ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့၏ ဇစ်မြစ်
Vol. 97 Ch. 1336
ဝမ်လင်းသည် လီချန်မေ၏ ပေးဆပ်မှုများကို လုံးဝ သိမနေခဲ့ပေ။
ဤအခိုက်အတန့်တွင် သူသည် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ထဲရှိ တံခါးချပ်ထဲသို့ ခြေချလှမ်းဝင်သည်။ ခြေတစ်လှမ်းဖြင့် သူသည် အခြားလောကတစ်ခုကို ဝင်ရောက်သွားသည်ဟု ထင်ရ၏။ ဤနေရာတွင် အဆုံးမဲ့ကြယ်ရောင်စုံကောင်းကင်တစ်ခု ရှိလို့နေသည်။ မြူများမရှိ၊ တောက်ပသောကြယ်များသာ ရှိ၍ အလွန်လှပသည်။
ကြယ်ရောင်စုံကောင်းကင်သည် အလွန့်အလွန် ငြိမ်သက်တိတ်ဆိတ်သည်။
ယင်းမြင်ကွင်းသည် ဝမ်လင်းနှင့် စိမ်းလှသည်။
“မင်းဟာ တံခါးချပ်ထဲ ဝင်လာခဲ့တဲ့ တတိယမြောက်လူပဲ…” ခပ်တိုးတိုးအသံတစ်သံသည် ကြယ်ရောင်စုံကောင်းကင်ထဲ၌ ဖြည်းဖြည်းချင်း ပဲ့တင်ထပ်သည်။ သည်အခိုက်အတန့်တွင် ကြယ်များသည် စတင်တောက်ပ၏။ အလင်းသည် အဆုံးမဲ့ကြယ်များထံမှ ပေါက်ကွဲထွက်နေသည်။ ဝမ်လင်းရှေ့တွင် ထိုအလင်းက သိပ်သည်းကာ ကြယ်အလင်းဝဲကတော့တစ်ခုအသွင် ဖြစ်တည်သည်။
“ ငါနဲ့ တတိယမြောက် ကံစပ်တဲ့သူ အထဲဝင်လာခဲ့ပါ…”
ဝမ်လင်း၏မျက်လုံးသည် လင်းလက်နေ၏။ စဉ်းစားနေရင်း သူသည် ဝဲကတော့အတွင်းသို့ ခြေချသည်။ သူ ဝင်ရောက်လိုက်ချိန်တွင် သူ့စိတ်ဝိညာဉ်မှာ ကွယ်ပျောက်သွားသည်။ သူ ထပ်မံပေါ်လာချိန်တွင် သူ့ရှေ့၌ ပေါ်လာသည်မှာ အပြာရောင်ကောင်းကင်နှင့် အနက်ရောင်မြေပြင် ဖြစ်၏။
တံခါးအတွင်း၌ ဂြိုဟ်တစ်ခု ရှိနေခြင်းသာ။ မြေနက်နက်ပေါ်ရှိ မြက်ပင်များသည် လေအဝှေ့တွင် ဝေ့ယမ်းလျက် ရှိသည်။ ကောင်းကင်သည် ပြာ၍ တိမ်မြူကင်းစင်သည်။
သူ့ရှေ့တွင် မိုးထိမြင့်မားသော ဧရာမသစ်ပင်ကြီးတစ်ပင်လည်း ရှိနေသည်။ ထိုသစ်ပင်ထံမှ အစိမ်းရောင်အလင်းတစ်ခု ထွက်ပေါ်လျက် ရှိသည်။ သို့သော် ယင်းအလင်းမှာ သစ်ပင်၏ ထိခိုက်ပျက်စီးမှုကို ဖုံးကွယ်မထားနိုင်ပေ။
ဧရာမသစ်ပင်ကြီးသည် သူ့အသက်ဓာတ်အားလုံးကို ဆုံးရှုံးကာ ရုန်းကန်နေလျက် ဖြည်းဖြည်းချင်း သေဆုံးနေဟန် ရသည်။
ဝမ်လင်းက သူ့ရှေ့ရှိ ဤသစ်ပင်ကြီးကို ကြည့်ကာ လေအေးတစ်ချက် ရှိုက်သွင်းမိသည်။
