← Chapters

အခန်း ၁၂၀

Vol. 12 Ch. 120

အခန်း ၁၂၀

Vol. 12 Ch. 120

အခန်း ၁၂၀

ဟျော့အူဂွန်းသည် သူ မမြင်သင့်သည်ကို မြင်လိုက်ရသည့်အလား မျက်နှာပေးဖြင့် မေးလိုက်သည်။

"မင်း ဘာလုပ်နေတာလဲ"

"ဘာလဲ"

"မင်း ဘာလုပ်နေတာလဲလို့ မေးနေတာလေ"

"..."

ဂျုံရိုအာမှာ ပြန်ဖြေစရာ စကားလုံး ရှာမရတော့ပေ။

သူသည် ယခုအချိန်တွင် ဂျင်ဆိုဟွန်းအတွက် ယပ်တောင်ခတ်ပေးရင်း အလုပ်ရှုပ်နေရသည်။ သူ၏ ကျေးဇူးကြောင့် သက်သောင့်သက်သာ အနားယူနိုင်သွားသည့် ဂျင်ဆိုဟွန်းမှာ ဟိုတစ်ချက် သည်တစ်ချက်သန်းကာ အေးဆေးသက်သာစွာ မနက်ခင်းကို ဖြတ်သန်းနေသည်။

"ဟိုမှာ ကြည့်လိုက်စမ်း"

"ဟင် လူငယ်သူရဲကောင်းဂျုံ သူ ဟိုမှာ ဘာလုပ်နေတာလဲ"

"သူ သူ့ကို ယပ်တောင်ခတ်ပေးနေတာ မဟုတ်လား"

"ဒါဆို ဘာလို့လဲ"

"ကျွန်တော် ဘယ်လိုလုပ် သိမှာလဲ"

ဂျုံရိုအာနှင့် ဂိုဏ်းတူ ဂျုံနမ်ဂိုဏ်းမှ သိုင်းသမားများမှာလည်း အတူတူပင် နားမလည်နိုင်ဖြစ်နေကြသည်။

ဂျုံရိုအာဆိုသည်မှာ ဂျင်ဆိုဟွန်းကို အထင်သေးပြီး အခြားသူများထက် ပိုမိုပြင်းပြစွာ မုန်းတီးနေသည့် သိုင်းပညာရှင်များ၏ ရှေ့ဆုံးမှသူပင်။

သို့သော် တစ်ညတည်းနှင့် သူသည် ဂျင်ဆိုဟွန်း၏ အုပ်စုဝင် ဖြစ်သွားခဲ့သည်။ ထိုမျှတင်မကသေးဘဲ ဂျင်ဆိုဟွန်း အပူမခံရစေရန် ယပ်တောင်ပင် ခတ်ပေးနေသေးသည်။

ဂျုံရိုအာ၏ မျက်နှာမှာ ဒေါသထွက်နေသည့် အမူအရာဖြင့် ရှုံ့တွနေသည်။ သူသည် သူကို တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည့် သိုင်းပညာရှင်များကို စိုက်ကြည့်လိုက်သည်။ သိုင်းပညာရှင်များမှာ သူ၏ ပြတ်သားသော အကြည့်ကို ရှောင်ဖယ်လိုက်ကြသည်။

"မင်း မျက်လုံးထဲက အားတွေကို လျှော့လိုက်စမ်း"

"အစ်ကို့ကြောင့် ဖြစ်လာတာလေ မဟုတ်ဘူးလား"

ဂျုံရိုအာသည် မကြားတကြား အသံဖြင့် ပြောလိုက်သည်။

"လေ့ကျင့်ပွဲ တိုက်မယ်လို့ မင်းကပဲ တောင်းဆိုခဲ့တာလေ။ ဟေ့ မင်း ဟိုဘက်ကို သွားတော့"

"ဘာလို့လဲ"

"ဘာလို့လဲဆိုတာ ဘာကို ဆိုလိုတာလဲ မင်းကြောင့် လူတွေက ငါ့ကိုကြည့်ပြီး တိုးတိုးတိတ်တိတ် ပြောနေကြတာလေ။ စိတ်ရှုပ်စရာ ကောင်းလိုက်တာ အိပ်တောင် မအိပ်ရဘူး"

"ယပ်တောင် ခတ်ပေးဖို့ အမိန့်ပေးတာက အစ်ကိုပဲလေ အစ်... ကို"

"တော်ပြီ ဟိုဘက်ကို သွားတော့"

ဂျင်ဆိုဟွန်းနှင့် ဂျုံရိုအာတို့ စကားများနေစဉ် ဂွမ်မြောင်သည် နားနေသည့် သိုင်းပညာရှင်များထံ ရောက်လာသည်။ ပုံမှန်အတိုင်းပင် သူသည် သိုင်းပညာရှင်အားလုံးကို တစ်နေရာတည်း စုစည်းလိုက်သည်။

"အားလုံး စုမိပြီလား"

"ဟုတ်ကဲ့"

နဂါးပြာတာအိုကျောင်းတော်မှ သိုင်းပညာရှင်အားလုံး စုဝေးမိကြသည်။ ဂွမ်မြောင်သည် တစ်ယောက်ချင်းစီ၏ မျက်နှာကို ဖြည်းဖြည်းချင်း အကဲခတ်သည်။ (၂၉) ယောက်မြောက် သိုင်းပညာရှင်ကို ကျော်လွန်ပြီးနောက် နောက်ဆုံးသိုင်းပညာရှင်ဂျင်ဆိုဟွန်းထံသို့ သူ၏ အကြည့်များ ရောက်ရှိသွားသည်။

"ဟား..."

