အခန်း ၁၁၉
Vol. 12 Ch. 119
အခန်း ၁၁၉
ညစာစားပြီးနောက် သူတို့နှစ်ယောက်သည် မှောင်မိုက်သောဂူဆီသို့ ဦးတည်သွားကြသည်။
ဂျုံရိုအာနှင့် လေ့ကျင့်ပွဲအတွက် မှောင်မိုက်သောဂူကို အသုံးပြုခွင့်ပေးဖို့ ဂျင်ဆိုဟွန်းက ဂွမ်မြောင်ထံမှ ခွင့်ပြုချက် တောင်းယူထားခဲ့ခြင်းပင်။
"တင်းကျပ်တဲ့ တာအိုကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီးကတောင် မှောင်မိုက်တဲ့ဂူကို သုံးခွင့်ပေးတယ်ဆိုတော့ မမျှော်လင့်ထားစရာပဲ။ ဒါမှမဟုတ်..."
ဓားကို လည်ပတ်နေသော ဂျုံရိုအာက ခါးသက်သက် ပြုံးလိုက်သည်။
"ပိုက်ဆံက ကောင်းတယ်လို့ ပြောရမလား"
"အဓိပ္ပာယ်မရှိတဲ့ စကားတွေ ရပ်ပြီး မြန်မြန် စကြရအောင်။ ဒီရက်ပိုင်း ကောင်းကောင်းမအိပ်ရလို့ ကျွန်တော် ပင်ပန်းနေတယ်"
ပျင်းရိနေသော မျက်နှာပေးဖြင့် ဓားဆယ်လက်အစား ပျံသန်းသည့်ဓား နှစ်လက်သာ ယူလာသည့် ဂျင်ဆိုဟွန်းကို ဂျုံရိုအာ မကျေမနပ် ဖြစ်နေမိသည်။
"နှစ်လက်နဲ့ လုံလောက်ပါ့မလား နောက်ပိုင်းမှာ သနားစရာကောင်းတဲ့ ဆင်ခြေတွေ ကြားမနေချင်ဘူး။ ဒါကြောင့် ကျန်တဲ့ ဓားတွေကို အခုပဲ ယူလာခဲ့လိုက်ပါ"
"ဒီလောက်ဆို လုံလောက်ပါပြီ။ ဒါပေမဲ့ ကျွန်တော် တစ်ခုလောက် မေးပါရစေ"
ဂျင်ဆိုဟွန်းသည် သူ၏ ညာလက်ထဲရှိ ပျံသန်းသည့်ဓား၏ လက်ကိုင်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။
"ဘာလို့ ကျွန်တော့်ကို ဒီလောက်တောင် စွဲလမ်းနေရတာလဲ"
နဂါးပြာတာအိုကျောင်းတော်ကို စတင်ရောက်ရှိခဲ့သည့် ပထမဆုံးနေ့ကတည်းက စတင်ခဲ့သည့် မေးခွန်းကို ဂျင်ဆိုဟွန်းတစ်ယောက် လုံးဝနားမလည်နိုင်ပေ။
ဘာလို့ ဂျုံရိုအာက ငါ့ကို ဒီလောက်ထိ မုန်းတီးနေရတာလဲ။
မျှော်လင့်မထားသော မေးခွန်းကို ကြားလိုက်ရသဖြင့် အံ့အားသင့်သွားဟန်ရှိသည့် ဂျုံရိုအာသည် သူ၏ဓားကို တင်းတင်းဆုပ်ကိုင်ကာ ရယ်မောလိုက်သည်။
"ဒီအတိုင်းပဲ"
"ဒီအတိုင်းပဲ ဟုတ်လား"
"ဟုတ်တယ်။ မင်းကို မကြိုက်ရုံသက်သက်ပဲ။ အကြောင်းပြချက် မလိုဘူး"
"အဲဒီလိုဆိုရင်တော့..."
