အခန်း ၃၆၂
Vol. 37 Ch. 362
အခန်း (၃၆၂) စေ့စပ်ညှိနှိုင်းခြင်း
နောက်တစ်နေ့။
ချန်ဟွေ ကျောင်းစတက်ရမည့် အချိန်ရောက်လာပြီ ဖြစ်သည်။
နံနက်ခင်းတွင် မဟာလင်းယုန်နိုင်ငံ၏ ရေနံကုမ္ပဏီကို သူ၏ အမည်အောက်သို့ လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း အဲလစ်ဇဘက်ထံမှ မက်ဆေ့ခ်ျတစ်စောင် ချန်ဖုန်း လက်ခံရရှိခဲ့၏။
စစ်ဘက်ဆိုင်ရာဌာနမှ ဝန်ကြီးကျန်းက ဤသို့ပြောခဲ့ဖူးသည်ကို ချန်ဖုန်း မှတ်မိနေခဲ့သည်။
ကျိုတိုရှိ အဓိကမိသားစုကြီးများက ဟွာရှနိုင်ငံ၏ စီးပွားရေး အသက်သွေးကြောကို ဩဇာလွှမ်းမိုးနိုင်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ၎င်းတို့က စွမ်းအင်၊ နည်းပညာနှင့် ထိပ်တန်းကုမ္ပဏီများစွာကို ထိန်းချုပ်ထားသောကြောင့် ပင်ဖြစ်သည်။
ယခုအခါ သူကိုယ်တိုင်လည်း ဤအရင်းအမြစ်များကို တဖြည်းဖြည်းချင်း ထိန်းချုပ်လာနိုင်ပြီ ဖြစ်ပေ၏။
အဓိကမိသားစုကြီးများ၏ သြဇာလွှမ်းမိုးမှု တဖြည်းဖြည်း ကျဆင်းသွားမည့်အချိန်မှာ သိပ်မကြာတော့ချေ။
ချန်ဖုန်းအတွက် နေ့စဉ် နံနက်ခင်းတိုင်း ပထမဆုံးလုပ်ရမည့်အရာမှာ သူ၏ ခန္ဓာကိုယ်ကို အားဖြည့်ရန် ဖြစ်ပေသည်။
[ ပိုင်ရှင်၏ ခွန်အားကို အားဖြည့်နေသည်…]
[ ပိုင်ရှင်၏ အမြန်နှုန်းကို အားဖြည့်နေသည်…]
[ ပိုင်ရှင်၏ ခံနိုင်ရည်ကို အားဖြည့်နေသည်…]
ဤအရာများသည် သူ၏ နေ့စဉ်လုပ်ရိုးလုပ်စဉ်လုနီးပါး ဖြစ်လာခဲ့လေပြီ။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း စနစ်မှ ကြိုတင်ခန့်မှန်းဗီဒီယို သုံးလေးခုခန့် ထွက်ပေါ်လာခဲ့သော်လည်း ဗီဒီယိုများ၏ ပါဝင်သောအကြောင်းအရာမှာ သာမန်သာဖြစ်ပြီး ပြီးမြောက်ရန် အခက်အခဲ မရှိခဲ့ချေ။
ကြိုတင်ခန့်မှန်းဗီဒီယိုတစ်ခုက အရက်စတော့ရှယ်ယာများ မြင့်တက်လာမည်ကို ခန့်မှန်းထားခဲ့သည်။
သူက ယွမ် ၁ ဘီလီယံ တိုက်ရိုက် ရင်းနှီးမြှုပ်နှံလိုက်ပြီး ယွမ် ၅ ဘီလီယံကို အလွယ်တကူ ရရှိခဲ့ပေ၏။
သူ၏ ရန်ပုံငွေ အားလုံးကို ရင်းနှီးမြှုပ်နှံချင်ခဲ့သော်လည်း အလွန်အကျွံ ရင်းနှီးမြှုပ်နှံပါက နောက်ကွယ်ရှိ ငွေကြေးအုပ်စုအချို့ကို သတိပေးသကဲ့သို့ ဖြစ်သွားမည်ဖြစ်ပြီး စတော့ရှယ်ယာဈေးမှာလည်း အတက်အကျ ဖြစ်သွားနိုင်ပေသည်။
နံနက် ကိုးနာရီတွင်။
ညီမဝမ်းကွဲ ချန်ဟွေလည်း ပစ္စည်းများ သိမ်းဆည်း၍ ပြီးစီးသွားလေပြီ။ သူမက မူလက ရှန်ကွမ်ယွဲ့ကို ကျောင်းအပ်ရန် လိုက်ပို့ပေးစေချင်ခဲ့သည်။
သို့သော် ရှောင်ကွမ်ယွဲ့သည် စစ်ဘက်ဆိုင်ရာဌာနတွင် မရှိသော်လည်း စစ်ဘက်ဆိုင်ရာဌာနရှိ ကိစ္စအချို့ကို အဝေးမှနေ၍ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေဆဲပင်။
လောလောဆယ် ထွက်ခွာ၍ မရနိုင်ချေ။
ချန်ဖုန်း တစ်ဦးတည်းသာ ညီမဖြစ်သူကို ကျန်းကျုံးတက္ကသိုလ် သို့ လိုက်ပို့ပေးနိုင်ပေသည်။
ထိုအချိန်တွင် သူ၏ ဖုန်း ထပ်မံမြည်လာခဲ့ပြီး မျက်နှာတစ်ထောင်မြေခွေး ထံမှ ဖုန်းဖြစ်ပေ၏။
မျက်နှာတစ်ထောင်မြေခွေးက အလျင်အမြန် ပြောလိုက်သည်။ "နန်းတော်သခင်... အဲဒီ ထိပ်ပြောင်ဘုန်းကြီး... အဟမ်း... အဲဒီဘုန်းကြီးကို တွေ့ပါပြီ..."