ထိုသစ်ပင်ထံမှ ခပ်တိုးတိုးအသံ ထွက်ပေါ်လာလေ၏။ “ဒီသစ်ပင်ဟာ ငါ့နိဗ္ဗာနနယ်ပယ်အသက်ရတနာကနေ ဖြစ်ပေါ်လာခဲ့တာ။ ဒါ့ကြောင့်လည်း ခုချိန်ထိ ငါ အသက်ရှင်နေသေးတာ ဖြစ်တယ်…”
ဝမ်လင်းသည် ထိုသစ်ပင်ကို ကြည့်နေစဉ် သူ့စိတ်မှာ တုန်ယင်သွားမိ၏။ ယင်းသစ်ပင်မှာ ကြီးမားလွန်း၏။ ရှေးဟောင်းနတ်ဘုရားများနှင့် နှိုင်းယှဉ်၍ပင် ရနိုင်သည်။
“ငါဟာ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေကနေ ရောက်လာခဲ့တာ။ ငါ့နာမည်ကို မေ့ပျောက်နေခဲ့တာ ကြာလှပြီ။ ငါ ရောက်လာတဲ့နောက် လူတွေက ငါ့ကို ချိပ်ပိတ်နယ်မြေရဲ့ အရှင်သခင် ဒါမှမဟုတ် ချိပ်ပိတ်နယ်မြေရဲ့ အုပ်ချုပ်သူလို့ ခေါ်ကြတယ်။ မင်း အရင်က ဒီနေရာကို လူနှစ်ယောက် ရောက်လာခဲ့ဖူးတယ်။ ငါ သူတို့ရဲ့ နာမည်ကို မသိဘူး။ ဒါပေမဲ့ ဒီနေရာကို ဝင်ရောက်လာနိုင်တယ်ဆိုမှတော့ သူတို့ဟာ ငါနဲ့ ကံချင်းဆက်စပ်နေလို့သာ ဖြစ်တယ်။ ငါ ပထမဆုံးတစ်ယောက်ကို အထွတ်အထိပ်တာအိုမန္တာန်တစ်ခုနဲ့ လောကအပေါ် ငါ့နားလည်သဘောပေါက်မှုကို ပေးအပ်ခဲ့တယ်…”
“ဒုတိယဝင်ရောက်လာခဲ့တဲ့သူကိုတော့ ငါဟာ ဥပဒေသရဲ့ခန္ဓာတစ်ဝက်ကို ပေးခဲ့ပြီး သူ့အရည်အချင်းကို တုန်လှုပ်ဖွယ်ကောင်းအောင် ပြုလုပ်ပေးခဲ့တယ်…”
“မင်းကတော့ ဒီကို ရောက်လာခဲ့တဲ့ တတိယမြောက်ကျင့်ကြံသူပဲ။ ဒီတော့ မင်းရော ဘာလိုချင်သလဲ…”
ဝမ်လင်းသည် စဉ်းစားနေ၏။ အချိန်အတန်ကြာပြီးနောက် သူသည် ဧရာမသစ်ပင်ကြီးကို ကြည့်ကာ ဖြည်းဖြည်းချင်း မေးလိုက်သည်။ “သင်ဟာ တာအိုပညာရှင်ရေကို နောက်ဆုတ်သွားစေခဲ့တဲ့သူလား…”
“မင်းသာ ငါ့ကျောက်စိမ်းပြားကို ရှာမတွေ့ခဲ့ရင် ငါ မင်းကို ကူညီပေးနိုင်ခဲ့မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းဟာ ကျောက်စိမ်းပြားကို ရှာတွေ့ခဲ့တဲ့အတွက် ငါ မင်းကို နည်းနည်းပါးပါး ကူညီပေးလိုက်တာ။ ဒီကျေးကျွန်ဟာ ငါ့ကို သစ္စာဖောက်ခဲ့တယ်။ ဒါပေမဲ့ ငါက သူ့ကို သုံးကြိမ်တိုင်ကာကွယ်ပေးနိုင်တဲ့ မန္တာန်တစ်ခုကို ပေးအပ်ခဲ့ဖူးတယ်။ ဒီအကာအကွယ်ကို နောက်ဆုံးအကြိမ် သူ အသုံးပြုပြီးတဲ့နောက်မှတော့ ငါက ဘာလို့ သူ့ကို မတိုက်ခိုက်ပဲ နေနေရတော့မှာလဲ…”