နားမလည်နိုင်သော်လည်း သူ နားလည်အောင် ကြိုးစားမနေတော့ပေ။
ဤလောကတွင် အကြောင်းမဲ့ သဘောထားကြီးမှုနှင့် မုန်းတီးမှု နှစ်မျိုးလုံး ရှိနေတတ်သည်။ လူ့သဘာဝဆိုသည်မှာ ထိုအတိုင်းသာ ဖြစ်လျှင်……
ဒီအကြောင်းကို အများကြီး တွေးမနေတော့ပါဘူး။
ဂျင်ဆိုဟွန်းသည် ခေါင်းကို တစ်ချက်ကုတ်လိုက်ပြီး ဂျုံရိုအာ၏ အကြည့်ကို ပြန်လည်ရင်ဆိုင်လိုက်သည်။
"စကြရအောင်လား"
"လာခဲ့စမ်း ဂျင်ဆိုဟွန်း။ အဆင့်အတန်းချင်း ကွာခြားပုံကို မင်းကို ပြပေးမယ်"
ဂွီကျိုးတွင် အသိဉာဏ်အသစ်များ ရရှိခဲ့သော ဂျုံရိုအာက ယုံကြည်မှုတို့ဖြင့် ပြည့်နှက်နေသည်။ သို့သော် သူ၏ ယုံကြည်မှုမှာ ဂျင်ဆိုဟွန်း ပစ်လွှတ်လိုက်သည့် ပထမဆုံး ပျံသန်းသည့်ဓားနှင့်အတူ အစအနမကျန်အောင် ကွဲကြေသွားခဲ့သည်။
ဝုန်း…
မျက်စိတစ်မှိတ်အတွင်း ရောက်လာသည့် ပျံသန်းသည့်ဓားကို အနိုင်နိုင် ခုခံလိုက်ရသည့် ဂျုံရိုအာမှာ မောဟိုက်သွားသည်။
"ဟူး….."
ဓားလက်ကိုင်ကို ဆုပ်ကိုင်ထားသည့် သူ၏လက်မှာ တုန်ယင်နေသည်။
မြန်တာတင်မကဘူး... စွမ်းအားကလည်း ပြင်းလိုက်တာ။
ထို့နောက် ဂျင်ဆိုဟွန်းသည် ပျားရည်စိမ်ထားသလို အေးဆေးသော မျက်နှာပေးဖြင့် ဒုတိယမြောက်ဓားကို ပစ်လွှတ်လိုက်သည်။ ပထမဓားတွင် စီးဆင်းနေသောလေ၏ စွမ်းအား ပါဝင်သကဲ့သို့ ဒုတိယဓားတွင်မူ လျှပ်စီးလက်ခြင်း၏ စွမ်းအား ပါဝင်သည်။
အပြာရောင်လဲ့နေသော လျှပ်စီးတန်းများ ပါဝင်သည့် ပျံသန်းသည့်ဓားက ဂျုံရိုအာထံသို့ အရှိန်အဟုန်ဖြင့် ရောက်လာသည်။
ထိုက်ယီအလင်းခွဲဓားသိုင်းကို အသုံးပြုလိုက်သည့် ဂျုံရိုအာ၏ ဓားမှ အလင်းရောင်က တောက်ပစွာ ထွက်ပေါ်လာသည်။
ဒုန်း…ဒုန်း….
လျှပ်စီးစွမ်းအားပါသော ပျံသန်းသည့်ဓားကို အလင်းရောင်နှင့်အတူ ဓားဖြင့် အကြိမ်ကြိမ် ခုခံရိုက်ခတ်သည်။ သို့သော်လည်း နောက်သို့ ဆုတ်ခွာသွားရသူမှာ ဂျုံရိုအာပင်။
အပေါ်မှ အောက်သို့ သူ၏ ခွန်အားရှိသမျှ အသုံးပြုကာ ဓားဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်သည်။ အနိုင်နိုင် ရှောင်ရှားလိုက်ရသည့် ပျံသန်းသည့်ဓားမှာ ကြမ်းပြင်ပေါ်သို့ စိုက်ဝင်သွားပြီးနောက် ဂျုံရိုအာက အောင့်ထားသည့် အသက်ကို မောဟိုက်စွာ ရှူထုတ်လိုက်သည်။
"ဟူ... ဟူး.... ဟူးး..."
ဂျုံရိုအာ၏ ဓားမှာ တုန်ယင်နေသည်။
ဒီဓားမျိုး ဆယ်လက်သာ ရှိနေရင်….