"ဘယ်မှာလဲ…”
"သူက... ကျွန်မရဲ့ ဘေးမှာပါ..."
"မင်းရဲ့ လိပ်စာကို ပို့လိုက်..."
ချန်ဖုန်းသည် စကားတစ်ခွန်းမျှ မဆိုတော့ဘဲ အပြင်ဘက်သို့ အလျင်အမြန် ပြေးထွက်သွားလေ၏။
မျက်နှာတစ်ထောင်မြေခွေး၏ အသံမှတစ်ဆင့် ဘုန်းကြီး၏ ခြေရာကို ရှာဖွေနေစဉ် သူမ ဖော်ထုတ်ခံလိုက်ရပြီး ရလဒ်အနေဖြင့် မျက်နှာတစ်ထောင်မြေခွေး အဖမ်းခံလိုက်ရကြောင်း သူ သိရှိနိုင်ပေသည်။
“အဲဒီဖုန်းခေါ်ဆိုမှုက ဘုန်းကြီးရဲ့ တောင်းဆိုချက်အရ ခေါ်တာ ဖြစ်လောက်တယ်…”
"အစ်ကို... ဘယ်သွားမလို့လဲ..."
ချန်ဟွေမှာ လုံးလုံးလျားလျား တွေဝေသွားပုံရ၏။
‘ကျွန်မကို ကျောင်းလိုက်ပို့မယ်လို့ ကတိပေးထားတယ် မဟုတ်ဘူးလား... ဘာလို့ ထွက်ပြေးသွားပြန်တာလဲ… ’တွေးလိုက်၏။
"ငါ အပြင်ခဏသွားလိုက်ဦးမယ်... ချက်ချင်း ပြန်လာခဲ့မယ်..."
ချန်ဖုန်းသည် စကားပြောနေရင်း BMW ကားကို မောင်းနှင်ထွက်ခွာသွားလေ၏။
ဗီလာထဲတွင် ကားတစ်စီးတည်းသာ ရှိပြီး ရှန်ကွမ်ယွဲ့က ဈေးဝယ်ရာတွင် အဆင်ပြေစေရန် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ သူမက ဗီလာ သို့မဟုတ် ကားကို သိပ်မလိုအပ်ချေ။
‘အဆင်ပြေသရွေ့တော့ ရပါတယ်လေ…’
ထို BMW မှာ ယွမ် သုံးသိန်းဝန်းကျင်သာ ကျသင့်ပေသည်။
အကယ်၍ ချန်ဟွေ ကျောင်းသွားချင်ပါက။
သူမကိုယ်တိုင် အငှားယာဉ်စီးသွားရမည် သို့မဟုတ် ချန်ဖုန်း ပြန်လာမည့်အချိန်ကိုသာ စောင့်ရမည် ဖြစ်၏။
ချန်ဖုန်း ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း ရှောင်လန်က တီးတိုးပြောလိုက်သည်။ "အစ်မရှောင်ယွဲ့... သူက တော်တော် လောနေပုံရတယ်... တစ်ခုခု ဖြစ်လို့များလား..."
"ဘာမှမဖြစ်လောက်ပါဘူး..."