ဝမ်လင်းသည် သူ့ရင်ထဲရှိ တုန်လှုပ်မှုကို ဖိနှိပ်ကာ တည်တည်ငြိမ်ငြိမ် မေးလိုက်ပြန်သည်။ “သင် ကျနော့်ကို ဘာကြောင့် ကူညီပေးခဲ့တာလဲ…”
ဝမ်လင်း၏ အမေးစကားသည် ဧရာမသစ်ပင်ကြီးကို ငြိမ်သက်သွားစေသည်။ အချိန်အတန်ကြာပြီးမှ ထိုသစ်ပင်အိုထံမှ ခပ်တိုးတိုးအသံတစ်သံ ထွက်ပေါ်လာတော့သည်။
“ဟိုး လွန်ခဲ့တဲ့အချိန်တွေတုန်းက ရှေးဟောင်းကြယ်အဖွဲ့အစည်းမှာ ချပ်ပိတ်နဲ့ပြင်ပဆိုပြီး နယ်မြေနှစ်ခု ပိုင်းခြားထားခဲ့တာ မရှိဘူး။ ဒီအဆုံးမရှိလှတဲ့ ကြယ်အဖွဲ့အစည်းမှာ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေလို့ ခေါ်တဲ့ တော်ဝင်နေရာတစ်ခု ရှိခဲ့တယ်။ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေဟာ ရှေးဟောင်းကြယ်အဖွဲ့အစည်းကို အုပ်ချုပ်ပြီး လူတွေကို ဖမ်းဆီးခဲ့တယ်။ သက်ရှိဖြစ်တည်မှုအားလုံးဟာ လုံလောက်အောင် မြင့်မားတဲ့အဆင့်တစ်ခု ရောက်လာတဲ့အခါကျရင် သူတို့ရဲ့ ကိုယ်ပိုင်နေရာလွတ်ကို ဖွင့်လှစ်နိုင်ပြီး ရှေးဟောင်းကောင်းကင်ဘုံနယ်မြေထဲ ဝင်ရောက်နိုင်ခဲ့ကြတယ်။ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာကြတယ်…”
“အရာအားလုံးဟာ ဒီလိုနည်းနဲ့ပဲ ရှေ့ဆက်နေခဲ့သင့်တာ။ ဒါပေမဲ့ အခြားကြယ်အဖွဲ့အစည်းတစ်ခုကနေ ရောက်လာခဲ့တဲ့ ရတနာတစ်ခုဟာ စိတ်ကူးလို့မရနိုင်တဲ့ ကသောင်းကနင်းတွေ ဖြစ်ပွားစေခဲ့တယ်…”
“ဒီကသောင်းကနင်းဖြစ်မှုက ရှေးဟောင်းကောင်းကင်ဘုံနယ်မြေကို ထက်ပိုင်း ခွဲခြမ်းပစ်ပြီး ပျောက်ကွယ်စေခဲ့တယ်။ အဲ့တာကြောင့်ပဲ အထက်တက်နိုင်တဲ့လမ်းကြောင်းတွေ၊ ဝင်လမ်းတွေအားလုံးလည်း ပိတ်ဆို့သွားတော့တယ်…”
“ဒါ့ကြောင့် ရှေးဟောင်းကြယ်အဖွဲ့အစည်းဟာလည်း အတွင်း(ချိပ်ပိတ်)နဲ့အပြင် နယ်မြေနှစ်ခုအဖြစ် ကွဲထွက်သွားခဲ့ပြီး ချပ်ပိတ်နယ်မြေအစီအရင် ဖြစ်ပေါ်လာခဲ့တာပဲ။ အပြင်ဘက်ခြမ်းမှာတော့ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရဲ့ အစိတ်အပိုင်းဟာ ပြင်ပနယ်မြေအတွင် မြင့်မြတ်တဲ့နေရာတစ်ခု ဖြစ်လာခဲ့တယ်။ အတွင်းဘက်ခြမ်းမှာလည်း ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရဲ့ အခြားအစိတ်အပိုင်းတစ်ခု ရှိနေခဲ့တယ်။ ငါက အဲ့နေရာကနေ ရောက်လာခဲ့တဲ့သူပဲ…”