သူ၏ ကျောရိုးတစ်လျှောက် အေးစက်သွားသည်။ ၎င်းမှာ ကြောက်ရွံ့ခြင်းထက် ကျော်လွန်သော စိတ်ပျက်အားငယ်မှုတစ်မျိုးပင်။
ထိုအချိန်တွင် ဂျုံရိုအာ အနိုင်နိုင် လွှဲဖယ်ခဲ့ရသည့် ပျံသန်းသည့်ဓားနှစ်လက်မှာ ဂျင်ဆိုဟွန်း၏ လက်ထဲသို့ အလိုအလျောက် ပြန်ရောက်သွားသည်။
ဓားကို ထိန်းချုပ်နိုင်တာပဲ။
ဓားထိန်းချုပ်ခြင်းဖြစ်ကြောင်း သိလိုက်ရသည့် ဂျုံရိုအာမှာ ဤအခြေအနေကို မယုံကြည်နိုင်ဖြစ်နေသည်။ သူ၏အောက်တွင် ရှိသည်ဟု အမြဲထင်မှတ်ထားခဲ့သည့် ဂျင်ဆိုဟွန်း၏ စစ်မှန်သော စွမ်းအားကို မြင်လိုက်ရသည့်အခါ ဂျုံရိုအာမှာ ဒေါသထွက်လာသည်။
"မင်း ဒီအချိန်အထိ မင်းရဲ့စွမ်းအားကို ဖုံးကွယ်ထားခဲ့တာလား"
"ကျွန်တော် ဖုံးကွယ်ထားတာ မဟုတ်ပါဘူး... ဒါပေမဲ့ အကြောင်းမဲ့ ပြသနေရင် ပင်ပန်းရုံပဲ ရှိတာလေ"
"တကယ်ကို ရယ်စရာကောင်းလိုက်တာ။ မင်းကို အထင်သေးခဲ့တဲ့ ကျွန်တော်နဲ့ တခြားလူတွေ ဘယ်လောက်တောင် အသုံးမကျတဲ့ ပုံစံမျိုး ဖြစ်သွားမလဲ..."
မုန်းတီးမှုတို့ဖြင့် ပြည့်နှက်နေသည့် ဂျုံရိုအာ၏ အကြည့်ကို ခံလိုက်ရသောအခါ ဂျင်ဆိုဟွန်းမှာ စိတ်အနှောင့်အယှက် ဖြစ်လာသည်။
"ဘာလို့ မင်းစိတ်ကြိုက် ငါ့ကို တိုင်းတာပြီး မုန်းတီးနေရတာလဲ"
"ငါ ပြောခဲ့တယ်လေ"
အတွင်းအားကို အမြင့်ဆုံး တိုးမြှင့်လိုက်သည့် ဂျုံရိုအာက သူ့ဓားကို အားကုန် လွှဲယမ်းလိုက်သည်။
"ငါ မင်းကို မကြိုက်ရုံသက်သက်ပဲ"
ဓားလှုပ်ရှားတိုင်းတွင် ကြမ်းတမ်းသော ဓားချီစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ဂျင်ဆိုဟွန်းထံသို့ အရှိန်ပြင်းစွာ ထိုးနှက်လာသည်။ ပြင်းထန်သော စွမ်းအားများ ပါဝင်သော်လည်း ဂျင်ဆိုဟွန်း ယခင်က ရင်ဆိုင်ခဲ့ရသော ပြိုင်ဘက်များနှင့် ယှဉ်လျှင်မူ အဝေးကြီး လိုအပ်နေသေးသည်။
ဂျုံရိုအာ၏ ဓားချီစွမ်းအင်ကို ရိုးရှင်းသော လှုပ်ရှားမှုဖြင့်သာ ရှောင်ရှားလိုက်သည့် ဂျင်ဆိုဟွန်းသည် သူ ချဉ်းကပ်လာချိန်တွင် ပျံသန်းသည့်ဓားကို သူ၏ဆီသို့ ချိန်ရွယ်လိုက်သည်။
"လိုင်းတစ်ခုတည်း ဖြတ်သန်းတဲ့ လျှပ်စီး"