တာအိုကျောင်းအုပ်ကြီး၏ ရှေ့မှောက်တွင်ပင် ပျင်းရိသော မျက်နှာပေးဖြင့် သန်းနေဆဲဖြစ်သော ထိုသူ၏ မျက်နှာကို ကြည့်ရသည်မှာ ယခင်ကကဲ့သို့ မုန်းတီးစရာ မကောင်းတော့ပေ။

ဒီပျင်းရိနေတဲ့ ကောင်စုတ်လေးက အလုပ်တွေကို အံ့ဩစရာကောင်းအောင် လုပ်ဆောင်နိုင်တာပဲ ဟုတ်တယ်မလား

ဟီဘေရှိ ကြားဝင်စေ့စပ်ပေးရသည့် တာဝန်နှင့် ဘယ်ဟွာဂိတ်မှ ကယ်ဆယ်ရေးလုပ်ငန်းစဉ်က သိုင်းလောက မဟာမိတ်အဖွဲ့ ကိုယ်တိုင် ဝင်ရောက်လုပ်ဆောင်လျှင်ပင် အခက်အခဲနှင့် ကြုံတွေ့နိုင်သည့် ရှုပ်ထွေးသော တာဝန်များပင်။

သို့သော် ဂျင်ဆိုဟွန်းမှာ အခက်အခဲမရှိ ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ရုံတင်မကဘဲ အလွန်ထူးချွန်သော ရလဒ်များကိုပင် ရရှိခဲ့သည်။

ဟီဘေတွင် မိစ္ဆာဂိုဏ်း၏ လက်ချက်ကို တားဆီးနိုင်ခဲ့ပြီး ပန်မျိုးနွယ်စုကလည်း အရည်အသွေးမြင့် သံရိုင်းများကို သင့်တင့်သော ဈေးနှုန်းဖြင့် ဝယ်ယူနိုင်သဖြင့် အလွန်ပင် ကျေနပ်နေကြသည်။

ဂိုဏ်းချုပ်ကိုယ်တိုင် နဂါးပြာတာအိုကျောင်းတော်သို့ ကျေးဇူးတင်လွှာ ပေးပို့ခဲ့သည်အထိပင်။ ထို့ပြင် ဘယ်ဟွာဂိတ်တွင်လည်း မတရားရောင်းစားခြင်း ခံရလုနီးပါး ဖြစ်နေသည့် အမျိုးသမီးများစွာကို ကယ်တင်နိုင်ခဲ့သည်။ ရွှေချောင်းများစွာကို တွေ့ရှိခဲ့သော်လည်း ဂျင်ဆိုဟွန်းမှာ တစ်ချက်မျှပင် လက်နှင့် မထိခဲ့ပေ။

သူသည် ထိုရွှေများကို သနားစရာကောင်းသော အမျိုးသမီးများအတွက် ရက်ရက်ရောရော ပေးအပ်ခဲ့သည်။

သူ့ရဲ့ အောင်မြင်မှုတွေက ပျင်းရိတဲ့သူလို့ ခေါ်ဖို့တောင် မလောက်ငှတော့ဘူး။ ဒါပေမဲ့လည်း ငါ သူ့ကို ချီးကျူးလို့ မရဘူး။

အနည်းငယ်မျှ ချီးကျူးလိုက်သည်နှင့် အားလပ်ရက် ပေးပါ၊ ဘာမှ မလုပ်တော့ဘူး စသည့် စကားများဖြင့် ပျင်းရိနေလိမ့်ဦးမည်ဖြစ်ရာ ဂွမ်မြောင်သည် ချီးကျူးခြင်း မပြုရန် ဆုံးဖြတ်လိုက်သည်။ သူသည် ဂျင်ဆိုဟွန်းကိုသာ ကျေနပ်သည့် မျက်နှာပေးဖြင့် ကြည့်လိုက်သည်။

တစ်ဖက်တွင်မူ ဂျင်ဆိုဟွန်း၏ အတွေးမှာ ကွဲပြားသည်။

ဘာလို့ တာအိုကျောင်းအုပ်ကြီး ဦးလေးက ငါ့ကို အဲဒီလို ကောက်ကျစ်စဉ်းလဲတဲ့ မျက်နှာပေးနဲ့ ကြည့်နေတာလဲ ငါ့ကို နောက်ထပ် အလုပ်တွေ ခိုင်းဖို့များ စီစဉ်နေတာလား

ဂျင်ဆိုဟွန်းသည် ဂျုံရိုအာ၏ နောက်ကျောတွင် ခန္ဓာကိုယ်ကို ပုန်းကွယ်လိုက်သည်။

"မင်း ဘာလုပ်နေတာလဲ"

"မလှုပ်နဲ့ ငါ့ကို နည်းနည်းလေး ကာပေးထား"

"ငါက ဘာလို့ ကာပေးရမှာလဲ"