ထိုသို့ပြောလိုက်သော်လည်း ရှန်ကွမ်ယွဲ့၏ အေးစက်သော မျက်လုံးများတွင် စိုးရိမ်မှု အရိပ်အယောင်တစ်ခု ရှိနေဆဲပင်။
"အခုကစပြီး စစ်ဘက်ဆိုင်ရာဌာနက ကိစ္စတွေကို ဝန်ကြီးကျန်းကို ကိုင်တွယ်ခိုင်းလိုက်တော့မယ်... ငါ ခြောက်လလောက် ခွင့်ယူလိုက်တော့မယ်..."
"ဟွန့်... ခြောက်လခွင့်ယူတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ... ကျွန်မ ထင်တာတော့ အစ်မက သူ့ကို စိတ်ပူနေလို့ အလုပ်ထဲမှာ အာရုံမစိုက်နိုင်တာပါ..."
"ရှောင်လန်... နင် အရိုက်ခံချင်နေပြန်ပြီလား..."
"အစ်မရှောင်ယွဲ့... ကျွန်မ မှားသွားပါတယ်နော်..."
မျက်နှာတစ်ထောင်မြေခွေး ပို့ပေးသော လိပ်စာမှာ လူလုပ်ရေကန်တစ်ခုတွင် တည်ရှိပေသည်။
ချန်ဖုန်း ရောက်ရှိသွားချိန်တွင်။
မျက်နှာတစ်ထောင်မြေခွေးက ရေကန်ဘေးရှိ ကျောက်စားပွဲတစ်ခုတွင် ထိုင်နေပြီး ဘုန်းကြီးက အခြားတစ်ဖက်တွင် ထိုင်နေ၏။
သူတို့နှစ်ဦးမှာ မိတ်ဆွေများကဲ့သို့ ဖြစ်နေပြီး ထူးခြားမှု တစ်စုံတစ်ရာ မရှိချေ။
ချန်ဖုန်း တစ်ဦးတည်းသာ သိလေသည်။
တကယ်တော့ အဲဒီလို မဟုတ်ဘူးဆိုတာကိုပင်။
"ဒီက ထိပ်ပြောင်ဘုန်းကြီးကြီး... အခု ဘယ်လို လှည့်ကွက်မျိုး သုံးဖို့ ကြိုးစားနေပြန်တာလဲ..."
ချန်ဖုန်းက ပြောရင်း အခြား ကျောက်ခုံတစ်ခုတွင် ပေါ့ပေါ့ပါးပါး ထိုင်လိုက်၏။
တစ်ဖက်လူက သူ့ကို ရန်ပြုမည်ကို သူ မကြောက်ရွံ့ခဲ့ချေ။
"မစ္စတာချန်... ကိုယ်တော့်ရဲ့ မျိုးရိုးနာမည်က တန် ပါ... ကိုယ်တော့်ကို ဆရာတော်တန် လို့ ခေါ်နိုင်ပါတယ်..."
ဘုန်းကြီးက ပြုံးလျက် ပြောလိုက်သည်။
"မင်းကို သတ်ဖို့ဆိုတာ မလွယ်ကူဘူးဆိုတာ ကိုယ်တော် သိပါတယ်... ကိုယ်တော်က မင်းလောက်တော့ အရှက်မမဲ့ပါဘူး...ဒါကြောင့် ပိုင်ရိဟန်နဲ့ မင်းကြားက ရန်ငြိုးအတွက် ကိုယ်တော် လက်စားချေတော့မှာ မဟုတ်ဘူး..."
"ဟင်..."
ချန်ဖုန်း အနည်းငယ် အံ့အားသင့်သွား၏။
သူက ဘုန်းကြီးအိုကို ချုံခိုတိုက်ခိုက်ရန် အဇူရာနန်းတော်မှ ကျွမ်းကျင်သူများကိုပင် လျှို့ဝှက်ဆက်သွယ်ထားခဲ့သည်။
အခု တစ်ဖက်လူက လက်စားချေဖို့ အစီအစဉ်မရှိဘူးလို့ ပြောနေတာလား။
ဆရာတော်တန်က သက်ပြင်းချလျက် ပြောလိုက်သည်။ "အဇူရာနန်းတော်ရဲ့ ယခင်ခေါင်းဆောင်... ပိုင်ရိဟန်က ကိုယ်တော့်အပေါ် ကျေးဇူးရှိခဲ့တာ အမှန်ပါပဲ... ပိုတိတိကျကျ ပြောရရင် ကိုယ်တော့်ရဲ့ သမီးအပေါ်ပေါ့..."
"ဟ နေပါဦး..."