ပြာလဲ့သော လျှပ်စီးတို့ ပါဝင်သည့် ပျံသန်းသည့်ဓားသည် ယခင်က မြင်ဖူးသမျှနှင့် မယှဉ်နိုင်သော စွမ်းအားနှင့် အရှိန်ဖြင့် ရောက်လာသည်။ ဂျုံရိုအာသည် သူ၏ဓားကို မတ်မတ်ဆုပ်ကိုင်ကာ အတွင်းအားများကို အပြည့်အဝ ထည့်သွင်းလိုက်သည်။
အသုံးမကျတဲ့ ဓားနဲ့တော့ ခုခံလို့ မရဘူး။
ကျောရိုးတစ်လျှောက် အေးစက်သွားစေလောက်သည့် ပြင်းထန်သော စွမ်းအားတစ်ခုက ဂျုံရိုအာ၏ဓားမှ တောက်ပသည့် အလင်းရောင်များ ထွက်ပေါ်လာသည်။ ထိုက်ယီအလင်းခွဲဓားသိုင်း၏ အမြင့်ဆုံးပုံစံတစ်ခုဖြစ်သည့် အလင်းခွဲ ကြီးမားသောစီးဆင်းမှုကို ဖော်ဆောင်လိုက်ခြင်းပင်။
ဒါဇင်နှင့်ချီ၍ ကွဲထွက်သွားသော ဓားချက်များကလျှပ်စီးတန်းကို ဖြတ်သန်းကာ ဂျင်ဆိုဟွန်း၏ ပျံသန်းသည့်ဓားထံသို့ အရှိန်အဟုန်ဖြင့် ရိုက်ခတ်သည်။
အလျှော့မပေးသော ပြင်းထန်သည့် စွမ်းအားနှစ်ခု၏ ထိပ်တိုက်တွေ့ဆုံမှုက ဒန်ထျန်ပင် ခြောက်ကပ်သွားသည်အထိ ခွန်အားရှိသမျှ အသုံးပြုလိုက်သော ဂျုံရိုအာ၏ဓားသည် နောက်ဆုံးတွင် ဂျင်ဆိုဟွန်း၏ လိုင်းတစ်ခုတည်း ဖြတ်သန်းသည့် လျှပ်စီးကို လွှဲဖယ်ပေးနိုင်ခဲ့သည်။
ငါသေပြီ…
သို့သော်လည်း ဂျုံရိုအာ မပျော်ရွှင်နိုင်ပေ။ သူ မည်မျှပင် ကြိုးစားပါစေ သူနှင့် ဂျင်ဆိုဟွန်းကြားရှိ အကွာအဝေးမှာ တိုတောင်းမသွားပေ။
ဒါက ငါနဲ့ အဲဒီကောင်စုတ်လေးကြားက ခြားနားချက်လား။
လေ့ကျင့်ပွဲ စတင်ကတည်းက ဂျင်ဆိုဟွန်းသည် သူရပ်နေသည့် နေရာမှ တစ်လှမ်းပင် မရွေ့ခဲ့ပေ။
ငါကိုယ်တိုင်ကကော……
သောက်ကျိုးနည်း…..
အံသွားများပင် ကျိုးပဲ့သွားမတတ် ကြိတ်မိရင်း ဂျုံရိုအာသည် သူ၏ဓားကို မြှောက်လိုက်သည်။ သူ ထုတ်ပြနိုင်သည့် အကောင်းဆုံး ဓားသိုင်းကို ပြသခဲ့ပြီးပြီဖြစ်သော်လည်း ဂျင်ဆိုဟွန်းကို အနိုင်ယူဖို့ မဖြစ်နိုင်ပေ။
မပြီးပြတ်သေးတဲ့ ဓားသိုင်း ဖြစ်ပေမဲ့လည်း…
ဂျုံရိုအာသည် စိတ်ကို စုစည်းကာ ဓားကိုယ်ထည်ထဲသို့ အတွင်းအားများ ထည့်သွင်းလိုက်သည်။ ဤသည်မှာ သူ၏ နောက်ဆုံးဓားချက် ဖြစ်လာတော့မည်ပင်။
ထိုက်ယီအလင်းခွဲဓားသိုင်းရဲ့ အဋ္ဌမပုံစံ ဂွမ်းမူဆမ်ဂျောလ်….