"အဟမ်း။ ဒီကောင်စုတ်လေးက ငါနဲ့ တန်းတူ ဖြစ်ချင်နေတာလား"

ဂျင်ဆိုဟွန်းက သူ၏ ဦးခေါင်းနောက်စေ့ကို အသာခေါက်လိုက်သဖြင့် ဂျုံရိုအာသည် ဒေါသတကြီးဖြင့် နောက်သို့ လှည့်ကြည့်လိုက်သည်။

"ရှေ့ကို ကြည့်စမ်း"

စောင့်နေလိုက်... ငါ မင်းကို ငါ့အောက်ရောက်အောင် လုပ်ပြီး တစ်သက်လုံး ကျွန်လို ခိုင်းစားပြမယ်

ဂျုံရိုအာသည် နောင်တစ်ချိန် လက်စားချေရန် ရည်ရွယ်ချက်ဖြင့် လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ ထိုအချိန်တွင် သိုင်းပညာရှင်အားလုံးကို စစ်ဆေးပြီးသည့် ဂွမ်မြောင်က အသံကို မြှင့်၍ ပြောလိုက်သည်။

"သုံးလကြာရင် နတ်ဘုရားလေးပါးညီလာခံကို ကျင်းပတော့မယ်။ ဒါကို တာအိုကျောင်းတော် လေးခုမှာ လေ့ကျင့်နေတဲ့ သိုင်းပညာရှင်တွေအချင်းချင်း ယှဉ်ပြိုင်ကြမယ့် သိုင်းပြိုင်ပွဲလို့ မှတ်ယူရင် ပိုလွယ်လိမ့်မယ်"

"တာအိုကျောင်းတော် လေးခုအကြားက သိုင်းပြိုင်ပွဲလား"

သိုင်းပညာရှင်များ စိတ်လှုပ်ရှားပြီး သိလိုစိတ်များဖြင့် မေးမြန်းကြသဖြင့် ဂွမ်မြောင်က ခေါင်းညိတ်ကာ ဆက်လက် ရှင်းပြသည်။

"ဟုတ်ပါတယ်။ နတ်ဘုရားလေးပါးညီလာခံမှာ အားလုံး ပါဝင်လို့ မရပါဘူး။ ကျောင်းတော်တစ်ခုစီက သိုင်းပညာရှင်စုစုပေါင်း (၁၀) ဦးစီပဲ ပေးပို့ရမှာ ဖြစ်ပြီး နဂါးပြာတာအိုကျောင်းတော်အတွက်လည်း အတူတူပါပဲ"

လူ (၁၀) ဦးသာ ပါဝင်နိုင်သည်ဟု ဂွမ်မြောင်၏ ပြောကြားချက်ကြောင့် နဂါးပြာတာအိုကျောင်းတော်မှ သိုင်းပညာရှင်အများစုမှာ စိတ်ဓာတ်ကျသွားကြသည်။

"ငါတို့တော့ မသွားရတော့ဘူးပေါ့..."

"အားပေးရုံပဲ တတ်နိုင်တော့မယ်"

"အဖြူရောင်လနန်းတော်နဲ့ ဂိုဏ်းကိုးဂိုဏ်းတွေက သိုင်းပညာရှင်တွေပဲ သွားရမှာ မဟုတ်လား"

"မိသားစုငါးခုက မျိုးနွယ်စုတွေကို မမေ့နဲ့ဦး"

အဆင့်နိမ့်ဂိုဏ်းများမှ သိုင်းပညာရှင်များက လွယ်လွယ်ကူကူပင် လက်လျှော့လိုက်ကြသည်။ နဂါးပြာတာအိုကျောင်းတော်အတွင်း ကျင်းပခဲ့သော လေ့ကျင့်ပွဲ၌ပင် ကျော်ကြားသော ဂိုဏ်းကြီးများ၏ စွမ်းအားကို သူတို့ကိုယ်တိုင် တစ်ကိုယ်လုံးဖြင့် ခံစားခဲ့ရပြီး ဖြစ်သည်။

လက်လျှော့သူများ ရှိသကဲ့သို့ပင် တင်းမာနေပြီး တစ်ယောက်ကိုတစ်ယောက် စူးစမ်းနေသော သိုင်းသမားများလည်း ရှိနေသည်။

ငါ ထိပ်ဆုံး (၁၀) ဦးစာရင်းထဲ ပါနိုင်ပါ့မလား။

မူရုံဆူဆူနှင့် အိုဆောဟွာတို့သည်လည်း ထိုအတိုင်းပင် တွေးတောကာ ပတ်ဝန်းကျင်ကို ကြည့်နေကြသည်။ နတ်ဘုရားလေးပါးညီလာခံတွင် ပါဝင်နိုင်ခြေ အများဆုံး သိုင်းသမားများမှာ ဂျင်ဆိုဟွန်း၊ ချွန်ဂါဆောင်း၊ ချွန်ယဲရန်း၊ ဂျုံရိုအာ၊ ဟျော့အူဂွန်းနှင့် ပန်ရှောင်ဖုန်းတို့ ဖြစ်သည်။

