသွားသည်မှာ ပထမဆုံး တကယ့် တာဝန်ကို ပြီးမြောက်ပြီး ပြန်လာကြသည့် သိုင်းပညာရှင်များ၏ စိတ်နေစိတ်ထားပင်။
လောကကြီး၏ ရက်စက်မှုနှင့် သူတို့၏ အားနည်းချက်ကို သိမြင်ပြီး တာအိုကျောင်းတော်သို့ ပြန်လာကြသော သိုင်းပညာရှင်များသည် ပုံမှန်ထက် ပို၍ လေ့ကျင့်ခန်း လုပ်ဆောင်နေကြသည်။
သေချာသည်မှာတော့ လူတစ်ယောက်ကလွဲရင်ပင်…..
"ဟား..."
ဂျင်ဆိုဟွန်းကတော့ ချွင်းချက် ဖြစ်သည်။
ဟီဘေနှင့် ဂန်စုတို့တွင် တာဝန်များကို အောင်မြင်စွာ ပြီးမြောက်ခဲ့သော ဂျင်ဆိုဟွန်းသည် အမြဲတမ်းလိုလို ပျင်းရိစွာဖြင့် အချိန်ဖြုန်းနေသည်။ အမြဲလိုလို ပျင်းရိနေသည့် ဂျင်ဆိုဟွန်းကို မကျေမနပ်ဖြင့် ကြည့်နေသူများ ရှိသော်လည်း အချို့သူများ၏ အပြုအမူမှာတော့ များစွာ ပြောင်းလဲသွားသည်။
"အစ်ကို ဒီမှာ ရေ..."
"ဟုတ်။ ကျေးဇူးတင်ပါတယ်"
ပန်အိုဂျောင်သည် သူ၏ မိသားစုဝင် ပန်ရှောင်ဖုန်းထက်ပင် ဂျင်ဆိုဟွန်း၏ နောက်သို့ ပို၍ လိုက်ပါနေသည်။
"ဟူး ဟူး ဒီ... ဒီလိုမျိုးလား"
"ဟုတ်တယ်။ သိုင်းပညာအားလုံးရဲ့ အခြေခံက ခါးအောက်ပိုင်းပဲ။ ဓားကို အားပါစေဖို့အတွက် ခန္ဓာကိုယ်ကို ထိန်းပေးနိုင်တဲ့ ခိုင်မာတဲ့ ခါးအောက်ပိုင်း ရှိဖို့ လိုတယ်"
"ဟုတ်"
အွန်းဘန်သည် အဖွဲ့တူ ဖြစ်သည့် ယူအူဆွန်းကို ကြိုးစားပမ်းစား ဂရုစိုက်ပေးနေသည်။ ယူအူဆွန်းသည် ကွန်းတုန်ဂိုဏ်းမှ တပည့်မဟုတ်သော်လည်း ဂျင်ဆိုဟွန်းက သူ့ကို ညီငယ်တစ်ယောက်လိုပင် သင်ကြားပေးနေသည်။ ဆန်ဆွတ်လည်း သူတို့နှင့်အတူ ရှိနေပြီး ထိုသူသုံးဦးမှာ ဘာမျှမဖြစ်ခဲ့သလို ဂျင်ဆိုဟွန်း၏ ပတ်ဝန်းကျင်တွင် အမြဲရှိနေကြသည်။
"တတိယပုံစံကနေ စတုတ္ထပုံစံကို ပြောင်းတာ ချောမွေ့မနေဘူး။ အသက်ရှူတဲ့နေရာမှာ ပြဿနာ ရှိနေတယ် ထင်တယ်"
"ဟုတ်လား... ကျေးဇူးတင်ပါတယ် မိန်းကလေးချွန်"
"ဒီတစ်ခါတော့ ကျွန်မကို ကြည့်ပေးပါဦး"
မူရုံဆူဆူသည် ချွန်ယဲရန်းထံမှ သင်ခန်းစာများ ရယူနေပြီး အိုဆောဟွာလည်း သူတို့နှင့်အတူ ရှိနေသည်။ ဟွမ်းဆောဟွန်းနှင့် ဂျူဆိုမီတို့လည်း သူတို့အနီးတွင် ရှိနေသော်လည်း ချွန်ယဲရန်းကို အကူအညီ တောင်းရန် မရင်းနှီးသေးသဖြင့် အနည်းငယ် အဆင်မပြေဖြစ်နေပုံ ရသည်။ သို့သော် သူတို့လည်း ဂျင်ဆိုဟွန်း၏ ပတ်ဝန်းကျင်တွင်သာ ရှိနေကြသည်။
"ဘာလို့ အဲဒီလူတွေက သခင်လေးဂျင်ရဲ့ ဘေးကနေ မခွာကြတာလဲ"
"ဘယ်သူ သိမှာလဲ..."