ဂျုံရိုအာ၏ဓားသည် ဖြည်းဖြည်းချင်း စက်ဝိုင်းပုံစံ ဆွဲလိုက်သည်။ ဓားလှုပ်ရှားတိုင်းတွင် တောက်ပသော အရိပ်များ ကျန်ရစ်နေခဲ့ကာ မကြာမီပင် တောက်ပသည့် ဓားအရိပ်များက သူ့ကို ဝန်းရံသွားပြီး ဓားသွား ဒါဇင်နှင့်ချီ ပေါ်ထွက်လာသည်။ ပြင်ဆင်မှု ပြီးဆုံးသွားသည့် ဂျုံရိုအာက ဓားဖျားကို ဂျင်ဆိုဟွန်းထံ ချိန်ရွယ်လိုက်သည်။
"ဒါ ငါ့ရဲ့ နောက်ဆုံးပဲ"
ဂျုံရိုအာ အစွမ်းကုန် ကြိုးစားလိုက်ချိန်တွင် ဂျင်ဆိုဟွန်းလည်း ပျံသန်းသည့်ဓားကို ဆုပ်ကိုင်ကာ အမောဖြေလိုက်သည်။ မကြာမီ အလင်းရောင်များ ပါဝင်သည့် ဓားအရိပ်များက ဂျင်ဆိုဟွန်းထံ ချဉ်းကပ်လာသည်။ အယောင်ပြခြင်း မရှိဘဲ ဓားအရိပ်အားလုံးမှာ ဓားချီစွမ်းအင်များ ပါဝင်နေသည်။
"ကောင်းကင်ပျံဓားဆယ်လက် လျှပ်စီးလက်ခြင်း... လျှပ်စီးဖြတ်သန်းခြင်း"
မီးတောက်ကဲ့သို့ ပြာလဲ့သည့် လျှပ်စီးတန်းများက ဂျင်ဆိုဟွန်း၏ ပျံသန်းသည့်ဓားကို ပတ်ရံသွားသည်။
"နည်းနည်းတော့ နာသွားလိမ့်မယ်"
ဂျင်ဆိုဟွန်း၏ ပျံသန်းသည့်ဓားသည် ရှေ့သို့ ရွေ့လျားသွားသည်။ ဓားရှေ့သို့ ရွေ့သွားတိုင်း ဂျုံရိုအာ ဖန်တီးထားသည့် ဓားအရိပ်များမှာ အချည်းနှီး ဖြစ်သွားကာ အပိုင်းပိုင်း ပြတ်တောက်သွားသည်။
ဘုန်း….
ဂျုံရိုအာ၏ဓားမှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
"အဟွတ်….ရ"
သွေးအန်ကာ ယိုင်လဲသွားသည့် ဂျုံရိုအာသည် သူ၏ ညာဘက်ပခုံးကို ဆုပ်ကိုင်လိုက်
သည်။
စိုစွတ်နေသည့်အရာက သွေးဖြစ်ကြောင်း သိလိုက်ရသည်နှင့် ဂျုံရိုအာ၏ ဦးခေါင်းမှာ ထူပူသွားသည်။ သူ မသိစိတ်ဖြင့် နောက်သို့ လှည့်ကြည့်လိုက်သည်။
ဂျုံရိုအာ၏ နောက်တွင် ပျံသန်းသည့်ဓားတစ်လက် စိုက်ဝင်နေသည်။
ငါ မမြင်လိုက်ဘူး... ခုလည်း မခုခံလိုက်နိုင်ဘူး။
ဂျင်ဆိုဟွန်းသာ ထိုဓားကို သူ့နှလုံးသား သို့မဟုတ် ဦးခေါင်းကို ချိန်ရွယ်ခဲ့လျှင် ဂျုံရိုအာမှာ မည်သို့ သေဆုံးသွားမှန်းပင် မသိလိုက်ဘဲ သေဆုံးသွားမည်ပင်။
ဒီလေ့ကျင့်ပွဲကို ငါတစ်ယောက်တည်းပဲ တကယ့်တိုက်ပွဲလို့ ထင်နေတာလား။
ဂျုံရိုအာသည် သူ၏ ဘာမှမရှိတော့သည့် ညာဘက်လက်ကို ငုံ့ကြည့်လိုက်သည်။ သူတစ်သက်လုံး ကိုင်တွယ်ခဲ့သည့် သူ၏ဓားနေရာတွင် သွေးများသာ ရှိနေတော့သည်။
"ဂျင်ဆိုဟွန်း"
ဂျုံရိုအာ၏ ခေါ်သံကြောင့် ဂျင်ဆိုဟွန်းက သူ့ကို ကြည့်လိုက်သည်။