ထို့ကြောင့် ကျန်ရှိနေသော (၄) နေရာအတွက် မည်သို့ပင်ဖြစ်စေ ကြိုးစားဝင်ရောက်ရမည်ပင်။

ဂုဏ်သတင်းကြီးမားသော ဂိုဏ်းနှင့် မျိုးနွယ်စုများမှ သိုင်းပညာရှင်များ စိတ်အားထက်သန်နေကြစဉ် ဂျင်ဆိုဟွန်းနှင့် ဇူဂယ်မင်တို့မှာမူ စိတ်လှုပ်ရှားမှု မရှိပေ။

"ကျွန်တော်ကတော့ ပါမှာမဟုတ်ဘူး မင်းကော ဆိုဟွန်း"

"ကျွန်တော်လား လုံးဝ မပါဘူး"

ဇူဂယ်မင်နှင့် ဂျင်ဆိုဟွန်းတို့သည် ဂျုံရိုအာ၏ နောက်ကျောတွင် ပုန်းကွယ်လျက် တိုးတိုးတိတ်တိတ် ပြောနေကြသည်။

"တာအိုကျောင်းအုပ်ကြီးက ဒီအတိုင်း ငြိမ်နေပါ့မလား"

"နေမကောင်းချင်ယောင် ဆောင်ရမှာပေါ့။ ဒီအတိုင်း ငြိမ်နေရတာတောင် ပင်ပန်းနေတာကို သိုင်းပြိုင်ပွဲတဲ့... ဪ... တွေးလိုက်တာနဲ့တင် အလုပ်ရှုပ်စရာကြီး။ မင်းကော"

"ကျွန်တော့် သိုင်းပညာက ထိပ်ဆုံး (၁၀) ဦးထဲ ပါမှာ မဟုတ်ပါဘူး။ ဒါကြောင့် နောက်ကနေပဲ အားပေးရတော့မှာပေါ့"

"မင်းကို မနာလိုလိုက်တာ"

"ကျွန်တော့်ကို စနေတာလား"

"မဟုတ်ပါဘူး"

ထိုနှစ်ယောက် စကားပြောနေစဉ် ဂွမ်မြောင်၏ ညွှန်ကြားချက်အရ နည်းပြများက ပိုစတာကပ်ထားသော သစ်သားပြားကြီးတစ်ခုကို ယူဆောင်လာကြသည်။ ပိုစတာတွင် တစ်ဦးချင်းနှင့် အဖွဲ့လိုက်ဟူ၍ ကဏ္ဍနှစ်ခု ခွဲထားသည်။ ဂွမ်မြောင်က ထိုသစ်သားပြားကို လက်ညှိုးထိုးကာ အသံကျယ်ကျယ်ဖြင့် ပြောသည်။

"နတ်ဘုရားလေးပါးညီလာခံရဲ့ သိုင်းပြိုင်ပွဲကို အဓိကနည်းလမ်း နှစ်ခုနဲ့ ခွဲထားတယ်"

"နည်းလမ်းနှစ်ခု ဟုတ်လား"

သိုင်းပညာရှင်များသည် တာအိုကျောင်းအုပ်ကြီး၏ စကားကို စိတ်ဝင်တစား စောင့်ဆိုင်းနေကြသည်။ ဂွမ်မြောင်က ဆက်ပြောသည်။

"တစ်ဦးချင်း ပြိုင်ပွဲနဲ့ အဖွဲ့လိုက် ပြိုင်ပွဲပဲ"

တစ်ဦးချင်းနှင့် အဖွဲ့လိုက်။ သိုင်းပြိုင်ပွဲဆိုလျှင် တစ်ဦးချင်းကိုသာ တွေးမိနေကြသော သိုင်းပညာရှင်များ၏ မျက်နှာပေးမှာ ရှုပ်ထွေးသွားသည်။ တစ်ဦးချင်း ပြိုင်ပွဲမှာ သိုင်းသမားများအတွက် ရင်းနှီးပြီးသားဖြစ်၍ ပြဿနာမရှိပေ။ အဖွဲ့လိုက် ပြိုင်ပွဲကသာ ပြဿနာဖြစ်သည်။ တစ်ဦးချင်းစီ၏ သိုင်းပညာများမှာ ကွဲပြားသလို သဘောထားများလည်း မတူကြပေ။ ထိုအချက်များအားလုံးကို ထည့်သွင်းစဉ်းစားကာ ပြိုင်ဘက်အရေအတွက်တူများနှင့် ယှဉ်ပြိုင်ရမည်ပင်။

"ပြီးတော့ ဒီအဖွဲ့လိုက်ပြိုင်ပွဲမှာ ယူအူဆွန်း၊ ဆန်ဆွတ်၊ ဝူဆောင်ချွန်၊ ဇူဂယ်မင်... နဲ့ ချွန်ဂါဆောင်းတို့ ပါဝင်ရမယ်"

"ဘာ"

"ဒါ တကယ်လား"

"ဘာလို့ သူတို့ကိုမှ..."