ဝမ်လင်းသည် ထိုရှေးဟောင်းအသံကို နားထောင်နေရင်း သူ့စိတ်ထဲတွင် တုန်လှုပ်မှုလှိုင်းတစ်ခု ပျံ့နှံ့နေသည်။ ထိုလျှို့ဝှက်ချက်ကို သိသည့်သူမှာ အလွန်နားပါးပေလိမ့်မည်။ သူသည် ချိပ်ပိတ်နယ်မြေနှင့်ပြင်ပနယ်မြေတို့ကြား ခုလို ဆက်နွှယ်မှုတစ်ခု ရှိနေသည့်အကြောင်းကို လုံးဝ မကြားဖူးခဲ့ပေ။
ရှေးဟောင်းကောင်းကင်ဘုံနယ်မြေက နှစ်ပိုင်းကွဲသွားခဲ့၏။ ထိုအဖြစ်က ရှေးဟောင်းကြယ်အဖွဲ့အစည်းကို အတွင်းနှင့်အပြင်နယ်မြေနှစ်ခုအဖြစ် ပိုင်းခြားကွဲထွက်စေခဲ့သည်။
“ရှေးဟောင်းကောင်းကင်ဘုံနယ်မြေဟာ ဒီကသောင်းကသင်းဖြစ်မှုကြောင့် ပြင်းပြင်းထန်ထန် ခံစားခဲ့ရတယ်။ မရေမတွက်နိုင်တဲ့လူတွေလည်း သေဆုံးခဲ့ကြတယ်။ အချိန်အစဦးတည်းက တည်ရှိခဲ့တဲ့ ကောင်းကင်ဘုံအင်ပါယာတောင် ဒီရတနာကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်။ အဲ့အချိန်ကစလို့ သူဟာ တံခါးပိတ်ကျင့်ကြံခဲ့ပြီး အပြင်ဘက်ကိစ္စနဲ့ ပတ်သတ်လို့ လုံးဝ မသတ်တော့ဘူး။ ဒါပေမဲ့လည်း ပြင်ပနယ်မြေကို သွားခဲ့တဲ့ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေက လူတွေဟာ ကိုးယောက်မြောက်ကောင်းကင်ဘုံကိုယ်လုပ်တော် ဦးဆောင်တဲ့အောက်မှာ ရှိတဲ့ အတွင်းဘက်(ချိပ်ပိတ်)နယ်မြေကို မျက်စိကျခဲ့ကြတယ်။ သူတို့လိုချင်တာက အဲ့ရတနာနဲ့ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေကို ဝင်ရောက်နိုင်တဲ့လမ်းကြောင်းပဲ…”
“ရှေးဟောင်းတာအိုကောင်းကင်ဘုံသားတစ်ယောက်အနေနဲ့ ငါဟာ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေကနေ ဆင်းသက်လာခဲ့ပြီး ပြင်ပနယ်မြေရဲ့ ကျူးကျော်မှုကို ခုခံဖို့အတွက် အတွင်းဘက်နယ်မြေကို အုပ်စိုးခဲ့တယ်။ သူတို့နဲ့ တိုက်ခိုက်ခဲ့တယ်။ ဒါပေမဲ့လည်း ငါ့တာဝန် မပြီးပြတ်သေးခင်မှာပဲ ငါဟာ ငါ့တာအိုကျေးကျွန်ရဲ့ သစ္စာဖောက်တာ ခံခဲ့ရတယ်။ ငါဟာ ပြင်ပနယ်မြေက ကျင့်ကြံသူတွေနဲ့ ရှေးဟောင်းကောင်းကင်ဘုံသားတွေကြောင့် ဒဏ်ရာအပြင်းအထန် ရခဲ့တယ်။ ငါဟာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ထဲ အသည်းအသန် ဝင်ရောက်ခဲ့ရပြီး ရတနာစိတ်ဝိညာဉ်တစ်ခုအဖြစ် တည်ရှိနေခဲ့တာပဲ…”