"မိန်းကလေးချွန်လည်း ရှိနေတာပဲ"
"အို ဘာလို့ မိန်းကလေးချွန်က အဲဒီလို ပျင်းရိနေတဲ့သူနဲ့ အတူတူ ရှိနေရတာလဲ"
အခြေအနေကို မသိကြသည့် သိုင်းပညာရှင်များက မနာလိုခြင်းနှင့် အားကျခြင်းများ ရောထွေးနေသော မျက်လုံးများဖြင့် ဂျင်ဆိုဟွန်းကို စိုက်ကြည့်နေကြသည်။
ထိုအခြေအနေအတွက် အဓိကဇာတ်ကောင်ဖြစ်သူ ဂျင်ဆိုဟွန်းမှာ အလွန်ပင် မကျေမနပ် ဖြစ်နေရသည်။
ဘာလို့ လူတိုင်းက ငါ့ပတ်ဝန်းကျင်မှာ လာစုနေကြတာလဲ။
သက်သောင့်သက်သာ အနားယူဖို့ဆိုလျှင် ပတ်ဝန်းကျင်ကလည်း အရေးကြီးသည်။ မျက်လုံးမှိတ်ပြီး ကောင်းကောင်း အိပ်စက်နိုင်ဖို့အတွက် ပတ်ဝန်းကျင်က တိတ်ဆိတ်ပြီး သီးသန့်ဆန်ဖို့ လိုအပ်သည်။
သို့သော် ယခုအချိန်တွင် ချွန်ယဲရန်း၊ မူရုံဆူဆူ၊ အိုဆောဟွာ၊ ဟွမ်းဆောဟွန်းနှင့် ဂျူဆိုမီတို့ ပါဝင်သည့် အမျိုးသမီး သိုင်းသမားအဖွဲ့က သူ့ဘယ်ဘက်ခြမ်းကို သိမ်းပိုက်ထားကာ ခဏကတည်းက စကားတွေ ဗျစ်တောက်ဗျစ်တောက် ပြောနေကြသည့် ပန်ရှောင်ဖုန်း၊ ပန်အိုဂျောင်၊ အွန်းဘန်၊ ဆန်ဆွတ်၊ ယူအူဆွန်းနှင့် ဇူဂယ်မင်တို့ ပါဝင်သည့် အမျိုးသားအဖွဲ့ကလည်း သူ့ညာဘက်ခြမ်းကို သိမ်းပိုက်ထားပြန်သည်။
အုပ်စုတစ်စု၏ ဗဟိုချက်မ ဖြစ်လာရသဖြင့် ဂျင်ဆိုဟွန်းမှာ ဘာလုပ်ရမှန်းမသိဘဲ အသက်မဲ့နေသော မျက်နှာဖြင့် သက်ပြင်းသာ ချနေမိသည်။
"ကျေးဇူးပြုပြီး... အားလုံးပဲ ဟိုဘက်ကို သွားပေးကြပါလား"
သေချာသည်မှာ ဂျင်ဆိုဟွန်း၏ အသံမဲ့ အော်ဟစ်တောင်းဆိုမှုကို မည်သူမျှ ကြားမသွားကြပေ။