ဂွမ်မြောင်သည် စာရင်းကို ပြင်ရန် အစီအစဉ်မရှိသည့်အလား ထိုလူငါးယောက်၏ အမည်များကို ပိုစတာပေါ်တွင် ရေးလိုက်သည်။ ဂွမ်မြောင်၏ ရွေးချယ်မှုကို နားမလည်နိုင်သော သိုင်းပညာရှင်များထဲတွင် ဝေခွဲမရဖြစ်နေသော လူလေးယောက် ရှိနေသည်။

"ဘာလို့... ကျွန်တော်လဲ"

ယူအူဆွန်းသည် မယုံနိုင်သည့် မျက်နှာပေးဖြင့် ပိုစတာကို စိုက်ကြည့်နေသည်။ သူနှင့်အတူ အဖွဲ့လိုက် ပြိုင်ပွဲတွင် ပါဝင်ရမည့် ဆန်ဆွတ်နှင့် ဝူဆောင်ချွန်တို့လည်း ထိုအတိုင်းပင်။

"မင်းနာမည် အဲဒီမှာ ရှိနေတယ်"

"မဖြစ်နိုင်တာ..."

ဇူဂယ်မင်သည် မျက်တောင်ခတ်ကာ သူ၏နာမည် ရေးထားသော ပိုစတာကို စစ်ဆေးလိုက်သည်။ မည်မျှပင် ထပ်ကြည့်စေကာမူ သူ၏နာမည် အသေအချာပင်။

"ဘုရားရေ... ဒါပေမဲ့ လူငယ်သူရဲကောင်းချွန်က တစ်ဦးချင်းအစား အဖွဲ့လိုက်ပြိုင်ပွဲမှာ ပါဝင်ရမှာလား ဘာလို့များပါလိမ့်"

ဇူဂယ်မင်သည် ဂွမ်မြောင်၏ ရွေးချယ်မှုကို နားမလည်နိုင်ပေ။ ဂျင်ဆိုဟွန်းကို ဖယ်လိုက်လျှင် နဂါးပြာတာအိုကျောင်းတော်၏ အတော်ဆုံး သိုင်းသမားမှာ ချွန်ဂါဆောင်းဖြစ်သည်။ သို့သော်လည်း သူသည် တစ်ဦးချင်းအစား အဖွဲ့လိုက် ပြိုင်ပွဲတွင် ပါဝင်နေရသည်။ ထိုအချက်ကို မကျေနပ်သည့်အလား ချွန်ဂါဆောင်း၏ မျက်နှာပေးမှာ အေးစက်နေသည်။ သူ၏ အေးစက်သော အကြည့်ကို ခံစားမိသည့် ဂွမ်မြောင်က မေးလိုက်သည်။

"ချွန်ဂါဆောင်း။ မင်းမှာ တိုင်စရာ ရှိလို့လား"

"ကျွန်တော် ဘာကြောင့် အဖွဲ့လိုက် ပြိုင်ပွဲမှာ ပါဝင်ရတာလဲဆိုတာ သိခွင့်ရှိမလား"

"မင်းက အရင်က တကယ့်နယ်မြေ တာဝန်တုန်းက အဖွဲ့ (၅) ရဲ့ ခေါင်းဆောင်လေ။ အကူအညီတောင်းတဲ့ ဂိုဏ်းကို သွားတဲ့အခါ မင်း ဘာလုပ်ခဲ့လဲ"

"သူတို့ လိုချင်တဲ့အတိုင်း ကျွန်တော် လုပ်ပေးခဲ့ပါတယ်"

"မင်းက မင်းရဲ့ အဖွဲ့ဝင်တွေကို စွန့်ပစ်ပြီး တစ်ယောက်တည်း ပြိုင်ဘက်ဂိုဏ်းကို ဝင်စီးပြီး ဂိုဏ်းချုပ်ကို ဒူးထောက်ခိုင်းခဲ့တာလေ။ မဟုတ်ဘူးလား"

"ဒိုဘုန်းဂိုဏ်းက တာအိုဂိုဏ်းကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို ကျူးလွန်ခဲ့လို့ပါ"

"မင်းရဲ့ တစ်ဦးချင်း သိုင်းစွမ်းရည်ကို ငါ မသံသယရှိပါဘူး။ ဒါပေမဲ့ မင်းက ပူးပေါင်းဆောင်ရွက်ဖို့ မသိဘူး။ နောက်ဆုံး လေ့ကျင့်ပွဲမှာလည်း မင်းပဲ တစ်ကိုယ်ကောင်းဆန်ပြီး လုပ်ခဲ့တာပဲ။ မင်းရဲ့ လောဘအတွက်ပဲလေ"

ချွန်ဂါဆောင်းက ငြင်းဆိုခြင်းမပြုသဖြင့် ဂွမ်မြောင်က ဆက်ပြောလိုက်သည်။

"ငါလည်း သိတယ်။ မင်းမှာ တစ်ဦးချင်းပြိုင်ပွဲမှာ နိုင်နိုင်တဲ့ ခွန်အားနဲ့ ကျွမ်းကျင်မှု ရှိတယ်ဆိုတာလေ။ အဲဒီတော့ ဘာလို့ မင်းကို တစ်ဦးချင်းပြိုင်ပွဲထဲ ပို့ရမှာလဲ မင်းလိုအပ်တာက တစ်ဦးချင်း သိုင်းစွမ်းရည်မဟုတ်ဘူး ပူးပေါင်းဆောင်ရွက်တတ်တဲ့ အရည်အချင်းပဲ"

"အဲဒီလိုလုပ်ရုံနဲ့ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး"