ဝမ်လင်း၏စိတ်သည် တုန်ယင်မိနေ၏။ သူသည် ခပ်သွက်သွက် မေးလိုက်သည်။ “ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့က ဘာလဲ…”
“ရှေးဟောင်းကောင်းကင်ဘုံနယ်မြေကို ကသောင်းကနင်း ဖြစ်စေခဲ့တဲ့ ရတနာ၊ တခြားကြယ်အဖွဲ့အစည်းကနေ ရောက်လာခဲ့တဲ့ ရတနာဟာ ဒီကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ပဲ။ ဒါပေမဲ့ အစစ်အမှန်ရတနာကတော့ သံလိုက်အိမ်မြှောင်တစ်ခုပဲ။ ဒီသံလိုက်အိမ်မြှောင်ပေါ်မှာ ရတနာကိုးခု ရှိတယ်။ ငါတို့ ဒီသံလိုက်အိမ်မြှောင်ကို ရခဲ့တဲ့အချိန်တုန်းက ရတနာသုံးခုသာ ကျန်တော့ပြီး ဒီကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ဟာ သံလိုက်အိမ်မြှောင်ရဲ့ ဗဟိုချက်မှာ ရှိနေခဲ့တာ။ အတွင်းနယ်မြေရဲ့ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေကတော့ တခြားနှစ်ခုကို ရရှိခဲ့တယ်။ ငါဟာ အတွင်းနယ်မြေနဲ့ပြင်ပနယ်မြေကို အုပ်ချုပ်ဖို့အတွက် သတ်မှတ်ခံထားရတာ။ ဒါ့ကြောင့် ကောင်းကင်ဘုံအင်ပါယာဟာ ငါ့ကို ဒီပုတီးစေ့ ပေးခဲ့တာ ဖြစ်တယ်…”
“ဒါပေမဲ့လည်း ငါဟာ ဒီပုတီးစေ့ရဲ့ ပထမဆုံးပိုင်ရှင်တော့ မဟုတ်ဘူး။ မရေမတွက်နိုင်တဲ့နှစ်တွေကြာအောင် ငါ လေ့လာခဲ့တော့ ငါဟာ ဒီပုတီးစေ့မှာ ငါ့အရင် သခင်နှစ်ယောက် ရှိခဲ့တာကို သိရှိလာခဲ့တယ်။ သူတို့တစ်ယောက်ချင်းစီဟာ ငါ့ထက် များစွာ အစွမ်းထက်ကြတယ်။ သူတို့ဟာ တခြားကြယ်အဖွဲ့အစည်းက ကျင့်ကြံသူတွေပဲ ဖြစ်ရမယ်…”
“ဒါ့အပြင် ဒီကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ဟာ သံလိုက်အိမ်မြှောင်ရတနာရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းဖြစ်တာကိုလည်း ငါ သိရှိခဲ့တယ်။ ကံမကောင်းစွာနဲ့ ကောင်းကင်ဘုံအင်ပါယာဟာ တံခါးပိတ်ကျင့်ကြံနေခဲ့တာပဲ။ မဟုတ်ရင် သူက ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ရဲ့ နောက်ဆုံးလျှို့ဝှက်ချက်ကို ရှာနိုင်လိမ့်မယ်။ ရှေးဟောင်းနတ်ဘုရားနယ်မြေရဲ့ တည်နေရာကိုပေါ့…”