ချန်ဖုန်း ဆွံ့အသွားရုံသာမက။
သူတို့၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော မျက်နှာတစ်ထောင်မြေခွေးပင် ဆွံ့အသွားရပေ၏။
“ခင်ဗျားမှာ သမီးရှိတယ် ဟုတ်လား…”
“ခင်ဗျားက ဘုန်းကြီးတစ်ပါးဖြစ်ပြီး သမီးရှိနေတာလား…”
ဆရာတော်တန်က အနည်းငယ် ရှက်ရွံ့သွားသည်။ "အင်းလေ... ငယ်ငယ်တုန်းက အမှားနည်းနည်း မလုပ်ဖူးတဲ့သူ ဘယ်သူရှိလို့လဲ... အဲဒီတုန်းက ကိုယ်တော် အရက်သောက်ပြီး မိန်းမတစ်ယောက်နဲ့ ပတ်သက်ခဲ့မိတယ်..."
"နောက်နေ့ မနက်နိုးလာတော့ တစ်ဖက်လူက ထွက်သွားပြီလေ...နောက်ပိုင်းကျမှ အဲဒီအမျိူသမီးမှာ ကိုယ်ဝန်ရှိနေတယ်ဆိုတာ ကိုယ်တော် သိလိုက်ရတယ်... ပြီးတော့ ကိုယ်တော် သူ့ကို အဆက်အသွယ် ပြတ်သွားခဲ့တယ်..."
"ကိုယ်တော် သူမကို နှစ်ပေါင်းများစွာ ရှာဖွေခဲ့ပေမဲ့ မတွေ့ခဲ့ဘူး...လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ပိုင်ရိဟန် ပေါ်လာပြီး အဲဒီတုန်းက အမျိုးသမီး သေသွားပြီလို့ ကိုယ်တော့်ကို လာပြောတဲ့အချိန်အထိပေါ့..."
"တစ်ဖက်လူက သမီးလေးတစ်ယောက် မွေးဖွားခဲ့တယ်…ပိုင်ရိဟန်က သူ့ရဲ့ ဒဏ်ရာတွေကို ကိုယ်တော် ကုသပေးပြီး သူ အပြည့်အဝ ပြန်ကောင်းလာရင် ကိုယ်တော့်ရဲ့သမီး ဘယ်မှာရှိလဲဆိုတာ သူ ပြောပြနိုင်တယ်တဲ့လေ..."
ထိုအကြောင်းကို ပြောနေရင်း…
သူက ချန်ဖုန်းအား ဒေါသတကြီး မျက်စောင်းထိုး ကြည့်ကာ ဆက်ပြောလိုက်၏။
"တကယ်လို့ မင်းသာ ပိုင်ရိဟန်ကို မသတ်ခဲ့ဘူးဆိုရင် အခုဆို ကိုယ်တော့် သမီးနဲ့ ပြန်ဆုံနေလောက်ပြီ...မစ္စတာချန်... ပိုင်ရိဟန်အတွက် လက်စားမချေဖို့ ကိုယ်တော် ရွေးချယ်နိုင်ပါတယ်..."
"ဘာပဲဖြစ်ဖြစ် ကိိုယ်တော်က သူနဲ့ သိပ်ရင်းနှီးတဲ့ ဆက်ဆံရေးမှ မရှိခဲ့တာ...ကိုယ်တော့်ရဲ့သမီး ဘယ်မှာရှိလဲဆိုတာ သူ သိနေလို့ အဲဒီတုန်းက ကိိုယ်တော် သူ့ကို လက်ခံခဲ့တာလေ...အခု ကိုယ်တော့်မှာ တောင်းဆိုစရာ တစ်ခုပဲ ရှိတယ်... ကိုယ်တော့်ရဲ့ သမီးကိုပဲ ရှာပေးပါ..."
"ဘာအကြောင်းပြချက်နဲ့လဲ..."
ချန်ဖုန်းမှာ စကားပြောစရာမဲ့ ဖြစ်သွား၏။
"ခင်ဗျားကိုယ်တိုင်တောင် ရှာမတွေ့တာ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ..."
ပြီးတော့ ရှိသေးတယ်။ ဘုန်းကြီးတစ်ပါးက ဘယ်လိုလုပ် သမီးရှိနေရတာလဲ ဒီကမ္ဘာကြီးမှာ တရားမျှတမှု မရှိတော့ဘူးလား။
ဘေးတွင် ရပ်နေသော မျက်နှာတစ်ထောင်မြေခွေးက မျက်လုံးလှန်ပြကာ ပြောလိုက်သည်။ "ဆရာတော်တန်... ရှင်က ကျွန်မတို့ရဲ့ နန်းတော်သခင်ကို အကျိုးအမြတ်တချို့ ပေးမှရမယ်... ရှင် ဒီနှစ်တွေတစ်လျှောက်လုံး ရှာတာတောင် ဘာမှမတွေ့ခဲ့ဘူးလေ..."