"ဒါကတော့ ချွန်ဂါဆောင်း မင်းလုပ်တဲ့အပေါ်မှာပဲ မူတည်လိမ့်မယ်"

ဂွမ်မြောင်သည် စင်မြင့်ပေါ်မှ ဆင်းလာပြီး ချွန်ဂါဆောင်းနှင့် မျက်နှာချင်းဆိုင် ရပ်လိုက်သည်။

"နဂါးပြာတာအိုကျောင်းတော်နဲ့ တခြား တာအိုကျောင်းတော် လေးခု ရှိနေရတဲ့ အကြောင်းရင်းက မင်းကို ကောင်းကင်အောက်မှာ နံပါတ်တစ် ဖြစ်စေဖို့ မဟုတ်ဘူး လာမယ့် မိစ္ဆာလမ်းစဉ်နဲ့ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ဖို့ပဲ"

"ကျွန်တော် သိပါတယ်"

"အဲဒီလိုဆိုရင် မင်းရဲ့ တစ်ဦးချင်းစွမ်းအားကို ပြချင်တာထက် မင်းလိုနေတဲ့ အရာကိုသာ ဖြည့်ဆည်းပါ။ စစ်ပွဲဆိုတာ တစ်ဦးချင်းစီရဲ့ တိုက်ပွဲမဟုတ်ဘူး... တာအိုလမ်းစဉ်နဲ့ မိစ္ဆာလမ်းစဉ်တို့က သူတို့မှာရှိသမျှအရာအားလုံးကို လောင်းကြေးထပ်ပြီး တိုက်ခိုက်ရမယ့် စစ်ပွဲပဲ"

စကားပြောပြီးနောက် ဂွမ်မြောင်သည် စင်မြင့်ပေါ်သို့ ပြန်တက်သွားသည်။ ယခု ကျန်ရှိနေသည်မှာ တစ်ဦးချင်းပြိုင်ပွဲတွင် ပါဝင်မည့် သိုင်းပညာရှင်များကို ရွေးချယ်ရန် ဖြစ်သည်။

"နတ်ဘုရားလေးပါးညီလာခံရဲ့ တစ်ဦးချင်းပြိုင်ပွဲမှာ ပါဝင်မယ့်သူတွေကတော့..."

"တာအိုကျောင်းအုပ်ကြီးက နတ်ဘုရားလေးပါးညီလာခံမှာ နိုင်ဖို့ ရည်ရွယ်ချက် မရှိဘူးနဲ့ တူတယ်နော်"

အိုဆောဟွာ၏ ရေရွတ်သံကြောင့် မူရုံဆူဆူက ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

"သူသာ အဲဒီရည်ရွယ်ချက် ရှိရင် ချွန်ဂါဆောင်းကို မပို့ရင်တောင် ဂျင်ဆိုဟွန်းကို တစ်ဦးချင်းပြိုင်ပွဲထဲ ပို့သင့်တာပေါ့။ မဟုတ်ဘူးလား"

"ဘာဖြစ်လို့လဲ"

တစ်ဦးချင်းပြိုင်ပွဲ မပြောနှင့်၊ အဖွဲ့လိုက်ပြိုင်ပွဲတွင်ပင် ပါဝင်ခြင်းမရှိသည့် ဂျင်ဆိုဟွန်းမှာမူ ပြုံးရွှင်နေသည်။ သူ၏ မျက်နှာကို မြင်လိုက်ရသဖြင့် မူရုံဆူဆူမှာ မသိစိတ်ဖြင့်ပင် အနည်းငယ် ရယ်မောမိသည်။

"ဟင်း ဂျင်ဆိုဟွန်းအတွက်တော့ ဒါက ပိုကောင်းတာပေါ့လေ"

"ဒါ တကယ်ကို ရူးစရာပဲ ဂျင်ဆိုဟွန်းတောင် မပါတဲ့ သိုင်းပြိုင်ပွဲမှာ ငါက ဘာလို့ ပါနေရတာလဲဆိုတာ ဘယ်သူများ သိမလဲ"

ဇူဂယ်မင်က ဆံပင်များကို ဆွဲဖွရင်း မေးမြန်းလိုက်သဖြင့် ပန်ရှောင်ဖုန်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"ဂုဏ်ယူလိုက်ပါကွာ ညီလေး ဇူဂယ်"

"အစ်ကိုပင်း ဒါက အရေးကြီးတဲ့ ကိစ္စဗျ တာအိုကျောင်းအုပ်ကြီးကို ကျွန်တော် အကြံပြုချက်တစ်ခု ပေးသင့်တယ် ထင်တယ်..."