“ရှေးဟောင်းနတ်ဘုရားနယ်မြေ…” ဝမ်လင်းသည် တုန်လှုပ်ဖွယ်ရာလျှို့ဝှက်ချက်များကို ပိုပို သိရှိလာ၏။ သူသည် အခုလေးတင် ရှေးဟောင်းကောင်းကင်ဘုံနယ်မြေနှင့် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့တို့၏ ဇစ်မြစ်ကို ကြားခဲ့ရ၏။ ခုချိန်တွင် သူသည် ရှေးဟောင်းနတ်ဘုရားနယ်မြေဟူသော စကားကို ကြားလိုက်ရပြန်သည်။
“ရှေးဟောင်းနတ်ဘုရားနယ်မြေဟာ တည်ရှိနေလောက်တယ်။ ငါက ဒီနယ်မြေအကြောင်းတော့ အများကြီး မသိဘူး။ ခုလက်ရှိမှာ ငါက သေအံဆဲဆဲ ဖြစ်နေပြီ။ ဒါပေမဲ့ ငါ့တာဝန်ကို အပြီးမသပ်နိုင်ခဲ့ဘူး။ ကောင်းကင်ဘုံအင်ပါယာဟာ ခုထိ တံခါးပိတ်ကျင့်ကြံနေတုန်းပဲ။ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေလည်း ချိပ်ပိတ်ထားတုန်းပဲ။ ငါတို့ဟာ ပြင်ပနယ်မြေကလူတွေ ဝင်ရောက်လာတာကို ခွင့်ပြုပေးလို့ မဖြစ်ဘူး။ မဟုတ်ရင် နောက်ဆက်တွဲဟာ တွေးကြည့်လို့တောင် ရမှာ မဟုတ်ဘူး…”
“ဒီနေရာကို ရောက်လာခဲ့တဲ့ နှစ်ယောက်ဟာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ရဲ့ သခင် မဟုတ်ဘူး။ သူတို့ဟာ ငါ့ရဲ့ ပွန်းသာသာပဲ။ ဒါပေမဲ့ မင်းကတော့ မတူဘူး။ မင်းဟာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို သူ့ရဲ့သခင်အဖြစ် မင်းကို လက်ခံလာအောင် လုပ်နိုင်ခဲ့တယ်။ ဒါ့ကြောင့် ငါ မင်းကို ကူညီပေးချင်ခဲ့တာ။ ငါဟာ မင်းကို ချိပ်ပိတ်နယ်မြေရဲ့ အရှင်သခင် ဖြစ်လာစေချင်ပြီး ချိပ်ပိတ်နယ်မြေကို ငါ့အတွက် စောင့်ရှောက်ပေးစေချင်တယ်။ ကောင်းကင်ဘုံအင်ပါယာ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတဲ့အချိန်အထိ၊ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရဲ့ ချပ်ပိတ်မှု ပြန်ပွင့်လာတဲ့အချိန်ထိ ပြင်ပနယ်မြေရဲ့ ကျူးကျော်မှုကို ခုခံပေးစေချင်တယ်…”
“ငါ မင်းကို ကူညီပေးပြီးတဲ့နောက် ငါဟာ လုံးဝ ပျောက်ကွယ်သွားတော့မှာ။ ငါဟာ နိဗ္ဗာနနယ်ပယ်ရတနာတစ်ခု ပြောင်းလဲသွားပြီး ချိပ်ပိတ်နယ်မြေအစီအရင်ရဲ့ နှလုံးသားနဲ့ ပေါင်းစပ်ပြီး ဒီအစီအရင်ကို ပိုအားကောင်းစေမယ်။ မင်း ကြီးထွားလာဖို့အတွက် အချိန်ပိုရအောင် လုပ်ပေးမယ်…”