"ငါနဲ့ တိုက်ခိုက်တဲ့အခါ မင်း အစွမ်းကုန် ကြိုးစားခဲ့တာလား"
ခဏတာ စဉ်းစားပြီးနောက် ဂျင်ဆိုဟွန်းက ပုခုံးကို တွန့်လိုက်သည်။
"မကြိုးစားခဲ့ပါဘူး"
"ဟုတ်ပါပြီ။ အစွမ်းကုန် မဟုတ်ခဲ့တာ သေချာပါတယ်"
အခုတော့ သူ နားလည်သွားပြီဖြစ်သည်။ ဂျင်ဆိုဟွန်းအပေါ် ထားရှိသည့် အကြောင်းမဲ့ မုန်းတီးမှုမှာ မနာလိုခြင်းနှင့် ကြောက်ရွံ့ခြင်းတို့၏ ရောစပ်မှုတစ်ခုသာ ဖြစ်သည်။ သိုင်းပညာကို တစ်သက်လုံး လေ့ကျင့်ခဲ့ရင်တောင် လိုက်မမီနိုင်သည့် အဆင့်အတန်း ကွာခြားမှုသည် ဂျင်ဆိုဟွန်းဆိုသည့် ပုဂ္ဂိုလ်မှာ မွေးဖွားကတည်းက သူနှင့် လုံးဝ ကွဲပြားခြားနားသူ ဖြစ်ကြောင်း ဂျုံရိုအာ မသိစိတ်ဖြင့် ခံစားလိုက်ရသည်။
"ဘာလို့ ကိုယ့်ကိုကိုယ် ဖုံးကွယ်ထားရတာလဲ... ဒီလောက်ကြီးမားတဲ့ စွမ်းအားတွေ ရှိနေလျက်နဲ့လေ။ ဘာမှမသိဘဲ မင်းကို ရယ်မောနေကြတဲ့ ကောင်စုတ်လေးတွေကို ကြည့်ပြီး မင်း ပီတိဖြစ်နေတာလား"
"ငါ ပြောခဲ့တယ်လေ"
ဂျင်ဆိုဟွန်းသည် လက်ဟန်အမူအရာတစ်ခုဖြင့် သူ၏ ပျံသန်းသည့်ဓားကို ပြန်သိမ်းလိုက်ပြီး ဂျုံရိုအာ၏ ရှေ့တည့်တည့်သို့ လျှောက်သွားလိုက်သည်။
"အလုပ်ရှုပ်လို့"
"ဘာ အဲဒီလောက် အသုံးမကျတဲ့ အကြောင်းပြချက်နဲ့..."
ပတ်…
"အား"
ခေါင်းကို အခေါက်ခံလိုက်ရသော ဂျုံရိုအာသည် မျက်လုံးများကို ပြူးကျယ်လျက် ဂျင်ဆိုဟွန်းကို စိုက်ကြည့်လိုက်သည်။ ထိုအခါ ဂျင်ဆိုဟွန်းက ပြန်လည် စိုက်ကြည့်လိုက်သည်။
"ဒီကောင်စုတ်လေးကတော့ ကိုယ့်အစ်ကိုကို ပြန်စိုက်ကြည့်နေတာလား"
"ဘ…ဘာ"
"မင်း ပြောခဲ့တယ်လေ။ ဒီလေ့ကျင့်ပွဲမှာ နိုင်တဲ့သူက အစ်ကို ဖြစ်ရမယ်တဲ့။ အခု ငါနိုင်သွားပြီဆိုတော့ မင်း ငါ့ကို အစ်ကိုလို့ ခေါ်ရတော့မယ်"
သူကိုယ်တိုင် မေ့လျော့နေခဲ့သည့် လေ့ကျင့်ပွဲ၏ စည်းကမ်းချက်အောက် ဂျုံရိုအာမှာ သွေးများပင် အေးခဲသွားမတတ် ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။
"ကျွန်... ကျွန်တော်..."
"ကဲ အခု အစ်ကိုလို့ ခေါ်လိုက်"
"မင်း ရူးနေတာလား..."
ပတ်…
ထပ်မံ၍ ခေါင်းကို အခေါက်ခံလိုက်ရသော ဂျုံရိုအာ၏ မျက်လုံးများထဲတွင် မျက်ရည်များ ဝဲတက်လာသည်။ ဂျင်ဆိုဟွန်း၏ လက်ညှိုးဖြင့် ခေါက်လိုက်မှုမှာ ခေါင်းထိပ်တင်မကဘဲ တစ်ကိုယ်လုံးပင် ထုံကျဉ်သွားစေသလို ခံစားရသည်။
"ဟင့်..."