ချက်ချင်းပင် ရှေ့ဆက်တိုးတော့မည့် ဇူဂယ်မင်၏ ပခုံးကို ဂျင်ဆိုဟွန်းက ဆွဲထားလိုက်သည်။

"ဆိုဟွန်း"

"တော်လိုက်တော့ ငါတို့ရဲ့ ဉာဏ်ပညာရှိပြီး တရားမျှတတဲ့ တာအိုကျောင်းအုပ်ကြီးရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်မနေနဲ့"

"မင်း သိုင်းပြိုင်ပွဲထဲ မပါဝင်လို့ အခုလို ပြောနေတာ မဟုတ်လား"

"ဟုတ်တယ်လေ ဒါပေါ့"

ဂျင်ဆိုဟွန်း၏ ယုံကြည်ချက်ရှိသော အမူအရာကြောင့် ဇူဂယ်မင်မှာ ငိုချင်စိတ်ပင် ပေါက်သွားသည်။ ဂျင်ဆိုဟွန်းသည် ဇူဂယ်မင်ကို အတင်းအကျပ် ထိုင်ခိုင်းလိုက်ပြီး ခန္ဓာကိုယ်ကို အနည်းငယ် မတ်လိုက်ကာ ပြောသည်။

"ဒီနေ့ကစပြီး တာအိုကျောင်းအုပ်ကြီးရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်မယ့်သူ ရှိရင် ဂျုံရိုအာရဲ့ နာမည်နဲ့ ငါ သူတို့ကို လွှတ်ပေးမှာ မဟုတ်ဘူး"

"ဘာလို့ ဂျုံရိုအာရဲ့ နာမည်ကို သုံးရတာလဲ"

"ငါကိုယ်တိုင် ရှေ့ထွက်ရတာ အလုပ်ရှုပ်လို့လေ။ သိပြီလား ညီလေး"

"..."

ငြိမ်သက်စွာ ထိုင်နေသည့် ဂျုံရိုအာသည် ဂျင်ဆိုဟွန်းကို ပြန်၍ စိုက်ကြည့်လိုက်သည်။ အကြည့်ဖြင့်သာ လူသတ်နိုင်မည်ဆိုပါက ဂျုံရိုအာသည် ဂျင်ဆိုဟွန်းကို အကြိမ်ကြိမ် သတ်ပြီးလောက်ပြီ ဖြစ်သည်။ သို့သော် ကံမကောင်းစွာဖြင့် ဂျင်ဆိုဟွန်းမှာ အကြည့်မျှဖြင့် သေလောက်အောင် အားနည်းသူ မဟုတ်ပေ။

တစ်ဖက်တွင်မူ သူတို့နှစ်ယောက်၏ ထူးဆန်းသော ဆက်ဆံရေးကို ကြည့်နေကြသော လူလေးယောက်မှာ ခေါင်းချင်းဆိုင်လိုက်ကြသည်။

"တကယ်တော့ ဘာတွေဖြစ်ခဲ့တာလဲ"

"မသိဘူးလေ။ ဆိုဟွန်းကို မေးရင်လည်း ဂျုံရိုအာကိုပဲ သွားမေးပါဆိုပြီး လွှဲလိုက်တာ..."

"ဂျုံရိုအာကလည်း ငါတို့ကို ပြောပြမှာ မဟုတ်ဘူး"

"ဒါဆို ကျွန်တော်တို့ သိနိုင်မှာ မဟုတ်ဘူး။ သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုတော့ ဖြစ်ခဲ့တာ အသေအချာပဲ"

"ဟဲဟဲဟဲ ဒါက ထင်ရှားနေတာပဲ မဟုတ်လား ဂျင်ဆိုဟွန်းရဲ့ စစ်မှန်တဲ့ စွမ်းအားကို သိသွားတဲ့ ဂျုံရိုအာက သူ့ကို ရိုသေလေးစားသွားပြီး အစ်ကိုလို့ ခေါ်ကာ လိုက်နာဖို့ ဆုံးဖြတ်လိုက်တာပဲ"

ပန်ရှောင်ဖုန်း၏ အယူအဆကြောင့် အိုဆောဟွာက မျက်လုံးတစ်ဖက်ကို မှေးလိုက်သည်။

"သူ့ကို ရိုသေနေတဲ့ ပုံစံမျိုးတော့ မဟုတ်ပါဘူးနော်"

သူမ ပြောသည့်အတိုင်းပင် ဂျုံရိုအာမှာ ဂျင်ဆိုဟွန်းကို ချက်ချင်း ခုန်အုပ်တော့မည့်အလား မျက်နှာပေးဖြင့် စိုက်ကြည့်နေသည်။ ဂျင်ဆိုဟွန်းမှာမူ ဂျုံရိုအာ၏ အပြုအမူကို ဂရုစိုက်ပုံ မရပေ။

စုရုံးနေသော သိုင်းပညာရှင်များ ဂျင်ဆိုဟွန်းနှင့် ဂျုံရိုအာတို့အကြောင်း ဆွေးနွေးနေစဉ် နည်းပြငယ်တစ်ယောက် ရောက်လာသည်။

"ဂျင်ဆိုဟွန်း"

"ဗျာ"

"တာအိုကျောင်းအုပ်ကြီး ခေါ်ခိုင်းလိုက်တယ်။ အခုချက်ချင်း သွားလိုက်ပါ"

"ကျ…ကျွန်တော့်ကိုလား"

"ဟုတ်တယ်။ မင်းကို"

ဂျင်ဆိုဟွန်းသည် ထိုင်ခုံမှ ယိုင်တိုင်တိုင် ထလိုက်ပြီး မကောင်းသော နိမိတ်တစ်ခုခုကို ခံစားရင်း တာအိုကျောင်းအုပ်ကြီး၏ ရုံးခန်းသို့ သွားလိုက်သည်။

တောက် တောက်

"တာအိုကျောင်းအုပ်ကြီး... ကျွန်တော် လာပါပြီ"