“မင်းသာ ဒီတာဝန်ကြီးကို အောင်မြင်နိုင်ခဲ့ရင် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို ကောင်းကင်ဘုံအင်ပါယာနိုးထလာတဲ့အချိန် သူ့ရှိ လက်လွှဲပေးနိုင်ခဲ့ရင် မင်းဟာ ဆုလဒ်ကြီးကြီး ချီးမြှောက်ခံရလိမ့်မယ်။ မင်း ဆန္ဒရှိတာမှန်သမျှ ဖြစ်လာလိမ့်မယ်။ မင်းသာ ဆန္ဒရှိရင် ခေါင်းတလားထဲမှာ ရှိတဲ့ အမျိုးသမီးကိုတောင် ပြန်အသက်ရှင်လာစေလိမ့်မယ်…”
ဝမ်လင်းသည် ရုတ်တရက် ခေါင်းမော့ကာ ဧရာမသစ်ပင်ကြီးကို စူးစိုက်ကြည့်နေ၏။ သူသည် တိတ်ဆိတ်လို့နေသည်။
“ဒီလူဟာ အချိန်အကြာကြီး ငါ့ကို လေ့လာနေခဲ့တာပဲ။ သူဟာ ငါနဲ့ ပတ်သတ်လို့ အရာအားလုံးကို သိနေခဲ့တယ်။ သူဟာ ဝမ်အာကို ပြန်ရှင်စေချင်တဲ့ ငါ့ဆန္ဒကိုလည်း သိနေခဲ့တယ်။ သူဟာ ဒါကို အသုံးပြုပြီး ကောင်းကင်ဘုံအင်ပါယာလို့ခေါ်တဲ့သူထံ ငါ့ကို နာခံရအောင် လုပ်နေတာပဲ…”
“သူဟာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို ကောင်းကင်ဘုံအင်ပါယာဆိုတဲ့သူ နိုးထလာတာနဲ့ ငါ့ကို လက်လွှဲပေးစေချင်နေတယ်။ ငါသာ နာခံလိုက်တာနဲ့ ငါဟာ ကောင်းကင်ဘုံအင်ပါယာရဲ့ ထိန်းချုပ်မှုအောက် လုံးဝ ရောက်သွားတော့မှာ။ အရာအားလုံးဟာ သူ့ထိန်းချုပ်မှုအောက်မှာပဲ ဖြစ်သွားလိမ့်မယ်။ သူ စိတ်ပျော်ရင် ဝမ်အာကို ပြန်အသက်ရှင်အောင် လုပ်ပေးပြီး စိတ်မပျော်ခဲ့ရင် ငါတို့နှစ်ယောက်လုံးကိုပါ သတ်ပစ်နိုင်တယ်။ ငါက ဒီလိုအရာများကို ဘယ်လိုလုပ်ပါ့မလဲ။ ဒါပေမဲ့လည်း အခု ငါ ထွက်သွားချင်ရင် ဒီလူနဲ့ အပေးအယူတစ်ခု လုပ်မှ ဖြစ်မှာ။ ဒီလူဟာ ငါ့အပေါ် မကောင်းတဲ့စိတ်တော့ ရှိမနေပါဘူး။ သူဟာ အဆုံးရောက်လွန်းတာတစ်ခုပဲ။ တာအိုပညာရှင်ရေက သူ့ကို သစ္စာဖောက်ခဲ့တာတောင် သူက သူ့စကားကို တည်တဲ့အနေနဲ့ သုံးကြိမ်တိုင်တိုင် ကာကွယ်ပေးခဲ့သေးတဲ့လူမျိုးပဲ…”
ဝမ်လင်းသည် စဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “သင်ကော ငါ့ကို ဘာပေးနိုင်မလဲ…”
ထိုသို့ ပြောလိုက်သည်နှင့် သစ်ပင်ကြီးသည် တုန်ခါကာ တုန်လှုပ်ဖွယ်ဖိအားတစ်ခု ထွက်ပေါ်လာသည်။ ထိုအော်ရာသည် မုန်တိုင်းတစ်ခုနှင့် တူသည်။ ၎င်းသည် ဝမ်လင်းထံ တိုက်ရိုက် ဦးတည်ဝင်လာသည်။ ယင်းအော်ရာသည် ဝမ်လင်းကို ဝန်းရံလွှမ်းခြုံပြီးနောက် သူ့ကို သစ်ပင်ကြီးထံ ဆွဲခေါ်သွားလေ၏။
“ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို ငါ နှစ်ပေါင်းများစွာ လေ့လာခဲ့တယ်။ ဒီနေရာမှာ လျှို့ဝှက်ချက်တွေ အများကြီးပဲ။ ငါ ရှာမတွေ့နိုင်သေးတာလည်း အများကြီးပဲ။ ဒါပေမဲ့ ငါက ပြင်ပရှေးဟောင်းကြယ်အဖွဲ့အစည်းရဲ့ စွမ်းအားကို ထုတ်နှုတ်ယူပြီး မင်းရဲ့ စိတ်ဝိညာဉ်အပေါ်မှာ ခပ်နှိပ်ပေးနိုင်တယ်။ ဒါက မင်းကို ချက်ခြင်းလိုလို မိုးထိမြင့်မားသွားအောင် မလုပ်ပေးနိုင်ပေမဲ့ မင်းကို တာအိုနယ်ပယ်ထဲ ဝင်ရောက်ခွင့် ရစေလိမ့်မယ်…”
အိုမင်းသောအသံသည် ပဲ့တင်ထပ်ကာ လောကကို လှုပ်ခါစေသည်။ ထို့နောက် ၎င်းအသံသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။
အချိန်လည်ပတ်စီးဆင်းနေသည်။ မသိလိုက်မသိဘာသာဖြင့်ပင် ဆောင်ရာသီ ကုန်လွန်ပြီး နွေဦးရာသီ ရောက်လာခဲ့ပေပြီ။ နေနှင့်လသည် တစ်လှည့်စီဖြစ်ကာ နောက်ထပ်နှစ်နှစ်တာ ကုန်လွန်သွားပြီ ဖြစ်သည်။ အဆင့်နှစ်ဒေသရှိ လူသူကင်းမဲ့သော အရိုင်းကုန်းမြေပေါ်တွင် လီချန်မေသည် ကျောက်လူသားဖြစ်သွားသောဝမ်လင်းနှင့် ခြောက်နှစ်နီးပါး တူတူ အဖော်ပြုပေးနေခဲ့သည်။
ခြောက်နှစ်သည် သေမျိုးများအတွက် ကြာချင်ကြာနိုင်သည်။ ကျင့်ကြံသူတစ်ယောက်အတွက်မူ ခြောက်နှစ်ဆိုသည်မှာ ဖျပ်ခနဲသာ ဖြစ်၏။ သို့ရာတွင် လီချန်မေသည် ထိုခြောက်နှစ်လုံးလုံး ကျောက်လူသားကို သွေးဖြင့် သွန်းလောင်း အားဖြည့်ပေးနေခဲ့ပေ၏။ သည်ခြောက်နှစ်မှာ နှစ်ခြောက်ရာအလား။
သူမသည် လှပနေဆဲ ဖြစ်သော်လည်း မနာမကျန်းပုံ ပေါက်လာပြီး အတော်လေး ပိန်ကျသွားသည်။ သို့ရာတွင် သူမ၏မျက်လုံးထဲတွင်မူ ဇွဲနပဲနှင့်ပြတ်သားမှုနှင့် ပြည့်နေဆဲသာ။
ခုချိန်တွင် သူမသည် တစ်နေ့တွင် အနားရသည်မှာ နှစ်နာရီပင် မပြည့်တော့ပေ။ သူမသည် အချိန်အများစုကို ကျောက်တုံးလူသား အသက်ဓာတ်ပြန်ပြည့်ဝလာအောင် အဆတ်မပြတ် သူမ၏သွေးဖြင့် သွန်းလောင်းပေးနေရ၏။
သူမ၏ ကြေလွယ်မွလွယ်ပုံပန်းအသွင်မှာ မြေခသည့်ပန်းတစ်ပွင့်ကဲ့သို့အလား။ သူမကို တွေ့မြင်ရသူတိုင်းမှာ သူမအတွက် စိတ်နှလုံးနာကျင်ရလောက်သည်။
***