"ဒါက အခက်အခဲအဆင့် တော်တော်မြင့်မားတယ်ဆိုတာ ပြနေတာပဲ...အကျိုးအမြတ် မရှိဘဲနဲ့ ရှင်ကို ဘယ်သူက ကူညီပေးမှာလဲ..."
ဘုန်းကြီးက အေးစက်စွာ ပြန်ဖြေလိုက်၏။
"တကယ်လို့ မင်းတို့က ကိုယ်တော့်ရဲ့ သမီးကို ရှာပေးနိုင်မယ်ဆိုရင် ကိုယ်တော်
အဇူရာနန်းတော်ကို ဝင်နိုင်ပါတယ်..."
"မနေ့က မစ္စတာချန် ကိုယ်တော့်ရဲ့ စွမ်းရည်တွေကို တွေ့ကြုံခဲ့ပြီးပြီလေ...ကိုယ်တော်က အရည်အချင်းပြည့်မီတယ်လို့ ထင်ပါတယ်..."
“ဒါက တကယ်လား…”
ချန်ဖုန်း၏ မျက်လုံးများ လင်းလက်သွားပေ၏။
ယမန်နေ့က တစ်ဖက်လူသည် အဇူရာနန်းတော်မှ အကြီးအကဲသုံးဦးထက် သာလွန်သော စွမ်းအားကို ပြသခဲ့သည်။ အကယ်၍ သူက အားလျှော့ထားခဲ့မည်ဆိုပါက မဟာဧကရာဇ်အဆင့် သို့မဟုတ် ထိုထက်ပင် ပိုမိုစွမ်းအားကြီးမားသော အဆင့်သို့ပင် ရောက်ရှိနေသင့်ပေသည်။
သေချာပေါက် မဆိုးပါဘူး။ ယခု အဇူရာနန်းတော်တွင် လိုအပ်နေသည်မှာ အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းအားပင် ဖြစ်၏။
"ဘုန်းကြီးတွေက လိမ်မပြောပါဘူး..."
"ကောင်းပြီ... ဒီတစ်ခါတော့ ခင်ဗျားကို ကျုပ် ယုံလိုက်မယ်... မျက်နှာတစ်ထောင်မြေခွေးကို တိကျတဲ့ သတင်းအချက်အလက်တွေ ပြောပြလိုက်ပါ... သူ ခင်ဗျားအတွက် စုံစမ်းပေးလိမ့်မယ်..."
ထိုသို့ပြောပြီးနောက် ချန်ဖုန်းသည် အလျင်အမြန် ထွက်ခွာသွားလေသည်။
ထို့နောက် သူက အရိပ်များဆီသို့ လက်ဟန်ပြလိုက်ရာ ပုန်းကွယ်နေသော အဇူရာနန်းတော်၏ ကျွမ်းကျင်သူများ ဆုတ်ခွာသွားကြ၏။
ဘုန်းကြီးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
‘ကျစ်... သောက်ကျိုးနည်း...
တကယ်ကို ထောက်ချောက်ဆင်ထားတာပဲ...
တကယ်လို့ ဒီနေ့သာ တိုက်ပွဲဖြစ်ခဲ့ရင် ဒီကိုယ်တော် နောက်တစ်ကြိမ် အရှုံးပေါ်သွားနိုင်တယ်…’ဟု တွေးလိုက်၏။
ဗီလာသို့ ပြန်ရောက်ချိန်တွင်။
ချန်ဟွေမှာ ထပ်မစောင့်နိုင်တော့ချေ။ သူမက အချိန်ကို စစ်ဆေးကြည့်ရာ ၉ နာရီခွဲပင် ရှိနေပြီ ဖြစ်၏။
ချန်ဖုန်း ပြန်ရောက်လာချိန်တွင် သူမ နောက်ဆုံး၌ ပျော်ရွှင်စွာ ပြုံးလိုက်လေသည်။
ဧည့်ခန်းထဲရှိ ရှန်ကွမ်ယွဲ့လည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်၏။
"ရှောင်ဟွေ... သွားကြရအောင်... နင့်ကို ကျောင်းလိုက်ပို့မယ်..."
ချန်ဖုန်းက သူမ၏ ခရီးဆောင်အိတ်များကို ကားပေါ်တင်ကာ ကျန်းကျုံးတက္ကသိုလ် ဆီသို့ အလျင်အမြန် မောင်းနှင်သွားလေတော့သည်။