"ဝင်ခဲ့ပါ"

သက်ပြင်းအသာချကာ ဝင်ရောက်လာသော ဂျင်ဆိုဟွန်းသည် စာရင်းပြုစုနေသည့် ဂွမ်မြောင်နှင့် မျက်နှာချင်းဆိုင် ရပ်လိုက်သည်။

"ကျွန်တော့်ကို ခေါ်တယ်လို့ ကြားလို့ပါ"

"ဟုတ်တယ်။ အနားကို လာခဲ့ပါ။ တံခါးဝမှာပဲ မရပ်နေပါနဲ့"

ခြေလှမ်းအေးအေးဖြင့် ချဉ်းကပ်သွားသော ဂျင်ဆိုဟွန်းသည် ထိုင်ခုံတွင် ထိုင်လိုက်သည်။ ဟိုတစ်ချက် သည်တစ်ချက် ကြည့်နေသည့် သူ၏ အမူအရာမှာ အမှားတစ်ခုခု လုပ်မိပြီးနောက် ဆရာ့ထံ ခေါ်ယူခြင်းခံရသော တပည့်တစ်ယောက်နှင့်ပင် ဆင်တူနေသည်။

"တာအိုကျောင်းအုပ်ကြီး... ကျွန်တော့်ကို စီစဉ်ခိုင်းမလို့လား"

ဂျင်ဆိုဟွန်းသည် ပိုစတာနှင့် မြေပုံကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။

"အခုတစ်ခါတော့ အဲဒီ နတ်ဘုရားလေးပါးညီလာခံမှာ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ကြိုတင် ကာကွယ်ပေးဖို့ လိုအပ်နေတယ်။ အထူးသဖြင့် မိစ္ဆာလမ်းစဉ်တွေက ဒီပွဲကို အခွင့်ကောင်းယူပြီး တိုက်ခိုက်လာနိုင်တဲ့ အချက်အလက်တွေ ရထားတယ်။ မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် ဒီပွဲမှာ ဖြစ်လာနိုင်တဲ့ မမြင်နိုင်တဲ့ အန္တရာယ်တွေကို အကောင်းဆုံး ထိန်းချုပ်နိုင်မယ်လို့ ငါ ယုံကြည်တယ်"

"ကျွန်တော်... တကယ်ပဲ ဒီတာဝန်ကို ယူရမှာလား တခြား သိုင်းပညာရှင်တွေလည်း ရှိသေးတာပဲလေ"

"မင်းလို တခြားသူ မရှိလို့ပဲ။ ဒီတာဝန်က အထူးတလည် လိုအပ်နေတာ။ မင်းအနေနဲ့ ဒီညီလာခံမှာ တရားဝင် ပါဝင်ဖို့ မလိုဘူး။ ဒါပေမဲ့ လုံခြုံရေး တာဝန်ကိုတော့ လျှို့ဝှက်စွာနဲ့ အကောင်းဆုံး ထမ်းဆောင်ပေးရမယ်။ မင်းရဲ့ အရိပ်မဲ့ မြင့်မြတ်သော ခြေလှမ်းနဲ့ဆိုရင် ဘယ်သူမှ မရိပ်မိဘဲ ဒီပွဲကို စောင့်ကြည့်နိုင်မှာပါ"

ဂျင်ဆိုဟွန်းသည် ဂွမ်မြောင်၏ တောင်းဆိုချက်ကို နားထောင်ရင်း မျက်ခုံးများ ပင့်တက်သွားသည်။ သူ လေ့ကျင့်နေသည့် သိုင်းပညာကို အလွန်အန္တရာယ်များ၍ မထုတ်ဖော်လိုသော်လည်း ယခုကဲ့သို့ အခြေအနေမျိုးတွင်မူ တာဝန်ယူပေးရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။

"ကျွန်တော် လက်ခံပါတယ်။ ဒါပေမဲ့... ကျွန်တော့်ကို တခြား အလုပ်တွေ မခိုင်းဖို့တော့ ဂတိပေးရမယ်နော်"

ဂွမ်မြောင်သည် ဂျင်ဆိုဟွန်း၏ စကားကြောင့် ခပ်ဖွဖွ ပြုံးလိုက်သည်။

"ကတိပေးပါတယ်။ မင်း ဒီတာဝန်ကို အောင်မြင်အောင် လုပ်နိုင်ရင် မင်းအတွက် အားလပ်ရက် အပြည့်ပေးမယ်။ ဘယ်လိုလဲ"

ဂျင်ဆိုဟွန်း၏ မျက်လုံးများ လင်းလက်သွားသည်။

"တကယ်နော် အဲဒါဆိုရင်တော့ ကျွန်တော် အစွမ်းကုန် ကြိုးစားပေးပါ့မယ်"

သူသည် မြေပုံကို ဂရုတစိုက် လေ့လာလိုက်ပြီးနောက် ဂွမ်မြောင်ကို ကြည့်ကာ ပြောလိုက်သည်။

"ဒီပွဲမှာ ဘယ်သူတွေ လာရောက်မှာလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို ကျွန်တော့်ကို အခုပဲ ပေးလိုက်ပါ။ ကျွန်တော် အချိန်ယူပြီး ပြင်ဆင်ရဦးမယ်"

All Chapters