"ကဲ အစ်ကိုလို့ ခေါ်စမ်း"
"ဒီကောင်စုတ်... အစ်ကို"
"ကောင်စုတ်ဆိုတာကို ထုတ်ပစ်ရမယ်။ အစ်ကို့ရှေ့မှာ ဘယ်လိုမျိုး ယဉ်ကျေးမှုမဲ့တဲ့ စကားလုံးတွေကို သုံးနေတာလဲ"
"အ…အစ်... အစ်ကို"
ထိုအခါမှသာ ဂျင်ဆိုဟွန်းသည် ကျေနပ်သည့် မျက်နှာပေးဖြင့် ခေါင်းညိတ်ကာ ဂျုံရိုအာ၏ ပခုံးကို တစ်ချက်ပုတ်လိုက်သည်။
"ကောင်းတယ်။ ကြိုးစားရင် ကောင်းတာပေါ့။ ဒီနေ့ကစပြီး အဆင်ပြေအောင် နေကြရအောင်၊ ဟုတ်ပြီလား"
ဂျုံရိုအာတစ်ကိုယ်လုံး တုန်ယင်နေသည်။
"ကျွန်…ကျွန်တော် လေ့ကျင့်ပွဲမှာ ထပ်နိုင်ရင်... ဒီအခေါ်အဝေါ်ကို ရုပ်သိမ်းပေးမလား"
"ငါ စဉ်းစားကြည့်ဦးမယ်"
"ဟေ့"
"အဟမ်း"
"အ…အစ်ကိုကြီး ကျေးဇူးပြုပြီး... ကျွန်တော့်ကို အခွင့်အရေး တစ်ကြိမ်လောက် ပေးပါ"
"ကောင်းပြီ။ ဒီအစ်ကိုကြီးက မင်းကို အကြီးအကျယ် ရက်ရောပြီး အခွင့်အရေး တစ်ကြိမ် ပေးလိုက်မယ်။ နောက်တစ်ကြိမ် လေ့ကျင့်ပွဲမှာ မင်းနိုင်ရင် အစ်ကိုဆိုတဲ့ အခေါ်အဝေါ်ကို ငါ ရုပ်သိမ်းပေးမယ်"
"ကျေးဇူး... တင်ပါတယ်"
"ဒါဆို ငါ သွားတော့မယ်"
ဂျင်ဆိုဟွန်းသည် သီချင်းတအေးအေးနှင့် မှောင်မိုက်သောဂူထဲမှ ထွက်ခွာသွားသည်။
ဒီကောင်စုတ်လေးနဲ့ စောစောစီးစီး လေ့ကျင့်ပွဲ တိုက်လိုက်ရမှာ။
အကယ်၍သာ စောစောကတည်းက တိုက်လိုက်ပါက ဤမျှ အလုပ်ရှုပ်စရာ ဖြစ်လာမည် မဟုတ်ပေ။ ဂျင်ဆိုဟွန်းမှာ ယနေ့ရလဒ်အတွက် အလွန်ပင် ကျေနပ်နေသည်။
တစ်ဖက်တွင်မူ တစ်ယောက်တည်း ကျန်ရစ်ခဲ့သည့် ဂျုံရိုအာသည် သူတို့နှစ်ယောက် တိုက်ခိုက်ခဲ့သော မှောင်မိုက်သောဂူအတွင်းကို ဖြည်းဖြည်းချင်း ဝေ့ကြည့်လိုက်သည်။ လေ့ကျင့်ပွဲကို ပြန်လည် တွေးတောနေစရာ မလိုပေ။ ၎င်းမှာ တစ်ဖက်သတ် အရှုံးပင်။ ကလေးတစ်ယောက်နှင့် ကစားပေးနေသည့် လူကြီးတစ်ယောက်၏ တိုက်ပွဲထက် ဘာမှ မပိုခဲ့ပေ။ ဂျုံရိုအာသည် ကြမ်းပြင်ပေါ် လိမ့်ကျနေသော သူ၏ဓားကို ကောက်ယူလိုက်သည်။
"တစ်နေ့ကျရင်... ငါ သေချာပေါက်..."
ဓားကို အိမ်ပြန်သွင်းလိုက်သော ဂျုံရိုအာသည် တိုက်ခိုက်လိုစိတ်များ ပြင်းထန်စွာ တောက်လောင်လျက် မှောင်မိုက်သောဂူမှ ထွက်ခွာသွားသည်။
ဂျုံရိုအာ ထွက်သွားပြီး မကြာမီပင် လူနှစ်ယောက် ရောက်လာသည်။
"ဂျုံရိုအာ... သူက ဂျုံနမ်ဂိုဏ်းရဲ့ ဒုတိယမြောက် တပည့်မဟုတ်လား"
"ဟုတ်ပါတယ်"
ဂူဂျူးချောနှင့် ဂွမ်မြောင်တို့သည် တိုက်ပွဲ၏ အငွေ့အသက်များသာ ကျန်ရစ်တော့သည့် မှောင်မိုက်သောဂူကို ကြည့်လိုက်ကြသည်။
"ဂျုံရိုအာ နောက်ဆုံးမှာ ပြခဲ့တာက ထိုက်ယီအလင်းခွဲဓားသိုင်းရဲ့ အဋ္ဌမပုံစံ ဂွမ်းမူဆမ်ဂျောလ်ပဲ။ အပြည့်အစုံ မဟုတ်သေးပေမဲ့လည်းပေါ့"
"အဲဒီအရွယ်နဲ့ ဂွမ်းမူဆမ်ဂျောလ်ကို အတုယူနိုင်တာတောင် အတော်လေး ရှားပါးပါတယ်"
"ဟဲဟဲဟဲ... တာအိုဂိုဏ်းရဲ့ အနာဂတ်က တောက်ပပါတယ်။ သူ နှလုံးသားနတ်ဆိုးဝင်သွားမလားလို့ စိုးရိမ်ခဲ့ပေမဲ့ သူ့အခြေအနေကို ကြည့်ရတာ စိုးရိမ်စရာ မလိုတော့ဘူးလို့ ထင်ပါတယ်"
"အဲဒါက ဂျုံရိုအာရဲ့ ခွန်အားပဲ။ သူက စိတ်တိုတတ်တယ်၊ သည်းမခံတတ်ဘူး၊ မာနကြီးတယ်ဆိုပေမဲ့ အဲဒီအချက်တွေကြောင့်ပဲ လွယ်လွယ်နဲ့ ကျိုးပဲ့မသွားတဲ့သူမျိုးပါ"
"တာအိုကျောင်းအုပ်ကြီး"
"ဟုတ်ကဲ့ အကြီးအကဲ"
"မိစ္ဆာဂိုဏ်းရဲ့ လှုပ်ရှားမှုကကော ဘယ်လိုလဲ ဂျင်ဆိုဟွန်းက သွေးအေးသေမင်းတမန်ကို သတ်လိုက်တဲ့အတွက် အဲဒီကောင်စုတ်လေးတွေ ငြိမ်နေမှာ မဟုတ်ဘူး"
"သူတို့ရဲ့ လှုပ်ရှားမှုကို သူတောင်းစားဂိုဏ်နဲ့ ပူးပေါင်းပြီး စောင့်ကြည့်နေပါတယ်။ ဒါပေမဲ့ အထူးတလည် လှုပ်ရှားမှုတော့ မတွေ့ရသေးပါဘူး"
"သက်သာရာရတယ်လို့ ပြောရမလား ဒါမှမဟုတ် မုန်တိုင်းမလာခင် ငြိမ်သက်နေတာလား..."
ဂူဂျူးချောသည် မိစ္ဆာဂိုဏ်း၏ တိတ်ဆိတ်မှုကို ပို၍ပင် ကြောက်မက်ဖွယ် ကောင်းနေသည်ဟု ခံစားရသည်။
"ရှေးခေတ်ကတည်းကလည်း ဒီအတိုင်းပဲ ဖြစ်ခဲ့တာ မဟုတ်လား..."
"ထိလိုက်တာနဲ့ အလောတကြီး ရုန်းကန်တတ်တဲ့ ကောင်စားမျိုးက ကြောက်စရာ မဟုတ်ဘူး..."
"ဒါပေမဲ့ အသက်ကို အောင့်လို့ အံကိုကြိတ်ပြီး လက်စားချေဖို့ အခွင့်အရေးကို ငြိမ်ပြီး စောင့်နေတတ်တဲ့သူကမှ တကယ် ကြောက်ဖို့ကောင်းတာ..."
သူတို့သည် အနိုင်ရနိုင်မည့် အကောင်းဆုံးအချိန်အခါအတွက် အမြဲတမ်း စေ့စပ်သေချာစွာ ပြင်ဆင်လေ့ရှိကြသည်။
"တခြားတာအိုကျောင်းလေးခုကရော ဘယ်လိုရှိလဲ"
"သူတို့လည်း ကောင်းကောင်း တိုးတက်နေပုံပဲ"
"စဉ်းစားကြည့်တော့... အချိန်တန်ပြီပဲ"
"ဟုတ်ကဲ့ မှန်ပါတယ်"
အဓိပ္ပာယ်သက်ရောက်မှုများ မှေးမှိန်သွားခဲ့သော်လည်း အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ရမည်ပင်။
တာအိုကျောင်းတော်များ၏ ဂုဏ်သိက္ခာကို အသက်နှင့်ရင်းကာ ယှဉ်ပြိုင်ကြမည့် တာအိုကျောင်းတော်လေးခု၏ နတ်ဘုရားလေးပါးညီလာခံ
ထိုမဟာအခမ်းအနားကြီး စတင်ရန်အတွက် ယခုအချိန်တွင် သုံးလသာ လိုတော့သည်။